Monday, September 3, 2012
မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၁)
ငါ့ကို ဆွန်ယာများ တစ်ပတ်ရိုက်သွားပြီလား၊ သူ့သားကလေးကိုများ တစ်နေရာရာသို့ခေါ် ထုတ်သွားပြီလား။ သူ ငါ့ကို ဒီအတိုင်းပဲထား ပစ်ခဲ့ တာများလား။
ယင်းသို့ တွေးပူနေရင်းမှပင် ကလေးကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။
သူသည် အိမ်ဘေးမှ ပတ်ဝင်လာပြီး ဥယျာဉ်ကို ကျော်ပေးကာ သူမရှေ့တွင် ရပ်နေသည်။
ကို ဆက်ဖတ်ရန်.................
ကလေးကို ရုတ်တရက် မြင်လိုက်ရတော့ လော်ရာမှာ လည်ချောင်းစေ့သွားသလို ခံစားလိုက်ရသည်။
ကလေး က သူ့အဖေနှင့် ချွတ်စွပ်တူနေသည်။ ခရစ္စ ဆယ့်နှစ်နှစ်သား အရွယ်ကလည်း သည်ကလေးလို ပင် ရှိလိမ့်မည်။ ကလေးက အရပ်ရှည်ရှည် သွယ်သွယ်နှောင်းနှောင်း။ ခြေထောက်တွင် ဖိနပ်ဗလာ။ အပြာရောင် ဘောင်းဘီတိုကလေးနှင့် အဖြူရောင် စပို့ရှပ်ကို ဝတ်ထားသည်။ ဘောင်းဘီနှင့် အင်္ကျီများ က ဟောင်းနွမ်းနေကြပြီ။ ညစ်ပေနေကြပြီ။ ဆံပင်ကတော့ နက်မှောင်နေသည်။ သေသေသပ်သပ် ဖြီး ထားပေမဲ့ တစ်ခေါင်းလုံး ရေတွေရွှဲနေသည်။ အသားရောင်နှင့် ပါးစပ်တို့ကလွဲလျှင် ခရစ္စနှင့် တစ်ပုံ တည်းပင်။ သူ့ပါးစပ်က အမေ့ ပါးစပ်နှင့် တူသည်။ ပါးပါးအိအိကလေး။
''မင်္ဂလာနံနက်ပါ..... မဒမ်'' ကလေးက စတင် နှုတ်ဆက်သည်။
သူက ရှက်စနိုးဟန်ကလေးဖြင့် ရပ်ကြည့်နေသည်။ မျက်လုံးအစုံတွင် အားတက်ခြင်း အရိပ်အရောင် များ ပေါ်လွင်နေသည်။ သူ့အသက်အရွယ်နှင့် စာလျှင် လူလိမ္မာကလေး တစ်ယောက်ဟု ဆိုနိုင်သည်။ ကလေးအရွယ် လည်း မဟုတ်တော့။ အရပ်ရှည်၍ မျက်နှာရင့်သဖြင့် လူပျိုပေါက်ကလေး တစ်ယောက် လိုပင် ထင်မှတ် ရသည်။
''မင်္ဂလာနံနက်ပါ ကလေး။ ကလေးနာမည် ဘယ်လိုခေါ်ပါလိမ့်…''
လော်ရာ က ချိုသာစွာ မေးလိုက်သည်။
''ကျွန်တော့် ဖေဖေ နာမည်က ခရစ္စတိုဖာ။ ကျွန်တော့်နာမည်က ကင်ခရစ္စတိုဖာပါ''
''ကလေးက အင်္ဂလိပ်စကား တော်တော် ပြောတတ်သားပဲ''
သူက အိမ်ထဲ ဝင်လာပြီး သူ့မေမေ ထိုင်သွားသော ထိုင်ခုံပေါ်တွင် ဝင်ထိုင်သည်။
သူ့ကြည့်ရတာ မဆိုးပါဘူး။ ယဉ် လည်း ယဉ်ကျေးတယ်၊ ချောလည်း ချောတယ်။
