Tuesday, September 4, 2012

စံ-ဇာဏီဘို ၏ ဆားကော်ဖီ၊ ၀ိုင်အရက်နှင့် ဘိုးတော်ချမ်းဂဏန်း

ဆားကော်ဖီ၊ ၀ိုင်အရက်နှင့် ဘိုးတော်ချမ်းဂဏန်း
စံ-ဇာဏီဘို  

ဝါဒါများအလစ်တွင် ဇိမ်ခံရေချိုးနေသော စာရေးဆရာ၊ ဗေဒင်ဆရာကြီး မင်းသိင်္ခအား လှမ်းကြည့်ရင်း "ဆရာခ ဒီအပတ် ဘာများ သုံးဆောင်ချင်ပါသလဲ" 
"၀က်သားပေါက်စီလေးနဲ့ လက်ဖက်ရည်လေး ဆွဲလိုက်ရရင်တော့ အတော်ပဲ" "ဟေ့ကောင် ... ဇာဏီ၊ မင်းရော ဘာစားချင် သလဲ၊ တစ်ဆက်တည်း ဘိုးတော်ချမ်း၏ စကားကို ဖြေကြားရင်း နောက်ကျောက ဆပ်ပြာတိုက် ကြေးတွန်းပေးနေ သူ တပည့်ဖြစ်သော စံ-ဇာဏီဘိုအား ဆရာခက မေး၏။ ပဲပြုတ်နှင့် နံပြား၊ စံ-ဇာဏီဘို ၏ စကားမဆုံးမီ "အောင်မယ် ... ရာရာစစ၊ နိုင်ငံတော် ခေါင်းဆောင်တွေ စားတဲ့ အစားအသောက် ကို မတန်မရာ မင်းပါးစပ် က ဗိုလ်ချုပ်အောင်ဆန်းရဲ့ Favorite ကိုမှ စားချင်ရတယ်" လို့။ ဘကြီးမိုးဟူ၍ အားလုံး က ချစ်စနိုးခေါ်သော စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ "ဦးမိုးသူ" မှ စံ-ဇာဏီဘိုအား မာန်မဲငေါက် ငမ်းလေတော့ သည်။

 "ဒါဆိုလည်း နေပါစေတော့၊ ဘဘထွန်း ရဲ့ ဆားကော်ဖီပဲ သောက်တော့မယ်"၊ "ဟင်၊ ဆားကော်ဖီကရော မင်းနဲ့ တန် လို့လား၊ ဒီဟာက တစ်တိုက်လုံး ကို လုပ်ကျွေးနေတဲ့ ဘိုးတော်ချမ်း ဓာတ်စာအတွက် ဘဲ ရမှာ" ဘကြီးမိုးက ဆက်၍ ပြောလေသော် တစ်ဖက်အခန်းမှ စာရေးဆရာကြီး မောင်ဝံသ (ဦးစိုးသိန်း)က "ရေကျော် မောင်အေး စမူဆာလောက် ဆို တော်သေးရဲ့" ဟု အရွှန်းဖောက်ကာ ပြောလေတော့သတည်း။ ရစေ ရမယ်၊ ရစေရ မယ်၊ ပေါက်စီရော၊ လက်ဖက်ရည်ရော ရေကျော်မောင်အေး စမူဆာရာ ဖန်တီးရမှာပေါ့ ဟူ၍ ဖျောက်ဖျက် ၍ မရသော မွန်သံခပ်ဝဲ၀ဲနှင့် ပြောလေတော့သည်။

