Thursday, April 5, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၉)

(၀က်သစ်ချမြိုင်မှာ ညို့ဓာတ်ရှင် ရွှေအိုရောင် သည် ကလေးမ မရှိလျှင် ကျေနုပ်ပါပြီ။ ပြီးတော့ ဒေးဗစ် ကလေး နှင့် တူကောင်းတူလာ မည့် သူ့ကလေးကို မတွေ့ရ လျှင် ကျေနပ်ပါပြီ။ ဂျူးဒစ် ကျောထဲ စိမ့်သွား သည်။ ဗိုက်ထဲက ကလေးကို သွားသတိရ လိုက်၍ဖြစ်၏။ သည်ကလေး သာ မရှိလျှင် ဘာမဆို လုပ်ရဲသည်။) ကို ဆက်ဖတ်ရန်....

တံခါးပွင့်လာသည်။ ဖီးလစ် ၀င်လာ၏။ ဂျူးဒစ် သူ့ကို စိုက်ကြည့်နေသည်။
" ဂျူးဒစ်၊ အစ်ကို သည်အတိုင်း ဆက်မနေပါရစေနဲ့ကွာ၊ မနေ့ကလည်း တစ်နေ့လုံး မတွေ့ရဘူး "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
ဂျူးဒစ်လေသံ အငေါ်တူးတူး။
" မင်း ဒီလို အခန်းအောင်းနေလို့ မဖြစ်ဘူးလေ "
" ဘာပြုလို့ "
သူကတော့ ချောလို့လှလို့။ ဒါကိုကြည့်ပြီး ပိုဒေါပွလာသည်။ နွေမရောက်ခင် သူ့အသားတွေ ညိုစ ပြုနေပြီ။

" တစ်အိမ်လုံး ဖြစ်ချင်တိုင်း ဖြစ်နေပြီ။ အစေခံတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိနဲ့၊ ကလေးတွေ ကိုလည်း ကြည့်မယ့်လူ မရှိဘူး၊ ထမင်းဟင်းတောင် ချက်ကြပြုတ်ကြရဲ့လား မသိဘူး"
" အို ... ဒီအသေးအဖွဲ့တွေ လာပြောမနေနဲ့၊ ရှင် ကျွန်မကို ငရဲပြည်ပို့ထားပြီး အစားအသောက် ကိစ္စ လောက်ကို လာပြောနေတယ်ပေါ့ ဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျွန်မဟာ အိမ်ဖော် တစ်ယောက်လောက် ရှင့်အတွက် အသုံးဝင်သေးတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ် "
ဖီးလစ် ဒေါပွ လာသည်။

" ဒီမယ် ဂျူးဒစ်၊ တစ်ဆိတ် တော်ပါတော့လို့ ပြောနေတယ်ကွာ၊ မင်းဟာမင်း ကြိုက်တာလုပ်ဆိုပြီး မနေ့ က ကိုယ် ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို ကိုယ် မလုပ်နိုင်ဘူး၊ မင်း သိလား မသိဘူးလား မသိဘူး၊ မင်းကို ချစ်လွန်း လို့ ကိုယ် အဲဒီလို မလုပ်နိုင်တာ နားလည်လား "
" နားထောင်လို့ ကောင်းပါတယ်၊ ကျွန်မ မသိဘူး "
" ကိုယ်ကတော့ သိတယ်၊ မင်းကို ဘယ်လောက် ချစ်ရတယ်ဆိုတာ ခုမှ ပိုသိလာတယ် "
ဂျူးဒစ် ဘာမှ ပြန်မပြောတော့။ ည၀တ်ရုံ လက်ဖျားကလေးကို ကိုင်ပြီး ကစားနေသည်။ နှစ်ယောက်သား အကြာကြီး ငြိမ်နေကြ၏။ နောက်ဆုံးတွင်မှ သူ စကားဆက်သည်။

" ဒီမယ် ဂျူးဒစ်၊ မင်း အစ်ကို့ကို မယုံဘူးလားဟင်။ အိန်ဂျဲလစ်နဲ့ ကိုယ် ဘယ်လိုကြောင့် ခုလိုဖြစ်သွားတယ် ဆိုတာ မင်းကို ရှင်းပြပြီးပြီပဲ။ မင်း ခေါင်းအေးအေးနဲ့ မစဉ်းစားတော့ ကိုယ်လည်း ဘာ ဆက်ပြော ရမှန်း မသိတော့ဘူး။ မင်းပြန်လာတော့မယ် ဆိုတဲ့ စာရတော့ အိန်ဂျဲလစ်ကို ပြလိုက် တယ်။ သူ မျက်ရည်တွေ ကျလာပြီး ဆုံးအောင် မဖတ်နိုင်တော့ဘူး။ ကိုယ် စိတ်မကောင်းတဲ့အကြောင်း၊ ဇာတ်လမ်း က ဒီမှာဆုံးပြီဖြစ်ကြောင်း ပြောတော့ သူ အရုပ်ကြိုးပြတ် ဖြစ်သွားတယ်။ ယူကျုံးမရ လည်း ဖြစ်နေတယ်။ မင်းကို သူဘယ်လောက် ချစ်ကြောင်း၊ မင်းအပေါ်မှာ သစ္စာယွင်းခဲ့တဲ့အတွက် သူ ဘယ်လောက် ခံစားနေရကြောင်းတွေ ပြောတယ်။ မင်းကို ဘာမျမပြောဖို့၊ ဘာမှမဖြစ်သလို နေသွားဖို့ ကိုယ့် ကို ပိတ်ထားတာ၊ ကလေးရှိတယ် ဆိုတာ တောင် မပြောဘူး "
" အဲဒီလိုနဲ့ ကျွန်မ ပြန်ရောက်လာရော ဆိုပါတော့။ အဲဒီတော့လည်း ကျွန်မကို ကမ္ဘာပေါ်မှာ အချစ် ဆုံးပါ လို့  ရှင် ပြောတုန်းပဲနော် "

" အဲဒါ အမှန်အတိုင်း ပြောတာပဲ "
" သြော် ... အမှန်အတိုင်းပြောတာ ဟုတ်လား။ ဒါဆိုလည်း ပြီးရောပေါ့။ ဘာမှ ပြဿနာမရှိတော့ဘူးပေါ့။ ကျွန်မ အိမ်မှာ မရှိတဲ့ အချိန်တိုင်း ကောင်မချောချောလေးတွေကို ခြေတော်တင်ခွင့် ရှိနေတယ်ပေါ့ ဟုတ်လား။ ကျွန်မက လက်ပိုက်ကြည့်နေရမယ်ပေါ့။ ကျွန်မ ပြန်ရောက်လာရင် သူတို့ကို ဖယ်ပစ်လိုက်၊ ကျွန်မ မရှိရင် သူတို့နဲ့ စခန်းသွားလိုက်ပေါ့၊ ဟုတ်စ။ ရှင် ကျွန်မကို တိရစ္ဆာန်မတစ်ကောင်ဖြစ်အောင် လုပ်ပစ်နေ တာပဲ ဖီးလစ်၊ ဟုတ်တယ် မဟုတ်လား "
ဖီးလစ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ သေတော့မှာပဲ၊ မင်း နားမလည်နိုင်ပါလား ဂျူးဒစ် "
ဂျူးဒစ် ပြန်အော်သည်။
" ရှင်လည်း ကျွန်မကို နားမလည်နိုင်ဘူး မဟုတ်လား "
တိတ်သွားကြပြန်သည်။ အတန်ကြာမှ ဖီးလစ်က -
" ကဲ ... ဒါဆို ကိုယ် ဘာလုပ်ပေးရမလဲ ပြော၊ ဘာလုပ်ပေးစေချေင်လဲ "
" အိန်ဂျဲလစ် ကို ဒီမှာ ဆက်မထားနဲ့ "
" ဒီမှာလည်း မရှိတော့ပါဘူး "
" ဘယ်ရောက်သွားလဲ "
" တန်းလျားကို ပြောင်းခိုင်းလိုက်ပြီ "

" အဲဒီလိုပြောတာ မဟုတ်ဘူး၊ ၀က်သစ်ချမြိုင်က မောင်းထုတ်လိုက်ဖို့ ပြောတာ၊ အပြီး အပိုင် ရောင်းထုတ်လိုက်ဖို့ ပြောတာ၊ မနက်ဖြန် ကျွန်ဈေးမှာ သွားရောင်း၊ ပြတ်ကရောပေါ့ "
ဖီးလစ် ဇနီး လုပ်သူကို စိုက်ကြည့်နေသည်။ အံ့သြလွန်းစွာ၊ မယုံကြည်နိုင်စွာဖြင့် ။
" မင်းပြော တဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မင်း နားလည်ရဲ့လား ဂျူးဒစ် "
" သိပ်နားလည်တာပေါ့၊ သူ့ကို နောက်ထပ်မမြင်ချင်လို့ မတွေ့နိုင်တဲ့ နေရာကို ပို့တာလေ "
" အဲဒါတော့ ကိုယ် မလုပ်နိုင်ဘူး ဂျူးဒစ် "
" သြော် မလုပ်နိုင်ဘူး၊ ဟုတ်လား "
ဂျူးဒစ် အသံ အတန်ကျယ်သွားသည်။ လုံးဝ မမျှော်လင့်သည့် တုံ့ပြန်မှုကို ရရှိခြင်း။ ဒါတော့ တစ်ဆိတ် လွန်လွန်းပြီ။ ဘယ်မိန်းမမျိုး သည်းခံနိုင်ပါမည်နည်း။

" ရောင်းမပစ်နိုင်ဘူးပေါ့ ဟုတ်လား "
" ဟုတ်တယ် "
" ရှင် သူ့ကို ဆက်ထားမယ်ပေါ့။ ကျွန်မ နယူးအော်လီယန်းကို နောက်တစ်ခေါက်သွားရင် အသုံးချဖို့ ပေါ့။ ဟုတ်လား "
ဖီးလစ် ရှေ့တိုးလာသည်။
" ဒီမယ် ဂျူးဒစ်၊ မင်း အဲဒီ ကျွန်လှေတွေအကြောင်း ဘယ်လောက်သိလဲ၊ မင်း သူ့ကို သတ်ပစ်လိုက် တာ နဲ့ အတူတူပဲ။ သိလား "
" မဆိုင်ပါဘူး၊ ကျွန်လှေထဲမှာ မိန်းမတွေအများကြီး အရောင်းအ၀ယ်ဖြစ်နေကြတာပဲ။ ကျွန်မ ရှင့် ကို တောင်းဆိုနေတာက သူနဲ့ တစ်ခါတည်း ပြတ်ဖို့ပဲ။ လွယ်ပါတယ်၊ ရှင် တစ်ခွန်းပြောလိုက်ရင် ပြီးတဲ့ ကိစ္စပဲ " ဖီးလစ် လက်ပိုက်လိုက်သည်။

" ကိုယ် ပြောပြီးပြီ ဂျူးဒစ်၊ ကိုယ် သူနဲ့ နောက်ထပ် ဘာမှ မပတ်သက်စေရဘူး။ ဒါပေမဲ့ မင်းပြော သလိုတော့ မလုပ်နိုင်ဘူး။ မင်းလည်း မြင်ဖူးသားပဲ၊ သူ့လို အခြေအနေမျိုးနဲ့ မိန်းကလေး တစ်ယောက်ကို သံခြေချင်း ခတ်ပြီ ..... "
" သူ့ကို ၀ယ်တုန်းကလည်း သံခြေချင်းနဲ့ပဲ ၀ယ်လာတာ မဟုတ်လား။ သူဟာ ကပ္ပလီမပဲ။ ရှင် ဒါကို မေ့နေပြီလား "
" သူဟာ သာမန်ကပ္ပလီ မဟုတ်ဘူး၊ အဆင်အတန်းရှိတဲ့ ကပြားလေ။ အဲဒါကိုကော မင်း မေ့နေပြီ လား။ ပြီးတော့ သူ့မှာ ကလေးနဲ့ပါ ဂျူးဒစ် "
ဖီးလစ် အသံ ပျော့ပျောင်းလာသည်။ တောင်းပန်တိုးလျှိုးသံ ပါလာသည်။
" မင်းမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ် ဂျူးဒစ်ရယ်၊ မျှမျှတတ ဆိုရင် မင်းအတွက် ကိုယ် ဘာပဲ လုပ်ပေးရ လုပ်ပေးရပါ။ ဒါပေမဲ့ အိန်ဂျဲလစ်ကိုတော့ ကျွန်လှေတွေထဲ ထည့်မပေးလိုက်ပါရစေနဲ့ "
ဂျူးဒစ် အသက်ရှူမှားမတတ် ဒေါသဖြစ်သွားသည်။

" ကျွန်လျေပါ ဆိုမှပဲ၊ နိဗ္ဗာန်ဘုံတော့ ဘယ်ဟုတ်ပါ့မလဲရှင့်။ ဒီမိန်းမကို ရှင် ရောင်းမထုတ် ဘူးလား။ မောင်းမထုတ်ဘူးလား။ ကဲ ... အပြတ်ပြော "
" ငါ လူရိုင်း မဟုတ်ဘူး။ မင်းပြောတာ တစ်ခုမှ မလုပ်နိုင်ဘူး။ အိန်ဂျဲလစ်လို မိန်းကလေးကို နေ့ရော ညပါ သံခြေချင်း ခတ်ပြီး အာဖရိက လူရိုင်းတွေ၊ ရက်စက်ယုတ်မာတဲ့ လှေသမားတွေရဲ့ လက်ထဲကို အရောက် မခံနိုင်ဘူး၊ တိရစ္ဆာန်တွေလိုထားတဲ့ နယူးအော်လီယန်း ကျွန်တင်းကုပ်ထဲကို သူလို ကိုယ်ဝန်နဲ့ မိန်းကလေး တစ်ယောက် မရောက်သင့်ဘူး၊ သူ့ကို တစ်ခါတည်း လည်ပင်းဖြတ်ပြီး သတ်ပေးပါလို့ မင်း ဘာ လို့ မပြောတာလဲ "
ဂျူးဒစ် လက်နှစ်ဖက်ကို ဆွဲလိမ်နေသည်။ ထိုင်ချလိုက်ပြီး တဒိုင်းဒိုင်း ခုန်နေသည့် နားထင်ကို လက်နှစ် ဖက်ဖြင့် ဖိထားလိုက်သည်။

" ဒါဖြင့် ရှင် ဘာလုပ်မလဲ "
" နောက်နှစ်ထိ သူ့ကို ဒီမှာထားမယ်။ နေထိုင်ကောင်းလာပြီ ဆိုမှ စိတ်ချရတဲ့လူကြုံနဲ့ နယူးအော်လီယန်း ကို ပို့ပေးမယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးဦးရဲ့ အိမ်မှာ အိမ်ရှင်သခင်မရဲ့ ပုဂ္ဂလိက အိမ်ဖော်အဖြစ် နဲ့ ၀ယ်မယ့်သူကိုမှ ရောင်းမယ်။ ခုတော့ ဘယ်နည်းနဲ့မှ မရောင်းနိုင်ဘူး "
" ကျွန်မကလည်း ဒီကလေးကို ၀က်သစ်ချမြိုင်မှာ အမွေးမခံနိုင်ဘူး၊ မကြည့်ချင်ဘူး "
ဂျူးဒစ် ပို၍ ဆောက်တည်ရာမရ ဖြစ်လာသည်။
"ကိုယ် စိတ်မကောင်းပါဘူး ဂျူးဒစ် "
သူ့အသံမှာ နူးညံ့သော်လည်း ခိုင်မာသည်။
" ဒါဆိုလည်း စပိန်ကောင်စီရုံးမှာ လျှောက်လွှာတင်ပြီး သူ့ကို လွတ်လပ်ခွင့် ပေးလိုက်ပါလား "
" ဆိပ်ကမ်းတစ်ဝိုက်မျာ ဖာဖြစ်သွားအောင်လို့လား၊ ကိုယ် မလုပ်နိုင်ဘူး ဂျူးဒစ် "
ဂျူးဒစ် ၀ုန်းခနဲ ထ ရပ်လိုက်သည်။

" ကောင်းပြီ၊ သူ့ကို ဒီအတိုင်း ဆက်ထားပါ၊ ကျွန်မကို သူ နေမကောင်းဖြစ်တဲ့အခါ ခြေဆုပ်လက်နယ်ပြုဖို့ လိုရင် လည်း ပြောပေါ့။ ဇိမ်ခံပစ္စည်း အပြည့်အစုံပါတဲ့ ကျွန်လှေ မဆိုက်မချင်း သူ့ကို မရေမရာနဲ့ ဆက်ထား သွားပေါ့။ ရှင့်ရဲ့ ဒုတိယ မဟေသီအဖြစ် မြှောက်စားထားပေါ့ "
ဂျူးဒစ် နောက်တစ်လှမ်း ဆုတ်လိုက်၏။ ပြီးတော့မှ သဲသဲမဲမဲဆက်လက် တိုက်ပွဲဆင်သည်။
" ကျွန်မ ထင်ပါတယ်။ ရှင်တို့နှစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကို သာယာကြမှာပါ။ တစ်နှစ်တစ်ခါ ကလေးတွေ မွေး လို့၊ မွေးလာတဲ့ ကလေးတွေက ကျွန်မကလေးတွေထက် ပိုလှချင်လှမှာပါ။ ဒီမယ် ဖီးလစ်လန်း၊ အမည်းသွေးပါတဲ့ ရှင့်ကလေးတွေနဲ့ ကျွန်မကလေးတွေ ဘယ်တော့မှ အရောမခံနိုင် ဘူး"
ဖီးလစ် ရှေ့သို့ ၀ုန်းခနဲရောက်လာပြီး ဂျူးဒစ် ပါးကို ဖြတ်ရိုက်ချလိုက်သည်။ တံခါးဝ ကိုရောက် မှ ပြန်လှည့်ပြီး -
" တစ်နေ့နေ့မှာ မင်းကို ဒီလို ရိုက်ဆုံးမရလိမ့်မယ်လို့ အစောကြီး တွက်ခဲ့တယ်။ နောက်ဆို မင်းလျှာ ကို ကောင်းကောင်း ထိန်း၊ ငါ ခုလို လုပ်မိတဲ့အတွက် ကျေနပ်တယ်။ ဘယ်တော့မှ နောင်တရမယ် မထင်နဲ့ "

ဂျူးဒစ် တွေပြီး ရပ်ကျန်ရစ်ခဲ့သည်။ တံခါးကို ဆောင့်ပိတ်ပြီး သူထွက်သွားလေပြီ။ ပူထူသွားသည့် ပါးကို လက်နှင့် စမ်းကြည့်လိုက်၏။ ဘာမှ ခံစားလို့မရ။ ကိုယ့်ပါးမဟုတ်ဘဲ တစ်စုံတစ်ယောက်၏ပါး ကို ကိုင်ကြည့်နေရ သည့် အလား။
တဆတ်ဆတ် တုန်လာသည်။ ဘာကိုမှ မမြင်တော့။ ကုလားထိုင် တစ်လုံးဘေးတွင် အရုပ်ကြိုးပြတ် ဒူးညွှတ် ကျသွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။ တစ်ကိုယ်လုံး သိမ့်သိမ့်ခါပြီး သည်းအူပြတ်မျှ ငိုကြွေးနေခြင်းဖြစ်၏။
ရှိသမျှအင်အားတွေ ကုန်ခန်းသွားသည့်တိုင် ငိုပြီးသော်လည်း ရင်ထဲက ဝေဒနာက လျော့ကျမသွား ခဲ့ပေ။ ဘာမှမသိတော့။ ဘာမှမမြင်တော့။ မုန်းတီးစိတ်က ဂျူးဒစ် တစ်ကိုယ်လုံးကို လွှမ်းခြုံထား လိုက်ပြီ။
အတန်ကြာမှ မတ်တတ်ထရပ်သည်။ ပါးစပ်တစ်ခုလုံး ခြောက်သွေ့နေပြီး လျှာမှာ ရောင်ရမ်းနေ သည်ဟု စိတ်ထဲ ထင်လိုက်၏။ ခေါင်းက မခံနိုင်လောက်အောင် ကိုက်လသည်။ စူးရှပြင်းထန်သည့် ဝေဒနာကို ခံစားနေရင်း ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ အ၀တ်အစားလဲပြီး အိမ်ပြင်သို့ ထွက်ခဲ့ ၏။ ပန်းခြံကို ဖြတ်ပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။ မဲနယ်ခင်များ၏ တစ်ဖက်စွန်းရှိ အလုပ်သမားတန်းလျား များ ရှိရာသို့ ဆက်လျှောက်သည်။

လုပ်သားအိမ်ရာများရှိရာသို့ တစ်ကိုယ်တည်း ဆက်လျှောက်သည်။ ကွင်းထဲက ကပ္ပလီတွေ သူတို့ သခင်မ ကို တအံ့တသြ ၀ိုင်းကြည့်နေကြ၏။ အလုပ်သမားခေါင်းဆောင်တစ်ယောက် ဦးထုပ်ချွတ်ပြီး -
" မင်္ဂလာပါ မမလေး၊ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ အမိန့်ရှိပါခင်ဗျာ "
" ဘာမှ မလိုပါဘူး သက်သက် လျှောက်ထွက်လာတာ "
" ဟေ့ ငမည်းကောင်တွေ၊ တည့်တည့်စီရပ်ကြစမ်း၊ မမလေး အသွားရခက်နေမယ် "
အလုပ်သမားတွေ ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အပေါ်ပိုင်း ဗလာကိုယ်ထီးနှင့်။ သူတို့ အသားအရောင်မှာ ချွေးတွေရွှဲပြီး နေရောင်တွင် တလက်လက် တောက်နေသည်။ အသား လတ် သူများက အာဖရိက တောင်ပိုင်းသားများဖြစ်ပြီး မည်းချိတ်နေသူများက ကွန်ဂိုကပ္ပလီများ ဖြစ်ကြသည်။

ရွာစွန်က အိမ်ကလေးတစ်လုံးတွင် ကွန်ဂိုကပ္ပလီ အဘွားအို တစ်ယောက်ရှိသည်။ အာဖရိက ဆေးဝါးနှင့် မှော်ပညာတတ်သည်ဟု ကြားဖူး၏။ အလုပ် မလုပ်နိုင်တော့သည့် အရွယ်ဖြစ်၍ အနား ပေးထားရသည်။ ခုတော့ ဆေးကုစားနေသည်။ အလွန်မာနကြီးသည့် ၀က်သစ်ချမြိုင်ကြီးမှ အိမ်စေ တချို့ပင် အဘွားဆီတွင် ဆေးဝါးကုသကြသည်ဟု ကြားဖူးသည်။ မဲနယ်ခင်းကို ဖြတ်ပြီး ရွာစွန်အိမ်ကလေး ဆီသို့ ဂျူးဒစ် ဆက်လျှောက်လာခဲ့သည်။ မိမိ၏ ဝေဒနာကို သည် ကပ္ပလီမကြီး ပျောက်အောင် ကုစားနိုင်ကောင်းပါရဲ့။
ရွာစွန်ရောက်တော့ ဖုန်တွေ ပေကျံပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အိမ်ကလေးထဲ သို့ ပြေးဝင်သွားသည်။ ကပ္ပလီအဘွားအို၏ ရှေ့မှောက်တွင် ဒူးထောက်ပြီး မိမိအား ငရဲခန်းမှ လွတ်မြောက်အောင် ကယ်တင်ဖို့ တောင်းပန်ရတော့မည်။

အခန်း (၁၂)

ထိုညတွင် ဂျူးဒစ် ကို လုံးလုံးမတွေ့ဘဲ ဖီးလစ် ရှောင်နေသည်။ တွေ့လျှင် ဒေါသဖြစ်လာဦးမည်ကို သိနေ၏။ စကားပြောချင်စိတ်လည်း မရှိတော့။ မနက်မိုးလင်းတော့လည်း စောစောထပြီး ကွင်းထဲသို့ ထွက်ခဲ့ သည်။ ၀က်သစ်ချမြိုင်ဝင်း အပြင်ရောက်မှ စိတ်ထဲ ပေါ့ပါးသွားသည်။ သို့သော် နေက ပြင်းလွန်း၍ နေ့လယ်ပိုင်းတွင် အိမ်မပြန်ချင်ဘဲ တစ်ခေါက်ပြန်လာခဲ့ရသည်။
အိမ်ရှေ့ တွင် တစ်ယောက်မှမတွေ့။ မြင်းလာသိမ်းမည့် ငမည်းကောင်တစ်ကောင်တလေမျှ မရှိ။ မြင်းကို ခပ်နိမ့်နိမ့် ၀က်သစိချကိုင်းတစ်ကိုင်းတွင် ချည်ထားခဲ့သည်။ ဂျူးဒစ်တစ်ယောက် ခွတိုက်နေကတည်းက ၀က်သစ်ချမြိုင် ၏ အုပ်ချုပ်ရေး စက်ယန္တရားသည် လျော့ရဲရဲဖြစ်နေပြီ။ စိတ်ထဲက မကျေမနပ်နှင့် အိမ်ထဲ ၀င်ခဲ့၏။

တံခါးဝရောက် သည်နှင့် တစ်စုံတစ်ခု ဖြစ်နေပြီဟု သိလိုက်သည်။ ကောင်မလေးတွေ ယောက်ယက် ခတ်ပြေးလွှားနေကြသည်။ ဂျူးဒစ် အခန်းထဲ ခရစ္စတင်း ပြေးဝင်လာသည်ကို တွေ့လိုက်၏။
ခန်းမဆောင်တံခါးကို တွန်းဖွင့်လိုက်သည်။ ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ ရန်ဖြစ်နေရာသို့ မမ်မီ ပြေးသွားသည်ကိုတွေ့လိုက်ရ၏။ တိတ်တိတ်နေကြဖို့၊ မေမေ့ကို အနှောင့်အယှက် မပေးကြဖို့ တိုးတိုး ကျိတ် ပြောနေသည်။
ဂျူးဒစ် အခန်းဆီသို့ ဖီးလစ် သုတ်ခြေတင်သွားသည်။ အခန်းထောင့် တစ်နေရာတွင် အိန်ဂျဲလစ်နှင့် တန်းတိုးနေ သည်။ အလို ... သည်ကလေးမ ဒီကို ဘာအတွက် ရောက်နေပါလိမ့်။ လုံးဝ မလာ ဖို့ ပြောထားပြီးသား။
အိန်ဂျဲလစ်က သူ့ကိုတားပြီး အသက်မရှူနိုင်ဘဲ -
" အို ...  အစ်ကိုလေး ရောက်လာလို့ တော်သေးတာပေါ့၊ မြန်မြန်သွားပါအစ်ကိုလေး "
" ဘာဖြစ်လို့လဲ အိန်ဂျဲလစ်၊ သူ နေမကောင်းလို့လား "

အိန်ဂျဲလစ် ခေါင်းညိတ်သည်။ မျက်လုံးနှစ်ဖက်ကို လက်ခုံနှင့်ကာပြီး -
" စိုးရိမ်ရတယ်ထင်တယ် အစ်ကိုလေး "
အိန်ဂျဲလစ်၏ လက်မောင်းကို ဖီးလစ် ဖမ်းဆုပ်ပြီး -
" ဘာ ... ဘယ်သူ စိုးရိမ်ရတာလဲ၊ ဂျူးဒစ်လား "
ဖီးလစ် ရှေ့တိုးသွားမည်အပြုတွင် အိန်ဂျဲလစ်က ဖမ်းဆွဲပြီး -
" ခဏလေး အစ်ကိုလေး၊ ကျွန်မ ရှင်းပြပါရစေ၊ ဟို ကပ္ပလီအဘွားကြီး မှတ်မိလား၊ သူ့ကလေးတွေ ၀ယ်လို့ သူ့ပါ အစ်ကိုလေး ၀ယ်လိုက်ရတဲ့ အဘွားကြီးလေ။ သူ့ကို ဆေးဆရာမကြီးဆိုပြီး ကွင်းထဲက ငတုံးတွေ က ယုံကြည်ကြတယ်။ မမလေး ... မမလေး သိဖို့ ကောင်းပါတယ် အစ်ကိုလေးရယ် "
အိန်ဂျဲလစ် ဆို့နေသဖြင့် စကားဆက်မပြောနိုင်ဘဲ ဖြစ်နေ၏။

 ပြီးမှ -
" မမလေးမှာ ကလေးရှိနေတာ အစ်ကိုလေး မသိဘူးနော်၊ အဲဒီ မိန်းမကြီးဆီမှာ သွားဖျက်ချတယ်တဲ့ အစ်ကိုလေး ရယ် "
ဖီးလစ် တစ်ယောက် ၀က်သစ်ချမြိုင် အိမ်ကြီးတစ်ဝိုက်တွင် ရက်ပေါင်း များစွာ ဆောက်တည် ရာမရ လျှောက်သွားနေသည်။ သည်ကပ္ပလီမကြီးအိမ်ကို ဆေးသွားကုသူတိုင်း ကြိမ်ဒဏ်အချက် ၃၀ ပေးမည် ဟု ဖီးလစ် အမိန့်ထုတ်လိုက်သည်။ ဒေါသအမျက် ခြောင်းခြောင်း ထွက်နေသော်လည်း သည်ထက် ပိုပြီး ဘာမှ မလုပ်တတ်အောင် ဖြစ်နေ၏။
ဂျူးဒစ် ကို စောင့်ကြည့်ပြီး သိပ်အယုံအကြည် မရှိလျသော ဓာတ်စာဆရာတစ်ယောက်နှင့် ကုနေရ သည်။ အိန်ဂျဲလစ်နှင့် မျက်နှာချင်းဆိုင်ရမည် ကို ကြောက်နေ၏။ ယခုချိန်ထိ ဂျူးဒစ်၏ ပြင်းထန် လှ သော တောင်းဆိုချက်ကို ငြင်းပယ်နေရဆဲ။

သို့သော် အိန်ဂျဲလစ်ကိစ္စကို ခေါင်းထဲမထားဘဲ ဂျူးဒစ် ကျန်းမာလာရေးအတွက်သာ အာရုံစိုက်ထား လိုက် သည်။ အခြားကိစ္စများသည် အသေးအဖွဲ့များသာဖြစ်၏။ ကလေးပျက်သည်၊ မပျက်သည်ကိုလည်း ဖီးလစ် ဂရုမစိုက်တော့။ ကပ္ပလီမကြီးဆီမှာ သန္ဓေဖျက်သည့်ကိစ္စ မအောင် မြင်ကြောင်း သူတို့ လာပြောစဉ် ကလည်း စိတ်မလှုပ်ရှားခဲ့။
မိတ်ဆွေ အပေါင်းအသင်းတွေ လူမမာမေးရန် အဆက်မပြတ် ရောက်လာကြသည်။ ပန်းတွေ တစ်ပွေ့ တစ်ပိုက်ကြီးနှင့်၊ မုန့်ပဲသရေစာတွေ စုံလင်စွာနှင့်။ သို့သော် ဂျူးဒစ် ဘာမှ မစားနိုင်သေး။
ဂျူးဒစ် အသည်းအသန် ဖြစ်နေကြောင်း ကြားလို့ သူတို့ လာကြခြင်းဖြစ်ကြောင်း၊ အကူအညီလိုရင် ပြောဖို့ အကြောင်း များ ဖီးလစ်ကို ၀ိုင်းပြောကြသည်။ ဖီးလစ်က ကျေးဇူးတင်ကြောင်း၊ မလိုကြောင်း တိုတို တုတ်တုတ် ပြန်ပြောရသည်။ ဂျာဗာစီကိုတော့ ခဏအတူလာနေပေးဖို့ ဖီးလစ် တောင်းပန် သည်။ ဂျာဗာစီ ကို မြင်လျှင် ဂျူးဒစ် ရွှင်လာတတ်သောကြောင့်ဖြစ်၏။
ဂျာဗာစီက အုပ်ချုပ်မှုတာဝန်ကို ၀င်ယူပေးသည်။ သွေးအေးအေးဖြင့် ထောင့်စေ့စေ့ စီမံအုပ်ချုပ်သွားသည် ကို တွေ့ရ၏။ ပြီးတော့ ဒယ်လ်ရွိုင်း အထက်တန်းလွှာ သတင်းပတင်းများကို ဖောက်သည်ချသည်။ ၀က်သစ်ချမြိုင် သည် အနည်းငယ် စိုပြည်လာသယောင်ရှိ၏။

ဂျူးဒစ် ဘာကြောင့် အိပ်ရာထဲ လဲရသည် ဆိုသည့်အကြောင်းတော့ သိထားသော်လည်း လုံးဝ စကားမစ ဘဲ နေသည်။ ဂျူးဒစ် ကောင်းကောင်း ကျန်းမာလာမှ ဂျာဗာစီ အိမ်ပြန်သွားသည်။ ၀က်သစ်ချမြိုင်၏ ပုံမှန်တာဝန် ကို ဂျူးဒစ် ပြန်လည်ထမ်းဆောင်သည်။ ဂွမ်းကပ်တွေ၊ ဂွမ်းဖုံတွေကို ဆေးရွက်ကြီးတွေ ပတ်ပြီး အလုပ်သမားများ ကို လိပ်စေသည်။ ခြင်ကာတွေ ပင့်တင်ပြီး လေကောင်းလေသန့်ဝင်အောင် လုပ်ခိုင်းသည်။ သို့သော် အခန်းထဲမှ ထွက်ဖို့တော့ ၀န်လေးနေဆဲ။ လက်ရှိ အခန်းထဲတွင် ပင် အောင်းနေသည်။ ဖီးလစ်က အိမ်တွင်းပုန်း လုပ်နေခြင်းကို ပထမတော့ ဘာမှ မပြော။ ဂျူးဒစ်ကလည်း သူ့ကို ဟက်ဟက်ပက်ပက် စကားမပြောဘူးလေ။ တစ်စုံတစ်ခုကို မျိုသိပ်ထားရကြောင်း၊ သူ့အပေါ် ခွင့်မလွှတ်ကြောင်း သိသာအောင် ဂျူးဒစ် နေသည်။

တစ်နေ့ ထမင်းစားခန်းတွင် အိမ်စေမလေးနှစ်ယောက်ကို ခန်းဆီးတွေ ကော်တင်ပုံ ပြောပြနေခိုက် ဖီးလစ် ရောက်လာသည်။ ကောင်မလေးတွေ ထွက်သွားသည်နှင့် ဖီးလစ် စကားစသည်။
" သိပ်အပင်ပန်း မခံနဲ့ဦးလေ၊ ဒါတွေ အရေးကြီးတာမှ မဟုတ်ဘဲ၊ နောက်တစ်ခါ ထပ်မဖြစ်စေချင်ဘူး ဂျူးဒစ် "
ဂျူးဒစ်က စာရင်းစာအုပ်တွေတင်သည့် စားပွဲတွင် ၀င်ထိုင်ပြီး -
" နွေမရောက်ခင် လုပ်စရာရှိတာတွေ ကြိုလုပ်ထားတာပါ၊ ခုလည်း နေကောင်းနေပြီပဲ။ နောက်ဆို ပိုကောင်း လာဦးတော့မှာပါ "
မျက်နှာချင်းဆိုင်တွင် ကုလားထိုင်တစ်လုံး ဆွဲထိုင်ပြီး -
" တကယ် နေကောင်းပြီမို့လား "
" ကောင်းတန်သလောက် ကောင်းလာပါပြီ၊ ခုလောက်ပြန်ဖြစ်လာတာ ကံကောင်းလို့ပေါ့ "

ဂျူးဒစ်က စာရင်းစာအုပ်ကြီး၏ ထောင့်စွန်းကလေးများကို အထပ်လိုက် လှန်ရင်း -
" ဘာလဲ၊ ထပ်ကြိုးစားမှာ စိုးလို့လား၊ စိတ်ချပါ၊ နှစ်ခါ မမိုက်ပါဘူး"
" အဲဒါကြောင့် မဟုတ်ပါဘူး "
ဖီးလစ်က စားပွဲပေါ်တွင် မေးထောက်ပြီး စိန်းစိန်းကြည့်လိုက်သည်။ ဂျူးဒစ်က မျက်လုံးချင်းမဆိုင်ဘဲ လွှဲရှောင်နေ သည်။
" ကိုယ် မင်းနဲ့ ပြောစရာတွေရှိတယ် ဂျူးဒစ် "
" ဘာအကြောင်းလဲ "
" ဘာအကြောင်းလဲဆိုတော့ ၀က်သစ်ချမြိုင်ရဲ့ ကြည်ကြည်ဖြူဖြူ အကြိုဆိုမခံရတဲ့ ဧည့်သည် တစ်ယောက်အဖြစ် ကိုယ် ဘယ်လောက်နေရဦးမလဲ ဆိုတဲ့ အကြောင်းပေါ့ "
ဂျူးဒစ် ကလောင်သွား ကို မင်အိုးထဲ နှစ်လိုက်ပြီး -
" ရှင်ကကော ဟိုမိန်းမ ကို မရောင်းသေးဘဲ ဘယ်လောက်ကြာကြာ အချိန်ဆွဲထားမှာလဲ "

" မင်း ခုထိ အဲဒါကို မျှော်လင့်နေတုန်းလား၊ ကိုယ် မလုပ်နိုင်ပါဘူးလို့ ပြောထားပြီးပြီပဲ "
" အဲဒီတုန်းက ပြောတာ ခုထိ အတည်ပေါ့၊ ဟုတ်လား "
" ဟုတ်တယ် "
ကလောင်တံ ကို စားပွဲပေါ် ပေါက်ထည့်လိုက်သည်။ စားပွဲခင်းပေါ်တွင် မင်တွေ စွန်းသွားသည်။

" အဲဒီကလေး ၀က်သစ်ချမြိုင်မှာ မွေးမယ်ဆိုရင် ရှင်နဲ့ ကျွန်မ လုံးဝ စကားမပြောတော့ဘူး "
" အဲဒါကလွဲရင် မင်း ဘာလိုချင်လိုချင် ကိုယ် လိုက်လျောမယ်၊ ဒါပေမဲ့ အိန်ဂျဲလစ်ကိုတော့ ကျွန်လှေထဲ ထည့်မပေးလိုက်နိုင်ဘူး၊ အဲဒါ နောက်ဆုံးပဲ "
ဖီးလစ်က ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြောသည်။ ဂျူးဒစ် လက်သီးနှစ်ဖက်နှင့် နားထင်ကို တအား ဖိထား လိုက်သည်။ ဖီးလစ်က အံကို တင်းတင်း ကြိတ်ထား၏။ ဂျူးဒစ်ကို အလျှော့ပေးဖို့ ဆုံး ဖြတ်ပြီးဖြစ်သည်။ သူ စိတ်ကျေနပ်မယ် ဆိုရင် ဘာကိုပဲ လုပ်ပေးရ လုပ်ပေးရ။ သို့သော် ကျွန်လှေ တွေအကြောင်း၊ ကျွန်တွေ ထားသည့် ကျွန်လှောင်ခန်းတွေအကြောင်း ဂျူးဒစ်ထက်ပိုသိနေ၍ ခက်နေခြင်းဖြစ်၏။ စိတ်လိုက် မာန်ပါ ပြောနေခြင်းဖြစ်ပြီး ရင်ထဲက တောင်းဆိုနေခြင်း မဖြစ်ပါစေနဲ့ဟု ဖီးလစ် ဆုတောင်း လိုက်၏။ ခဏအကဲခတ်နေလိုက်သည်။

ဂျူးဒစ် ခေါင်းဖော်မလာ။ မခံမရပ်နိုင်အောင် ကိုက်နေသလို ခေါင်းကို လက်သီးဆုပ်နှင့် ဖိထား ဆဲ။ နောက်ဆုံးတွင်မှ ရှိုက်သံနှေကာ -
" ဂျူးဒဒစ်ကို နောက်ထပ်မှီပ်စက်ပါနဲ့တော့ အစ်ကိုရယ်၊ အဲဒီကလေးက သားကလေးတွေနီးပါး ဖြူမှာ၊ ပြီးတော့ အစ်ကို နဲ့ တူဦးမှာ "
လက်မောင်းပေါ်ကို မျက်နှာမှောက်ချလိုက်တော့ တံတောင်ဆစ် တစ်လျှောက် မျက်ရည်တွေ စီးကျ သွားသည် ကို မြင်လိုက်ရ၏။ ဖီးလစ် မတ်တတ်ထ ရပ်လိုက်သည်။
" တော်ပါတော့ကွာ၊ အဲဒီအကြောင်း တော်စမ်းပါတော့ "
ဖီးလစ် ဆက်ပြီး သည်းမခံနိုင်တော့သလို စကားဖြတ်လိုက်သည်။ ကလောင်တံကို ဂျူးဒစ် ကောက်ယူပြီး စာအုပ် ထဲတွင် ဆက်တိုက်ရေးချနေသည်။ ပြီးတော့ ကလောင်တံကို လွှင့်ပစ်လိုက်ပြန် သည်။ ကုလားထိုင် ကို ၀ုန်းခနဲ နောက်ဆွဲကာ ပြတင်းပေါက်တွင် သွားရပ်ပြီး အပြင်သို့ ငေးကြည့်နေသည်။ ဖီးလစ်က စားပွဲနားတွင် ရပ်နေဆဲ။

" ကိုယ့်မြေတွေ တစ်ဧကမကျန် ဆုံးသွားမယ်ဆိုရင်တောင် မင်းခုလို ဖြစ်နေတာကို ကြည့်ပြီး စိတ်ဆင်းရဲ ရတာလောက် စိတ်ထိခိုက်မယ် မထင်ဘူး။ ဂျူးဒစ်။ တို့နှစ်ယောက်စလုံးအတွက် မျှမျှ တတ ကြည့်ဖို့ လိုတယ်၊ ခုတော့ မင်းက သိပ်ပြင်းထန်လွန်းနေတယ် "
" သြော် ... အဲဒီလို ထင်တယ်လား "
" ဟုတ်တယ်၊ မင်းက မင်းဘ၀၊ ကိုယ့်ဘ၀၊ ကလေးတွေရဲ့ ဘ၀၊ ဘ၀အားလုံး ကို မတော်တဆဖြစ်ရတဲ့ ကိစ္စတစ်ခု အတွက်နဲ့ ဖျက်ဆီးပစ်နေတယ်။ မင်း စလိုက်လို့၊ မစ ရင် ဒီကိစ္စ ဒါလောက် မဖြစ်ဘူး "
" အဓိပ္ပာယ်မရှိ "

ဂျူးဒစ်က ပြတင်းပေါက်ကန့်လန့်ကို ဆောင့်ချလိုက်သည်။ တိတ်ဆိတ်နေသည့် အခန်းထဲတွင် ကျယ်လောင် စွာ ဟိန်းထွက်သွားသည်။ မျက်နှာကို ခပ်စောင်းစောင်းထားပြီး စကားဆက်သည်။
" ရှင် ကျွန်မကို ဘယ်အထိ နှိပ်စက်ခဲ့တယ်ဆိုတာ ရှင် ခုထိမသိဘူး။ ရှင်သိအောင်လည်း ကျွန်မ ပြောတတ်မှာ မဟုတ်ဘူး။ နယူးအော်လီယန်းက ပြန်လာကတည်းက ရှင် ကျွန်မကို ညာခဲ့တယ်၊ လိမ်ခဲ့တယ်။ ရှင် ကျွန်မကို နမ်းတိုင်း၊ ရှင့်ရင်ခွင်ထဲမှာ ကျွန်မ အိပ်ပျော်သွားတိုင်း ရှင့်ရင်ထဲမှာ ကျွန်မ တစ်ယောက်တည်း ရှိခဲ့တယ်ထင်ပြီး ကိုယ့်ကိုယ်ကိုယ် ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းမ လို့ အောက်မေ့ခဲ့တာ။ ဘာမှ မရှိတော့တဲ့အဖြစ်ကို ရှိတယ်လို့ ယုံခဲ့တာ။ ခု ဒီကမ္ဘာကြီးထဲမှာ ကျွန်မ ဘာကို ယုံရတော့မလဲ၊ ဘယ်သူ့ကို ယုံရတော့မလဲ "
ချာခနဲလှည့်ပြီး သူနဲ့ မျက်နှာချင်း ဆိုင်လိုက်သည်။

" အဲဒီ ယုံကြည်မှုအပေါ်မှာ ကျွန်မဘ၀ကို တည်ဆောက်ခဲ့တာ၊ ခုတော့ အားလုံးရှင်းသွားပြီလေ၊ ကျွန်မရဲ့ စိတ်ကူးယဉ်ကမ္ဘာဟာ အခိုးအငွေ့ဖြစ်သွားပြီ။ ရှင့်ကို ယုံလို့ ဒီကိုယ်ဝန် ထပ်ရခဲ့တယ်။ အချစ်တု အချစ်ယောင်ကြောင့် ရခဲ့တဲ့ ကိုယ်ဝန်ပဲဆိုပြီး မုန်းတီးလာတယ်။ ဒါကြောင့် သတ်ပစ်ဖို့ ကြိုးစားတာ။ သတ်တာ မသေပေမဲ့ ဒီကိုယ်ဝန်ကို မုန်းတယ်။ မွေးလာရင်လည်း အဲဒီကလေးကို မုန်းနေမှာပဲ။ ဘာပြုလို့ လဲ သိလား၊ သူ့မျက်နျာကို မြင်တိုင်း ရှင့်ရဲ့ အချစ်တုတွေ၊ အချစ်လိမ် ရှင့်စကား တွေကို ပြန်ပြီး ကြားယောင်နေမှာ မို့ပဲ "
ဂျူးဒစ် မောသွားသည်။
" မင်း ပြောလို့ ပြီးပြီလား "
" ပြီးပြီ "
ဖီးလစ် ချာခနဲ လှည့်ထွက်သွားသည်။

ညစာစားချိန် သူ ပြန်မရောက်လာ။ ဂျူးဒစ် ခဏစောင့်သေးသည်။ မလာနိုင်သည့်အဆုံး ကလေးတွေနှင့် အတူစားလိုက်သည်။ စားသောက်ပြီးတော့ ဒေးဗစ်ကို စာဆက်သင်သည်။ ဒေးဗစ် ကလေး "တီ" အက္ခရာကို ရောက်နေပြီ။ တီကို "တိုဘက်ကိုး"ဟု ပေးလိုက်သည်။ အေ မှ တီ အထိ စာလုံးတွေကို ကောင်းကောင်းရေးတတ်နေပြီ။ ဒေးဗစ်ကို စာသင်ပြီးတော့ ထိုးလက်စ ဇာခန်းဆီးကို ဧည့်ခန်းပြတင်းပေါက် တွင် ထိုင်ထိုးနေသည်။ သူတို့ညီအစ်ကို ကစားနေသည်ကို လှမ်းမြင်နေရ၏။
လုံးဝ မပျော်တော့။ ရင်ထဲတွင် အောင့်နေ၏။ အသက်ရှူလို့လည်းမ၀။ အိမ်ထောင့်တာဝန်တွေကို စက်ရုပ် တစ်ရုပ် လို လှုပ်ရှားထမ်းဆောင်နေ၏။ ခေါင်းထဲတွင် ဘာမှ မရှိတော့သလို။ အလွန် သက်ဝင် လှုပ်ရှားခဲ့သည့် ခွန်အားတွေ ကိုယ်ထဲမှ စီးထွက်ကုန်သည့်အလား။

သူ့ကို နားလည်စေဖို့ ငရဲတမျှ ပူလောင်သည့် ဘ၀ပိုင်းကို ပြန်ဖော်ပြရတော့ ဝေဒနာဟောင်းကို အသွင်သစ်ဖြင့် ခံစားရပြန်၏။ ခုတော့ အလုပ်တစ်ခုခုတွင် အာရုံစိုက်ထားလိုက်သည်။ ဇာထိုး ပန်းထိုးကို လက်နှင့် အပြတ် မခံတော့။ သည်လို အလုပ်ပေးထားလိုက်သည့် အတွက်ကြောင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေစရာ မလိုတော့။ စည်းနှင့် ကမ်းနှင့် နေခဲ့သည့် ဗိုင်း ကောင်းကျောက်ဖိ ဘ၀ကို ပစ်ပယ်ပြီး မိဘ အရိပ်အာဝါသအောက်မှ သည်လို စည်းမဲ့ကမ်းမဲ့ အပေါ်ယံ ရွှေမှုန်ကြဲဘ၀ကို မက်မောမိရန်ကောဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါပွကာ လက်သီးနှစ်ဖက် ဆုပ်ပြီး ခဏခဏ ဆိုင်းထိုးစရာ မလိုတော့။

ပိုးကောင်တွေ အော်သံ၊ ကလေးတွေ ကစားနေသံကို တစ်ချက် တစ်ချက် သတိထားမိသည်။ အိမ်ကြီးမှာ တိတ်ဆိတ်ငြိမ် သက်နေ၏။ နောက်ဘက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်သည်။ အံ့ သြခြင်း၊ ဒေါသဖြစ်ခြင်း တို့နဲ့ အတူ ၀ုန်းခနဲ ထ ရပ်လိုက်သည်။ ၀င်လာသူက အိန်ဂျဲလစ်။
အိန်ဂျဲလစ် က တံခါးကို အသာလေး ပိတ်ပြီး -
" မမလေးနဲ့ ခဏလေး စကားပြောချင်လို့ပါ "
ဂျူးဒစ် ပြန်ထိုင်သည်။ ချည်လုံးနှင့် အပ်ကို ပေါင်ပေါ်တင်လျက်။
" ငါတော့ ဘာမှ မပြောစေချင်ဘူး အိန်ဂျဲလစ် "
ဂျူးဒစ် ပင်ပန်းနွမ်းနယ်စွာ ပြန်ပြောလိုက်သည်။
" မမလေး ဘယ်လိုခံစားနေရတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျွန်မမှာ ပြောစရာကလေး ရှိနေ လို့ပါ "
အိန်ဂျဲလစ်လေသံက ခပ်အေးအေးပင်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချထားပုံ။ သည်ရက်ပိုင်းအတွင်း သူ့ဗိုက် က သိသိသာသာ ပေါ်လာသည်။ ဂျူးဒစ် မကြည့်မိအောင် စိတ်ထိန်းထားလိုက်၏။
" သွားပါ၊ နင့်နေရာ နင်ပြန်နေပါ "
ဂျူးဒစ် နှင်သည်။ အိန်ဂျဲလစ်က မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ပတ္တာဆက် ထားလိုက်သည်။

" သွားပါ့မယ် မမလေး၊ ခဏလေး ပြောပါရစေ၊ အဲဒီလို ဇွတ်ပြောတဲ့အတွက် မမလေး ကြိုက်တဲ့အပြစ် ထပ်ပေးနိုင် ပါတယ်၊ ကျွန်မအတွက် သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး။ သည်ထက်ကြီးလေး တဲ့ ပြစ်ဒဏ်လည်း မရှိတော့ပါဘူး။ ကျွန်မ မနက်ဖြန် ကျွန်လှေနဲ့ လိုက်သွားရတော့မှာပါ "
" ဘာ ... မနက်ဖြန် နင် သွားရတော့မယ် ဟုတ်လား "
ခုမှ ရင်ထဲပေါ့သွားသည်။ အင်း ... သူ နားလည်သွားပြီပေါ့။ အိန်ဂျဲလစ် တပြေးညီအသံဖြင့် ဆက်ပြော သည်။
" ခုလို ဖြစ်ရတာ ကျွန်မ ဖြစ်ချင်လို့ ဖြစ်ရတာမဟုတ်ပါဘူး မမလေး။ ကျွန်မ လုံးဝ အလိုမတူပါဘူး။ ဒါပေမဲ့ သူ့အကြောင်း မမလေး သိပါတယ်။ သူ လိုချင်လာပြီဆိုရင် သူ့ကို ဘာနဲ့မှ တားလို့ မရပါဘူး"
ဂျူးဒစ် အော်ထည့် လိုက်ချင်သည်။ သိပ် သိသည်ပေါ့။

" ကျွန်မ ပြောချင်တာက တခြားမဟုတ်ပါဘူး မမလေး၊ ကျွန်မနဲ့က လွဲပြီး အစ်ကိုလေး ဘယ်သူနဲ့မှ မဖြစ်ခဲ့ ပါဘူး။ ကျွန်မ အမှန်အတိုင်း ပြောတာပါ။ ကျွန်မနဲ့ ဒီကကောင်မလေးတွေ တစ်ချိန် လုံး ပြော နေကြတာပါ။ အစ်ကိုလေးက မမလေးကလွဲပြီး ဘယ်မိန်းမကိုမှ ရှိတယ်လို့ မထင်ဘူးလို့။ အစ်ကိုလေး နဲ့ မမလေးလောက် ချစ်ကြတဲ့ သခင်၊ သခင်မမျိုး မတွေ့ဖူးကြောင်းလည်း ကျွန်မ တို့ ပြောမဆုံးကြပါဘူး "
ကုလားထိုင်မနောက်မှီကို လက်တင်ပြီး မျက်နှာကို လက်မောင်းတစ်ဖက်တွင် မှေးတင်ထားလိုက် သည်။ အိန်ဂျဲလစ် ကို တော်စေ့ချင်ပြီ။ သို့သော် ဘာမှ ပြောမထွက်တော့။ လည်ချောင်းထဲတွင် တစ်ဆို့နေသည်။

" ဘ၀ဆိုတာ တောက်လျှောက် ငြိမ်သက်ဖြောင့်ဖြူးလို့တော့ မနေဘူးပေါ့ မမလေးရယ်၊ ကျွန်မတို့ လူမည်းတွေ မှာလည်း ရှိပါတယ်။ ကျွန်မမှာလည်း ချစ်သူရှိခဲ့ပါတယ်။ သူနဲ့ပဲ အိမ်ထောင်ကျခဲ့ပါတယ်။ သူ့နာမည် က ကလော်ဒီတဲ့။ ကျွန်မတို့ရဲ့သခင်က သူ့လုပ်ငန်းတွေသိမ်းပြီး ကျွန်တွေ ရောင်းချတော့ ကျွန်မတို့ တကွဲတပြားစီ အရောင်းခံလိုက်ရပါတယ်။ သူနဲ့ ကျွန်မ ပြန်လည် တွေ့ဆုံဖို့ လမ်း မရှိတော့ပါဘူး။ သူက ဟိုဘက်ကမ်းက မစ္စတာဖာဂွန်ဆီကို အရောင်းခံ လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သူနဲ့ လက်ထပ်ထားတယ်လို့ပဲ စိတ်ထဲ စွဲထားပါတယ်။ ကျွန်မရဲ့ ကလေး ဆုံးတော့ သူလေ ... ကျွန်မအပေါ်မှာ သိပ်ကြင်နာတာပဲ။ ကျွန်မရဲ့ သောကတွေကို မမလေး စိတ်ဝင်စားမှာ မဟုတ် ပါဘူး။ ကျွန်မပြောနေတာ တခြားကြောင့် မဟုတ်ပါ ဘူး မမလေး၊ တစ်ယောက်နဲ့ တစ်ယောက် ဒါလောက် ချစ်လာကြပြီးမှ ခွဲကြရတဲ့ဝေဒနာကို ခံစားဖူး ဖို့ ... မမလေးရယ်၊ ဘယ်လို အခြေအနေ မှာပဲ ဖြစ်ဖြစ် အစ်ကိုလေးကို ခွဲမသွားပါနဲ့နော် "

ဂျူးဒစ် ခေါင်းမဖော်နိုင်အောင် ဖြစ်နေသည်။ စကားပြောလို့လည်း မရတော့။ အိန်ဂျဲလစ် ထွက်သွားသံ၊ တံခါးကို အသာအယာ ပိတ်သွားသံလည်း ကြားလိုက်၏။ မျက်နှာကို ကုလားထိုင်နောက်မှီတွင် ၀ှက် ထားဆဲ။ အိန်ဂျဲလစ်၏ တည်ငြိမ်စွာ တရားပြမှုကြောင့် အသားတွေ ဆတ်ဆတ်တုန်လာအောင် စိတ်လှုပ်ရှားနေ သည်။
မတ်တတ်ထရပ်တော့ ချည်လုံးတွေ၊ ဇာထိုးအပ်တွေ ကြမ်းပြင်ပေါ်ကျသွားသည်။ အိမ်ပြင်သို့ ထွက်လာ ခဲ့သည်။ မဲနယ်ခင်းတွေ၊ စပါးခင်းတွေကိုဖြတ်ပြီး မြစ်ဘက်သို့ လျှောက်လာခဲ့၏။ တစ်ယောက်တည်း လွတ်လွတ် လပ်လပ် စဉ်းစားလို၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ အိမ်မှာဆိုလျှင် ကလေးတွေကြောင့် အာရုံ ပျံ့လွင့်နိုင်သည်။
ရေကာတာပေါ်ကို ဖြတ်တက်လာခဲ့၏။ ညနေခင်းနေသည် တရှိန်ရှိန် ပူနေ သည်။ ရေကာ တာပေါ် ရောက်တော့ ဖိတ်ဖိတ်တောက်နေသည့် မစ္စစ်စပီမြစ်ရေပြင်ကို လှမ်းမြင်ရသည်။ အိန်ဂျဲလစ်ပြော တာ ဖြစ်နိုင်ပါ့မလား၊ ဆုံးရှုံးသွားပြီထင်သည့် အရာသည် ပြန်ယူလိုသည့် ဆန္ဒရှိလျှင် မဆုံးသေး ဘဲ ပြန်ရနိုင်ပါမည်လား။

ဆက်ရန်
.

1 comment:

september rain(moe) said...

နွေကန္တာ.&..အတာ...ကိုဖတ်ရတဲ့အတွက် ကျေးဇူးအထူးတင်တယ်နော်။.နေ့တိုင်းစောင့်ဖတ်နေပါတယ် ဒီနေ့တင်တာဖတ်ပြီး မျက်ရည်ကျမိ၏။ .......... ဆုံးရှုံးသွားပြီထင်သည့် အရာသည် ပြန်ယူလိုသည့် ဆန္ဒရှိလျှင် မဆုံးသေး ဘဲ ပြန်ရနိုင်ပါမည်လား။..........မုန့်ဖိုးမမှန်၊ ထမင်းမမှန်နှင့်ပင် ဇွဲသန်သန် ကျောင်းတက်ခဲ့ပါသော်လည်း အတာ ခါတိုင်းကဲ့သို့ မပျော်။ .................