''ကလေး ပေးလိုက် တဲ့ စာကို အန်တီတို့ရပါတယ်။ သူ… သူ… ကလေးရဲ့အဖေက သိပ်ပြီး လာချင်ပါ တယ်။ ဒါပေမဲ့ နိုင်ငံရေးကိစ္စကြောင့် အလုပ်များနေလို့ မလာနိုင်ပါဘူး။ ဒါကြောင့် သူ့ကိုယ်စား အန်တီ လာခဲ့ရတာပါ''
လော်ရာ က ခရစ္စတိုဖာကလေးအား ကလေးတစ်ယောက်လို မဆက်ဆံမိစေရန် အထူးသတိထားသည်။ သို့သော် သည်အချက် ကို ကလေးက သဘောမှ ပေါက်ပါ့မလား။
''ကျွန်တော့် ဖေဖေ နေကောင်းပါရဲ့လား''
''ဟုတ်ကဲ့ အများကြီး နေကောင်းပါတယ်''
''အန်တီ့ဆီမှာ သူ့ဓာတ်ပုံ ပါလာသလား''
''ပါလာပါတယ်''
သူမက လက်ကိုင်အိတ် ဖွင့်ကာ ဓာတ်ပုံကို ထုတ်ပေးလိုက်သည်။ ကလေးက သူ့ ဖေဖေ ဓာတ်ပုံကို လက်နှစ်ဖက်ဖြင့် အားတက်သရော လှမ်းယူသည်။
''ဟင်..... ဆံပင်တောင် ဖြူနေပြီ''
ကလေးက ရုတ်တရက် အော်ပြောလိုက်သည်။
''နားသယ် တစ်ဖက်တစ်ချက် မှာ နည်းနည်းပါးပါး ဖြူတာလောက်ပါ''
''သူက အိုတော့ မအိုသေးဘူး...... နော်''
''ဟုတ်တယ်.... မအိုသေးပါဘူး။ ဒါပေမဲ့ သိပ်တော့ မငယ်တော့ပါဘူး''
''ချောလည်း တော်တော်ချောတာပဲ''
ကလေး က တိုးတိုးကလေး ပြောသည်။ ပြီးတော့ လော်ရာ့မျက်နှာကို မော့ကြည့်ပြီး.........
''ဒီပုံကို ကျွန်တော် သိမ်းထားလို့ ဖြစ်မလား''
''ရပါတယ်။ ကြိုက်ရင် ယူထား ပါ။ ဒါနဲ့.....ဒီထက်ကြီးကြီး ပြန်ကူးပေးရင် မဖြစ်ဘူးလား''
''နေပါစေ။ ဒီပုံပဲ ယူပါ့မယ်''
သူက ခေတ္တ စဉ်းစားနေဟန် ပြုပြီးတော့မှ.......
''သူက ကျွန်တော့်ကို မခေါ်ချင်ဘူးလား''
''ကလေး က ကလေးရဲ့ မေမေနဲ့ မနေချင်လို့လား''
လော်ရာ က ပြန်လှန်မေးခွန်းဖြင့် ပြန်မေးလိုက်သည်။
''ကျွန်တော် က ဖေဖေ့ကိုလည်း ချစ်ပါတယ်''
ကလေး က တော်တော် စကားပြောတတ်ပါကလား။
''အဲဒီတော့ တို့ ဘယ်လို စီစဉ်ကြမလဲ''
''ကျွန်တော့် ဖေဖေပြောတဲ့အတိုင်း ကျွန်တော် လုပ်မှာပဲ။ ကျွန်တော့်ကို ဖေဖေပဲ ပိုင်တယ်။ မေမေ မပိုင် ပါဘူး''
''ဒါပေမဲ့ သူ့ခမျာ မှာ ကလေးတစ်ယောက်ပဲ ရှိတာ။ ဘယ်လို လုပ်ပြီး ခွဲနိုင်ပါ့မလဲ''
''သူက မိန်းမပဲ။ သူ့ယောက်ျား ပြောတာ သူ လုပ်ရမှာပေါ့။ ဖေဖေက ကျွန်တော့်ကို လာပါလို့ခေါ် ရင် မေမေ ကလည်း သဘောတူရမှာပေါ့''
''ကလေးရဲ့ မေမေက ကလေးကို ဘယ်တော့မှ မခွဲနိုင်ဘူးဆိုရင်ကော.....''
ခရစ္စတိုဖာကလေးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် လက်နှစ်ဖက်ကို ရှေ့သို့ ဖြန့်လိုက်ပြီး.....