ဆားကော်ဖီနှင့် ဘိုးတော်ချမ်း

မည်သည့်လမဆို အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ၁ရက်နေ့နှင့် ၁၆ရက်နေ့တို့တွင် ဤနေရာ၊ ဤဒေသ၌ စားသောက် စရာ အဖြာဖြာတို့ ပြည့်လျှံစမြဲ ဖြစ်သည်။ ဤကား ဘိုးတော်ချမ်းဒ မစမှုပေတည်း။ အသား ညိုညို၊ ပိန်ပိန်ပါးပါးနှင့် ဂဏန်းတွက်ချက်မှုနေရာ၌ လွန်စွာ ကျွမ်းကျင်လှသော အဘချမ်းသည် ထို နေ့ရက် ၂ခု၏ စားနပ် ရိက္ခာဖန်တီးရှင်ဖြစ်ရုံသာမက မှီခိုဆည်းပူးပသလာသူ အပေါင်းတို့အား သူ၏ ဥာဏ်တန်ခိုး ဂဏန်းတန်ခိုးနှင့် ငွေကြေးပိုင်ဆိုင် မှ အဆ ၈၀၀ ပိုင်၏။ သို့သော် ထိုသို့ ကြီးပွားအောင် နေ့စဉ်ဆောင်ရွက်ပေးခြင်း မရှိ။ တစ်လ တွင် ၂ကြိမ်သာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ဘိုးတော်ချမ်း သည် ဤအတိုင်းနေက ဓာတ်မစီး ဥာဏ်မကွန့်၊ ရှေ့နေကြီး ဆားဘထွန်း၏ ဆားကော်ဖီ ကို သောက်ပြီး မှ ဓာတ်စီးကာ ဥာဏ်ပွင့်လေ့ ရှိသည်။ ဆားကော်ဖီတစ်ငုံလောက် သောက်သုံးလိုက်သည်နှင့်ပင် အာဝဇ္ဇန်းရွှင် ဥာဏ်စွမ်းအင်တက်ကာ ဖန်ဆင်းရှင်လူသားတစ်ယောက် ဖြစ်သွားလေ့ ရှိသည်။ ဤမျှ အစွမ်းထက်လှသည့် ဘိုးတော်ချမ်း သောက်သုံးသည့် ဆားကော်ဖီ၏ ဖော်မြူလာကိုလည်း ဆားဘထွန်းမှ တစ်ပါး မည်သူမျှ မသိနိုင်ချေ။

အဘချမ်း ... ဘယ့်နှယ်လု့ ၁ နဲ့ ၆ နဲ့ တူရတာလဲ၊ ၅ နှင့် ၀ ကလည်း ဘာဆိုင်လို့လဲ၊ ဒီမှာ ဆရာခ သင် ထားတာက အပိုလို Apollo တနင်္ဂနွေဂြိုဟ် ဦးသာဓတ် မိတ်ဓာတ်ဆို တော်သေး။ အဘချမ်း ဟိုတစ်လော က  ပြောတော့ ကြွက်က ၅။ ဟိုတစ်နေ့က ကြွက်က တနင်္လာနေ့ ၂ လို့ ပြောပြန်ရော၊ အခုလည်း ကြွက် က ၁ တဲ့၊ တရုတ်ပြက္ခဒိန်မှာ ပထမဦးဆုံးလာမို့လို့တဲ့၊ ကြွက်တစ်ခုတည်းပဲ ဂဏန်းက ၂ ဖြစ်လိုက်၊ ၁ဖြစ်လိုက်၊ ၅ဖြစ်လိုက်တဲ့။ ဒါတောင် အင်္ဂလိပ်လို Rat လို့ ခေါ်တဲ့ "ရ" နဲ့ စလို့ ရာဟု "၈" ဖြစ်ရင် ဖြစ်လိမ့်မယ်။ ဆရာခက ၀င်နောက်၍ ပြောပြန်သည်။ မကြာခဏ ဆိုသလို ဘိုးတော်ချမ်း၏ အခန်းတွင် ယိုးဒယားစာလုံး၊ အင်္ဂလိပ်စာလုံး အမျိုးမျိုးသော ရုပ်ပုံများနှင့် စာရွက်တို့ကို တွေ့ရ၏။ ထိုခေတ်ကာလ ဤသို့သော စာရွက်မျိုးကို "ချိုင်း" ဟု ခေါ်၏။ ဘိုးတော်ချမ်းသည် ထိုချိုင်းဟူသော နိမိတ်ပြစာရွက်တို့ကို ဖတ်ရာတွင် ကျွမ်းကျင် သူဖြစ်သည့် အပြင် ဂဏန်းတို့ကိုလည်း ဟိုပေါင်း၊ သည်နုတ်၊ ဟိုအပင်ခွဲ၊ ဒီအပင်ရွှေ့၊ ထိပ်စည်း၊ နောက်ပိတ်၊ အလယ်ထိုင်၊ ဘရိတ်၊ ညီအစ်ကို၊ အပူး အခွ၊ စုံမ၊ ပါဝါ၊ စုံစုံ၊ မမ စသည်ဖြင့် နှုတ်မှ တစီစီရေရွတ်ကာ ကြမ်းပြင် တွင် အုတ်နီခဲနှင့် တဂျစ်ဂျစ် မြည်အောင် ခြစ်ကာ ဈာန်ဝင် တွက်ချက်လေ့ ရှိသည်။ ဆားကော်ဖီ တစ်ငုံသောက်လိုက်၊ နွားဆေးလိပ် ဖွာလိုက်နှင့် ဂဏန်း ၃လုံးတဲ့ ပေးလေ့ ရှိသည်။

