Wednesday, April 25, 2012

သာဓု ၏ အတာ, အပိုင်း (၄၂)

အတာ ဆိုလိုသည်မှာ ဤအတိုင်းပင် ဖြစ်၏။ သူပြောလိုက်သည့် အင်္ဂလိပ်စကားမှာ တိတိကျကျ ပင် မမှန်သော်လည်း ထိုမျက်နှာဖြူ သဘောပေါက်ပုံရ၏။ မျက်နှာကြီးလည်း နီလာကာ ချက်ချင်းပင် ထို စာရေးကို ခေါ်၍ ကြိမ်းတော့၏။ နောက် အတာကိုလည်း ပြုံးကာ ရယ်ကာနှင့် သူ မကြာခဏ လာဝယ် သည်ကို သိရ၍ ကျေးဇူးတင်ကြောင်းပြောကာ ပခုံးကလေးကိုင၍ ထိုမျက်နှာဖြူကိုယ်တိုင်ခေါ်သွားပြီး အတာဝယ်လိုသည့် ချိတ်ကို ထုတ်ယူရောင်းချ လိုက်ပြီးမှ ဘောင်းဘီအိတ်ကိုနှိုက်၍ ပိုက်ဆံတစ်မတ်ပင် မုန့်ဖိုးပေး လိုက်သေး၏။ ဤမျှ စွာကျယ်နိုင်သော အတာပါပေ။ ကို ဆက်ဖတ်ရန်.....

ဤလို မရှက်မကြောက်နှင့် တတ်သလောက် မှတ်သလောက် ပြောဝံ့၍လည်း အတာသည် အင်္ဂလိပ် စ ကား ကို အခြားသော အတန်းသားများထက် ပို၍ပြောတတ်၏။ အချို့သော အရပ်ထဲမှ အတန်းကြီး သမား များပင် ဝမ်းထဲမှာ တတ်နေသော်လည်း ပါးစပ်မရဲ၊ ပြောလေ့ပြောထလည်း မရှိသောကြောင့် အတာလောက် မသွက်သလို ဖြစ်နေကြကာ ယွန်းထည်ဆိုင်များသို့ နိုင်ငံခြားသား ဝယ်သူလာတိုင်း အတာ သာလျှင် မျက်နှာပွင့်နေခဲ့၏။

"ဟေ့ အတာ၊ မင်း ဘိလပ်သားကြီးတွေနဲ့ အင်္ဂလိပ်စကားပြောတော့ မှားသွားမှာ မရှက်ဘူးလား" ဟု ဘဆွေ တို့က မေးသောအခါတွင်
"ဘာလို့ ရှက်ရမှာလဲကွ၊ မင်းတို့ကုလားစကားကို မတတ်တတတ် ပြောတော့ကော ရှက်သလား၊ ဒီလို ပေါ့ကွ၊ အင်္ဂလိပ်စကား အပြောမှားသွားရင် ဘိလပ်သားတွေက ကဲ့ရဲ့မလား၊ သရော်မလားဆိုပြီး မင်း တို့က ကြောက်နေတာကိုးကွ၊ ဒီအင်္ဂလိပ်တွေ မြန်မာစကား ကပေါက်ကချာ ပြော တာကို မြန်မာတွေက ခွင့်လွှတ်သလို သူတို့ကလဲ ဒီလိုပဲပေါ့ကွ၊ မတတ် တတတ် ပြောပြော ဇောက်ထိုးမိုးမျှော်ပဲပြောပြော သူ တို့သဘောပေါက် ရင် ကျေးဇူးတောင် တင်ကြသေးသတဲ့ကွ၊ တို့တီချာက ပြောတယ်၊ ဒါပေမဲ့ မှန်အောင် ပြောနိုင်ဖို့တော့ ဂရုစိုက်တဲ့"

ဝါတွင်းရက်ဖြစ်သည့်အတိုင်း အတာတို့ကျောင်းသည် တနင်္ဂနွေနှင့် ဥပုသ်နေ့ပိတ်၏။ အတာလည်း သူ့ အချစ်တော် ကျော်ကျော် တို့မမက ဘော်လီအင်္ကျီမှာချုပ်ခိုင်းထားသဖြင့် သိမ်ကြီးဈေးတွင် ဝင်ယူ ရမည် ဖြစ်သောကြောင့် ခပ်စောစောပင် အိမ်မှထွက်လာခဲ့၏။
အတာသည် ဦးနှောက်၊ ခြေလက်နှင့် မျက်စိသာမက နားကိုလည်း အအားထားလေ့မရှိ။ မည်သူတွေ မည်သည့် စကားပြောသည်ဖြစ်စေ၊ သူ့အဖို့အကျိုးရှိမည်ဆိုလျှင် ဂရုတစိုက်နားစွင့်နေတတ်၏။ ငါးပိ ဘယ်ဆိုင် တွင် ကောင်းသည်ဟု ပြောသံကြားလျှင်လည်း မှတ်ထားလိုက်၏။ မည်သည့် ပဒုမ္မာအသား ကောင်းသည် ကြားလျှင်လည်း သူ့ခေါင်းထဲ စွဲထားလိုက်သည်သာဖြစ်၏။ မည်သည့် ဆိုင်တွင် ဘော်လီ အချုပ်ကောင်း၍ မည်သည့်တရုတ်သည် ပဒုမ္မာပုံကျကျ ချုပ်နိုင်ကြောင်းကိုလည်း အတာကိုမေး လျှင် သိလိမ့်မည်ဖြစ်ရာ ယခု သူ့ကျောင်းမှ မြန်မာဆရာမ အားလုံးလိုလိုပင် ပဒုမ္မာနှင့် ဘော်လီချုပ်သည်က အစ အတာ့ကို အပ်ခိုင်းနေကြပြီဖြစ်၏။

သိမ်ကြီးဈေးပေါ်မှ ဘော်လီများရွေး၍ လေးလေးမှန်မှန် ထွက်လာခဲ့သော အတာလည်း ကျောင်းနှင့် ပေတစ်ရာခန့်အကွာ စဥ့်အိုးတန်းထိပ်သို့ ရောက်သည်နှင့်
"အတာ" သို့ ခေါ်လိုက်သော အသံကြောင့် ဆတ်ခနဲ လှည့်အကြည့်လိုက်တွင် ထီးတစ်လက်ဆောင်း၍ မန်ကျည်း ပင်အောက်တွင် ရပ်နေသော မသိန်းမေအား တွေ့လိုက်ရသဖြင့် အတာ့ရင်ထဲတွင် ဒုခနဲ ထိတ်သွားရှာ တော့၏။
သားအမိ တို့မည်သည် မိခင်ကိုမြင်လိုက်ရလျှင် ပျော်သွားမည် ရွှင်သွားမည်။ သို့မဟုတ် အပြေးကလေး လှမ်းဖက် တက်သည်သာဖြစ်သော်လည်း အတာတွင်မူ သူ့မေမေကို မြင်လိုက်ရတိုင်း အသည်းထဲ စိမ့် သွား၏။ ကျော လည်း ချမ်းသွားတတ်၏။ ရင်လည်း တုန်သွားတတ်၏။

"ဘာများ ဒုက္ခပေးဦးမလို့ပါလိမ့်"
တစ်ခါတစ်ရံ ဤလိုလည်း စိတ်ထဲမှ အတာကြိတ်၍ ရေရွတ်မိတတ်၏။ စင်စစ် မသိန်းမေသည်လည်း မကောင်း။ ယခု ကျောင်းသို့အထိလိုက်လာပြီး အဘယ်ပုံ နှောင့်ယှက်ဦးမည် မသိ။
"သန်းသန်း တို့က ဒီနေ့ ကျောင်းလခ ပေးလိုက်တယ်မဟုတ်လား"
အနီးသို့ ကပ်လာရင်း သူ့မေမေက ဤလိုမေးလိုက်သည်နှင့် အတာ့ ရင်ထဲတွင် ဒုခနဲ မဟုတ်တော့ဘဲ ဒိန်းခနဲ ခုန်သွားတော့၏။

မှန်သည် ယနေ့သည် လဆန်း ၁ ရက်နေ့ဖြစ်သည့်အတိုင်း သူ့ဒေါ်ဒေါ်သန်းက ကျောင်းလခပေးလိုက် ၏။ သို့တစ်ရက်နေ့တိုင်း ကျောင်းလခပေးသည်ကို မသိန်းမေ သိ၏။ သိ၍လည်း ယနေ့လိုက်လာကာ အတာ အား သို့မေးလိုက်ခြင်းဖြစ်သောကြောင့်
"ဟုတ်ကဲ့ မေမေ၊ ပေးလိုက်တယ်"
"ဘယ်မလဲ၊ အဲဒီကျောင်းလခ ငါ့ ခဏပေးစမ်း၊ သန်ဘက်ခါတော့ ငါ ပြန်ပေးမယ်"
"အင်"
အတာတွင် ထိုမျှသာ ရေရွတ်နိုင်တော့၏။ ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်းပင် မသိန်းမေ ဒုက္ခပေးပြန် လေပြီ။

"ငါ ပြန်ပေးပါ့မယ်လို့ ဆိုနေ ဘာဖြစ်သွားရတာလဲ၊ မျက်နှာက"
ဤလိုငေါက်ရင်း မျက်လုံးတစ်ချက်သာ ပြူးပြလိုက်ရသည်။ အတာ့ကျောင်းလခငွေလေးကျပ်လည်း မသိန်းမေ လက် သို့ ပူပူနွေးနွေး ပါသွားလေတော့၏။
ဤစနေ တွင်သာ အတာ ကံဆိုးသည်မဟုတ်။ လွန်ခဲ့သော တစ်ပတ်ကျော် စနေနေ့ကလည်း သူ့မေမေ သည် အတာ့ အား အသိမပေးဘဲ ဒေါ်ဒေါ်သန်းတို့နောက်တစ်ကြိမ် ဝယ်ပေးသော ပိုးလုံချည်ကိုပါ ယူ ပေါင် ၍ မြင်းလောင်းခဲ့ပြီး ဖြစ်၏။
ဆိုခဲ့ဖူးသည့်အတိုင်း ကစားသမားတို့မည်သည် တစ်ဆယ်ရှုံးလျှင် နှစ်ဆယ်ဖိုး ထပ်ကစားချင်ကြ၏။ ကစားရန် အတွက်သာ ငွေရမည်ဆိုကာ ဘာကိုမျှမမြင်၊ ဆိုးသည် ကောင်းသည် မစဉ်းစား၊ မှားသည် မှန်သည် လည်း မတွေး။ တစ်ခါတစ်ရံ ရာဇဝတ်ဘေးသော်မှ ကြောက်ရမှန်းမသိ။ မိုက်တိမိုက်ကန်းနှင့် တဇွတ်ထိုး ငွေရလမ်း ရှာတတ်ကြ၏။

အတာ့မေမေသည် ယခင် ဤမျှလောက်မဆိုး။ ယခုသော် ကစားဝါရင့်လာသည်နှင့်အညီ ကိုယ်ကျင့် တရား သည်ပင် ချို့ယွင်းစပြုလာပြီဖြစ်၏။ အရောင်းအဝယ်နှင့်ပတ်သက်လျှင် မတန်တဆ အမြတ်ယူ လိုက ယူမည်၊ အကြွေးယူပြီးဆပ်လိုမှ ဆပ်မည်။ သို့သော် သူတစ်ထူးက ယုံကြည်၍ ပစ္စည်းတစ်ခုခု ဝယ်ခိုင်းသော ငွေမျိုးကိုမူ သူအလွဲသုံးစားမလုပ်တတ်၊ ယခုသော် အားကစားကျူးလာပြီဖြစ်သည့် အတိုင်း ထိုစိတ်ဓာတ် လည်း ပျက်ပြားပြုလာရုံသာမက သူတစ်ထူးက ထောက်ပံ့သော အတာ့ကျောင်း လခငွေ ကိုပါ မရေမရာနှင့် တော် မတော် မချင့်ဘဲ အနိုင်ကျင့် ဆွဲယူသွားပြန်လေပြီ။

ကိုထွန်းအောင် ပြောခဲ့ဖူးသည့် ရလေလိုလေ အိုတစ္ဆေဟူသောစကားကဲ့သို့ပင် မသိန်းမေလည်း တစ် ကြိမ်သာမဟုတ်တော့ဘဲ
"ကဲ နင့်ကျောင်းလခ ငါ့ကို ခဏပေးဦး၊ နောက်လကျတော့ သုံးလခ အတွက် တစ်ခါတည်း ပေါင်းပေး မယ်"
ယခင်နှစ်လအတွက ကျန်နေသေးသောကြောင့် မျက်နှာပူလှပြီဖြစ်သည့် အတာလည်း ဤတစ်ကြိမ် တွင်မူ သည်းမခံနိုင်တော့သည့်အတိုင်း အရင်ပိုက်ဆံလဲ မေမေ မပေးသေးဘူး၊ ခုလဲ တောင်းပြန်ပြီ"ဟု မဝံ့မရဲနှင့်ပင် အရဲစွန့်ပြောလိုက်သည် နှင့် "ဟင် ငါ့ကို ဒီလိုပြောသလား၊ ကြီးလာတဲ့အခါ နင်တို့လုပ်စာ စားရဖို့ တော့ ဝေးပါသေးရဲ့ဟင်း၊ ဒါကြောင့် နင့်ကို ငါ ဘာမှဝယ်မပေးတာ၊ ကျောင်းထားမပေးတာ သိလား၊ ကြီးလာရင် ကိုယ့်သားမယား ကိုယ်ရှာကျွေးမဲ့အကောင် ခုကတည်းက ငွေကလေး သုံးလေး ကျပ်တောင် မိဘကို မသဒ္ဒါချင်ဘူး၊ ဒါ တောင် ချေးတာမို့၊ အလကားတောင်းတာဆိုရင်"
"ရော့ပါ မေမေ၊ ယူ ယူ ရော့"

အတာက သွက်သွက်ကလေးပင် ထုတ်ပေးလိုက်၏။ “မိဘကို မသဒ္ဓါချင်ဘူး”ဟူသော စကားမျိုးဖြင့် အတာ အပြောမခံ လို။ သူ့မေမေကို အတာ ချစ်၏။ ပေးချင်ကမ်းချင်၏။ သို့ကြောင့်ပင် သကြားလုံးဆိုင် ဖွင့်ခဲ့စဉ်က တတ်နိုင်သလောက်ပေးခဲ့သည်မဟုတ်ပါလော။ ယခုမူ သူတစ်ထူး က ထောက်ပံ့သော ကျောင်းလခလည်း ဖြစ်သည်။ ပေး၍ မလျော်သော ပိုက်ဆံဟုလည်း အတာ ခွဲခြားနားလည်သော ကြောင့် သို့ပြောမိခြင်းဖြစ်၏။ သို့နှင့် မသိန်းမေက ဤသည်ကိုမသိ၊ အရေးကြီး သည်မှာ သူ ပိုက်ဆံရဖို့ သာလျှင် ဖြစ်၏။
ဤအတိုင်း သာ သွားနေက သူ့ကျောင်းနေရေးကိုပါ ထိခိုက်လာစရာရှိသဖြင့် အတာတွင် တစ်မျိုးတစ် မည်ကြံ ၍ ဉာဏ်ကလေးပါ ထုတ်လာရတော့၏။

“ဒေါ်ဒေါ် ကျောင်းလခကို ကျွန်တော့်လက်ထဲ မပေးပါနဲ့တော့်နော်၊ ဟိုလတုန်းကလေ ကျွန်တော် တို့ ကျောင်းသားသုံးယောက်တောင် ဓားပြပြီး လုသွားတယ်၊ ဒေါ်ဒေါ်ရဲ့၊ ကျွန်တော်တောင် ကံကောင်း လို့” သူ့မေမေအတွက်ပါ ကာကွယ်ရင်း သို့ပြောလိုက်သောကြောင့် နောက်ဆုံးတွင် အတာ အကြံပေးချက် အရ စာတိုက်မှပို့ပေးရန် သဘောတူလိုက်ကြ၏။ သို့သော် တစ်လတစ်ကြိမ် သဘော မဟုတ်တော့ ဘဲ နွေရာသီ ကျောင်းပိတ်ရက်အထိသာ ပေးစရာလခများကို တစ်ကြိမ်တည်း တွက်၍ ပေးပို့လိုက်တော့၏။ သို့သော် သူ့မေမေကောင်းမှုကြောင့် အတာ့တွင် သုံးလအတွက် အကြွေးကျန်နေသေး သည့်အတိုင်း တီချာလတ် တို့တွင်လည်း တစ်ကြိမ်တည်း ကြိုတင် ပို့လိုက်သော ငွေများအတွက် အံ့အားသင့်မိသ လောက် ကျန်သုံးလခအတွက်မူ မစဉ်းစား တတ်အောင် ဖြစ်နေကြတော့၏။

ရစရှိလျှင် လိုချင်ချင်တည့်ဖြစ်နေသော မသိန်းမေလည်း အလွန်စက်ဆုတ်ဖွယ်ရာသော ကိစ္စကို “တစ် တက်စား လည်း ကြက်သွန်”ဟူ၍ပင် သဘောထားနေပြီလော မသိ။ နောက်လတွင်လည်း တောင်းပြန် ၏။ သို့သော် မရ။ ဒေါ်ဒေါ်သန်းတို့က ဤသို့ ဤနှယ် စီမံလိုက်ပြီဖြစ်ကြောင်း အတာက ပြောပြသည်ကို
“ဟင်း ဒါ နင့်ဉာဏ်ပဲမဟုတ်လား”ဟူသော အမေးနှင့်အတူ အတာ့ခေါင်းကလေးကို ပူ သွားအောင် ခေါက်လိုက်ချေသေး၏။
ဤမျှနှင့် မပြီးသေး။ တစ်နေ့မဟုတ်လျှင် တစ်နေ့နေ့၌ ပေါ်ရစမြဲ ဓမ္မတာအတိုင်း အပေါင်ဆိုင်တွင် ဆုံး သွားပြန်ပြီဖြစ်သော အတာ့လုံချည်ကိစ္စကို ဒေါ်ဒေါ်သန်းတို့ ဆွမ်းကျွေးသည့်နေ့ကပင် သိသွားကြပြန် ပြီဖြစ်၏။

“ခက်တာပဲ အတာ ရယ်၊ မင့်အမေကြောင့် ဒေါ်ဒေါ်တို့တောင် စိတ်ပျက်လာပြီ”
ထိုစကားကြောင့် အတာတွင် ဘုရား ဘုရား ဟု၍ပင် တမိသွားရှာ၏။ “ကျောင်းများ ထုတ်ပစ်လိုက်လေ မလား” ဟူ၍လည်း ရင်ထဲတွင် တုန်လှုပ်သွားမိ၏။
“အေး မင့်ကိုတော့ နောက်ထပ် တစ်ထည်မဟုတ်ဘူး အတာ၊ ဆယ်ထည်တောင် ဝယ်ပေးချင်တယ်၊ ဒါပေမဲ့ မင့်အမေက ဒီလိုပဲ လုပ်လုပ်နေတော့ မခက်ဘူးလား” ဟု ညည်းညည်းညူညူ ပြောလိုက်ပြီးမှ
“ကဲ ကဲ မင့်အမေလုပ်ပုံ မကြိုက်တာနဲ့ မင်းကို ဝယ်မပေးရင် မင်း မဝတ်ရရုံပဲရှိမယ်၊ ဒီလိုတော့ လဲ ဒေါ် ဒေါ်တို့က မလုပ်ရက်ဘူးကွယ်၊ မင်းကို ဒေါ်ဒေါ် သနားတယ်” ယခုမှ အတာ စိတ်ချ လက်ချ အေးသွားတော့၏။

“ကဲ ခု မင်းကို ပိုးလုံချည်သုံးထည် ဝယ်ပေးမယ်၊ ဒါပေမဲ့ အိမ်ကို ယူမသွားရဘူး၊ ဒီမှာပဲ ထားရမယ်၊ ဘယ်တော့ဖြစ်ဖြစ် အချိန်မရွေး မင်း ဝတ်ချင်တဲ့အခါ လာယူဝတ်၊ မင့်အတွက် သေတ္တာကလေး  သတ် သတ် ဝယ်ပေးထားမယ်၊ အေး ဝတ်ပြီးရင် ချက်ချင်း ဒီမှာလာသိမ်း၊ ဟုတ်လား”
ဤသည်မှာ အခြားသော ကလေးတစ်ယောက်အဖို့၌ မလွတ်လပ်သလိုရှိနေ၍ ကျေနပ်ချင်မှာ ကျေနပ် မည်ဖြစ်သော် လည်း အတာတွင်ကား ထိုအကြံကို ပုဆိန်ပေါက်ရှိခိုးရင်း ဝမ်းမြောက်ခြင်းကြီးစွာဖြင့် လက်ခံ လိုက်တော့၏။ တစ်နည်းဆိုသော် “ရှုပ်ပါတယ်ကွယ်၊ တို့လဲ မင့်သေတ္တာကို ကြည့်မနေအားပါဘူး၊ လာယူ ဝတ်လိုက် ပြန်ထားလိုက်နဲ့ မင်း လဲ အားနာချင် နာနေမှာ၊ ကဲ မင့်အိမ်သာ မင်း ယူသွားပါတော့” ဟု သူ့ဒေါ်ဒေါ်သန်းက ပြောမည်ကိုပင် အတာ ကြောက်မိသေး၏။ ယခုစီမံကိန်းမှာ ဘဏ်တွင် အပ် ထားသလောက်ပင် အတာ့အဖို့၌ အန္တရာယ် ကင်းသည် မဟုတ်ပါလော။ သူ သဘောကျပေမည်သာ။

အတာ့ဒေါ်ဒေါ်သန်းတို့က မတတ်သာသည့်အဆုံး၌ သို့လျှင် အလုပ်ရှုပ်ခံ၍ စီမံလိုက်သည်ကိုလည်း မသိန်းမေ မကျနပ်။ သို့ မကျေနပ်သည်မှာလည်း ဒေါ်ဒေါ်သန်းတို့အပေါ်မဟုတ်ဘဲ အတာ့ဉာဏ်ပင်ဟု ယူဆ ကာ သူလုပ်ခဲ့ပုံ နည်းလမ်းကျ မကျကို မစဉ်းစား၊ ဒေါသတွေသာလျှင် အကြောင်းမဲ့ပွားပြီး
“နင်တော့လား ငါ သေတောင် မကျေဘူးမှတ်”
သို့လျှင်ပြောရင်း ဗိုးဗိုဗတ်ဗတ်နှင့် ဇိုးဇိုးဇတ်ဇတ် ရိုက်လိုက်ချေသေး၏။ ကလေးနှင့်ဖက်၍ ဖြစ်သည်မှာ အကြောင်းခိုင်လုံ လျှင် ခွင့်လွှတ်နိုင်စရာရှိသေး၏။ ယခုသော်ကား သူ့အပြုအမူ စိတ်ထားနှင့် ဖြစ်ပျက်ပုံ အကြောင်း တရား သဘောသည် သူပြောပုံနှင့် အဘယ်သို့ ဆက်စပ်၍မရ။ ထို့ထက် ခွကျသောအဖြစ် မျိုး ကို ကမ္ဘာမြေခြစ်၍ ရှာသည့်တိုင်အောင် သားအမိအနေဖြင့် တွေ့လိမ့်မည်မဟုတ်။

ထိုနေ့မှအစပြုကာ အတာတွင် အတော်ကလေး အပူအပင်စဲသွားပြီဖြစ်၏။ စာမေးပွဲတွင်လည်း သူသည် ပင် ဗိုလ်စွဲ၍ ထိပ်ထိပ်ကြဲအောင်ခဲ့ပြန်ပြီဖြစ်၏။
“ကျွန်တော် ပထမပဲ ရတယ် ဒေါ်ဒေါ်သန်း”
“ဒီမှာ မမရင် စာမေးပွဲ ကျွန်တော် အောင်တယ်၊ အားလုံးထဲမှာလဲ ပထမရ တယ်၊ ဒေါ်ဒေါ်တင် တို့ ဒေါ် ဒေါ်ခင်တို့ကိုလဲ ပြောလိုက်ပါနော်၊ ဒေါ်ဒေါ်မအေးကျင်ကိုတော့ ကျွန်တော် အခုပဲ ပြောခဲ့ပြီးပြီ”
အတာ ပျော်လိုက်သည်မှာ တခုန်ဆွဆွဖြစ်နေ၏။

ဘေးလူများပင် သူ့ကိုကြည့်ရင်း ရောယောင်ဝမ်းသာ နေကြလျက် ဒေါ်ဒေါ်သန်းတို့တွင်လည်း တပြုံးပြုံးနှင့်။ ထိုအပြုံးမှာ သိန်းထိဆယ်ကြိမ်ဆက်ပေါင်သည် တိုင်အောင် ယခု အပြုံးလောက် ပြည့်ပြည့်ဝဝနှင့် ကြည်ကြည်နူးနူးအသွင်မျိုး ပေါ်လွင်လိမ့်မည်မထင်။
“ဟဲ့ မောင်မြ စာမေးပွဲအောင်တယ် ဘာတယ်ဆိုတုန်းကတောင် ငါ ဒီလောက် ဝမ်းမသာမိဘူး၊ ဒီကောင် လေးကျမှ ငါ ဘယ်လိုဖြစ်ပါလိမ့်၊ ရင်ထဲမှာ တလှပ်လှပ် တလှပ်လှပ် နဲ့” ဟူ၍လည်း ဒေါ်ဒေါ်သန်းမေမေ (ဝါ) အတာကို ချစ်သော ဘွားဘွားက သူ့သားဖြစ်သူ ကိုမြနှင့် ပင်နှိုင်းယှဉ် ၍ ဤသို့လျှင် အသည်းထဲမှ စိမ့်ထွက်သောအသံမျိုးဖြင့် ပြောလိုက်သေး၏။

ဤလို အားရစရာကောင်းသလောက် အတာတွင်လည်း ကုသိုလ်ကံကလေး ထောက်လာပြီဖြစ်၏။ အတာ ဤကဲ့သို့ ပညာထူးချွန်လေ ထောက်ပံ့ရသည်အတွက် အားတက်ဝမ်းမြောက်လေ့ ရှိခဲ့သော ကြောင့် ဒေါ်ဒေါ်သန်း တို့လည်း အတာ့အတွက် ကျောင်းစရိတ် အပြည့်အစုံသာမက အဝတ် အစား ပြဿနာ ပါဝင်၍ ဖြေရှင်းလိုက်တော့၏။
ယခင် လို ခြောက်မူးတန်ရှပ်နှင့် သုံးမတ်ပဲတင်းတန် ချည်ကြမ်းလုံချည်မျိုးမဝတ်ရတော့ဘဲ အက်စ်အိုရှပ် ခရုပလေကပ်နှင့် အတော်ကလေး အခြေအနေ မတ်နေတော့၏။ ကိုထွန်းအောင်တွင်လည်း အကူစာ ရေး ဘဝမှ အသိအမှတ်ပြု လခစားစာရေးဖြစ်လာပြန်သောကြောင့် အတာ့မုန့်ဖိုးသည် ခြောက်ပြားမှ တစ်မူး အထိပင် တိုးတက်သွားပြီဖြစ်၏။

အတာစ၍ နေခဲ့ကျောင်းမှာ မိန်းကလေးကျောင်းဖြစ်သည့်အလျောက် ယောက်ျားကလေးများကို ငါး တန်းအထိသာ နေခွင့်ပြု၏။ အကယ်၍ အတာနေလိုက ငါးတန်းအောင်သည်အထိ တစ်နှစ် တိတိ နေ နိုင်သေးသော်လည်း
“မမသန်း။ အတာ့ ကို အစိုးရဟိုက်စကူးကျောင်း ပြောင်းလိုက်ရင် ကောင်းမယ်၊ ဒီကောင်လေး ထူးချွန် ပုံနဲ့ ဆိုရင် ပညာတော်သလောက် အဲဒီကျောင်းက အတန်းတင်ပေးတယ်”
သို့လျှင် အရပ်ထဲ ရှိ ကောလိပ်ကျောင်းသားကြီးများက အကြံဉာဏ်ပေးကြသောကြောင့် အတာလည်း ထိုနှစ်မှာပင် အစိုးရဟိုက်စကူးသို့ ရောက်သွားတော့၏။ အေ ဘီ စီ စသဖြင့် ပဉ္စမတန်းချည့် သုံးတန်း ရှိသည့် အနက် ဆရာမကိုင်တော့ အတန်းတွင်ပင် အတာနေရ၏။ ထိုကျောင်းသို့ ကျောင်းသားသစ် တစ်ယောက်အဖြစ် ရောက်လာရသကဲ့သို့ သူ့အတန်းပိုင် ဆရာမသည်လည်း ထိုနှစ်တွင်မှ အလုပ်ဝင် သော ဆရာမအသစ်ဖြစ်၏။

အချို့သော အမျိုးသမီးများက ဆံထုံးကြီးကြီးထုံးခြင်းကို ခေတ်ဆန်သည်ဟု ယူဆသော အချိန်ကာလ ဖြစ်သည့်အလျောက် ထိုဆရာမလည်း ဆံထုံးကြီးကြီး ထုံးရုံသာမက အင်္ဂလိပ်ဒေါက် ဖိနပ်ကိုပါ စီးလေ့ ရှိသောကြောင့် အခြားသော ဆရာမများနှင့် ယှဉ်လိုက်ပါက အတာတို့ဆရာမသည် ထူးခြားနေ ၏။ သို့သော်  အတာ သဘောမကျ။ အခြားသော အတန်းသားများလည်း မနှစ်သက်။ သို့နှင့် အခြားသော အတန်းသားများရော အတာတို့အတန်းသား အချို့ကပါ ဆရာမအား မကြားတကြား သရော်စပြုလာ တော့ ၏။ အချို့က ဆရာမကြားသည်အထိပင် ပြောင်၍၊ အချို့ ကမူ ကျောက်သင်ပုန်းကြီးတွင်ပင် ရုပ် ပြောင်နှင့်တစ်မျိုး၊ စာချိုးနှင့်တစ်ဖုံ စုံနေအောင် လှောင်လာကြ၏။

“လေဒီရှူးနဲ့ မဘီအေ”
ဤသည်မှာ ဆရာမကို မြင်လိုက်သည်နှင့် မကြားတကြား ဆိုလေ့ရှိသော ရုပ်ရှင်သီချင်းဖြစ်၏။ ထိုကဲ့ သို့ ပြောင်းသည့်အထဲတွင် အတာ မပါ။ သူ့စိတ်ထဲက ဆရာမ အပြင်အဆင်ကို သဘောမကျရုံ သာ ရှိလျက် ပျက်ချော်ပြောင်လှောင်သည့်အထိ အတာတွင် မိုက်ရိုင်းတတ်သူမဟုတ်။
အခြားသော သူ့အတန်းသားများက ဤလိုပြောင်လှောင်ပျက်ချော်နှင့် မပျော်သောအမှုကို ပြုလာသော အခါတွင် မူ ထိုအတန်းသားများကို အတာ ဒေါသဖြစ်လာ၏။ သူ့စိတ်တွင်လည်း ဆရာမအား ဖြစ်နိုင် လျှင် ဤလို လေဒီရှူး မစီးရန်နှင့် ဆံထုံးကားကားကြီး မထုံးရန် အကြံပေးလို၏။ အခြားသော ဆရာမ များ နည်းတူ ရိုးရိုးအသွင်ဖြင့် အတာ မြင်လို၏။ အထူးသဖြင့် ရိုးရိုးအဆင်အပြင်ကို သူက မြင်ချင်သည် ထက် ထိုထိုကျောင်းသားများ၏အနှောက်အပြောင်ခံရမှုမှ ဆရာမ သက်သာရာရမည်ကို အတာ ပို၍ လိုလား၏။

တစ်နေ့သော်
ဆရာမဖြစ်သူ အတန်းထဲဝင်လာပြီး စာအုပ် ဖောင်တိန် စသည်တို့ကို ချလိုက်သည်နှင့် စားပွဲပေါ်တွင် မြေဖြူနှင့် ရေးဆော့ထားသော ဆရာမ၏ကာတွန်းရုပ်ပြောင်ကို ကိုးရိုးကားရားမြင် လိုက် ရသောကြောင့် ဆရာမတွင် သိသိသာသာ မျက်နှာပျက်သွား၏။ သို့သော် ဒေါသဖြစ်ပြီး၊ စိတ်ဆိုးခြင်း တည်းဟူသော အမူအရာမျိုးမပြဘဲ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားသည့် အသွင်သာဆောင်နေ ၏။
“ဟေ့ ဒီစားပွဲမှာ ဘယ်သူရေးထားသလဲကွဲ့”
တည်ခန့်သော မျက်နှာထားတွင် ပြုံးယောင်ကလေးသန်း၍ သို့လျှင် ခပ်အေးအေး မေးလိုက်၏။ အဖြေ ဆို၍ ဘာတစ်ခွန်းမျှပေါ်မလာ။ “ကျွန်တော်တို့ မသိဘူးဆရာမ”ဟူ၍ပင် မည်သူတစ်ယောက် မျှ ပြော ဖော်မရ။ ဆရာမကလည်း အားလုံးကို တစ်ယောက်စီအကဲခတ်နေ၏။

ထိုအချိန်၌ အတာသည် အသားများ တဆတ်ဆတ်တုန်နေ၏။ အံကလေးလည်းကြိတ်ထား၏။ နောက် ဆုံး စိတ်မတင်းနိုင်၍လား မသိ။ ထိုင်နေရာမှ ဆတ်ခနဲ ထရပ်တဲ့ကာ
“ကျွန်တော် သိတယ် မမ၊ အဲဒါ စိန်တင်ရေးထားတာ”ဟု ပြတ်ပြတ်သားသားပင် ထ၍ ပြော လိုက်သော ကြောင့် တစ်တန်းလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့၏။ ဆရာမလည်း စိန်တင်ဆိုသူအား အတန်ကြာ တွေကြည့်နေပြီးမှ
“ကဲ မောင်စိန်တင် မတ်တတ်ရပ်စမ်း”
စိန်တင် လည်း ဆိုးဆိုးဆတ်ဆတ် ထရပ်ရင်း အလွန်ဒေါသဖြစ်နေသော အမူအရာဖြင့် အတာ့အား စွေ ကြည့်လိုက်၊ ဆရာမဆီ မျက်နှာမူလိုက်ဖြင့် ဣနြေ္ဒမရဖြစ်နေ၏။
“ကိုယ့်ဆရာမ ကို ဒီလိုရေးတာ ကောင်းသလား မောင်စိန်တင်၊ မတော်တရော်တွေ”
ဆရာမ က ခပ်မှန်မှန်အမူအရာဖြင့် မေးလိုက်၏။ သို့သော် စိန်တင်က ဘာမျှ မဖြေ။ ခေါင်းကလေးငုံ့၍ တွေသွား၏။ “မတော်တရော်တွေ”ဟု ဆိုသော်လည်း စစ်စစ် ရိုင်းရိုင်းပျပျမပါ။ ဆရာမ ဆင်ယင်ထား သည့် အတိုင်း လေဒီရှူးနှင့် ဆံထုံးကြီးကိုသာ အဓိကထား၍ ကာတွန်း အဖြစ် ရေးထားပြီး အောက်နား တွင်မူ (လေဒီရှူးနှင့် မဘီအေ)ဟူသော စာတစ်ကြောင်းပါ၏။

“မင်း ဘာဖြစ်လို့ ဒီလိုရေးရသလဲ”
သို့ ထပ်မေးလိုက်သည့်တိုင်အောင် စိန်တင်မလှုပ်သေး။ အခြားသော အတန်းသားများမှာမူ ဆရာမ အား အားနာနေ သည့်အသွင်ဆောင်နေကြ၏။ ချက်ချင်းဆိုသလို ဆရာမ၏မျက်နှာလည်း အသွင် ပြောင်းလာ၏။ အပြစ်တစ်ခုကို အတော်ကလေး ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့သူတစ်ယောက်အား ဤသို့ သော မေးခွန်း များ ထုတ်နေခြင်းအားဖြင့် အကျိုးထင်မည် မဟုတ်။ ခေါ်ရိုက် သည့်တိုင်အောင်လည်း မိမိ အား နောက်ပြောင်မှုသည် ရပ်တန့်သွားမည်ဆိုက တာဝန်မကြီး၊ သို့မဟုတ် ရိုက်ရကောင်းလား ဟု မုန်း စိတ်တွင် အနှောင့်အယှက် ဖြစ်နေပေမည်။ ဤသည်ကို တွေးမိသည်နှင့် ဆရာမ လည်း သိသိသာသာ ပြုံးနေ၏။

ထိုအချိန်မှာပင် စိန်တင်လည်း အလွန်လျှင် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် အတာအား လှမ်း ကြည့်လိုက်ပြန်၏။ အတာကလည်း သတ္တိမနည်းလှသောအသွင်ဖြင့် မှင်သေသေ ပြန်ကြည့်လိုက်သည် တွင် “မင်းသိမယ်”ဟူသော အမူအရာဖြင့် စိန်တင်က ခေါင်းကလေး ဆတ်ပြလိုက်သည်ကို မမှု့သောလက္ခဏာဖြင့် မဲ့ပြုံးကလေး ပြုံးပြလိုက်၏။ ဤသည်ကိုပါ ဆရာမက အကဲခတ်မိလိုက်သဖြင့် “ဆရာမလဲ သိပါတယ်၊ မင်းတို့အားလုံးလိုလိုပဲ ဆရာမ ခုလိုဝတ်တာ စားတာကို သဘောမကျကြဘူး၊ မဟုတ်လား”ဟု ဆရာမက ပြုံးပြုံးရယ်ရယ်မေးလိုက်သောကြောင့် အားလုံးပင် အံ့အားသင့်ကြတော့၏။
“မကြားတကြားနဲ့ ဆရာမကိုစောင်းပြီး သီချင်းဆိုကြတာလဲ ဆရာမ သိတာပဲ၊ မင်းတို့တင်မဟုတ်ဘူး၊ ဒိပြင် အတန်းသားတွေလဲ ပါသပေါ့၊ အေး ဒီလိုဆိုရင် နက်ဖြန်ကစပြီး ဆရာမ လေဒီရှူးမစီးတော့ဘူး ဟုတ်လား၊ ဆံထုံးလဲ ကြီးကြီးမထုံးတော့ဘူး၊ ဟို တခြားအတန်းက ဆရာမတွေလို ရိုးရိုးပဲ ဝတ်စား တော့မယ်နော်”

ဆရာမက လိုက်လိုက်လျောလျောနှင့် ပြုံးပြုံးရွှင်ရွှင်ပြောနေသကဲ့သို့ပင် တစ်တန်းသားလုံးလည်း ကြင် ကြင်လင်လင် ဆရာမ အပေါ်တွင် ချစ်ခင်လေးစားလာသည့် အရိပ်အရောင်လည်း သန်းနေ၏။ ဆရာမ  ကိုယ်၌ကပင် သူ၏ခေတ်ဆန်မှုသည် ဆရာမတစ်ယောက်အနေဖြင့် ဣနြေ္ဒမရသည်ကို ရိပ်စားနား လည်သွားဟန် တူ၏။ သို့တိုင်အောင် သူ့အတန်းသားများအာ ဤလိုစကားဖြင့် လိုက်လျောသလို ပြော ပြီးမှ အဝတ်အစား ဆင်ပြင်ရန်မလို။ မိမိဘာသာ ပြင်လိုလျှငလည်း ပြီးနိုင်၏။ သို့သော် ပါးနပ်သော ဆရာမ ပီပီ ဤလိုဖော်ရွေစွာ ပြောဆိုလိုက်ခြင်းအားဖြင့် သူ့တွင် အရှုံးမရှိ။ အတန်းသားများက ကြည် ကြည် လင်လင်နှင့် ဆရာမအပေါ် ချစ်ခင်လာသည့် အမြတ်ပင် မိနစ်ပိုင်းအတွင်း လက်ငင်းပေါ် လာပြီ ဖြစ်၏။

“အေး နက်ဖြန်ကစပြီး ဆရာမ ရိုးရိုးပဲ ဝတ်တော့မယ်ပေါ့ကွယ် နော်၊ ကဲ စိန်တင် ထိုင်တော့၊ မင့်ကိုလဲ ဆရာမ စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ နောက်နောင်ကို ဘယ်တော့မှ ဒီလိုမလုပ်နဲ့၊ ဆရာမက သည်းခံနိုင်ပေ မဲ့ မင်းတို့ မှာ အပြစ်ဖြစ်မယ်၊ ကိုယ့်ဆရာသမားကို ဒီလို မလုပ်ကောင်းဘူး၊ ကြားလား”
ရိုရိုသေသေနှင့် ကျေကျေနပ်နပ်ပင် စိန်တင်က ခေါင်းညိတ်လိုက်၏။
“အေး ဆရာမ ကလဲ ကိုယ့်တပည့်တွေကို မမုန်းတတ်ဘူး၊ မင်းတို့ကလဲ မုန်းစိတ်မထားကြနဲ့၊ မကျေနပ် တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့ကွယ်၊ သြ ပြီးတော့ အတာ့ကိုလဲ အငြိုးမထားနဲ့နော်၊ အတန်းသား ချင်း မသင့်မြတ်တာလဲ ဆရာမက မကြိုက်ဘူးကွဲ့၊ ဟုတ်လား စိန်တင်”
“ဟုတ်ကဲ့ ကျွန်တော် အငြိုးမထားပါဘူး ဆရာမ” “ကဲ ဒါဖြင့် နှစ်ယောကစလုံးလာ၊ အတာရော မင်းရော”
ပြောပြောဆိုဆို အနီးသို့ခေါ်ယူကာ တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ ဖက်လဲ တကင်းပြုစေ လိုက်ပြီးမှ အသီးသီး ပြန်ထိုင်ခိုင်းလိုက်၏။

အတာတွင် ပညာရေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ အဝတ်အစားပြဿနာသည်လည်းကောင်း သူ့တွင် ဘာမျှမရှိ။ ဘာမျှလည်း ပူစရာမလိုတော့သည့်တိုင်အောင် တစ်ခါတစ်ရံတွင် စိတ်မချမ်းမသာ ဖြစ်ရသေး၏။ ထိုသည်ကား သူတို့နေသော အိမ်ခန်းလခဖြစ်၏။ အတာ ကြားရ သလောက်ဆိုလျှင် အိမ် လခသည် ခြောက်လမျှ ကြွေးတင်နေပြီဖြစ်သောကြောင့် အိမ်ရှင်ကပင် တရားစွဲ ထားသည်ဟု သိရသ ဖြင့် အတာ စိတ်မကောင်းနိုင်။ အမှုရှုံး၍ အိမ်ပေါ်မှဆင်းပေးရသည်ရှိသော် အဘယ်ရပ် သို့ ရောက်ရ မည်မသိ။ အတာ မပြောင်းလို။ ဤလမ်းထဲတွင်သာ သူပျော်၏။ နေထိုင်ကြသူ ရပ်ကွက် လူရည်သန့်သ လောက် သူ့သူငယ်ချင်းများမှာလည်း လူကုံထံသားသမီးများဖြစ်သည့်အတိုင်း အစစ အရာရာ သိမ်မွေ့ သူများဖြစ်၍ သူတို့နှင့်လည်း အတာ မခွဲလို။ သို့သော် သူလည်း ဘာမျှ မတတ်နိုင် ဖြစ်သမျှအကြောင်း ဟူ၍သာ သဘောထားပြီး ထိုအတွေးကို ဖျောက်လိုက်ရတော့၏။

ထိုရပ်ကွက် ကို အတာ ခင်သကဲ့သို့ အတာ့ကိုလည်း ထိုရပ်ကွက်လူထုက ချစ်ကြ၏။ အတာ ရောက် လာပြီး မှလည်း ရပ်ကွက်ရှိ လူငယ်များမှာ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ မသင့်မမြတ်မရှိကြတော့ဘဲ စည်းစည်း လုံးလုံးနှင့် ချစ်ချစ်ခင်ခင် ပေါင်းမိနေကြ၏။ ရပ်ကွက်သညလည်း အတာရောက်မှ ပို၍စည် ကားလာ၏။
အထူးသဖြင့် ယခင့်ယခင်က နှစ်သစ်ကူးသင်္ကြန်ဆိုလျှင် အခြားသော ပစ္စည်းမဲ့ရပ်ကွက်များသော်မှ အကျွေးအမွေးဖြင့် ဖြေဖျော်ဧည့်ခံနိုင်ကြပါလျက် လူချမ်းသာ ကုန်သည်ပေါလှသည့် ဤရပ်ကွက် မှာမူ ခြောက်ကပ်ကပ်နှင့်ပင် တစ်နှစ်ပြီးတစ်နှစ် ကူးသွားခဲ့၏။ ယခု အတာရောက်လာသည်တွင်မူကား အလှူအတန်းနှင့် အကျွေးအမွေးဝါသနာထုံသော အတာသည် သူရောက်ခဲ့သည့် နောက်နှစ်မှစ၍ သူတို့လူငယ်အဖွဲ့သားချင်း ငွေစုကာ ဝါးလေးတိုင်ဖြင့်ဖြစ်သလို မဏ္ဍာပ်ထူလျက် လာသမျှသော ရေ ပက်ခံကားများကို လမ်းထိပ်မှ ဆီး၍တားပြီး သစ်ခွရည်ဖြင့် ဧည့်ခံတော့၏။

ဆက်ရန်
.

1 comment:

မောင်မောင် said...

မရွှေစင် ရေ အတာ ၄၂ လာဖတ်သွားပါကြောင်း။
အရမ်းနှစ်သက်ပါကြောင်း။
ကျေးဇူးများစွာပါ။