''ဒီမှာနေရင် ကျွန်တော်ဟာ ဘာမှ မဟုတ်ဘူး။ ကျွန်တော့်ကို ဘယ်သူမှ လက်မခံဘူး။ ဖေဖေက ကျွန်တော် စာသင် ဖို့ ပိုက်ဆံ ပို့ပေးရင်လည်း ဘာမှ မထူးဘူး။ ကျွန်တော်က ကိုရီးယားလူမျိုး မဟုတ် ဘူး။ နိုင်ငံခြားသား ဖြစ်နေတယ်။ သူတို့အားလုံးက ဒီလိုပဲ ထင်ကြတယ်။ ကျွန်တော့်ဖေဖေက အမေရိကန် လူမျိုး ဖြစ်နေ တယ်။ ကျွန်တော် ဘာဖြစ်လို့ ဒီလို မွေးလာရတာလဲ''
ကလေးက တကယ့် နာကြည်းမှုဖြင့် ပြောနေသည်။ သူ့အသံတွေ တုန်နေသည်။ လော်ရာ့ ရင်ထဲတွင် နင့်ခနဲ ခံစားရပြန် သည်။
သူမက ခရစ္စတိုဖာကလေး၏ လက်မောင်းပေါ်သို့ သူမ၏ လက်ကို တင်လိုက်ပြီး.........
''အန်တီတို့လည်း ဒီကိစ္စကိုပဲ စဉ်းစား နေကြတာပဲ။ အခုအထိ ဘယ်လို လုပ်ရမှန်း မသိသေးဘူး။ ဒါနဲ့ အန်တီ့ ကို ပြောပါဦး ကလေးရယ်၊ ကလေးက မေမေ့ကို မချစ်ဘူးလား....ဟင်။ သူ့ခမျာ ကလေးအပေါ် မှာ ကောင်းရှာ ပါတယ်ကွယ်''
ခရစ္စတိုဖာက သူ့လက်ကို ပြန်ရုပ်လိုက်ရင်း.......
''ချစ်လည်း ချစ်တယ်။ မုန်းလည်း မုန်းတယ်''
''ကလေးမေမေက သိပ်ပြီး စိတ်ကောင်းရှိပါတယ်ကွယ်။ ဒါနဲ့များ.... ကိုယ့်မေမေကို ဘာဖြစ်လို့ မုန်းရ တာလဲ ကလေးရယ်''
သူက ပြန်မဖြေ။ မျက်နှာလွှဲကာ ဥယျာဉ်ထဲသို့သာ ငေးကြည့်နေသည်။ သူ့စိတ်ကိုသူ အားတင်း၍  ထိန်းချုပ်နေ သည့် ပုံမျိုး။
"ကလေး ဘာတွေ စဉ်းစားနေတာလဲ.....ဟင်၊ အန်တီ့ကို မပြောပြနိုင်ဘူးလားကွယ်''
''မပြောနိုင်ဘူး''
သူက အသံမာမာဖြင့် တစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။ ပြီးတော့.... ထိုင်ရာမှ ငေါက်ခနဲ ထကာ ဆတ်ခနဲ ဦးညွှတ်လိုက်ပြီး......
''အန်တီ့မှာ ကျွန်တော့်ကို တခြား ပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး.... အန်တီ''
သူက ယင်းသို့ ပြောပြီးနောက် အိမ်ပေါ်မှ ဆင်းကာ ဥယျာဉ်ထဲ တစ်ကြောတည်း ဝင်ပြေးသွားတော့ သည်။
လော်ရာက ခေတ္တမျှ ထိုင်စောင့်နေသေးသည်။ သူ ဘယ်တော့မှ ပြန်မလာတော့ပါဘူးဟု စိတ်ကို တုံး တုံးချ လိုက်ပြီးသော အခါတွင်မှ ထိုင်ရာမှ ပြန်ထလိုက်သည်။
ထိုအခိုက် မှန်ခန်းဆီးတံခါး ပွင့်လာပြီး တံခါးဝတွင် အဘွားကြီး ပေါ်လာသည်။ အဘွားကြီးသည် တစ်ချိန်လုံး မှန် ခန်းဆီး နောက်ကွယ်မှ နေ၍ တိတ်တိတ်ကလေး ချောင်းမြောင်း နားထောင်နေခဲ့တာ ဖြစ်ရမည်ဟု လော်ရာက တွက်လိုက်သည်။ လော်ရာက ဘာစကားမှ မပြောတော့ဘဲ အိမ်ပေါ်မှ ဆင်းလာသည်။ အဘွားကြီးက ခြံဝအထိ သူမ နောက်မှ လိုက်လာသည်။ အိမ်ရှေ့ခြံပြင်တွင် အငှားကားကို အသင့် တွေ့ရသည်။ လော်ရာက ကားပေါ်သို့ တက်ကာ ကားဆရာ ကို ပြောလိုက်သည်။ ''ဟိုတယ်ကို ပြန်သွားပါ''
နွေဦးပေါက်ရာသီ ကုန်ဆုံး၍ နွေရာသီရောက်ခဲ့ပြီ။ အချိန်တာတွေကလည်း အကုန် မြန်လိုက်ပါ ဘိ။ နေလိုက်ရသည် ဟုပင် မထင်မိရ။
လော်ရာ သူမ အခန်းသို့ ပြန်ရောက်လာခဲ့သည်။ တစ်ခန်းလုံး ထိုင်းမှိုင်းပြီး ပူစပ် ပူလောင် ဖြစ်နေ သည်။ လေကလည်း တစ်စက်မျှ မတိုက်။ တောင်ထိပ်ပေါ်တွင် မိုးတိမ်မည်းမည်းကြီးတွေ အုံ့ဆိုင်းနေသည် ကို ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။
သူမ စိတ်သည် အိမ်သို့ ပြန်ရောက်သွားသည်။ အိမ်ကို အောက်မေ့လာမိသည်။ ခရစ္စကို သတိရမိသည်။
ထိုင်ရာမှ ဆတ်ခနဲ ထကာ တယ်လီဖုန်း စားပွဲသို့ လျှောက်လာခဲ့သည်။
နာရီဝက်ခန့် ဆက်တော့မှ အဝေးပြော အော်ပရေတာနှင့် အဆက်အသွယ် ရသည်။ သို့သော် သူမ ဆန္ဒကား မပြည့်။ ''ဝမ်းနည်းပါတယ်ရှင်။ အဝေးပြောလိုင်း အခက်အခဲ ရှိနေလို့ပါရှင်''
လင်တော်မောင် ခရစ္စ၏ အသံကို ကြားချင်လှသော်လည်း ကြားခွင့်မရတော့။ စိတ်ပျက်ပျက်နှင့် လက်လျှော့ လိုက်ရတော့သည်။ တယ်လီဖုန်း ဆက်လို့မရရင် စာရေးရ ကောင်းမလားဟု တွေးမိသည်။ သို့သော်.... စာရေးရန် အချိန်မတန်သေး။ စောလွန်းနေသေးသည်။ သူမအနေဖြင့် ခရစ္စတိုဖာကလေး အကြောင်း ကို ပြည့်ပြည့်စုံစုံ သိရန် လိုသေးသည်။ ယခုအတိုင်းဆိုလျှင် သည်ကောင်လေးကို နောက်ထပ် တွေ့ရဖို့ပင် ခပ်ခက်ခက်။ မိုးခြိမ်းသံကြီး နားကွဲမတတ် ပေါ်ထွက်လာသည်။