သမိုင်းပညာရှင် ဘိုးတော်ချမ်း

ဘိုးတော်ချမ်း သည် မကြာခဏ ပင့်ဖိတ်သူများကြောင့် အလည်အပတ် သွားရသည်။ အထက် အဖြူ၊ အောက်အဖြူ ၀တ်စုံ အဖြူနှင့် မျက်နှာမပေါ်အောင် ပိတ်အဖြူကို ခေါင်းမှာ စွပ်၍ အခြံအရံ အစောင့် အရှောက် များနှင့် ဘိုးတော်ချမ်းကို ခေါ်ဆောင်လေ့ ရှိသည်။ ထိုသို့ ခေါ်ဆောင်သွားသည်ကို ကြား၊ သိ၊ မြင်တွေ့သူ အပေါင်း တို့ ပျော်ရွှင်ကြကုန်သည်။

"အဘာချမ်း ... တပီလာ မမေ့နဲ့နော်" ကရင်မ သင်ထား၍ ကွမ်းကို တပီလာဟု ခေါ်တတ်နေသော မင်းသားကြီး ဦးအောင်လွင် ၏ အသံ။ "ဒီတစ်ခါ ဆီးယိုထုပ်လေး ရှမ်းမတံဆိပ်နော်၊ တင့်ဆန်း၊ ရန်မျိုးသိန်းတို့၏ လှမ်းအော်သံ။ အစောင့်အရှောက်များကြား ပါသွားသော ဘိုးတော်ချမ်းက "အိုကေ၊ အိုကေ" ဟု အော်ကာ တွက်လေ့ ရှိ သည်။ ဘိုးတော်ချမ်း ပြန်လာကာ ဆေးပေါ့လိပ်၊ စီးကရက်၊ ကွမ်းယာ၊ သကြားလုံးတို့ အိတ်အပြည့် ပါလာစမြဲ ဖြစ်သည်။ လက်တွင်လည်း စာအုပ်တစ်ပွေ့တစ်ပိုက် နှင့် ဤနေရာ ဤဒေသတွင် အဘချမ်းမှ တစ်ပါး အခြားသူ တစ်ဦး တစ်ယောက်တို့ စာအုပ်စာတမ်း ကိုင်တွယ်သုံးစွဲခွင့် မရှိ။ ထိုခေတ်ကာ ဤဒေသ၏ စည်းမျဉ်း ဥပဒေအရ ခဲတံ၊ ဘောပင်၊ စာတိုစာစတို့ကို တွေ့ရှိက ရှာဖွေသိမ်းဆည်းသည့်အပြင် ပြင်းထန်စွာ အပြစ်ပေးလေ့ ရှိသည်။

ဘိုးတော်ချမ်း သည်ကား ရေးရန် စာအုပ်၊ ဘောပင်တို့အား တရားဝင် သုံးစွဲခွင့် ရှိသည်။ "အဘချမ်း အခု ... ဘယ်နှခုနှစ် ရောက်နေလဲ" "၁၉၄၉ အကုန်ပိုင်း ရောက်နေပြီ" မင်းသားကြီး ဦးအောင်လွင်၏ အမေး ကို ဖြေသည်။ "အေးဆေးပဲ" ထိုကာလတွင် တက္ကသိုလ်သမိုင်းသုတေသနဌာနမှ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းစာအုပ် ကို ပြုစုနေခြင်း ဖြစ်သည်။ ရှေ့မီနောက်မီ ဖြစ်သော အဘချမ်းကို သုတေသီပညာရှင်များက လိုအပ် သော သမိုင်းအထောက်အထားများကို မေးမြန်း၍ စီစဉ်ပြုစုခြင်း၊ ၎င်းတို့ ရေးထားသော စာအုပ် တို့ကို ပြန်လည်သုံးသပ်စေခြင်း ပြု၏။ အဘချမ်းမှ တောင်းဆိုသော လိုအပ်သော စာရွက်စာတမ်းတို့ကို ရှာဖွေ စုဆောင်းကာ ပေး၏။

