Thursday, April 26, 2012

သာဓု ၏ အတာ, အပိုင်း (၄၃)

အထူးသဖြင့် ယခင့်ယခင်က နှစ်သစ်ကူးသင်္ကြန်ဆိုလျှင် အခြားသော ပစ္စည်းမဲ့ ရပ်ကွက်များသော် မှ အကျွေးအမွေးဖြင့် ဖြေဖျော်ဧည့်ခံနိုင်ကြပါလျက် လူချမ်းသာ ကုန်သည်ပေါလှသည့် ဤ ရပ်ကွက် မှာမူ ခြောက်ကပ်ကပ်နှင့်ပင် တစ်နှစ်ပြီးတစ်နှစ် ကူးသွားခဲ့၏။ ယခု အတာရောက်လာသည်တွင်မူကား အလှူအတန်းနှင့် အကျွေးအမွေးဝါသနာထုံသော အတာသည် သူရောက်ခဲ့ သည့် နောက်နှစ်မှစ၍ သူတို့လူငယ်အဖွဲ့သားချင်း ငွေစုကာ ဝါးလေးတိုင်ဖြင့်ဖြစ် သလို မဏ္ဍာပ်ထူလျက် လာသမျှသော ရေ ပက်ခံကားများကို လမ်းထိပ်မှ ဆီး၍တားပြီး သစ်ခွရည်ဖြင့် ဧည့်ခံတော့၏။  ကို ဆက်ဖတ်ရန်...

ဤတွင် အရပ်ထဲရှိလူကြီးများပါ လှုပ်လှုပ်ရွရွဖြစ်လာပြီး ငွေအားဖြင့်ဖိကာ အတာတို့အား အနှမြောမရှိ ကူညီ လာကြတော့၏။ သို့သော် ကုန်သည်ပွဲစားများဖြစ်သည့် အတိုင်း မြားမြောင်လှသော ကိစ္စအထွေ ထွေကြောင့် ငွေသာလျှင် ဖောဖောသီသီ ထည့်ဝင်နိုင်ကြ၏။ သို့နှင့် လူအင်အားတောင့်သော အတာ ကို သာလျှင် ထောင်နှင့်ချီ၍ ငွေပုံအပ်ပြီး အခန့်စား မဏ္ဍာပ်ထိုးကာ အဖိုးတန် အကျွေးအမွေးဖြင့် ဧည့်ခံစေခဲ့ ၏။ ဤနည်းဖြင့် အတာ့စွမ်းဆောင်မှုကြောင့် ရပ်ကွက်လည်း စည်းကားလာခဲ့၏။ သတင်းဂုဏ် လည်း တစ်ဟုန်ထိုး ကျော်ကြားသွားတော့၏။
ဤလိုသင်္ကြန်ရက် ဆိုလျှင် တစ်လမ်းလုံးရှိ မိန်းမပျိုဟူသမျှ အလှူမဏ္ဍာပ်သို့ရောက်လာကြ၏။ အတာ တို့ လူငယ်တစ်သိုက်နှင့် အတူ ကူညီဝိုင်းဝန်းကြ၏။ ချက်သူကချက် ဧည့်ခံသူကဧည့်ခံဖြင့် စီစီညံညံပျော် ကြသော အသံ သည် အတက်နေ့ညအထိ တစ်မဏ္ဍာပ်လုံး လျှံနေလေရှိခဲ့၏။

ဝတ်ကောင်းစားလှနှင့် ဣနြေ္ဒရရလည်ရပတ်ရသော ပွဲတော်မျိုးထက်တော်ရုံသင့်ရုံဝတ်ပြီး ရေတစွတ် စွတ်နှင့် စုစုဝေးဝေးပျော်ရသည့် သင်္ကြန်ပွဲကို မိန်းကလေးများ ပို၍ နှစ်သက်ကြဟန် တူ၏။ ပြောင်ကြ လှောင်ကြ ရယ်ကြမောကြနှင့် တသောသောရွှင်ကြ၏။ လွတ်လွတ် လပ်လပ်ရှိသောကြောင့်လည်း သူတို့ပို၍ ပျော်ကြဟန်တူ၏။ ဤသည်မှာ အတာ၏ စွမ်းဆောင်မှုကြောင့် ဟူ၍လည်း အသိအမှတ်ပြု ထားသည့်အတိုင်း အတာကို သူတို့တစ်တွေ ကျေးဇူးတင်ကြ၏။ ခင်ခင် မင်မင်ရှိကြ၏။ သို့သော် ထိုထို မိန်းကလေးများထဲ၌ ခင်စိုးလှမပါ။ မဏ္ဍာပ်သို့လည်း မလာ။
ဤကျောင်း ဤအတန်းတွင်လည်း အတာသည်ပင် မော်နီတာ၊ သူသည်ပင် ဆရာမ၏အချစ်တော် ကလေးဖြစ်လာပြန်၏။ သူ့အတန်းပိုင် ဆရာမသာမဟုတ်၊ အခြားသော ဆရာ ဆရာမများပါ အတာနှင့် တစ်ခါ ဆက်ဆံမိလျှင် မချစ်ဘဲ မနေနိုင်။

အစစ ပြည့်စုံပြီးဖြစ်နေသည်သာမက ဆရာ ဆရာမတို့၏ချင်ခင်ယုယခြင်း၊ အရပ်ထဲမှ လူကြီးများ၏ အရေးပေးခြင်း ကို အရွယ်နှင့်မတန်အောင် ခံစားနေရသော အတာမှာ ကိုထွန်းအောင်ပြောဖူး သည့် လောကတိဿမထေရ်ကဲ့သို့ဝဋ်သည် မကျွတ်နိုင်အောင် ရှိနေသေး၍လော မသိ။
ယနေ့ နံနက် ၁၁ နာရီလောက်တွင် မသိန်းမေ ကျောင်းသို့ရောက်လာကာ “အရေးကြီးသော ကိစ္စတစ်ခု ရှိ၍” ဟူသည့် အကြောင်းပြချက်ဖြင့် အတာအား ခွင့်တိုင်ခေါ်ထွက်သွား၏။ ဆိုခဲ့ဖူးသည့်အတိုင်း သူ့မေမေ ကို မြင်လိုက်ကတည်းက ရင်လေးသွားမိသော အတာသည် ယခုလည်း တထိတ်ထိတ်နှင့် လိုက်ပါခဲ့ရ၏။

“ဘယ်သွားမလို့လဲ မေမေ”
“လိုက်မှာသာ လိုက်ခဲ့”
အတာ က မရဲတရဲမေးသည်ကို မသိန်းမေက ပြူးတူးပြဲတဲနှင့် ထိုမျှသာ ဖြေလိုက်၏။ မကြာမီလန်ခြား လည်း ပုလိပ်ရုံးသစ်ကြီးတွင် ရပ်သွားကာ မသိန်းမေက စာကလေးတစ်စောင်လှမ်းပေးလိုက်၏။ ချက် ချင်း ဆိုသလို ထိုဝင်သွားသော မင်းစေကလေးပြန်ထွက်လာပြီး “မင်းကြီးက ဝင်ခဲ့ပါတဲ့”ဟု တရိုတသေပြော လိုက်သည်နှင့် မသိန်းမေကလည်း အတာ့လက်ကိုဆွဲကာ ခြေလှမ်းကြဲဖြင့် ခပ် သုတ်သုတ် ဝင်သွားတော့၏။
ထိုရုံးခန်းအတွင်းရှိ ခံ့ညားလှသော ကျွန်းစားပွဲကြီးတွင် မျက်နှာဖြူအရာရှိကြီးနှစ်ဦး ထိုင်နေသည် ကို တွေ့ရပြီး တစ်ယောက်သော သူက မသိန်းမေအား ထိုင်ခွင့်ပြုကာ “သူပဲလား မသိန်းမ”
ထိုအရာရှိသည် မြန်မာ စကားဖြင့် ပီပီသသကြီးပင် မေးလိုက်သောကြောင့် မသိန်းမေက ခပ်ယို့ယို့ ခေါင်းညိတ် လိုက်၏။
“ဒါ ခင်ဗျားသားပဲနော် သူ”
အရာရှိလည်း သူ့မျက်နှာကို သူ့လက်နှင့်ဝိုင်းပြလိုက်ပြီးမှ
“ခင်ဗျားသား မျက်နှာအများကြီးကောင်းတာပဲ၊ ကျုပ် သဘောကျပြီ”
အတာ၏ အင်္ဂရုပ်ကို ဆိုလိုဟန်တူ၏။ “ကျုပ် သဘောကျပြီ”ဟု အတာကို သေသေချာချာကြည့်၍ ပြော လိုက်သော စကားအတွက် အတာ ပျော်သလိုလိုရှိသွား၏။ သို့သော် ဘာဟူ၍ မသိရသေးသည်နှင့် စိတ် ထဲတွင် လည်း ထိတ်နေမိ၏။

ဤတွင် အဆိုပါ မျက်နှာဖြူအရာရှိနှစ်ဦးလည်း အတာ့ကိုကြည့်ကာ ကြည့်ကာဖြင့် အချင်းချင်း တီးတိုး ပြောဆိုနေကြရာ၌ “ကြည့်ရတာတော့ အတော်ဖျတ်လတ်မဲ့ ငတိလေးပဲ” “မင်းစေအလုပ်” “တင်းနစ် ဘောလုံး” စသော စကားလုံးများ ပါလာသည်ကို အတာ နားလည်လိုက်သော်လည်း အဓိပ္ပာယ် အပြည့် အစုံမခေါက်မိ။ သို့နှင့်ဆက်လက်၍ ဂရုတစိုက် နားထောင်နေမိသည်တွင် “တစ်လ ဆယ့်ငါးကျပ်” ဟူ သော စကားကိုကြားလိုက်ရသည်နှင့် အတာ ဘာကိုသဘောပေါက်သွားသည်မသိ။ မျက်ရည် များ တတွေတွေ စီးကျလာတော့၏။

“ကောင်းပြီ မသိန်းမေ နက်ဖြန်ကစပြီး အလုပ်ဆင်းဖို့”
အရာရှိလည်း စကားကို ရှေ့မဆက်နိုင်။ မျက်ရည်တပေါက်ပေါက်ကျနေသော အတာ့အမူအရာကို မြင် လိုက်ရသည်နှင့်
“ဟေး ကလေး၊ မင်း ဘာဖြစ်သလဲ ဟင်၊ ဘာဖြစ်လို့ ငိုတယ်”ဟု အတာ့အား လှမ်းမေးလိုက်မှ မသိန်း မေလည်း အတာ့အဖြစ်ကို လှည့်ကြည့်မိသွားတော့၏။
“ကျွန်တော့်ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ ဟင်၊ တစ်လဆယ့်ငါးကျပ်ဆိုတာက ဘာလဲ၊ တင်းနစ်ဘော လုံး ကောက်တဲ့ အလုပ် လုပ်ဖို့လား ဟင်”
သို့လျှင် အတာ က ငိုသံပါကြီးနှင့် မြန်မာလိုပင်မေးလိုက်သည်၌ အရာရှိနှစ်ဦးစလုံး မျက်လုံးပြူးသွားကာ
“မင်း အင်္ဂလိပ်စကား တတ်သလား”ဟု ထိုအရာရှိက အင်္ဂလိပ်လိုပြန်ပေးသဖြင့် အတာကလည်း အနည်းအကျဉ်းတတ်ကြောင်း၊ ယခု သူ ဟိုက်စကူးကျောင်း ငါးတန်းတွင် ပညာသင်နေကြောင်းများကို ပါ ဝါကျပြတ်တောင်း ကလေးများဖြင့် ဖြည်းဖြည်းချင်း ဖြေလိုက်၏။

“အို”
ထိုမျက်နှာဖြူ နှစ်ယောက်စလုံးပင် အို ခနဲ ရေရွတ်မိကြတော့ကာ
“ကဲ မသိန်းမေ၊ ဒီလိုဆိုရင်တော့ မဖြစ်ဘူးထင်တယ်၊ ခု သူ ကျောင်းမှာ စာသင်နေတယ်ပြောတာ၊ ဟုတ်သလား” “ဟုတ်ပါတယ် သခင်”ဟု မသိန်းမေက မျက်စိပျက် မျက်နှာပျက်နှင့် သုတ်သုတ်ဖြေ လိုက်သည်ကို “ဒီလိုဆိုရင် သူ့ကိုခိုင်းလို့ ဘယ်ဖြစ်မလဲ၊ သူ ပညာသင်တာကို ကျုပ်တို့ဖျက်သလိုဖြစ်နေမှာပေါ့၊ ပြန်ခေါ် သွားပါနော်၊ စာပဲသင်ပါစေ၊ သူ ငယ်ငယ်လေးပဲရှိသေးတယ်၊ စာအများကြီး တတ်တာပဲ၊ နောက်ကို အများကြီးတော်ဖို့ရှိတယ်၊ သူစာပဲ သင်ပါစေ” ဟု ပြောပြော ဆိုဆို ငွေတစ်ဆယ်တန်တစ်ရွက် မသိန်းမေ အား လှမ်းပေးလိုက်၏။

ထိုအခန်းထဲမှထွက်လာကြသည်နှင့် အတာလည်း မသိန်းမေက အထဲဝင်ဖို့ မင်းစေလက် ၌ အပ်ထားခဲ့ သော ကျောင်းလွတ်အိတ်ကို အတာကပင် တောင်းယူ လွတ်ချိတ်လိုက်ပြီး ရင် တထိတ်ထိတ်နှင့် လိုက်ပါလာခဲ့ရရှာ၏။
အတာတွင် တထိတ်ထိတ်ဖြစ်ခဲ့သည့်အတိုင်းလည်း လန်ခြားပေါ်ထိုင်မိကြသည်နှင့် “နင် ဘာလို့ သွားပြီး လျှာရှည် ရတာလဲ ဟင်”ဟူသော မေးခွန်းနှင့်အတူ မသိန်းမေလည်း အတာအား  ပွဲဦးထွက်ဆိုသလို ဇွတ်ခနဲခေါက် ၏။ ဤသည်ပင် အတာ ထိတ်ခဲ့ရသော အကြောင်းရင်းဖြစ်လျက် ယခု အကောင်အထည်ပေါ် လာပြီဖြစ်၏။

“ဒီလို မင်းစေအလုပ်တောင် လုပ်ချင်တိုင်း လုပ်လို့ရတယ် ထင်သလား၊ ငါ အကပ်ကောင်းလို့ ချက်ချင်း ရတာ နားလည်လား၊ မင်းစေအလုပ်က တစ်လဆယ့်ငါးကျပ်ရမယ်၊ ညနေဘက်မှာ သူတို့ တင်းနစ်က စားရင် ဘောလုံးကောက်ပြီး ရတဲ့အလုပ်က တစ်လတစ်ဆယ်ရမယ်၊ အားလုံး တစ်လအစိတ်နည်းတဲ့ ပိုက်ဆံလား ဟင်”
ဇက်ပိုးကို ဖတ်ခနဲ အုပ်လိုက်ပြန်၏။
“နင် ကျောင်းနေလို့ တစ်လခြောက်ပြား ဝင်သလား၊ ပိုက်ဆံတောင် ကုန်သေးတယ်”
မသိန်းမေ အသိဉာဏ်ခေါင်းပါးရာ၌ ရှာမှရှား စံတင်လောက်နေချေပြီ။

“ခုခေတ် မှာ ဘီအေတွေတောင် အလုပ်မရှိလို့ တောင်လိုပုံနေတယ် နင် ဘာသိသလဲ၊ ခုန ဘိုဟာ ပုလိပ်မင်းကြီး၊ သူ့ဆီမှာ မင်းစေလုပ်ရင်းနဲ့ တဖြည်းဖြည်း သူ သဘောကျသွားရင် ပုလိပ်ကျောင်းပို့ပေး မှာ၊ ရာဇဝတ်အုပ်လောက်တော့ ခဏလေး ဖြစ်သွားနိုင်တယ်၊ သိလား” ပေါင်တွင်းကြောကို ဆတ်ခနဲ ဆွဲလိမ်လိုက်ပြန်၏။
“မိဘ က ကောင်းမယ်ထင်လို့လုပ်ပေးတာကို ကဖျက်ယဖျက်လုပ်ဦး၊ ကဲ” ကျောကုန်း ကို အုန်းခနဲ ထုလိုက်ပြန်၏။ တစ်လမ်းလုံးပင် ဤလို အရိုက်အနှက်ခံခဲ့ရသောကြောင့် အတာ တွင် အိမ်ရောက်သော် သူ့တစ်ကိုယ်လုံး နေရာအနှံ့အောင့်နေရှာ၏။ ဤအဖြစ်ကိုသာ သူ့ဒေါ်ဒေါ် သန်းတို့ သိပါက အဘယ် မျှလောက် မချိတင်ကဲ ရှိကြလေမည်နည်း။
ဤသည်ပင် အတာ၏နောက်ဆုံးခံရမည့် စိတ်ဒုက္ခဖြစ်၍လောမသိ။ ထိုနေ့ထိုအချိန်မှစ၍ အတာတွင် ဘာမျှ စိတ်ညစ်စရာ မတွေ့ခဲ့ရ။ သူအမှန်ပင် ဝဋ်ဟူသမျှမှ ကျွတ်လွတ်ခဲ့ရပြီဟုဆိုရမလောက်အောင်ပင် အခြေ အနေပြောင်းလဲ လာပြီဖြစ်၏။

ကိုထွန်းအောင်မှာ အလုပ်တွင် စိတ်ဝင်စား၍ စေတနာကောင်းကောင်းနှင့် ကျိုးကျိုးနွံနွံ အမှုထမ်း ခဲ့ သောကြောင့် သာမန် စာရေးကလေးဘဝမှ ဌာနခွဲစာရေးကြီးအဖြစ် တစ်ဟုန်ထိုး တိုးမြှင့်ခန့်ထားခြင်း ခံ ခဲ့ရ ၏။ မသိန်းမေတွင်လည်း အိပ်မက်အရ ထိုးလိုက်သော မြင်းတွဲပွဲမှ ငွေနှစ်ထောင်ကျော် အလျော်ရ လိုက် ၏။ အိမ်လခနှင့် တကွသော အခြားကြွေးမြီများ ကို ရှင်းသွားသည်အထိ အတော်များများ ပေးဆပ် လိုက်သည့် တိုင်အောင် သူ့လက်ထဲတွင် ငွေတစ်ထောင်နီးပါးခန့် လက်ကျန်ရှိနေသေး၏။

“ကဲ မသိန်းမေ၊ ခုလောက်ဆိုရင် ခင်ဗျား တရားရဖို့ကောင်းပြီထင်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဒီမြင်း ပွဲက ခင်ဗျား ကို ဘယ်လောက်နှိပ်စက်သလဲ ဟင်”
“ကဲ တော်တော့ ကိုထွန်း၊ ကျွန်မအဖြစ်ကို ကျွန်မ သိတယ်၊ ဒီမြင်းပွဲ ဘယ်လိုဂြိုလ်မွှေခဲ့လို့ ကျွန်မ ဘယ် အထိ စိတ်ဆင်းရဲ ခဲ့ရတယ်ဆိုတာ ကျွန်မ သိတာပေါ့၊ ကဲ လာ ဘုရားသွားမယ်၊ ဒီနေ့ကစပြီး အလောင်း အစားဆိုရင် ဘာမှမလုပ်တော့ဘူးဆိုတာ ဘုရားမှာ သစ္စာဆိုလိုက်တော့မယ်၊ ကဲ လာ”
သူ့သစ္စာစကားအတိုင်းပင် မသိန်းမေလည်း မြင်းနှင့် ၃၆ ကောင်ဆိုလျှင်ယောင်၍ စကားထဲ ထည့်မပြော တော့ဘဲ ထမင်းဆိုင်ကို မြိုင်မြိုင်ခန့်ခန့်ကြီး ပြန်ဖွင့်လိုက်၏။ ယခင်ကလို ရွှေဆိုင်၊ ထီးဆိုင် စသည်တို့ ဘေးတွင် ကပ်ရောင်းရသည့်အဖြစ်မျိုးမဟုတ်တော့ဘဲ အတော်ကလေး အခြေအနေဝင့်ကာ ဆိုင်နှင့် အခန်းနှင့် ဖြစ်နေလေပြီ။

အတာ ကံကောင်းသည်မှာ ဆက်တိုက်ဟု ဆိုရလောက်အောင် ယခု သူ့ညီမလေးကပါ ပြန်ရောက်နေ ပြီဖြစ် ၍ ငရုတ်သီတောင်း၊ ကြက်သွန်နွှာအလုပ်မှ အတာ လုံးလုံးသက်သာခွင့်ရနေ၏။ သို့သော် နေ့ချင်း ညချင်း တိုးတက်နေသော မသိန်းမေ၏ဝင်ငွေနှင့်ပတ်သက်၍ အတာ ခံစားခွင့်မရရှာသေး။

“မသိန်းမေ အတာ့ ကို လက်စွပ်ကလေးတစ်ကွင်းလောက် လုပ်ပေးလိုက်ပါလား၊ ဝတ်ပါစေ၊ သူလဲ ဝတ် ချင်ရှာ မှာပေါ့ဗျာ”ဟု ကိုထွန်းအောင်က မသိန်းမေ ညွတ်နေအောင်ဝတ်ထားသည့် လက်ကောက်များကို ကြည့်ရင်း ပြောလိုက်သည့်အခါ “ဘာလို့ လုပ်ပေးရမှာလဲ၊ သူ့အတွက်ဆိုရင် ဘာမှလာမပြောနဲ့၊ ဒီကောင် ကို ကျွန်မ စေတနာမရှိဘူး” “သြော် ဗျ” “ဘာ သြော်ဗျာလဲ၊ အချိန်တန်တော့ ဒင်းတို့သားမယား ဒင်းတို့ လုပ်ကျွေး မှာ သိလား”
“ဒီလို ဘယ်ဟုတ်မလဲ မသိန်းမေ၊ မိဘဆိုတာ” “တော် ကိုထွန်းအောင်၊ မိကျောင်းမင်း ကို ရေခင်း လာမပြနဲ့” ကိုထွန်းအောင် ရှေ့မဆက်နိုင်။ တဟောဟောနှင့် အသက်ရှူမောရင်း ငိုင် သွားရတော့ ၏။

အရပ်ထဲတွင် ပွဲအငြိမ့်ငှားသည်အစ ငံပြာရည်ကောင်းကောင်းရှာဝယ်တတ်သည်အထိ အတာ လူရည် လည်ခဲ့ သလောက် ကျောင်းတွင်လည်း ထို့အတူ ဆရာ ဆရာမတို့၏ဆေးတောင်ဝှေးပမာ လိုတင်းရ သတ္တဝါလေး ဖြစ်နေ၏။
ဤလိုနှင့် ၆ လပတ်စာမေးပွဲလည်း ပြီးဆုံးခဲ့ပြန်ပြီဖြစ်၏။ အတာအတွက်တွင်မူ ဘာမှရင်လေးစရာမလို။ သူသည်ပင် ပထမချိတ်ခဲ့ပြန်၏။
“ဒေါ်ဒေါ်သန်း ကျွန်တော် စာမေးပွဲအောင်တယ်၊ ဒီတစ်ခါ လဲ ပထမပဲ ဒေါ်ဒေါ်”ဟု အားရဝမ်းသာ ပြော လိုက်စဉ် “ဟေ့ အတာ မင်းစာမေးပွဲအောင်မယ်ဆိုတာတော့ ငါသိပါတယ်၊ နို့ Position ကောကွ၊ First ပဲလား” ဟု ဒေါ်ဒေါ်သန်း အစ်ကိုက လှမ်းမေးလိုက်ပြန်သဖြင့်
“ဟုတ်ကဲ ဦးလေး” ဤလိုဖြင့် အတာရော သူ့ဒေါ်ဒေါ်သန်းတို့တစ်အိမ်လုံးပါ နှစ်ထောင်းအားရဖြင့် ဝမ်းအမြောက်ကြီး မြောက်သွားကြရပြန်တော့၏။

ဤတစ်ကြိမ်တွင်မူ ယခင် ကျောင်းမှာကဲ့သို့ ဆုပေးရုံသာမဟုတ်ဘဲ စာအုပ်များ အပြင် ခြောက်လပတ် နှင့်ပင် အတာနှင့်တကွ ဒုတိယ၊ တတိယရသူနှစ်ယောက်ကိုပါ ခြောက်တန်းသို့ တင်ပေး လိုက်တော့ ၏။
ခြောက်လ တိတိ စာနောက်ကျခဲ့စေကာမူလည်း အတာ၏ကြိုးစားမှုကြောင့် စာမေးပွဲကြီးပြီးသော် စတုတ္ထနေရာ မှ ချောချောမောမော အောင်မြင်ခဲ့၏။ ဤသည်ပင် ပထမ မရကောင်းလားဟု သူ့ကိုယ်သူ အပြစ် တင်ရင်း ယူကျုံးမရဖြစ်နေခဲ့လေသေး၏။

ခုနစ်တန်းတွင်ရောက်လျှင် အတန်းကြီးလာသည်နှင့်အမျှ ဘာသာရပ်လည်း တိုး၏။ အတာကမူ သိပ္ပံ ပညာကို စိတ်မဝင်စားဟုဆိုကာ အပိုမြန်မာစာ (ဝါ) အထူးမြန်မာစာကို ယူခဲ့၏။ သူငယ်စဉ်က အရွယ် နှင့်မလိုက်အောင် သီချင်းစပ်၍ပင် လုံချည်ရောင်းခဲ့ဖူးသည့်အတိုင်း ယခု သူယူသော အပိုမြန်မာစာ တွင် သူ ဝါသနာပါသော ကဗျာ လင်္ကာတို့လည်း ပါသည်ဖြစ်သောကြောင့် ထိုဘာသာတွင် အတာ သည်ပင် ဇော်၊ အတာသည်ပင် အတော်ဆုံးဖြစ်နေပြန်တော့၏။
တစ်နေ့သော် ထိုအပိုမြန်မာစာသင်သော ဆရာသည် ကဗျာစပ်နည်း လင်္ကာစပ်နည်းနှင့်ပတ်သက်၍ အတော်ကလေး စိတ်ရှည်လက်ရှည် ရှင်းလင်းသင်ပြနေပြီးမှ “ညိုနေဖြူ မောင်းသော ဟူ ခြောက်မူပြိုးပြိုးပြက်” ဆရာလည်း သို့လျှင် ထင်ထင်ရှားရှား အပိုဒ်ခြား၍ ရေးသားလိုက်၏။

“ကဲ ဒီနေ့တော့ ဆရာ မင်းတို့ကို ဉာဏ်စမ်းမယ်၊ ခု ဒါဟာ မြတ်စွာဘုရားရဲ့ရောင်ခြည်တော်ခြောက်ပါး ကို ဖွဲ့ထား တာနော်၊ မင်းတို့သိမှာပေါ့၊ အေး ခု မင်းတို့ဉာဏ်နဲ့ မင်းတို့ နောက်တစ်ပိုဒ်ထပ်ပြီး ရေးစပ်ရ မယ်၊ မင်းတို့ရေးစပ်မဲ့ အကြောင်းအရာဟာ ဆရာရေးပြတဲ့ မြတ်စွာဘုရားရဲ့ရောင်ခြည်တော် ခြောက်ပါး ကို အခြေခံထားပြီးတော့ ဖွဲ့ရမယ်၊ တစ်ပိုဒ်နဲ့တစ်ပိုဒ်ဟာ ကာရန်ချိတ်ပြီး အဓိပ္ပာယ်လဲ ဆက်စပ်မှုရှိရ မယ်၊ တစ်ပိုဒ်လုံးကို ခြုံပြီး အဓိပ္ပာယ်ဖော်တဲ့အခါမှာလဲ ဒီရောင်ခြည်တော်ခြောက်ပါးကို တိုက်ရိုက်ဖြစ် စေ၊ အနီးစပ်ဆုံးဖြစ်စေ ဆက်သွယ်နေတဲ့ စာမျိုးဖြစ်ရမယ်၊ သဘောပေါက်ကြရဲ့လားကွဲ့၊ ဆရာပြော တာ”
“ပေါက်ပါတယ် ဆရာ”
“ကဲ ဒါဖြင့် ရေးကြစမ်းကွယ်၊ ကြာချင် ကြာပစေ၊ အေးအေးဆေးဆေးသာရေးကြ၊ အဲ အကောင်းဆုံး ရေးစပ်နိုင်တဲ့တပည့်ကို ဆရာ ခေါက်ဆွဲတစ်ခွက် ကျွေးမယ်”
ဆရာ ထိုင်သည်ဆိုလျှင်ပင် တစ်တန်းသားလုံး တကုန်းကုန်းရေးစပ်စပြုကြတော့၏။

ဆရာ့အမူအရာ နူး ညံ့သိမ်မွေ့သဘောက် ကြည်ညိုဖွယ်ရာလည်းကောင်းလှတော့၏။ တရုတ်ကပြား ဗုဒ္ဓဘာသာဖြစ်သည့် အတိုင်း ဘာသာတရားကို အလွန်ကိုင်းရှိုင်း၏။ စာသင်ရာ၌ပင် ဘာသာရေးနှင့်ပတ်သက်သည့် အကြောင်းအရာကိုသာ ရွေး၍ဖွဲ့ဆိုသင်ပြတတ်သည်ဖြစ်ရာ ဆရာ၏ ဘုရားတရား ကြည်ညိုမှုစိတ်ဓာတ် အနုအရင့်သည် ဤသည်ကိုထောက်၍ ချင့်နိုင်ပြီဖြစ်၏။
လေးငါးခြောက် မိနစ်ခန့်ကြာသော် အတန်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဆရာ့ထံမှောက် သို့ လာပြကြ၏။ ဆရာလည်း ခေါင်းတညိတ်ညိတ်ဖြင့် အမှန်ခြစ်ပေးသူကို ပေး၍ ခေါင်းတခါခါဖြင့် ပြင် သင့်သူကို ပြင်ပေးရင်း အတော်ကလေး အလုပ်ရှုပ်နေ၏။ သို့သော် ဆရာ့အမူအရာ၌ နှစ်နှစ်ခြိုက်ခြိုက် သဘောကျ သည့် လက္ခဏာဟူ၍ မတွေ့ရသေး။

လေးဆယ် မျှသော အတန်းသားများ ကုန်သလောက်နီးနီးပြသပြီးကြသော်လည်း အတာကမူ တကုတ် ကုတ်နှင့် အလုပ်ရှုပ်နေဆဲဖြစ်၏။ ဖျက်လိုက်ပြင်လိုက်ဖြင့် အချိန်ကုန်နေပြီး နောက် ၂မိနစ်ကြာလောက် မှပင် အတာ ထသွားတော့၏။ ဆရာလည်း အတာ တင်ပြလိုက်သော စာအုပ်ကိုကြည့်၍ ဂရုတစိုက် ဖတ်ရှူ့ပြီး သည်နှင့် အတာ့လက်မောင်းနှစ်ခုကို အားရဝမ်းသာ ကိုင်ညှစ်လှုပ်နေပြီးမှ ကျောက်သင်ပုန်း ကြီးဆီ သို့ ထသွားကာ
“ကဲ ဒိပြင် ပြချင်တဲ့လူ ရှိသေးသလားဟေ့”ဟု အတန်းဘက်သို့ လှည့်မေးလိုက်၏။ နှစ်ယောက်မျှသာ လာပြ ၏။ နောက်ထပ်မည်သူမျှမလှုပ်ကြတော့သည်နှင့် “အားလုံး ဒီမှာ ကြည့်ကြစမ်းဟေ့”
သို့လျှင် တစ်တန်းလုံးကိုလှမ်း၍ သတိပေးလိုက်ပြီးမှ လက်ထဲတွင်ကိုငထားသော အတာ့စာအုပ်ကို ကြည့်ကာ ကျောက်သင်ပုန်းပေါ် သို့ အတာ ရေးလာသည့်စာကို တစ်ဆင့် ကူးယူ ရေးချ လိုက်သည်၌ ကျောက်သင်ပုန်းကြီးပေါ်တွင် “ညိုရွှေနီဖြူ မောင်းသော ဟူ ခြောက်မူပြိုးပြိုးပြက်” “ရောင်ခြည်ထွေရော မြတ်ဗုဒ္ဓေါ နမောရှိခိုးလျက်” သို့လျှင် အဆင်ပြေလှသော စာပိုဒ်တစ်ခု တိုးလာ၏။

“အဲဒါ အတာရေးစပ်တဲ့ စာပဲ၊ ကြည့်စမ်း ဘယ်လောက်ကောင်းသလဲလို့ ဒီလိုစာမျိုး တွေ့ရလိမ့်မည်လို့ ဆရာဖြင့် လုံးလုံး မမျှော်လင့်မိဘူး”
ဆရာ့အသံ သည် ထူးထူးခြားခြား ပြောင်းလဲနေ၏။ ကြည့်ရသည်မှာ အတော်ကလေး ဝမ်းမြောက်သွားပုံ ရလျက်
“ခု ကြည့်စမ်း၊ ညိုရွှေနီဖြူ မောင်းသောဟူ ခြောက်မူပြိုးပြိုးပြက်၊ ရောင်ခြည်ထွေရော မြတ်ဗုဒ္ဓေါ နမောရှိ ခိုးလျက်၊ ကဲ အဓိပ္ပာယ်ရော ကာရန်ရော တစ်ပိုဒ်နဲ့ တစ်ပိုဒ် တိုက်ရိုက်ဆက်သွယ်နေပုံရော ဘာမှပြော စရာမရှိဘူး၊ အင်မတန် ကောင်းတဲ့စာ” သို့လျှင် နှစ်ထောင်းအားရ ပြောဆိုနေပြီးမှ အတာအား ပခုံးကို ဖက်ကာ “ဆရာလိုချင် တဲ့ စာမျိုးဖြစ်ရုံသာမက ဆရာမျှော်လင့်တာထက်ပိုပြီး အတော့် ကို ပြောင်မြောက်အောင် ရေးစပ်နိုင်တဲ့အတွက် ခေါက်ဆွဲတစ်ခွက်အပြင် နောက်ထပ်ငွေတစ်ကျပ်ပါ အတာ့ ကို ဆရာ ဆုချတယ်”   ဟု ပြောပြောချင်ချင် ငွေတစ်ကျပ်နှင့် မူးစေ့တစ်စေ့ ပေးလိုက်သည်နှင့် တစ်တန်းလုံး ပင် သြဘာလက် ခုပ်သံ တဖျောင်းဖျောင်း ဆူသွားသောကြောင့်
“ရှူး လက်ခုပ်မတီးကြနဲ့ဟေ့၊ ဒိပြင်အတန်းကို အားနာဖို့ကောင်းပါတယ်၊ ကျောင်းလွှတ်မှပဲ အားရပါးရ ချီးကျူးကြပေါ့ ကွယ် နော်၊ ကဲ မင်းတို့လဲ ဒီနှစ်ပိုဒ်ကို ကူးရေးထားကြ၊ တစ်နေ့ အသုံးကျလိမ့်မယ်”
ဆရာကိုယ်တိုင်ကလည်း အတာ့စာကို လိုလိုချင်ချင် ကူးရေးသွားတော့၏။ ထိုမျှလောက် ပညာရည်ချွန် သာ အတာပါပေ။

ဆက်ရန်
.

3 comments:

မောင်မောင် said...

မရွှေစင်ရေ အတာ့ အကြောင်း ၄၃ လာဖတ်ပါတယ်။
ငယ်ငယ်က စာသင်ခဲ့ရတာကိုတောင် ပြန်သတိရမိသေးတယ်။
ကျေးဇူးပါ မရွှေစင်။

Anonymous said...

အစ်မရေ....ဒေါက်တာရဲနိုင်ရဲ့ အရှေ့ ကိုလျှောက်ရု အနောက်ကိုမျှော်သည်ဆိုတဲ့စာအုပ်လေး ဖတ်လို ရရင်ဖတ်ခြင်းပါတယ်

SHWE ZIN U said...

ကျနော် ရှိတဲ့ စာအုပ်တောင် မတွေ့တာ ကြာပြီ ပြန်ရှာလိုက်အုန်းမယ် ဆိုင်မှာ တွေ့လည်း တင်ပေးပါမယ်

လေးစားစွာဖြင့်
ရွှေစင်ဦး