အိပ်ရာထဲ တစ်ခါတည်း တန်းဝင်လိုက်တာပဲ ကောင်းမလား။ အိပ်ပျော်သွားတာဟာ စိတ်သက်သာရာ သက်သာကြောင်း အကောင်းဆုံး ထွက်ပေါက်ပါပဲ။ ရေနွေးနွေးနဲ့ ရေချိုးပြီး အိပ်လိုက်တော့မယ်လေ...။
သို့ဖြင့် အဝတ်အစားလဲကာ ရေချိုးလိုက်သည်။ ကိုယ်ရောစိတ်ပါ တော်တော် လန်းလန်း ဆန်းဆန်း ဖြစ် သွားသည်။ ဆံပင်ကို ဖြီးသင်ကာ ကျစ်ဆံမြီး ထုံးသည်။ ထို့နောက် အိပ်ရာထဲ ဝင်လှဲလိုက်တော့ သည်။
အပြင်ဘက်တွင်တော့ လေမုန်တိုင်းကြီး တဝုန်းဝုန်း တိုက်ခတ်လျက်....။
နေဝင်ဖျိုးဖျ အချိန်တွင် သူမပြန်နိုးလာသည်။ မိုးနှင့် လေနှင့်လည်း စဲသွားခဲ့ပြီ။ တစ်ရေး ကောင်း ကောင်း အိပ်လိုက်ရ ၍ တော်တော် အားရှိသွားသလို ထင်ရသည်။ ဆာလည်း တော်တော်ဆာနေသည်။ မနက် ကတည်းက ဘာမှ မည်မည်ရရ မစားဖြစ်ခဲ့သည်ကို ယခုမှ သတိရမိတော့သည်။
သို့ဖြင့် အိပ်ရာမှထ၍ အဝတ်အစားလဲသည်။ ပြီးတော့.... စားသောက်ခန်းသို့ ဆင်းလာခဲ့သည်။
အချိန်က တော်တော်နောက်ကျနေပြီ။ ညစာ စားချိန်ပင် ကုန်ဆုံးခါ နီးနေပြီ။
အခန်း တစ်နေရာ ပြတင်းပေါက်နားမှ စားပွဲတွင် ယူနီဖောင်းဝတ် အမေရိကန် လူငယ် နှစ်ယောက်ကို လှမ်းမြင်လိုက်သည်။
သူမ လျှောက်လာစဉ် သူတို့က စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။ သူမက သူတို့စားပွဲနှင့် ကပ် လျက် စားပွဲ တွင် ခပ်တည်တည်ဖြင့် ဝင်ထိုင်သည်။
သူတို့က စားသောက်လို့ ပြီးခါနီးနေပြီ။ ကော်ဖီသောက်ရင်း သူမအကြောင်းကို မကြားတကြား ပြော နေကြ သည်။ တစ်ယောက်သော လူနှင့် မျက်လုံးချင်းဆုံမိသွားသည်။ သူမက ပြုံးပြလိုက်သည်။
သူတို့ နှစ်ယောက်စလုံး ရုတ်တရက် ထရပ်လိုက်ကြသည်။ တစ်ယောက်သောသူက သူမဆီ သို့ လျှောက် လာသည်။
''ခွင့်လွှတ်ပါ ခင်ဗျာ''
ဆံပင်နီနီနှင့် အငယ်လူက ပြောသည်။
''ကျွန်တော် တို့ကို သိများသိလို့ပါလား။ ကျွန်တော်တို့ကတော့ လုံးဝ မမှတ်မိလို့ပါ''
သူမက ခပ်မြူးမြူးကလေး တစ်ချက် ရယ်လိုက်ပြီးတော့မှ....
''ကျွန်မ လည်း ရှင်တို့ကို မှတ်မိတယ်လို့ မထင်ပါဘူး။ ကျွန်မက မနေ့ကမှ ဒီကို ရောက်လာတဲ့ လူပါ''
''ဒီလိုဆို ဟိုတုန်း က မသိလည်း အခု သိကြပြီပေါ့ဗျာ။ မဟုတ်လား။ ကျွန်တော် ပြောတာ.....''
''ဟုတ်ပါတယ်။ ကျွန်မ နာမည် က မစ္စက်ခရစ္စဝင်းတားလို့ ခေါ်ပါတယ်''
''အစကတည်းက ကျွန်တော် ထင်သားပဲ။ ကျွန်တော်တို့ ကံဆိုးတာပဲခင်ဗျား။ ကျွန်တော်က ဂျင် ထရေ နောပါ။ ဒါက ဗိုလ် လူစီးယပ် ဘရောင်း။ ကျွန်တော်တို့က ဒီမှာ တာဝန်ကျတာ။ ဟိုတယ်တွေမှာတော့ အမြဲတမ်း မစားနိုင်ကြ ပါဘူး။ ဒါပေမဲ့.... ဒီဟိုတယ်က အမဲကြော် နာမည်ကြီးလွန်းလို့ လာစားကြတာ။ ဂျပန်ကလာတဲ့ အမဲသား။ ကိုဘေး အမဲသား။ သိပ်ပြီး လတ်ဆတ်တယ်။ အရသာကလည်း သိပ်ရှိတာ ပဲ။ ပါးစပ်ထဲ ထည့် လိုက်ရင် တစ်ခါတည်း လျှာရည်လည်သွားမယ်။ ဒါနဲ့တောင်မှ မဒမ်က ငါးဟင်းမှာ စားတာ အံ့ပါရဲ့''
''ကျွန်တော်တို့ ထိုင်လို့ ဖြစ်ပါသလား.....မဒမ်''
ဗိုလ်ဘရောင်းက ခွင့်တောင်းသည်။
သူက ပို၍ ယဉ်ကျေးသည်။ ဣနြေ္ဒ သိက္ခာလည်း ရှိသည်။ မြို့ကြီးသား ဖြစ်ပုံရသည်။
ဂျင်ကတော့ ဗိုလ်ဘရောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ခပ်ပေပေ ခပ်တေတေ အစားမျိုး ဖြစ်ပုံရ သည်။
''ထိုင်နိုင်ပါတယ်။ ကျွန်မလည်း ပျင်းတာနဲ့ ဘာလုပ်ရမှန်းတောင် မသိပါဘူး''
သူတို့ ဝင်ထိုင်ကြသည်။ ''ဒါနဲ့ မဒမ် ပေါ့ကားတောင်ကုန်း ရောက်ဖူးသလား'' ဂျင်က မေးသည်။
''ကျွန်မ ဘယ်မှ မရောက်ဖူးပါဘူး'' သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ဖျတ်ခနဲ ကြည့်လိုက်ကြ သည်။
''ဒါဆို မစ္စက်ဝင်းတားကို ကျွန်တော်တို့ အဲဒီ ခေါ်သွားကြမယ်'' ဂျင်က ပြောသည်။ ''သိပ်ကောင်းတာပေါ့''
ဗိုလ်ဘရောင်းက ထောက်ခံသည်။ နောက်တစ်နာရီခန့် အကြာတွင် လော်ရာသည် ဂျင်နှင့် ဘရောင်းနှစ်ယောက်ကြား ထိုင်နေပြီ။ သို့သော်...နေရာကတော့ တခြား တစ်နေရာဖြစ်နေသည်။
သူတို့သည် အခန်းကျယ်ကြီးထဲတွင် ရောက်နေကြသည်။ ခပ်သေးသေး ကလေးများတွင် အမေရိကန် အမျိုးသားတွေ တချို့တစ်ယောက်တည်း။ တချို့က နှစ်ယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ ထိုင်နေကြသည်။ ဂီတသံ၊ ဇွန်းသံ၊ ပန်းကန်သံ၊ ကောင်တာမှ လှမ်းအော်သံများဖြင့် တစ်ခန်းလုံး တအုန်းအုန်းနှင့် ဆူညံနေသည်။
အခန်းအစွန်တစ်ဖက်တွင် ဝတ်လစ်စလစ် ဝတ်ထားသော ကိုးရီးယားကချေသည်မလေးက ရွှေပွဲလာတို့ အား မြူးမြူးကြွကြွ ဖြေဖျော်လျက်ရှိသည်။
ခန်းမကြမ်းပေါ်တွင်တော့ အမေရိကန်စစ်သားများက အနောက်တိုင်း ဝတ်စုံများကို တိုတိုကျပ်ကျပ် ဝတ်ထားသော ကိုရီးယား သူကလေး များနှင့် တွဲကနေကြသည်။
''ကျွန်မတို့ ဘယ်ရောက်နေကြတာလဲ။''
လော်ရာက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် မေးသည်။
ဂျင်က ရယ်လိုက်ပြီး ''ဒီကောင်မလေးတွေကို ဂရုစိုက်နေရာ မလိုပါဘူး...မဒမ်'' သူတို့က သူတို့ကိုယ် သူတို့ အမေရိကန် အမျိုးသမီးတွေ လို့ ထင်နေကြတာ။ ရုပ်ရှင် မဂ္ဂဇင်းတွေထဲက ပုံတွေကြည့်ပြီး ဟောလီးဝုဒ်က ရုပ်ရှင် မင်းသမီးတွေ လို လိုက်လုပ်နေကြတာ။ ဒါပေမဲ့....
