Tuesday, September 4, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၂)

''တစ်လုံးမှ နားမလည်ဘူး။ သူက ဓာတ်ပြားဖွင့် နားထောင်ပြီး ကြက်တူရွေး စာသင် သလို နှုတ်တိုက် လေ့ကျင့် ထားတာ''
ဂီတသံ၊ သီချင်းသံနှင့် ကခုန်သံတွေကြားတွင် လော်ရာက ပိတ်ပိတ်သား နှုတ်ဆိတ်နေမိသည်။ သူမ အတွေးနက်နေသည်။ ငါ ဒီကို  ဘာကြောင့် ရောက်လာရတဲ့ အကြောင်း သူတို့ နှစ်ယောက်ကို ဖွင့်ပြောလိုက်ရမှာလား။ ဖွင့်ပြောလို့ရော အကျိုး ရှိပါ့မလား။ သူတို့ဆီက အကူအညီ တစ်ခုခုများ ရနိုင်ပါ့မလား။ သူမ၏ မေးခွန်းများကို သူမ ကိုယ်တိုင် မဖြေဆိုနိုင်မီမှာပင် ခန်းမဆောင် တံခါးဝမှ မစ္စတာချို ဝင်လာ သည်ကို လှမ်းမြင် လိုက် ရသည်။
ကို ဆက်ဖတ်ရန်........

မစ္စတာချိုသည် တံခါးဝတွင်ရပ်ကာ တစ်ခန်းလုံးကို မျက်လုံးကစားကြည့်လိုက် သည်။ နောက်ဆုံး တွင် လော်ရာ ကို သူ မြင်သွားသည်။
သူ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာသည်။ ကနေသော စုံတွဲတွေ ကြားမှ တိုးဝှေ့ကာ ဖြတ် လျှောက် လာသည်။ ''အား… မစ္စက်ဝင်းတားလည်း ဒီကို ရောက်နေတာကိုး'' သူက လော်ရာ၏ ဘေးတွင်ဝင်ရပ်သည်။
''ကျွန်တော် တစ်ချိန်လုံး ခင်ဗျားကို လိုက်ရှာနေတာ'' ''ကျွန်မ ဒီမှာရှိတယ်ဆိုတာ ဘယ်လိုလုပ် သိသလဲ''
''ဟိုတယ်က ပြောလိုက်တယ်'' သူက ရပ်မြဲ ရပ်နေသည်။ လောရာက သူ့ကို လူငယ်စစ်သားနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။

ဗိုလ်ဘရောင်းက မစ္စတာချိုနှင့် လက်ဆွဲနှုတ်ဆက်သည်။ ဂျင်က ခေါင်းညိတ်ပြသည်။
''ထိုင်ပါလား မစ္စတာချို''
လော်ရာက ဖိတ်ခေါ်သည်။
သူက မထိုင်သေးဘဲ… ''ခင်ဗျားအတွက် ဖိတ်စာတစ်စောင် ရောက်နေတယ်၊ အဲဒါ သက်ဆိုင်သူက ကျွန်တော့်ကို တာဝန်ပေး ထားလို့ ခင်ဗျား လက်ခံအောင် ဖိတ်ပေးပါလို့ တောင်းပန်လိုက်တယ်''
''သြော်… ဟုတ်လား၊ ဘယ်မှာလဲ ဘယ်သူက ဖိတ်တာလဲ'' ''ကင်ဆွန်ယာက ဖိတ်တာ၊ ပန်းရိပ်သာမှာ သူ့ကပွဲကို လာကြည့်စေချင်ပါတယ်တဲ့။ မစ္စက်ဝင်းတာက လက်ခံရင်တော့ ပန်းရိပ်သာကို ပထမဆုံး ရောက်ဖူးတဲ့ အမေရိကန် လူမျိုး ဖြစ်ပါလိမ့်မယ်'' လော်ရာက ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။ ပြီးတော့ လူငယ်စစ်သား နှစ်ယောက်ဘက် သို့ လှည့် ကာ….
''ကဲ… ငါ့မောင်တို့ ခွင့်ပြုကြပါဦး၊ ကျွန်မအနေနဲ့ ဒီဖိတ်ခေါ်ချက်ကို လက်မခံလို့ မဖြစ်လို့ပါ။ အထူး အကြောင်း ရှိလို့ပါ''

''ဟုတ်ကဲ့… ရပါတယ်ခင်ဗျား'' ဗိုလ်လရောင်းက ပြောသည်။ ''ဟုတ်ကဲ့… သွားရမှာပေါ့ ခင်ဗျာ''
ဂျင်က ပြောသည်။  ပြီးတော့ နှစ်ယောက်စလုံး ထရပ်လိုက်သည်။
တံခါးရောက်တော့ လော်ရာက သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။ ဗိုလ်ဘရောင်းနှင့် ဂျင်တို့က သူမအား အံ့သြသော မျက်နှာဖြင့် မျက်တောင်မခတ် ရပ်ကြည့် ကျန်ရစ်ကြသည်။

