ရေကာတာပေါ်ကို ဖြတ်တက်လာခဲ့၏။ ညနေခင်းနေသည် တရှိန်ရှိန် ပူနေ သည်။ ရေကာ တာပေါ် ရောက်တော့ ဖိတ်ဖိတ်တောက်နေသည့် မစ္စစ်စပီမြစ်ရေပြင်ကို လှမ်းမြင်ရသည်။ အိန်ဂျဲလစ်ပြော တာ ဖြစ်နိုင်ပါ့မလား၊ ဆုံးရှုံးသွားပြီထင်သည့် အရာသည် ပြန်ယူလိုသည့် ဆန္ဒရှိ လျှင် မဆုံးသေး ဘဲ ပြန်ရနိုင်ပါမည်လား။ ကို ဆက်ဖတ်ရန်.......
အပြောကျယ်လှသော ၀က်သစ်ချမြိုင် ယာတောလွင်ပြင်ကို လှမ်းမျှော်ကြည့်လိုက်၏။ မျက်စိတစ်ဆုံး ကျယ်ပြော သည့် စိုက်ခင်းများ၊ မိမိရင်သွေးများ ဆက်လက် ပိုင်ဆိုင်ကြမည့် ၀က်သစ်ချမြိုင်၊ ဖီးလစ်လန်း တည်ဆောက် ခဲ့သည့် ပိုင်စားမြေ အင်ပါယာကြီး၊ မျိုးဆက်သွေးများအတွက် သူပေးခဲ့သည့် အမွေ။
သို့သော် မိမိက သူ့ထက် ပိုမိုလေးနက်သည်။ အမွေကို သားသမီးမြေးမြစ်များ အတွက် ပေးခဲ့ချင်၏။ မြင့်မြတ်ဖြူစင်သည့် စိတ်ဓာတ်အမွေ။ မိမိဘက်မှ ကျန်ရစ်သည် မှာ မြင့်မြတ်ဖြူစင်ခြင်း ကိုယ်ကျင့် တရားဟူ၍ မျိုးဆက်သွေးတစ်လျှောက် ဂုဏ်ယူစေရမည်။
ရေကာတာ၏ ခြေရင်းမှ လှေကြီးသုံးစင်းကပ်ပြီး စုန်ဆင်းလာသည်။ ဒယ်လ်ရွိုင်းဆိပ်ကမ်းသို့ ကပ်မည့် ပိန်းကောကြီး များဖြစ်သည်။ အလီနွိုင်းမှ ပင်စီလ်ဗေးနီးယားအထိ စွန့်စွန့်စားစား စုန်ဆင်း လာကြခြင်းဖြစ်၏။ ဒယ်လ်ရွိုင်းတောရိုင်းမြေများတွင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သတင်းရ သဖြင့် ရေကြည်ရာ မြက်နုရာသို့ စုန်ဆင်းလာကြသည့် အညာလှေတွေဖြစ်သည်။
လှေသုံးစင်း အနက် တစ်စင်းမှာ ကျွန်လှေကြီးဖြစ်၏။ လှေဝမ်းထဲမဆံ့သဖြင့် ကုန်းပတ်ပေါ်တွင် တိရစ္ဆာန်တွေ လို အတုံးအရုံးတင်လာသည့် လူမည်းကျွန်တွေ။ ခြေထောက်တစ်ဖက်စီတွင် သံခြေချင်း ခတ်ပြီး ခြေချင်းနှစ်ဖက်ကို သံကြိုးဖြင့် ဆိုင်းထားသည်။ အများစုက လှေကို လှော်ခတ်နေကြ၏။ မျက်နှာဖြူ တစ်ယောက်က ကြာပွတ်ကို ကိုင်ပြီး တရွှမ်းရွှမ်း လိုက်ရိုက်နေသည်။
ဂျူးဒစ် ထိုင်နေရာမှ ခုန်ထလိုက်သည်။ စကတ်ကို မပြီး ရေကာတာပေါ်မှ တအားပြေးဆင်းလာခဲ့ သည်။ စိုက်ခင်းတွေ၊ မဲနယ်ပေါင်းအိုးကြီးတွေကို ဖြတ်ပြီး အိမ်ဆီသို့ တအား သုတ်ခြေတင်သည်။ အလုပ်သမားတွေ လည်း အလုပ်သိမ်းပြီး သူတို့ တန်းလျားများဆီသို့ ပြန်နေကြ၏။
အိမ်ရောက်တော့ မှောင်စပြုနေပြီ။ ၀က်သစ်ချမြိုင်တွင် မီးတွေ ထွန်းထားပြီးပြီ။ သူ့ကို အပြင်ဆောင်ဝ တွင် တွေ့ရ၏။ မြက်တစ်ပင်ကို လက်ထဲတွင် ကိုင်ပြီး လှေကားထစ်တွင် ထိုင်နေ သည်။
ဂျူးဒစ် အနားရောက်လာတော့ တစ်ချက်မောကြည့်သည်။ ပြီးတော့ ပြန်ငုံ့ပြီး မြက်ပင်ကို ဆွဲဖြတ်နေ သည်။ အ၀တ်မလဲရသေးကြောင်း ဂျူးဒစ် သတိထားလိုက်မိ၏။ ကွင်းထဲမှ ပြန်လာသည့် အ၀တ်အစား အတိုင်း ရှိနေသေးသည်။
" ဒီည ကျွန်လှေတစ်စင်း ဆိုက်မယ်၊ အိန်ဂျဲလစ်ကို မနက်ဖြန်ပို့ဖို့ အားလုံး စီစဉ်ပြီးပြီ "
လှေကားထစ် တွင် ရပ်ပြီး ဂျူးဒစ် တွေနေသည်။
" မင်း ကျေနပ်ပြီ မဟုတ်လား "
ရုတ်တရက် ပြောလို့ မထွက်နိုင်အောင် ဖြစ်နေ၏။
" ဂျူးဒစ် ကို ခွင့်လွှတ်ပါ၊ သူ့ကို ရောင်းပစ်ဖို့ ပြောမိတဲ့အတွက် ပြောတာပါ။ သူ သွားဖို့ မလိုတော့ပါဘူး။ ဟင့် အင်း ... ဂျူးဒစ် ကို မတားပါနဲ့ ဘယ်သူ့ဆီကိုမှ မရောင်းရဘူး။ ဒါပေမဲ့ တစ်ခုတော့ အစ်ကို လုပ်ပေး၊ မစ္စတာဖာဂွန် ဆိုတဲ့ လူကို စုံစမ်းပြီး သူ့ဆီက ကလော်ဒီဆိုတဲ့ ကျွန်တစ်ယောက်ကို ရအောင် ၀ယ်ခဲ့ပါ၊ ဘယ်လောက်ပေးရပေးရ ဂရုမစိုက်ပါနဲ့၊ သူ့ကို ဒီခေါ်လာပေးရမယ်၊ သူက အိန်ဂျဲလစ်ရဲ့ ယောက်ျားလေ။ ပြီးတော့ သူတို့နှစ်ယောက် ကို သီးသန့် အိမ်ကလေးတစ်လုံး ဆောက်ပေးပါ။ အိမ်ကြီးဆီကိုတော့ မလာ ပါစေနဲ့။ သူတို့ကိုတော့ မတွေ့ချင်ဘူး။ အဲဒီလူကို မရရအောင် အမြန်ဆုံးဝယ်ပြီး အိန်ဂျဲလစ်ဆီ ပို့ပေး လိုက်ပါ "
ပြောပြီးတော့ ဂျူးဒစ် မောနေသည်။ ဖီးလစ် မတ်တတ်ထရပ်သည်။ အံ့သြလွန်းစွာဖြင့် ဂျူးဒစ်ကို ငုံ့ကြည့် သည်။ အမှောင်ထဲတွင် သူ့မျက်နှာကို ခပ်ရေးရေးသာ မြင်ရသည်။ စိတ်လှုပ်ရှားနေပုံရသည်။
ဖီးလစ် ဟင်းချပြီး ပြောသည်။
" သြော် ကလေးရယ်၊ မင်း အိန်ဂျဲလစ်ကို မရက်စက်တော့ဘူးပေါ့နော် "
" ဟုတ်တယ်၊ သူ့ယောက်ျား ကိုသာ ရအောင် ၀ယ်ပေးပါ အစ်ကို "
" အို ... မင်းသဘော တူရင် မြေလှန်ရှာပြီး ၀ယ်ပေးမှာပေါ့ဗျာ "
ပြောပြော ဆိုဆို ဇနီးကလေးကို လှမ်းဖက်လိုက်ပြီး -
" အစ်ကို ဘယ်လောက် စိတ်ဆင်းရဲနေရတယ်ဆိုတာ မင်းသိရဲ့လား ဟင် "
ဂျူးဒစ် ဘာမှပြန်မပြော။ လှေကားထစ်ပေါ်တွင် နှစ်ယောက်သား ယှဉ်ရပ်နေကြသည်။ ဖီးလစ်က ဂျူးဒစ်၏ လက်ကို ကိုင်လျက်။ အမှောင်ထုက တဖြည်းဖြည်း သိပ်သည်းလာသည်။ တတိုင်းမွှေးနံ့နှင့် ည စံပယ်နံ့ ရောနှောမွှေးပျံ့နေ၏။ ၀က်သစ်ချပင်အိုတို့မှ ရေညှိပင်တွေ တွဲလောင်း ကျနေသည်ကို ဂျူးဒစ် ရေးရေးမြင်ရသည်။ ပိုးစုန်းကြူးကလေးတွေက မှိတ်တုတ်မှိတ်တုတ်။
သူ့ရင်ခွင်ထဲ ရောက်သွားသည်ကို သတိထားလိုက်မိ၏။ သည်အရေးအခင်း ပြီးသွားခြင်း သည် ပြစ်မှုတစ်ခုလုံး ခွင့်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ခုမှ နားလည်စပြုသည်။ အတွေ့အကြုံတွေ တစ်ပွေ့ တစ်ပိုက်ကြီး ရလိုက်ခြင်း ဖြစ်၍ ပို၍ လေးနက်လာသည်ဟု ခံစားမိ၏။ သို့သော် မူလအတိုင်း ကား မဖြစ်နိုင်တော့ပြီ။ ဖြစ်နိုင်သည်ဟု သူထင်လျှင်လည်း ထင်ပါစေတော့။ ပင်ပန်းလှပြီ။ ကိုယ့်ကိုယ် ကိုယ် ဘယ်လောက် ပင်ပန်းနေမှန်း မသိတော့အောင် ပင်ပန်းနေခြင်းမျိုး။
ရှေ့ဆက် ရမည့် ခရီးက ပို၍မလွယ်ကြောင်း သတိပြုမိလိုက်လေသည်။
အခန်း (၁၃)
ဖီးလစ်လန်းသည် ဇိမ်ခံမြင်းရထားကြီး၏ နောက်ခံကူရှင်ကို မှီလိုက်၏။ ရှုမျှော်မဆုံးသည့် သူ့ ပိုင်စား မြေတွေကို ကြည့်ပြီး ကြည်နူးနေသည်။ လူဝီစီးယားနားသို့ ရောက်ခဲ့သည်မှာ ၁၉ နှစ်မျှပင် ရှိခဲ့ပြီ။
တောတွေအားလုံး ရှင်းပြီးလို့ စိုက်ပျိုးခင်းတွေ ဖြစ်နေပြီ။ ၀က်သစ်ချမြိုင်ကို ခေတ်မီစွာ မွမ်းမံထား သည်။ သည်နယ်တစ်ခွင်တွင် ၀က်သစ်ချမြိုင်သည် အကြီးကျယ် အခမ်းနားဆုံးဖြစ်နေလေပြီ။ အလားတူပင် ၀က်သစ်ချမြိုင် ၏ သခင်မသည်လည်း အထင်ရှားဆုံး ဖြစ်လာလေ၏။ ဂျူးဒစ်ထက် ပိုပြီး ၀တ်နိုင် စားနိုင်သူ မရှိတော့ပေ။
ဒယ်လ်ရွိုင်းတွင် ဓားခုတ်ပညာရပ်ကို ပြင်သစ်ဆရာနှင့် ပထမဆုံး သင်နိုင်သူမှာ ၀က်သစ်ချမြိုင်၏ သားများဖြစ်သည်။ မြစ်ရိုးတစ်လျှောက်တွင် လူချမ်းသာတွေ ပေါလာသော်လည်း ဘုရင်ခံသစ်၏ ဘိသိက်သွန်းပွဲလို အခမ်းအနားမျိုးကို တက်ခွင့်ရသူ များများစားစား မရှိပေ။ ရွှေရောင်၊ ပိုးဖဲကတ္တီပါရောင် တဖိတ်ဖိတ်တောက်နေသည် ဇိမ်ခံရထားကြီးများကို အိစက်ညက်ညောစွာ စီးနိုင်သူမှာလည်း လက်ချိုးရေ တွက်လို့ ရနေသေးသည်။
အခမ်းအနားမှာ ကြည့်လို့ ကောင်းလှသည်။ အလံတွေ တလူလူ လွှင့်လျက်။ ပရိသတ် တစ်ဝက်ကျော်ကျော် မှာ စပိန်စကား မတတ်ကြ၍ ဘာတွေပြောပြီး ဘာတွေလုပ်နေကြမှန်း မသိကြ။
ဂျူးဒစ် က ပထမပိုင်းတွင် သားတွေကို စပိန်စာသင်ပေးမည် ကြံသေးသည်။ သည်ဒေသတွင် အခြေချနေ ထိုင်မိမှတော့ ဘာသာ သုံးမျိုးစလုံး တတ်ထားသင့်သည် မဟုတ်လား။ သို့သော် အင်္ဂလိပ်စာ တစ်မျိုးတည်း ကိုတောင် ကောင်းကောင်းတတ်ဖို့ မလွယ်သည့် ဒေသဖြစ်၍ ဂျူးဒစ် လက်လျှော့ လိုက်ရသည်။ ပြင်သစ်စကားကိုတော့ အားလုံး ပြောတတ်နေကြပြီ။ ဒေးဗစ်ကဘုရားရှိခိုးကျောင်း တံခါးရွက်ကြီး တွင် စပိန်ဘာသာဖြင့် ရေးထားသည့် အမိန့်စာလောက်ကိုတော့ ဖတ်နိုင်နေပြီ။
ဘုရားရှိခိုးကျောင်းထဲတွင် ဘာတွေဖြစ်နေသည်ကို လူတွေ သိပ်မသိကြပေ။ ဘာသာရေးမှာ ဘာသာစကား အခက်အခဲကြောင့် ဇာတ်လမ်းရှုပ်လာသည်။ သည်တော့ အလိုက်အထိုက် ရောယိမ်းလိုက် ဘသား ယိမ်းလိုက်ဖြင့် ပြီးလိုက်ကြတော့၏။
ဂျူးဒစ် က သားတွေကို ဘာသာရေး ကိုင်းရှိုင်းတတ်အောင် ဂရုစိုက်ပေးသည်။ ဘုရားရှိခိုးနည်းကိုလည်း အသေး စိတ် သင်ပေးသည်။
" ခရစ်တော်သည် ကျွန်ုပ်ကို ကြင်နာသနားတော်မူသည်။
ကိုယ်တော်ကဲ့သို့ မေတ္တာတရားကြီးမားသူသည် လောက၌ မရှိပြီ "
ညီအစ်ကိုနှစ်ယောက် တာဝန်ကျေပွန်စွာ လိုက်ဆိုကြသည်။ ပြီးတော့ တာဝန်ကျေပွန် စွာ မေ့ပစ်လိုက်ကြ၏။
ဖီးလစ် က အပြန်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်လာသည့် ဇနီးချောကို ကြည့်ပြီး ပြုံးသည်။ ပန်းနုရောင် ငှက်မွေး ဦးထုပ်နှင့် ပိုးနုဝတ်စုံမှာ လိုက်ဖက်လှသည်။
" ကိုယ့်မိန်းမက အဲဒီဝတ်စုံနဲ့ ပိုလှနေတယ် "
" ကျေးဇူးတင်ပါတယ် အစ်ကို၊ ဂျာဗာစီက ပြောတယ်၊ နောက်ဆို ဒီလို အ၀တ်အစားမျိုးတွေ ၀တ်ရတော့ မှာ မဟုတ်ဘူး တဲ့ "
" ဘာပြုလို့ .... "
" ဘာပြုလို့လဲဆိုတော့ ပြင်သစ်နိုင်ငံမှာ ဘုရင်စနစ် ဖျက်သိမ်းတော့မှာမို့ စနစ်တွေအားလုံး ပြောင်း ပစ်တော့မယ် တဲ့။ အ၀တ်အစားကအစ ပြောင်းမယ်ဆိုပဲ။ ခုမှ ပါရီက ရောက်လာတဲ့ အင်္ကျီပုံဆန်းတစ်ခု သူ့ ညီမ လာပို့တယ်။ သိပ်လှတာပဲ အစ်ကို၊ အတွန့်တွေ သိပ်မပါတော့ဘူး၊ ရိုးရိုး စင်းစင်း ၀တ်ရုံရှည်ပဲ။ ဂရိပုံစံ တဲ့ "
ဂရိပုံစံ အင်္ကျီဆိုလျှင် ဂျူးဒစ် ပိုလှမည်ဟု ဖီးလစ် တွေးကြည့်နေ၏။ သူ့အသက် ၃၄ နှစ်ထဲ ၀င်လာပြီ။ ကလေး ၄ ယောက် မွေးပြီးပြီ။ သား ၃ ယောက်၊ သမီးတစ်ယောက်၊ ကလေးတွေက အားလုံး ထွားထွား ကျိုင်းကျိုင်းနှင့် အားရစရာတွေချည်း။ သူတို့အတွက် ဖီးလစ် ဂုဏ်ယူမဆုံးဖြစ် နေသည်။ အကြီးကောင်နှစ်ယောက်နှင့် ရော်ဂျာရှာရမီတို့က မြင်းကိုယ်စီဖြင့် ရထားကြီး နံဘေးမှ ကပ်လိုက် လာကြသည်။
သူတို့သုံးယောက်ကို ဖီးလစ် ငဲ့ကြည့်လိုက်၏။ ဒေးဗစ်က ၁၈ နှစ်သား။ ဖအေနှင့် ချွတ်စွပ်တူသည့် ဖအေ့ ကိုယ်ခွဲကလေး ဟု ဂျူးဒစ် မကြာခဏ ပြောတတ်သည်။ မိမိငယ်ငယ်က သည်မျှ လှပချော မောခဲ့သည်ဟု ဖီးလစ် လုံးဝမယုံကြည်။ ဒေးဗစ် ဆံပင်က ရွှေရောင်အတိ။ မျက်လုံးက ပကတိ အပြာရောင်၊ မျက်နှာအကျက ရောမသူရဲကောင်းများနှင့် မခြား။ အရပ်ကလည်း မြင့်လှသည်။ သူ့အမေနမ်းလျှင် ခြေဖျားထောက်ပြီး မမီမကမ်း နမ်းရသည်။
ခရစ္စတိုဖာက ဒေးဗစ်နှင့် ယှဉ်စီးလာသည်။ သူက စကားနည်းသည်။ မှုန်တေတေနှင့်။ အသားနည်းနည်းညိုသည်။ သူ့အဘိုး မတ်ရှာရမီရုပ်မျိုး။ ဂျူးဒစ်က ဖအေနှင့် လုံးဝမတူဘဲ သားကျမှ လာတူနေခြင်းအတွက် အံ့သြစရာဖြစ်နေသည်။
ခရစ္စတိုဖာက စကားပြောလျှင် နှိုင်းနှိုင်းဆဆ ပြောတတ်၏။ ယဉ်ကျေးမှု အစဉ်အလာကိုတော့ ဂရုစိုက်ချင်မှ စိုက်သည်။ စိုက်ပျိုးရေးကို သူ လုံးဝ ၀ါသနာမပါဘူးတဲ့လေ။ ဖီးလစ် အံ့သြမဆုံး ဖြစ်နေ၏။ ၀က်သစ်ချမြိုင်ကို ဒယ်လ်ရွိုင်းမှ ရှိရှိသမျှ လူငယ်တွေ သွားရည်ကျနေကြသည် မဟုတ်လား။
တတိယသားက သူ့အမေနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်လာသည်။ တရိပ်ရိပ်ကျန်ခဲ့သည့် စိုက်ခင်း တွေကို ငေးကြည့်နေ၏။ ၁၁ နှစ်သား ရှိပြီ။ သူ့နာမည်က ဖီးလစ်။
ဖီးလစ်က ဒီသားက အချစ်ဆုံး။ နာမည်တူ မှည့်မိလို့ များလားဟု စဉ်းစား မိသည်။ နှင်းဆီရောင်ပြေး နေသည့် ပါးရဲရဲကလေးနှင့် သားကို ကြည့်ပြီး ဖီးလစ် ကျောထဲစိမ့်သွားသည်။ ကံကြီး ၍ အမေ့ဗိုက် ထဲတွင် အသက်မသေဘဲ လူ့ဘ၀ရောက်လာသည့် သားကလေး။ သူကလေး မမွေးခင် ကျိတ်ပြီး ပူပန်ခဲ့ရသည့် ကာလများကို သွားသတိရမိသည်။ မိခင်လုပ်သူ၏ မိုက်မဲမှုကြောင့် ပုံပျက် ပန်းပျက် ကလေးများ မွေးလာလေမလားဆိုပြီး သောကပင်လယ်ဝေခဲ့ရသည်။ မွေးလာတော့ ကျန်းကျန်း မာ မာ လှလှပပ။ ဂျူးဒစ်က သူ့နာမည်ကို ယူပြီး ဖီးလစ်ငယ်ဟု မှည့်လိုက်သည်။ သည် အတွက် ဖီးလစ် ၀မ်းသာရသည်။ ပြောမထွက်လို့ မပြောဘဲနေရသော်လည်း မိမိနာမည်ကို သည်သား ကလေးအား ပေးချင်နေခဲ့သည် မဟုတ်လား။ ဖီးလစ်ငယ်ငယ်က ဒေးဗစ်လိုပင် ရွှေရောင်ဆံပင်နှင့်၊ မျက်လုံးပြာ နှင့် ဖြစ်၏။
မိုးပြာရောင်ဝတ်စုံနှင့် ကြည့်လို့မ၀နိုင်အောင် ချစ်စရာကောင်းလှသည်။ တငြိမ့်ငြိမ့်အိနေသည့် ထိုင်ခုံပေါ်မှ သူ့ အစ်ကိုကြီး ဒေးဗစ်နှင့် လှမ်းစကားပြောနေသည်။ ဖီးလစ်ငယ်၏ အသည်းစွဲမှာ ဒေး ဗစ်ဖြစ် ၏။ ဒေးဗစ်က နှင်တံကို လေထဲတွင် ဝေ့ပြပြီး -
" မနက်ဖြန် ငါနဲ့ ရော်ဂျာ ငါးမျှားထွက်မလို့ကွ အငယ်ရ "
" အငယ် အတွက် ကန်ထဲထည့်ဖို့ ငါးလေးတွေ ယူလာပေးနော် အစ်ကိုကြီး "
" အေး အေး၊ မင်း ကန်ကို သေသေချာချာ ဆေးထားနော်၊ ရေညှိတွေနဲ့ ညစ်ပတ်နေတာပဲ "
" ဟုတ်ကဲ့ အစ်ကိုကြီး၊ ဒီနေ့ပဲ အငယ် ဆေးလိုက်ပါ့မယ် "
" အငယ် ငြိမ်ငြိမ်လေး ထိုင်စမ်းပါ သားရယ်၊ အိမ်ရောက်မှပြောလည်း ရတာပဲဟာ "
" ဟုတ်ကဲ့ မေမေ၊ မေမေ့အိမ်စေတွေကို ပြောထားပေးပါ၊ အငယ့်ငါးတွေကို ဘယ်သူမှ မနှောင့် ယှက်ရဘူးလို့ "
" အေး အေး၊ ငြိမ်ငြိမ်ထိုင်လိုက်ရင် ပြောပေးမယ် "
" ဗိုက်ဆာတယ် မေမေ၊ ညစာ ဘာနဲ့ စားရမှာလဲဟင် "
" ငါးဟင်း ရယ်၊ နို့ခဲ ရယ်၊ ဒါပေမဲ့ ထမင်းကို အရင်စားရမယ်နော် "
ဖီးလစ် က သားကိုကြည့်ပြီး ပြုံးနေသည်။ ဖီးလစ်ငယ်က သူ့ကို ပြန်ပြီး ပြုံးပြသည်။ အမေကို နွဲ့ဆိုး ဆိုး တတ်သော်လည်း ပြောလျှင်တော့ နားထောင်သည်။
" သမီးကော ငါးဟင်းစားရမှာလားဟင် "
ရီတာ က ခြောက်နှစ်သမီး၊ ဘိသိက်ပွဲကို ခေါ်သွားဖို့ ငယ်သေးသည်ဟု ဂျူးဒစ်က တားသော်လည်း ဖီးလစ် က စစ်ရေးပြအခမ်းအနားကို သဘောကျမှာပါဟု ဆိုပြီး ခေါ်လာခြင်းဖြစ်သည်။
" စားရမှာပေါ့ သမီးရဲ့၊ သမီး မေမေ့ပြောစကား နားထောင်ရင် စားရမှာပေါ့" ဟု ဖီးလစ်က ၀င်ပြော သည်။ သမီးငယ်ကို ပေါင်ပေါ်ယူတင်လိုက်၏။ ရီတာကလေးမှာ အလွန်သွက်လက်ရွှင်ပျသည့် ကလေးဖြစ်သည်။ လည်ကုပ်ပေါ် တွင် နက်မှောင်နေသည့် ဆံပင်ခွေကလေးတွေ တွဲရရွှဲနှင့်။
" သမီး ဧည့်သည်ဝိုင်းထဲကို ၀င်ရမလား "
" ၀င်ရမှာပေါ့ သမီးရဲ့ "
ဂျူးဒစ်က လင်တော်မောင်ကို ဖျတ်ခနဲ လှမ်းကြည့်သည်။ ဘုရင်ခံ ဘိသိက်ပွဲအထိမ်းအမှတ်အဖြစ် ၀က်သစ်ချမြိုင် တွင် ညစာ စားပွဲကျင်းပဖို့ စီစဉ်ထားသည်။ ညစာဝိုင်းဝင်ဖို့ ရီတာကလေးက ငယ်လွန်း သည်။ သို့သော် ဖီးလစ်က သူ့သမီးကို အလိုလိုက်လွန်းသည်။ မိန်းကလေးမွေးသည် ဆို ကတည်းက သူ ရူးနေပြီ။ ရီတာ ကို တောက်လျှောက် သူ ဖျက်ဆီးခဲ့သည်။
ရီတာ မွေးကတည်းက ပြဿနာဖြစ်ခဲ့ရ၏။ ဂျူးဒစ်က စပိန်နာမည် မပေးလို။ စပိန်ဆန်သွားလျှင် ဘုရား မှန်း တရားမှန်းမသိ ဖြစ်သွားမှာစိုးသည်။ ဖီးလစ်က "မင့်သားတွေကကော ဘယ်လောက် ဘုရားမှန်း တရားမှန်း သိလို့လဲ "ဟု ကန့်ကွက်စကားဆိုပြီး "ရီတာ" ဟူသည့်နာမည်ကို အတည်ယူ လိုက်သည်။ ဂျူးဒစ် က "ကောင်းပြီလေ၊ ရှင့်သမီး ကြီးလာလို့ စပိန်နဲ့ ညားသွားရင် ကျွန်မအပြစ် မဟုတ်ဘူး" ဟု ပြောပြီး လက်ခံလိုက်ရ၏။
ဖီးလစ်က သူ့သမီး ဘယ်သူ့ယူယူ ကြိုက်တာယူပစေဟု ဆိုသည်။ မြေဧက ၉၀၊ ကျွန်ခုနစ်ယောက် နှင့် သားသမီး များ၏ ပညာရေး ရန်ပုံငွေတွေပါ အမွေရမည့် မိန်းကလေးတစ်ယောက် အဖို့ ယောက်ျား ကို ခေါင်းခေါက်ရွေးယူနိုင်သည်ဟု ဖီးလစ် ယုံကြည်ထားသည်။
ရာသီဥတု က ပူလှသည်။ ဒါတောင် မနက်က မိုးရွာချထားသေးသည်။ ထို့ကြောင့် လမ်းတစ်လျှောက် ဖုန်မထ ဘဲ သန့်သန့်ရှင်းရှင်း ဖြစ်နေ၏။ ကမ်းနားတစ်လျှောက် ဖြတ်မောင်းလာ ကြ၏။ ဆိပ်ကမ်း ရပ်ကွက်နား အရောက် ဂျူးဒစ်နံဘေးမှ ဖွင့်ထား သည့် ပြတင်းပေါက် တွင် ကောင် လေး တစ်ယောက် ခိုတက်လာပြီး ဈေးရောင်းတော့သည်။
ဆက်ရန်
.

1 comment:
ဘုရား..ဘုရား..မဟုတ်မှလွဲရော....။
Post a Comment