Wednesday, September 26, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၁)

“ခင်ဗျားကတော့ မရူးပါဘူး ရာဂျာ၊ ဒါပေမဲ့ ခင်ဗျားက ကြောက်တတ်တယ်ဗျ၊ ကြောက်တဲ့ အကြောင်း လည်း ရှိမှာပေါ့လေ၊ တိုက်ပွဲက အကြီးအကျယ် ဖြစ်တော့မှာကိုး။ တစ်ခါစဖြစ် လိုက်တာ နဲ့ နောက်ဆုတ်လို့ရတာမှ မဟုတ်။ ခင်ဗျားကြောက်တာကို ကျွန်တော် အပြစ် မတင်ပါဘူး။ ခင်ဗျားက ဒီပြည်သားမှ မဟုတ်တာ၊ ခင်ဗျားက ထူးဆန်းလျှို့ဝှက်တဲ့နေရာ တစ်နေရာကို ခရီးလှည့်လည်နေတဲ့ ခရီးသွားပဲ၊ ဒါကြောင့်ရန်ပွဲက ခင်ဗျား ထွက်ပေါက်ရှိမှာ မဟုတ်တော့ဘူး၊ ထွက်ပေါက်  ရှိမှာ မဟုတ်တော့ဘူး” ထိုည တွင် ရာဂျာသည် တစ်ယောက်တည်း တွေးနေမိသည်။ သူ့အနာတဂတ် အခြေအနေ ရှေ့ဆက် ဘယ်နည်း ဘယ်ပုံ စခန်းသွား ရမည်ဆိုသည်များ။ ကို ဆက်ဖတ်ရန်........

ထိုစဉ်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူကပထမတော့ ဘာမှပြန်မဖြေ။ နောက်မှ ဂျင်မီအသံမှန်း သိရ၍ ဖွင့်ပေးလိုက်သည်။ ဂျင်မီမှာ သူတို့တက္ကသိုလ်တွင် နာမည်အကြီးဆုံး ဘတ်စ်စကက်ဘော သမား။ ကျောင်းသား တိုင်းက လေးစားချစ်ခင်ကြသည်။ တံခါးဖွင့်လိုက် တော့ ဂျင်မီတစ်ယောက်တည်းမဟုတ်၊ ဂျိုးဇက်တို့ လူဝီတို့ အပါအ၀င် ကျောင်းသားတစ်အုပ် ကြီးကို တွေ့ရသည်။
“ချီးကျူးပါတယ်ဗျာ၊ ခင်ဗား ရှ်လ်ကို ရေရေလည်လည် ချဲပစ်လိုက်ပြီး အောင်ပွဲခံတာ ကျွန်တော်တို့ကြားရလို့ပါ”
ဂျင်မီ က ပြောသည်။ “ကျွန်တော် မနိုင်ခဲ့ပါဘူးဗျာ”
ရာဂျာက ပျာပျာသဘလဲ ပြန်ပြောသည်။
“မဟုတ်ဘူးလေ၊ ကောင်တာမှာ ခင်ဗျားထိုင်ရဲတာ၊ ကော်ဖီမှာသောက်ရဲတာကိုက အာဂ သတ္တိ မဟုတ်လားဗျ၊ ဒါတော်ရုံတန်ရုံ သတ္တိနဲ့ ဘယ်ရမလဲ” “ဒီလိုမဟုတ်ဘူးဗျ၊ ကျွန်တော်က သတ္တိရှိလို့ လုပ်ခဲ့တာမဟုတ်ဘူး၊ ဘာမှ မသိနားမလည် လို့ လုပ်ခဲ့တာ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ ခင်ဗျားကို ချီးကျူးပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့မြို့မှာ မီးတစ်မီးကို မွှေးနိုင်ခဲ့ပြီပဲ မဟုတ်လား၊ ခုထီးကောက် နဲ့ မိန်းမကြီးရဲ့ ခင်ပွန်းဆီက ဖုန်းလာသေးတယ်”
“ထီးကောက်နဲ့မိန်းမ က ဟုတ်လား”
“ဟုတ်တယ်လေ၊ ရှဲလ်မက်ကို ထီးနဲ့ရိုက်မလို့ လုပ်ခဲ့တဲ့မိန်းမပေါ့၊ သူ့ယောက်ျားက မြေပဲ စက်ရုံကလေ၊ ဒီတိုက်ပွဲ ကို ကျွန်တော်တို့ ဆက်တိုက်ကြမယ်ဆိုရင် သူတို့အလုပ်သမားတွေ အားလုံးကလည်း ၀ိုင်းပြီး တိုက်ပေးကြ မယ်တဲ့”
“ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမယ်ဆိုတာ စီစဉ်ဖို့အတွက် အစည်းအဝေးတစ်ခု ကျင်း ပဖို့ ပြင်ဆင်နေကြ ပါတယ်၊ ကျွန်တော်တို့ရဲ့အိပ်ပျော်နေတဲ့ မျက်လုံးတွေ ခုမှနိုးကြားလာကြ တာ နည်းနည်းတောင် နောက်ကျ သွားပါပြီ။ ဒါပေမဲ့ ဆက်လုပ်မယ့် တာဝန်ကတော့ ရှိလာပြီ ဗျ” လူဝီက ရာဂျာထံ လျှောက်လာ ရင်း ပြောလိုက်လေသည်။

ရက်များမကြာမီမှာပင် အစည်းအဝေး လုပ်ဖြစ်တော့သည်။ အစည်းအဝေးခန်းထဲ ရာဂျာဝင် လာသောအခါ အားလုံး က လက်ခုပ်ဝိုင်းတီးပေးကြသည်။ “ရာဂျာ ဒီစကားပြော စင်မြင့်ပေါ် ကြွခဲ့ပါ”
“ဂျိုးဇက်လည်း လာခဲ့ပါ” လူဝီက အပေါ်မှ လှမ်းခေါ်လိုက်သည်။ စင်မြင့်ပေါ်တွင် နေရာယူထားနှင့်ကြသူများမှာ လူဝီ ဂျင်မီနှင့် လူစီဘဲလ်။  ရာဂျာနှင့် ဂျိုးဇက်တို့ စင်မြင့်ပေါ်တက်သွားကြသောအခါ လက်ခုပ်သံများ ညံထွက် လာပြန် တော့သည်။
လူဝီက စကားစပြောသည်။
“ကျွန်တော်တို့ ဒီအစည်းအဝေးရဲ့ ဥက္ကဌအနေနဲ့ စကားပြောခွင့်ပြုပါခင်ဗျာ။ ဒီအစည်းအဝေး က သိပ်အရေးကြီး တဲ့ ပြဿနာ အရေးအခင်းတစ်ရပ်အတွက် ခေါ်ယူရတဲ့ အစည်းအဝေးပါ၊ စင်မြင့်ပေါ်မှာတော့ မစ္စလူစီဘဲလ်၊ မစ္စတာဂျင်မီနယ်မင် ကျွန်တ်ာတို့နပြအတူ နှစ်ပြားဆိုင် အရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ ဂျိုးဇက်နဲ့ ရာဂျာတို့ ရောက်နေ ကြပါပြီ”
ထိုအခါ လက်ခုပ်သြဘာသံ များ ထွက်လာပြန်၏။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ နှစ်ပြားတန်ဆိုင်ကို သွားသိမ်းပိုက်ကြမယ်၊ အဲဒီဆိုင် မှာ ကျွန်တော်တို့ ထိုင်ခွင့်တောင်း ယူကြမယ်၊ အစားအသောက် မှာစားခွင့် တောင်းကြရ မယ်။ အဲဒီလိုလုပ်ဖို့အတွက် ဆိုင်ထဲ အကုန်ဝင်ပြီး အစားအသောက် ချမပေးမချင်း မထတန်းထိုင်ပြီး ဆန္ဒပြကြရမြယ်"
ကျောင်းသားထုထဲမှ ခပ်ပုပုကောင်လေး တစ်ယောက်က ထလာသည်။
"ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ် "
"နာမည်ပြောပြီး မေးခွန်းမေးပါ "
လူဝီက ပြောသည်။
"ခင်ဗျား ကျွန်တော့်နာမည် အသိသားနဲ့ "
ကောင်လေးက ပြန်ဖြေတော့ တစ်ခန်းလုံး ပွဲကျသွားပြန်သည်။

"ဟုတ်ပါတယ်။ ဒါပေမဲ့ အစည်းအဝေး ထုံးစံအရ နာမည်ပြောပြီးမှ မေးဖို့ပြောတာပါ "
"ကျွန်တော့်နာမည် က မောရစ်အဒမ်းပါ "
"ကောင်းပြီ၊ မောရစ် ဘာမေးချင်လို့လဲ "
"ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ပြားတန်ဆိုင်ကို သိမ်းကြရမှာလဲ၊ ဘယ်သူတွေကများ ဒီညစ်ပတ်တဲ့ နေရာမှာ သွားစားချင်ကြ လို့လဲ။ အဲဒီမှာ အစားအသောက် လာချပေးပေး မပေးပေး ဘာဂရုစိုက်စရာလဲ၊ ဒီထက်ကောင်း တဲ့ ဆိုင်တစ်ဆိုင် ထောင်ပြီး စားသောက်ကြလို့ကော မရဘူးလားဗျ"
"ဒီလိုတော့ မဟုတ်သေးဘူးဗျ၊ ကျွန်တော်တို့က လူနည်းစု၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်း သားအနေနဲ့၊ တခြားပျော်ပွဲစားရုံကောင်းကောင်း မှာ ပိုက်ဆံပေးပြီးတက်စားလို့ ရတယ်ဆိုတာမှန် တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ အများစုက ဆင်းရဲတယ်ဗျ၊ ဆိုင်ကြီး ဟော်တယ်ကြီးတွေမှာ တက် မစားနိုင်ကြ ဘူး၊ နှစ်ပြားတန်ဆိုင်လောက်ပဲ ကပ်နိုင်ကြတယ်။ သူတို့အတွက် ကျွန်တော်တို့က တိုက်ယူပေးရမှာပါ "
လူဝီက မောရစ် ကို ပြန်ဖြေရှင်းပြသည်။

"ကျွန်တော်တို့ အလုပ်သမားတွေဟာ အလုပ်ဝတ်စုံတွေနဲ့ပဲ ဈေးဝယ်ထွက်ကြရတယ်။ သူတို့လို အပ်တာတွေ ကို နှစ်ပြားတန်ဆိုင်တွေ မှာ လာဝယ်ကြရတယ်။ အဲဒီဆိုင်မှာ သူတို့စားခွင့်သောက် ခွင့်တို့ မရှိဘူးလား။ သူတို့ ဘက်ကပဲ စဉ်းစားတော့ မောရစ်ရယ်။ ကျွန်တော်တို့ ကိုယ်ကျိုးအတွက် ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မိဘတွေသာ သူတို့လို လူတန်းစားတွေဆိုရင် ကျွန်တော်တို့ ဒီတက္ကသိုလ်တောင် တက်နိုင်ကြမှာမဟုတ်ဘူး "
သြဘာသံများ လျှံထွက်လာသည်။ "အန္တရာယ် မများဘူးလားဗျ"
"အေးအေးဆေးဆေး ထိုင်နေတာထက်တော့ အန္တရာယ်များတာ ပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့က လည်း စနစ်ကျမှု နဲ့ ငြိမ်ငြိမ်ဝပ်ဝပ် လုပ်သွားကြမှာပါ "
"ဘတ်စ်စက်ဘောအသင်း ကပ္ပတိန် ဂျင်မီနယ်ဆင်က ခေါင်းဆောင်ပြီး ရက် ၂ ပတ်အတွင်း အကောင်အထည် ဖော်သွားပါလိမ့်မယ်။ အောင်မြင်ဖို့ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ မကြောက်တရားနှင့် စည်းကမ်းတွေပေါ် မှာ မူတည်ပါတယ်။

ဒါကို အောင်မြင်ရင် လူသား အားလုံးဟာ အတူတူ မွေးဖွားလာကြပြီး၊ အတူတူအခွင့်အရေး တန်းတူ ခံစားကြရမယ်ဆိုတဲ့ အချက်ကို သက်သေပြကြပြိပေါ့။ လူတိုင်းပဲ ပထမတန်းစား နိုင်ငံသားတွေ ဖြစ်ကြမယ်။ ၀င့်ကြွား မာန်ထယ်စွာ သွားလာနိုင်ကြမယ်။ တစ်အိမ်ကတစ်အိမ် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွား လာနိုင်ကြမယ်။ ကျွန်တော်တို့ အားလုံးဟာ ဒီနိုင်ငံမှာ နေကြသူတွေ ဒီနိုင်ငံမှာ အလုပ်လုပ်ကြသူ တွေ ဒီနိုင်ငံနဲ့အစိုးရကို အခွန်အတုတ် ပေးကြရသူတွေ ဒီနိုင်ငံအတွက် စစ်မှုထမ်းပေးကြသူတွေ အကုန်အတူတူချည်းပဲ မဟုတ်လား။ အားလုံးဟာ အမေရိကန်လူမျိုးတွေပဲ မဟုတ်လား။ အသား အရောင် ခွဲခြားမှုဆိုတာ ရှိသင့်သေးသလားဗျာ "
"ဒါတွေအတွက် ကျွန်တော်တို့က တိုက်ယူကြရမြယ်။ စွန့်လွှတ်ပြီး တိုက်ပွဲဝင်ကြရမယ်။ ညီ၊ ညီမတို့ နှစ်ပြားတန်ဆိုင်ကို ရဲရဲရင့်ရင့် ချီတက်ကြ။ ထိုင်ခုံတွေမှာ ထိုင်ကြ။ မင်းတို့ကိုယ်မင်းတို့ အာဇာနည်တွေ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တွေလို့တော့ မမှတ်ထင်ထားကြနဲ့၊ မင်းတို့ ထိုင်နေကြ တာက ဒိုးနပ်မုန့်ပြားကို စားချင်ကြ လို့ ထိုင်နေကြတယ်လို့မှတ်ပြီးဆက်လုပ်ကြ "
"ကျွန်တော်က ဒိုးနပ်မုန့်ပြား မကြိုက်ဘူးဗျ "
တစ်ယောက်က ထ၍ ၀င်ကြောင်သည်။

" ဒါက မစားဖူးသေးလို့ပါ၊ ခင်ဗျားစားဖူးရင် လျှာလည်သွားလိမ့်မယ်၊ ကဲဗျာ ဒိုးနပ်မုန့်ကြိုက်တဲ့လူရှိ ရင် မတ်တတ် ရပ်ပြစမ်းပါ၊ ရေကြည့်ချင်လို့ "
တစ်ခန်းလုံး ပင် ၀ုန်းခနဲ ထလိုက်ကြသည်။
"ကဲ တနင်္လာနေ့မှာ စကြစို့၊ အဲဒီအခါကျမှ အသေးစိတ်အစီအစဉ်ကို ပြောပြမယ် "
တနင်္လာနေ့။
မြို့နားသို့ ဘတ်စ်ကားရောက်လာသောအခါ ပုလိပ်များသည် ဆယ်ပေစီခြားပြီး စောင့်နေသည် ကို တွေ့လိုက်ကြ ရသည်။
"ဘယ်သူတွေလာမယ်ဆိုတာ ကြိုသိထားလို့၊ မုန့်တွေဘာတွေ ကြိုဖုတ်ထားပြီနဲ့တူတယ်ကွ "
"အေး ဟုတ်လိမ့်မယ် "
" ဗလွှတ်ရွှတ်တစကားတွေ မပြောကြနဲ့ကွာ "
လူဝီက ၀င်မာန်သည်။ တစ်မြို့လုံးတွင်တော့ လူဖြူနှင့်လူမည်းအုပ်စုတို့သည် ရန်စောင်နေကြ သည်။ လူမည်း များ ဘက်တွင် ရပ်နေသော လူဖြူနှစ်ယောက်သာရှိသည်။

" ပီထရပ်ဟ်ဆွီဆန်" နှင့် " ဂျွန်မာထီးယာစ်"။
နှစ်ပြားတန် ဆိုင်ရှေ့တွင်ကား ပုလိပ်ဆယ်ယောက်က တံခါးဝကို ပိတ်စောင့်နေကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်ချင်း ဆက်ထားကြသည်။
" ကဲ ဘယ်လိုလုပ်ကြမလဲ၊ တို့အစီအစဉ်ထဲမှာ ပုလိပ်တွေက ပိတ်ဆို့ထားရင် ဘာဆက်လုပ်ကြမယ် ဆိုတာ မပါဘူးကွ "
လူဝီက ဂျင်မီကို မေးလိုက်သည်။
ဂျင်မီက မဖြေခင် မာရီယန်က ၀င်ပြော၏။
" အဲဒီကို ကျွန်မတို့သုံးယောက် လျှောက်သွားကြပြီး ဒူးထောက်ရှိခိုးလိုက်ကြရုံပေါ့"
လူဝီ ကမူ နှောင့်နှေးနေဆဲ။
" တခြားဘာမှ လုပ်စရာမရှိတာ၊ ပြန်လည်း မပြန်နိုင်ဘူးလေ "
မာရီယန်က ဆက်ပြောသည်။ လူဝီနှင့် ဂျင်မီကား ငြိမ်လျက်။
" ကျွန်မတော့ သွားတော့မယ် "
မာရီယန် က ပြောသည်။
" ငါလည်း လိုက်မယ် "
ဂျိုးဇက်ကပါ ဆုံးဖြတ်လိုက်သည်။