''ကျွန်တော်က နေဝင်မီးငြိမ်းခေါင်းလောင်း မထိုးခင် မစ္စက်ဝင်းတားကို တွေ့မှ တွေ့ပါ့မလားလို့ စိုးရိမ် နေတာ''
ကားပေါ်ရောက်တော့ မစ္စတာချိုက ပြောသည်။ သူတို့သည် ဇိမ်ခံကားပေါ်တွင်း ဘေးချင်းယှဉ်၍ ထိုင်နေကြပြီး၊ ဒရိုင်ဘာက လမ်းပေါ်မှ ကြိတ်ကြိတ် တိုး လူအုပ်ကြားထဲ ဖောက်ဝင်ကာ ကားကို မောင်းနှင်လာခဲ့သည။်
 ''မစ္စက်ဝင်းတား ဘယ်မှာရှိတယ်ဆိုတာ ဟိုတယ်က ပြောပြတော့မှ ကျွန်တော် စိတ်အေးသွားတယ်၊ သူတို့က နိုင်ငံခြားသား ဧည့်သည်တွေ ကို အမြဲတမ်း စောင့်ကြည့်နေကြတယ်၊ ဘယ်အချိန် ဘယ်မှာ ရှိမယ် ဆိုတာ အမြဲတမ်း ထောက်လှမ်းနေကြတယ်''
''အဲဒီလို ဘာဖြစ်လို့ လုပ်တာလဲ'' ''ခေတ်ကာလ အခြေအနေ မကောင်းလို့ပေါ့၊ ရုတ်တရက် မမျှော်လင့်ဘဲ နိုင်ငံရေး အပြောင်း အလဲ တစ် ခုခု ပေါ်ပေါက်လာရင် နိုင်ငံခြားသားတွေ ဘယ်ရောက်နေတယ် ဆိုတာ သိထားမှ ဖြစ်မယ်၊ နိုင်ငံခြား သားတွေ လုံးခြုံရေးအတွက် အလုပ်လုပ်တာပါ''

''ရှင်က နိုင်ငံရေး အပြောင်းအလဲ ရှိမယ်လို့ ထင်သလား''
''အပြောင်းအလဲကတော့ အချိန်မရွေး ပေါ်ပေါက်နိုင်တာပဲ၊ တစ်နှစ် နှစ်နှစ်အတွင်းတော့ အေးအေး ဆေးဆေးပဲ ရှိလိမ့်မယ် ထင်ပါတယ်၊ ဒါပေမဲ့  နိုင်ငံရေး မျက်နှာပြင် ငြိမ်သက်နေပေမဲ့ ရေအောက်မှာ ဆူပွက်နေတာကို လူတိုင်း မသိနိုင်ပါဘူး၊ ခေတ်အခြေအနေက မကောင်းဘူး၊ မစ္စက်ဝင်တား။ ကျွန်တော်တို့ နိုင်ငံကို ရိုးရာဘုရင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တယ်။ ဂျပန်တွေ ဝင်လာတော့ ဘုရာင်စနစ် ပျက်သွားတယ်၊ ကျွန်တော်တို့ရဲ့ ထီးမွေခံ မင်းသား ကို ဂျပန်တွေက ဂျပန်မင်းသမီးနဲ့ အတင်း လက်ဆက်ပေးတယ်။ ဒီလိုနဲ့ ကျွန်တော် တို့ ပြည်သူတွေဟာ ဖက်ဆစ်တွေရဲ့ အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ကြရတယ်”
''အခု အမေရိကန်တွေ ရောက်လာပြန်တော့လည်း ပြည်သူတွေအပြည့်အဝ နားမလည်တဲ့ အုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ်ခံနေကြရပြန်တယ်။ ဒီမိုကရေစီစနစ်တဲ့။ ဒီစနစ်ကို ကျွန်တော်တို့ နားမလည်ပါဘူး။ ကျွန်တော်တို့ အတွက် အသစ်အဆန်း ဖြစ်နေတယ်။ အာဏာငမ်းငမ်းတက် နိုင်ငံရေးသမားတွေ ကြား ထဲမှာ အတွင်းကျိတ် အဋိပက္ခတွေ ရှိနေတယ်။ သူတို့ နောက်မှာစစ်တပ်တွေကိုယ်စီ ရှိကြတယ်။

ငြိမ်းချမ်းရေးကတော့ ဝေးပါသေးတယ်။ ကျွန်တော်တို့ လူငယ်တွေကလည်း မကျေနပ်ကြဘူး၊ တော် လှန်ချင်နေကြတယ်။ အထူးသဖြင့် ဂျပန်နဲ့ စီးပွားရေး စာချုပ်ချုပ်တာကို လုံးဝ သဘော မတူကြ ဘူး၊ မြောက်ကိုရီးယား ကွန်မြူနစ်တွေက နှစ်နိုင်ငံ ပူးပေါင်းရေး ဝါဒဖြန့်နေကြတာကို လူငယ်တွေ က တော်တော်လေး စိတ် ပါနေကြတယ်''
မစ္စတာချို က စိတ်ပါလက်ပါ ပြောနေသည်။ လော်ရာကလည်း စိတ်ဝင်စားစွာ နားထောင်သည်။ မစ္စတာ ချို၏ ဆိုလိုချက် ကိုလည်း အကုန်အစင် သဘောပေါက်သည်။ သို့ပေမဲ့ သူမ၏ စိတ်အာရုံက ကိုရီးယား နိုင်ငံရေး ကိစ္စထက် တခြား ကိစ္စတစ်ခုသို့သာ မကြာခဏ ရောက်၍ ရောက်၍ သွားတတ်သည်။ သူမက မစ္စတာချို၏ စကား ကို နားထောင်နေရင်းမှ သူမ ခင်ပွန်းဖြစ်သူ၏ ရင်သွေးငယ်ဆီသို့သာ ရောက်သွား တတ်သည်။ ထို့ောကာင့် သူမက မေးလိုက်သည်။

''အဲဒီလိုဆိုရင် ကင်ခရစ္စတိုဖာလို ကပြားကလေးတွေရဲ့ ကံကြမ္မာဘယ်လို ဖြစ်လာနိုင်သလဲ''
''အားလုံး သေကုန်မှာပေါ့။ အများကြီးလည်း သေကုန်ကြပြီ''
''ဘာကို ဆိုလိုတာလဲ'' ''လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ခေတ်တစ်ခေတ်ပေါ်ခဲ့တယ်။ မစ္စက်ဝင်းတား။ အမေရိကန် အဖေတွေနဲ့ မွေးလာတဲ့ ကလေးတွေ တော်တော်များများပဲ ထူးထူးဆန်းဆန်း ပျောက် ကုန်ကြတာ ကို ပြောတာပါ''
''ပျောက်ကုန်ကြတယ် ... ဟုတ်လား'' ''ဟုတ်တယ်... သေကုန်ကြတာကို ပြောတာ။ နည်းမျိုးစုံ နဲ့ သေကုန်ကြ တယ်။ တချို့ ယောကျာ်းက လေးတွေ ဆိုရင် သင်းကွပ်ပစ်တာတောင် ရှိတယ်။ ဒီနိုင်ငံမှာသာ မဟုတ်ဘူး၊ ဂျပန်မှာ လည်း ရှိခဲ့တယ်။ ဒါအဖြစ်မှန်ပဲ၊ တကယ်ဖြစ်ခဲ့တာပဲ၊ ဒီလုပ်ရပ်အတွက် ခင်ဗျားတို့က ကျွန်တော်တို့ကို အပြစ်တင် လိမ့် မယ်။ တင်ရင်လည် ခံရမှာပဲ။ ခင်ဗျား သိတဲ့အတိုင်း ကျွန်တော်တို့ လူမျိုးက အလွန်ရှေးကျတဲံ လူမျိုး ပါ။ အလွန် အမျိုးဂုဏ်မောက် တဲ့ လူမျိုးပါ။ ခင်ဗျားတို့ နိုင်ငံမှာလည်း ဘာထူးလို့လဲ။ သွေးမတူတဲ့ လူမျိုး နှစ်ယောက်တွေ့ ရင် ဘာဖြစ်တတ်သလဲ။ သတ်ကြတာပဲ မဟုတ်လား''
လော်ရာက မစ္စတာချို၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။ သူသည် အတွေးနက်စွာဖြင့်  လမ်းဘေး မီးရောင်များ ကို စိုက်ကြည့်နေသည်။

သည်ခဏ၌ လော်ရာ၏ ဦ်းနှောက်ထဲသို့ အသိတစ်ခု ဝင်လာသည်။ ထိုအသိနှင့်အတူ ဆုံးဖြတ်ချက် တစ်ခု ကိုလည်း ချမိလျက်သား ဖြစ်သွားသည်။
''ဒီလိုဆိုရင် မစ္စတာချို၊ ကင်ခရစ္စတိုဖာကလေးကို ကျွန်မ ဒီနိုင်ငံက ခေါ်ထုတ်သွားချင်တယ်၊ ရှင် ကျွန်မ ကို ကူညီနိုင် ပါ့မလား'' မစ္စတာချိုက လော်ရာဘက်သို့ လှည့်ကြည့်ပြီး အားတက်သရော ပြောလိုက်သည်။
''အဲဒါ အကောင်းဆုံး အစီအစဉ်ပဲပေါ့၊ ကလေးအတွက် စိတ်ချရဆုံးပဲပေါ့''

ရောင်စုံစက္ကူပန်ဖြင့် အလှဆင်ထားပြီး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေသော ဂိတ်ဝရှေ့တွင် ကားကို ထိုးရပ်လိုက်သည်။ ကိုရီးယားဝတ်စုံ ဝတ်ထားသော မိန်းကလေးနှစ်ယောက်က လက်ထဲတွင် ပန်းစည်း ကိုယ်စီနှင့် စောင့်ကြိုနေကြသည်။ ''အား... ကျွန်တော်တို့ကို အဆင်သင့် ကြိုနေကြတယ် မစ္စက်ဝင်းတား''
မစ္စတာချိုက ပြောသည်။
သူတို့နှစ်ယောက်သည် ကားပေါ်မှ ဆင်းကြသည်။ မိန်းကလေးများက ရှေ့သို့ တိုးလာပြီး ဆက်ကြ သည်။
''ကြိုဆိုပါတယ်''
''ကြိုဆိုပါတယ်''
မိန်းကလေး နှစ်ယောက်က တစ်ယောက်တစ်လှည့် ပြောသည်။

