Wednesday, August 8, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁ဝ)

ငါးဝယ်ပြီးနောက်… စန်းချိုသည် ဝက်သားဆိုင်ရှေ့မှာသွားရပ်လိုက်သဖြင့် သန်းဆိုင် ပူနွေးစွာ စိတ်လှုပ် ရှား မိသည်။ သူတို့အိမ်မှာ ဝက်သားစားပြီး ဝက်သားကြိုက်သူမှာ သန်းဆိုင် တစ်ယောက် တည်းသာရှိ၏။ ကျန်အိမ်သားတွေ တစ်ယောက်မျှ ဝက်သားမစား၊ ဘာကိုးကွယ် ညာကိုးကွယ်လို့ ရမယ် မဟုတ်။ မကြိုက်လို့ မစားကြခြင်း သာ ဖြစ်သည်။ သို့တစေ… အိမ်ဦးနတ်ကြီး သန်းဆိုင် အတွက်မူ စန်းချိုကိုယ် တိုင် ကျကျနန ချက်ပေး တတ် ပါသည်။ ကို ဆက်ဖတ်ရန်...........

ဓားလွယ်ခုတ်လောက်နေရာကနေ စန်းချို ဝက်သားဝယ်ယူနေပုံကို သူခိုးကြည့်ကြည့်ရင်း သန်းဆိုင် ရင် အုံကြီး မောက်ချည် နိမ့်ချည်နှင့် အသက်ရှုပြင်းလာ၏။ …ဒီအခြေအနေရောက်တာတောင် နင်က ငါ့ အပေါ် စေတနာ ပိုနိုင်တုန်းပါလား စန်းချို၊ ငါ့အကြိုက်ကို နင်လိုက်လျောတုန်းပါလား… အမှန်တော့ ဒါက မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်နည်းလုပ်ဟန်ပဲ…၊ မရိုးသားတဲ့ လှည့်စားကောက်ကျစ်မှုပဲ…၊ ငါတို့ရွာက… အရူးကြီး ဦးတောကျော် လမ်းပေါ်မှာလျှောက်ဆိုတဲ့ ဟိုသီချင်းထဲကလို (လှေကြီးပေါ်တွင် လှေငယ်တင်၊ အလှည့် တွင် ပဲ့စင်ကလှုပ်၊ လှိုင်းကပုတ်သတဲ့ သမုဒ်ဘယ့်နှယ်ကူးပါ့မယ်) ဆိုတာမျိုးပါပဲ စန်းချိုရာ…၊ ငါ ဝက်သား အလွန်ကြိုက်ပေမဲ့… နင် ဝယ်ချက်မယ့် ဝက်သားကို စားချင်စိတ်မရှိတော့ပါ ဘူး…။

ငေးကြောင်တွေဝေနေစဉ် တံတောင်ဆစ်များ ဈေးဆွဲခြင်းများက သန်းဆိုင်ကို ပမာမခန့် ပွတ်တိုက်သွား ကြ၏။ သန်းဆိုင် အမှတ်မထားနိုင်အားပါ။ ရွေ့လျားထွက်ခွာသွားသည့် စန်းချိုနောက်သို့ လူတွေကြားမှ အသာအယာ တိုးပြီး ခိုးကြောင်ခိုးဝှက်လိုက်ရပြန်လေ၏။ သည်တစ်ခါတော့… စန်းချိုသည် ကုန်စိမ်း တန်းမှ တစ်မျိုးပြီးတစ်မျိုး ဝယ်ယူနေသည်။ ကန်စွန်းရွက်ကော… ချဉ်ပေါင်ရွက်ကော၊ မျှစ်ကော၊ သခွား သီး၊ ဘုံလုံသီးကော၊ ငရုတ်သီး စိမ်းကော၊ တမာမျဉ်ကော… ဝယ်ခြမ်းလိုက်ရာ သူမ၏ပလတ်စတစ်ဆွဲ ခြင်းကြီး မောက်လျှံထွက်သွားတော့၏။ ဆွဲခြင်းကြီးကို ညာလက်ဖြင့် ဆွဲကိုင်လျက်… စန်းချိုသည် ကုန် စိမ်းတန်းထဲမှ ချွေးတလုံးလုံးနှင့် ထွက်လာသည်။ သန်းဆိုင်မှာလည်း ပဝါဖြင့် ချွေးတွေကို တရစပ်သုတ် နေရ၏။

… အင်း ဝယ်စရာပစ္စည်းတွေတော့ စုံလောက်ပြီ၊ သင်း ဈေးနောက်ကျောက ကုလားလက်ဖက် ရည်ဆိုင်ကို သွားတော့မယ်တူတယ်… ဟု စဉ်းစားမှန်းဆရင်း သန်းဆိုင်သည် စန်းချို၏နောက်ကျော ဘက် ကိုက် (၂၀) ခန့်ခွာ၍ လိုက်လျှောက်နေသည်။
 စန်းချို၏ ခြေလှမ်းတွေက ဈေးနောက်ကျောဘက်သို့ ဦးမတည်ခဲ့ပါ။ စောစောက ကွမ်းယာပစ္စည်း ရောင်းသည့် ဇနီးသုံးဖော်နှင့် ထိပ်ပြောင်ကြီးဆိုင်ရောက်သွားသည်။ ကြွပ်ကြွပ်အိတ်တစ်လုံးအပြည့် ကုန်ပစ္စည်းတွေကို အားသည့် လက်တစ်ဖက်ဖြင့်ဆွဲပြီး ထွက်လာသည်။ ထိုဆိုင်သည် ဈေးနောက်ကျော နှင့် သိပ်မဝေး လှသော်လည်း စန်းချိုက ဈေးနောက်ကျောကို ခြေဦးမလှည့်ဘဲ၊ ကုန်ခြောက်ဆိုင်ခန်းများ ရှိရာသို့သာ အထုပ် တစ်ဖက်၊ ဆွဲခြင်းတစ်ဖက်ဖြင့် တနွဲ့နွဲ့ လျှောက်နေပြန်၏။ သြ-ပစ္စည်းတွေစုံမှပဲ သင်းက ကုလားဒိန်ဆီ သွားမယ် မှတ်ပါရဲ့… ဟု သန်းဆိုင် တွေးဆကြည့်မိပြန်သည်။

တရုတ်ကုန်ခြောက်ဆိုင်ထဲက ထွက်လာသောအခါ… စန်းချို၏ဦးခေါင်းပေါ်တွင် ပီနံအိတ်ဖောင်းဖောင်း ကြီးကို ရွက် ထားကြောင်း သန်းဆိုင်တွေ့ရ၍ အတန်ငယ် အံ့သြပြန်၏။ ဒီလို အထုပ်အပိုးတွေနဲ့တော့ ကုလား လက်ဖက်ရည်ဆိုင် ကို မသွားတန်ကောင်းပါဘူးလေ၊ ဒါဖြင့်… သင်း ဘယ်ကိုသွားဦးမှာတဲ့လဲ… ဟု တွေးရင်း သန်းဆိုင် ခြေလှမ်းမှားမတတ် ပျာယီးပျာယာဖြစ်နေလေတော့သည်။
သန်းဆိုင်၏ မိနစ်ပေါင်းများစွာ ကြိုတင်ခန့်မှန်းချက် မျှော်လင့်ရှုမြင်ခြင်းတို့သည် လက်တွေ့အမြင်နှင့် ပါ စင်အောင် လွဲခဲ့ရပြီ။

စန်းချိုသည် မည်သည့်ဈေးဆိုင်ကိုမှ မဝင်တော့ဘဲ သုံးထပ်ဈေးသစ်ကြီးရှေ့မှ အနှေးယဉ်ဂိတ်သို့သာ တန်းတန်း မတ်မတ်ကြီး သွားနေသည်။ ဂိတ်ရောက်သော်… ဆိုက်ကားတစ်စီး၏နောက်ခုံပေါ်သို့ အထုပ် တွေကို တင်၏။ ဆိုက်ကား ကယ်ရီယာခုံပေါ်သို့ ဆွဲခြင်းကိုတင်ပြီး၊ ဆိုက်ကားဆရာက ဆွဲခြင်းကို ကြိုး တစ်ချောင်းဖြင့် သိုင်းချည် တုပ်နှောင်ပေးသည်။ စန်းချိုက သန်းဆိုင် မကြားနိုင်သော စကားများကို ပါး စပ်က တလှုပ်လှုပ်ဖြင့် ရေရွတ်ပြီး ဆိုက်ကားရှေ့ခုံ မှာ တက်ထိုင်သည်နှင့် ဆိုက်ကားလည်း ဘီးလှိမ့်စ ပြုလေသည်။

သန်းဆိုင်သည် လာခဲ့ရာ လမ်းမတိုင်း ပြန်သွားသော စန်းချိုကို တင်ဆောင်သွားသည့် ဆိုက်ကားကို မျက်စိ တစ်ဆုံး ငေးကြည့်လျက် သက်ပြင်းချလိုက်သည်။ စန်းချို အိမ်ပြန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သည်ကနေ့… ကုလားဒိန်နှင့် အချိန်းအချက် မရှိဘူးထင်ပါရဲ့။ သင်းတို့ စိတ်ဆိုးစိတ်ကောက်များဖြစ်ကြ လို့လား…။ ဒီလို မဟုတ်ရင်လည်း… ကိုရွှေကုလားက သည်ကနေ့ အလုပ်မအားလို့ ဖြစ်မယ်။
ဖြစ်နိုင်ခြေရှိသော… အခြေအနေအရပ်ရပ်ကို သန်းဆိုင်က တပင်တပန်းတွေးကြည့်ရင်း ပလက်ဖောင်း ပေါ်ရှိ နေရောင်အောက်မှာ လည်တိုင်ဆန့်လက်ပိုက်လျက် ရည်ရွယ်ချက်မဲ့ရပ်နေမိ၏။ တစ်ခဏနေ တော့ မှ…၊ သူသည် ဈေးဝင်းထဲသို့ ဝင်ခဲ့ကာ ဈေးနောက်ကျောဘက်သို့ ကမူးရူးထိုး လျှောက်ခဲ့လေ သည်။ ပူအိုက်လွန်း သဖြင့်… မာဖလာခေါင်းပေါင်းကြီးကို ချွတ်ပစ်မည်ဟန်ပြင်ပြီးမှ… (ဟာ- မဖြစ်သေး ဘူး၊ ဒီကုလား ဟာ ငါ့ကို သိချင်သိနေမှာ။ ဒီတော့ ခုအတိုင်းရုပ်ဖျက်ထားမှ ကောင်းမယ်)ဟူ၍ အတွေး ပေါက်ကာ ခေါင်းပေါင်း ကို သပ်ရပ်အောင် ပြန်လည်ပြုပြင်နေရာချလိုက်၏။

ဤပြည်သူမြို့မဈေးကြီး စတင်ပေါ်ပေါက်ကတည်းက ဈေးဝင်း၏ နောက်ကျောဘက်တွင် မဟာမေဒင် လူမျိုး မိသားစု တစ်စု ဖွင့်လှစ် ရောင်းချသော လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိခဲ့သည်မှာ ...၊ ယနေ့ ဆိုလျှင် နှစ်ပေါင်း (၄၀)ကျော်ခဲ့ပြီ။ ယခု ဆိုင်ပိုင်ရှင်မှာ မူလဆိုင်ရှင်၏ မျိုးဆက် "အီဗရာဟင်" ဆိုသူ ဖြစ်သည်။ အီဗရာဟင် သည် ဈေးကြီးထဲတွင် လယ်ယာသုံးနှင့် အိမ်ဆောက်ပစ္စည်း ကုန်မာဆိုင်ကြီးတစ်ဆိုင်လည်း ဖွင့်လှစ်ထားပြီး၊ ကုန်မာဆိုင် အကျိုးအမြတ် များပြား၍၊ လက်ဖက်ရည်ဆိုင်က မရှုံးရုံတစ်မည်သာရှိရကား ...၊ အီဗရာဟင် ကလည်း လက်ဖက်ရည် ဆိုင်ကို အရင်းမပြုတ်ရုံတစ်မည်။ နေရာမပျောက်ရုံ တစ်မည်မျှသာ သဘောထားပြီး ဖုတ်လှိုက် ဖုတ်လှိုက်နှင့် သက်ဆိုးရှည်အောင် ဖန်တီးထားသည့်သဖွယ် ရှိပါသည်။

ဤမြိုကမှာ အညံ့ဆုံး လက်ဖက်ရည်ကို အီဗရာဟင်၏ စားပွဲဟောင်း၊ ကုလားထိုင်ဟောင်း၊ ယင် တလောင်းလောင်း နှင့် ဤလက်ဖက်ရည်ဆိုင်မှာ ရနိုင်ပါသည်။ သို့ရာတွင် အညံ့ဆုံးလက်ဖက်ရည်ကို မညည်း မညူ အားပေး သောက်သုံးမည့်သူများ ရှိနေပေရာ။ အီဗရာဟင်၏ဆိုင်မှာ ယခုလို နံနက်ပိုင်း ဆိုလျှင် စားသုံးသူ မပြတ်လှပေ။ ကြိတ်ကြိတ်ခဲမျှ တိုးဝှေ့စားသောက်သူမရှိသည့်တိုင်၊ ယောက်ျားကြီးများ၏ လက်ဖက်ရည်ဝိုင်း ၃/၄၀ိုင်းတော့ အမြဲရှိတတ်သည်။ တောကနေ ဈေးတက်ရောင်းသည့် တောသူအချို့မှာလည်း ... အီဗရာဟင်၏ သစ္စာရှိဖောက်သည် များ ဖြစ်ကြသည်။ သူတို့က သကြားဖျော်ရည်နှင့် သိပ်မကွာခြားသော အီဗရာဟင် ၏လက်ရာ "ချိုဆိမ့်" လက်ဖက်ရည်ကို စွဲလမ်းနှစ်ခြိုက်ကြကုန်၏။ သန်းဆိုင်ကိုယ်တိုင်လည်း ဆိုက်ကား သမားဘ၀ တုန်းက၊ အီဗရာဟင်ဆိုင်မှာ တစ်ခါ/နှစ်ခါ ခရီးသွားဟန်လွှဲ လက်ဖက်ရည် ၀င်သောက်ဖူးပါ၏။ လက်ဖက်ရည် ကောင်းမကောင်း တောသားစစ်စစ် သန်းဆိုင်မဝေခွဲတတ်။ အီဗရာဟင်ဆိုင်က မြို့ထဲရှိ အခြား လက်ဖက်ရည်ဆိုင်များထက် ကျယ်ဝန်းပြီး၊ လူရှင်းခြင်းကို သာ၊ သန်းဆိုင်သဘော တွေ့ခဲ့သည်။

အီဗရာဟင့်ဆိုင်နှင့်ကပ်လျက်၊ ဘိလိယက်ခုံထောင်ထားသည့်၊ ကက်ဆက်ခွေနှင့် စာအုပ် အငှားဆိုင်ထဲဝင်ကာ၊ ဘိလိယက်ဝိုင်းကို ကြည့်သလိုလိုနှင့် အီဗရာဟင့် လက်ဖက်ရည်ဆိုင် ဘက် လှမ်းကြည့်လိုက်သောအခါ အဘိုးကြီး အီဗရာဟင်မရှိတော့သည်ကလွဲလျှင် ဆိုင်မှာ ဘာမှ အပြောင်းအလဲမရှိ။ လက်ဖက်ရည်ဖျော်သူနှင့် စားပွဲတိုးနှစ်ယောက် မှာ၊ အီဗရာဟင် ရှိစဉ်ကတည်းက၊ သည်ဆိုင်မှာ အမှုထမ်းခဲ့ကြသည့် ပုညှက်ညှက် ကုလားပိန် ကလေး သုံးယောက်သာ ဖြစ်ကြသည်။ အလိုဗျာ ...၊ လက်ဖက်ရည်ထိုင်သောက်နေသူတွေထဲမှာ လူမျိုးခြားနှင့် တူတာ တစ်ဦးတစ်ယောက်မျှ ရှိမနေပါကလား ...။

သန်းဆိုင်သည် ဘိလိယက်ဝိုင်းအနီးမှာ ရပ်ရင်း၊ အီဗရာဟင် လက်ဖက်ရည်ဆိုင်ဘက်သို့ စူးစိုက် အကဲခတ်နေခဲ့သည်မှာ နာရီဝက်ခန့် ကြာခဲ့သော်လည်း၊ သူမျှော်လင့်သော ခပ်ရွယ်ရွယ် ကုလားဒိန် ကို တွေ့ရဖို့မပြောနှင့်၊ ဆိုင်ထဲသို့ မြန်မာတိုင်းရင်းသားတွေ၊ အသားဝါလူမျိုးတွေ ကလွဲလျှင်၊ နှာယောကောက် မျိုးနွယ် တစ်ဦးတလေမျှ ၀င်ရောက်သည်ကို မတွေ့ခဲ့ရပေ။ ဒီကနေ့ သင်းတို့ချိန်းမထားလို့ ကုလားဒိန်ပေါ်မလာတာ ဖြစ်မယ် ...၊ ဒီကနေ့မလာလည်း နောက်နေ့ပေါ့ ...၊ တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲကွာ ... ဟု စိတ်ပျက်အားလျော့ခြင်း တစ်ဝက် မျှော်လင့်အားတင်းခြင်းတစ်ဝက်တို့ဖြင့် သန်းဆိုင် လှည့်ထွက်လာ၏။ အိန်ပြန်ရုံကလွဲ လို့ ဘာမျှ လုပ်စရာမရှိတော့ ...။

အိမ်ပြန်ရောက်သည်နှင့် ကိုယ်နေဟန်ထား သွားလာလှုပ်ရှားမှုတို့ တမင်လေးကွေး ယိမ်းနွဲ့ ပစ်လိုက်၏။ ပခုံးကျုံး ဇက်ပုထားလိုက်၏။
"ဟဲ့ နင် ဘယ်ဘေးခန်းသွားတာလဲ" ဟု ဈေးဆိုင်မှာ တိုလီမိုလီ မုန့်ပဲသရေစာ ထုပ်တွချိတ်ဆွဲ နေသော စန်းချိုက စူးစမ်းဟန်ဖြင့် လှမ်းမေးသည်။
"ဘူတာ နားက ... တရုတ်ဆရာဝန်မ အေမီလွင့်ဆေးခန်း"
တိုတိုပြတ်ပြတ်ပြောပြီး၊ အိမ်ပေါ် သို့ လှမ်းတက်သွားသည်။ စန်းချိုကို မျက်နှာချင်းမဆိုင်။

"ဖင်နာခေါင်းနာရုံကလေးနဲ့ ဒီလောက်အဝေးကြီးကို သွားရသတဲ့၊ တရုတ်မရဲ့ ဆေးက ဘယ်လောက်စွမ်းလို့လဲ ...၊ ငမ်းရတာ ... လက် အကိုင်ခံရတာ အမြတ်ဆိုပြီးသွားသပေါ့လေ ..."
ဘုရားကြီး ၏ ကိုက် (၁၀၀၀) ပတ်လည်အတွင်း အာကြမ်းလျှာကြမ်းအနိုင်ဆုံး ဘွဲ့ထူးကို ထာဝရ ဆွတ်ခူးထား သည့် စန်းချို့စကားကို၊ သန်းဆိုင်မကြားယောင် ပြုလိုက်သည်။ ခေါင်းပေါင်းနှင့် မျက်မှန်ကို ချွတ်လိုက်သော် လည်း ဂျက်ကက်ကို မချွတ်။ ဂျက်ကက်အတွင်း အိတ်ထဲမှာ မိတ်ဆွေ တစ်ဦး၏ "စာ" ရှိနေသည်ကိုး။ ထိုစာကို ဘယ်သူမှ မတွေ့အောင် အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ရမည်။ ထိုစာသည် အမြှောင်တားသည် တိရစ္ဆာန်မ လည်ပင်းကို စွပ်မည့်ကြိုးကွင်း ဖြစ်၏။

"ဖျားတာနဲ့ ... နေကာမျက်မှန်ကြီးနဲ့ ဘာဆိုင်လို့လဲ ..." ဟူသော စန်းချို၏ ဗျစ်တီးဗျစ်တောက်သံ သဲ့သဲ့ကို ကြားလိုက်ရသေးသည်။ (မျက်စိနာချင်သလိုလို ဖြစ်နေလို့ဟ) ဟု ပြောမည့် ဟန်ပြင်ပြီး ကာမှ၊ သန်းဆိုင် ပါးစပ်ပိတ်ပြီး၊ အိပ်ခန်းထဲ ၀င်လှဲနေလိုက်၏။ ငါ့ယောက်ျား နေမကောင်းဘူး၊ ဘာများ စားချင်ပါလိမ့်၊ ကြက်သား ဆန်ပြုတ် သောက်မလား၊ နွားနို့သောက်မလား ... ဘာလား ညာလားလို့ မေးသင့်တာပေါ့ ... ဟု ခြင်ထောင် အမိုးကို ငေးကြည့်ရင်း ဒေါမနဿပွားနေမိ ပြန်သည်။ စန်းချိုက ... တော်ရုံတန်ရုံ ရောဂါမျိုးဆိုလျှင် သန်းဆိုငနား ကပ်လေ့ ကပ်ထမရှိရိုး ... သူသိဖို့၊ သတိရဖို့ မေ့နေမိ၏။

အိပ်ခန်းက၊ တစ်ခုတည်းသာ ရှိသော ပြတင်းပေါက် ပိတ်ထားသဖြင့် လေမ၀င်ဘဲ၊ လှောင်အိုက်နေ ၏။ သန်းဆိုင် မှာ ချွေးအောင်းနေသော လူမမာကြီးကဲ့သို့ ချွေးဒီးဒီး ယိုစီးအိုက်စပ်နေတော့သည်။ ပိုဟပ်ချေးနံ့လိုလို ...၊ အ၀တ်ဟောင်းတွေ ဆီမှ မှိုနံ့လိုလို၊ မွန်းဟောင်သည့် အနံ့များကို ရှူမိကာ၊ သန်းဆိုင် နေမထိ ထိုင်မသာ ဖြစ်လာနေသည်။ လှဲလှောင်းရောမှ ... ထထိုင်ပြီး၊ ဂျက်ကက်၊ ရှပ်အင်္ကျီနှင့် စွပ်ကျယ်တို့ကို ချွတ် လိုက်၏။ ပြီးလျှင် ...၊ "ပစ်စာ" လုံခြုံစိတ်ချရေးအတွက် ဂျက်ကက်ကို ရင်ဘတ်ဟောင်းလောင်းနှင့် ပြန်ဝတ် ထားလိုက်သည်။ အနည်းငယ် ... ပူအိုက်မှု သက်သာရာရသွားသော်လည်း ...၊ အသက်ရှူကောင်းကောင်း မ၀သေး။ ထို့ကြောင့် ... ခြင်ထောင် ထဲမှ ထွက်ပြီး ဧည့်ခန်းက ဆက်တီကုလားထိုင်မှာ ငုတ်တုတ်ကြီး လာထိုင် သည်။ နေမကောင်း ဟန်ဆောင်ရာမှ၊ တကယ်ပဲ နေမကောင်း ဖြစ်သွားပြီလားဟု ယောင်မှား ခံစားမိရသေး၏။

"အို နေမကောင်းဘူးလည်း ပြောသေး၊ အင်္ကျီရင်ဘတ်ဟဗြဲကြီးနဲ့ ..." ဟု စကားစပျိုးလိုက်ပြီးလျှင်၊ လက်ညှိုးငေါက်ငေါက် ထိုးလျက် ...
"ဒီဂျင်းဂျက်ကက် က ထ သွားလာသွား ၀တ်ဖို့သန်းဆိုင်ရဲ့၊ နင်က (၆၀၀၀) တန်း ဂျင်းဂျက်ကက်နဲ့ ၀ါးလုံးခေါင်းထဲ လသာနေတာကိုး၊ အိမ်ထဲနေတာ ပဲ မနက်က ၀တ်တဲ့ ဆွယ်တာလက်ရှည် ၀တ်ထားပါလားဟဲ့" ဟု စန်းချိုက လာပြောသောအခါ၊ သန်းဆိုင်က မလှုပ်မယှက် မျက်လွှာချထား သည်။

"ဆွယ်တာကြီးက အိုက်လွန်း၊ ချွေးမတရားထွက်လွန်းလို့ဟ"
"နေမကောင်းတဲ့သူက ချွေးထွက်မှပေါ့ သေနာရဲ့၊ နင်ဒီလို ရင်ဘတ်ဟပြဲကြီးနေတော့ ချွေးမထွက် ဘဲ ချွေးငုပ်သွားမှာပေါ့"
"ငါချွေး မငုပ်ဘူး၊ ချွေးစုံအောင် ထွက်သွားပြီးပြီ။ အခုဟာက ... အဆစ်အမြစ်တွေ ကိုက်ခဲနေတာ"
စန်းချိုက သန်းဆိုင်ရှေ့မှာ ခါးထောက်ရပ်ပြီး၊ သန်းဆိုင်တစ်ကိုယ်လုံးကို၊ နွားပွဲစားတစ်ဦးက ရောင်းချရန် ရှိသော နွားတစ်ကောင် ကို အကဲခတ်သလို ကြည့်ရှုနေ၏။

"အဆစ်အမြစ်ကိုက်တာဆိုရင် ... နင် တုပ်ကွေးဝင်တာပဲ ဖြစ်မယ်၊ တုပ်ကွေးက ကူးတတ်တယ်။ ဒီည ... နင် ငါနဲ့ လာမအိပ်နဲ့၊ ဘုရားစင်ရှေ့ထွက်အိပ် ..." ဟု အကြင်နာ ကရုဏာငွေ့ကင်းစွာ ငေါက်ဆတ်ဆတ်ပြောရင်း စန်းချို က အိမ်ရှေ့ပြန်ဆင်းသွားရာ၊ စန်းချို ရေမွှေးနံ့က သန်းဆိုင်အနီးမှာ ဝေ့ကျန်ရစ်ခဲ့လေသည်။ ကုလား သဘောကျအောင် ရေမွှေးတွေ ဘယ်လောက် ဆွတ်ထားသလဲ မသိဘူး။ ခုထိ ... အနံ့က မပျောက်သေးဘူး။ ငါ့ကိုသာ ဂျက်ကက်ဝတ်တာ ကို ၀ါးလုံးခေါင်းထဲ လသာသလေ ဘာလေးနဲ့၊ သင်းကျတော့ သောင်းကျော်တန် ၀တ်စုံ ကို ကွမ်းယာ ရောင်းရင်းဝတ်လို့ ...၊ ကောင်မစုတ် ... နေမကောင်းပါဘူးဆိုမှ ငါ့ချည်း အပြစ် လှိမ့်ရှာနေတယ်။ သင်းက အားကိုးရာမြင်ထားပြီးကိုး ...။

သန်းဆိုင်သည် ... ထမင်းစားချိန် မွန်းတည့်တိုင်သည့်အထိ ကုလားထိုင်မှာပဲ။ အစာငတ်နေသည့် လင်းတတစ်ကောင် လို ဇက်ကျိုးလျက်သား ထိုင်နေသည်။ လူခန္ဓာက မလှုပ်သည့်တိုင် ...၊ သူ့စိတ် အတွေးတွေကတော့ ... ရုန်းရင်းဆန်ခတ် ဗြောင်းဆန်လျက် ရှိသည်။ သူသည် "ပစ်စာ" ကို ထုတ်မကြည့်ဘဲ၊ စာရွက်ပေါ် မှ စာသားများကို မှတ်မိသမျှ စိတ်ထဲမှ အလွတ်ဆိုကြည့်နေသည်။
"ကိုကြီးသန်းဆိုင်၊ ထမင်းစားလို့ ရပြီ။ ပြင်ပြီးပြီ" ဟု မိထူးက မီးဖိုချောင်တံခါးဝကနေ လှမ်းပြော တော့၊ သန်းဆိုင် မှာ ရန်လိုနေသော ခွေးကို ရန်သွားစသကဲ့သို့ ရှုးရှုးရှားရှား ဖြစ်သွား၏။

"နင့်အမေ့လင် နေမကောင်းပါဘူးဆိုနေမှ ထမင်းခေါ်ကျွေးတဲ့ သူက ရှိသေးတယ်။ အတော်ချောက် မှန်း ကမ်းမှန်း မသိတဲ့ဟာမကလေး" ပြစ်တင်ကြိမ်းမောင်းခံရသည့်တိုင် မိထူးကတော့ ခံစားမှုကင်းမဲ့ ဟန် ကျောက်ရုပ်မျက်နှာကြီးဖြင့် ပြန် လှည့်သွားသည်။ မိထူးကို ငေါက်လိုက်ရသဖြင့် စန်းချို ကို ငေါက်ငမ်း ဆူပူလိုသော ဆန္ဒအချို့ တစ်ဝက် လျော့ပါးသွားသည့်နှယ်၊ သန်းဆိုင်ရင်ပေါ့သလိုလို ခံစားရလေ၏။ သို့သော် ... မိနစ် ပိုင်း အတွင်း "ပစ်စာ" ၏ နှိုးဆွလှုပ်ယမ်းမှုကို အသည်းတအေးအေး ခံစားသတိရလာပြန်ကာ၊ အသက်ရှူမြန်လာခဲ့ရပြန်လေသည်။ လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက် ဖြန့်လိုက်လုပ်နေမိ၏။

"ဟေ့ အိမ်ပေါ်က လူမမာ၊ ထမင်းမစားရင် ဆန်ပြုတ်သောက်မလား၊ ယမ်ယမ်ခေါက်ဆွဲပြုတ် သောက်မလား ...၊ စားချင်တာ ကို မိထူး ပြောလိုက်။ ပြီးမှ နေမကောင်းတာကို အခွင့်အရေးယူပြီး ကကျီကကြောင် မလုပ်နဲ့ဟေ့"
မိထူး ကို ငေါက်သံ စန်းချို ကြားသွားပြီး၊ ဈေးဆိုင်ကနေ သန်းဆိုင်ကို လှမ်းငေါက်လိုက်သောအခါ သန်းဆိုင်က အသံ မထွက်မိအောင် ပါးစပ်တင်းတင်းစေ့ထားလိုက်တော့၏။
××× ××× ×××

မရေမတွက်နိုင်အောင် များပြားလှသော အသင်္ချေနေ့လယ်ခင်း ကာလများတွင် အိမ်ရှေ့ ဈေးဆိုင် ကလေး၏ ကြမ်းပြင် ကျဉ်းကျဉ်းကလေးမှာ ထိုင်နေကျဖြစ်ခဲ့သော အကျင့်သည် ယနေ့မူ ...၊ ယင်း၏  ပုံမှန်ဖြစ်မြဲ အစီအစဉ် ပျက်နေခြင်းကို ဆန့်ကျင်တွန်းလှန်နေသည်။ သန်းဆိုင်မှာ နေမကောင်းချင် ယောင်ဆောင်ပြီး အိမ်ပေါ်မှ ငုတ်တုတ်ထိုင်လိုက်။ အိပ်ရာထဲ ၀င်လှဲလိုက်နှင့် နေလို့မရတော့။ နေမထိထိုင်မသာ၊ ရင်ထဲမှာ ဟာတာတာ ဖြစ်လာသည်။ နောက်ထပ် ဆိုးချက်တစ်ခုကတော့ ...၊ နေမကောင်းဟုဆိုကာ ကူလီကူမာလုပ်ပြီး ထမင်းမစား ဘဲ တင်းခံနေခြင်းကြောင့်၊ ၀မ်းဗိုက်ပူပူကြီး ထဲမှာ လေလှိုင်းတွေ တဂွီးဂွီးအော်လျက် ရင်တလှပ်လှပ် တုန်အောင် ဆာလောင်နေခြင်း ဖြစ်၏။ နေ့လယ်မွန်းတည့်လောက်ကတော့ ...၊ လူမမာဟန်ပန်တစ်ခွဲသားဖြင့် မိထူးကို ဆိုင်မှာရောင်းသော ကော်ဖီမစ်တစ်ထုပ် ဖျော်ခိုင်းသည်။ ဆိုင်မှာ ရောင်းသည့်၊ ကလေးကြိုက် သကြားဌာပနာ နှစ်လွှာ ထပ်ဘီစကစ်မုန့်နှစ်ချပ်နှင့် ကော်ဖီမစ်ကို သောက်ခဲ့သည်။ သူ့ဝမ်းခေါင်းကျယ်ကြီးက၊ ထိုမျှသော အာဟာရဖြင့် မည်သို့လျှင် တင်းတိမ်နိုင်မည်နည်း။ ဆင့်ပါးစပ်နှမ်းပက်ရုံမျှသာ ...။ ကျားငတ်ကြီးကို အမဲသားစ ငါးကျပ်သား ကျွေးရုံမျိုးသာပ။

ဆိုင်မှာလည်း ဆင်းထိုင်ချင်။ ဆိုင်မှာရှိသည့် ဖီးကြမ်းငှက်ပျောသီးကိုလည်း အဆာပြေစားချင်သည် နှယ်၊ သန်းဆိုင် ဆွယ်တာကြီးဝတ်၊ ခေါင်းပေါင်းကြီးပေါင်းပြီး အိမ်ပေါ်က ဆင်းလာသည်။ ဈေးရောင်းနေသော မိထူး ကို နေရာဖယ်ခိုင်း အနားပေးပြီး သူ၏ရာဇပလ္လင်သွယ်ဖြစ်သော ဆိုင်ကြမ်းပြင်ကလေးမှာ ၀င်ထိုင်သည်။ ထိုအချိန် မှာ ... စန်းချိုကတော့၊ ထမင်းတ၀တပြဲ စားပြီး၊ စက်တော်ခေါ်နေပြီ ဖြစ်၏။ အိပ်ရာ က နိုးလျှင် ရေမိုးချိုး အ၀တ်လဲ၊ အလှပြင်ပြီး ဆိုင်မှာ ရေမွှေးနံ့ လှိုင်လှိုင်နှင့် ထိုင်ပါလိမ့်မည်။ "နေပူကပူနဲ့၊ ဆွယ်တာကြီး ၀တ်လို့ဗျာ၊ ခေါင်းပေါင်းကြီးလည်း ပေါင်းထားသေး၊ ခင်ဗျားကြည့်ပြီး ကျွန်တော်တို့တောင် အိုက်လာပြီဗျာ ..."

အလုပ်မရှိ အကိုင်မရှိ၊ အားအားလျားလျား ရှိလျှင်၊ ဆိုင်ရှေ့ခုံတန်းလျားမှာ ကွမ်းတမြုံ့မြုံ့နှင့် လာထိုင် တတ်သော၊ စာယောင် ကဗျာယောင် ခင်မောင်ငြိမ်းက၊ ဆိုက်ကားကို မေ့ထားပြီး၊ ဆိုင်ရှေ့ မှာ လာ အပျင်းထူနေသော ကျော်ကြီးဘေးကနေ လှမ်းပြော၏။ ခုံတန်းလျားနှစ်လုံးတွင် သူတို့ နှစ်ယောက်မှတစ်ပါး အခြားသူတွေမရှိ။ "တောင်ထိပ် ကြာပေါက် အနောက်နေထွက်ဆိုတာ ဒါပေါ့ကွ၊ အမြဲတမ်း အင်္ကျီချွတ်နဲ့နေတဲ့သူ ... နေ့ခင်းကြောင်တောင် အိုက်ကြရတဲ့အထဲ ဆွယ်တာကြီးဝတ်လို့၊ ကိုသန်းဆိုင် ဦးနှောက် မှ ကောင်းသေးရဲ့လားဗျာ" ဟု ကျော်ကြီး က မထိခလုတ်ထိခလုတ် လှမ်း၍ စလိုက်ပြန်သည်။ သန်းဆိုင် မျက်မှောင်ကြုတ် ပစ်လိုက်၏။

"မင်းတို့ အတော်ဖျင်းတဲ့ ကောင်တွေပဲ၊ ဒီအချိန်မှာ ငါဆွယ်တာကြီး ၀တ်ထားကတည်းက ... ငါ နေမကောင်း လို့ဆိုတာ မပြောဘဲနဲ့ သိဖို့ ကောင်းတယ် ... ချီး ..."
"ဆောရီးဗျာ၊ ဆောရီး ... ကျွန်တော်တို့ မသိလို့ပါဗျာ၊ ကိုသန်းဆိုင် မနေ့ညက အကောင်းကြီးပါဗျာ။ ဆိုင်ပိတ်ပြီးမှ ... ကာရာအိုကေအိမ်မှာ သီချင်းလာဆိုတာတောင် ကျွန်တော် တွေ့လိုက်သေး တယ်။ တွံတေးသိန်းတန်သီချင်းကို ... ကိုသန်းဆိုင် ဟစ်သွားတာ တကယ်ပိုင်တယ်ဗျာ၊ ပြိုင်ပွဲ သာဆိုရင် ကိုသန်းဆိုင် ဆုရနိုင်တယ်ဗျ ..." ဟု ခင်မောင်ငြိမ်းက၊ လေပြေထိုးသော်လည်း သန်းဆိုင်ကတော့ မှုန်တေတေနှင့်ပင်။ ဘယ်သူ နဲ့မှ စကားမပြောချင်ကာမှ ...၊ စကားမရှိ စကားရျာ တဲ့ ကောင်တွေနဲ့ လာတိုးနေရပြီ၊ လာ လာပြန်ပြီ လေအိုးတစ်ယောက် ၀မ်းနိုင်းတူးဆိုတဲ့ကောင် သန်းဆိုင် ရှုဆေးဗူးကို ဟန်ဆောင် ပန်ဆောင် ရှုပြလိုက် သည်။

ဝမ်းနိုင်းတူးက အားလပ်နေသော ခုံတန်းလျားမှာ ခြေပစ်လက်ပစ် ၀င်ထိုင်သည်။
"ဘယ်လိုလဲ ဆရာသမား ...။ ငြိမ်းချမ်းရေး ရပြီလားဗျ ..."
ဝမ်းနိုင်းတူးက၊ ၀သီအတိုင်း စကားစသည်။ မနက်က သူ့ဆိုက်ကားစီစဉ်က၊ စန်းချိုနှင့် ရန်ဖြစ်ထား သည်ဟု သန်းဆိုင်ပြောထားခြင်း ကို မှတ်မိဟန်ဖြင့် စပ်စပ်စုစု လုပ်လာခြင်း ဖြစ်လေသည်။ သန်းဆိုင်က စကားမဆက်ဖို့၊ မျက်နှာထား ပုပ်ပုပ်လုပ်ပြရင်း ခေါင်းခါသည်။ ၀မ်းနိုင်းတူးက ...
"အိုကေ … အိုကေ" ဟု အတွန့်တက်လိုက်သေး၏။

"နေမကောင်းလည်း … အိမ်ပေါ်မှာ နေပေါ့ဗျာ။ ဘာလို့ဆိုင်မှာ လာထိုင်ရတာလဲ၊ ဒီမှာက လေစိမ်း တွေ တိုက်တယ်၊ မစန်းချိုကို ရောင်းခိုင်းရင် ရရဲ့သားနဲ့ ကိုသန်းဆိုင်ရာ"
ကျော်ကြီးကလည်း အမှန်တကယ် ကရုဏာသက်ဟန်ဖြင့် ပြောပြသည်။ "ဒီလောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ အာဂန္တုဖျား ဖျားတာပါ။ သက်သာသွားပါပြီ။ အိမပေါ်မှနေရတာ ပျင်းလို့ကွ"
မရည်ရွယ် ဘဲနှင့် ကျော်ကြီးကို စကားပြန်လိုက်၏။ ဟုတ်တော့ ဟုတ်သား …။ သူ့အသိက ဘယ်သူန့နဲ့မှ စကား မပြောချင်တာ၊ သူ့အတွင်စိတ်ကမူ … ခါတိုင်းလို ဆိုင်ကိုလာသမျှ လူတွေနှင့် စကားဖောင် ဖွဲ့ဖို့၊ တောင်းဆိုနေတာကလား …။

"ကျွန်တော်တော့ နေမကောင်းလို့ အိမ်မှာ ကုပ်နေရပေမဲ့ မပျင်းတတ်ဘူး၊ စောင်ကလေးခြုံ၊ ပက်လက် ကုလားထိုင်မှာကွေးပြီး ၀တ္ထုကောင်းကောင်းတစ်ပုဒ်ကို ဇိမ်နဲ့ ဖတ်နေတော့တာပဲ၊ အဲသလို ဖက်လိုက်ရင် ဖျားတဲ့ အဖျားက တစ်ဝက်လောက် လျော့ကျသွားရောပဲ ကိုသန်းဆိုင်၊ မယုံမရှိနဲ့၊ ကျွန်တော့်ကိုယ်တွေ့ပဲ၊ စာပေ ဟာ ဆေးဝါးတစ်မျိုးဆိုတာ ကျွန်တော် လက်ခံတယ် …"
ခင်မောင်ငြိမ်းက သန်းဆိုင်နှင့် နီးအောင်နေရာရွှေ့ထိုင်ရင်း သန်းဆိုင်မျက်နှာကို တည့်တည့်ကြည့် ပြီး တက်ကြွ လန်းရွှင်စွာ ပြောလာသည်။
သန်းဆိုင် သည် စန်းချို မနိုးမီ၊ မတွေ့မမြင်မီ၊ ဖီကြမ်းငှက်ပျောသီးတွေကို ဆာဆာနှင့် ပလုပ်ပလောင်း ၀ါးရင်း …
"မင်းက စာရူးပေရူးဆိုတော့ ဒီလိုပဲ ပြောမှာပေါ့ကွာ၊ စာဖတ်ရုံနဲ့ အဖျားကျသွားတယ်ဆိုတာတော့ လုံးဝယုတ္တိ မရှိဘူး၊ ဖျားတဲ့လူတစ်ယောက်ဟာ မျက်ခုံးရိုးတွေကိုက်၊ မျက်စိတွေ ပူနေတဲ့နောက် … စာဖတ်နိုင်ပါဦးမလား တဲ့ကွာ ဟင်" ဟု ခင်မောင်ငြိမ်းကို နာသာခံခက် နှိပ်ကွပ်လိုက်၏။

"ကျွန်တော်က စာပေ၀ါသနာပါလို့ စာပေဘက်က လိုက်ပြောတာ မဟုတ်ပါဘူး ကိုသန်းဆိုင်၊ ကျွန်တော် အဖျားပျောက်တဲ့ စာအုပ်မျိုးကို ခုလို ကိုသန်းဆိုင် ဖျားတဲ့အချိန်မှာ ဖတ်ကြည့်စေချင် တယ် …၊ အနည်းဆုံးတော့ အဖျားလျော့သွားစေရမယ်"
"မင်း စာအုပ်က ဘာစာအုပ်မို့တုံးကွ"
"မြန်မာလိုရေးထားတဲ့ နိုင်ငံခြားဇာတ်လမ်းဗျ၊ အင်မတန် စိတ်ကောင်း နှလုံးကောင်းရှိပြီး သိပ်ရိုးတဲ့ မြို့စားကြီးရဲ့ မိန်းမ ကတော် တော်လှတယ်၊ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်တို့ထက်တောင် လှဦးမယ်၊ မြို့စားကြီးထက်လည်း အသက် ငယ်တယ်၊ မြို့စားကြီးက သူ့မိန်းမ မြို့စားကတော်ကလေးကို ဖူးဖူး မှုတ်မတတ် ချစ်တဲ့အပြင်၊ အရမ်း အလိုလိုက်တယ်၊ အလိုလိုက်တော့ ကောင်မက အမိုက်စော်ကား တော့တာပေါ့၊ အဲဒီမိန်းမဟာ သူတို့ခြံဝင်းကြီး ထဲမှာ ပန်းပင်တွေရေလောင်း၊ ပေါင်းရှင်း၊ အမှိုက်ကျုံး တဲ့ အလုပ်သမားနဲ့ ဖောက်ပြန်သတဲ့ဗျ။ အလုပ်သမား က အစေခံ ကျေးကျွန်ဆိုပေမဲ့၊ အရွယ်ငယ် တယ်၊ ဗလတောင့်တယ်၊ ရုပ်ဖြောင့်တယ်၊ ကုလားတွေလို အမွေးအမှင်ထူထူနဲ့ပေါ့ဗျာ …"

"ဟေ့၊ ခင်မောင်ငြိမ်း … တော်တော့ကွာ၊ မင်းအမေ့လင် ကျက်သရေမရှိတဲ့ စာအုပ်ကြီးပဲ၊ လင်ငယ် နေ မျောက်မထားတဲ့ စာအုပ်မျိုးမင်းမို့ ဖတ်သကွာ … ထွီ"
သန်းဆိုင် မှာ ငြိမ်သက်စွာ ထိုင်နေရာမှ၊ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာပြီး၊ မျက်နှာကြီးကပါ၊ ပုံပျက်ပန်းပျက် နီမြန်း လာ၏။ သူ့ကို ကြည့်၍ ပြစ်တင်ဟိန်းဟောက်ခြင်းခံရသော ခင်မောင်ငြိမ်းပင် အံ့အားသင့် သလိုလို ငေးကြောင်သွားရာမှ၊ မချိသွားဖြဲပြုံးကာ …
"အဲဒီ စာအုပ် က ကမ္ဘာကျော်စာအုပ်ဗျ" ဟု အနာပေါ် တုတ်ချလိုက်ပြန်လေလျှင်၊ သန်းဆိုင်မှာ ထခုန်တော့ မတတ် လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။

"ကမ္ဘာကျော်-မင်းအမေ့လင်ကမ္ဘာကျော် …။ ကာမေသုမိစ္ဆာ အကြောင်းရေးထားတဲ့စာအုပ်က … ကမ္ဘာကျော်၊ ဟုတ်လား …၊ တော်တော့ကွာ … တော်တော့၊ ကြားရရုံနဲ့ နားသနလွန်းတယ်"
သန်းဆိုင် က အာခေါင်ထဲမှ တံတွေးအကပ်အသပ်ကို ကုတ်ခြစ်ပြီး ထွေးလိုက်ပြန်သည်။ သူ၏ ပြင်ပ အမူအရာ၊ သဏ္ဍာန် ထက်စာလျှင် သူ့ခန္ဓာတွင်းမှ မီးဟုန်းဟုန်း ထတောက်သွားခြင်းက ပို၍ စိတ်ထိတ်ကြောက်မက် ဖွယ်ကောင်းနေမှန်း သူမှတစ်ပါး ဘယ်သူမှမသိ။ စန်းချို ဖောက်ပြန်တာသိရ လို့ ဘာမှမကြားသေး ဘူး။ ဖောက်ပြန်တဲ့ မိန်းမအကြောင်းရေးထားတဲ့စာအုပ်ကို ဖတ်ဖို့ လာပြောတဲ့ ကောင်က ပေါ်လာသေး …၊ အတော် ကျက်သရေတုံးတဲ့နေ့ပဲ …။

ခင်မောင်ငြိမ်းတို့ သုံးယောက်က သန်းဆိုင်က ၀ိုင်းကြည့်ပြီး သရော်ပြုံး ပြုံးနေကြ၏။ သုံးယောက် ထဲတွင်၊ လူကဲခတ် သည့် အညံ့ဆုံးနှင့် စကားအပေါက်အစပ်အများဆုံး ၀မ်းနိုင်တူးက ထရပ်လိုက်ကာ …
"ဒီကိစ္စ က ဘာဆန်းလို့လဲဗျာ၊ လောကကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဆရာသမား" ဟု၊ စကားတံရှည် လိုက်သည့်အခါ … သန်းဆိုင်သည် ဆိုင်ပေါ်ကနေ ခုန်ဆင်းပြီး ၀မ်းနိုင်းတူးကို လည်ပင်းညှစ်ချင် စိတ်တွေ ရုန်းထ လာတော့၏။ သူ့စိတ်အာရုံတွင် အလွန်အကျွံ အလှပြင်ထားသော စန်းချို၏ ပုံသွင် သည် အီဗရာဟင်၏ လက်ဖက်ရည်ဆိုင် မြင်ကွင်းနှင့် ထွေးယှက်ရော ရှုပ်လာသည်။ အလို အလျောက်၊ ထင်ယောင် ထင်မှားပေါ်လာသော သူစိမ်းလူမျိုးခြား၏ ရုပ်သဏ္ဍာန်ကလည်း သူ့စိတ် အမြင်ထဲ မှာ ပေါ်ချည်ပျောက်ချည်ဖြစ်လျက် ရှိသည်။

"ဟိတ်ကောင် ၀မ်းနိုင်းတူး၊ ဖြစ်ရိုးဖြစ်စဉ်ဆိုရင် … မင်းမိန်းမ လင်ငယ်နေရင်ကော မင်း မသိချင် ယောင်ဆောင်နေမှာလား ကွာဟင်" ဟု သန်းဆိုင်သည် မူမမှန်သော အသံအောကြီးဖြင့် အော်ပစ် လိုက်မိသည်။
"ကျုပ်မိန်းမ မီးယပ်ပိန်မီးယပ်ခြောက်မက။ ကလေး ၅ယောက်နဲ့ ဂျင်ခြေလည်နေလို့ … မကဲအားပါ ဘူး ဆရာ သမားရယ်"
ဝမ်းနိုင်းတူး က ရယ်ရယ်မောမော ပြောနေစဉ်၊ သန်းဆိုင်၏ မျက်နှာကြီးမှာ နီမြန်းရာက ညိုပုပ် မည်းညစ်ရှုံ့တွ လာလော သည်။ ဒီ ခွေးသားတွေ ငါ့ကို တမင်ဒုက္ခလာပေးနေကြတာပါလား … ဘုရား … ဘုရား … ဟု သွေးရူးသွေးတန်း ဘုရားတမိပြန်တော့၏။

ဤတွင် …၊ သန်းဆိုင်အတွက် ကယ်တင်ရှင်ပေါ်လာသည်။ ကွမ်းယာဝယ်ရန်၊ ဘုရားကြီးအနောက် ဘက် ကွက်သစ်ထဲမှ လရယ်နှစ်ယောက် ၀င်လာကြခြင်း ဖြစ်၏။ သန်းဆိုင်လည်း ၀မ်းနိုင်းတူးကို မဆဲဖြစ်တော့။ စကား တပြောပြောနှင့် ရောက်လာကြသော လူရွယ်တွေက ဆိုင်ရှေ့မှာ ရပ်သည် အထိ စကားကြော မပြတ်ကြသေး။
"မင်းဆရာကတော်ကို ပဲခူးမှာ သွားမိတော့ မင်းဆရာက ဘာလုပ်သလဲ"
"င့ါဆရာက … ပုတီးသမား သူတော်ကောင်းကြီးကွ၊ ဆရာက တော်ယူသွားတဲ့ လက်ဝတ်လက်စား တွေကို လက်ဖွဲ့အဖြစ် ပေးပြီး၊ သူတို့ နှစ်ယောက်ကို သူကိုယ်တိုင် ရုံးမှာ အတိအလင်း လက်ထပ် ပေးလိုက်တယ်ကွ၊ ဟိုငနဲက တော်တော်ကံထူးတာပဲကွာ"
"ငါဆိုရင်တော့ … နှစ်ယောက်စလုံးကို ဓားနဲ့ နုပ်နုပ်စဉ်းပြီး ကြိုးစင်တက်လိုက်မယ်ကွာ၊ ဆံတစ်ပင် တင်း ချစ်ခြင်းမယား ရည်းစားလူလု အူနုကျွဲခတ်တဲ့ကွ …၊ မင်းဆရာလိုတော့ သဘာထားကြီး မနေနိုင်ဘူး ငါ့လူ"

သန်းဆိုင်လက်တွေ တဆတ်ဆတ်တုန်ရင်း၊ ကွမ်းယာအစပ်အဟပ်တွေ တလွဲတချော်တွေ ဖြစ်ကုန် သည်။ ထုံးများသွားသော ကွမ်းရွက်ကို ဘေးဖယ်ပြီး၊ နောက်ကွမ်းရွက်အသစ်မှာ ထုံးဆွတ်ပြန် တော့လည်း ထုံးတွေထူပိန်ဖွေးလက်သွားပြန်၏။ အာမွှေးဘူးအစား၊ ဆေးမွှေးဘူးကို မှားကိုင်မိသည်။
"ဟာအစ်ကို၊ ဆေးတွေ များသွားပြီး၊ ဗမာဆေး ဒီလောက်ကြီးနဲ့သာ ၀ါးမိရင် ကျွန်တော်ဒီဆိုင်ရှေ့ တွင် … မှောက်သွားလိမ့်မယ်"
ကွမ်းယာဝယ်သူ လူရွယ်က ခပ်ပြုံးပြုံးနှင့်သာ သတိပေးသည်။ သန်းဆိုင်က ဆေးရွက်ကြီးတွေကို ပြန်ဖယ်ရင်း ကွမ်းသီးစိတ်တွေပါ၊ ဖယ်ထုတ်မိ၏။ ပြီးမှ သတိရပြီး … ကွမ်းသီးစိတ်တွေ ပြန်ထည့် သည်။ ပုံမှန်ထက်၊ ကွမ်းသီးစိတ်တွေ ပိုသွား၍ ကမန်းကတန်း ပြန်နုတ်ယူရပြန်လေသည်။

"သူစားတတ်တဲ့ ကွမ်းယာနဲ့မှားလို့ ဖြစ်ပါလိ့မ်မယ် င့ါညီရာ …၊ ဒီဆရာကြီးက ဆေးဝိဇ္ဇာကွ၊ ဗမာဆေး ဘယ်လောက် စားစား မမူးဘူး ဟဲဟဲဟဲ"
ပါးစပ် အငြိမ်မနေနိုင်သော ၀မ်းနိုင်းတူးက၊ သက်သက်မဲ့ လျှာချောင်နေပြန်သည်။ သန်းဆိုင်သည် ၀မ်းနိုင်းတူးကို စိတ်ထဲ ကနေ ပျစ်ပျစ်နှစ်နှစ်ဆဲ နေသည်။ ကွမ်းယာလုပ်ရတာ အဆင်မပြေရတဲ့ အထဲ … ၀မ်းနိုင်တူး ခွေးသားက ကြားကနေ လေကြောင်တွေ ၀င်မှုတ်နေပြန်ပြီ။ ငါဒီနေ့ … ကွမ်းယာရောင်းရတာ အဆီအငေါ်ကို မတည့်ပါလား … ဟု တွေးရင်း၊ သန်းဆိုင်သည် အသံမမြည် အောင် သက်ပြင်းတွေ တစ်လုံးပြီး တစ်လုံးချကာ အသက်ပြင်းပြင်း ရှူသွင်းနေရ ရှာ၏။

ယခုအခါ …၊ အမြဲနင်ပဲငဆပြောပြီး၊ အပေါ်စည်းက ဖိဆက်ဆံထားခဲ့သော ၀မ်းနိုင်းတူး၊ ကျော်ကြီး နှင့် ခင်မောင်ငြိမ်း တို့၏ မျက်နှာများကို ရဲရဲမကြည့်ဝံ့သလို ခံစားနေရသည်။ လိပ်ပြာမလုံသော သိမ်ငယ်စိတ်က၊ မ၀င်စဖူး ၀င်လာသောကြောင့် သန်းဆိုင်သည် တစ်ခုခုဆုံးရှုံးသွားရသကဲ့သို့ ၀မ်းနည်းနေပြန်၏။
လူရွယ်နှစ်ယောက်ကို ကွမ်းယာပေး၊ ငွေသိမ်းပြီးသည်နှင့်၊ သန်းဆိုင်သည် အိမ်ဘက်သို့ ခေါင်းငဲ့ကာ …၊ အသံအစ်အစ်နှင့် အော်ခေါ်လိုက်သည်။

"မိထူးရေ … မိထူး၊ ဆိုင်ကိုလာဦးဟ"
အိမ်ပေါ်မှာ ပျင်းပျင်းရှိ၍ ဆိုင်ထဲသို့ ဆင်းလာကာမှ နဂိုက ယောင်ယက်ခတ် ပူလောင်နေသော စိတ်တွေပို၍ ကယောက်ကယက်ဖြစ်အောင် ဖန်တီးသည့် ပယောဂယောင်တွေနှင့် လာတိုးနေ သည်။ ဖောက်ပြန်သည့် လင်ရှိ မယားတွေ အကြောင်းပဲ ကြားနေရသည်။ ဆောက်တည်ရာမရတော့ သဖြင့် ဈေးရောင်းရမှာလည်း အမှားအယွင်း၊ အဖုအထစ်တွေ တွေ့လာရ၏။ အိမ်ပေါ်တက်ပြီး လူမမာဟန်ဆောင်နေခြင်းသာ အသင့်တော်ဆုံး ဖြစ် မည်။

ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

အပိုင်းဆက်လေးတွေ အားပေးရင်း စောင့်မျှော်လျှက်ပါမမရေ..