Tuesday, May 8, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၁)

"သဘာဝတရားအတိုင်း ဆိုရင်တော့ သူက မင်းကို စိတ်ချမ်းသာစေချင်မှာပေါ့လေ… သူဟာ အင်မတန် စွဲမက် စရာကောင်းတဲ့ လူဖြစ်တယ်ဆိုတာကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့… အင်း…ဟို… ဝမ်းတော့ နည်း ပါရဲ့ကွယ်… ငါထင်တာကတော့ မင်းဟာ ဧရာမအမှားကြီးတစ်ခုကို လုပ်နေတာပဲ။ ဒီအတွက် မင်း အကြီး အကျယ် စိတ်ဆင်းရဲရလိမ့်မယ်"
ပေါင်ဒါဗူး ကို သူ ပြန်ချလိုက်သည်။ ပြီးတော့ ကျွန်မကို သမင်လည်ပြန် ပြန်ကြည့်နေ ပါသည်။ နောက် ဆုံး မှာတော့ သူ ရိုးရိုးသားသား စေတနာနှင့် ပြောဆိုဟန်တူပါသည်။ သို့သော်လည်း ထိုရိုးသားပုံမျိုးကို ကျွန်မ အလို မရှိပါ။ ကျွန်မ ဘာမျှမပြောဘဲ နေလိုက်သည်။ သို့သော်လည်း ကျွန်မ၏မျက်နှာ အမူအရာ ကတော့ ဘယ်နည်းနှင့်မျှ ရွှင်ရွှင်ပျပျ မရှိနိုင်တော့ပါ။ ထို့ကြောင့် လည်း မစ္စက်ဗန်ဟော့ပါးက အလှပြင် စားပွဲရှိရာ သို့ လျှောက်သွားသည်။ မှန်ထဲမှာကြည့်ပြီး မှိုပွင့်ငယ် သဏ္ဌာန် သူ့ဦးထုပ်ကို ပြင်ဆောင်းနေသည်။
ကို ဆက်ဖတ်ရန်......

သည်အဘွားကြီး သွားတော့မည်ဆိုသည့်အတွက် ကျွန်မ ဝမ်းသာနေမိသည်။ သူနှင့် ထပ်တွေ့ရတော့ မှာမဟုတ်သည့် အတွက် လည်း ဝမ်းသာမိပါသည်။ သူနှင့်အတူ အချိန်ဖြုန်းခဲ့ရသည့် လတွေ၊ ကျွန်မကို သူ အလုပ်ခန့် ထားခဲ့ တာတွေ၊ သူပေးသည့် ပိုက်ဆံများကို ယူခဲ့မိတာတွေ၊ သူ သွားလေရာရာနောက် သို့ အရိပ်ပမာ တကောက်ကောက်လိုက်ခဲ့ရတာတွေ… အို… ဒါတွေ အားလုံးကို ကျွန်မ စိတ်အနာကြီး နာမိ ပါသည်။ အာဃာတစိတ်တွေ အပွားကြီး ပွားမိပါသည်။

ကျွန်မ တွင် ဘာအတွေ့အကြုံမျှမရှိသည်မှာ မှန်ပါသည်။ ကျွန်မသည် ရူးရူးမိုက်မိုက်ဖြစ်သည်မှာ မှန်ပါ သည်။ အရှက်အကြောက်ကြီးသည်။ အသက်ငယ်သည်။ ဒါတွေအားလုံးကို ကျွန်မ သိပါသည်။ သူ ပြောပြ စရာ မလိုပါ။ ယခုတော့ သူ ပြောပုံဆိုပုံတွေက သိသာထင်ရှားလှသည်။ ကျွန်မ လင်ကောင်း သားကောင်း ရမည့်အတွက် သူက မနာလိုတိုရှည် ဖြစ်နေပုံရသည်။ ကြားက ဝမ်းနည်း ပက်လက်ဖြစ်နေပုံ ရ သည်။

ကောင်းပါပြီ။ ကျွန်မအနေဖြင့် ဘာမျှ ဂရုစိုက်နေစရာမလိုပါ။ သူ့ကို ကျွန်မ မေ့ပစ်ရမည်။ သူပြောတာ မှိုချိုးမျှစ်ချိုး စကားလုံးများကိုလည်း မေ့ပစ်ရမည်။ ဟိုကဗျာစာအုပ်ထဲက စာရွက်ကိုဆွဲဖြဲပြီး အစိတ်စိတ် အမွှာမွှာ ဆုတ်ကာ မီးရှို့ပစ်လိုက်ပြီးကတည်းက ကျွန်မ၏စိတ်ထဲမှာ ယုံကြည်ချက်အသစ်တွေ မွေးဖွား လာသည်။
ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်ကြားမှာ အတိတ်အကြောင်းတွေ လုံးဝပေါ်ပေါက်ရတော့မည်မဟုတ် ပါ။ ကျွန်မ တို့ ဇနီးမောင်နှံ သည် ဘဝသစ်တစ်ခုကို စတင်ထူထောင်ကြရပါတော့မည်။ အမှိုက်ခြင်းထဲ မှာ ပြာမှုန် များ ပျောက်ကွယ်သွားသလို အတိတ်သည်လည်း လွင့်ပါးပျောက်ကွယ်သွားပါပြီ။

ကျွန်မသည် မစ္စတာဒီဝင်းတား၏ဇနီး မစ္စက်ဒီဝင်းတား ဖြစ်ရပါတော့မည်။ ကျွန်မသည် မန်ဒါလေစံအိမ် ကြီးမှာ သွားရောက်နေထိုင် ရပါတော့မည်။
မကြာမြင့်တော့သော အချိန်တွင် မစ္စက်ဗန်ဟော့ပါး ထွက်ခွာတော့မည်။ ကျွန်မမပါဘဲ သူတစ်ယောက် တည်း မီးရထားတွဲ ထဲမှာ ထိုင်လိုက်သွားရတော့မည်။ သည်အခါတွင် မစ္စတာဒီဝင်းတားနှင့် ကျွန်မ ကတာ့ သည် ဟိုတယ် စားသောက်ခန်းအတွင်းရှိ ထိုင်နေကျစားပွဲမှာထိုင်ပြီး နေ့လယ်စာကို အတူ စား သောက်နေကြတော့ မည်။ ရှေ့ရေးအစီအစဉ်တွေကို တိုင်ပင်ချမှတ်နေပါတော့မည်။
ဧရာမ စွန့်စားခန်းကြီး ၏နှုတ်ခမ်းသားပေါ်သို့ ရောက်ရှိနေပါပြီ။ သည်အဘွားကြီး ထွက်သွားပြီးသည်နှင့် တစ်ပြိုင်တည်း နောက်ဆုံးမှာတော့ ကျွန်မကို ချစ်မြတ်နိုးကြောင်းနှင့် သူ ပျော်ရွှင် စိတ်ချမ်းမြေ့ မိ ကြောင်း များ ကို ပြောပြပေလိမ့်မည်။

ယခုအချိန်အထိတော့ ထိုစကားပြောဖို့ သူ့မှာအချိန်မရှိသေးပါ။ နောက်ပြီးတော့ သည်လိုစကားမျိုးဆို သည်ကလည်း ပေါ့ပေါ့တန်တန် ပြောကောင်းမည်မဟုတ်ပါ။ ပြောသင့် ပြောထိုက်သော လျော်ကန်သင့် မြတ်သည့်အချိန်ကို စောင့်ဆိုင်းရပါဦးမည်။ အချိန်မရသေးပါ။

ကျွန်မ မော့ကြည့်သောအခါတွင် မှန်ထဲမှာ မစ္စက်ဗန်ဟော့ပါး၏အရိပ်ကို လှမ်းမြင်လိုက်ရပါသည်။ အဘွားကြီး က မှန်ထဲမှတစ်ဆင့် ကျွန်မကို ကြည့်ရှုအကဲခတ်နေပါသည်။ သူ့နှုတ်ခမ်းပေါ်မှာလည်း မချို မချဉ်ပြုံး ကလေးတစ်ခု ရှိနေပါသည်။ ဘာပဲဖြစ်ဖြစ် ရွှန်းရွှန်းဝေစကားတွေကို သူ ဆိုလိမ့်မည်ဟု ကျွန်မ ထင်လိုက် ပါသည်။ အားပေးစကားကို ပြောလိမ့်မည်ဟု ကျွန်မ ထင်ပါသည်။ အရာရာတို့ ချောမွေ့သွား မည်ဖြစ်သောကြောင့် ဘာမှ မပူပါနှင့်ဆိုသော စကားမျိုးကို ပြောလိမ့်မည်ဟု ကျွန်မ ထင်မိပါသည်။ သို့ သော် လည်း သူ ပြုံးမြဲသာပြုံးနေပါသည်။ ကျွန်မထင်ထားသည့် စကားမျိုးကို တစ်လုံးတစ်ပါဒမျှ သူ မပြောပါ။ တွန့်လိမ်နေ သည့် ဆံပင်များကိုသာ ဦးထုပ်အောက်သို့ ထိုးသွင်းနေသည်။

"ဘာဖြစ် လို့ မင်းကို သူ လက်ထပ်တယ်ဆိုတာ မင်း သိမှာပါ။ သိတယ် မဟုတ်လားဟင်… မင်းကို သူက ချစ်နေတယ် ဆိုတဲ့အတွက် မင်း စိတ်ကြီးဝင်မသွားမိဘူး မဟုတ်လား။ တကယ်တော့ အိမ်ရှင်မ မရှိတဲ့ အိမ်ကြီးထဲ မှာ သူ နေနေရတဲ့အတွက် သူ့ခမျာ ရူးမတတ်ခံစားနေရပါတယ်။ မင်း ဒီအခန်းထဲ ဝင် မလာခင် သူက ငါ့ကို ဖွင့်ပြောသွားပြီးပြီလေ… ဒီ မန်ဒါလေစံအိမ်ကြီးထဲမှာ အဖော်မရှိဘဲနဲ့တော့ ဘယ် နည်းနဲ့မှ သူတစ်ယောက်တည်း မနေနိုင်တော့ပါဘူးတဲ့…"

အခန်း (၇)

မေလဆန်းတွင် မန်ဒါလေစံအိမ်ကြီးသို့ ကျွန်မတို့ပြန်လာကြပါသည်။ သည်လိုရာသီတွင် မန်ဒါလေ စံအိမ်ဝင်းကြီး အတွင်းမှာ ပျံလွှားငှက်ကလေးတွေ စတင်ပျော်မြူးနေကြပြီဖြစ်ကြောင်း၊ ခေါင်းလောင်းပြာ ပန်းတွေ လည်း အစွမ်းကုန် ပွင့်နေကြပြီဖြစ်ကြောင်း မက်ဇင်မ်က ကျွန်မကို ပြောပြပါသည်။ နွေ၏သရုပ် မပီပြင်သေးမီ ယခုလိုအချိန်သည် အသာယာဆုံးဖြစ်ကြောင်း၊ တောင်ကြားထဲတွင်လည်း အဇေလီယာ ပန်းရနံ့ များ ကြိုင်ကြိုင်သင်းကာ သွေးရောင်လို ချင်းချင်းနီအောင် ပွင့်တက်သည့် တောင်ဇလပ်ပန်းတို့ လည်း အစွမ်းကုန် ပွင့်ကြပြီဖြစ်ကြောင်းများ သူက ပြောပြပါသည်။

လန်ဒန်မြို့ကြီးမှတစ်ဆင့် ကျွန်မတို့မော်တော်ကားနှင့် ထွက်ခွာလာခဲ့ကြပါသည်။ လန်ဒန်မြို့ကြီးကို ကျွန်မ တို့ ကျောခိုင်းထွက်လာခဲ့ကြသည့် မနက်က လန်ဒန်မြို့ကြီးမှာ မိုးကြီးသည်းသည်းထန်ထန်ရွာ သည့်အကြောင်း ကိုလည်း ကျွန်မ မှတ်မိနေပါသေးသည်။ လက်ဖက်ရည်သောက်ချိန်အမီ ညနေ ငါးနာ ရီလောက် တွင် မန်ဒါလေစံအိမ်ကြီးသို့ ရောက်သွားမည်ဟု ဆိုပါသည်။
ထိုအချိန် က ကျွန်မ၏ပုံပန်းသဏ္ဌာန်ကိုလည်း ပြန်လည်မြင်ယောက်နေမိပါသေးသည်။ ထုံးစံအတိုင်း ကိုယ်ပေါ် မှာ ဝတ်ဆင်ထားသည့် အဝတ်အစားတွေက ပုံမကျပန်းမကျ။ ဂါဝန်ကလည်း အရောင်ပြယ် လွင့်စပြုနေပြီ။ မွေးပွမာဖလာ ကို လည်မှာပတ်ထားသည်။

ကိုယ်ပေါ်က မိုးကာအင်္ကျီကလည်း ပုံပန်း ပျက်လွန်းလှ၏။ ကျွန်မကိုယ်လုံးထက် အများကြီး ကြီးကာ အောက်မှာလည်း ခြေဖနောင့်တိုက်သည် အထိ ရှည်ကျနေသည်။ ဘာပဲဖြစ်ဖြစ် မိုးရာသီမှာ ကျွန်မ အတွက် လုံလုံခြုံခြုံပင် ရှိသေးတော့သည်ဟု စိတ်ထဲမှ တွေးထင်မိပါသည်။ လက်ထဲမှာ အညံ့စား  လက်အိတ် တစ်စုံ ကို ကိုင်လျက်။ ကြီးမားသော သားရေ လက်ကိုင်အိတ်ကြီးကိုလည်း ပွေ့ပိုက်လျက်။
"အဲဒါ လန်ဒန်မိုးပဲ" ဟု ကျွန်မတို့ ခရီးစတင်စတွင် မက်ဇင်မ်က ပြောပါသည်။ "ခဏတော့စောင့်… မန်ဒါ လေရောက်တဲ့ အခါမှာ ကျဲကျဲတောက်ပူတဲ့နေရောင်က မင်းကို စောင့်ကြိုနေလိမ့်မယ်" သူ ပြောသည် မှာ မှန်ပါသည်။ အီဇက်တာမြို့သို့ရောက်သောအခါ မိုးသားတိမ်လိပ်များ ကင်းစင် သွားပြီးဖြစ်သည်။ ကျွန်မတို့၏နောက်ပိုင်းမှာ အလိပ်လိုက်ကျန်ခဲ့ပြီ။ ခေါင်းပေါ်က မိုးကောင်းကင်ကြီး က ပြာလဲ့လျက်။ ကျွန်မတို့ရှေ့မှာ လမ်းမကြီးက ဖွေးဖွေးဖြူလျက်။

နေရောင်ကိုမြင်ရတော့ ကျွန်မ ဝမ်းသာမိပါသည်။ မိုးနှင့်ပတ်သက်လာလျှင် ကျွန်မမှာ အယူသည်းမှု ကလေးရှိပါသည်။ မိုးရွာခြင်းသည် အတိတ်နိမိတ်မကောင်းဟု စိတ်ထဲမှာ စွဲထားမိပါသည်။ ထို့ကြောင့် ခဲပုပ်ရောင် ထနေသည့် လန်ဒန်မြို့၏မိုးကောင်းကင်သည် ကျွန်မကို အာစေးထည့်ထားသလို အမြဲတမ်း ဖြစ်စေ ပါသည်။
"နေသာ ထိုင်သာ ရှိတယ်မဟုတ်လား" ဟု မက်ဇင်မ်က ကျွန်မကို မေးပါသည်။ ကျွန်မက ပြန်ပြုံးပြ လိုက် ပါသည်။ ပြီးတော့ သူ့လက်တစ်ဖက်ကို ဆွဲယူပြီး သူ့အကြောင်းကို စဉ်းစားနေလိုက်မိပါသည်။ သူ ကတော့ သူ့အိမ်သူ့ရာ သို့ ပြန်လာခြင်းဖြစ်သည့်အတွက် အစစ အရာရာ အင်မတန် လွယ်ကူချောမော နေ ပါသည်။ ဘာအခက်အခဲမှမရှိနိုင်ပါ။ အခန်းထဲသို့ သူ ဝင်သွားမည်။ စာတိုက်မှပို့ထားသော စာများ ကို ကောက်ယူမည်။ လက်ဖက်ရည်လာပို့ပေးရန် ခေါင်းလောင်းတီးပြီး မှာမည်။

ကျွန်မ နေမထိ ထိုင်မသာဖြစ်ပြီး စိတ်လှုပ်ရှားနေသည်ကိုများ သူ ရိပ်စားမိလေသလားဟု တွေးကြည့်မိ ပါသည်။ "နေသာ ထိုင်သာရှိမယ်မဟုတ်လား"ဟူသော မေးခွန်းသည် ကျွန်မ၏စိတ်ထဲမှာ ခံစားနေ ရ သော အဖြစ်မှန် ကို သိနားလည်သောကြောင့် မေးလိုက်ခြင်းများဖြစ်လေသလား။
"ကိစ္စမရှိ ပါဘူး။ မကြာခင် ရောက်တော့မှာပါ။ မင်း လက်ဖက်ရည် ဆာနေပြီထင်တယ်" ဟု သူက ဆက် ပြောသည်။ လမ်းကွေ့တစ်ခုသို့ ရောက်လာသောကြောင့် မော်တော်ကားအရှိန် ကို လျှော့ချ လိုက်ရတော့ မည်ဖြစ်သဖြင့် ကျွန်မ ကိုင် ထားသည့် သူ့လက်တစ်ဖက်ကို ဆွဲရုတ်လိုက်ပါသည်။

ဘာစကားမျှမပြောဘဲ ကျွန်မ တိတ်တိတ်ကလေး ထိုင်လိုက်လာခြင်းသည် ခရီးပန်းသောကြောင့် သာ ဖြစ်သည်။ သူ ထင်မှတ်မှားနေကြောင်း ကျွန်မ သိပါသည်။ မန်ဒါလေစံအိမ်ကြီးကို မရောက်လာမီ တုန်း က ရောက်ရမည့်အချိန်ကို အူလှိုက်သည်းလှိုက် တောင့်တမိခဲ့ပါသည်။ ယခု နဖူးတွေ့ ဒူးတွေ့ ရောက်ရ တော့မည်ဆိုပြန်တော့လည်း စိတ်ထဲမှာ စိုးရွဲ့နေမိပြန်ပါသည်။ သည်အဖြစ်ကိုမူ သူ ရိပ်စားမိပုံ မရပါ။
ယခုတော့ သည်အချိန်ကလေးကို ဆွဲထားလိုက်ချင်ပါသည်။ လမ်းဘေးရှိ ဟိုတယ်ကလေးတစ်ခုခုမှာ ဝင်နေကာ ကိုယ်နှင့်ဘာမျှမပတ်သက်သည့် အခန်းထဲမှာ ကော်ဖီထိုင်သောက်နေလိုက်ချင်စိတ်များ တဖွားဖွားပေါ် လာပါသည်။ ကိုယ် အလွန်ချစ်သည့် ခင်ပွန်းသည်နှင့်အတူ လမ်းပေါ်မှာပဲ ကိုးကုန်း ကိုး ကျင်း ခရီးသွားနေသည့် သတို့သမီးကလေးဖြစ်လိုက်ချင်ပါသည်။ မက်ဇင်မ်ဒီဝင်တား၏ ဇနီးသည်အဖြစ် နှင့် မန်ဒါလေစံအိမ်ကြီးသို့ ပထမဦးဆုံးအကြိမ် သျှောင်နောက်ဆံထုံးပါသလို လိုက်ရသည့် အဖြစ်မျိုး မဖြစ်လိုပါ။

လမ်းတစ်လျှောက်ရှိ ကျေးရွာကလေးပေါင်း မြောက်မြားစွာကို ကျော်ဖြတ်ခဲ့ကြပါသည်။ ထိုကျေးရွာ ကလေးများ ရှိ တိုက်ပုကလေးများတွင် ပြတင်းပေါက်များ ဖွင့်လျက်။ လေကောင်းလေသန့်လည်း တသုန်သုန် တိုက်ခတ်လျက်။ ကလေးချီထားသော မိန်းမတစ်ယောက်က အိမ်ပေါက်ဝမှာရပ်ပြီး ကျွန်မ ကို ပြုံးပြပါသည်။ ယောက်ျားတစ်ယောက်ကမူ ရေပုံးတစ်ပုံးကိုဆွဲပြီး လမ်းတစ်ဖက် ရှိ ရေတွင်းဆီ သို့ လျှောက်သွားနေပါသည်။

သူတို့လို နေလိုက်ရလျှင် ကောင်းပေစွဟု ကျွန်မ၏စိတ်ထဲမှာ ဖြစ်ပေါ်လာပါသည်။ သူတို့နှင့် တစ်အိမ် တည်း အတူမနေရ လျှင်လည်း အိမ်နီးချင်းပဲဖြစ်ဖြစ်ပေါ့။ ညဦးပိုင်းများတွင် မက်ဇင်မ်သည် ခြံဝတံခါးတိုင် ကို မှီရင်း ဆေးတံမှိန်းလျက်။ သူ စိုက်ပျိုးထားသည့် ပန်းချဉ်ပေါင်ပင်ကြီးများ ထိုး ထိုးထောင်ထောင်နှင့် ဖြစ်ထွန်းနေ သည်ကိုကြည့်ပြီး ဂုဏ်ယူဝင့်ကြွားလျက်။
သညအချိန် တွင် ကျွန်မကတော့ မီးဖိုချောင်ထဲမှာ ချက်ဟယ် ပြုတ်ဟယ် ဆေးဟယ် ကြောဟယ်ဖြင့် အလုပ်ရှုပ်နေ လိမ့်မည်။ ပြီးတော့ ညကြီးစာအတွက် စားပွဲပေးမှာ ပြင်ဆင်ခင်းကျင်းနေလိမ့်မည်။ ပန်း ကန်ခွက်ယောက် များက သန့်ရှင်းစင်ကြယ်လျက်။ မှန်တင်ခုံပေါ်ရှိ စားပွဲတင်နာရီစက်သံက ကျယ် လောင်စွာမြည်လျက်။
ညကြီးစာ စားပြီးကြသောအခါ မက်ဇင်မ်က သတင်းစာ ထိုင်ဖတ်နေလိမ့်မည်။ ဖိနပ်စင်ပေါ်မှာ တောစီး ဖိနပ်တွေ ရှိမည်။ ကျွန်မကတော့ ချုပ်လုပ် ဖာထေးရမည့် အဝတ်အစားများကို အံဆွဲထဲမှ ဆွဲထုတ်နေ မိ ပေလိမ့်မည်။

အလွန်တရာ ငြိမ်းအေးသာယာသည့် ဘဝဖြစ်မည်မှာ သေချာပါသည်။ ယင်းသို့သောဘဝမျိုးတွင် နေရ ထိုင်ရသည် မှာ အလွန်တရာ သက်တောင့်သက်သာရှိပါမည်။ ဘာမျှဟိတ်ကြီးဟန်ကြီးလုပ်နေစရာမလို။ လူအထင်ကြီးအောင် လုပ်ပြနေစရာမလို။
"နှစ်မိုင်လောက် ပဲ လိုတော့တယ်။ ဟောဟို တောင်ကုန်းကလေးပေါ်မှာ သစ်ပင်တွေ တန်းနေတာ မြင် တယ် မဟုတ်လား… တောင်ကြားဘက်ကို နိမ့်လျှောဆင်းသွားတယ်လေ… အဲဒီရဲ့ဟိုဘက်မှာက ပင် လယ်။ အဲဒါ မန်ဒါလေ ပဲ။ ဒီအထဲမှာရှိတယ်။ ညို့မှောင်နေတာက မန်ဒါလေပိုင်တဲ့တော"
ကြိုးစား ပြီး ပြုံးပြလိုက် ရပါသည်။ ဘာမျှတော့ ပြန်မပြောလိုက်မိပါ။ ထိတ်လန့်စိတ် က စစ်ကနဲ ထိုးနှက် လိုက်ပါသည်။

ဖျားချင်သလို နာချင်သလို ဖြစ်လာပါသည်။ ထိန်းသိမ်းနိုင်စွမ်းပင် မရှိတော့ပါ။
စိတ်အား ထက်သန်မှုများအားလုံး ပြယ်လွင့်သွားပြီ။ ပျော်ရွှင်မှုများအားလုံး ပျောက်ပျက်ကုန်ဆုံးသွားပြီ။ ကျွန်မ သည် ပထမဦး ဆုံး ကျောင်းလိုက်အပ်ခံရသည့် ကလေးငယ်တစ်ယောက်လို ဖြစ်သွားပါသည်။ သည်လို မျှ မဟုတ်လျှင်လည်း ဘာလေ့ကျင့်မှုမှ မရှိသေးသော အိမ်ဖော်အမျိုးသမီးကလေးတစ်ဦး တစ် ရပ်တစ်ကျေး မှာ အလုပ်လုပ် ရန် မိမိနေအိမ်ကို စွန့်ခွာသွားရသလိုလည်း ရှိပါသည်။
သူနှင့် ကျွန်မ လက်ထပ်ပြီး ရက်သတ္တခုနစ်ပတ်အတွင်းတွင် အထိုက်အလျောက် အနည်ထိုင်ခဲ့သည်မှာ မှန်ပါသည်။ ယခုတော့ အားလုံးသွားပါပြီ။

 လေတိုင်ရာတွင် တလူလူလွင့်နေသော အဝတ်စတစ်ခုလိုဖြစ် သွားပါသည်။ အထိုက်အလျောက် တက်ကျွမ်းနားလည်ထားခဲ့သည့် အတတ်ပညာကလေးများသည် ပင်လျှင် မေ့လျော့လွင့်ပါးကုန်ပြီထင်၏။ ကိုယ်ဟာ ကိုယ် ဘယ်မှန်း ညာမှန်းမသိတော့။ ထိုင်ရမှာလား၊ ထရမှာလား မသေချာတေ့။ ညစာစားလျှင် ဘယ်ဇွန်းနှင့် ဘယ်ခက်ရင်းကို ဘယ်လိုကိုင်တွယ်အသုံးချရ မည်ဖြစ်ကြောင်းကိုပင် မရေရာတော့။
"အဲဒီမိုးကာ အင်္ကျီကြီး ချွတ်လိုက်မှထင်တယ်"ဟု သူက ကျွန်မကို ငုံ့ကြည့်ရင်း ပြောပါသည်။ "ဒီမှာက မိုး သိပ်ရွာတာ မဟုတ်ဘူး။ လည်စည်းကလေး သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်ပါဦး။ ဖြစ်မှဖြစ် ရလေ မိန်းမ ရယ်… မင်းကို ဒီအတိုင်း ခေါ်လာမိနေတယ်။ လန်ဒန်မှာတုန်းက အဝတ်အစားတွေ အများ ကြီးဝယ်ခဲ့ ဖို့ကောင်းတာ"
"အစ်ကို ရယ်… အစ်ကို့စိတ်ထဲမှာ အနှောင့်အယှက်မဖြစ်သမျှ ကာလပတ်လုံး ကျွန်မအဖို့ ဘာမှအရေး မကြီးပါဘူး"

"မိန်းမတိုင်း ဟာ အဝတ်အစားကလွဲပြီး အခြားဘာကိုမှ သိပ်အလေးထားကြတာ မဟုတ်ဘူး"ဟု သူက ဘာမှ မဖြစ်သလို ပြောပါသည်။ ထောင့်ချိုးကလေးတစ်ခုကို ကျော်ပြီး လမ်းဆုံးတစ်ခုသို့ရောက်လာပါ သည်။ ပြီးတော့ လမ်းဘေးမှာလည်း အုတ်တံတိုင်းကြီးတစ်ခုကို စတင်တွေ့မြင်ရလေတော့သည်။
"ကိုယ်တို့ ရောက်ပြီ"ဟု သူက ပြောသည်။ စိတ်ထက်သန်မှုတစ်မျိုးလည်း သူ့အသံထဲ မှာ ရောစွက် ပါဝင် နေသည်။ ကျွန်မကတော့ မော်တော်ကားထိုင်ခုံကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက် မိပါ၏။

လမ်းက ကွေ့ကောက်နေသည်။ ကျွန်မတို့၏ ရှေ့ဘယ်ဘက်တွင်မူ သံတံခါးကြီးနှစ်ချပ်ကို အစောင့် အိမ်ဘေးမှာ မြင်တွေ့လိုက်ရသည်။ ခြံအဝင် သံတံခါးကြီးများကို အသင့်ဖွင့်လျက်။ ခြံတွင်း သို့ မော် တော်ကားလမ်းကို ဆက်ဖောက်ထားသည်။ ထိုလမ်းအတိုင်း ကျွန်မတို့မောင်းဝင် လာခဲ့ကြ ပါ သည်။ ခြံ တံခါး ကို မော်တော်ကား မောင်းဝင်လိုက်တော့ အစောင့် အိမ်ပြတင်းပေါက် မှ ချောင်းကြည့်နေကြသော မျက်နှာပေါင်းများစွာကို မြင်တွေ့လိုက်ရသည်။ ပြီးတော့ ကလေး တစ်ယောက် က နောက်ဘက်မှ ပြေး ထွက်လာကာ သိချင်ဇော ကြီးမား စွာဖြင့် ငေးစိုက် ကြည့်နေ သည်။
ကျွန်မသည် ထိုင်ခုံပေါ်မှာ အသာကလေး ပုနေလိုက်မိပါသည်။ ရင်တဒိတ်ဒိတ် ခုန်လာ သည်။ ပြတင်း ပေါက်မှနေ၍ မျက်နှာတွေက ဘာကြောင့် ဝိုင်းအုံကြည့်နေကြသနည်း ဆိုသည် ကိုလည်း ကျွန်မ သိလိုက်ပါသည်။ ကလေးငယ်ကလေး ပြေးထွက်လာပြီး ဘာကြောင့် ငေးကြည့်နေ သနည်းဆိုသည်ကို လည်း ကျွန်မ သိလိုက်ပါသည်။

ကျွန်မ၏ရုပ်ရည်ရူပကာယ မည်သို့ရှိမည်ကို သူတို့ သိချင်ကြပေလိမ့်မည်။
ယခုအခါတွင် ထိုစဉ်က မြင်တွေ့ခဲ့ရသောသူတို့အကြောင်းကို ကျွန်မ ပြန်လည် စဉ်းစားကြည့်မိပါသည်။ တခြား အိမ်ဖော်တွေ ကလည်း မီးဖိုချောင်ထဲမှာ စုဝေးပြီး ကျွန်မအကြောင်းကို ပြောဆိုနေကြပေလိမ့် မည်။ ပြောရင်း လည်း တသောသော ရယ်မောကောင်း ရယ်မောနေကြပေလိမ့်မည်။

"သူ ဆောင်းထားတဲ့ ဦးထုပ်ကလေးကိုပဲ လှစ်ကနဲ လှမ်းမြင်လိုက်ရပါတယ်အေ…"ဟုလည်း သူတို့ ပြောဆိုနေကြလိမ့်မည်။ "သူ မျက်နှာမဖော်ဘူးဟဲ့… အို… အရေးမကြီးပါဘူး။ နက်ဖြန်ကျရင် အကျိုး အကြောင်း သိရတော့မှာပေါ့။ စံအိမ်ကြီးက သတင်းတွေ တစ်လုံးမကျန် ရောက်လာပါလိမ့်မယ်"
ခြံဝင်းကြီးအတွင်း သို့ သည်လို ဝင်လာခိုက်မှာပင် ကျွန်မ ရှက်ကိုးရှက်ကန်းဖြစ်နေကြောင်းကို ကျွန်မ ၏ ယောက်ျားက ခန့်မှန်းမိသွားပုံရပါသည်။ ထို့ကြောင့် ကျွန်မလက်ကို သူ ကောက်ယူလိုက်ပြီး နမ်းပါ သည်။ သူ စကားပြောတော့လည်း ရယ်သံကလေး စွတ်နေသည်။

"မင်း ကို သူတို့ သိချင်မြင်ချင်နေကြတဲ့အတွက် ဘယ်လိုမှမအောက်မေ့ပါနဲ့ကွယ်။ မင်းရုပ်က ဘယ်လို များနေမလဲဆိုတာ သူတို့အားလုံး သိချင်နေကြတယ်။ ကိုယ်တို့နှစ်ယောက် လက်ထပ်လိုက်တဲ့အချိန်က စပြီး ရက်သတ္တပတ်ပေါင်းများစွာ မင်းအကြောင်းကိုပဲ သူတို့ပြောနေကြတာပါ။ ကိုယ် နေတတ်သလိုနေ ပါ။ သူတို့အားလုံးက မင်းကို ချစ်လာကြမှာပဲ။ အိမ်ကိစ္စလဲ ဘာမှပူစရာမလိုဘူး။ မစ္စက်ဒင်ဗာက အကုန် စီမံခန့်ခွဲပေးလိမ့်မယ်။ သူနဲ့ အားလုံးလွှဲထားလိုက်ရုံပဲ။ စစချင်းတော့ ပေါင်းရသင်းရ ခက်လိမ့်မယ်။ ဒီ မိန်းမကြီးရဲ့ စရိုက်က ဂွတော့ ခပ်ကျကျရယ်။ ဒါပေမဲ့ ပူစရာမလိုပါဘူး။ ဟောဟို ပန်းချုံတွေကိုကြည့် လိုက်စမ်း… ခြောက်လပန်းတွေလေ။ သူတို့ပွင့်ပြီဆိုရင် ဟောဒီနေရာတွေမှာ အပြာရောင်တံတိုင်းကြီး ကာ ထားသလိုပဲ"

ကျွန်မ စကားပြန်မပြောမိပါ။ ငယ်စဉ်တုန်းက တောရွာတစ်ရွာရှိ ဆိုင်ကလေးတစ်ဆိုင်မှ မန်ဒါလေပုံပါ သည့် ပို့စကတ်ကလေး တစ်ခု ဝယ်ခဲ့မိသည့်အဖြစ်ကို ပြန်လည်စဉ်းစားနေမိပါသည်။ ထိုစဉ်က ကျွန်မ သည် ပို့စကတ် ကလေးကိုကိုင်ပြီး ဆိုင်ပြင်သို့ ထွက်ခဲ့သည်။ ပို့စကတ်ကလေး ဝယ်ခဲ့မိသည့်အတွက် လည်း စိတ်ချမ်းသာနေ ပါသည်။
"ငါ့ ဓာတ်ပုံအယ်လ်ဘမ် ထဲမှာ ထည့်ထားရမယ်။ မန်ဒါလေတဲ့… နာမည်လေးကလဲ ချစ်စရာကောင်း လိုက်တာ"ဟုလည်း စိတ်ထဲမှ ရေရွတ်နေမိပါသည်။
ယခုတော့ သည်မန်ဒါလေစံအိမ်ကြီးက ကျွန်မနှင့်ပတ်သက်လာပြီ။ ကျွန်မပိုင်သော စံအိမ်ကြီးဖြစ်လာ ပြီ။ သည်စံအိမ်ကြီး မှာနေရင်း မိတ်ဆွေအပေါင်းအသင်းများဆီသို့ စာများရေးရပေလိမ့်မည်။ "ဒီတစ်နွေ လုံး ကျွန်မ တို့ မန်ဒါလေစံအိမ်ကြီးမှာပဲ ရှိနေမယ်။ ကျွန်မတို့ဆီ အလည်လာပါဦးလားရှင်…"ဆိုတာမျိုး။

ယခု မော်တော်ကားလမ်းကလေးအတိုင်းလည်း ကျွန်မ လမ်းလျှောက်နေပါလိမ့်ဦးမည်။ ယခုအချိန်မှာ တော့ ကျွန်မအဖို့ စိမ်းနေပါသေးသည်။ သို့သော်လည်း တစ်နေ့တွင် အားလုံးယဉ်ပါး သွားပါလိမ့်မည်။ ဘယ်နေရာမှာ အကောက်၊ ဘယ်နေရာမှ အကွေ့၊ ဘယ်နေရာမှာ ဥယျာဉ်မှူးများ အလုပ် လုပ်နေကြ သည်စသည်ဖြင့် အပ်ကျတာအစ ကျွန်မ သိရပါမည်။ စံအိမ်ကြီးနှင့် စံအိမ်ကြီးဝင်း အတွင်းမှာ ရှိနေသော အလုပ်သမားအားလုံးနှင့်လည်း ကျွမ်းဝင်ပြီးသားဖြစ်ပါလိမ့်မည်။ ကျွန်မနှင့် ပတ်သက်ပြီး သူတို့အနေဖြင့် စပ်စုနေစရာမလိုတော့။ လှိုက်လှိုက်လှဲလှဲဖြင့် ကြိုဆိုဖို့သာရှိတော့သည်။
မက်ဇင်မ် ကို ကျွန်မ မနာလိုဖြစ်ပါသည်။ သူကတော့ ဘာကိုမျှ အလေးအနက်မထား။ အရာရာတွင် သက်တောင့် သက်သာရှိလှပါသည်။ သူ့အဖို့ကတော့ အားလုံးရိုးနေပြီမဟုတ်လား။ မျက်နှာပေါ်မှာ လည်း အပြုံးပန်း ကလေး ပွင့်နေသည်။ ကိုယ့်အိမ်ကိုယ်ရာကို ပြန်လာရပြီဆိုတော့ စိတ်ပျော်မြူးနေသည့် သဘော။

ကျွန်မလည်း သူ့လိုဖြစ်လိုက်ချင်ပါသည်။ သူလိုပဲ သက်တောင့်သက်သာဖြင့် ပြုံးနေလိုက်ချင်ပါသည်။ သည်စံအိမ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်သည့်အဖြစ်ကို ချက်ချင်းလက်ငင်း ရယူလိုက်ချင်ပါသည်။ ကျွန်မ၏ အသက် ကလည်း ယခုလို ငယ်ငယ်ရွယ်ရွယ်မဟုတ်။ ဆံပင်တွေကလည်း ဖြူနေရမည်။ လမ်းလျှောက် သည့်အခါအတွင် လည်း နှေးနှေးကွေးကွေးဖြစ်ရမည်။ သည်စံအိမ်ကြီး မှာ နှစ်ပေါင်း များစွာကြာအောင် နေထိုင် ခဲ့သူလို ဖြစ်လိုက်ချင်သည်။

ဝင်းကြီးအတွင်းသို့ ကျွန်မတို့မော်တော်ကား ဝင်လာပြီးသောအခါ နောက်ဘက်မှာ ကျန်ရစ်ခဲ့သည့် ဝင်း တံခါးကြီး ကို ပိတ်လိုက်သံကြားရပါသည်။ ဖုန်တသောသောဖြစ်နေသည့် အဝေးပြေးလမ်းမကြီးကို လည်း လှမ်းမမြင် ရတော့။ ယခု ကျွန်မတို့ရောက်နေသည့် ကားလမ်းကလေးမှာ ကျွန်မ၏စိတ်ကူးထဲက မန်ဒါလေ စံအိမ်ကြီး၏ လမ်းများနှင့်မတူ။ ပြောင်ချောနေသည့် ကျောက်ခင်းလမ်းကျယ်ကြီးတွေမဟုတ်။

ကားလမ်းကလေးက မြွေတစ်ကောင်လို တွန့်လိမ်ကောက်ကွေးနေသည်။ လူသွားလမ်းကလေးတစ်ခု ထက် အတန်ငယ် မျှသာ ပိုကျယ်သည်။ စီတန်းစိုက်ထားသော သစ်ပင်ကြီးများက ကျွန်မ၏ခေါင်းပေါ် မှာ မိုးလျက်။ တစ်ပင်နှင့် တစ်ပင် ကိုင်းချင်းယှက်ကာ နေပြောက်မထိုးနိုင်အောင် အုပ်ဆိုင်းလျက်။ ဘုရားရှိခိုးကျောင်း ၏ ခေါင်းမိုးလို ခပ်ခုံးခုံးဖြင့် ကျွန်မတို့ကို အုပ်မိုးပေးထားသည်။ စိမ်းလန်းစိုပြည်သည့် သစ်ရွက် များကလည်း သိပ်သိပ်သည်းသည်း ပိတ်ဆို့လျက် ရှိသည်။

အလွန်တရာလည်း တိတ်ဆိတ်ငြိမ်းချမ်းလှပါသည်။ အဝေးပြေးလမ်းမကြီးပေါ်မှာ ကျွန်မတို့ကား မောင်း လာခဲ့ကြတုန်းက အနောက်လေက တဟူးဟူုးတိက်ကာ ကျွန်မ၏မျက်နှာကို တိုးနေသည်။ ဟိုအဝေး က မြက်ခင်းပြင်များ မှာလည်း ယိမ်းနွဲ့နေကြသည်။ သည်နေရာမှာတော့ သို့သို့မဟုတ်။ လေကလည်း ငြိမ်လှ သည်။ ယုတ်စွအဆုံး ကျွန်မတို့၏မော်တော်ကားစက်သံသည်ပင်လျှင် ပို၍တိုးတိတ် သွားချေ တော့ သည်။

မော်တော်ကားလမ်းကလေးက တောင်ကြားဆီသို့ ဦးတည်သွားသည်။ ကျွန်မတို့၏ခေါင်းပေါ်မှာ အခေါက်ဖြူပင်ကြီးတွေ အုပ်မိုးထားပြန်သည်။ သစ်ပင်တွေက ပို၍ ထူထပ်လာသည်။ ပြီးတော့ ကျွန်မ တို့ နှင့်လည်း အလွန်နီးကပ်လာသည်။ လက်နှင့် လှမ်းကိုင်လျှင်ပင် ရတော့မလောက် နီးကပ်လာသည်။ သစ်ပင်တွေ က များလွန်းသောကြောင့် အမျိုးအမည်များကိုလည်း ကျွန်မ မသိတော့ပါ။
ကားဆက်မောင်း လာရင်း တံတားကလေးတစ်ခုသို့ ရောက်လာကြသည်။ စမ်းချောင်း ခပ်ကျဉ်းကျဉ်း လေးတစ်ခုကို ကျော်ဖြတ်တည်ဆောက်ထားသော တံတားဖြစ်သည်။ လမ်းက အကွေ့အကောက် မရှိ တော့။ ဖြောင့်တန်းသွားသည်။ တောကလည်း ပိုနက်လာသည်။ ပိုပြီးတော့လည်း တိတ်ဆိတ် လာ သည်။ သည်နေရာကား မန်ဒါလေစံအိမ်ကြီး၏ဝင်းပေတည်။ မန်ဒါလေတောနက်ကြီးပေ တည်း။ ကွက် လပ်ဟူ၍ လုံးဝမရှိ။ အိမ်ကလေးတစ်ဆောင်မျှ ဆောက်လုပ်ရန်ပင် နေရာလပ်မရှိအောင် ထူထဲသော တောနက်ကြီးဖြစ်နေသည်။

ဖြောင့်တန်းသောလမ်းက ရှည်လျားလွန်းသဖြင့် ကျွန်မမှာ နေမထိ ထိုင်မသာဖြစ်လာသည်။ လမ်းကွေ့ ကလေးတစ်ခု ကို ရောက်တော့မည်ဟု ကျွန်မထင်ပါသည်။ သို့သော်လည်း ထင်သလို မဟုတ်။ မကျေ နပ်သော ခံစားချက်ကလေးဖြင့် ကိုယ်ကို ရှေ့သို့ ကိုင်းထားမိပါသည်။ အိမ်မရှိ။ ကွင်းပြင်မရှိ။ ပန်း ဥယျာဉ် မရှိ။ တိတ်ဆိတ်ခြင်းနှင့် သိပ်သည်းသော တောနက်နက်သာ ရှိနေသည်။ ခြံဝင်းဝက အစောင့် အိမ်ကလေး ကို ပြန်အမှတ်ရမိသည်။ ထိုဂိတ်ဝ၏ဟိုမှာဘက်မှာ ကျန်ရစ်ခဲ့သော အဝေးပြေးလမ်းမကြီး ကား အတိတ် မှာ ကျန်ခဲ့ပြီ။ အခြားကမ္ဘာတစ်ခုလို ဖြစ်သွားပြီ။

ရုတ်ခြည်းဆိုသလိုပင် ရှေ့မှာ တောက ရှင်းသွားသည်။ မိုးကောင်းကင်ကို လှမ်းမြင်နေရသည်။ သစ် တောက ပါးလာသည်။ သစ်ပင်တွေ ကျဲလာသည်။ အမျိုးအမည်မရှိသော လမ်းဘေးဝဲယာမှ ချုံဖုတ် များ ပျောက်ကွယ်သွားသည်။ ကျွန်မတို့ ဘေးနှစ်ဖက်မှာ ဆေးရောင်စုံ အုတ်တံတိုင်းကြီး ကာရံထား သလို ဖြစ်လာသည်။ သွေးနီရောင် အုတ်တံတိုင်းကြီးလို ဖြစ်နေပါသည်။ ကျွန်မတို့ခေါင်းပေါ်မှာလည်း အနီ ရောင် အမိုးကြီး မိုးကာလျက်။ တကယ်ကတော့ တောင်ဇလပ်တောသို့ ကျွန်မတို့ ဝင်ခဲ့ကြပါပြီ။ တော ဇလပ်ပန်းနီနီရဲရဲများက အစွမ်းကုန်ပွင့်နေကြလေရာ ကျွန်မတို့ပတ်လည်မှာ အနီရောင် တံတိုင်း ကာသ လို၊ ကျွန်မတို့ခေါင်းပေးမှာ အနီရောင် အမိုးမိုးသလို ထင်မှတ် ရခြင်းဖြစ်ပါသည်။

တစ်လောကလုံး ရဲရဲတောက်နေသည့် ပတ်ဝန်းကျင်ကို ဗြုန်းကနဲ မြင်တွေ့လိုက်ရသောအခါ ကျွန်မမှာ တုန်လှုပ်ချောက်ချား သွားရပါတော့သည်။ တောင်ဇလပ်ပန်းပင်များမှာ အရွက်မရှိတော့။ အပွင့်များ ချည်း မြင်မကောင်းအောင်ပွင့်နေကြသည်။ တစ်ပင်လုံး တစ်တောလုံး သွေးခြင်းခြင်းနီသလို ရဲရဲတောက်နေ သည်။ ယခင်တုန်းက ကျွန်မမြင်ခဲ့ဖူးသည့် တောင်ဇလပ်ပန်းမျိုးနှင့်လုံးမမတူ။
မက်ဇင်မ် ကို ကွက်ကနဲ တစ်ချက်လှမ်းကြည့်လိုက်မိသည်။ သူက ပြုံးပြပြီး "မင်း သဘောကျရဲ့ လား"ဟု မေးသည်။

ကျွန်မကလည်း "ဟုတ်ကဲ့" ဟု တစ်ခွန်းသာ ပြန်ဖြေမိသည်။ အသက်ကိုလည်း ကောင်းစွာမရှုနိုင်။ ကျွန်မ၏ အဖြေသည် အမှန်အတိုင်း ဟုတ်မဟုတ်ကိုလည်း မသေချာ မရေရာပါ။ ကျွန်မမြင်ဖူး သည့် တောင်ဇလပ်ပန်းတို့၏အရောင်သည် ပန်းရောင်ဖျော့ဖျော့များသာဖြစ်ကြသည်။ ယခုမြင်ရသည့် အရောင် ကတော့ နီရဲလွန်းလှသည်။ မိုးကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းမိုးနေသယောင်။ သစ်ပင်များ နှင့်ပင်မတူ။ အလှလွန်ကဲလွန်းနေသည်ဟုလည်း ထင်ပါသည်။ အင်အားကြီးများသော စစ်တပ်ကြီး တစ် တပ်နှင့်လည်း တူနေသည်။

ဆက်ရန်
.

1 comment:

ကိုရင် said...

အထောက်တော်ကို နောက်အပိုင်း မြန်မြန် အမရေ :)