တိုက်တွင် အတူနေကြသော သူတို့သည် အဘချမ်းထံမှ စာရွက်စာတမ်းတို့ကို ယူငင်ဖတ်ရှုခြင်း၊ ခဲတံဆော့ပင်တို့ကို သုံးစွဲခြင်းဖြင့် အခွင့်ထူးများကို ကျကျနန ရရှိကြကုန်သည်။ "အဘချမ်း သမိုင်းစာအုပ်ကို ဂဏန်းပေးသေး သလား" စပ်စုလှသော ဘိုးတော် ခင်ဝင်းက မေးလေ သော် "သူတို့ကို မပေးပါဘူး" အဘချမ်း က ခပ်ပြုံးပြုံး ဖြေ၏။ သား ဘထွန်းဟု အမည်တွင်သော ဥပဒေ ပညာရှင် ဦးထွန်းတင်၊ ဒေါက်တာမောင်မောင်ကျော်၊ လယ်ဝေးသခင်ကြည်ရှင်၊ အဘတော်ဘုရားလေး တို့သည် မကြာခဏ ဆို သလို အကြောင်းအရာတစ်ခုကို ငြင်းခုံစမြဲ ဖြစ်သည်။ လူကြီး များ၏ စကားဝိုင်း သည်ကား မှတ်သားစရာ အပြည့် ဖြစ်သည်။

ဝိုင်အရက်ချက်ခြင်း

ဘရန်ဒီ ဆိုက စပျစ်သီး က၊ ၀ီစကီ ဆိုတာက ဂျုံသလေး နဲ့ ရမ် ဆိုတာက ကြံက ချက်တာ။ တစ်ခုနဲ့ တစ်ခု အရသာ က မတူဘူး။ ၀ီစကီက ဆိုဒါလေးနဲ့ တွဲပြီးတော့ တွယ်မှ အရသာရှိတာ။ ရမ်ဆိုတာ ရေနဲ့ ရောပြီးသောက် ရတာ။ ဘရန်ဒီ ကတော့ မျှဉ်းမျှဉ်းလေးစုပ်ပြီး သောက်ရတာ။ ဤသို့ ယစ်ရွှေရည်ဆိုင်ရာ သုတ တို့ကို တံတွေး အမျိုးမျိုး လေတအော့ အော့ တက်ကာ ရှေ့တွင် ချထားသော ခွက်ကို ဆတ်ခနဲ ကိုင်၍ ဂွပ်ခနဲ မော့သောက်လိုက်သူက ဘကြီးအောင် (မင်းသားကြီး ဦးအောင်လွင်။) "ဘကြီးအောင် ဖြည်းဖြည်းလေး သောက်၊ မူးနေဦးမယ်" ရန်မျိုးသိန်း က ပြောလေသော် မျက်လုံးကို အသာမှေး ၍ လက်တွင် ကိုင်ထားသော သရက်သီးစိမ်း ကို ဆားနှင့်တို့ကာ တကျွတ်ကျွတ် မြည်အောင် ၀ါးရင်း ပြုံးချိုထည့်ပေးထားသော ခွက်ကို တစ်ချက်တည်း မော့၍ သောက်လိုက်သည်။ မျက်နှာတို့ ရှုံ့မဲ့ သွားသည်။ ဖူးခနဲ လေတို့ ကို မှုတ်ထုတ်၍ ပျစ်ခနဲ တံတွေးထွေး၏။ "အား ... တယ်ကောင်းသကိုး" ဤကား အကယ်ဒမီရသော၊ ရေကို အရက်ကဲ့သို့ သောက်ပြသော အိုက်တင်အား လက်ခုပ်တီးကြ၏။

"ဘကြီးအောင် မိုက်တယ်" ဤဒေသတွင် ကာလသားပေါက်မှစ၍ ခေါင်းဖြူသက်ကျား ပုရိသ လူယောက်ျားများ စုစည်းနေသော နေရာဖြစ်ပေရာ မကြာခဏဆိုသလို ဤဒေသ၌ မရရှိနိုင်သော အရာများအပေါ်တသသပြောဆို လွမ်းမောလေ့ ရှိသည်။ "ဒီမှာ ကိုကြီးအောင် ရေသောက်ပြီး အိုက်တင် လုပ်နေလို့ ရှူးပေါက်ပြီး ဂန်ဖလား လျှံရုံသာ ဖြစ်မယ်၊ ၀ိုင်သောက် ဖလား ရအောင် ချက်မယ်" ဦးရဲအောင်မင်း က ဆိုလေသည်။ ဦးအောင်လွင်၏ မျက်လုံးများ တောက်ပ၀င်းလင်း သွားသည်။ ရန်ကင်းသား စာရေးဆရာ မျိုးကိုမျိုး၊ ဘွယ်ကြီး အမည်ခံ "အံ့ဘွယ်ကျော်" တို့နှင့်တကွ ဘီယာကို ရေရောထည့်ကာ ဒေါင်ချာစိုင်းအောင် မူးတတ်သော ဆရာဝန်လောင်း ဒေါင်ချာရန်မျိုးသိန်း က "လုပ်လိုက်လေ ကြာသလားလို့" မျှော်လင့်ချက်အပြည့်နှင့် ပြောသည်။

အီတလီတွင် ဆရာတတ် ထားတဲ့ နည်း။ "ဟာ ... ဒီမှာ ချက်လို့ ရပါ့မလား၊ အဲဒါ ရတယ်" ဤသို့နှင့် လျှို့ဝှက် တိုးတိတ်စွာ ၀ိုင် အရက်ချက်ရန်ကို တံခါးပိတ် ဆွေးနွေးပြီးသကာလ ဤသတင်းမပေါက်ကြားစေရန်နှင့် ဤအစည်း အဝေးတက်သူမှအပ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးရန် ကတိပြုကြကုန်သည်။ "အလွန် လျှို့ဝှက်သော သတင်းဖြစ်ရသည်ကား ထိုနေ့ နေမ၀င်မီပင် တစ်တိုက်လုံးနှင့် တိုက်ဝင်းတစ်ခုလုံး အီတလီဝိုင် အရက် ချက်ချင်း ပျံ့နှံ့သွားလေသည်။ ဤကား နှုတ်လုံလှသော ၁၀က၊ ၅ည ပုဒ်မရှင် တို့၏ စရိုက်တည်း။ ၀ိုင်အရက်ချက်ရန် အလို့ငှာ ဖီးကြမ်းငှက်ပျော်သီးမှည့်များ၊ ထန်းလျက်ခဲများနှင့် ဖိုကြီး တွင် ထောင်ကျချဲချာလီ ရှိသည်။ ဘီပီအိုင် ၀န်ထမ်း တို့ထံ တစေး ရိအနည်းငယ် ရအောင် တင်သွင်းလာ ၏။ ဘားပလက်အချို့လည်း ရရှိလာ၏။

 သမိုင်းအချက်အလက်များကို ဆွေးနွေးကြသည့် လူကြီးများ သည်ကား သည်ကာလသားလေးတွေ အလိုက်သိ လှသည် ဟူသော မျက်နှာပေးများဖြင့် မင်းတို့ ၀ိုင်အရက်ဘယ်တော့ တိုက်မှာလဲဟု လှည့်ပတ်မေးမြန်း ကြကုန်၏။ ဘိုးတော်ချမ်းသည်လည်း အခါတိုင်းကဲ့သို့ ဆားကော်ဖီသောက်၍ ဥာဏ်မရွှင်တော့။ ၀ိုင်အရက်သောက် မှ ဥာဏ်ရွှင်တော့မည်ဟု ခံစားနေ၏။ စိတ်စွဲလွန်းကာ ၀ိုင်အရက် ၄၁၈ ဟူ၍ စာရွက်ပေါ် တွင် ရေးချထားသည်။ "အဘချမ်း၊ ဒီအပတ် ဘာဂဏန်းလဲ" ၀ါဒါခင်မောင်အေးမှ လာရောက်မေး၏။ အင်း ... ၀ိုင်အရက်၊ ၀ိုက်အရက်။ အိပ်နေသော အဘချမ်း အား လှုပ်၍နိုးကာ မေး၏။ နေ့ခင်းအိပ်မက် ၀ိုင်အရက်ဟူသော စိတ်နှင့် နိုးထ လာသော အဘချမ်း သည် နှုတ်မှ ၀ိုင်အရက် ဟူသည် ကို ရေရွတ်ကာ ရှေ့စာရွက် တွင် ရေးထား သည် မှာ ၄၁၈ ။ "အဘ တဲ့ နော်" ဘိုးတော်ချမ်းက ဘာမျှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

ပေါက်ရင်တော့ ထောပြီနော်။ ပေါက်ရင်တော့ ထောမှာ။ ကဲ ... အာရုံနောက်နေသော ဘိုးတော်ချမ်းသည် ၀ါဒါ ခင်မောင်အေး ထံမှ မီးခြစ်ကိုတောင်း၊ နွားဆေးပေါ့လိပ် ကို မီးညှိကာ "ဘာနဲ့ မြည်းရမှာလဲ"၊ အခုထက် တိုင် အိပ်မှုန့်စုံမွှား။ ၀ိုင်အရက်သောက်လျှင် ဘာနှင့်မြည်းရမည်ကို ပြောလေသော် -
"ဟာ ... အဘ ကလည်း ပေါက်သာပေါက်၊ ကျေးဇူးသိရမှာပေါ့" "အေး သွား ... သွား၊ ငါ ပြန်အိပ်လိုက် ဦးမယ်"
"အဘ ဘယ်လောက်ဖိုးထိုးရမှာလဲ" "ဟေ့ကောင် ... ခင်မောင်၊ နားငြီးတယ် ငါအိပ်တော့မယ်၊ ရှိသမျှ ပေါင်သာ ထိုးလိုက်၊ အင်း ... ရှိပူရသေး ကုန်မှအေး" ဟူသော စကားပုံအား ပြောကာ အဘချမ်း ပြန်လည် အိပ်စက်၏။ ၀ါဒါခင်မောင်အေး လွန်စွာ ပျော်မြူး ၏။ ၀ိုင်အရက် ၄၁၈ ဟူ၍ ရေရွတ်နေ၏။

"ကိုအေး၊ အဘချမ်းက ဘာဂဏန်းပေးလိုက်လို့လဲ" ၀ါဒါစိုးမောင်က လှမ်း၍ မေးသည်။
"ဘာမှမပေးပါဘူး၊ ဘာဂဏန်းမှ မပေးပါဘူး" အဘချမ်းပေးသော ဂဏန်းအား တစ်ယောက်တည်း လျှို၍ ထီထိုးလေ သတည်း။ ရှိသမျှပုံအောထိုးရမည်ဟူသော အဘချမ်းစကားအရ မိမိဆွဲကြိုး၊ မိန်းမ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ ကလေး ကို ပေးသော ခမဲ ပါ မကျန် ပေါင်နှံထိုး၏။ ၎င်းကို အားမရ။ ရှိသမျှ ပန်းကန်၊ စဥ့်အိုး၊ ဒန်ခွက် တို့ကို ရောင်း၏။ တဲ့ထိုး၏။ သတင်းစာစက္ကူများလည်း ရောင်း၍ ထိုး၏။ ဤသို့နှင့် ၁၅ရက်နေ့ သို့ ရောက်ရှိ လာသည်။ ၀ါဒါခင်မောင်အေး အဘချမ်းရှိရာသို့ သွား၏။
"ဟေ့ကောင် ၀က်၊ ဖက်တီးခင်မောင်အေး လာစမ်းပါဦး၊ မနက်ဖြန် ထိုးဖို့ ဂဏန်းပေးမလို့" "အဘချမ်း ပေးထားပြီးသားလေ၊ ဟိုတစ်နေ့ ကပဲ အဘချမ်း က ၀ိုင်အရက် ၄၁၈ ဆိုပေးထားတာ၊ ဒီတစ်ခေါက် ထွက် မှာက စုံမထွက်မှာ၊ ညီနောင်ထွက်မှာ" "ဟာ အဘချမ်းက ဘာတွေပြောနေတာလဲ၊ ကျွန်တော် အကုန် ကုန်ပြီ"

"ဟေ့ကောင် မင်းတယ်ဆိုးပါလား၊ ဘာတွေ လျှောက်ထိုးနေတာလဲ" မျက်နှာငယ်လေးနှင့် ခန္ဓာဖိုင့်ဖိုင့် နှင့် ၀က်ခင်မောင်အေး သည် လင်းတတစ်ကောင်ကဲ့သို့ လွန်စွာမှိုင်၍ နေလေတော့သည်။ အဘချမ်း အခန်းရှေ့ တွင် နှစ်လုံးထီတောင်းသူ များ တရုန်းရုန်း။ မည်သူကမျှ ၀ိုင်အရက် ၄၁၈ ကို မထိုးကြ။ အကျိုးအကြောင်းကို သိသော သူများက နောက်၏။ "ဟေ့ကောင် ... မောင်အေး၊ မင်းပေါက်ရင် ငါတို့ကို ကျွေးရမယ်နော်" နေ့ခင်း ၁၂ နာရီထိုး အထိ မှောက်၍အိပ်နေ၏။ ညနေ ၄နာရီအချိန်ခန့်တွင် ၀က်ခင်မောင်အေး လွန်စွာ ပျော်မြူးနေ၏။ ၀က်ခင်မောင်အေး က ချဲပေါက်ကြောင်း လာ၍ ပြော၏။ "အဘချမ်းကလည်း သူတစ်ပါး စိတ်မချမ်းသာအောင် လာလုပ်နေ တယ်" ထိုင်ကာ ရှိခိုး၏။ ၀ိုင်အရက် ဟူသော အတိတ်နှင့် ရှိသမျှကုန်အောင် ထိုးဟူသော ဓာတ်စီး စကား၊ ရှိသမျှ အကုန်ရောင်းကာ ယူနီဖောင်းပေါင်၍ထိုးသော သိန်း၁၀ ဂဏန်းခန့် ချဲသည်ကား ခင်မောင်အေး ဘ၀ပြောင်းပေးသည်ဟူ၍ ဒဏ္ဍာရီသဖွယ် အားလုံးက ပြောကြ၏။

အောင်ပွဲခံ ၀ိုင်အရက်

သူဌေးလက်သစ် ခင်မောင်အေးသည် နေပြည်တော်ကြီး ကျွေးခဲ့သည့် အစားအသောက်ထက် ပို၍သာ သော စားသောက် ဖွယ်ရာများ ကို နည်းအမျိုးမျိုးနှင့် ယူငင်သွား၍ ကျွေးမွေးလေတော့သတည်း။ ကာလ သား လူလွတ်ပိုင်းများဖြစ်သော ဦးရဲအောင်လွင်၊ ဦးအောင်လွင်တို့က စီစဉ်ထားသော ၀ိုင်အရက်ကို မြည်းကြ၏။ Very good ဟူ၍  အမေရိကန်အသံနှင့် ပြော၏။ ကန်းပေ့ တရုတ်ကဲ့သို့ ခွက်ကို မြှောက်ကာ အဘထွန်း မှ သောက်သုံး၏။ "တယ်ကောင်းသကိုး" အဘလယ်ဝေး သခင် ကြည်ရှိန်က တဆစ်ဆစ်သောက်၍ ပြောသည်။ "သာဓု၊ သာဓု"။ ဦးတော်ဘုရားလေး ၏ ကောင်းလေစွဟူသော အနက်ကို ဆောင်သည့်စကား။ အထူးတလည် စီမံထားသည့် ငှက်ပျော်ခိုင်ဝိုင် အရက်သည်ကား ချိုမြမြ၊ ဖန်ခါးခါး၊ ချဉ်စုပ်စုပ်၊ တစ်ခွက်သောက်လည်း မမူး ၂ခွက်သောက် လည်း မမူး၊ နောက်ဆုံး မူးချင်ယောင်ဆောင်၍ သီချင်းဟစ်အော်ဆိုကာ ပျော်မြူးကြကုန်သည်။ နံနက်စာ စားသုံး သည့် အချိန်မှ စ၍ ည၉နာရီ အိပ်ချိန်အထိ တဖြည်းဖြည်း စားသောက်ကြကုန်သည်။

ထမ်းစင်ပေါ်မှ လူသားရယ်

"ဝေါ့" ထိုးအန်သံ။ ရန်မျိုးသိန်း အခန်းဘက်မှ ကြားရသည်။ "ရန်ကြီး ဘာဖြစ်တာလဲ" ညသန်းခေါင် အချိန်မို့ ခပ်တိုးတိုးလေး မေးမိ၏။ "အန်တာ မရပ်ဘူး၊ ၀မ်းတွေလည်း ဒလဟော သွားနေတယ်" ဘေးနားက ပြုံးချိုက "ကျွန်တော်လည်း ၀မ်းသွားတာ အရည်ကြီးပဲ" ဗျစ် ... ဗျစ် ... "ဟေ့ကောင် ... တင့်ဆန်း ဘာဖြစ်တာလဲ၊ ၀မ်းသွားတာ မရပ်တော့ဘူး" ဦးရဲအောင် အခန်းတွင်လည်း တဝေါဝေါနှင့် ထိုးအန်သံများ ကြားရ၏။ အခန်းကျဉ်း ဘက်မှ နာရီခေါက်သံက ညဥ့်နက်လာသတည်း။ ၁တိုက် တစ်တိုက်လုံး အန်သူ အန်၊ ၀မ်းသွားသူ သွား။ အစောင့်ဝါဒါတို့သည် ထောင်မှူးကို ပြော၍ ခေါ်၏။ "ဟာ ... ဘယ်လိုဖြစ်ကြတာလဲ၊ ထောင်မှူးကြီး ဦးစံအေးနှင့် ဦးထွန်းထွန်းနိုင် တို့ မိန်းဂျေးက သော့ယူ၊ တံခါးတေအွ အကုန်ဖွင့်၊ ဆေးမှူးခေါ် အရေးပေါ်ဆောင်ရွက်ကြ ကုန်သည်။ တိုက်ခန်းအတွင်းမှ သူတို့ သည်ကား အန်ဖတ်များအတွင်း တ၀ုန်းဝုန်းလဲပြိုနေကြသည်။

တအင်းအင်း တအဲအဲနှင့် အန်ဖတ်များ၊ ၀မ်းများ စွန်းထင်းနေ၏။ တန်းစီးစိုးမြတ်ကို နှိုး၊ ထမ်းစင်ထမ်းဖို့ လူရှာ၊ အရေးအပေါ်အခြေအနေသို့ ဆိုက်ရောက်နေသည်။ တန်းစီး စိုးမြတ်နှင့် အိပ်ဆောင်ဗာရာသို့ ရောက်ရှိကာ အခန်းတွင်းမှ လူအားလုံး အား ဆေးရုံသို့ ပို့ရလေသည်။ "ဒီအန်ဖတ်တွေကလည်း ချဉ်စုတ်စုတ်၊ အရက်နံ့တွေကလည်း နံလို့၊ ၀မ်းသွားတာတွေကလည်း အဖတ်လိုက်၊ ဒီမှာလည်း ဘဲကင်အဖတ်ကြီး။ အန်ဖတ် အတွင်းမှ အမျိုးမျိုး သော အစားအသောက်များ၊ ထောင်ဆေးရုံ၌ ပုလင်းချိတ် ဆားရေသွင်း ကုသခြင်းများ ပြုရလေ သည်။ ဤသတင်းစကားသည်ကား အထက်သို့ ရောက်၏။

သန့်ရှင်းသစ်လွင်သော တိုက်ခန်း

ဆေးရုံတွင် ၂ရက်နေ့၍ အားလုံး နေကောင်းလာကြသည်။ ဤနေရာ ဤဒေသတွင် ၀မ်းသွားခြင်းသည် အရေးကြီးသော အကြောင်းအရာ ဖြစ်သည်။ "တော်သေးတယ်။ ကာလ၀မ်းရောဂါ ထင်နေတာ" ထောင်ဆရာဝန် သာမက မြို့နယ်ဆရာဝန်တွေက ဖြေရှင်းချက်များ ပေးကြသည်။ "နေတာ ထိုင်တာ မသန့်ရှင်း လို့ ဖြစ်တာ။ သန့်ရှင်းအောင် လုပ်ပေးပါ" ဤကား အထက်ဌာနချုပ်မှ ညွှန်ကြားမှု။ ၃ရက် ကျော်၍ တိုက်သို့ ပြန်လည်ရောက်ရှိလေသော် ဖျာအသစ်၊ ကွပ်ပျစ်အသစ်များကို ပေးထား၏။ အခါတိုင်းတွင် ဖျာသာ ရှိသည်။ ကွပ်ပျစ် ရခြင်းသည်ကား လွန်စွာ ၀မ်းမြောက်ဖွယ် ဖြစ်သည်။ စောင်အသစ်၊ ဂန်ဖလားအသစ်၊ သစ်လွင်ဖြူစင်သော ပုံစံအ၀တ်များ၊ ပိုးသတ်ဆေးနံ့ တသင်းသင်း။

ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်။

စံ-ဇာဏီဘို
ရီစရာ မဂ္ဂဇင်း စက်တင်ဘာလ 2012
.

1 comment:

စုချစ် said...

အစ်မရွှေစင်ရေ... တင်ပေးတာ ကျေးဇူးပါနော်...
ဆရာစံဇာဏီဘို စာရေးကောင်းတာ သွက်တာများ ...
ဖတ်ရတာ စိတ်ဝင်စားစရာ....
အဲသဟာ ထောင်ထဲမှာ ဆိုတာတောင် မေ့သွားတယ်...း)