သူက ဆက်မပြောတော့ဘဲ ခေါင်းကို ခါယမ်းလိုက်သည်။
ဗိုလ်ဘရောင်းတော့ သူ့ကိုယ်စား ဆက်ပြောသည်။
''ဖြစ်နေတာကတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်။ မစ္စက်ဝင်းတား။ ဒီမိန်းကလေးတွေက အမေရိကန် အမျိုးသမီးတွေ ကို တစ်ခါမှ မမြင်ဘူးကြဘူး။ ဒါပေမဲ့... သူတို့က အမေရိကန် အမျိုးသမီး အားလုံး က ရုပ်ရှင်မင်းသမီးတွေ အတိုင်းပဲ ဝတ်စားဆင်ယင်ကြတယ်လို့ ထင်နေကြတယ်လေ။ ဒါကြောင့် သူတို့လည်း အမေရိကန် ရုပ်ရှင်မင်းသမီးတွေ အတိုင်း အစွမ်းကုန် ပြင်ဆင်ခြယ်သကြတယ်။ အဲဒီနောက်တော့ ကျွန်တော် တို့ ဟောလီးဝုဒ်က မင်းသမီးတွေတောင် စိတ်မကူးရဲတဲ့ အပြုအမူတွေကို လွပ်လပ်စွာ အစွမ်းကုန် လုပ်ကြတော့ တာပဲ။''
''တစ်နေ့တုန်းက ကျွန်တော် လမ်းလျှောက်လာတော့ ကောင်မလေးတစ်ယောက်ကတောင် လှမ်းခေါ် သေး တယ်။
ဂျင်က ဖြတ်ပြောသည်။ ဗိုလ်ဘရောင်းက သူ့ကိုလှည့်ကြည့်တော့ သူကဆက်ပြီး မပြောတော့ဘဲ စကားဖြတ်ပစ် လိုက်သည်။
ထိုအခိုက် သူတို့အနားသို့ မိန်းကလေးတစ်ယောက် ရောက်လာပြီး..
''ကျွန်မ တစ်ကိုယ်လုံး မီးလိုပူနေပြီ'' ဟု ဂျင် အား တိုးတိုးကပ်ပြောလိုက်သည်။
''သွားစမ်းပါ'' ဂျင်က မျက်နှာတင်းတင်းနှင့် မောင်းထုတ်လိုက်သည်။
လော်ရာက အသံထွက်၍ ရယ်လိုက်ပြီး ''ငါ့မောင်က တော်တော်စွံတဲ့လူပဲ''
''အဖြစ်မှန်က အဲဒီလို မဟုတ်ဘူး။ မစ္စက်ဝင်းတား။ ယောက်ျားကလေးတစ်ယောက် လမ်းပေါ် လျှောက် သွားရင် ကောင်မလေးတွေ က ယင်အုံသလို လိုက်အုံကြတယ်။ တစ်ခါကဆိုရင် ကျွန်တော့်ကို ကောင်မ လေး တစ်ယောက် က အတင်း လိုက်ဆွဲတယ်''
''ဟေ့လူ...စကားကြည့်ပြောပါ''
ဗိုလ်ဘရောင်းက တားလိုက်သည်။
''ဟုတ်ပါတယ်...မစ္စက်ဝင်းတား။ အဖြစ်မှန်ကတော့ အဲဒီအတိုင်းပါပဲ။ ယောက်ျားတွေကို အပြစ်တင်လို့ လည်း  မရပါ့ဘူး။ အခြေအနေကကို အဲဒီလို ဖြစ်နေတာ။ ဒါပေမဲ့..ကျွန်တော်ကတော့ ဒါတွေ လုံးဝ မစွဲ လမ်းမိပါဘူး ကျွန်တော်မှာ ဘော့စတွန်မြို့မှာ စေ့စပ်ပြီးသား ချစ်သူရှိတယ်ူ.. ဒါပေမဲ့ ဂျင်ကတော့..ဒီမှာ..
သူက စကားဖြတ်ပြီး ပြုံးနေသည်။''တော်ပါတော့... တော်ပါတော့ ဗိုလ်ကြီးရာ''
သို့သော် ...ဗိုလ်ဘရောင်းက ဆက်ပြောသည်။
''ဒီကို ရောက်လာတဲ့ စစ်သားလေးတွေက ဆယ့်ရှစ်နှစ်နဲ့ နှစ်ဆယ့်ငါးနှစ်ကြား အရွယ်တွေ။ ကျေးရွာ တွေက လာကြတာ များတယ်။ ဒီကို ရောက်လာတော့ သူတို့က အားလုံး လျှောက်လုပ်ကြတော့တယ်။ အခြေအနေ ကလည်း ပေးနေတယ်။ မိန်းကလေးတွေက မြှူဆွယ်နေ ကြတယ်။ စစ်သားကလေးတွေက အိမ်ကို အောက်မေ့နေကြတယ်။ ဒီမှာ နေရတာ မပျော်ကြဘူး။ သူတို့ ဒီကို ဘာကြောင့် ရောက်ကြ တယ် ဆိုတာ လည်း မသိကြဘူး။ ဒီတော့ စိတ်ညစ်ညစ်နဲ့ ခဏတာပဲ ပျော်ရ ပျော်ရ ဆိုပြီး အကုန် လျှောက် လုပ်ကြတော့တာပေါ့။ ဟော....ဟိုမှာ....ဟိုချာတိတ် ကြည့်ပါလား''
''အဲဒီ ချာတိတ်ဆိုရင်.....'' ဗိုလ်ဘရောင်းက ဆက်ပြောသည်။
''သူ့ရုပ်ရည်မျိုးနဲ့ ကိုယ့်နိုင်ငံမှာ ဘယ်မိန်းကလေးကမှ လှည့်ကြည့်မယ့်ကောင် မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာ တော့ ချောပေ့ လှပေ့ဆိုတဲ့ ကောင်မလေးတွေကိုမှ တစ်ယောက်ပြီး တစ်ယောက် ရွေးပြီး တွဲနေတာ။ ခုနက တွဲ သွားတဲ့ ကောင်မလေးကိုပဲ ကြည့်တော့။ ဘယ်လောက် ချောလိုက်သလဲလို့''
လော်ရာက စိတ်ဝင်စားစွာ နားထောင်နေရာမှ ဖြတ်ပြောလိုက်သည်။
''အမှန်ဆိုရင် ယောက်ျားကလေးနဲ့ မိန်းကလေး တွဲကြတာ မဆန်းပါဘူး။ တရားမဝင် ကလေး မမွေးဘူး ဆိုရင် ဘာမှ ပြဿနာ မရှိနိုင်ပါဘူး'' ''အမယ်လေး.... ဒီအကြောင်းတော့ မပြောပါနဲ့ မစ္စက်ဝင်းတား''
ဂျင်က ပြောသည်။
''တရားမဝင် ကလေးတွေ ထောင်သောင်း ချီပြီး ရှိတာပေါ့။ မယုံရင် မြို့ပြင် ကျေးရွာတွေ သွားကြည့်ပါ လား။ ပြုတ်ပြုတ်စီနေတာ တွေ့ရပါလိမ့်မယ်''
ဂီတ သံက နားကွဲမတတ် ဆူညံနေသည်။ မိန်းကလေးတစ်ယောက်က အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ပီပီ သသနှင့် ဆွေးဆွေးမြည့်မြည့် ဆိုနေသည်။
''အခု သူ ဘာသီချင်း ဆိုနေတယ်ဆိုတာကို ဒီကလေးမ နားရော လည်ပါရဲ့လား''
လော်ရာက မေးသည်။ ဂျင်က ခေါင်းကို ခါယမ်းလိုက်သည်။
''တစ်လုံးမှ နားမလည်ဘူး။ သူက ဓာတ်ပြားဖွင့် နားထောင်ပြီး ကြက်တူရွေး စာသင် သလို နှုတ်တိုက် လေ့ကျင့် ထားတာ''
ဂီတသံ၊ သီချင်းသံနှင့် ကခုန်သံတွေကြားတွင် လော်ရာက ပိတ်ပိတ်သား နှုတ်ဆိတ်နေမိသည်။ သူမ အတွေးနက်နေသည်။
ငါ ဒီကို  ဘာကြောင့် ရောက်လာရတဲ့ အကြောင်း သူတို့ နှစ်ယောက်ကို ဖွင့်ပြောလိုက်ရမှာလား။ ဖွင့်ပြောလို့ရော အကျိုး ရှိပါ့မလား။ သူတို့ဆီက အကူအညီ တစ်ခုခုများ ရနိုင်ပါ့မလား။
သူမ၏ မေးခွန်းများကို သူမ ကိုယ်တိုင် မဖြေဆိုနိုင်မီမှာပင် ခန်းမဆောင် တံခါးဝမှ မစ္စတာချို ဝင်လာ သည်ကို လှမ်းမြင် လိုက် ရသည်။
ဆက်ရန်
.
No comments: