Tuesday, August 14, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၃)

ထိုစဉ် ရပ်ကွက်လူကြီးဖြစ်သော ရဲကြပ်ကြီးဟောင်း ဦးရဲမြင့်သည် ၎င်း၏ အိုးစရည်းဗိုက်ရွှဲကြီးကို သယ်မလျက် သန်းဆိုင်တို့ အိမ်ရှေ့သို့ မျက်နှာကြောတင်းတင်းဖြင့် ရောက်ရှိလာ၏။ ဦးရဲမြင့်ကား သန်းဆိုင်တို့၏ ထာဝရ ကွမ်းယာဖောက်သည်ကြီးလည်း ဖြစ်ကာ၊ သူတို့လင်မယားနှင့် လက်ပွန်းတတီး ရင်းနှီးသည်။ ကို ဆက်ဖတ်ရန်...........

"ဘဘရဲ လာတယ်ဟေ့၊ လမ်းဖမ်းက၊ လမ်းဖမ်းကြ" ဟု လူတေအောင်ဂျမ်းက လက်နှစ်ဘက် ဝှေ့ယမ်း ၍ ဟစ်အော်နှိုးဆော် လျက် ရှိလေသည်။
ဦးရဲမြင့်က အောင်ဂျမ်းကို မျက်စောင်းထိုးကြည့်ပြီး -
"ဟေ့ကောင်အောင်ဂျမ်း၊ ငါ့ကို ဘဘရဲလို့ မခေါ်စမ်းနဲ့၊ ဘဘဖြင့် ဘဘ၊ ဦးရဲဖြင့် ဦးရဲလို့ခေါ်၊ ဒီတစ်ခါ ဘဘရဲ လို့ခေါ်ရင် မင်းနာပြီသာမှတ်" ဟု လှမ်းဟောက်သောအခါ အောင်ဂျမ်းသည် (ဟုတ်ကဲ့ ဘဘရဲ့ ... ဟုတ်ကဲ့ ဘဘရဲ့ ...၊ ဟာ ယောင်လို့) ဟု အသံသေးအသံကြောင်ဖြင့် အော်ရင်း လူအုပ်ထဲ သို့ ပြေးဝင်ပျောက်ကွယ် သွား၏။ ဘဘရဲ ဟူသော နာမည်မှာ ရာဇ၀င် ရှိခဲ့သည်။ တစ်ချိန်က မုဆိုးဖို ဖြစ်ခဲ့သော ကိုရဲမြင့်၊ လက်ရှိ လက်ထပ် ပေါင်းသင်းနေသော မိန်းကလေးမှာ ဘုရားကြီးရှေ့ဈေးဆိုင် တန်းတွင် ယခင် က ခေါက်ဆွဲသုပ် ရောင်းသူ ကလေး ဖြစ်သည်။ ဦးရဲမြင့်ကို ကောင်မလေးက ဘဘရဲ ... ဘဘရဲ ဟုခေါ်ရင်း သူတို့ ညားသွားခဲ့ရာ၊ ထိုအချက်ကို ရည်ရွယ်ပြီး အောင်ဂျမ်းက ထိကပါး ရိကပါး ခနဲ့ခြင်း ဖြစ်သည်။ ဦးရဲမြင့် မျက်နှာကြီး နီ သွားသည်ကို ကြည့်ပြီး ဓာတ်သိအချို့က ပြုံးကြသည်။
ဦးရဲမြင့် က ဣနြေ္ဒဆည်လိုက်ပြီး၊ သန်းဆိုင်တို့ အိမ်ပေါ်သို့ ၀ဖီးလှသော ခန္ဓာကြီးကို တပင်တပန်း သယ်ပြီး တက်သွား၏။

"ဟေ့ မောင်သန်းဆိုင်တို့၊ မစန်းချိုတို့ ..."
ဦးရဲမြင့် က ခေါ်သံပေးရင်း အိမ်ထဲဝင်လိုက်ရာ၊ ဘုရားစင်ရှေ့တွင် စောင်ကိုလည်ပင်းအထိ ခြုံလွှမ်းလျက် ငုတ်တုတ် ထိုင်နေသော သန်ူးဆိုင်နှင့် သန်းဆိုင်၏ နားထင်နှစ်ဖက်ကို လက်ချောင်းများ ဖြင့် ဖိနှိပ်ပေးနေသော စန်းချို တို့ကို တွေ့ရ၏။ သန်းဆိုင်က ဦးရဲမြင့်ကို ပြူးကြောင်ကြောင် ကြည့်သည်။ စန်းချိုက မချိပြုံးပြုံးလျက် ...
"သြော် - ဦးလေး၊ လာ-လာ၊ ကုလားထိုင်ပေါ်မှာ ထိုင်ပါ" ဟု အသံအစ်အစ်ဖြင့် ဆီးကြိုသည်။ ဦးရဲမြင့်မှာ သူ့အား ... ပြူးကြောင်ကြောင် စိုက်ကြည့်နေသော သန်းဆိုင်ကို မကြည့်ဝံ့သကဲ့သို့ ... မျက်နှာလွှဲပြီး ကုလားထိုင်မှာ ခပ်စောင်းစောင်း ထိုင်သည်။

"မောင်သန်းဆိုင် နေမကောင်းဘူးကြားလို့ ဦးလေးလာကြည့်တာ မစန်းချို" ဟု ဦးရဲမြင့်က အနီးတွင် သန်းဆိုင် လုံးဝ မရှိသည့်အလား၊ စန်းချိုဘက်သို့သာ စောင်းငဲ့၍ အသံကို တမင်တင်းပြီး စကားစလိုက် သည်။ စန်းချို စကားမပြန်နိုင်မီ ...
"ကျုပ် အပရိက ဖျားတာပါဗျာ ...၊ ဒါလေးကို လူတွေက တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး၊ ကျုပ် ငန်းဖမ်း ပြီး ရူးနေသလေး ဘာလေး နဲ့ အသံလွှင့်ရုံလုပ်နေကြပါရောလား။ အလုပ်မရှိ အလုပ်ရှာ ကိုယ့်ထမင်း ကိုယ်စားပြီး မဆိုင် တဲ့ အပေါက်ကို ကလိုင်နဲ့ခေါက်ချင်ကြတဲ့ လူဗလငတုံးတွေ၊ အဲသလို ဆန်ကုန် မြေလေးတွေကို လူ့ပြည်မှာ မထားဘဲ ဟောဒီဓားနဲ့သာ ခုတ်သတ်ပြီး ငရဲပို့ပစ်ချင်ပါ့ဗျာ" ဟု သန်းဆိုင်က ဖျာအောက်မှာ ၀ှက်ထား သည့် ဓားကိုဆွဲထုတ်၍ ကြားဖြတ်အော်ပြောလိုက်သည်။

ဦးရဲမြင့် မှာ ကိုင်လှုပ်ခြင်းခံရသလို ဆတ်ခနဲ တုန်သွား၏။ သူကား ရဲကြပ်ကြီး လူထွက်ဟုဆိုရပါသော် လည်း ခိုးဆိုး လုယက် ဒုစရိုက်ကောင်တွေ ကို နင်လား ငါလား ယှဉ်ပြိုင်အနိုင်ယူခဲ့ရသူ မဟုတ်။ ရဲစခန်း ရှိ စာရေးစားပွဲကြီး တွင် သက်ဆိုင်ရာ မှတ်တမ်းဇယားများ၊ မှတ်သားရေးသွင်းရင်း လုပ်သက်ဆားဗစ် ပြည့်ကာ၊ အငြိမ်းစား ယူခဲ့သော ပုဂ္ဂိုလ် ဖြစ်၏။
"မောင် - မောင်သန်းဆိုင် ... မ-မကျေနပ်ရင်၊ သူ-သူတို့ကို အသရေဖျက်မှု ပုဒ်မ (၅၀၀)နဲ့တရား တရားစွဲလို့ ရတယ်လေ ကွာ"
ဦးရဲမြင့် က တစ်တီးထစ်အပြောရာ၊ သန်းဆိုင်က ဓားနှောင့်ကို ကြမ်းပေါ်သို့ ဒိုင်းခနဲ ဆောင့်ချသည်။ ပြီးလျှင် စန်းချို ဘက်လှည့်ကြည့်သည်။

"ကျုပ်ကို အရှက်ခွဲမှုနှင့် တရားစွဲမယ်ဆိုရင် ပထမဆုံး စန်းချို ကို တရားစစွဲရလိမ့်မဗျ၊ သူသတင်းလွှင့်လို့ တစ်ရပ်ကွက် လုံး ယုန်ထင်ကြောင်ထင် ထင်ကုန်ကြတာ၊ ကြာနီကန်ဘုန်းကြီး တရားထဲကလို အိမ်ထဲက မီးအိမ်ပြင်ထုတ် တဲ့ မိန်းမ"
သန်းဆိုင်က ဓားနှောင့်ဖြင့် ကြမ်းပြင်ကို ဒိုင်းခနဲမြည်အောင် မာန်ပါပါဆာင့်လိုက်ပြန်ရာ၊ ဦးရဲမြင့်ထိုင်ရာ မှ ဖင်တကြွကြွ ဖြစ်သွား၏။ သူ့မျက်နှာပေါ်မှာ သန်းဆိုင်တို့ အိမ်ရှေ့ရောက်ကာစတုန်းက ...၊ သူတစ်ပါးအပေါ် စိုးမိုး ချုပ်ကိုင်လိုသော သြဇာအရိပ်အငွေ့တွေ ထင်ဟပ်နေခဲ့သော်လည်း ယခုတော့ သူ့မျက်နှာကြီး မှာ ဖြူလျော်ညှိုးနွမ်းနေသည်။
"အင်း လော-လောကကြီးမှာ လူအမျိုးမျိုး နတ်အထွေထွေ ရှိတာပေါ့ မောင်သန်းဆိုင် တော်ရုံလည်း သည်းခံ မှပေါ့၊ ကိုယ်မကျန်းမာရင် ဆေးကုပြီး အေးအေးဆေးဆေး အိမ်မှာအနားယူနေပေါ့၊ မဟုတ်ဘူး လား မောင်သန်းဆိုင်" ဟု ဦးရဲမြင့်အားတင်းပြီး လေချိုသွေးကြည့်၏။ မရပေ။ သန်းဆိုင်က ခေါင်းတစ်ခါ တည်း ခါပြနေ သည်။

"ကျုပ်က ကျုပ်အိမ်ထဲမှာ ဘာသိဘာသာ ငြိမ်နေတာဗျ။ ဒါကို ဒီမိန်းမက ဟိုဆရာခေါ် ... ဒီဆရာခေါ်နဲ့၊ ဦးပွားကြီး ကလည်း သူ့ဆေးဓားကြီး ထမ်းပြီး အိမ်ရှေ့မှာ လာရပ်တယ်၊ ဒီတော့ အလိုလိုကမှ စပ်စုချင် တဲ့ ပတ်ဝန်းကျင် က မျက်လှည့်ဝိုင်းကြည့်သလို ကျုပ်အိမ်ရှေ့မှာ လာပြုံနေကြကရော၊ ဒီ သူတောင်းစား တွေက အိမ်ရှေ့ မှာ စုပြုံပိတ်ရပ်နေကြတော့ ကျုပ်ဆိုင်လမ်းပိတ်ပြီး အရောင်းအ တာပေါ့ဗျ၊ ကျုပ်က ရပ်ကွက်ကိုကော စည်ပင် ကိုပါ အခွန်အကောက်မှန်မှန်ပေးပြီး ဈေးရောင်းနေတာ။ ကျုပ်စီးပွားရေးတော့ အထိခိုက်မခံနိုင်ဘူး၊ ကျုပ်လုပ်ငန်း ကို နှောင့်ယှက်တဲ့ကောင်တွကို ဓားနဲ့ပိုင်းပစ်ရမှာ ၀န်မလေးဘူး"
သန်းဆိုင် စကားပြောနေစဉ် ဦးရဲမြင့် ၏ ကျောမှာ ကုလားထိုင် နောက်မှီထဲသို့ ထိုးဖောက်ဝင်ရောက် သွားတော့ မလို့ တဖြည်းဖြည်း ဖိကပ်နေတော့၏။

"သန်းဆိုင် နင့်ဓားကြီး ဘေးချထားစမ်းပါဟယ်၊ ဘယ်သူ့မှ မခုတ်မိဘဲ နင့်ကိုယ်နင် ပြန်ထိ မှ ရောဂါတိုး နေဦးမယ်"
စန်းချိုက ချိုချိုသာသာ ဟန့်တားသော်လည်း သန်းဆိုင်က ဓားကို လက်ကမချသည့်ပြင်၊ စန်းချို၏ ပခုံးတစ်ဖက် ကို ခပ်ဖွဖွတွန်းဖယ်သည်။
"ငါ သက်ဆိုင်ရာ အရပ်လူကြီးနဲ့ စကားပြောနေတာ စန်းချို၊ နင် ကန့်လန့်ကန့်လန့် ၀င်မရှုပ်နဲ့၊ ငါက ဦးလေးရဲမြင့်နဲ့ ဥပဒေ အကြောင်း စီးပွားရေးအကြောင်းတွေ ဆွေးနွေးနေတာ၊ နင်အသာနေ" ဟု တုန်းဟောက်ရင်း၊ သန်းဆိုင် က ဓားနှောင့်ကို ဆောင့်ပြန်သောအခါ ဦးရဲမြင့်မျက်စိ ပေကလပ် ပေကလပ် ဖြစ်သွားပြန်လေသည်။

"မောင်သန်းဆိုင်ရဲ့ ပြဿနာက ဓားကိုင်ဖို့ မလိုပါဘူးကွာ"
ဦးရဲမြင့် က ပြောသောအခါ သန်းဆိုင်က စောစောကလို ခေါင်းခါပြန်၏။ "ဦးရဲမြင့် မသိလို့ဗျ၊ ဒီဘုရားကြီး နားမှာ ကျုပ်နေလာတာ နှစ်(၂၀)ကျော်ပြီး ဒီနားတစ်ဝိုက်က လူတွေဟာ အကျိုးမရှိတဲ့ ကိစ္စတွေမှာ သိပ် အချိန်ကုန်ခံကြတာ၊ အလွန်လည်း စပ်စုတယ်၊ အတင်းပြောကြတဲ့ နေရာမှာလည်း ပထမတန်းပဲ၊ ဘုရားကြီးနောက် မှာ အသစ်တိုးလာတဲ့ ကွက်သစ်က လူတွေဆို ပိုဆိုးသေး၊ ဘုရားကြီးရှေ့က ဆိုက်ကားဂိတ်မှာ ဆိုက်ကားသမားနှစ်ယောက် ရန်ဖြစ်ပြီး နပန်းလုံးကြတာ၊ ပုဆိုးတွေ ကျွတ်ကုန်ပြီ လို့လည်း ကြားရော ... အဝေးကြီးကနေ နေပူကျဲကျဲကြီးမှ ပြေးလာပြီး ကြည့်ကြသတဲ့၊ မိန်းမ တစ်ယောက်ဆိုရင် နပန်းပွဲကို လာကြည့် တာများ၊ အိမ်က တည်လက်စထမင်းအိုးကြီး ဆန်ပြုတ်ဖြစ်ရုံ မကဘူး၊ တူးကုန်လို့ သွန်ပစ် လိုက်ရတဲ့ဗျား၊ ပြီးတော့ ကွက်သစ်သားတွေကို ကြွေးမရောင်းရဲဘူး။ ရေထဲ ကို ခဲလုံးပစ်ချတာမှ ပလုံခနဲ မြည်ဦးမယ်၊ ကွက်သစ်သား ကို ကြွေးချလို့ကတော့ နိဗ္ဗာနပစ္စယော ဟောတုလို့သာ သဘောထား လိုက်ပေတော့ဗျာ၊ ခုလည်း ကျုပ်ကို လာကြည့်တဲ့အထဲမှာ ကွက်သစ်သားတွေ အများဆုံး"
"နင် အဲလိုတော့ ကျေးဇူးကန်းစကားမပြောနဲ့၊ ငါတို့ဆိုင်မှာ အားအပေးဆုံး ဖောက်သည်တွေက ကွက်သစ်သား ချည်းပဲ"

သူ့အရှိန်နှင့် သူသွားနေသော သန်းဆိုင်ကို စန်းချိုက ကြားဖြတ်ဝင်ဟန့်လိုက်ခြင်းက နဂိုကမှ ထပြေး ချင်နေသော ဦးရဲမြင့် ကို မြန်မြန်ပြေးနိုင်အောင် ထွက်ပေါက်ဖန်တီးပေးလိုက်သည်နှင့် တူသည်။
"စန်းချို၊  ငါစကားပြောနေတုန်း ၀င်မရှုပ်နဲ့လို့ဆိုနေနော်၊ ငါ လုပ်လိုက်ရ"
သန်းဆိုင် က ကြိမ်းဝါးပြီး ဓားဖြင့်ရွယ်သလို စန်းချိုကလည်း လူကောင်ကြီးနှင့်မလိုက်၊ လှစ်ခနဲ ခုန်ထပြီး ခါးထောက် ရပ်သည်။
"ဟေ့ ခုတ်ရဲရင် ခုတ်လိုက်စမ်း သန်းဆိုင်ဈ၊ နင်ခုတ်ရဲလို့ကတော့ စန်းချိုတို့က ဘာလို့မသေရဲရမှာလဲ ... ခုတ်လေ ... ခုတ်လိုက်စမ်း"
စန်းချို က ခုနစ်သံချီတင်ပြီး စူးစူးရွားရွား အော်နေသော်လည်း၊ သန်းဆိုင်မှာမူ ထိုင်ရာကမထဘဲ ဓားကို ခပ်ပျော့ပျော့ ကိုင်၍ ရွယ်ရုံသာ ရွယ်ထား၏။ ဦးရဲမြင့် မနေသာတော့။ တာဝန်ရှိသူတစ်ဦး၏ အသိဖြင့် ၀ုန်းခနဲ ထပြီး လင်မယားနှစ်ယောက်ကြား ၀င်ရပ်သည်။

"ဟာ-ဟေ့-ဟေ့၊ စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့လေ၊ ဘာမဟုတ်တာလေးနဲ့ ဓားကြိမ်းကြိမ်း ရသလား မောင်သန်းဆိုင်ရာ"
"ဘာမဟုတ်တာလေးမဟုတ်ဘူး ဦးရဲမြင့်၊ ဘာဟုတ်တာကြီးဗျ၊ ဘာဟုတ်တာကြီး၊ ကျုပ်တို့ အတွင်းရေး ကို ခင်ဗျား မသိလို့၊ သိသာသိရင် ဓားကိုင်ရုံတင် မကဘူး၊ အမြှောက်နဲ့ပါ ထုချင်စိတ်ဝင်လာလိမ့်မယ်။ သင်းဂြိုဟ်မွှေ လို့ ရပ်ကျော်ရွာကျော် ဖြစ်ရတာ"
သန်းဆိုင်ကလည်း ဓားကိုင်လျက် ထရပ်၏။ သုံးယောက်စလုံးလိုလို အသားတွေ ဆတ်ဆတ်တုန်နေ ကြပြီး ပြဇာတ် ကကွက်တစ်ခု ဆန်နေတော့၏။

"မင်းတို့ ကိစ္စ ငါမသိဘူး၊ ဓားနဲ့ခုတ်မယ်ဆိုလည်း ငါ့ကွယ်ရာမှာသာခုတ်၊ လူကြီးစကား နားမထောင် ချင်တဲ့ လူစားမျိုး အတွက် ငါသက်သေ မလိုက်ချင်ဘူး၊ မှတ်ထားနော် ... ငါပြန်သွားမှ မင်းတို့လင်မယား သတ်ကြ၊ ဒါပဲ ..."
ချုပ်တည်းထားသမျှတွေ ဖွင့်ချသကဲ့သို့၊ ဦးရဲမြင့်က လင်မယားနှစ်ယောက်ကို တစ်ယောက်တစ်လှည့်စီ လက်ညှိုး ထိုးကာ အော်ပြောပြီး ထွက်ခွာရန် ခြေလှမ်းပြင်ဆဲတွင် အိမ်ပေါ်သို့၊ မိထူး၊ ခင်မောင်ငြိမ်းနှင့် ဆိုက်ကားဆရာ ၀မ်းနိုင်းတူး တို့ အူယားဖားယား ပြေးတက်လာကြ၏။
သန်းဆိုင်က ဘယ်သူမျှ မမျှော်လင့်သော လှုပ်ရှားမှုကို ပြသလိုက်သည်။ သူသည် ငှက်ကြီးတောင် ဓားကို ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ပြီး၊ အိပ်ရာပေါ် ပြန်လှဲချကာ၊ သူ၏ထူထဲကြီးမားသော ဂွမ်းစောင် ကြီးကို ဆွဲယူ၍ ခေါင်းမြီးခြုံထားလိုက်ခြင်းပင် ဖြစ်တော့သည်။

××× ××× ×××
××× ××× ×××

အဆီပြင်တွေ ဖုံးထားသဖြင့် အရိုးအဆစ်မပေါ်သော ညိုဝါ၀ါကျောပြင်ကို ရေဆွတ်ထားသည့် မျက်နှာ သုတ်ပ၀ါ အဟောင်းဖြင့် ပွတ်ချလိုက်သောအခါ ... ရက်သတ္တတစ်ပတ်ခန့် ရေမချိုးခဲ့သောကြောင့် ချွေးစေးတွေနှင့်အတူ တွယ်ကပ်ခိုအောင်းနေခဲ့ကြသော ကြေးဖတ်များသည် အလိပ်လိုက်ကွာကျလာ ကြသည်။
"ဖြည်းဖြည်းလုပ်ပါဟ စန်းချို၊ နင်ရေဖတ်တိုက်တာ ကျားလျှာနဲ့ ပွတ်တာကျနေတာပဲ၊ ကျောကုန်း အရေပြားတွေ ပွန်းများ ကုန်ပြီးလား မသိဘူး"
"နင့်အရေပြားကွာ မှာ မပူနဲ့၊ နင့်ကျောကကုန်းမှာ ကြေးတွေက သုံးလေးလွှာ လောက်ထပ်ပြီး ထုတက် နေတာ ရွံဖို့တောင် ကောင်းသေး"
သန်းဆိုင် က ပုဆိုးခါးတောင်းကျိုက် အင်္ကျီချွတ်ဖြင့် မီးဖိုချောင် ကြမ်းပြင်ပေါ်မှာ တင်ပြဉ်ခွေ၍ ထိုင်နေ စဉ် ထဘီရင်လျားနှင့် စန်းချိုက နာလန်ထလူမမာ (အယောင်ဆောင်)ကို ရေဖတ်တိုက် သန့်ရှင်းပေးနေ ခြင်း ဖြစ်၏။ အနီး တွင် ရေသန့်များ ရှိသော ပလတ်စတစ် ရေပုံးတစ်လုံးနှင့် ရေညစ်တွေ ညှစ်ထည့်ရန် ပလက်စ တစ်ခွက်တစ်ခွက် ရှိသည်။

ယနေ့ဆိုလျှင် သန်းဆိုင် နေမကောင်းခြင်းကို အကြောင်းပြ၍ စန်းချိုဈေးမသွားသည်မှာ (၅)ရက် မြောက်ရှိပြိ။ စန်းချို ကိုယ်စား သားအကြီး မိုးကျော်အောင်က အလုပ်မသွားမီ ဈေးဝယ်ပေးရ၏။ စန်းချိုက ဈေးဝယ်လည်း မထွက်တော့ သလို၊ ယခင်ကလိုလည်း အလွန်အကျွံ ပြင်ဆင်ဖီးလိမ်ခြင်း မပြု တော့။ ဈေးရောင်းချိန်၌ သနပ်ခါးရေကျဲလောက် သာ လူးထားလေ့ ရှိတော့သည်။ စန်းချို အချိုးပြောင်း သွားတာ စိတ်ဝင်စားစရာပဲ၊ ငါစိတ်ဖောက်ပြီး ဓားနဲ့ ခုတ်မှာ ကြောက်လို့လား မသိဘူး၊ ခုတစ်လော သင်း ငါ့ကို သိပ်ဂရုစိုက်နေတယ်၊ ဆန်ပြုတ် ကို ဇွန်းနဲ့ခပ်ပြီး မပူအောင် သူ့ပါးစပ်နဲ့မှုတ်ပြီး ငါ့ကို တယုတယခွံရတာနဲ့၊ ကာဖီရည်သောက်ရင်လည်း ကြက်ဥပူတင်း ကို သူကိုယ်တိုင် ဇွန်းကလေးနဲ့ဖဲ့ပြီး ငါ့ပါးစပ်ထဲ ထည့်ပေးရတာနဲ့၊ ငါ့နဖူးကို ခဏ ခဏ လာစမ်းရတာနဲ့၊ သူ ဈေးဘက်ခြေဦးမလှည့်ပုံထောက် ရင် သူ့ကုလားဒိန်နဲ့ အဆက်ပြတ်သွားပြီထင်ပါရဲ့၊ သူ့ဆွဲကြိုးတွေ လက်ကောက်တွေတော့ တစ်ခုမှ လျော့တာမတွေ့ဘူး၊ အင်းလေ စန်းချိုလို ရုပ်ဆိုးမကို ချူစားဖို့ ကြံတဲ့ကောင်မျိုး ဟာ ချူလို့မရရင် ခွာသွားမှာပေါ့ဟု သန်းဆိုင်က စဉ်းစားဝေန်ကြည့်ခဲ့သည်။

"နင့် ပေါင်ခြံတွေ၊ တင်ပါးတွေပါ ရေဖတ်တိုက်မှ ဖြစ်မယ် သန်းဆိုင်"
"ဟာ မိထူးမြင်သွားလို့ မသင့်တော်ပါဘူး"
"ကောင်မက ဆိုင်မှာ ဈေးရောင်းနေတာ ဘယ်လိုလုပ် မြင်မှာလဲဟဲ့"
"ရုတ်တရက် အိမ်ထဲဝင်လာရင်း မကောင်းပါဘူးဟာ"
"အိမ်ထဲမလာပါဘူးဟဲ့၊ သူ ... ဆိုင်ကို ပစ်ပြီးမလာဘူး" ဟု ပြောပြောဆိုဆို စန်းချိုက ခါးတောင်ကျိုက် ပုဆိုးစ ကို ဖြုတ်ပြီး ပုဆိုးကို လျှောချလိုက်၏။ သန်းဆိုင်ငြင်းပယ်ဖို့ သတိမရ။ အတွေးတစ်ခုက အသိဥာဏ်ထဲမှာ လင်းလက် ထင်ရှားလာသည်။ ညားကတည်းက ခုလိုတစ်ခါမှ ငါ့ကို သန့်ရှင်းရေး လုပ်မပေးခဲ့ဖူးပါလား။ သူအခု လုပ်ပေးနေတာကကော၊ တကယ်စိတ်စေတနာ ပါလို့ကော ဟုတ်ရဲ့လား သူ၏ ညာဖက်ပေါင် အတွင်းသားကို ရေဖတ်တိုက်နေ သည့် စန်းချိုလက်ကို သန်းဆိုင်ဖမ်းဆုပ်ထားလိုက် သည်။

"စန်းချို ဈေးထဲက နင့်အသိတွေထဲမှာ ကုလားဒိန် တစ်ယောက်တလေ ရှိလား" ဟု သန်းဆိုင်က အမှတ်မထင် မေးလိုက်ရာ၊ စန်းချိုက သူ့လက်ကို ဇာတ်ခနဲ ရုတ်လိုက်၏။ စန်းချို ငေးကြောင်အံ့သြ နေမှန်း သိသာ သည်။
"ကုလားဒိန် လည်း မရှိဘူး၊ ကုလားဒက်လည်း မရှိဘူး၊ ငါ့အသိထဲမှာ ကုလားတစ်ယောက်မှ မရှိဘူး၊ တရုတ်တော့ ရှိတယ်၊ ငါဝယ်နေကျ ကုန်စုံဆိုင်ကြီးက ဆိုင်ရှင်တရုတ်အဘိုးကြီး ဦးကျူး နင်လည်း သိ ပါတယ်၊ ရွှေသွားတွေအများကြီးနဲ့ ခေါင်းဖြူတရုတ်ကြီးလေ၊ ဒါနဲ့ နေပါဦး ငါ့အသိထဲမှာ ကုလားဒိန် ရှိတော့ နင်ဘာလုပ် မလို့လဲ"
ပြူးဝိုင်းတောက်ပနေကြသော စန်းချို၏ မျက်လုံးတွေကို သန်းဆိုင် ရင်မဆိုင်ရဲပါ။ စန်းချို ကျွဲမြီးတိုနေ မှန်း ရိပ်မိသည်။

"ဘာမှ မလုပ်ဘူး၊ ညက ငါ့အိပ်မက်ထဲမှာ နင်နဲ့ကုလားဒိန်တစ်ယောက်နဲ့ ဈေးနောက်က အီဗရာဟင့် လက်ဖက်ရည်ဆိုင် မှာ ထိုင်နေကြတယ်လို့ အိပ်မက်မက်လို့ဟ"
သန်းဆိုင် မျက်လွှာချထားရာ မျက်ခွံလှန်ပြီး စန်းချိုကို လျှပ်တစ်ပြက် အကဲခတ်စူးစမ်းသည်။ စန်းချို ခနိုးခနဲ့ ပြုံးနေခြင်း ကိုသာ တွေ့ရ၏။
"နင့်ငန်းဖျားက ထွက်ခတ်ခတ်သွားတာပါ၊ နင့်ကို ကယောင်ချောက်ချားဖြစ်အောင် လုပ်ပြီး မဟုတ် တရုတ် အိပ်မက်တွေ ပေးသွား တာ ထီဂဏန်းကလေး ဘာလေးတော့ မပေးခဲ့ဘူး၊ မဟုတ်ကဟုတ်က ငါ့ကိုမှ ကုလားနဲ့ပေးစား ပလေတယ် ... ဟင်"
"အင်း နင်ပြောမှ ငါသတိရတယ်၊ အိမ်ရှေ့မှာ တစ်ယောက်တည်း အိပ်ရတော့၊ အိပ်မက်ဆိုးတွေချည်း မက် မက်နေတယ် စန်းချို၊ ဒီညတော့ အခန်းထဲ ပြောင်းအိပ်မှ၊ ငါဖျားမှ မဖျားတော့ပဲ" ဟု သန်းဆိုင် က လေ လျော့ကလေးနှင့် စကားအဆုံး သတ်လိုက်၏။

××× ××× ×××
××× ××× ×××

(၆)ညတာ ကင်းကွာခဲ့ရသော အိပ်ရာဟောင်းသည် ယခုအခါမှာ အိပ်ရာသစ်ပမာ ဖြစ်နေသည်။ အိမ်ရှေ့ခန်းမှာ ထွက် အိပ်ရစဉ်က ဘုရားစင်မှ အမွှေးတိုင်ရနံ့ကိုသာ သဲ့သဲ့ပါးပါး ရှူသွင်းခဲ့ရခဲ့၏။ ယခုမူ အရင် အရင်ကအတိုင်း ခေါင်းအုံးတွေ၊ စောင်တွေ၊ အိပ်ရာခင်းတွေ ဖက်လုံးတွေကဆီက ပေါင်ဒါနံ့၊ ရေမွှေးနံ့များ သင်းသင်းကြူလျက် ရှိပြီး၊ အဆစ်အဖြစ် သူ့ဘေးမှာ ပက်လက်လှဲနေသော စန်းချိုဆီမှ သနပ်ခါး ရေကျဲရနံ့ကိုပါ ရှူနမ်းခွင့် ရနေလေသည်။

ည(၁၁)နာရီကျော်ပြီ။ သူက ဂျက်ကက်ကြီး ၀တ်လျက်သားနှင့် အိပ်ရာထဲ အစောကြီး ရောက်နေခဲ့ သော်လည်း စန်းချို က ဆိုင်သိမ်း ငွေစစ် မနက်ဖြန်ဝယ်ယူရမည့် ပစ္စည်းစာရင်းတွေ သားငယ်ကို ရေးခိုင်း၊ တံခါးမကြီးတွေကို အတွင်းမှ သော့လျှောက်ခတ်နှင့် ရှုပ်နေကျအတိုင်း အလုပ်တွေ ရှုပ်နေခဲ့ ကာ မကြာခင်ကမှ သူ့ဘေးရောက်လာပြီး ပေါင်ချိန် (၁၃၀)ခန့်ရှိသော ကိုယ်လုံးကြီးကို ပက်လှက်လှဲချ ခဲ့သည်။ စကား မပြော ဖြစ်ခဲ့ကြသေး။ သန်းဆိုင်က ညာနံတောင်းဖြင့် တစောင်းလှဲနေပြီး အိပ်ပျော်ချင် ယောင် ဆောင်နေသည်။ စန်းချို ကို ကျောပေးထားသလို ဖြစ်၍ စန်းချို၏ ကိုယ်နေဟန်ထားကို မတွေ့ရ။ အသားချင်းထိုဖိ့လည်း (၆)လက်မကျော် ကွာဝေးနေသေး၏။ စန်းချို အိပ်ဦးမှာတော့ မဟုတ်။ စန်းချို အိပ်ပျော်ပြီ ဆိုသည်နှင့် နှုတ်ခမ်းထူကြီးတွေ သွားခေါကြီးတွေကြားထဲကနေ ဟောက်သံ တရှူးရှူး ထွက်လာမည်ကို သန်းဆိုင် အတတ် သိသည်။ ထို့ပြင် အိပ်ခန်းထဲမှ ၀ပ် (၆၀)အား မီးလုံးမပိတ်သေး ခြင်းမှာ စန်းချို မအိပ်သေး ၍ ဖြစ်၏။ စန်းချိုက မီးဖွင့်မအိပ်တတ်။

သန်းဆိုင် သည် ဖြည်းညင်းစွာထ၍ ကုတင်ပေါ်မှ ဆင်းသည်။ စန်းချိုက မှေးထားသော မျက်ခွံတွေကို ဖွင့်လိုက်ပြီး၊ သန်းဆိုင်၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေ၏။ သန်းဆိုင်က အမြဲတမ်း ဖွင့်အိပ်နေကျ။ အိပ်ခန်း တံခါးမကြီးကို ပိတ်၍ ဂျက်ထိုးလိုက်သည်။ စန်းချို ဖြုတ်ခနဲ ထထိုင်၏။ လူမမာ နာလန်ထ ဘာစိတ်ကူးနဲ့ တံခါး ထပိတ်ပါလိမ့်။
"အိုက်ကအိုက်နဲ့ဟာ၊ ဘာလို့ တံခါးပိတ်ရတာလဲ" ဟု စန်းချိုက ခပ်တိုးတိုးပြောသည်။ ခပ်တိုးတိုးဆို သော်ငြား တစ်အိမ်လုံးကော ပတ်ဝန်းကျင်ပါ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် စန်းချိုပင်ကို အောသောအသံက အခန်းထဲ မှာ လိုဏ်သံထွက်နေ၏။

"ငါညဘက် အိပ်ပျော်နေတုန်း လေစိမ်းတွေဝင်မှာ စိုးလို့ဟ၊ နေကောင်းကာစ လေစိမ်းမိရင် အလုပ်ရှုပ် ကုန်ဦး မယ်"
"ခြင်ထောင်ချပြီး စောင်ခြုံအိပ်ရင် နင်လေစိမ်းကို ပူစရာမလိုဘူး၊ နင်လည်း ဂျင်အင်္ကျီကြီး ၀တ်ထားတာ ပဲ မဟုတ်လား၊ ခုမှပဲ အအေးပတ်မှာ ကြောက်နေလိုက်တာ၊ ဆယ်နှစ်ဆယ်မိုး အင်္ကျီကျွတ်နဲ့ နေလာတဲ့ သူကများ"
တစ်နေကုန် ချိုသာပျော့ပျောင်းခဲ့သည့် စန်းချိုအသံမှာ မကျေနပ်ခြင်း အငွေ့အသက်တချို့ တွယ်ကပ် စပြု လာ၏။ သန်းဆိုင်က ခုတင်ဆီ ပြန်လာပြီး စန်းချိုနှင့် မျက်နှာချင်းဆိုင် ပူးပူးကပ်ကပ် ထိုင်လိုက် သည်။ သူ့အကြံအစည်နှင့်သူမို့ စန်းချိုကို စူးစူးစိုက်စိုက် ကြည့်သည်။

စန်းချိုက လယ်ဟိုက်ပြီး လက်မပါသည့် ခပ်ပါးပါး သက်တိုင်းရှည် (ဂါဝန်) ပန်းရောင်ကလေးကို ဘိုမဆန်ဆန် ၀တ်ထားရာ၊ သန်းဆိုင်အမြင်၌ စန်းချိုသည် ခြင်ထောင်အမိုးကို ဖြတ်၍ ၀င်လာသော အလင်းဖျော့ဖျော့ထဲ၌ နဂို ထက် နုပျိုလျက် ရှိ၏။ တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန် ကြည့်နေကြစဉ် သန်းဆိုင်က စန်းချို ၏ ပြည့်တင်းမာကျောသော ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ရင်း သူ့မျက်နှာကို ရှေ့သို့ တိုးလိုက်သည်။ စန်းချို မျက်လုံးကြီးတွေ ပို၍ ကျယ်လာကြဟန် ရှိ၏။
"စန်းချို ...၊ နင်အဇစ်ကို သတိမရဘူးလား" ဟု သန်းဆိုင်က လေသံကို နှိမ့်၍ မေးလိုက်သည်နှင့် စန်းချို၏ ထူထဲသော မျက်ခုံးတွေ ရှုံ့ရွဲ့သွားကြသည်။

"အဇစ် ဘာအဇစ်လဲ"
စန်းချိုက ပင်ကိုအသံဖြင့် ငေါက်ဆတ်ဆတ် ပြန်မေး၏။ သန်းဆိုင်က လှောင်သလို ရိသလို ပြုံးရင်းမှ ...
"ဈေးကြီးနောက်ကျောက အီဗရာဟင့် လက်ဖက်ရည်ဆိုင်မှာ နင်နဲ့အတူ လက်ဖက်ရည်ထိုင် ထိုင်သောက်တဲ့ ကုလားဒိန်လေ တစ်လောက နင်သူ့ကို ပိုက်ဆံတွေတောင် ပေးလိုက်သေးတယ်လေ" ဟု ပြောလိုက်သည်နှင့် စန်းချိုသည် သန်းဆိုင်၏ လက်ကို တွန်းဖယ်ပစ်လိုက်တော့၏။

သူမ၏ မျက်လုံးကြီးတွေက ကြောက်ဖွယ်ကောင်းအောင် ပြောင်လက်လာကြသည်။
"သန်းဆိုင် ... နင်ဘာတွေ လာပြောနေတာလဲ၊ နင်ဦးနှောက်မှ ကောင်းရဲ့လား၊ နင်ပြောတဲ့ အဇစ် ကုလား ဆိုတာလည်း ငါမသိဘူး၊ အီဗရာဟင့်ဆိုင်မှာ ငါလက်ဖက်ရည် ၀င်မသောက်တာလည်း ကြာလှ ပြီ၊ ဘာရယ် ... ငါက အဇစ်ကုလား ကို ပိုက်ဆံတွေ ပေးတယ် ဟုတ်လား၊ နင်ပြောပုံက ငါက လင်ငယ် နေပြီး လင်ငယ် ကို ထောက်ပံ့ကြေး ပေးနေသလို ဖြစ်နေပြီ သေခြင်းဆိုးရဲ့၊ ဒီလို ပေါက်ပန်းဈေးပြောရ အောင် နင့်ကို ဘယ်သူမြှောက်ပေးလဲ ငါဟာ မဟုတ်ကမဟတ်က အစွပ်စွဲခံရမယ့် မိန်းမစားမျိုး မဟုတ်ဘူး ... ဟဲ့၊ အပျိုကတည်းက ရွာရိုးကိုးပေါက် ဈေးလည်ရောင်းခဲ့တာ ဘယ်သူနဲ့မှ အငြိအစွန်း မရှိခဲ့ဘူး၊ သားတွေ လူပျိုဖြစ် လို့ အသက် (၄၀)ကျော်ကာမှ လင်ငယ်နေ မျောက်မထားတယ် လို့ လင်သားက စွပ်စွဲလာသတဲ့တော် ...၊ လဲသာသေလိုက်ချင်တော့တာပဲ သန်းဆိုင်ရယ်"

စန်းချိုသည် နေရာရွေ့၍ ခုတင်ခြေရင်းအစွန်းမှာ ဆောင့်ကြီးအောင့်ကြီး ထိုင်ချသည်။ သန်းဆိုင် က ဒေါသငွေ့မပါသော မျက်နှာထားဖြင့် စန်းချိုအနီးသို့ လိုက်၍ ကပ်ကာ ပေါင်တစ်ဖက်ပေါ် လက်တင်ပြန် ၏။ စန်းချိုက ဒေါကြီးမောကြီးဖြင့် သန်းဆိုင်၏ လက်ကို ဖယ်ထုတ်ပစ်လိုက်သည်။ အသံကိုလည် မြှင့်လိုက်သည်။
"နေ့ခင်းကတည်း က နင်ငါ့ကို ဒီကိစ္စ စွပ်စွပ်စွဲစွဲ လုပ်ချင်နေတာ မဟုတ်လား သန်းဆိုင်၊ အိပ်မက်ထဲမှာ ကုလားနဲ့ တွဲထိုင်သလေး ဘာလေးနဲ့ နင်ပလီစီချောက်ချက် ဥာဏ်ဆင်နေတာ မဟုတ်လား၊ နင့်ဦးနှောက် ဟာ ချေးဦးနှောက်ဖြစ်နေပြီလား သန်းဆိုင် နင်နဲ့ငါနဲ့ ပေါင်းလာတာ နှစ်(၂၀)ကျော်ပြီ၊ ငါ့စာရိတ္တကို နင် ခုထိ မသိသေးဘူး လား၊ ဘယ်ယောက်ျားနဲ့ ငါပရောပရီနေဖူးလို့လဲ၊ ပွဲလမ်းသဘင် သွားရင်တောင် မိထူးနဲ့ဖြစ်ဖြစ်၊ သားတွေနဲ့ဖြစ်ဖြစ် အဖော်လုပ်ပြီးသွားတာ နင်မတွေ့ဘူးလား ကာလနာ သန်းဆိုင်ရဲ့"

"တိုးတိုးပြော စန်းချို၊ သားတွေကော မိထူးပါ မကြားနိုင်အောင် ငါအခန်းတံခါးကို တမင်ပိတ်ထားတာ၊ ဒီကိစ္စက ဘယ်သူ မှ ကြားလို့မသင့်ဘူး"
သန်းဆိုင် ကတော့ ကြိုးစားပမ်းစား လေသံအုပ်အုပ်မျှ ထွက်အောင်ပဲ ပြောနေလေသည်။ စန်းချိုက ခုတင်ပေါ်မှ ဆင်းပြီး ရပ်သည်။
"ဟေ့ ဘယ်သူကြားကြား ××× ဂရုမစိုက်ဘူး၊ မဟုတ်တမ်းတရမ်း အစွပ်စွဲခဲ့ရတာကိုတော့ မယားငယ်သံ အိညက်၊ အိညက်နဲ့ မငြင်းနိုင်ဘူး မတရားအစွပ်စွဲခံရတဲ့ အကြောင်း ရပ်သိ ရွာသိ ဖြစ်အောင် မောင်းထုပြီးအော်မှာပဲ၊ စန်းချိုကို ဘယ်လိုမိန်းမစားများ အောက်မေ့လို့လဲ၊ မတရားရင် ဘယ်သူ့ မှ ခေါင်းငုံ့မခံဘူးမှတ်ဟဲ့"
စန်းချို ၏ လက်ညှိုးတုတ်တုတ်ကြီးက သန်းဆိုင်မျက်နှာအနီးမှာ ထိုးတော့မည် လှံတစ်ဖက်လို ၀ဲနေသဖြင့် သန်းဆိုင်မျက်နှာ ကို နောက်သို့ တိမ်းလိုက်၏။

"ငါမတရားမပြောဘူး မိန်းမ ...၊ ငါ့မှာ သက်သေအထောက်အထား ရှိတယ်"
သန်းဆိုင် သည် တရားခွင်မှ အနိုင်စီးရယူထားသော အမှုလိုက် ရဲအရာရှိတစ်ဦး၏ လေသံမျိုးဖြင့် ပြောရင်း ဂျက်ကက်အတွင်းအိတ်ထဲ မှ တွန့်ကြေနေသည့် စာအိတ်ကို ထုတ်ယူလိုက်၏။
"ဒီစာဟာ သက်သေအထောက်အထားပဲ"
သန်းဆိုင်က ခနဲ့တဲ့တဲ့ပြုံးရင်း စာအိတ်ကို စန်းချိုဆီ လှမ်းပေးကာ တင်ပြဉ်ခွေထိုင်ရင်း အောင်နိုင် သူ တစ်ဦး ကဲ့သို့ ဒူးနှန့်နေလေသည်။
စန်းချိုသည် စာအိတ်ကို ကမန်းကတန်းဖွင့်၍ အတွင်းမှ စက္ကူခေါက်ကလေးကို တရကြမ်းဆွဲထုတ်၏။ ပြီးလျှင် မီးရောင်အောက်သို့ သွားပြီး၊ စာရွက်ကို ဖြန့်၍ ပါးစပ်တလှုပ်လှုပ် ဖတ်နေသည်။ စာဖတ်လည်း နှေး၊ အကြိမ်ကြိမ် လည်း ဖတ်နေသဖြင့် (၃)မိနစ်ခန့် ကြာသွား၏။ ပြီးလျှင် သန်းဆိုင်ဘက်သို့ ချာခနဲ လှည့်လိုက်သည်။

"ဒီစာ ကို ဘယ်သေခြင်းဆိုး လာပေးတာလဲ" ဟု ကတုန်ကရီ အော်မေးသည်။
"ငါနေမကောင်းမဖြစ်ခင်ကလေးမှာ မနက်ဘက် ဆိုင်ဖွင့်တော့ တံခါးကြားမှာ ဒီစာကို တွေ့ရတာပဲ"
သန်းဆိုင် က စန်းချိုကို မကြည့်တော့ဘဲ၊ သက်သေအထောက်အထား ခိုင်လုံကြောင်း တင်ပြ လျှောက်ထားပြီးသည့်၊ ပိုင်နိုင်သော ရှေ့နေတစ်ဦး၏ အမူအရာဖြင့် မျက်နှာကို မော့တော့တော့ လုပ်ထား လိုက်၏။ သည်ပုံစံကို စန်းချို၏ ခံပြင်းမှု မီးတောက်အပေါ် ဓာတ်ဆီလောင်းချလိုကသည်နှင့် တူလေသည်။ စန်းချိုသည် ပြေးကပ်လာပြီး၊ သန်းဆိုင၏ မျက်နှာကို စာရွက်ဖြင့် ပုတ်ခတ်လိုက်သည်။
"ဘယ်က ... ကလေက၀ကောင် က လက်ကမြင်းကြောထပြီး သူတစ်ပါးလင်မယား စိတ်ဝမ်းကွဲအောင် ယုံထင်ကြောင်ထင်ဖြစ်အောင် ရေး တဲ့ ပစ်စာကို နင်ယုံရသလား သန်းဆိုင်။ နင့်မှာ ကိုယ်ပိုင်ဥာဏ် တုံး နေပြီလား၊ ပစ်စာချတဲ့ကောင်က ရိုးသားစစ်မှန်တယ်ဆိုရင် နင့်ကို တစ်ဖက်လှည့်နဲ့ တိုးတိုးကြိတ်ကြိတ်  လာပြောမှာပေါ့ သေနာ ရဲ့ ဟင်"

စန်းချိုသည် အသံကော လူတစ်ကိုယ်လုံးပါ အတိုင်းမသိ ဆတ်ဆတ်တုန်နေလေ၏။ သူမ၏ မျက်လုံး ကြီးတွေက လူသတ်တော့မည် မျက်လုံးမျိုးတွေ ဖြစ်သည်။ သန်းဆိုင်က စာရွက်ဖြင့် အပုတ်ခံရသော မျက်နှာကို လက် တစ်ဖက်ဖြင့် ပွတ်ရင်း
"စာချတဲ့ သူကို အပြစ်မဖို့နဲ့ စန်းချို ဒီကိစ္စမျိုးက ဖအေနဲ့သားတောင် မျက်နှာချင်းဆိုင် ပြောလို့ဖြစ်တာ မဟုတ်ဘူး၊ မယားအပေါ် ယုံကြည်စိတ်ချပြီး တမ်းတမ်းစွဲဖြစ်နေတဲ့ လင်မျိုးဆိုင်ရင်လ လာပြောတဲ့ ကောင်ကို ထိုးလွှတ် မှာ ရှေ့နောက်မစဉ်းစားတဲ့ လင်မျိုးဆိုရင်လည်း စာရတာနဲ့ မယားကို ချက်ချင်းထ သတ်တော့မှာ ဒီစာရေးတဲ့သူဟာ (စိတ်ကောင်းရှိသော မိတ်ဆွေတစ်ဦး) ဆိုတဲ့အတိုင်း၊ ပြဿနာကို အေးအေးဆေးဆေး ရှင်းလို့ရအောင် မယုတ်မလွန်ရေးထားတာ စန်းချို သူဟာ ငါတို့လင်မယားအကျိုးကို လိုလားတဲ့ သူပဲဖြစ်မျာပါ" ဟု လေအေးကလေးဖြင့် ပြောသည်။
"ဘာ ငါတို့လင်မယားအကျိုးကို လိုလားတဲ့သူ ဟုတ်လား၊ လင်မယားထသတ်အောင် ပစ်စာချတဲ့ နင့်ယောက်ဖကို နင်က ကျေးဇူးတင်ဦးမလို့ပေါ့လေ" ဆင်ခြင်ထိန်းချုပ်စိတ် လျော့ပါးလာသည်နှင့်အမျှ စန်းချို လှုပ်လှုပ် ရှားရှား ဖြစ်လာ၏။ သန်းဆိုင်၏ ရင်အုံကို လက်နှစ်ဖက်ဖြင့် ဆောင့်တွန်းလိုက်ရာ သန်းဆိုင် အိပ်ရောပေါ်သို့ လဲသွား၏။

"နင်က နင့်ယောက်ဖ ခွေးမျိုးဘက်က နာသလားဟဲ့၊ နာသလား"
စန်းချိုက ကုတင်ပေါ်လွှားခနဲ တက်ပြီး၊ သန်းဆိုင်၏ ဂျက်ကက်ကို စုဆွဲကာ ...၊ ကြမ်းကြမ်းတမ်းတမ်း ဆွဲခါနေပြန် ၏။ သန်းဆိုင်မှာ ပူထူေ၀၀ါးပြီး ရုန်းရမှန်းပင်မသိ။
"နင့်ယောက်ဖ မဟုတ်တမ်းတရမ်းရေးတာကို နင်ယုံသလား ဟဲ့ ... ဟင်"
"နင် မ ... မ ... မဟုတ်ရင်၊ မနာနဲ့ပေါ့ ..." ဟု အော်ရင်း စန်းချိုက သူ့ကို ကိုင်မပေါက်နိုင်မီ၊ သန်းဆိုင ခုတင်တစ်ဖက် သို့ လှိမ့်ဆင်းလိုက်သည်။ သန်းဆိုင် ကုန်းထ၍ ခါးမမတ်နိုင်မီ၊ စန်းချိုက နောက်မှ လိုက်လာပြီး ဂျက်ကက် အင်္ကျီကော်လံ ကို ဖမ်းဆွဲထားလိုက်ပြန်၏။ သန်းဆိုင်မှာ လည်ပတ်ကြိုး ဆောင့်ဆွဲ ခံရသည့် ခွေးတစ်ကောင် လို၊ လည်ပင်းတစောင်းစောင်း ဖြစ်နေတော့သည်။

"မဟုတ်လို့ နာတာဟေ့၊ မတရားလို့ မခံတာ၊ ဟုတ်တိုင်းမှန်ရာ ပြောလာလို့ကတော့ စန်းချိုတို့ ပါးကို စီးတဲ့ ဖိနပ်ချေးသုတ်ပြီး ရိုက်သွားဦး၊ ပါးထိုးပေးလိုက်မယ်၊ ကဲ-ပြောစမ်း ဘယ်သူမှန်းမသိတဲ့ ကာလနာရေး ဘာကို နင်ယုံသလား၊ မယုံဘူးလား၊ တစ်ခွန်းတည်းဖြေစမ်း"
စန်းချို၏ အသံစူးစူးကြီးက အိမ်ထဲတွင် ခွေးတစ်အုပ် စုပြုံအူနေကြသည်ထက်ပင် နားညည်းဖွယ် ဆူလောင်နေ သည်။ လုံချည်ကျွတ်နေသော သန်းဆိုင်မှာ လက်တစ်ဖက်ဖြင့် စန်းချိုကို ခပ်ဖွဖွ တွန်းဖယ်ရင်း၊ ကျန်တစ်ဖက်ဖြင့် ပုဆိုးစ ကို စုကိုင်ပြီး ရင်ဘတ်မှာ စုကိုင်ထား၏။ နှစ်ယောက်စလုံး ခွေးဒီးဒီးကျကာ မျက်နှာကြီးတွေက လက်ဝှေ့သမားနှစ်ဦးလို ပြောင်လက်နေကြလေသည်။
"ပြောလေ မသာ၊ နင်ယုံသလား၊ မယုံဘူးလား"
"မ-မယုံဘူး" ဟု သန်းဆိုင်က အူကြောင်ကြောင်နှင့်ပင် ပြောမိပြောရာ ဟစ်ထုတ်လိုက်ပြီးမှ သူ့ကိုယ်သူ ကျိန်ဆဲနေ မိ၏။

"မယုံရင် ဒီစာရကတည်းက နင်ငါ့ကို ဘာလို့ဖွင့်မပြောခဲ့တာလဲ သေခြင်းဆိုးရဲ့"
ထိုအခိုက်မှာပင် အခန်းတံခါးကို တအုံးအုံးထုသံနှင့်အတူ သားအကြီးကောင်၏ ခက်ထန်းတင်းမာသည့် အသံ ပေါ်ထွက် လာသည်။
"အဖေနဲ့အမေ အချိန်မတော်ကြီးဗျာ၊ အများကြားလို့ မသင့်တော်ပါဘူး၊ ရှက်ဖို့ကောင်း လိုက် တာ၊ တော်ကြပါတော့ဗျာ၊ အဖေတို့သာ မသိတာ အိမ်နီးချင်းတွေ ကျွန်တော်တို့အိမ်ကို ၀ိုင်းကုန်ပြီ ဗျ၊ တော်ကြတော့"
သားကြီး၏ အသံပေါ်လာသည်နှင့် စန်းချို၏ လက်တွေအားလျော့သွားရာ ထိုတစ်ခဏမှာပင် သန်းဆိုင် က အင်္ကျီ ကို ရုန်းထွက်လိုက်ပြီး အခန်းတံခါးကို အမြန်ဖွင့်၍ အပြင်သို့ ကမူးရှူးထိုး လှမ်းထွက်၏။

စိတ်လှုပ်ရှားမှု လွန်ကဲပြီး၊ အမြင်အာရုံတွေ ချွတ်ချော်ကာ သန်းဆိုင်သည် ပထမဦးစွာ တံခါးဝမှာ သားကြီး မိုးကျော်အောင် ကို ၀င်တိုးမိ၏။ ထို့နောက် မိမိပုဆိုးစ မိမိပြန်နင်းမိပြီး ၀မ်းလျာထိုးလဲကျသွား စဉ် ကြမ်းခင်းနှင့် မေးစေ့မထိမီ၊ သူ့နဖူးက ဧည့်ခန်းရှိ ဆက်တီစားပွဲစောင်းကို အရှိန်ဖြင့် ၀င်ဆောင့်မိ သွားသည်။ နောင်သောအခါ ...
"ငါ့နဖူး နဲ့ စားပွဲစောင်းနဲ့ ဘယ်သူက ပိုမာသလဲဆိုပြီး စမ်းကြည့်တဲ့အချိန်မှာ ငါ့မျက်စိထဲမှာ မီးပွားတွေ တ၀င်းဝင်းဖြစ် သွားတော့တာပါပဲကွာ ..." ဟု သန်းဆိုင်က အကြောင်းတိုက်ဆိုင်လျှင် ရယ်ရယ်မောမော ပြောပြ တတ်သည်။
××× ××× ×××
××× ××× ×××

ဆက်ရန်
.

No comments: