ထိုနေ့မှစသော နှစ်ဦးသဘောတူ အချစ်ဖလှယ်ပွဲကြီးမှာ တစ်ပတ်တိတိ အလုပ်ခွင့်ယူရသည် အထိ ပင် ဖြစ်ခဲ့ကြလေသည်။ ကို ဆက်ဖတ်ရန်...
ပန်းသတင်း လေညင်းဆောင်လို့ လူသတင်းလူချင်းဆောင်ခဲ့သည်။ အသန်းအပေါ် တစ်ဖတ်သတ် ဖြစ်နေကြသူ စူတြာနှင့် ဂျာကတို့၏ မနာလိုမှုမှတစ်ဆင့် ကာရိုး သိသွားခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ မိတ်ဆွေ အစစ် ကျေးဇူးရှင် ဟု သတ်မှတ်ခြင်း ခံထားရသူတွေဟာ တစ်သက်တာ အတိုက်အခံဖြစ်ခဲ့သူ တွေ ထက်ပင် ဆိုးတတ်ကြ၏။ ဒီနာနှင့် ကာရိုးဟာ ငယ်ပေါင်းကြီးဖော် ညီအစ်မများသဖွယ် နေလာခဲ့ သူတွေပါ။ ကာရိုး၏ ကျေးဇူးတွေက ဒီနာ့အပေါ်တွင် ဆပ်၍မကုန်နိုင်။ ကာရိုးကြောင့် ဒီနာ့မိသားစု အတွက် အပူကင်းခဲ့ရသည် မဟုတ်လော။ ဒီနာ ၀င်ငွေနည်းသော လများတွင်ပင် ကာရိုးက ကူညီပေးခဲ့ သည်ကိုး။ ဤမျှလောက် ကောင်းခဲ့သူ၊ သွေးရင်းတမျှ မေတ္တာထားပြီး သံယောဇဉ် ကြီးခဲ့သည့် ထိုသူက ဒီနာ့ ဘ၀တစ်ခုလုံး ကို ပန်းကန်လုံးထဲက အန်စာတုံးကလေးလို ဖြစ်စေခဲ့၏။ လူတကာ ကစားစရာ အလှိမ့်ခံ ဘ၀ သို့ ရောက်စေခဲ့သည်ဆိုက ယုံနိုင်ဖွယ်ရှိမည်မဟုတ်။
ကာရိုးစိတ်တွေ ဘာကြောင့် ပြောင်းလဲခဲ့သနည်း သေချာသည်ကတော့ အသန်းနှင့် ဒီနာ့အကြောင်းကို သိပြီးချိန်မှ စလို့ ကာရိုးစိတ်တွေ ပြောင်း လဲခဲ့သည်။ ဒီနာ့အပေါ် အမြင်မကြည်တော့ပေ။ အသန်းနှင့် ချစ်သူ တို့ ဘာသာဘာဝ ပလီပလာနေ မိလျှင်ပင် မချိုမချဉ်နှင့် စေ့စေ့ကြီး ကြည့်နေတတ်သည်။ ကြာလာသည် နှင့် အမျှ အလုပ်ကိစ္စအ တွက်ပင်အခေါ်အပြောမလုပ်တော့။ ဒီနာကို အလုပ်မှ ထုပ်ပယ် ခံရဖို့ အထိ ကြိုးစားလေသတဲ့။ စူတြာနှင့် ဂျကာတို့ထံမှ ပြန်ကြားရသည်ပါ။ စူတြာနှင့် ဂျကာတို့ကလည်း ကာရိုး ကိုကြည့်မှ မရလေဘဲကိုး။ ဒါကလည်း သူဌေးနှင့် လက်ပွန်းတတီး ရှိနေခြင်းကြောင့် ဖြစ်ပေ လိမ့်မည်။ ကာရိုးကလည်း စူတြာတို့နှင့် ပတ်သက်လာလျှင် အကြောမခံ၊ တင်စီးတတ်လွန်းသည်။ သူဌေး အငှား မယားပဲ။ ဒီလောက်းတော့ ရှိလေမပေါ့။ ကိုယ်ထက်သာ မနာလိုစိတ်က မိန်းမသားတွေမှာ အများ ဆုံး ရှိတတ်သည် မဟုတ်လော။
အချစ်ကြောင့် မနာလိုမှု၊ အမြင်မကြည်လင်မှုတွေ များလာသည့် ကာရိုးအတွက် အကွက်ဝင်လေပြီ၊ ဒါကလည်းဒီနာ့အမှားကြောင့်ဟုသာ ဆိုရပေမည်။ ချောက်ကမ်းပါးနှင့် တည့်နေ သောလမ်းကိုမှ ရွေးခဲ့ မိသည်ကိုး။ အသန်းနှင့်အတူ ဆိတ်ငြိမ်သော မဟူရာညများအတွင် ကလူကျီ စယ်ခဲ့ကြသည်။ ညမွှေးပန်း လေးလို ခြေခူးစေလို၍ ညှင်းသက်သက်ရနံ့တွေ ဆွတ်ခဲ့မိသည်။ သင်းပျံ့ပျံ့ပန်းနေ့ကို မကြိုက်သည့်သူ အဘယ်မှာ ရှိမည်နည်း။ အသန်းနှင့် ဒီနာတို့ အကာအကွယ်မဲ့စွာ လွတ်လပ်မှုအပြည့်ဖြင့် တဏှာရနံ့အပေါ် ခုံမင်ခဲ့ကြရာက တစ်လကျော်ပြီ ဆိုသော် ကိုယ်ဝန်သည် ဘ၀သို့ ရောက်ခဲ့ရလေ၏။
သူဌေးနှင့် နေသည့် အချိန်များတွင် ပြည့်စုံသော ကာကွယ်မှုတွေ အသင့်ရှိခဲ့ပေုမယ် ချစ်ရသူ အသန်း အတွက်တော့ လွတ်လပ်မှုအပြည့်ဖြစ်ချင်တိုင်း ဖြစ်ခဲ့ကြသည်။
ကာရိုး ၏ သွေးထိုးမှုကြောင့် အသန်း၏ ဥပေက္ခာပြုခြင်းကို ခံခဲ့ရသည်။ သို့သော် မကြာလိုက် ပါ။ အသန်း စိတ်ပြောင်း သွားသည်။ ဘာကြောင့်ရယ်မသိပေမယ့် လက်ထပ်ပါ့မည်ဆို သောကတိကိုပေးလေ၏။ ဒါပေမဲ့ ထိုကထိကို အကောင်အထည်ဖ်ာဖို့ အချိန်သည်က ရောက်မလာ နိုင်ခဲ့ပေ။ ထိုသို့ ရောက် မလာ အောင် လုပ်ခဲ့သူမှာ ကာရိုးအပြင် မည်သူရှိဦး မည်နည်း။ သူဌေး၏ပေါက်ကွဲသံနှင့်အတူ အသန်း တစ်ယောက် မြန်မာပြည်မြန်မာအပို့ခံလိုက်သလို ရသလို ဒီနာခမျာလည်း မလေးရှားမြေမှာ ဗိုက်တစ်လုံး နှင့် ပုန်းခိုစရာ မဲ့ လုနီးနီး ဖြစ်ခဲ့သည်။
အသန်း နှင့်ဒီနာတို့ အဆက်အသွယ် ထပ်မရနိုင်အောင် ဒီနာ့ဖုန်းကတ်ကိုပင် ဖျက်စီးခဲ့သည်။ "ဘာကြောင့် ဒီလောက်တောင် ဖြစ်ရတာလဲ ကာရိုးရယ်"လို့ မေးလိုက်ချင်ပေမယ့် မမေးဖြစ်တော့ပါ။ ကာရိုး ဘယ်လောက်ပင် ရက်စက်ပါစေ။ ဒီနာကတော့ အမှတ်မထားရက် ကျေးဇူးတွေ ရှိခဲ့သည်ကိုး။ ဒီနာ တို့ လိုင်းခန်းမှာနေသည့် လင်မယားနှစ်ယောက်က ကလေးမွေးနိုင်ရန် စီစဉ်ပေးမည်။ ပြီးလျှင် တော့ ကလေး ကို ရောင်းပြီး သူတို့ကိုကောမရှင်ပေးရမတဲ့။ အိုးရက်စက်လိုက်တာ။ ဒီနာဘယ်လုပ် ရက်ပါ့မလဲ။ ဒီလို ရောင်းစားမည့်အစား ဖျက်ချလိုက်တာမှ တော်ပေဦးမည်။
သို့သော်လည်း ဒီနာဖြစ်ချင်သည့်အတိုင်း ဖြစ်လို့ကမလွယ်လှပေ။ ဒီနာ့မှာ အားကိုးစရာ အသန်းလည်း မရှိတော့။ သူဌေးကလည်း သူနှင့်မဆိုင်လေတော့ မျက်နှာလွှဲခဲပစ်ပြီပေါ့။ နောက် ဆုံးတော့် ခိုကိုးရာမဲ့ ဘ၀က လွတ်မြောက်ဖို့အရေးမို့ ထိုလင်မယားနှစ်ယောက်၏ အကြံပေးမှုကို သာလက်ခံခဲ့ရသည်။ သူတို့ အဆက်အသွယ် နှင့် ကွာလာလမ်ပူမြို့အပိုင် ကလန်းဘက်က သူဌေး မတစ်ဦးရောက်လာသည်။
"အစ်မတို့က ကလေးလိုချင်နေတာလေ မရနိုင်တော့လို့။ အစ်မတို့ ညီမရဲ့ကလေးကို ကိုယ့်ရဲ့ သွေးသား တစ်ယောက် လို မွေးမှာပါကွယ်။ ဒါကြောင့်လည်း မွေးစကတည်းက လိုချင်တာ ပေါ့။ ညီမအတွက်လည်း မနစ်နာ စေရပါဘူး။ကလေးမွေးပြီးတဲ့အထိ အစ်မတို့ အိမ်မှာပဲနေပေါ့။ အစ်မတို့ စောင့်ရှောက်ပေးမှာပါ။ လစာ လည်း ပေးမယ်။ ကလေးမွေးပြီးရင်လည်း ကလေးအတွက် ရင်းဂစ်ငါးထောင်ပေးပါ့မယ်"
သူဌေးမ ၏ စကားမှာ ဒီနာ့အတွက် နစ်နာစရာတစ်ခုမှ မရှိသလို မွေးလာမည့် ကလေး အတွက်လည်း ကောင်းရာ ကောင်းကြောင်း ဖြစ်မည့်အရေးမို့ ဝေးဝေးတွေးမနေတော့ဘဲ ချက်ချင်း ပင်လက်ခံလိုက် သည်။
ကလန်းရောက်တော့ ဒီနာ့ကို မိန်းမဖော် ခြောက်ဦးနှင့်အတူ တိုက်ခန်းတစ်ခုတွင် ထားခဲ့၏။ ထိုအခန်းသို့ ရောက်ရောက်ချင်း မှာပင် ဒီနာ့စိတ်တွေ လေးလာသည်။ အခန်းဖော်ခြောက်ဦးမှာလည်း ရောက်စမို့ ထင်သည်။ မေးထူးခေါ်ပြောပင် မလုပ်ကြ။ ဘယ်လိုကြီးပါလိမ့်။ ဒီနာ့ကို ပြောခဲ့သည့် စကားများနှင့်က တလွဲပေကိုး။ ဒါသူဌေးတွေနေသည့် အခန်းမှမဟုတ်တာ။ သူဌေးမအိမ်မှာ နေရမည် ဆိုပြီး ဘာကြောင့် မိန်းမဖော် ခြောက်ဦးနှင့် ထားခဲ့ရတာလဲ။ တွေးစရာပင် မဟုတ်လော။ အခန်းဖော် ခြောက်ဦးက စကား မပြော ကြပေမယ့် ဒီနာ့ကို စိုက်ကြည့်နေကြသည်။ သူတို့ မျက်ဝန်းများတွင် မနာလို စိတ်။ မလိုလားသည့် စိတ် လုံးဝမပေါ်။ သူတို့ကိုယ်္ပပင် အားငယ်နေကြသည့်အလား။ တစ်ခါ ဒီနာ အတွက် ကရုဏာရသတွေ ပို့လွှတ် နေသည့်နှယ် ဝေခွဲရခက်လှသည်။
ဒီနာလည်း သူမအတွက် ပေးထာသည့် ခုတင်တွင် ထိုင်နေလိုက်သည်။ ဒီနာ ရောက်သည့်အချိန်မှာ ညရှစ်နာရီ ကျော်လေပြီ။ ညစာထမင်းစားတော့ ဒီနာ့ကို လာခေါ်ကြသည်။ ဒီနာ့က လမ်းတွင်သူဌေးမ နှင့် စားခဲ့ပြီ မို့ မစားနိုင်သောကြောင့် ငြင်းဆိုလိုက်၍ သူတို့ ခြောက်ဦးသာ စားကြလေ၏။ နယ်မြေ အသစ်မှာ အေးတိ အေးစက် လူသစ်တွေနှင့် တွေ့နေရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလှသည်။ ဒီနာ့ ရင်ထဲ အလွမ်းစိတ် ပင် တက်လာခဲ့သည်။ ပထမဦးဆုံး လွမ်းရသူက အသန်းပေါ့။ ပြီးတော့ အမေနှင့် ညီမလေး။ သည့်နောက် မှာတော့ ကာရိုးတို့နှင့် နေခဲ့ရသော ကော်ဖီခြံအလုပ်သမဘ၀ စုံလို့ပါပဲ။ ဘယ်အရာကို အတိအကျ လွမ်းသည်ကို မသိပေမယ့် သေချာသည်က လွမ်းနေခြင်းပင် ဖြစ်သည်။
"သူငယ်ချင်း"
ဒီနာ အံ့သြသွားသည်။ ဟိုခြောက်ယောက် ထမင်းစားပြီး မနေနိုင်တော့၍ ထင်သည်။ ဒီနာ့ ခုတင်နား ရောက် လာကြသည်။
"မင်းဘယ်က လာတာလဲ"
ခုနက ခေါ်လိုက်သည့် မိန်းကလေးပင် ထပ်မေး၏။
"အင်ဒိုနီးရှား ကပါ"
"ဟင် ... တို့လည်း အင်ဒိုပဲ"
ထိုမိန်းကလေးရုတ်တရက် ၀မ်းသာသွားသည်။ ပြီးနောက် သူမမျက်နှာ ပျက်သွားပြန်၏။ သူမကပင် ဆက်ပြောလေသည်။
"ကဲပါ ... ဘာပဲဖြစ်ဖြစ် တို့တစ်တွေက ဘ၀တူတွေ ဖြစ်သွားကြပြီဆိုတော့ ဆိုးတူကောင်းဖက်ပေါ့။ မင်းကို အားလုံး နဲ့ မိတ်ဆက်ပေးမယ်။ သူက "အာ့ဝီ"၊ သူက "အားဖို့" သူက "အ၀ှား"၊ သူက "အာ့ထို" တဲ့။ သူတို့ လေးယောက်က ဗီယက်နမ်သူတွေ။ နောက်တစ်ယောက်ကတော့ "အာ့ချွင်" ဖီလစ်ပိုင်သူပေါ့။ ငါ့နာမည်က "မိုသီယာ" သီယာလို့ပဲ ခေါ်ပေါ့။ သူတို့ နာမည်တွေကိုတော့ ထုံးစံ အတိုင်း အတိုသာမှတ်ပါ။ အရှည်က ခေါ်ရ ခက်တယ်။ သူတို့နဲ့ စကားပြောရင်တော့ မာလာယုနဲ့ အင်္ဂလိပ်လိုညှပ်ပြောပေါ့"
"ဒါနဲ့ သီယာ တို့က ဒီမှာ ဘာလုပ်ရတာလဲ။ ကျွန်မကော ဘာလုပ်ရမှာလဲ"
ဒီနာ့အမေးကို သီယာ ချက်ချင်း မပြန်နိုင်။ ပြတင်းပေါက်မဲ့နေသော အုတ်နံရံတွေကို ကြည့်ရင်း မျက်ဝန်းမှ အရည်ကြည် ကလေးတွေ ဝေ့လည်လည် ဖြစ်လာသည်။ မျက်တောင်ကလေး ပုတ်ခတ်ပြီး ထွက်လုဆဲဆဲ မျက်ရည် များကို ပြန်သိမ်းလိုက်၏။ ပြီးနောက် ဒီနာ့ကို စေ့စေ့ကြည့်ကာ ...
"မနက်ကျတော့ သိရမှာပေါ့။ အိပ်တော့နော်"
ဒီနာ ဘာမှပြန်မပေးတော့ပါ။ သီယာက သူမခုတင်ဘေက် ပြန်သွားသည်။ အခြား သူငယ်ချင်းတွေ ကလည်း နှုတ်ဆက်ပြီး သူတို့၏ ခုတင်များဆီသို့ ပြန်သွားကြသည်။ ထိုနေ့ည ခန်းမကျယ်ကြီးထဲတွင် ခုတင် ခုနစ်လုံး နှင့် အမျိုးသမီးခုနစ်ဦး။ ကျန်ခြောက်ဦးမှာ မည်သို့ရှိမည် မသိပေမယ့် ဒီနာကတော့ အလွမ်း သင့်သင့် စခန်းမည်သို့ လွှင့်ရမည်ကို တွေးရင်း မိုးလင်းလုနီးနီး ဖြစ်ခဲ့ရလေသည်။
အသံလုံ အိပ်ခန်း တစ်ခုအတွင်းမှ အမျိုးသမီးငယ်တစ်ဦး၏ အော်မြည်သံ။ အလိုမတူသူ အမျိုးသမီးငယ် အား စိတ်ရှိလက်ရှိ စော်ကားနေသော အမျိုးသားတစ်ဦး၏ ကာမတဏှာအောက်မှ ရမ္မက်ဒေါသ အသံ တို့မှာ နံရံများပင် ကွဲထွက်သွားတော့မည်အလား။
"ကျွန်မ ကို လွှတ်ပေးပါ အစ်ကိုရယ်။ တောင်းပန်ပါတယ်။ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ။ ကျွန်မ မိန်းမ ပျက် မဟုတ်ပါဘူး။ ရိုးရိုးသားသား လုပ်စားဖို့ လာတာပါ။ အမေရ ... ကယ်ပါဦး"
"ဘာကို လွှတ်ရမှာလဲ။ ပိုက်ဆံပေးထားတာကွ"
"အမေရ ကယ်ပါဦး၊ အမေ ... အမေ ... အမေ ... အား"
ဒီနာ တောင်းပန်ရလွန်းလို့ မောဟိုက်လာသည်။ မအော်တော့ပါ။ သူမ လုံးဝကိုအော်ချင်စိတ် မရှိတော့ ပါ။ ထူးမှာမှ မဟုတ်ဘဲ။ စိတ်ရှိလက်ရှိသာ ပြုကျင့်ပါတော့လို့ ခံယူပြီး ငြိမ်နေလိုက်တော့သည်။ ဒီလိုမှ ငြိမ်မနေဘဲ ဆက်အော်နေလျှင်လည်း ဒီနာ့ပါးတွေက ရစရာပင် ရှိတော့မည်မဟုတ်။ ဒီနာ ငြိမ်နေလိုက် သည့် တစ်ခဏ အလိုရမ္မက် ပြည့်စုံသွားသည့် တဏှာရူးက သူ့ဆန္ဒအတိုင်း လုပ်ချင်ရာလုပ်ပြီး လှည့်မကြည့် တော့ပေ။ အစော်ကားခံရလွန်းလို့၊ ငိုရလွန်းလို့၊ အရိုက် ခံရလွန်းလို့ ဒိနာ့တစ်ကိုယ်လုံး ကိုက်ခဲ နေသလို မျက်နှာတစ်ခုလုံးလည်း ရောင်ကိုင်းနေလေပြီ။
"ဒီနာ"
ခေါ်သံကြားလိုက်ရ၍ မိမွေးတိုင်း ဖြစ်နေသည်ကို အိပ်ရာခင်းနှင့် ကမန်းကတမ်း ဖုံးလိုက်သည်။ အသံရှင် ကို ကြည့်လိုက်တော့ သီယာပါ။ သူမ တည်တည်ငြိမ်ငြိမ်နှင့်ပင် လျှောက်လာသည်။
"ရှက်မနေပါ နဲ့ ဒီနာရယ်။ တို့က ခံရပေါင်းထပ်နေပြီ။ မနေ့ညက မင်းမေးတာကို ဘာလို့ မဖြေခဲ့သလဲ ဆိုတာ သိလောက်ပြီပေါ့"
"အင်း"
ဒီနာ တိုးညင်းစွာ ထောက်ခံလိုက်မိသည်။ မနေ့ညက မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့၍ နံနက်ကိုးနာရီနီးနီးမှ နိုးတော့သည်။ ဒါတောင် သီယာက နှိုးလို့ပါ။ ရေမိုးချိုး၊ အ၀တ်အစားလဲ အဆာပြေစားပြီး အလုပ်မရှိ၍ အခန်းဖော်တွေနှင့်အတူ အလုပ်မရှိ၍ အခန်းဖော်တွေနှင့်အတူ တီဗီကြည့်နေလိုက်သည်။ ဖိလစ်ပိုင် သူလေး ကိုတော့ မတွေ့ရပေ။ ခဏနေတော့ သီယာပါထွက်သွားသည်။ ဆယ့်တစ်နာရီလောက်မှာ သူဌေးမရောက်လာပြီး ဒီနာကိုခေါ်၍ လိုက်ခဲ့ရသည်။ ဒီနာတို့ အပေါ်ထပ်ရှိ နှစ်ယောက်အိပ်ခန်း အတွင်း သို့ ရောက်လေသော် တဏှာအခိုးတွေ ပြည့်နှက်နေသော မျက်လုံးတစ်စုံနှင့် ငမည်းတစ်ကောင် ၏ လက်အောက် တွင် ဟေတီငလျင် လှုပ်ခဲ့ရသည်။
သီယာက ရေပတ်သုတ်ပြီး ဆေးလိမ်းပေးရှာသည်။ ပြီးတော့ ဒီနာရောက်လာခဲ့ပုံတွေကို မေးလို့ ပြည့်စုံစွာပင် ပြောပြလိုက်မိသည်။ ဘ၀တူချင်း ကြင်နာတတ်သည့် သီယည့အပေါ်တွင် အမေလို အစ်မလို ခင်တွယ် လိုက်မိသည်။
ဒီနာတို့နေသော အခန်းမှာ အချိန်ပြည့် သော့ခတ်ထားခြင်း ခံရသလို အိပ်ခန်းနှင့် သူဌေးမအတွက် ငွေရှာပေးရသော အခန်းမှအစ ပြတင်းပေါက်ဟူ၍ စိုးစဉ်းမျှမရှိ။ ဒီနာတို့လိုပဲ အခြားအခန်းတွေလည်း ရှိသတဲ့။ သီယာပြောပြလို့ သိရတာပါ။ သီယာတောင် တံခါးစောင့် ကုလားကို ညုပြီးမေးလို့ သိရသည် ဆိုပဲ။
ဒီနာတို့အဖွဲ့ကို စစ်ဆေးဖို့အတွက် ဆရာဝန်တစ်ယောက် ငှားထားသည် ထင်ပါရဲ့။ တစ်ပတ်နှစ်ကြိမ် ပုံမှန်ဆေးစစ်ခံရသည်။ ထိုဆရာဝန်ကလည်း စစ်ချင်တာစစ်ပြီး လုပ်ချင်သလိုလို လုပ်သွားတတ်စမြဲ ပင်။ ကိုယ်ဝန် နေ့စေ့ နေတာတောင် ဆရာဝန်စနက်က မလွတ်။ မွေးပြီးမှသာ လွတ်လွတ်လပ်လပ် နားရ တော့သည်။ ဒါတောင် ဆရာဝန်လာသည့် ရက်များဆို ကလိတိတိ ခံရသေး၏။
သီယာနှင့် အခြားသူငယ်ချင်းတွေက ကောင်းကြပါသည်။ သူတို့ဒုက္ခနှင့် သူတို့ခံနေရသည်တွင်ပင် မီးနေသည်မလေးမို့ ပိုပိုသာသာလေး ဖေးမကြရှာသည်။ သား မှန်း သမီးမှန်း မသိလိုက်ရသော ရင်သွေးလေးအတွက် ယူကျုံးမရဖြစ်နေရသည့်အထဲ သူဌေးမက ရောက်လာတိုင်း မြန်မြန် ကျန်းမာ အောင်လုပ်" ဆိုလို့ လင်သေဘီလူးမရုပ်နှင့် ထိုသူဌေးမကို တစ်စစီ ဖြဲ ခွဲချင်မိသည်။ သို့သော်လည်း မဖြစ်နိုင်၊ သူ့ကိုလုပ်ဖို့ နေနေသာသာ လူ့ဘီလူးသုံးကောင်က သူတို့မယားကို လက်ဖျားနှင့်ပင် အထိခံမည့်ပုံ မပေါ်။ ဒီနာ့အရေးကို ကြည့်ပြီး သောကတွေပွေနေသူက ကိုယ်ဝန်သုံးလနှင့် ဗီယက်နမ်မလေး "အဝှား"။
"ဒီနာ အများကြီးတွေးမနေနဲ့၊ မင်းကမှ တစ်ယောက်တည်းရှိသေးတာ။ ငါဆို နှစ်ယောက်တောင်ရှိပြီ၊ အခု နောက်တစ်ယောက်အတွက်တောင် ဗိုက်က ခပ်လှုပ်လှုပ်ရယ်။ ငါလည်း ခံစားရတာပေါ့ဟယ်၊ ကိုယ့်ဟာ ကိုယ်တောင် သတ်သေချင်တယ်။ မလုပ်သင့်လို့၊ အချိန်တန်တော့ အမှန်တရားဆိုတာ ပေါ်ပေါက် လာမှာပါဟာ၊ ငါတို့ကလေးတွေ နယ်စပ်မှာ ကလေးမြေမနင်းသားမဖြစ်ဘဲ ကောင်းတဲ့သူတွေ ရဲ့ မွေးစားခြင်း ခံရပါစေလို့သာ ဆုတောင်းပေးကြတာပေါ့"
"ဟင်... ဘယ်လို"
သီယာ့ စကားကိုကြားရ၍ ကြက်သီးမွေးညင်းပင် ထသွား၏။ ဒီနာ အလန့်တကြားပြန်မေးလိုက်မိသည်။ ပြီးနောက် သီယာက ပြန်ရှင်းပြသည်။
"ဒီလိုဟာ တစ်နေ့က ငါတံခါးစောင့်ကို မေးကြယ့်တယ်၊ ငါတို့ရဲ့ကလေးတွေ ဘယ်သူတွေဆီရောက်နေ တယ် ဆိုတာ ပြန်စုံစမ်းလို့ ရလိုရငြားပေါ့၊ သူက မရနိုင်ဘူးတဲ့၊ ကလေးတွေကို နယ်စပ်က စားသောက် ဆိုင်တွေကိုပို့တယ်လို့ သတင်းသဲ့သဲ့ ကြားသတဲ့။ အတိအကျတော့ မဟုတ်ဘူးတဲ့၊ မွေးစားဖို့ ဝယ်တာ တွေလည်း ရှိတယ်၊ ကလေးတစ်ယောက်ကို ရင်းဂစ် တစ်သောင်းခွဲကျော်လောက် ရတယ်လို့လည်း ပြောတယ်။ သူလည်း အတိအကျတော့ မသိဘူးတဲ့။ သေချာတာကတော့ ရောင်းလိုက်တာပါပဲတဲ့"
သီဟာ့ စကားကြောင့် နားထောင်နေကြသူအားလုံး ပစ်လဲမတတ် ခံစားလိုက်ကြရသည်။ အဆိုးဆုံးက တော့ လတ်တလော ခံစားနေရသူ ဒီနာပေါ့။ နောက်တစ်ယောက်က မကြာခင် ဖြစ်လာတော့မည် "အဝှား"ပင်ဖြစ်သည်။

၅
ညနေဆည်းဆာ တိမ်ကင်းစင်သော ကောင်းကင်ပြင်။ ဝင်လုဆဲဆဲ အပူလျော့ အလင်းဖျော့ နီကျင်ကျင် နေလုံးကြီး မှာ မိုးကုပ်စက်ဝိုင်းအတွင်း ခြေဆင်းနေလေပြီ။ ကမ်းစပ်တွင် ကျီစယ်နေသောလှိုင်းကြက်ခွပ် ကလးများ၊ လေညင်းသွဲ့သွဲ့တွင် လူးလွင့်ကာ ယိမ်းနွဲ့ကနေသော ဓနိပင်တန်းနှင့် အင်ဒိုနီးရှား ပိုလာ ဘာလီကျွန်း ၏ကျောက်စွယ်များအကြား ဆံတလူလူ၊ ဇာတခတ်ခတ်နှင့် သီယာဆိုသော မိန်းမပျိုတစ်ဦး အလ္လာဟ်လျှင်မြတ်ထံတွင် ဆုတောင်းနေ၏။
ထို့အတူ ဖိလစ်ပိုင်ကျွန်းစုတစ်နေရာတွင် အာချွင့်တစ်ယောက် ဘုရားသခင်ထံမှောက်၌ ကောင်းချီးပေး ပါတော့ဟု ရွတ်ဆိုနေသလို၊ ဗီယက်နမ်နိုင်ငံ၏လယ်ကွင်းပြင်များ ခင်းကျင်းထားသော စပါးတောတစ် နေရာ၌လည်း အာ့ဝီ၊ အားဖို့၊ အဝှားနှင့် အာ့ထိုဆိုသော အမျိုးသမီးလေးဦးမှာ မြတ်ဗုဒ္ဓ၏တရားရိပ်ဝယ် မေတ္တာတော် ဖြန့်ကြက်လို့။
သူတို့တစ်တွေအားလုံးဘာသာမတူကြပေမယ့် သန်ရာသန်ရာ ဘာဝနာမှတစ်ဆင့် ဒီနာဆိုသော မိန်းက လေးအတွက် ဟူသည့်အချက်မှာ တစ်ထပ်တည်းရှိကြလေ၏။ သူတို့လိုပင် အခြားသူများလည်း ရှိနေ ကြမည်မှာ မတ်လ ၁၃ ရက်နေ့ရောက်တိုင်းသာတည်း။
ထိုနေ့က အခန်းထဲတွင် မီးဖွားပြီးစ ဒီနာတစ်ယေယာက်တည်းသာ ကျန်ခဲု့သည်။ ကျန်သူတွေအားလုံး ကိုယ်စီကိုယ်စီ ကာမဒုက္ခများကို သွားရောက်ခံစားနေကြရသည်။ ဒီနာစဉ်းစားနေ၏။ ဘာလုပ်ရရင် ကောင်းမလဲပေါ့။ ဒီလိုမွန်းကျပ်နေသော ဒုက္ခကြားမှာ ခံစားနေရမည့်အစား လွတ်လပ်မှုအတွက် တစ်ခု ခုတော့ ရင်းနှီးရပေမည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းက မလုပ်သင့်၊ သို့ပေမယ့် ကိုယ့်အသက်ကို စတေးမှုကြောင့် အခြားသူတွေ လွတ်မြောက်ရမည်ဆိုလျှင် ဒါဟာ ဘုရားမကြိုက်သည့် အလုပ်တော့ မဖြစ်နိုင်။ ဒီအချိန်မှာ ဒီနာ့ဘက်က ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို ချနိုင်ဖို့ လိုလေပြီ။ အကယ်၍ များ အခန်းဖော် တွေရောက်လာလျှင် ပျက်စီးရာ ပျက်စီးကြောင်းတွေ ဖြစ်လာနိုင်၏။ ဒီနာ အကြံရသွား ပြီး တစ်ခုခု လုပ်ဖို့ စီစဉ်တော့သည်။
ပထမဦးဆုံး သူမ ခုတင်ပေါ်သို့ ထမင်းစားပွဲကို မနိုင့်တနိုင်နှင့် တင်လိုက်သည်။ ပြီးတော့ စားပွဲပေါ်ကို ကုလားထိုင်တစ်လုံး တင်လိုက်ပြန်သည်။ သည့်နောက်မှာတော့ ကတ်ကြေးတစ်လက်ကိုင်ပြီး ရှိစုမဲ့စု အားကို အကုန်စိုက်ထုတ်လို့ ကုလားထိုင်ပေါ်ရောက်အောင် တက်လိုက်သည်။ အပေါ်ရောက်တော့ မျက်နှာကြက် ကျောက်ပြား ကို ကတ်ကြေးနှင့် ထိုးဖောက်လေ၏။ အတန်ကြာမျှ အားစိုက်ပြီးသော် မျက် နှာကြက် ကျောက်ပြား တစ်ချပ်ကုန်သွားသည်။
လူတစ်ကိုယ်စာ ကောင်းကောင်းဝင်နိုင်သော ထိုအ ပေါက်မှ မျက်နှာကြက်အတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် အုတ်ကြွေအမိုးပြားကို တစ်ချပ်ချင်းရ အောင် ဖြုတ်ပြီး ခေါင်မိုးပေါ်တက်လိုက်သည်။ ခေါင်မိုးပေါ်ရောက်တော့ ရှစ်လနီးနီးမျှ မမြင်ခဲ့ရသော ညနေခင်း၏ ပုစွန်ဆီရောင် နေခြည်အောက်တွင် လွတ်လပ်ခြင်း ပန်းတိုင် ကို လှမ်းကိုင်နိုင်လိုက်သူ တစ် ဦး၏ ပျော်ရွှင်မှုရယ်က နှလုံးသားတစ်ခုလုံးကို ရပ်တန့်သွားစေခဲ့သည်။ ရုတ်တရက် အသိဉာဏ်ကင်းမဲ့ သွားသော ဒီနာတစ်ယောက် လေးထပ် တိုက်တန်းလျား ၏ လူစည်ကားရာ အရှေ့ဘက်မျက်နှာစာ အခြမ်းသို့ လိမ့်ကျသွားလေရာ...။
သဗ္ဗေသတ္တာ... ကမ္မသကာ။။
မဟာကျော်
မဟေသီမဂ္ဂဇင်း 2012 မတ်လ
.
1 comment:
ဖတ်ပြီးတော့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်..။
ဒီနာ တစ်ယောက် နောင်ဘဝမှာ ဒီလိုအဖြစ်မျိုးက လွတ်ပါစေ...
Post a Comment