" သိပ်တော့ မကြမ်းကြနဲ့နော် "
" လူဝီ မင်းစောင့်နေ၊ ငါသူတို့နဲ့ လိုက်သွားမျဖြစ်မယ် "
ဂျင်မီက ပြောသည်။
"မင်းက ခေါင်းဆောင်ပဲ။ မဖြစ်ပါဘူး "
" ဖြစ်ပါတယ်ကွာ "
မာရီယန် သည် ဂျိုးဇက်နျင့် ဂျင်မီခြံရံလျက် လမ်းကိုဖြတ်ကူးလိုက် ။ လမ်းတစ်ဖက်မရောက်ခင် လူဖြူ အုပ်စုကြားထဲက ဖြတ်သွားကြရမည်ဖြစ်သည်။ ရာဂျာက လူဖြူမအုပ်စုကြီးကို ကြည့်နေမိ သည်။ မာရီယန်ကို တစ်ဖက်ကမ်း မရောက်မီမှာပင် လူဖြူမတွေက ခရမ်းချဉ်သီးများ၊ အာလူးများဖြင့် ပစ်ပေါက်ကြသည်။ အယုတ္တ အနတ္တ ဆဲရေးတိုင်းထွာမှု များသည် မိုးလုံးညံလျက်။
နှစ်ပြားတန် ဆိုင်ရှေ့ ရောက်သောအခါ ပုလိပ်တစ်ယောက်က မေးသည်။

" ငမည်းတွေ အေးအေးဆေးဆေး ဘာဖြစ်လို့ မပြန်သေးတာလဲကွ "
ဂျိုးဇက်က ခွန်းတုံ့ပြန်ရန်မလုပ်။ မာရီယန်က သူ့လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ ဂျင်မီကမူ မပြော ငြိမ်လျက်။ ထို့နောက် သူတို့အားလုံးသည် ဒူးထောက်ချလိုက်ကြကာ ဘုရားစာ ရွက်ကြတော့သည်။
ပုလိပ်တွေ က ရယ်လိုက်ကြသည်။
" ဒီခွေးမလေးက တယ်ခေါင်းမာပါလားကွ "
ပုလိပ်တစ်ယောက် က သူ့ပါးစောင်တွင် ခဲထားသော ဆေးပြင်းလိပ်ကို လက်ဖြင့်ညှပ်ကာ မာရီယန်မျက်နှာကို လှမ်းထိုး လိုက်၏။ မာရီယန်မှာ ပူလွန်းသဖြင့် ငယ်သံပါအောင် အော်လိုက်မိ သည်။ သို့သော် နေရာကမူ မရွေ့။
" ယေရှုအရှင်မြတ်ဘုရား၊ ဟိုခွေးကောင် ဘာလုပ်နေတယ်ဆိုတာ ကြည့်တော်မူပါ "
လူအုပ်ထဲ မှ အသံတစ်သံ ထွက်လာသည်။

" ကဲ မင်းကရော၊ ဘာကောင်မို့လဲကွ "
ပုလိပ်တစ်ယောက်က ဂျင်မီမျက်နှာကို ပိတ်ကန်လိုက်သည်။ နှာခေါင်းရိုးကျိုးရာမှ ထွက်လာသော သွေး များက မြင်မကောင်း။
" ငါသတ်မယ်၊ သတ်မယ်၊ ငါ့လက်နဲ့သတ်မှ ကျေနပ်မယ်ဟေ့ "
ဂျိုးဇက် က အော်ကာ ရုန်းထွက်သွားသည်။ ဂျင်မီကသူ့ကို လှမ်းဆွဲသည်။ သို့သော် ဂျိုးဇက် ကိုပုလိပ်တို့က ဖြတ်ရိုက်ပစ်ကြသည်။ ပယ်ပယ်နယ်နယ်ကြီး။ လူအုပ်ထဲမှ "ဆွင်ဆန်"ပြေးလိုက်အလာ ပုလိပ်နျစ်ယောက် က ထပ်မိသွားသည်။ တတိယပုလိပ် နံပါတ်တုတ်ဖြင့် ရိုက်ချလိုက်သည်။ တစ်ချက်ပြီး တစ်ချက်။
ဘတ်စ်ကားဖြင့် ကျောင်းသား များပြန်ခဲ့ကြသည်။ အားလုံးပင် ၀မ်းနည်းကြေကွဲမှုဖြင့် တိတ်ဆိတ်နေကြသည်။ ဘုရားကျောင်း တစ်ခုသိုပ ဖြတ်အလာတွင် မီးပုံတစ်ခုကို တွေ့လိုက်ကြရသည်။ မီးပုံမှာ ဘုန်းတော်ကြီး မာသီယပ်စ် အလောင်းကောင်ပုံ လုပ်ကာ မီးရှို့ထား ကြခြင်းဖြစ်သည်။

" ငမည်းချစ်တဲ့ လူဖြူ "
သတိထား
" နောက်တစ်ခါ နင့်အလှည့်ပဲ "
သစ်ပင်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ထားသည်။
" လူဝီမင်းကော မကြောက်ဘူးလားဟင် "
" နည်းနည်းလေးမှ မကြောက်ပေါင်၊ မနက်ဖြန် အဲဒီအချိန်ဆို အဲဒီနေရာကို ထပ်သွားဦးမှာပဲ "
ရာဂျာ ကတော့ ဘာစကားမှပင် မပြောနိုင်။ ထိုအုပ်စုနှင့်သူ လိုက်သွားသည်မှာ မှားမမှားဆိုတာ စဉ်းစားတွေဝေနေသည်။ သူဘာဖြစ်လို့ လိုက်သွားမိသလဲ။ ဂန္ဒီလို ခါဒီဝတ်စုံဖြူကြီးနဲ့ ဘာဖြစ်လို့ လိုက်မသွားမိသလဲ။

ဘယ်သူ အထင်ကြီးအောင် သူလုပ်နေတာလဲ။ ခုလိုအဖြစ်အပျက်မျိုးတွေ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်သည့် အတွက် သူလုပ်ခဲ့ခြင်းကားသေချာသည်။
ဒါ ကလေးကစားစရာကား မဟုတ်။ လူတွေသေစေနိုင်လောက်သည့် အရေးအခင်းကြီးဖြစ်သည်။
သူကော သေချင်လို့လား။ အသက်စွန့်ချင်လို့လား။
သူ၏ ငယ်ရွယ်နုပျိုသော၊ တန်ဖိုးရှိသော၊ ခက်ခက်ခဲခဲ အသက်ကိုလုယူပြီး စတင်ခဲ့သော ဘ၀ကြီးကို စွန့်ရဲပါ သလော။ မစွန့်နိုင်ဘူး၊ မစွန့်နိုင်ဘူး။
အသက်စွန့်ဖိုထားဦးတော့ နှာခေါင်းရိုးပင် အကျိုးခံနိုင်သလား။
ဂျွတ်ခနဲအရိုးကျိုးသံကို သူကြားခဲ့သည်။ သွေးတွေဖြထြွက်လာသည်ကို မြင်ခဲ့ရသည်။
သူကြောက်ပါသည်။ ခန္ဓာကိုယ် အနာတရဖြစ်မှာ နာကျင်မှာ သိပ်ကြောက်ပါသည်။

ရှဲလ်ကလွဲလို့ သူ့အပေါ် ဘယ်သူကမှ လက်မတင်ခဲ့ဖူး။ ထို့ကြောင့် ရှဲလ်၏အပြုအမူသည် သူ့ အပေါ် စော်ကားမော်ကား လုပ်ရာ ကျလွန်းသည်။ ထို့ကြောင့် လက်စားချေချင်သည်။ သို့သော် လက်စားချေမှု မှာ သိပ်တန်ဖိုးပေးဝယ်ရမည်ဖြစ်သည်။ ယနေ့ဖြစ်ရပ်က သူ့ကို သင်ခန်းစာပေးခဲ့ပြီ။
မနက်ဖြန်ဆိုလျှင် သူသည် ခါဒီလက်ယက်ထည်ကို မ၀တ်။ ရိုးရိုးအ၀တ်အစားတွေသာ ၀တ်ပြီး သူငယ်ချင်းတွေ ကို ပြောလိုက်မည်။
ငါတော့ မလိုက်တော့ဘူးကွာ။ သူတို့ကတော့ ဘယ်လိုထင်ကြမလဲမသိ၊ ငါကကော ဒီလိုလုပ်လို့ ရနိုင်မတဲ့လား။
လက်စားတော့ ချေချင် သည်။ အနိုင်ရသောအခါ အောင်ပွဲခံအုပ်စုထဲ၌ သူရှိနေလိုသည်။ ထိုအရာများကို သူလိုလား သည်။

သို့သော် ထိခိုက်နာကျင်မှုလည်း မခံချင်။
မနက်ဖြန် ဘာလုပ်ရမလဲ။
အို တတ်နိုင်သလောက် ငါလုပ်ရမယ်။ ငါ သွားကို သွားရမယ်။
သူ ဆုံးဖြတ်လိုက်ပြီ။
ကားပေါ်တွင် သူ့ရှေ့ထိုင်ခုံ၌ လူစီဘဲလ်ထိုင်နေသည်။ ထိုင်ခုံကို ခေါင်းမှီထားသည်။ မျက်လုံးတွေ ပွင့်နေသည်။ သို့သော် ဘာတစ်ခု မှ မြင်ဟန်မတူ။ မျက်နှာလေးမှာ ချောင်ကျနေသည်။ သူက လူစီဘဲလ်အား အားပေးနှစ်သိမ့် ချင်ပါသည်။ သို့သော် ဘယ်လိုနှစ်သိမ့်ရမလဲ၊ သူ့ကို ဘယ်လိုကူညီရမလဲ၊ သူကိုယ်တိုင်ပင်လျှင် သိပ်ပြီး စိတ်ဓာတ် ကျနေသည် မဟုတ်လား။
သူမြင်ခဲ့ရသော မုန်းတီးမှု၊ နှိပ်စက်မှုတို့ကိုသာတည်း။

အသားအရောင် ခွဲခြားမှုရှိသည်ကို သူသိခဲ့သည်။ အရင်ကတည်းက သိခဲ့သည်။ သို့သော် သူကဲ့သို့ ပါမောက္ခ တစ်ယောက် ၏ သမီး၊ သူ့အမေကဲ့သို့ အသားဖြူတစ်ယောက်၏ သမီးမျိုးကိုမူ ထိုခွဲခြား မှုသည် လာရောက် ထိခိုက်မည်မထင်။
သူငယ်ငယ်တုန်းက အတူတူနေခဲ့၊ စာသင်ခဲ့ကြရသော အပေါင်းအသင်းတွေ၊ အခု ဘယ်ရောက် ကုန်ကြပြီလဲ၊ ငယ်ငယ်တုန်း ကတော့ ခင်ကြမင်ကြပါသည်။ သို့သော် အရွယ်ရောက်လာသောအခါ ၌ကား သူတို့ ခင်မင်မှုတွေ သည် ပျောက်ဆုံးကုန်ကြသည်။
လူငယ်တွေအားလုံးကား အတူတူလက်တွဲကြပြီးတော့ သူတို့မိဘတွေ ချန်ထားရစ်ခဲ့ကြတဲ့ မုန်းတီး မှုတွေကို တိုက်ဖျက် ပစ်ကြမယ်ဆို ဘယ်လောက်ကောင်းမလဲ၊ ဒါတွေလည်း သိပ်ဖြစ်နိုင်မည်ဟု သူတော့ မထင်တတ်။
ဒါဆို ဘယ်လိုလုပ်ကြမလဲ။ နီဂရိုးမုန်းတဲ့သူအားလုံးကို သတ်ပစ်လို့ကော ရမတဲ့လား။ ဘာတွေ လုပ်သင့်သလဲ။
ဒီမုန်းတီးမှု ကို ယူဆောင်လာတဲ့ တရားဟာ ဘာသူလဲ။
ဘယ်သူက ဒီမီးကို မွှေးတာလဲ။
ပုလိပ်တွေ က ဘာဖြစ်လို့ ဥပဒေချိုးလိုက်သူတွေကို အကာအကွယ်ပေးတာလဲ။

နှစ်ပြားတန်ဆိုင်က ရှဲလ်မက်လိုလူမျိုးတွေ၊ မာရီယန်ရဲ့မျက်နှာကို ဆေးပြင်းလိပ်နဲ့ ထိုးသူတွေ၊ ဂျင်မီရဲ့နှာခေါင်း ကို ချိုးတဲ့သူတွေ။
နောက်ပြီး ဆွင်ဆန်ကိုကော ဘာဖြစ်လို့ သူတို့ဝိုင်းရိုက်ကြတာလဲ၊ သူက လူဖြူကိုး။ လူဖြူဖြစ်ရဲ့ သားနဲ့ လူဖြူ ဘက် မလိုက်ဝံ့သူကိုး။ သစ္စာဖောက်ကို တခြားလူဖြူတွေကိုလည်း သင်ခန်းစာ ပေး လိုက်ပုံရပါတယ်။
" ဒါက ဘာအဓိပ္ပာယ်လဲ၊ ဘာ အဓိပ္ပာယ်လဲ "
သူက အသံထွက်လာအောင်ပင် အော်မေးလိုက်မိသည်။
" ဒါကတော့ ရန်သူရဲ့မျက်နှာကို မျက်နှာဖုံးစွပ်မပါဘဲ မြင်လိုက်ရတဲ့ အဓိပ္ပာယ်ပဲ" လူဝီက ပြော လိုက်သည်။
" သူတို့အားလုံးဟာ ရန်သူတွေလား "
" ရန်သူတွေနဲ့ ရန်သူ့လက်နက် ကိရိယာတွေပေါ့ကွာ၊ တို့တတွေကို အပြီးသတ် နှိမ်ပစ်ဖို့က အရေးကြီးတယ်လေ။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ နှိမ်ချင်ကြတယ် "
" ဒီလိုဆိုရင် ဒိုးနပ်မုန့်ပြားကို နှစ်ပြားတန်ဆိုင်မှာ စားခွင့်ရတောင် ကျွန်မတို့ ဘာထပ်ရနိုင်ဦးမှာမို့ လို့လဲ "

" မဟုတ်ဘူးလေ၊ ငါတို့က အခက်အခဲတစ်ခုကို ကျော်နင်းနိုင်ကြတယ်ဆိုတာ ပြနိုင်တာပေါ့ကွ "
" ဒါဆိုရင် အစပဲရှိသေးတာပေါ့နော်၊ လူဝီ "
" ဟုတ်တယ်၊ အစပဲ ရှိပါသေးတယ်၊ ဒီထက်တော့ မပိုသေးပါဘူးကွယ် "
ထိုညက လူဝီသည် အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အခြေအနေကို ဆွေးနွေးကြကာ နောက်နေ့ တွင် ဘာ ဆက်လုပ်ကြမည်ကို ဆုံးဖြတ်ကြသည်။ ခန်းမတစ်ခုလုံး ပြည့်လျက်နေသည်။ ထိုင်ခုံနေ ရာလပ်ပင် မရှိ။ ကျောင်းသားများသည် သူ့အစီရင်ခံစာကို စိတ်ပါဝင်စားစွာဖြင့် နားထောင်နေကြ သည်။ တစ်နေ့တာ အဖြစ်အပျက်များကို နိဂုံးချုပ်အစီရင်ခံစာအပြီးတွင် ဒေါက်တာအေမိစ်နှင့် ဆော်လမွန်ဒင်တန်တို့ ၀င်လာကြ သည်။ ဒေါက်တာအေမိစ်က လူဝီကို တိုးတိုးလေး ကပ်ပြော လိုက်သည်။ လူဝီကခေါင်းညိတ်လိုက်သည်။
" ဒေါက်တာအေမိစ် က ခင်ဗျားတို့ကို စကားနည်းနည်းလောက် ပြောချင်ပါသတဲ့ "ဟု ကြေ ညာ လိုက်သည်။

" ဆရာအခုပဲ တရားရုံးက ပြန်လာခဲ့တာပါ။ ဆရာတို့ လူထဲက ငါးဆယ် အဖမ်းခံနေရတယ်။ အဲဒီ အထဲမှာ ကျောင်းသား ၁၅ ယောက်ပါတယ်။ ဂျိုးဇက်အပါအ၀င်ပေါ့၊ ကျန် ၃၅ ယောက်ကတော့ အရပ်သားတွေ။ ဘင်တန် ကတော့ ဆေးရုံရောက်နေတယ်၊ မာရီယန်နဲ့ ဂျင်မီလည်း ဆေးကုနေကြ ရတယ်။ သူတို့နဲ့ ခဏ ဆရာ စကားပြောခွင့် ရခဲ့တယ်၊ ကျောင်းသားအားလုံးဟာ ဒဏ်ငွေမဆောင် ကြဘူးဆိုလို့ ထောင်ကျနေကြရတယ်။ ဆရာ့ဖုန်း ကတော့ မနားနိုင်တော့ဘူး။ တစ်ချိန်လုံး မြည်နေတာပဲ၊ မိဘတွေဆီက မေးကြ မြန်းကြ စုံစမ်းကြနဲ့ပေါ့။ တစ်ချို့ ကလည်း ဂုဏ်ယူနေကြတယ်။ တချို့ကျတော့လည်း စိုးရိမ်နေကြတယ်။ ဆရာတို့အားလုံး ဟာ ရှေ့ဆက်ရ မယ့် ခြေလှမ်းတွေအတွက် ဂရုတစိုက် ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြရမယ်။
" သတင်းထောက်တွေလည်းရောက်နေကြပြီ။ တစ်နိုင်ငံလုံးသတင်းတွေကို စောင့်မျှော်နေကြပြီ။ ဘန်နီကာ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်တစ်ယောက်အနေနဲ့ ပြောရရင်တော့ အခုအရေးအခင်းဟာ အန္တရာယ်အကြီးမားဆုံး အရေးအခင်း လို့ ဆရာထင်တယ်... ဆရာပြတ်ပြတ်သားသား ပြောရရင်တော့ ဆရာ မှာ အားမာန် ရှိနေပါတယ်၊ သတ္တိရှိပါတယ်၊ လမ်းညွှန်မှုပေး ပါတယ်။ ဆရာတို့ အောင်မြင်မှုရမယ်လို့ ယုံကြည်နေ ပါတယ် "
ထို့နောက် ပါမောက္ခဘင်တန်ဘက်လှည့်ပြီး မေးလိုက်၏။

" ဆရာကော ပြောစရာ ရှိပါသေးလား "
ပါမောက္ခဘင်တန်က ခေါင်းညိတ်ကာ စကားပြောစင်မြင့်ဆီသို့ တက်လာသည်။ သူကတော့ ထုံးစံ အတိုင်းပင် အိ္တေ္ဒွရရ လေအေးလေးနှင့် ပြောသည်။
" ဆရာတို့ စခဲ့ကြတဲ့အလုပ်ကို နောက်ပြန်ဆုတ်လို့တော့ဖြင့် မရတော့ဘူး၊ ဆရာတို့ လူမှုအသိုင်း အ၀န်းအတွက် အရှုံးပေးလို့ မဖြစ်ဘူး၊ ရှုံးမယ်ဆိုတာ မစဉ်းစားနိုင်ဘူး၊ ဒါပေမဲ့ ပိုပြီးမြင့်မြတ်တဲ့ စည်းကမ်းနဲ့ ပိုမိုကြီးမားတဲ့ သတ္တိတွေတော့ လို တယ်ကွယ်၊ ဆရာတို့နဲ့ ပူးလုပ်ဆောင်ကြတဲ့သူ တွေကို ကာကွယ်ပေးဖို့လည်း လိုပေတယ်၊ အများစု ထောင်ထဲရောက်နေမယ်ဆိုရင်လည်း မဖြစ် ပြန်ဘူး "
" တစ်ဖက်ကကြည့်ရင်လည်း ဒါကို ကြောက်စရာ မလိုပြန်ဘူး၊ မနေ့တစ်နေ့က ရုံးတော်ကိုတောင် မ၀င်ရဲကြတဲ့ ယောက်ျားတွေ မိန်းမတွေဟာ ခုတော့ ပုလိပ်တွေကိုတောင် ဆန့်ကျင်တိုက်ခိုက်ဝံ့ကြ တာ ကိုပဲကြည့် "

" ထောင်ကို ရင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး၊ ဒါပေမဲ့ ထောင်ကျခံမလား၊ လွတ်မြောက်မှု အတွက် တိုက် မလား၊ တစ်ခုခုကိုတော့ ရွေးချယ်ကြပါ၊ မိဘတွေကတော့ စိတ်ပူနေကြတယ်၊ ရာဇ၀တ်အိုး တုန်နဲ့မထိုးကြနဲ့ပေါ့၊ ဒါပေမဲ့ ဆရာတို့ရဲ့ ဘိုးဘေးဘီဘင် ဘုန်းကြီးတွေကတော့ ဆရာတို့တိုက်ပွဲကို အားပေးနေကြမှာ အမှန်ပါပဲ "
လက်ခုပ်သံ သြဘာသံများ ဆူညံစွာ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ပါမောက္ခအေဒင်က ထပြီး ပြောလိုက် သည်။ အားလုံး အံ့အားသင့်သွားကြ၏။
" ကျွန်တော်လည်း စကားနည်းနည်းလောက် ပြောပါရစေ။ ဆရာ့အနေနဲ့တော့ ပါမောက္ခချုပ် အေမိစ်နဲ့ရော၊ ပါမောက္ခဒင်တန်နဲ့ ရော အမြင်မတူပါဘူး၊ ဒေါက်တာ အေမိစ်ကတော့ တပည့်တို့ကို တိုက်ပွဲဆက်ဝင်ဖို့ အားပေးနေတဲ့ သဘောပဲ၊ ပါမောက္ခဒင်တန်ကတော့ ထောင်ကျတာ ဂုဏ်ယူ တတ်ဖို့ တင်ပြသွားတယ်။ ဆရာကတော့ တစ်မျိုးမြင်တယ်၊ အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးခွဲ ခြားမှုတွေကို ဆရာလက်ခံရမယ်လို့ မဆိုလိုပါဘူး၊ ဒါကို သေတဲ့အထိ တိုက်ပွဲဝင်သွားရမှာပဲဖြစ် တယ်၊ ဒါပေမဲ့ မှန်ကန်တဲ့လက်နက်နဲ့ မှန်ကန်တဲ့သက်ကွင်းကို ရွေးချယ်တတ်ကြဖို့တော့ လိုတယ်။ အခုတော့ တပည့်တို့ဟာ မှားယွင်းတဲ့ လက်နက်၊ မှားယွင်း တဲ့ သတ်ကွင်းကို ရွေးချယ်ထားကြပြီ လို့ ဆရာယုံတယ်"

" နှစ်ပြား တန်ဆိုင်လေးမှာထိုင်ပြီး အစားအသောက်မှာစားခွင့်လေးလောက်နဲ့တော့ ဒီလောက်စွန့် လွှတ်ပြီး တိုက်ပွဲ မ၀င်သင့်ဘူးလို့ ဆရာထင်တယ်ကွယ်။ တပည့်တို့ဟာ ငယ်ရွယ်သူတွေ။ စိတ်အားကိုယ်အား ထက်သန်သူတွေ။ ဆရာ မင်းတို့စိတ်ဓာတ်ကို ချီးကျူးပါတယ်။ မင်းတို့ သေနင်္ဂဗျူဟာကိုတော့ မချီးကျူးဘူးကွာ။ အမေရိကန်တစ်နိုင်ငံလုံးမှာ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေလုပ်ဖို့ စနစ်တကျ စုစည်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ တွေ အများကြီး ရှိတယ်။ မင်းတို့က သူတို့ကို တပ်လှန့်နှိုးဆော်ပေးလိုက်တဲ့သဘောပဲ ရှိတယ်ကွ "
" နောက်ပြီး မင်းတို့ကို ကွန်မြူနစ်သြဇာခံတွေလို့ လူတွေက ပြောကြဦးမယ်။ ဘုန်းတော်ကြီးမယ် သီယာစ်နဲ့၊ အလုပ်သမားခေါင်းဆောင် ဆွင်ဆန်တို့ကို လူတွေက ဒီလိုပဲမြင်ထားကြတယ်။ ကွန်မြူ နစ်ထောင်ချောက် ထဲကိုတော့ အမေရိကန်နီဂရိုးတွေ အရောက်မခံသင့်ဘူး၊ မင်းတို့ မိဘတွေလည်း ဒါကိုသဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေဘောင်အတွင်းက အသား အရောင်ခွဲခြားမှု ဆန့်ကျင်ရေးနည်းလမ်းတွေကိုသာ ရှာကြပါလို့ ဆရာတိုက်တွန်းပါရစေ "

သူ့စကားဆုံးသွားတော့ လက်ခုပ်သံများ ထွက်မလာ။ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်နေကြ သည်။
လူဝီက သူသာစကားပြောလျှင်တော့ "အေဒင်"နှင့် ထိပ်တိုက်တွေ့ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခဖြစ်ကုန် တော့မှာပဲ ဟု တွေးမိ၏။ ဒေါက်တာ အေမိစ်ကလည်း စကားလုံးရွေးပြီးချေပရန် စဉ်းစားနေသည်။ ကွန်မြူနစ်ထောင်ချောက် မဟုတ်သည့်အကြောင်း သူ ရှင်းပြရပေမည်။
လူဝီက ဘာလုပ်ရမည်ကို ဆုံးဖြတ်နေတုန်း၊ ဒေါက်တာ အေမိစ်က စဉ်းစားချင့်ချိန်နေတုန်းမှာပင် ရာဂျာက စင်မြင့်ပေါ် တက်လာတော့သည်။
" ပါမောက္ခအေဒင်စကားကို ပြန်ကြားပါရစေ၊ နိုင်ငံခြားသားတစ်ယောက် ဧည့်သည်တစ်ယောက် အနေနဲ့ ပါမောက္ခကြီး တစ်ယောက်နဲ့ ၀င်ပြီး စကားအခြေအတင် ပြောမိတာ ရိုင်းတယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါခင်ဗျာ။ ဒါပေမဲ့ ဒီနေ့ ဖြစ်ရပ်တွေမှာ ကျွန်တော် ကိုယ်တွေ့မြင်လာခဲ့ရတော့ ကျွန်တော်တို့ လွတ်လပ်ရေးတိုက်ပွဲတုန်းက အသက်စွန့်သွား တဲ့ အိန္ဒိယလူငယ်လေးတစ်ယောက် ကိုသွားအမှတ်ရမိပါတယ်။ သူ့နာမည်က "ဘာဝတ်ဆင်း" တဲ့။ သူက ပန်ဂျပ်နယ်သား။ ချမ်းသာ ကြွယ်ဝပြီး သြဇာတိက္ကမမရှိတဲ့ မိဘတွေက မွေးဖွားလာသူပါ "

" ဘာဝတ်ဆင်းဟာ ၁၉၂၀ ခုနှစ်က မင်းမဲ့လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက ဗြိတိသျှတွေကို အကြမ်းဖက် ဆန့်ကျင်ကြရမယ်လို့ ယုံကြည်ကြပါတယ်။ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်မှုကိုလည်း တိုက်ရိုက် ဆန့်ကျင်ကြပါတယ်။ ဒါကြောင့် တက်ကြွတဲ့လူငယ်အများစု ဟာ မင်းမဲ့ဝါဒဘက်မှာ နားယောင်ခဲ့ကြပါတယ်။ ဒီအထဲ မှာ " ဘာဝတ်ဆင်း" လည်း အပါအ၀င်ပေါ့ "
" ဆောင်းဒါး ဆိုတဲ့ အင်္ဂလိပ်အရာရှိ တစ်ယောက်ရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး " လာလာရာဂျာပတ်ရေး" အတွက် လက်စားချေမယ်လို့ " ဘာဝတ်ဆင်း" က သစ္စာပြုခဲ့ ပါတယ်။ နောက်နှစ်နှစ်ကြာတော့ ဆောင်းဒါး အသတ်ခံရပါတယ်။ အဲဒီအခါ ဘာဝတ်ဆင်းနဲ့ အပေါင်းအသင်းတွေ ကို လူသတ်မှုနဲ့ဖမ်းလိုက်ကြတယ်။ ရှည်ရှည်ဝေးဝေး စစ်ဆေးပြီးတဲ့အခါ သူ တို့ကို သေဒဏ်ပေးခဲ့တယ်။ စွပ်စွဲမှုဟာ ခိုင်လုံသလား၊ မခိုင်လုံသလား ဘာမှမကြေညာဘူး။ ဘာဝတ်ဆင်း အဖေ ကတော့ သူ့သား လွတ်ရာလွတ်ကြောင်း ကြိုးစားရှာတယ်။ ဒီအခါ ဘာဝတ်ဆင်းက သူ့အဖေဆီ စာတစ်စောင်ရေး လိုက် တယ်"

" အဖေထင်နေသလို ကျွန်တော့် အသက်ဟာ တန်ဖိုးမရှိလှပါဘူး။ အဲဒါ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းအတွက် တန်ဖိုးပေးဝယ်ယူရာမှာ ကျွန်တော့် အသက်ဟာ ဘာမှတန်ဖိုးမရှိပါဘူးဗျာ" တဲ့
" သူ ကွပ်မျက်ခံ ရတော့ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အိန္ဒိယ ပြည်သူအားလုံးဟာ သူ့ကို ချီးကျူးကြတယ်။ ဂန္ဒီရဲ့ နောက်လိုက်တွေကတောင် သူ့ရဲ့သတ္တိနဲ့ ယုံကြည်ချက်တွေကို ချီးကျူးနေကြတယ်။ သူဟာ လူငယ်ထု အတွက် မဆုတ်မနစ်တမ်း စိတ်ဓာတ်သတ္တိကို ဥပမာပြလိုက်တာပဲ၊ လူကြီးတွေက ဘယ်လိုအကြံပေးကြပေးကြ လူငယ်ဆိုတာ ကိုယ့်လမ်းကိုယ့် ရှာသွားမှာပဲ၊ အဲဒီလမ်းဟာ မှားမှားမှန်မှန်ပေါ့ " ထို့နောက် ရာဂျာသည် လက်အုပ်ချီ ဂါရ၀ပြုကာ ထိုင်ချလိုက်သည်။

ဆက်ရန်
.

No comments: