လက်ပင်ထောက်လိုက်သည်မှန်သော်ည်း စောစောက သူ့ကိုယ်ကို ထိန်းခဲ့ရသောကြောင့် လက်အံပင် သေနေ၍လော၊ သို့တည်းမဟုတ် ကျသည့်အရှိန်ပင်ပြင်း၍လော မသိ၊ ကျော်ကျော်၏ နဖူး တင်းတင်း လေးမှာ ကျောက်ခဲစွန်းတစ်ခုဖြင့် ဆောင့်မိပြီး ချက်ချင်းပင် သွေးများ စီးဖြာကျလာတော့၏။
အတာတွင်လည်း ရုတ်တရက်ဖြစ်သောကြောင့် ဘာလုပ်ရမည်မသိ ရှိနေစဉ် ကျောင်းသားကြီးကြီး တစ် ယောက် ပေါက်လာကာ ကျော်ကျော်အား ပွေ့ချီလျက် ကျောင်းအပေါ်ထပ်သို့ ပြေးတက်သွားတော့၏။
ကျောင်းအုပ်ကြီး အခန်းသို့ရောက်သည်နှင့် အင်္ဂလိပ်လူမျိုး ဒုတိယကျောင်းအုပ်ဆရာမကြီး သည် ကော်ဖီသောက်နေရာမှ ပျာပျာသလဲ စားပွဲလွတ်တစ်ခုပေါ်တွင် ပက်လက်လှန်၍ တင်စေလိုက်ပြီး မှ ရေ နွေး၊ ဂွမ်း၊ ဆေးပုလင်း၊ ပတ်တီးအစရှိသည်တို့ဖြင့် အတော်ကလေး အလုပ်ရှုပ်သွားတော့၏။
မည်သူပြော၍ သတင်းကြားလေသည်မသိ ကျော်ကျော်၏မမသည် မျက်စိပျက် မျက်နှာပျက်ဖြင့် အခန်း ထဲသို့ ရောက်လာကာ ဒဏ်ရာအခြေအနေကို လက်ထောက်ကျောင်းအုပ်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေးနေသဖြင့် ကျောင်းအုပ်ကြီးကလည်း ကျော်ကျော်၏ဦးခေါင်းကို ပတ်တီးကြိုးချည်ပေးနေရာမှ ဒဏ် ရာမှာ အနည်းငယ်ကြီးသော်လည်း စိုးရိမ်စရာမရှိသည့်အကြောင်း ပြောလိုက်၏။
သို့တိုင်အောင် ဆရာမ၏အမူအရာသည် တုန်တုန်ခါခါဖြစ်နေ၏။ မျက်နှာတွင်လည်း အလွန်လျှင် ဒေါသ ဖြစ်နေသည့်အသွင်မျိုး ဆောင်နေသောကြောင့် အခန်းထောင့်တွင် မှီရပ်နေသူ အတာကလေးမှာ ဆရာမကိုပင် မကြည့်ရဲအောင် ဖြစ်နေရှာ၏။
"ကျော်ကျော် မောင်လေး၊ ဘယ့်နဲ့နေသလဲ ဟင်"
ဆရာမ အသံသည် အသံကလေးတုန်တုန်ဖြင့် စားပွဲပေါ်တွင် မှိန်းနေသော ကျော်ကျော်အား ပခုံးကလေး လှုပ်ရင်း မေးလိုက်၏။
"မူးတယ် မမ၊ မူးတယ် ခေါင်းထဲက"
မျက်စိမဖွင့် တအင့်အင့် ညည်းရင်း ကျော်ကျော် ဤသို့ဖြေလိုက်မှပင် ဆရာမ၌ ပို၍မျက်နှာကြီးနီလာ၏။ အသားတွေ လည်း တဆတ်ဆတ်တုန်လာ၏။ သို့လျှင် ဖြစ်ပျက်နေသော ဆရာမ၏ လှုပ်ရှားမှု ကို နှစ် ယောက်စလုံးသော ကျောင်းအုပ်ကြီးနှင့်တကွ ခုနစ်တန်းမှ ဆရာမပါ မသိမသာ အကဲခတ်လျက် ရှိ၏။ အတန်လေးကြားမှပင် လက်ထောက် ကျောင်းအုပ်ကြီးက အတာအား အနီးသို့ ခေါ်ယူ လျက်ဖြစ်ပျက် ပုံ ကို စတင်စစ်ဆေးတော့၏။ အတာကလည်း မလိမ်မညာဘဲ မှန်သည့်အတိုင်း ပင် ပြောပြလျက် တံခါးဝ တွင် ပြူတစ်ပြူတစ်နှင့် ချောင်းကြည့်နေကြသော စံဝင်းနှင့် ချစ်အောင်ကိုပါ လက်ညှိုး ညွှန်ပြလျက် "သူတို့လဲ အနားမှာ ရှိပါတယ် တီချာ၊ မယုံရင် ခေါ်မေးကြည့်ပါ"ဟု အတာက သက်သေပြ လိုက်သေး ၏။
သို့သော် ချစ်အောင်တို့အား ခေါ်မေးရန်ပင်မလို။ ကာယကံရှင်ဖြစ်သော ကျော်ကျော်ကိုယ်၌က အတာ ပြောသည့် အတိုင်း မှန်ကြောင်း ဝန်ခံ၏။
"ဟုတ်ပါတယ် တီချာကြီး၊ ကျွန်တော်တို့ကစားနေတာပါ၊ အတာက တမင်လုပ်တာ မဟုတ်ပါဘူး၊ မတော် တဆ ဖြစ်တာပါ"
ဤတွင် ကျောင်းအုပ်ကြီးက ဆရာမဘက်သို့ လှည့်ကြည့်တဲ့ကာ
ယခု ဖြစ်ပျက်ရသောကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးသည် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း၊ သို့သော် မည်သူကမျှ ဤလိုစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စေလို၍ တမင်လုပ်ခြင်းမဟုတ်သည်မှာ ထင်ရှား နေပြီဖြစ်သည့်အတိုင်း အားလုံးပင် ဘာမျှမတတ်နိုင်။ ကံအကြောင်းသာလျှင်ဟု ယူဆ ၍ ဖြေရန်သာ ရှိ တော့သည် စသည်ဖြင့် ကျောင်းအုပ်ကြီးက ရှင်းလင်းပြောပြနေ၏။
အင်္ဂလိပ် ဘာသာ စကားဖြင့် ပြောနေခြင်းဖြစ်သောကြောင့် အတာ ဘာမျှမသိ။ တစ်လုံးစ နှစ်လုံး စ လောက်သာလျှင် မတောက်တခေါက် အဓိပ္ပာယ်နားလည်လိုက်၏။
သို့လျှင် ကျောင်းအုပ်ကြီးက ကျေရာကျေကြောင်း ဖျောင်းဖျပြောပြနေသည်ကိုပင် ဆရာမတွင် ခွင့် လွှတ် သည် အမူအရာမျိုးပေါ်မလာသေး။ သို့ အခဲမကျေရှိနေသေသည့်အဖြစ်ကို ရိပ်မိ၍လောမသိ။ လက်ထောက်ကျောင်းအုပ်ကြီး ကပါ ဆက်လက်၍ မတော်မဆဖြစ်သော ကိစ္စများသည် တစ်ခါတစ်ရံ အသက် ပင် ဆုံးရှုံးတတ်ကြောင်း၊ ယခုမူအနည်းငယ် ပေါက်ပြဲသွားသည်သာရှိသဖြင့် ကံကောင်းသည် ဟုပင် ဆိုနိုင်ကြောင်း၊ မည်သို့ဆိုစေ ကာယကံရှင်ကိုယ်တိုင်က မတော်တဆဖြစ်ရကြောင်း ဝန်ခံထား သဖြင့် ခွင့်လွှတ်ရန်မှအပ အခြားဘာမျှမရှိကြောင်းတို့ကိုပါ အတော်ကလေး ရှည်လျားစွာ ပြောဆိုပြီးမှ
"ဆရာမ ကို တစ်ခုတော့ တောင်းပန်ချင်တယ်၊ အဲဒါ တခြားတော့မဟုတ်ပါဘူး၊ ခု ဖြစ်ပျက်ရတဲ့ကိစ္စကို လုံးလုံးမေ့ပျောက် လိုက်ဖို့ပါပဲ"ဟူ၍ အင်္ဂလိပ်စကားနှင့်ပင် လေးလေးနက်နက် မေတ္တာရပ်ခံသလို လက်ထာက်ကျောင်းအုပ် က ပြောလိုက်၏။
စကားမှာ ရိုးရိုးကလေးပင်ဖြစ်သော်လည်း အဓိပ္ပာယ်အနက်အကယ်ကို ဆရာမသည် အကွက် လည် အောင် သိလိုက်၏။
မိမိမောင် သည် အတာ့ကြောင့် ယခုကဲ့သို့ ထိပ်ပေါက်ခေါင်းပြဲဖြစ်ရသည်ဟူ၍ အတား ရိုက်နှက်ခြင်းမပြု ရန်၊ အငြိုးမထားရန် အပြင် ပညာသင်ပြရေး၌လည်း လျစ်လျူမရှုဘဲ အများနည်းတူ ဂရုတစိုက် ရှိစေလို သော ရည်ရွယ်ချက်ဖြင့် လက်ထောက်ကျောင်းအုပ်က သတိပေး စကားပြော ကြားခြင်းဖြစ်ကြောင်း ဆရာမ သည် ကောင်းကောင်း နားလည်၏။
သို့တိုင်အောင်လည်း အမူအရာတွင် သိသိသာသာ စိတ်ပြေသွားသည့်အသွင်မျိုး မမြင်ရ။ သို့သော် စောစောကနှင့်စာလျှင်မူ ပြုံးဖော်ရယ်ဖော်ရလာသည်ဖြစ်သောကြောင့်
"ကဲ ဒီကလေး ကို ဒီမှာပဲ ခဏနေပါစေဦး၊ နည်းနည်းအမူးပြေမှ ခေါ်ရင်ကောင်းမယ်"
"ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး၊ ကျောင်းလွှတ်မှပဲ ကျွန်မ လာခေါ်ပါ့မယ်"
ဆရာမသည် ပြောပြောဆိုဆိုပင် အခန်းထဲမှ လှည့်ထွက်သွား၏။ သူ့ကိုပင် ဆရာမသည် တစ်ပါတည်း ခေါ်သွားရန် သတိမရ။ ဟန်လောက်သော်မှ ကြင်နာမှုမပြနိုင်ဘဲ အံကလေးခဲ၍ ဆင်းသွားသော ဆရာမ အား ကျောင်းအုပ်များသည် စိတ်မကောင်းဖြစ်သွားကာ အမူအရာဖြင့် ခေါင်း တညိတ်ညိတ်ကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။
နောက် ထိုနှစ်ယောက်သော ကျောင်းအုပ်များနှင့် ခုနစ်တန်းပြ မြန်မာစာဆရာမတို့လည်း အင်္ဂလိပ် စကားဖြင့် ပင် တီးတိုးရေရွတ်နေကြပြီးမှ အတာအား နောင်သောအခါတွင် ဤလိုအန္တရာယ်ဖြစ်စေနိုင် မည့် နည်းမျိုးဖြင့် မကစားရန် သတိပေးဆုံးမပြီး ပြန်လွှတ်လိုက်၏။
နောက်တစ်နေ့၌ ကျော်ကျော်သည် ဒဏ်ရာကြောင့် ကျောင်းမတက်နိုင်ဘဲရှိသည်ကို သိလိုက်ရသည် နှင့် အတာတွင် အလွန်အမင်း စိတ်ထိခိုက်သွား၏။ နံနက်ပိုင်းနေ့တစ်ဝက်ပိုင်းတွင် အတာ စာကို စိတ် မဝင်စားနိုင်ဘဲ မိမိကြောင့် ကျော်ကျော် နဖူးကွဲသွားရသည်ကိုလည်းကောင်း၊ ကျောင်းမတက်နိုင်ဖြစ်ရ သည်ကို လည်းကောင်း ဤနှစ်လီကိုသာ တွေးရင်း စိတ်ကလေးညစ်နေရှာ၏။
"ဒီမမက သူ့မောင်လေး ဒီလိုဖြစ်ရတာ ငါ့ကြောင့်ဆိုပြီး ငါ့ကိုများ မုန်းသွားမလား"
ဤသည်မှာ အတာ အစိုးရိမ်ဆုံးသော အချက်ဖြစ်၏။ ကြီးငယ်မဟူ မည်သူပင်ဖြစ်စေ သူ့ကိုချစ်စေချင် ၏။ သူကလည်း ချစ်အောင်လုပ်တတ်၏။ ကျော်ကျော်တို့မမ ကျောင်းသို့ရောက်စနေ့တွင် အတာအား ဆရာမဟောင်းနှင့်ပတ်သက်၍ ငြိုငြင်သယောင်ရှိခဲ့သည်ဖြစ်ရာ နှစ်ရက်လောက်အတွင်း ဆရာမအသစ် ၏ ချစ်ချင်ခြင်းခံရအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့၏။ အောင်မြင်သလောက်ရှိကာမှ ယခု ကဲ့သို့ သော အဖြစ်မျိုးနှင့် ကြုံလိုက်ရသောကြောင့် အတာတွင် မူးနောက်သောဝေဒနာတစ်မျိုးကို ခံစား လိုက် ရသလို ဖြစ်သွား၏။ ယမန့်နေ့ညကလည်း ယင်းသည့်ကိစ္စကိုသာ တွေးရင် အိပ်ရေး တစ်ဝက်လောက် ပျက်ခဲ့ရ၏။ ဆိုခဲ့သည့်အတိုင်းလည်း အတာသည် ထိုကိစ္စနှင့်ပတ်သက်၍ ဆရာမက သူ့အား မုန်းနေ မည်ကိုသာ သူစိုးရိမ်၏။
သို့သော် အတာ အားမလျှော့။
"ဒီမမ ငါ့ချစ်အောင် ငါ ကြိုးစားမယ်၊ အပြစ်လွတ်အောင် ရှိခိုးပြီး တောင်းပန်မယ်"
သို့လျှင် သူ့စိတ်ကလေးတင်းလာပြီး နေ့လယ်မုန့်စားလွှတ်လိုက်သည်နှင့် ဆရာမအနီးသို့ မရဲတရဲ ချဉ်း ကပ်သွားကာ ကျုံ့ကျုံ့ယုံ့ယုံ့ ကလေးထိုင်လျက် သုံးလီသုံးကြိမ် ဦးနှိမ်၍ ကန်တော့ လိုက်သည်တိုင် အောင် ဆရာမတွင် အမူအရာမပျက်၊ တည်ခန့်သော ဣနြေ္ဒဖြင့် ခပ်တွေတွေ စိုက်ကြည့်နေ ၏။
"မနေ့က ကျွန်တော်နဲ့ကစားရင်း ကျော်ကျော် ခေါင်းပေါက်သွားတာကို မမ စိတ်မဆိုးပါနဲ့နော်၊ ကျွန်တော် ရှိခိုးပြီး တောင်းပန်ပါတယ်"
ကာကယံမြောက် ထိုင်၍ ကန်တော့ခဲ့ပြီးပြီ ဖြစ်ပါလျက်လည်း အတာသည် ပြောရင်းကပင် လက်အုပ် က လေးချီကာ ကန်တော့သလို လှုပ်နေပြီဖြစ်၏။ ဆရာမကမူ ကျေနပ်သည့်အမူအရာမပြ၊ စောစောက မျက်နှာပေး အတိုင်းပင် အတာအား စူးစူးစိုက်ကြည့်နေ၏။
စကားဆို၍ ပါးစပ်လှုပ်ဖော်ပင် မရသော ကြောင့် "ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး မမရယ်၊ ဘုရားစူးပါ၊ မတော်တဆ" "အေး၊ မင့်မတော်တဆက ငါ့မောင်မှာ သေလုနီးပါးခံနေရတယ်ကွဲ့၊ နားလည်လား" အသံပြတ်နှင့် ခပ်ဆတ်ဆတ်ပြောလိုက်သောကြောင့် အတာမှာ တွန့်ခနဲပင် ရွံ့ဆုတ် ကလေး ဆုတ်သွား မိရှာ၏။
"ပြဲသွားတာ နည်းနည်းလေးမဟုတ်ဘူးကွဲ့၊ တစ်လက်မလောက်ရှိတယ်၊ နောက်ပြီး နဖူးမှာ နဖူး အလယ်တည့်တည့် မှာ၊ ဟောဒီလိုနေရာမှ ပြဲသွားတာ သိလား၊ မင်း ဟင်"
ဆရာမသည် သူ့လက်နှင့် သူ့နဖူးအလယ် ကို ထောက်ပြရင်း ငေါက်ဆတ်ဆတ် ကလေး ပြောလိုက်ပြန် သောကြောင့် အတာကလေး တွင် ဝမ်းလည်း နည်း၊ ရှက်လည်း ရှက်ဖြင့် မျက်နှာ မထားတတ်အောင် ရှိ နေရှာတော့၏။
ကျော်ကျော် ကံဆိုး၍ နဖူးပေါက်ခဲ့ရသည့်နည်းတူ၊ အတာတွင်လည်း ထိုနေ့မှစ၍ ကုသိုလ်ကံမှောက်ခဲ့ ပြီဟု ဆိုရမလို ရှိနေတော့၏။ ကြီးငယ်မဟူ သူတစ်ထူး၏ချစ်ခြင်းကို အမြဲခံယူလိုသော အတာမှာ ယခု ကျော်ကျော့်ဒဏ်ရာရခဲ့သည့်နေ့မှအစပြု၍ ဆရာမ၏အငြိုအငြင်ကို ခံနေရ၏။ ယခု ကဲ့သို့ ကျောင်းလခ မပေးနိုင်သည့် နေ့မျိုးတွင်သာ ဤလို အပြောအဆိုခံရသော်လည်း တစ်လတွင် သုံးလေးကြိမ် မျှသာ ကြုံရမည်ဖြစ်၍ မထောင်းသာ။ ယခုသော်မူ နေ့စဉ်နှင့်အမျှဆိုသလို တစ်နည်း မဟုတ်လျှင် တစ်နည်း အားဖြင့် အတာကလေး ငြီးငွေ့စိတ်ညစ်နေရရှာ၏။
အတာ သည် အတန်း၏မော်နီတာပင်ဖြစ်သော်လည်း ထိုထိုအခင်းဖြစ်ပွားခဲ့သည့်နေ့မှစ၍ ဆရာမသည် သူ့အား မော်နီတာ အဖြစ် အသိအမှတ်မပြုတော့သကဲ့သို့ ကျောက်သင်ပုန်း ဖျက်ခိုင်းသည့်အလုပ်မျိုး၌ ပင် အတာ အား အသုံးမပြုတော့ဘဲ အခြားသော နီးရာကလေးတစ်ယောက်ယောက်ကိုသာ အဆင်သင့် သလို ခိုင်း သွားတော့၏။ မုန့်စားလွတ်လျှင်လည်း အတာ့အကူအညီကို ဆရာမ လက်မခံ၊ တတ်နိုင် သ လောက် မဆက်ဆံဘဲ နေတတ်သောကြောင့် ကြာသော် အတာကလေး အနေကျုံ့လာ၏။
ဤသည်မှာလည်း နေ့စဉ်နှင့်အမျှ ဆရာမနှင့် ရင်ဆိုင်ရသည့် ကာလပတ်လုံးကြုံတွေ့နေရသည့် စိတ်မ ချမ်းမြေ့ ဖွယ်ရာ ပြဿနာတစ်ခု ဖြစ်နေသောကြောင့် အတာတွင် ကျောင်းနေချင်သည့်စိတ်ပင် ကုန်း ခန်းစ ပြုလာတော့၏။
သို့သော် ပညာကို မက်မောရာ၌ အရွယ်နှင့် မလိုက်အောင် ဇောသန်သူ ကလေးဖြစ်သည့် အတိုင်း နေ့စဉ် နှင့်အမျှ ကြုံတွေ့ရသော ထိုထို အခက်အခဲ များကို အတာသည် ဇွဲနှင့် ရင်ဆိုင်ခဲ့၏။ သည်းခံခြင်းဖြင့် ပညာကိုသာ အရယူခဲ့၏။
သို့ စိတ်ကလေး မချမ်းမသာနှင့်ပင် အောင့်အည်းသည်းခံ၍ ကျောင်းမှန်မှန်တက်ခဲ့ရင်း ကျောင်းလခ ရက်ချိန်းနေ့သည် ပြည့်မှန်းမသိ ပြည့်ခဲ့ပြန်ပြီဖြစ်ရာ ဆရာမလည်း ဆက်ရက်နေ့က နည်းတူပင် အတာ အား ကျောင်းလခ ကိစ္စ ကို ခပ်မာမာကလေး ဖိပြောတော့၏။
ထိုနေ့တိုင်အောင်လည်း အတာတွင် ကျောင်းလခ မပေးနိုင်သော လကုန်မှပင် ၂ လ အတွက် ပေးပါရစေဟု ချိန်းပြန်၏။ အမှန်အားဖြင့်ဆိုသော် ရှေ့လတွင်မှပေါင်းပေးလျှင် သုံးလ တွက်ဖြစ်သော် လည်း အတာ့ဆရာမ မြင့်မြင့်က တစ်လတွက် စိုက်ပေးခဲ့သဖြင့် နှစ်လတွက်သာ ကျန်တော့ခြင်းဖြစ်၏။ ဤသည်ကို တွေးမိသော အတာလည်း သူ့မမကို ပို၍ လွမ်းလာ၏။
အကယ်တိ ယခုအချိန်၌ ယခင် ဆရာမဟောင်းသာရှိပါက ဤမျှလောက် စိတ်ညစ်ရမည်မဟုတ်။ ယခု ဆရာမ လိုလည်း ကျောင်းလခကို နားပူနားဆာနှင့် မာမာထန်ထန် တောင်းလိမ့်မည်မဟုတ်သည်ကို အတာ ကောင်းကောင်းသိ၏။
"ဒီမှာ အတာ၊ မင့်ကျောင်းလခနဲ့ ပတ်သက်လို့ အိမ်မှာတော့ ရအောင်တောင်းပေါ့ကွယ်နော်၊ ဒါပေမဲ့ မရရင်လဲ ကျောင်းတော့ မလာဘဲမနေနဲ့၊ အတန်းထဲမှာ မင်း ဘယ်လောက်တော်တယ်၊ လိမ္မာတယ်၊ အကူအညီ ရတယ်ဆိုတဲ့ အကြောင်းရော၊ မင်း ဆင်းရဲတဲ့အကြောင်းတွေပါ တီချာကြီးကို မမပြောထား တယ်၊ သိလား၊ ကျောင်းလခကို သုံးလခလောက်အထိတော့ မပေးနိုင်လဲ ကိစ္စမရှိဘူး၊ မမလဲ ဝိုင်း ပြောပေး မပေါ့ကွယ်၊ နော်"
ယခင် ဆရာမမြင့်မြင့်က အားပေးခဲ့ဖူးသော စကားနှင့် ယခု ဆရာမ၏ "ကျောင်းလခ မပေးနိုင်ရင် ကျောင်းမလာနဲ့" ဆိုသော စကားမှာ ပညာကို အလွန်လိုလားနေသော အတာကလေး အဖို့၌ ရွှေရင်ဆို့ နှင့် ရွှေရငိအေးပမာ အတော်ကလေး ဆန့်ကျင် ကွားခြားနေတော့၏။
ထိုကိစ္စလောက်ဖြင့်သာဆိုလျှင် အတာ ခံနိုင်ရည်ရှိသေး၏။ ယခုမူ ကျောင်းလခပြဿနာတွင်သာ အတာ စိတ်ညစ် ရသည်မဟုတ်ဘဲ ဆရာမသည် အဘယ်မျှလောက် အသဲအမဲကြီးနေသည် မသိ။ စာသင်ရာ၌ပင် ကျမကောက် ပျောက်မရှာ ဝါးဆေးတံပမာကဲ့သို့ ပေယျာလကန် အတာအား ဝကွက်၍ ချန်ထားတတ်၏။
အချို့သော စကားလုံးဝါကျများကို အဓိပ္ပာယ်မရှင်း၍ အတာက ထမေးလျှင် ဆရာမသည် မကြား ဟန်ဆောင်နေသော် လည်း ဆောင်နေတတ်၏။
"ခုန ပြောတုန်းက မင်း ဘာလုပ်နေသလဲ၊ သေသေချာချာ နားထောင်နေပါလား၊ ငါ နှစ်ခါထပ်ပြီး မပြော နိုင်ဘူး" အတာက မရအရ မေးလျှင်လည်း လိုရင်းအဓိပ္ပာယ်ကို ရှင်းမပြဘဲ ယင်းသို့သာလျှင် ကြွပ် ဆတ်ဆတ် ဖြေလေ့ရှိတတ်၏။ သို့တိုင်အောင် အတာ သည်းခံ၏။ စိတ်အဆင်းရဲ လူအဆင်းရဲခံကာ ပညာကိုသာ မရအရယူခဲ့၏။ ဆရာမအားမေး၍ မရသည့်အဆုံး၌ ကျောင်းလွှတ်လျှင်လွှတ်ခြင်း အတန်းသား များကို မေး၏။ ၎င်းတို့ကပါ သူ့နည်းတူ မသိကြလျှင် အတာသည် သူ့အား မကြာခဏခေါ်၌ ခိုင်းလေ့ရှိသော အေ အတန်းမှ ဆရာမကို သွား၍မေးလေ့ရှိ၏။
"မင်းဆရာမ သင်နေတုန်းကတော့ မင်း ဆော့နေသလား အတာ"
"မဟုတ်ပါဘူး၊ တစ်ခါတလေ မကြားလို့ပါ"
"မကြားတော့ ထမေးပါလားကွဲ့"
"မေးတယ် မမ၊ သူ မပြောဘူး"
"ဘာပြုလို့"
ထိုမေးခွန်းကိုမူ အတာက မဖြေ။ ငိုင်တွေတွေလေး ငုံ့ချလိုက်၏။
လူသတင်း လူချင်းဆောင်ဟူသကဲ့သို့ အတာတို့၏ဘီတန်းဆရာမသတင်းကိုလည်း အခြားသော ဆရာမ များက ကြားသိနေ၍လော၊ သို့တည်းမဟုတ် ကျော်ကျော် နဖူးကွဲရသည့်ကိစ္စနှင့်ပင် ဆက်စပ် တွေးတော မိ၍လောမသိ။
"အင်း ခက်တာပဲ၊ ဆရာမရယ်လို့ ဖြစ်လာတဲ့အခါမှာ ဒီလိုစိတ်မျိုးထားလို့ ဘယ်ကောင်းပါ့ မလဲ၊ အေး လေ"
ထိုမျှသာ ရေရွတ်လျက် အတာ သိလိုသည့်အဓိပ္ပာယ်ကို ကျယ်ကျယ်ဝန်းဝန်းကလေး ရှင်းပြပေးလိုက် ၏။
ဤလို အတာ့ဆရာမက အတာကလေးမေးသော်လည်း အရေးတယူရှင်းပြလေ့မရှိသောကြောင့် အခြား သော ဆရာမတို့ထံ အသနားခံ၍ ပညာကိုယူရာ၌လည်း အတာတွင် အပြစ်မလွတ်။ ဆိုခဲ့သည့် နည်းမျိုး နှင့်ပင် လူသတင်း လူချင်းဆောင်ခဲ့၍လောမသိ။ ဆရာမနားသို့ အတာနှင့်ပတ်သက်သည့် သတင်း စကားရောက်လာပြန်ကာ
"မင်းက ဟိုအတန်း က ဆရာမကို စာသွားမေးတယ်ဆို"
"ဟုတ်ကဲ့၊ မေးပါတယ်"
"ဘာလဲ၊ ငါက မင့်ကို မသင်လို့လား"
ထိုအမေးကို အတာ မည်သို့ဖြေရမည်နည်း။ အမှန်ကို ရှင်းပြသည့်တိုင်အောင် ဆရာမသည် ကျေကျေ နပ်နပ် လက်ခံပါမည်လော။ သို့သော် အတာက ဘာမျှမပြောဝံ့ဘဲ ခေါင်းကလေး အငုံ့သားနှင့်ပင် ငြိမ် နေရ ရှာ၏။
"အေး ဒါပဲ၊ နောက်နောင်ကို ဒါမျိုး ငါ မကြားချင်ဘူး။ မင်း မြဲမြဲမှတ်ထားလိုက်"
နောက်ဆုံး၌ အပြစ်ဟူသမျှသည် အတာ့အပေါ်တွင်သာ ပုံကျလာတော့၏။ မည်သို့ပင်ဖြစ်စေ ဤအခြေ ထိကား အတာ တင်းခံနိုင်နေသေး၏။
ဤလိုနှင့်ပင် အတာ၌ ကျောင်းလခသည် နှစ်လထပ်ခဲ့ပြန်ပြီ ဖြစ်၏။ မသိန်းမေမှာလည်း လေးကျပ် တည်း ဟူသော နှစ်လတွက် ကျောင်းလခကို မဆိုထားဘိ၊ မုန့်ဖိုးပင် မှန်မှန်မပေးနိုင်အောင် ရှိနေတော့ ၏။ မြင်းပွဲရှုံး၊ ၃၆ ကောင်ရှုံးဖြင့် လူလုံးမလှရှိရသည်တွင် ထိုမြင်းနှင့် ၃၆ ကောင်တွင်သာ နေ့စဉ်နှင့်အမျှ စိတ်ဝင်စားနေရသောကြောင့် အရောင်းအဝယ်ဟူ၍လည်း မည်မည်ရရ မလုပ်နိုင်။
ကစားသမား တို့၏ဘဝကား ဤအတိုင်းပင်လျှင် ကျပ်တည်းကျဉ်းမြောင်းစွာ ချာချာလည်နေလိမ့်မည် သာဖြစ်သည်ကို မသိန်းမေကိုယ်တိုင် တွေ့ကြုံနေရပါလျက်လည်း သူ သတိမမူနိုင်သေး။
သို့ မသိန်းမေတွင် အခြေမလှသည်နှင့်အမျှ ငတ်တစ်လည့် ပြတ်တစ်လှည့်ဒဏ်ကို အတာပါ ဝင်၍ခံနေ ရရှာ၏။ မုန့်ဖိုးမမှန်၊ ထမင်းမမှန်နှင့်ပင် ဇွဲသန်သန် ကျောင်းတက်ခဲ့ပါသော်လည်း အတာ ခါတိုင်းကဲ့သို့ မပျော်။ အခြားသော အတန်းသားများနှင့် ရယ်ကာမောကာ် စကားပြောနေသော ဆရာမသည် အတာ့ ကိုမြင်လိုက်လျှင် ရုတ်ခြည်း မျက်နှာထား တင်းသွားတတ်၏။
အတာသည် သူတစ်ထူးအား ချစ်တတ်၏။ ကြင်နာတတ်၊ သနားတတ်၏။ ထို့အတူ သူ့ကိုလည်း ချစ်စေ လို၏။ ချစ်အောင်လည်း အမျိုးမျိုးကြိုးစားခဲ့ပါလျက် သူ့ဆရာမသည် ယနေ့ထိ စိတ်ထားမပြောင်း၊ အကောင်းကိုမမြင် အတာလုပ်သမျှ ဆိုးသည်ချည်း ထင်နေတတ်၏။
တစ်ခါကလည်း စာသင်ချိန်တစ်ချိန်တွင် ဆရာမသည် အားလုံးသော ကလေးများကို သူ့စားပွဲတွင်ဝိုင်း၍ မတ်တပ်ရပ်စေပြီး အင်္ဂလိပ်ဖတ်စာထဲမှ ဝါကျများကို အမေးအဖြေ သဘောမျိုးဖြင့်
"သိုးတစ်ကောင်ကို ဘယ်လိုခေါ်သလဲ၊ သိုး ငါးကောင်ကို ဘယ်လိုခေါ်သလဲ၊ သိုးငယ်လေးကို ဘယ်လို ခေါ်သလဲ၊ သိုးကျောင်းသား လက်ထဲမှာ ဘာရှိသလဲ"
အင်္ဂလိပ်ဘာသာဖြင့် ဤလိုမေးခွန်းများထုတ်ကာ ထုတ်ကာဖြင့် တစ်ယောက်စီ မေးမြန်းရင်း သင်ကြား နေ၏။ သို့သော် သို့အမေးခံရသည့်အထဲ၌ အတာကလေး မပါ။ အတာကို မမေး။ အတာရှိရာဘက် သို့ အရေးလုပ်၍ပင် ကြည့်ဖော်မရ။
အတာသည် စာအလွန်တော်၏။ သူ့ဝမ်းထဲတွင် သူတော်၍ သိနေသည်ထက် ဤလို စစ်မေးရာ၌ ရင် ကလေးကော့ကာ ခပ်ကြော့ကြော့ဖြေလိုက်ရသည်ကိုသာ အတာ အရသာခံလို၏။ ထို့ကြောင့်လည်း ဆရာမ မေးခွန်းထုတ်လိုက်တိုင်း အတာသည် လက်ညှိုးကလေး တယမ်းယမ်းထောင်ကာ ဆရာမမြင် လောက်သည်အထိ ရှေ့သို့ပင် တစ်လှမ်းလောက်ထွက်၍ သွက်သွက်လက်လက် ရပ်နေသော် လည်း သူ့ကြိုးပမ်းမှုသည် အချည်းနှီးသာလျှင် ဖြစ်ခဲ့၏။
တစ်ကြိမ် တွင်လည်း အတာနှင့်ကပ်လျက်ရှိ ချစ်အောင်အား
"ကဲ မင်း"ဟု ကြိမ်ဖြင့် ညွှန်ပြရင်း မေးလိုက်သည်ကို အတာက သူ့ကို မေးသည်အထင်နှင့် ဝမ်းသာအား ရ ဖြေလိုက်သည်ကို "မင်း မေးတာမဟုတ်ဘူး"ဟူ၍ပင် အတာကလေး အငေါက်ခံလိုက်ရ၏။
တစ်ကြိမ်ကလည်း ထိုနည်းပင် ဝိုင်း၍ မတ်တတ်ရပ်စေပြီး ဂဏန်းသင်္ချာကို စိတ်တွက်မေးခွန်းထုတ်ရင်း သင်ကြားနေရာမှ ဆရာမသည် အတော်ကလေးခက်သော ပုစ္ဆာတစ်ခုကို မေးလိုက်မိ၏။ မည်သူမျှ မဖြေနိုင်။ အတာတစ်ယောက်တည်းသာလျှင် လက်ကလေးထောင်၍ ယမ်းပြနေ၏။ သို့သော် သူ့အား မမေး။ အခြားပုစ္ဆာတစ်ခုကို ပြောင်းပစ်လိုက်၏။
တစ်ခါတွင်မူ ရာဇဝင်နှင့်ပတ်သက်၍ အချက်အလက်အတိုချုပ်များကို တစ်ယောက်တစ်မျိုးစီ မေးလျက် ရှိ၏။ မေးခွန်းတစ်ခုမှာ အတော်ကလေးခက်သဖြင့် ဆရာမက မေးလိုက်သူတိုင်း မဖြေနိုင်ရှိနေကြ၏။ အတန်းထဲ တွင် စာအတော်ဆုံးသော ကလေးခြောက်ယောက်အနက် အတာကိုချန်၍ ကျန်ငါးယောက် ကို မေး၏။ သူတို့လည်း မဖြေနိုင်။ ဤတစ်ကြိမ်တွင်မူ အတာကလည်း လက်မထောင်နိုင်၊ အဖြေကိုရှာ ရင်း ငိုငနေစဉ်။
"ကဲ အတာ မင်း ဖြေစမ်း"ဟု လှမ်း၍ ပြောလိုက်သည်ကို
"အဲဒါ ကျွန်တော် မဖြေတတ်ဘူး မမ"
"ဒါဖြင့် ဒူးထောက်နေ"
အတာ ရုတ်တရက် ကြောင်သွား၏။ ယောင်ချာချာနှင့်ပင် ဆရာမအား ငေးကြည့်နေမိစဉ်မှာပင်
"ဟေ့ ပြောတာ မကြားဘူးလား"ဟု ထပ်၍ မေးလိုက်မှ အတာလည်း ခပ်လေးလေးပင် ဒူးထောက်လိုက် ရတော့၏။
ဆက်ရန်
.

2 comments:
သာဓုရဲ့ အတာကို ဖတ်ရတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။
ဆက်လက်အားပေးနေပါတယ်
Post a Comment