''ကျေးဇူးတင်ပါတယ်''
လော်ရာက ပြန်ပြောလိုက်သည်။
ပန်းစည်းကို လက်ထဲတွင် ပိုက်ပြီး မိန်းကလေးများ နောက်မှ လိုက်လာခဲ့ကြသည်။ ခြံဝင်းကိုဖြတ်ကာ စကျင်ကျောက်လှေကားကို တက်၍ ခန်းမကြီးထဲ ဝင်လာခဲ့ကြည်။
ခန်းမ တစ်ဖက်တစ်ချက်ရှိ မှန်ခန်းဆီးများကို ဖွင့်ထားသည်။
အခန်းအဆုံးမှ ဆွန်ယာ လျှောက်လာသည်ကို မြင်လိုက်ရသည်။ ဆွန်ယာသည် ဘရိုကိတ်ဖဲဂါဝန်နှင့် ရွှေရောင် အကျီကို ဝတ်ဆင်ထားသည်။ နက်မှောင်နေသော ဆံပင်များကိုမူ ကျစ်ဆံမြီး မထုံးဘဲ ခေါင်း နောက်သို့ အုပ်လိုက် ဖြန့်ချထားသည်။

ဆွန်ယာအနီးသို့ ရောက်သောအခါ လော်ရာသည် ကြက်သီးများပင် ထသွားမိသည်။ သည်လောက် ချောမော လှပသော မိန်းမတစ်ယောက်သည် သူမအနေဖြင့် သည်တစ်ခါသာ မြင်ဖူးသည်ဟုပင် ထင် မှတ်မိသည်။ ယခု သူမ မြင်နေရသော ဆွန်ယာသည် ယခင်က ခရစ္စ မြင်ခဲ့ရသော ဆွန်ယာထက် အဆ ပေါင်းများစွာ ပို၍ လှပလိမ့်မည်ဟုလည်း ထင်မိသည်။ သို့သော် ဖြူစင်ချောမွတ်သော အသားအရေ၊ ဂန္ထဝင်မြောက်သော အာရှပုံပြင်နှင့် ပြူးကျယ်မည်းနက်သော မျက်လုံးများကတော့ ဘယ်တော့မှ မပြောင်းလဲဘဲ နဂိုအတိုင်းပင် ရှိကြလိမ့် မည် ထင်သည်။  ဆွန်ယာ က လော်ရာ့အနီးသို့ တိုးလာပြီး လော်ရာ့ လက်ထဲမှပန်းစည်းကို ယူကာ ဘေးနားတွင် အသင့် ရပ်နေသော အစိမ်းရောင်ဝတ် မိန်းကလေးအား ကမ်းပေးလိုက်သည်။

''ပန်းက များလွန်းတယ်။ မမ အသက်ရှူ ကျပ်နေလိမ့်မယ်၊ ကဲ... ဒီဘက်ကို ကြွကြပါ''
ထို့နောက် သူမက လော်ရာ၏ လက်ကိုကိုင်ကာ အခန်းကြီးတစ်ခန်းထဲ ခေါ်လာခဲ့သည်။ အခန်းထဲ တွင် ဖဲသား ထိုင်မဖုံးများပေါ်၌ ယောကျာ်းတွေ ထိုင်နေကြသည်။ သူတို့ ဘေးတွင်လည်း မိန်းကလေး တစ်ယောက်စီ ရှိကြည်။ မိန်းကလေးများက ယောကျာ်းဧည့်သည်များအား ဧည့်ခံ ကျွေးမွှေးနေကြ သည်။ စီးကရက် မီးညိပေးကြသည်။ ယပ်တောင်ခတ်ပေးကြသည်။ ယောကျာ်းများက ရယ်စရာ ပြောလျက် မြူးမြူးရွှင်ရွှင် ရယ်မောကြသည်။ သူတို့အား ယောက်ျားတွေက တို့ကနန်း ဆိတ်ကနန်း လုပ်လျှင်လည်း မငြင်းဆန်ဘဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြုကြသည်။
အခန်းတစ်ဖက်တွင် နောက်မှီပါသော အနီရောင်ကတ္တီပါ ထိုင်ခုံတစ်လုံး ရှိသည်။ ယင်း ထိုင်ခုံပေါ်တွင် ဆွန်ယာက လော်ရာအား နေရာချပေးသည်။ သည်ထိုင်ခုံတွင် သူမ ထိုင်နေကျ ဖြစ်ဟန် တူသည်။ လော်ရာက ငြင်းဆန်သောအခါ ဆွန်ယာက သူမ၏ နူးညံ့သော လက်နှစ်ဖက်ဖြင့် လော်ရာ၏ ပခုံးကို ရွရွကလေး ကိုင်ကာ အတင်းထိုင်ခိုင်းသည်။

မစ္စတာချိုကိုလည်း လော်ရာ့အနီးမှ ထိုင်ခုံအလွတ်တွင် ထိုင်စေသည်။ ထို့နောက် မစ္စတာချိုအား တခြား ယောက်ျားတွေလို ပြုစုရန် မိန်းကလေးတစ်ယောက် ရောက်လာသည်။
ယခုအချိန်အထိ ဆွန်ယာ ကိုယ်တိုင်ကတော့ ဘယ်နေရာတွင်မှ မထိုင်သေး
သူမ သည် ကြမ်းပြင်မြင့်ကလေး တစ်ခုဆီသို့ လျှောက်သွားပြီး မတ်တတ်ရပ်ကာ စောင့်နေသည်။ သူမ ဘယ်သူ့ကို စောင့်နေမှန်း ဘယ်သူမှ မသိနိုင်။ သို့သော် သူမမျက်နှာတွင် စိတ်မရှည်ရိပ်များကိုတော့ အကဲခတ်လို့ ရသည်။
သူမ လက်ခုပ်တီးလိုက်သည်။

ချက်ချင်းလိုပင် ဘေးခန်းတစ်ခုမှ ကိုရီးယား အမျိုးသားကလေးတစ်ယောက် ထွက်လာသည်။ ထိုကလေးသည် အဖြူရောင်အမျိုးသား ဝတ်စုံကို ဝတ်ထားသည်။ နက်မှောင်နေသော ဆံပင်ကို ငယ် ထိပ်တည့်တည့်တွင် ဆံစုထုံးထားသည်။ လက်ထဲတွင်တော့ ဗျပ်စောင်းကို ကိုင်ထားသည်။ သူသည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဗျပ်စောင်းကို တီးခတ်တော့သည်။
တစ်မိနစ်ခန့်ကြာသောအခါ ဆွန်ယာက စတင်၍ သီချင်းဆိုသည် သူမ၏အသံသည် တစ်ခန်းလုံးကို ဖုံးလွှမ်း သွားသည်။ အသံက စုးလည်းစူးသည်။ ကြည်လည်းကြည်သည်။ ကြားရသူတိုင်း ညွှတ်ပျောင်း ခံစားရသော အသံ။ လော်ရာက စိတ်ဝင်စားစွာ နားထောင်နေသည်။ သူမလည်း တခြားသူများကဲ့သို့ပင် သီချင်းသံနှင့် ဂီတ သံတို့၏ ညို့စားခြင်းကို ခံနေရပြီ တကယ်တော့ ဆွန်ယာ့ကို ငါမယှဉ်နိုင်တာ အမှန်ပဲ။ ခရစ္စဟာ ဆွန်ယာ့အကြောင်းကို နှစ်ပေါင်းများစွာ မပြောဘဲ ဘာကြောင့် လျှို့ဝှက်ထားခဲ့တာပါလိမ့်။

သူမက ယင်းသို့ တွေးနေစဉ်တွင် ဗျပ်စောင်းသမားလေးက ခေါင်းဖော်ကာ သူမကို လှမ်းကြည့်သည်။ သူ့လက်ချောင်းကလေးများက ဗျပ်စောင်း ကြိုးပေါ်တွင် တရွရွ လှုပ်ရှားနေကြသည်။
ကလေး၏ မျက်လုံးကို သူမ သတိရလိုက်မိသည် ကင်ခရစ္စတိုဖာကလေး၏ မျက်လုံးများ...။
သူမက မစ္စတာချိုဘက်သို့ ကိုယ်ကိုကိုင်း၍ မေးလိုက်သည်။
''ကျွန်မကို ဒီနေရာကို ဘာလို့ခေါ်လာတာလဲ''
''ဆွန်ယာက ခေါ်ခိုင်းလို့ပါ''
 ''ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ ခေါ်ခိုင်းတာလဲ''
မစ္စတာချိုက ဆွန်ယာ့ဆီသို့ လက်ကို ဝှေ့ယမ်းပြရင်း...
''သူ သီချင်းဆိုနေတယ်။ ကျွန်တော်တို့ ဂရုစိုက်ပြီး နားထောင်ကြရအောင်''
လော်ရာက ဘာမှ ပြန်မပေးတော့။

လော်ရာသည် ဆွန်ယာ သီချင်းဆိုပြီးလျှင်ပြီးချင်း ထိုင်ရာမှထသည်။
''ကျွန်မတို့ ပြန်ကြရအောင် မစ္စတာချို''
''အို... ဘယ့်နှယ် မဟုတ်တာဘဲ၊ ဒါပြီးရင် စားသောက်ပွဲလာဦးမယ် မစ္စက်ဝင်းတား''
''ဒါဆို ကျွန်မ တစ်ယောက်တည်းပဲ ပြန်တော့မယ်''
''ဟာ... မဟုတ်တာဘဲ မစ္စက်ဝင်းတား၊ ကျွန်တော်ပါ လိုက်မှာပေါ့''
မစ္စတာချို ၏ ကုတ်အကျီနှင့် ဦးထုပ်ကို မိန်းကလေးတစ်ယောက်က လာပေးသည်။ မစ္စတာချိုက မိန်းကလေး အား ''ဘောက်ဆူး'' ပေးသည်။ မိန်းကလေးက ဦးညွှတ်ကာ အကြိမ်ကြိမ် အရိုအသေ ပေး သည်။
ထို့နောက် သူတို့ နှစ်ယောက် ပြန်ထွက်လာခဲ့ကြတော့သည်။

''ဒီကလေးကို ရှင် အရင်တုန်းက မြင်ဖူးသလား''
ဇိမ်ခံကားဖြင့် ဟိုတယ်သို့ ပြန်လာကြစဉ် လော်ရာက မစ္စတာချိုအား မေးလိုက်သည်။
''ဒီကလေးကို ကျွန်တော် အခါမှ မတွေ့ဖူးခဲ့ပါဘူး''
မစ္စတာချိုက ပြန်ဖြေသည်။
''သူဟာ ကျွန်မ ယောက်ျားရဲ့ ကလေးပဲ မစ္စတာချို''
မစ္စတာချို မျက်လုံးမျက်ဆံ ပြူးသွားသည်။

''ဒီကလေး မဟုတ်ပါဘူး။ သူက ကိုရီးယား အမျိုးသားကလေးပါ''
''မဟုတ်ပါဘူး။ ဆွန်ယာက ကိုရီးယား အမျိုးသားကလေးနဲ့ တူအောင် ဝတ်ဆင်ပေးထားတာပါ။ အကြောင်း တစ်ခုခုရှိလို့ ဖြစ်မှာပဲ ဘာအကြောင်းများ ဖြစ်ပါလိမ့်မလဲ''
''တော်တော် ကောက်ကျစ်တဲ့ မိန်းမပဲ၊ ရုပ်ရည်ချော်မောတဲ့ မိန်းမတိုင်း ကောက်ကျစ်တတ်တာပဲ''
''ဒီကလေးကို သူက ဘာကြောင့် အသုံးချရတာလဲ''
''အဲဒါတော့ ဘယ်သူ သိပါ့မလဲ၊ သူရဲ့ လက်ထောက်လုပ်ချင်လို့ လေ့ကျင့်ပေးတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ်ရင် သူ့အတွက် ဧည့်သည်ခေါ်ပေးတဲ့လူ အဖြစ်လည်း အသုံးချနိုင်တာပဲ''
''ဒါနဲ့ သူ့ရိပ်သာက ပြည့်တန်ဆာရိပ်သာနဲ့ ဘယ်လိုများ ခြားနားသလဲ''

မစ္စတာချိုက ခေတ္တမျှ အင်တင်တင်ုလုပ်နေသည်။ ပြီးတော့မှ...
''အင်း... အဲဒီလို ခေါ်ရင်လည်း ခေါ်လို့တော့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အသက်အရွယ်ကြီးတဲ့ လူတွေက ခင်ဗျားတို့လို လူငယ်တွေထက်ပိုပြီး လောကရေးရာမှာ ကျွမ်းကျင်ကြတယ်ဆိုတာ ခင်ဗျား နားလည်ပါတယ်လေ။ တစ်နည်းပြောရရင် ကျွန်တော်တို့က နေသားတကျ ရှိနေတဲ့ လူ့အဖွဲ့အစည်းကို ကြိုက်တယ်။ အဲဒီလို အမြဲတမ်း နေသားတကျရှိနေဖို့ အတွက် လူ့သဘာသကို အခြေခံပြီး ကျွန်တော် တို့ရဲ့ ဥပဒေတွေ ဓလေ့ထုံးစံတွေကို သတ်မှတ်ကြတယ်။ ခင်ဗျားတို့နိုင်ငံမှာ ဥပဒေကို အဓိကထား တယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူ့သဘာဝကို ဦးစားပေးထားတယ်။ ဥပမာ ပြောရရင် မိန်းမတွေ အနေနဲ့ ယောက်ျားမရှိ လည်း ဖြစ်တယ်။ ယောက်ျားတွေအနေနဲ့ မိန်းမ မရှိမဖြစ်ဆိုတာ ကျွန်တော်တို့ လက်ခံ ထားကြတယ်။

ကျွန်တော်တို့က မိန်းမတွေကို ဇနီးမယားအဖြစ် ကျွန်တော်တို့ ကလေးတွေရဲ့ မိခင် အဖြစ် လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့က မိန်းမတွေကို လိင်ကိစ္စ ဖြေသိမ့်မှုအတွက်လည်း လိုအပ်တယ်။ ဒီတာဝန်နှစ်ခုစလုံးကို မိန်းမတစ်ယောက်တည်းက အခါခပ်သိမ်း မဖြည့်ဆည်းနိုင်ပါဘူး။ ဒီအချက်ကို ကျွန်တော်တို့ လက်ခံတယ်။ ဒါကြောင့်မို့လို့ မိန်းမတွေအနေနဲ့ သူတို့ကိုယ်တိုင် အမျိုး အစား ခွဲခြားထားတာကို ကျွန်တ်ာတို့ကလည်း သဘောတူတယ်၊ ဇနီးမယားအဖြစ်၊ မိခင်အဖြစ် တည်ငြိမ်တဲ့ ဘဝမှာနေချင်တဲ့ မိန်းမတွေက အိမ်ထောင်ရေးမှာ မိသားစုဘဝမှာ သူတို့ကိုယ်သူတို့ မြုပ်နှံ ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့စရိုက် သဘာဝကြောင့် တည်ငြိမ်နေတဲံ ဘဝမှာ မနေချင်တဲ့ မိန်းမတွေက ပြည့်တန်ဆာဘဝမှာ ပျော်ပိုက်ကြတယ်။ ကျွန်တော် စကား ရိုင်းရိုင်း ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ လူနေမှု ဘဝမှန်ကို ရိုးရိုးသားသား ပြောပြတာပါ။ အဲဒီလို အမျိုး သမီးတွေကို ကျွန်တော်တို့က ''ပြည့်တန်ဆာ'' လို့ မခေါ်ဘူး။ ''ပန်း''လို့ပဲ ခေါ်ကြတယ်။ ပန်းနဲ့ တင်စား ကြတယ်'' မစ္စတာချို၏ သဘောတရား ဆွေးနွေးချက်ကို လော်ရာက တိုက်ရိုက်စကားဖြင့် ပြန်ချေလိုက်သည်။

''အမှန်ကတော့ ပြည့်တန်ဆာဟာ ပြည့်တန်ဆာပါပဲ... မစ္စတာချို''
မစ္စတာချိုက လေအေးအေဖြင့် ပြန်မေးသည်။
''သူတို့ကို ဘယ်လိုပဲခေါ်ခေါ်၊ အဲဒီအချက်ဟာ အရေးကြီးလို့လား''
''ကျွန်မတို့အတွက်တော့ အရေးကြီးတယ်။ ကျွန်မတို့က ပေါက်တူးကို ပေါက်တူးပဲ ခေါ်ပါတယ်''
''အား.... ဟုတ်ပြီ။ ကျွန်တော် သဘောပေါက်ပြီ ခင်ဗျားတို့က ခံစားချက်ကို လုံးဝ ထည့်မတွက်ဘူး''
''အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရပါဘူး''
''ဟုတ်ပါတယ်။ လူ့သဘာဝ အမှန်တရားကို ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့ထက် ပိုမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ပြည့်တန်ဆာ လုပ်ငန်းကို အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် လက်ခံတယ်။ ပြည့်တန်ဆာ တစ်ယောက်မှာ တရားဝင် နေရာရှိတယ်။ အသိအမှတ်ပြုထားတဲ့ နေရာရှိတယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့က ပြည့်တန်ဆာ တစ်ယောက်ရဲ့ ဘဝနဲ့ ခံစားချက်ကို အလေးအနက်ထားတယ်။ လေးစားတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော် တို့ ပြည့်တန်ဆာအမျိုးသမီး တစ်ယောက်ကို ပန်းနဲ့ နှိုင်းထားတာ ဖြစ်တယ်''
ထို့နောက် စကားစပြတ်သွားကြသည်။

ဟိုတယ်သို့ ရောက်သောအခါ မစ္စတာချိုက လော်ရာအား ဆင်ဝင်ခန်းသိ့ ခေါ်လာခဲ့သည်။ အခန်းထဲ တွင် ဟိုတယ် စာရေးမှ တစ်ပါး တခြားမည်သူမျှ မရှိ။
''ဒါနဲ့ ကလေးကိစ္စ ဘယ်လို လုပ်မယ်လို့ စိတ်ကူးထားသလဲ''
မစ္စတာချိုက မေးသည်။
''ကျွန်မ ဒီထွက်လာတုန်းက စိတ်ကူးထာတာကတော့ ကလေးကို သင့်တော်တဲ့ ကျောင်းမှာအပ်ပြီး ပညာကောင်းကောင်း သင်ပေးမယ်။ ပညာစုံတဲ့အခါ သက်မွေးဝမ်းကောင်း အလုပ်တစ်ခုရအောင် လုပ်ပေးမယ် ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်''

''သူ့ကို ကိုရီးယား လူမျိုးတစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်ဆိုပါတော့''
မစ္စတာချို က ကြားဖြတ်၍ ဝင်ထောက်သည်။ ''ခင်ဗျားအနေနဲ့ သူ့ကို ကိုရီးယားအမျိုးသားကလေး လို့ ခေါ်ရင် ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့တော့ လုံးဝမခေါ်နိုင်ဘူး။ ခေါ်လို့လည်း မရဘူး၊ ကျွန်တော့် အမြင်က သူဟာ သူ့အဖေ ရဲ့သား သူ့အဖေက အမေရိကန် လူမျိုး၊ ဒါကြောင့် သူလည်း အမေရိကန် လူမျိုးပဲ။ ဒါနဲ့ သူ့အဖေက ဒီကလေး ဟာ သူရဲ့ တရားဝင် ရင်သွေးဖြစ်ကြောင့် ဘာလို့ မကြေညာရတာလဲ။ ဘာလို့ မတောင်းဆို ရတာလဲ။ အဲဒီလိုသာ လုပ်မယ်ဆိုရင် ပြဿနာတွေ အားလုံး ရှင်းသွားမယ်''
သူ့ကို ငါ ဘယ်လိုရှင်းပြရပါလိမ့်။
''မစ္စတာချိုလည်း ကျွန်မတို့နိုင်ငံကို ရောက်ဖူးသားပဲ''

''ဟုတ်ပါတယ်။ ခင်ဗျားတို့ နိုင်ငံမှာ လူမျိုးတွေအားလုံး ရောနှောနေကြတယ်။ အားလုံး ကပြားတွေ ဖြစ်နေကြတယ်။ ကိုရီးယားကပြား ဖြစ်နေလို့ ဂုဏ်ငယ်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော် တို့ နိုင်ငံမှာကျတော့ အဲဒီလို မဟုတ်ဘူး။ တစ်မျိုးဖြစ်နေတယ်။ ကျွန်တော်တို့ လူမျိုးက ကမ္ဘာမှာ ရှေးအကျ ဆုံး လူမျိုး။ ယဉ်ကျေးမှု အစောဆုံး လူမျိုးပေါ့။ ခင်ဗျားတို့ရဲ့ ဘိုးဘွားဘီဘင်တွေ က ကျောက်ဂူတွေ မှာ နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေက အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ ဖြစ်နေ ကြပြီ''
''ဒီအကြောင်း ကျွန်မ လည်း ဖတ်ဖူးလေ့လာဖူးပါတယ်။ မစ္စတာချိုပြောသလို မဟုတ်သေးပါဘူး။ တကယ်တော့.... '' မစ္စတာချိုက လော်ရာစကားဆက်ကို စောင့်နေသည်။ သူက လော်ရာ့မျက်နှာကို စိုက်ကြည့်နေသည်။ သူနှင့် ဆန့်ကျင်ဘက် ငြင်းနေ၍ အကျိုးမရှိနိုင်။ လောလောဆယ်တွင် သူမအဖို့ တစ်ဦး တည်းသော အားကိုးရမည့်သူမှာ မစ္စတာချိုသာ ဖြစ်သည်။ ထို့ကြောင့် သူမက စကားလမ်းကြောင်း လွှဲလိုက် သည်။

''လောလာဆယ်မှာ ကျွန်မယောက်ျားက ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးအတွက် အရွေးခံဖို့ လုပ်နေ ပါတယ်။ မစ္စတာချို။ ဒီကလေးအကြောင်းသိသွားရင် သူ့ပြိုင်ဘက်တွေက လက်ခမောင်း ခတ်ကြပါ လိမ့်မယ်။ စစ်အတွင်းက သေမင်းကို နေ့တိုင်းမျှော်နေရတဲ့ စစ်သားကလေး တစ်ယောက်ရဲ့ မိုက်မှားမှု ကြောင့် အင်မတန် ရခဲ့တဲ့ ရာထူးကြီးတစ်ခုကို လက်လွတ်မခံသင့်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်'' ''အဲဒီတော့ ဒီကလေးကို သူ့ အဖေဆီ မခေါ်သင့်ဘူးလို့ ဆိုလိုတာပေါ့'' ''ကျွန်မတို့ကတော့ ကလေးအနေနဲ့ ဒီမှာပဲ ရပ်တည်မှု ရစေချင်ပါတယ်'' ''ဒီကလေးဟာ လူသားတစ်ယောက်ပါ မစ္စက်ဝင်းတား၊ အဲဒီတော့ သူ့ကို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ကြားမှာ ဘဝပျက်အောင် လုပ်ထားလိ့ ကောင်းပါမလား။ အမှန်တရားကိုသာ ရဲရဲကြီး ရင်ဆိုင်လိုက် စမ်းပါဗျာ''
ဗိုလ်ဘရောင်းနှင့် ဂျင်တို့ ဝင်လာသဖြင့် စကားပြတ်သွားကြသည်။

''ဟာ... ဒီမှာ တွေ့ပြီ၊ တွေ့ပြီ။ ကျွန်တော်တို့က ခင်ဗျားကို နေရာတိုင်း လိုက်ရှာနေကြတာဗျ သိလား''
ဂျင်က အရက်သမား အာလုတ်သံကြီးဖြင့် အော်ကြီးဟစ်ကျယ် ပြောသည်။
''ဟုတ်တယ် ကျွန်တော်တို့က နေရာတိုင်း လိုက်ရှာ နေတာ''
ဗိုလ်ဘရောင်းသည် အရက်မူးသံဖြင့် ထောက်ခံလိုက်သည်။
ဤတွင် မစ္စတာချိုက ကမန်းကတန်း ဖြတ်ပြီး...
''ကဲ.. . မစ္စက်ဝင်းတား၊ ခင်ဗျားအခန်းကို ကျွန်တော် လိုက်ပို့မယ် သွားကြစို့''
မစ္စတာချိုက လော်ရာနှင့် အမေရိကန်လူငယ် နှစ်ယောက်ကြားတွင် ဝင်ရပ်လိုက်သည်။
ထို့နောက် သူက လော်ရာ၏ လက်ကို ဆွဲပြီး ဓာတ်လှေကားသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ကြ သည်။

သူမ၏ အခန်းရှေ့ရောက်တော့ ခပ်ယဲ့ယဲ့ကလေး ပြုံးလိုက်ပြီး...
''ကျေးဇူးတင်ပါတယ် မစ္စတာချို၊ ကျွန်မတို့ လူမျိုးတွေရဲ့ အန္တရာယ်က ကျွန်မကို ကယ်တင်လိုက်တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်မ''
တကယ်တော့ ဒီတဒင်္ဂ ဖြစ်ရပ်လေးအတွက် သူမက ပျော်သလိုလိုလည်း ဖြစ်မိသည်။ ဒေါသလည်း ထွက်မိသည်။ မစ္စတာချိုက ဦးညွှတ် အရိုအသေပြုကာ ရပ်စောင့်နေသည်။ လော်ရာက ဘာမှ မသိသလို ဇဝေဇဝါ ဖြစ် နေသည်။ ''အခန်းထဲ အမြန်ဝင်ပါ။ အတွင်းက တံခါးပြန်ပိတ်သံ ကျွန်တော်ကြားပါရစေ''
မစ္စတာချိုက ထပ်ပြောလိုက်သည်။

''အို... ဟုတ်ကဲ့. နောက်ထပ် ကျေးဇူးအများကြီး တင်ပါတယ်ရှင် ဂွတ်နိုက် မစ္စတာချို''
လော်ရာ တံခါးရွက်ကို ပြန်ပိတ်ပြီး လက်ကိုင်ဖုကို လှည့်ကာ သော့ခတ်လိုက်သည်။
အခန်း ထဲတွင် သူမတစ်ပါး ဘယ်သူမျှ မရှိ။ အားငယ်စိတ်သည် ဆိုင်းမဆင့် ဗုံမဆင့် ဝင်ရောက်လာပြီး သူမ တစ်ကိုယ်လုံး ခြုံလွှမ်းသွားသည်။ အထီးကျန် အဖော်မဲ့ခြင်း ဝေဒနာကို သူမ ဆို့နင့်စွာ ခံစားရတော့ သည်။

ဆက်ရန်
.

1 comment:

AMK said...

စောင့်ဖတ်နေပါတယ် အစ်မရေ