Saturday, March 10, 2012

သာဓု ၏ အတာ, အပိုင်း (၃)

 (ယင်းသို့သော အပြုအမူ စိတ်နေသဘောမျိုး မရှိသောကြောင့်ပင် အတာသည် ထူးခြားနေ၏။ အရွယ် နှင့်မလိုက်အောင် လူကြီးဆန်သောကြောင့် တစ်နည်းအားဖြင့် အချို့သော လူကြီးများ ထက်ပင် သိုသို သိပ်သိပ် နှင့် စိတ်ကို ထိန်းနိုင်သောကြောင့် အတာသည် ပို၍ထူးခြားသော သတ္တဝါ ကလေးလို ဖြစ်နေ တော့၏။) ကို ဆက်ဖတ်ရန်....

အတာ သည် အဘယ်သို့သောအကြောင်းကြောင့် ခင်စိုးလှနှင့်ပတ်သက်သည့် အကြောင်းခြင်းရာ ပြဿ နာပေါ်လာတိုင်း "ငါလိုကောင်နဲ့ မတန်ပါဘူး" ဟူသော စကားမျိုးကို ပြောလေ့ရှိနေသနည်း။
အကြောင်း လည်း ရှိ၏။
အတာမှာ အနောက်နိုင်ငံသားပိုင် ကုန်တိုက်တစ်တိုက်မှ သာမန်စာရေးတစ်ယောက်၏သားဖြစ်လျက် သူ့အား မွေးဖွားခဲ့ သည်မှ သုံးနှစ်သားလောက်အရွယ်အထိ သူ့အား တိုက်ကျွေးခဲ့ရသော ဆေးများကို သာ စုပေါင်း ချိန်တွယ်ထားခဲ့မည်ဆိုလျှင် သူ့ကိုယ်အလေးချိန်ထက်ပင် အတော်များများ ပိုနေဖွယ်ရာ အကြောင်း ရှိ၏။

သို့လျှင် စိတ်ပျက်စရာကောင်းလောက်အောင် ရောဂါအမယ်မယ်ကပ်ရောက်၍ အနာမျိုးစုံ ပေါက်ခဲ့ သည်နှင့် အမျှ မိဘများမှာလည်း ရသမျှငွေကြေးကို အတာ့အတွက် ဆေးဖိုးတွင်သာ အများဆုံး သုံးနေ ကြ ရ သဖြင့် ဝင်ငွေမလုံလောက်သော အိမ်ထောင်သည်တို့၏သဘာဝအတိုင်းပင် ကြာသော အတာ  ကလေး အပေါ်၌ပင် သူ့မိဘများ ငြိုငြင်စ ပြုလာတော့၏။
အတာ သည် ထူးခြားသော သတ္တဝါကလေးတစ်ယောက်ဖြစ်လာရန် အကြောင်းရှိခဲ့၍ပင် ထင်၏။ လူမှန်း မသိတသိ အရွယ် သုံးလေးနှစ်သားလောက်က သူ့အတွက် ဆေးဖိုးဖြင့် လုံးလည်လိုက်ခဲ့ရသော သူ့မိခင် ၏ ညည်းညူသံ ကိုပင် ယခုတိုင် မှတ်မိနေ၏။

"ဒီမသာလေးကလဲ သေမသေနိုင်ဘူး" ဟူသော သူ့မိခင်၏စိတ်မရှည်နိုင်တော့သလို ရေရွတ်သံကို အကြောင်း ဆိုက်တိုင်း အတာသည် ကြားယောင်လာ၏။ တစ်ခါတစ်ရံ စေ့စေ့တွေးမိတိုင်းလည်း လှိုက် လှိုက် လှဲလှဲ မျက်ရည်အရွှဲသား နှင့် ဝမ်းနည်းနေတတ်သေး၏။
သို့ မျက်ရည်လည်ရွှဲနှင့် ဝမ်းနည်းမိသည်မှာ စင်စစ် သူ့မိခင်သည် သူ့အား "ရက်စက်လေခြင်း"ဟူသော မကျေမချမ်း စိတ်ဖြင့် ဝမ်းနည်းခြင်းမျိုးမဟုတ်ဘဲ သူ့မိခင်သည် သူ့အား (ချစ်မှ ချစ်ပါလေစ)ဟူ၍ စိတ် ထိခိုက် သောကြောင့်သာ ကျရသော မျက်ရည်မျိုးဖြစ်၏။

လေးနှစ် က ကျော်သည်နှင့် အတာသည် အတော်ကလေးအသားအရည်စိုပြေလာ၏။ ရောဂါဘယလည်း ဝေးလာ၏။ ဆေးဖိုးနှင့် ဆရာခြေကြွအတွက် ထွက်ငွေကလေး သက်သာခဲ့၍မျှ သုံးလမရှိတရှိအချိန် တွင် အတာ့ ဖခင်မှာ လေဖြတ်သောရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားတော့၏။

အသက်အားဖြင့် အစိတ်နှင့် သုံးဆယ်၏အလယ်ပတ်ဝန်းကျင်တွင်သာ ရှိသေးသော အတာ၏မိခင်မှာ သို့လျှင် ငယ်ငယ်ရွယ်ရွယ် မုဆိုးမဘဝသို့ မမျှော်လင့်ဘဲ ရောက်ခဲ့ရသည်၌ ရှေ့ရေးကို အဘယ်ပုံစ၍ အဘယ်နည်း ဖြင့် စခန်းသွားရမည်ကို ရုတ်တရက် စဉ်းစား၍မမြင်။ ချစ်လင်တစ်ယောက်လုံး ဆုံးပါးသွား ၍ စိတ်ထိခိုက်သည် တစ်ဒုက္ခ၊ အတာနှင့် အမာ တည်းဟူသော ကလေးနှစ်ယောက် အရေးကလည်း ပြဿနာ တစ်ရပ်လို ဖြစ်နေသည်တွင် အဘယ်မည်သော ဆုံးဖြတ်ချက်ဖြင့် ဟူ၍မသိ အသုဘကိစ္စပြီး သည် နှင့် အတာရော အမာ ကိုပါ ဘွားအေကြီးရှိရာ မော်လမြိုင်သို့ ပို့ထားလိုက်၏။
ယင်းသည့် နောက်ပိုင်းတွင် အတာ့မိခင်သည် ရန်ကုန်၌ အဘယ်ပုံစခန်းသွားနေသည်ကို မသိ။ မိခင်ကို လွမ်း၍ ကြည့်ချင်မြင်ချင်ပါသော်လည်း အတာတို့မောင်နှမခမျာ မာတာမိခင်ကို အရိပ်သော်ပင် မမြင်ရ ဘဲ ဘွားအေ အဒေါ် နှင့် ဦးလေးများအလယ်တွင် ရယ်တစ်ခါ မဲ့တစ်ကြိမ် မပျော့်တပျော်နှင့်ပင် အချိန် ကုန်ခဲ့ ကြရ ရှာ၏။

မော်လမြိုင်မှ ရန်ကုန်သို့ ကုန်ဝယ်နှင့်အလည်အပတ်သွားကြသော အိမ်နီးချင်းများ ပြန်ရောက်လာတိုင်း အတာ နှင့် အမာ သည် သူ့မိခင်အကြောင်းကို စုံစမ်း မေးမြန်းလေ့ရှိ၏။
"အေး မင်းတို့အမေ ကို တွေ့ခဲ့တယ်လေ၊ ကုလားကြီးတစ်ယောက်နဲ့ သိမ်ကြီးဈေးမှာ ဆိုင်ထွက်နေ တယ်၊ ဘကြီး တို့က မေးကြည့်တော့ အဲဒီကုလားကြီးဟာ သူ့ယောက်ျားတဲ့"ဟူ၍ ကလေးများကို ကျီ စားလျက် အချို့ သော ကရုဏာသက်သူများကမူ
"ကလေးတို့ မေမေလေ သိမ်ကြီးဈေးမှာ အထည်ဆိုင်ကြီးဖွင့်ထားတယ်ကွဲ့၊ နောက်လေးငါးရက်ကြာ ရင် မင်းတို့ဆီ လာမယ်ဆိုပြီးတော့လေ အရုပ်တွေတောင် မင်းတို့ဖို့ ဝယ်ထားတာ စုံနေတာပဲ၊ ကြီးကြီးကို တောင် ထုတ်ပြလိုက်သေးတယ်"

ဤမျှနှင့်ပင် အတာတို့ ကျေနပ်ကြရရှာ၏။ တစ်လလည်းမဟုတ်၊ နှစ်လ လည်းမက လေးငါးခြောက်လ မျှ သော အချိန်တွင်သာ ကုန်လွန်ခဲ့သည်။ အတာ့မေမေကား မော်လမြိုင်သို့ တစ်ခေါက်တလေပင် ပေါ်မ လာခဲ့။
အတာ့အမေဘက် မှ တော်စပ်သော အဘွားကြီးတွင်လည်း ချောင်ချောင်လည်လည်ရှိသူများ မဟုတ် သောကြောင့် ၀မ်းရေးအတွက် ဈေးရောင်းရင်း အသက်ဆက်နေရသည်ကတစ်မှု၊ သူ့သမီးက လာထိုး ထားသော မြေးနှစ်ယောက်ကို ကြည့်ရှုပြုစုနေရသည်ကတစ်ဖက်ဖြင့် ဘွားအေကြီးတွင်လည်း လက်မလည် နိုင်အောင် ရှိနေရှာ၏။

    “ဟဲ မနှင်းခိုင်၊ ညည်းရန်ကုန်သွားတာ သိန်းမေတစ်ယောက်များ မတွေ့ခဲ့ဘူးလား၊ ဟေ”
အတာ နှင့် အမာသာမဟုတ်၊ သူတို့အဘွားမှာလည်း ရန်ကုန်မှ ပြန်လာသူတွေ့တိုင်း ကွယ်ရာသို့လက် တို့ခေါ်ကာ သို့လျှင် သမီးအရေးကို မေးမြန်းစုံစမ်းလေ့ရှိ၏။ တချို့က မတွေ့ကြောင်းပြော၍ အချို့ကမူ
တွေ့ခဲ့သားပဲ ဒေါ်ဒေါ်ယု၊ သိမ်ကြီးဈေးမှာ ထီးတို့ ဖိနပ်တို့ရောင်းနေတယ်၊ ကျွန်မတောင် ပုသိမ်ထီး တစ်လက် မသိန်းမေ ဆီကပဲ ၀ယ်ခဲ့သေးတယ်။
“ဟန်ဟန်ပန်ပန်ရှိရဲ့လားကွဲ့”
“ဆိုင်ကြီး ကန္နာကြီးနဲ့ တော့ မဟုတ်ဘူးပေါ့ ဒေါ်ဒေါ်၊ ဒါပေမဲ့လဲ”

“အေးလေ လူမြင်လို့ တင့်တယ်တဲ့ အခြေကလေးရှိရင် ပြီးတာပါပဲ၊ နို့ကလေးတွေအကြောင်းကော ဘာမှ မမေးဘူးလား၊ ညည်းနဲ့တော့တော့”
“ဟုတ်ကဲ့ မေးပါတယ်ဒေါ်ဒေါ်၊ အတာတို့ အမာတို့ နေထိုင်ကောင်းကြရဲ့လားလို့၊ သူလဲ လာမယ် လာမယ်နဲ့ ဟာ ဆိုင်မှာ လူခွဲကမရှိသေးတာနဲ့”
“တယ်ငါပြောလိုက်ရ မကောင်းဘဲနေတော့မယ်၊ တစ်နေ့တလေ ဆိုင်ပိတ်ပြီးလာတော့ ဘာဖြစ်သတဲ့ လဲ၊ ကလေး တွေတော့ ဒီမှာလာထိုးထားပြီး သူကတော့၊ တောက်”
ကြီးဒေါ်ယုသည် သူ့သမီးပြုမှုပုံ သဘောမကျနိုင်သည့် အတိုင်းတက်တခေါက်ခေါက် ဖြစ်နေပြီးမှ
“ညည်းတို့ သိတဲ့အတိုင်းပဲ၊ ဒေါ်ဒေါ့်အဖို့မှာတော့ မထူးပါဘူး၊ သားတွေ သမီးတွေ ချွေးမတွေရော လူတစ်ကျိပ် လောက် ကျွေးထားရတာပဲ၊ ဒီမြေးနှစ်ယောက်ပိုလာလို့ ဘာမှတာဝန်မကြီးပါဘူး၊ အေး တကယ် ဆိုရင် တစ်လတစ်ခေါက်ဖြစ်စေ၊ မျက်နှာကလေးတော့ လာပြဖို့ကောင်းတယ်၊ ဘယ်လောက် သနားစရာ ကောင်းသလဲ ကလေးတွေဟာ၊ မေမေဘယ်တော့လာမလဲဘွားဘွား ဆိုတာ နေ့ရှိသလောက် မေးနေကြ တာပဲ၊ ဟင်းသူကတော့တစ်ယောက်ထဲ ရန်ကုန်မှာ အပျိုလုပ်နေထင်ပါရဲ့”

ကြီးဒေါ်ယုတွင် ရန်ကုန်မှာပြန်လာသူတွေ့တိုင်း မေးရပြောရလွန်းသဖြင့် အမောသာ အဖတ်တင်ခဲ့သည်။ သူ့သမီး(၀ါ) အတာတို့အမေမေ မသိန်းမေကား လေးငါးရှစ်လသို့ တိုင်ခဲ့သည် တစ်ခေါက်တလေမှာ ပေါ် မလာခဲ့ပေ။
တစ်ရံတစ်ခါ အတာနှင့် အမာအတွက် အင်္ကျီစကလေးများ လူကြံပါးလိုက်ဖော်ကား ရပေသား၏။ သို့ တိုင်အောင် ကြီးဒေါ်ယုသည် ၀မ်းပန်းတသာ လက်ခံလေ့မရှိ။
“ဒါကဘာလုပ်ရမှာလဲ၊ ငါ့မြေးတွေအတွက် ဒီ့ထက်ကောင်းတာ ငါဝယ်ပြီးဆင်နိုင်တယ်၊ ကိုယ့်သားသ မီးရယ် လို့ မျက်နှာကလေးမှ လာမပြနိုင်အောင် ဘယ်လောက်များ အလုပ်ရှုပ်နေလို့လဲလို့မေးခဲ့စမ်း၊ မိသိန်းမေကို”

တစ်ယောက်သော သားဖြစ်သူ ရန်ကုန်မှာပြန်လာစဉ်ကလည်း ကြီးဒေါ်ယုသည် ဤသို့တဖျစ်တောက် တောက်မြည်တွန်နေခဲ့သေး၏။ သို့နှင့် ဆယ်လနီးပါးခန့်ကြာသော် သတင်းတစ်ခုသည် ထူးထူးခြား ခြား မမျှော်လင့်ဘဲ နှင့် ဘွားခနဲရောက်လာ၏။ ထိုသတင်းမှာ အတာတို့မေမေ နောက်ယောက်ျားယူ လိုက်ပြီ ဟူသော သတင်းပင်ဖြစ်၏။
ကြီးဒေါ်ယုတွင်လည်း ထိုသတင်းကို ကြားလိုက်ရသည်နှင့် လူမမယ်မြေးကလေးနှစ်ယောက်အတွက် သာ ဦးစားပေးသော ၀မ်းနည်းခြင်းဖြင့် ရုတ်တရက်ဘာမျှမပြောနိုင်အောင်ပင် အငိုင်ကြီး ငိုင်သွား တော့၏။

“ဘာအလုပ်လုပ်သတဲ့တုံး၊ သူယူတဲ့ယောက်ျားက”
“ရုံးစာရေးလို့ ပြောတာပဲ၊ ကြည့်ရတာမသိန်းမေထက် နည်းနည်းငယ်ပုံရတယ်၊ လူကတော့ လူချောပဲ ဒေါ်ဒေါ်ယုရဲ့”
“ဒါတွေက အကြောင်းမဟုတ်ပါဘူးကွယ်၊ စိတ်ကောင်းရှိရင်ပြီးတာပါပဲ”
မယုံတစ်ဝက် ယုံတစ်ဝက်နှင့် နားစွင့်နေခဲ့သော ကြီးဒေါ်ယုတွင် ရုတ်တရက်ရောက်လာသော မသိန်းမေ တို့စုံတွဲကို တွေ့လိုက်ရမှ သက်ပြင်းချရင်း ထိုသတင်းကို အတည်ပြုလိုက်ရတော့၏။
အတာတို့မောင်နှမရန်ကုန်ပြန်ရောက်၍ သူတို့ချစ်သော မေမေနှင့်အတူနေရသည်ပင် နှစ်လမပြည့် သေးမီ မသိန်းမေတို့နေသောအိမ် ကို ဖျက်၍တိုက်သစ်ဆောက်မည်ဖြစ်သဖြင့် အိမ်ငှားအားလုံးဖယ် ရှားပေးရန် အကြောင်းနှင့် ကြုံလာပြန်သဖြင့် အခြေအနေမှာ တစ်မျိုးတစ်မည် ဖြစ်သွားပြန်တော။

ထိုခေတ်က ရန်ကုန်မြို့တွင် လမ်းတိုင်းလိုလို၌ အိမ်ခန်းအားများ ငှားရန်အသင့်ရှိနေခဲ့သော်လည်း မသိန်းမေ တို့ကဲ့သို့ ယနေ့လုပ်မှ ယနေ့စားရသူများအဖို့၌ လုံးခနဲတင်ရမည့် စပေါ်ငွေမှာ ပြဿနာ တစ်ရပ် ဖြစ်နေ၏။

တိုက်ခန်းဆိုလျှင် တစ်လအစိတ်အနည်းဆုံးပေးရ၏။ စုတ်စုတ်ချာချာ ပျဉ်ထောင်အိမ်ပင် လခအားဖြင့် အနည်းဆုံး နှစ်ဆယ်ပေးမှ ရနိုင်၏။ ထိုထက်ပေါသော အိမ်ခန်းများကား မြို့ထဲတွင်မရှိ၊ မြို့စွန်မြို့ ဖျားတွင်သာ ရနိုင်သောကြောင့် မသိန်းမေအဖို့ အရောင်းအ၀ယ်လုပ်ငန်းနှင့် ခရီးကွာဝေးလွန်းနေပြန် ၏။
စုစုပေါင်း မှ ငွေကလေး လေးငါးခြောက်ဆယ်နှင့် အရင်းတည်၍ ရောင်းဝယ်နေရရှာသော မသိန်းမေ အဖို့ ထိုအရင်းအနှီး ထဲမှ ငွေအစိတ်နုတ်၊ အိမ်ခန်းအတွက် စပေါ်အဖြစ် ပေးလိုက်ရန်မှာ အတော် စဉ်းစားရမည့် စီးပွားရေး ပြဿနာ လို ဖြစ်နေသည့်အတိုင်းပင် မသိန်းမေလည်း သီးသန့်အခန်းတစ်ခု ငှားနေရန်ကိစ္စကို လုံးဝ စဉ်းစားခြင်း မပြုတော့ဘဲ အခြားသော အိမ်ထောင်စုတစ်ခုခုဖြင့် စပ်တူ ငှားနေကြရန် အမြန်ဆုံး စိုင်းပြင်း ရတော့၏။

နောက်ဆုံးတွင် ရပ်ကွက်လည်းကောင်ုး၍ ဈေးလည်းနီးသော မောင်ခိုင်လမ်း (ယခုဗိုလ်ရွဲလမ်း)ထဲရှိ အိမ်ခန်း တစ်ခု ၏ အထပ်ခိုးပေါ်တွင် ဆယ်ပေပတ်လည်ခန့်ရှိသောနေရာ တစ်ခုရ၏။ အခကြေးငွေမှာ လည်း စပေါ် မတင်ရ၊ တစ်နေ့လျှင် တစ်မတ်ကျပေးရမည်ဖြစ်သောကြောင့် မသိန်းမေတို့အဖို့ ထိုင်ချင်တုန်း ချော်လဲ သလို အတော်ပဲဖြစ်နေ၏။ သို့သော်နေရာထိုင်ုခင်းမှာ ကျဉ်းမြောင်းလွန်းလှသ ဖြင့် ယခင်က အတာတို့ အမာတို့အား ကြည့်ရှု့ရန်ခေါ်ထားသော မသိန်းမေ၏ ညီမ၀မ်းကွဲ တစ်ယောက်ပါနှင့် စုစုပေါင်း ငါးဦး အတွက် နေရာမှာ မလူးသာ မလိမ့်သာ ဖြစ်နေပြန်၏။

နောက်ဆုံးတွင်မှု မသိန်းမေလည်း အတာတို့မောင်နှမကို မော်လမြိုင်ပို့၍ ညီမ၀မ်းကွဲကို နေရပ်ပြန် လွှတ်ခြင်း အားဖြင့် ထိုပြဿနာကို ဖြေရှင်းလိုက်တော့၏။
တစ်ဖန် စိတ်ကူးပေါက်လာလျှင် အတာတို့မောင်နှမကို ရန်ကုန်ပြန်ခေါ်၍ စိတ်မထင်လျှင်လည်း မော်လမြိုင် သို့ ပြန်ပို့တတ်သော မသိန်းမေ၏ စိတ်ထားနှင့် အပြုအမှုကို ကြီးဒေါ်ယုနှင့်တကွသော မသိန်းမေ၏ အစ်ကိုများ မောင်ညီမများ ကပါ သဘောမကျနိုင် ရှိနေခဲ့ကြ၏။

“ဒီတစ်ခါ မမလာရင်မထည့်လိုက်နဲ့တော့ အမေ၊ ဒီကလေးနှစ်ယောက်ကို ကျွန်တော်တို့ပဲမွေးမယ်”
အဒေါ်... ဦးလေးတော်... များက ကရုဏာဒေါသောဖြင့် ပြောကြသည်ကို “ဟဲ့ သူသားသမီးနဲ့ သူ့အမေပဲ ဟာ လာခေါ်ရင် ထည့်ရမှာပေါ့၊ သားသမီးကိုးယောက်ရှိတဲ့ ငါတောင် မိသိန်းမေတစ်ယောက်ပဲ့ပြီး ရန်ကုန် ရောက်နေတာ ငါမကျေနပ်ဘူး၊ ပြောမရလို့သာပေါ့၊ မိဘဆိုတာ ကိုယ့်သားသမီးကို ကိုယ့်မျက်စိ အောက် မှာပဲ ရှိနေစေချင်တာပေါ့ကွဲ့၊ ဘယ်သူဖြစ်ဖြစ်”
“အလကားပါဗျာ၊ အမေ့သမီးက အမေ့လိုမိဘမျိုးမဟုတ်ပါဘူး”
ကြီးဒေါ်ယု ကမူ ဤလို သဘောမထားနိုင်။ သူ့သားသမီးများကို သူအလွန်ချစ်သကဲ့သို့ မသိန်းမေ သည်လည်း အတာတို့အား ချစ်လိမ့်မည်။ မလွှဲသာလွန်း၍သာ ယခုလိုတကွဲတပြားထားရသည်ဟူ၍ သာ ယူဆ၏။

တစ်နေ့သော်  မသိန်းမေ တို့ ဇနီးမောင်နှံ မော်လမြိုင်သို့ ရုတ်တရက် ရောက်လာ၏။
“ဘာတုံး သိန်းမေ၊ ကလေးတွေကို လာခေါ်ပြန်တာလား”
“ဟုတ်တယ်အမေ၊ သူတို့အဖေက ကလေးတွေကို ကျောင်းထားချင်လို့တဲ့” ဟု မသိန်းမေက သူ့ခင်ပွန်း ဖြစ်သူအား မေးငေါ့ပြရင်း ပြောလိုက်သောကြောင့်
“အေး ခေါ်ချင်လဲ ခေါ်သွား၊ ဒါပေမဲ့”ဟူသော ကြီးဒေါ်ယု၏စကားမှ မဆုံးသေးမီ

“ဟဲ့ သိန်းမေ၊ ကလေးတွေကို တကယ်ကျောင်းထားမယ် ဆိုမှလဲခေါ်သွားနော်၊ ခေါ်သွားလိုက် ပြန်ပို့ လိုက်တော့ မလုပ်နဲ့၊ ခုထိ ကလေးတွေ ယောင်ချာချာပဲ၊ ဒီက စည်းကမ်းကတစ်မျိုး၊ နင်တို့စည်းကမ်း တစ်မျိုး နဲ့ တော်ကြာ ကလေးတွေ အပိုးသေမှာမဟုတ်ဘူး”
ခပ်လှမ်းလှမ်း တွင် ဆေးပြင်းလိပ်ဖွာနေသော အတာတို့ဘိုးဘိုးက သို့လျှင် လှမ်းပြောလိုက်ပြီးမှ
“ဒီမှာ ထွန်းအောင်၊ ငါကတော့ ခပ်ရှင်းရှင်းပဲ ပြောတတ်တယ်၊ သိန်းမေကိုတော့ ငါ နည်းနည်းမှမယုံဘူး အဲဒီတော့ ဒီကိစ္စ ကို မင်းပြောကွာ၊ မင်းပြောရင် တို့ယုံမယ်”ဟု အဘိုးကြီးကပင် မေးခွန်းထုတ်လိုက်ပြန် သောကြောင့်

“ကျွန်တော် တာဝန်ယူပါတယ် ဦးရဲ့၊ ခု ကလေးတွေကို လာခေါ်တာဟာလဲ အမှန်အတိုင်းပြောရရင် မသိန်းမေ အနေနဲ့ဆို ခေါ်ဖြစ်မှာမဟုတ်ဘူး၊ ဒီကလေးတွေရဲ့နောင်ရေးအတွက် ကျွန်တော့်မှာ တာဝန်ရှိ တယ် ဆိုတာ နားလည်လို့လာခေါ်တာပါ၊ ပြီး ကျွန်တော်ကလည်း ကလေးဆိုရင် ချစ်တတ်ပါတယ်”
သို့နှင့် အတာ လည်း ရန်ကုန်သို့ ပါသွားရပြန်တော့၏။ အမာမှာမူ
“ဟင့်အင်း အမာ တော့ မလိုက်ဘူး၊ ဒီမှာပဲ ညီမလေးနဲ့ နေချင်တယ်”

ဦးလေးတော် တစ်ယောက်၏ မွေးကင်းစဖြစ်သော ကလေးကိုချစ်နေသည်နှင့် မလိုက်ကြောင်း ငြင်းဆန် နေသည် တွင် မသိန်းမေကလည်း ကလေးတစ်ယောက်ဆိုလျှင် တစ်ယောက်နှင့်အမျှ သိသိသာသာ တာဝန်ပေါ့မည် ဖြစ်သည့်အတိုင်း အမာကို ဘွားအေများနှင့်ပင်ထားခဲ့ပြီး အတာတစ်ယောက်တည်းကို သာ ခေါ်၍ ပြန်သွားကြ၏။

“ဒီလုံချည်တွေက ဘာလို့ထုတ်ထားတာလဲ ကိုထွန်းအောင်”
အတာတို့ ရန်ကုန်ရောက်ပြိး နောက်တစ်နေ့ညနေပိုင်း မသိန်းမေဆိုင်သိမ်း၍ ပြန်လာလျှင် လာချင်း အိပ်ရာလိပ် ပေါ် တွင် ဆန့်ဆန့်ရန့်ရန့် ခေါက်တင်ထားသော ပိုးလုံချည်နှစ်ထည်ကို ယူကြည့်ရင်း မေး သောကြောင့် “သွားပေါင်မလို့လေ”
အဝတ်အစားလဲနေရာ မှ ကိုထွန်းအောင် ဤသို့ဖြေလိုက်သည်ကို
“ဘာလုပ်ဖို့ ပေါင်မှာတုန်းရှင့်၊ ပြောစမ်းပါဦး”ဟု မသိန်းမေက အနီးသို့ ကပ်လာရင်း မေးလိုက်ပြန်သဖြင့်
“ဖိန်းနွှဲခါ တနင်းလာနေ့မဟုတ်လား၊ အဲဒါ ကောင်လေးကို ကျောင်းအပ်ဖို့ အဆင်သင့်ဖြစ်အောင်လို့ပါ”
“ဖြစ်ရလေရှင်၊ လခထုတ်တဲ့နေ့ကျမှပဲ သွားအပ်တော့ကော မပြီးဘူးလား”

“ဟာ ဒီနေ့မှ ရှစ်ရက်နေ့ပဲရှိသေးတာ၊ လခထုတ်တဲ့နေ့အထိ စောင့်နေရင် တစ်လနီးပါး ကျောင်းနောက် ကျ  နေမှာပေါ့၊ ခုနေအပ်ရင်တောင် ဒီကောင် စာအတော်လိုက်နေရမှာ”
မသိန်းမေလည်း အတန်ကြာတွေနေပြီးမှ
“နေပါဦးရှင့်၊ သူ့ကျောင်းအပ်ဖို့က ဘယ်လောက်တောင် ကုန်မှာလဲ”
“ကျောင်းအပ်တဲ့ စရိတ်ကတော့ ဒီလောက်မများပါဘူး၊ ကျောင်းစဖွင့်တဲ့လာတွေအတွက်ပါ ပေးရမှာမို့ ဆယ့်လေးငါးကျပ် နှစ်ဆယ်လောက်တော့ ကျလိမ့်မယ် ထင်တာပဲ”
“နို့ ရှင့်ဒီလုံချည်နှစ်ထည်ပေါင်တော့ ဘယ်လောက်ရမှာလဲ၊း အရေးကုန် ခုနစ်ကျပ်အပြင် ပိုရမတဲ့လား၊ လိုတဲ့ငွေကကော”

ထိုအမေးကို ကိုထွန်းအောင် ရုတ်တရက်မဖြေ။ အတန်ကြာ သူတွေနေပြီးမှ
“ကျုပ်ကို မဆူနဲ့ဦးနောင်၊ ကျုပ် အတာကို ကျောင်းထားမယ်ဆိုပြီး လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကြားပေါက်ရတဲ့ ငွေကလေး စုထားခဲ့တာ နှစ်ဆယ်လောက်ရှိသေးတယ်လေ”
အကယ်၍သာ ဤလို ကြားပေါက်ရသော ငွေကို အခြားသောအကြောင်းဖြင့် ကြိတ်၍ စုခဲ့သည်ဆိုလျှင် ပွက်လောရိုက်အောင် ဆူတော့မည်မှာ မသိန်းမေအဖို့ သေချာ၏။ ယခုမူ အခြားသော အကြောင်း မဟုတ်ဘဲ ရည်ရွယ်ချက် ကောင်းနေသည်နှင့် ဘာမျှမပြောသာဘဲ ရှိနေတော့၏။

"ဒါဖြင့်လဲ ရှင့်ဆီရှိတဲ့ ငွေနှစ်ဆယ်နဲ့ ပြီးသားပဲ မဟုတ်လား၊ ဒီလုံချည်တွေ ဘာလို့ ပေါင်တော့မှာလဲ"
"ငွေ က နည်းနည်းလိုဦးမယ်လေ၊ ကျုပ်ဆီရှိတဲ့ငွေက ကျောင်းအပ်စရိတ်နဲ့ ကုန်မှာပဲ၊ နောက်ပြီး ကောင်လေး အတွက် အင်္ကျီလေး ဘာလေးလဲ ၀ယ်ပေးရဦးမှာ မဟုတ်လား"
ထိုစကား အတွက် မသိန်းမေ ဘာမျှ စောဒကမတက်နိုင်။ အတာတွင် ကျောင်းသွားကျောင်းပြန် ၀တ်နိုင် သည့် သင့်သင့်တော်တော် အ၀တ်အစားဆို၍ တစ်ထည်တလေမျှပင် မရှိ။ သို့နှင့် ကိုထွန်းအောင် ၏ ကောင်းမြတ် သော အစီအစဉ်ကို မသိန်းမေ ဘာမျှ ၀င်မပြောသာတော့သည့်အတိုင်းပင် ကျေနပ် ခွင့်ပြု လိုက်ရ တော့၏။

အတာတွင်လည်း ကျောင်းနေရတော့မည့်အရေးကို တွေး၍ ၀မ်းအသာကြီး သာနေသည် သာမက ခါတိုင်း ကဲ့သို့ပင် ဆင်းမကစားတော့ဘဲ မော်လမြိုင်မှ ပါလာသော သူငယ်တန်း ဖတ်စာအုပ် ကလေးဖြင့်သာ အိမ်ပေါ် တွင် ကုပ်၍ အပြန်ပြန်အလှန်လှန် ဖတ်ရှုရင်း အချိန်ကုန်နေတော့၏။
နောက်တစ်နေ့ နံနက် ၉နာရီလောက်အချိန်တွင် ရုံးတက်ရန် ခေါင်းဖြီးနေသော ကိုထွန်းအောင် အနီးသို့ မသိန်းမေ ရောက်လာကာ "ဒီမှာ ကိုထွန်းအောင်၊ ဘယ်မလဲ ဟိုပိုက်ဆံ ကျွန်မကို ခဏပေးစမ်းပါ"

သို့ မသိန်းမေက ပြောသည်နှင့်ပင် ကိုထွန်းအောင်္ပ ရုတ်တရက် မျက်နှာပျက်သွားကာ
"ဘာလုပ်ဦးမလို့လဲ မသိန်းမေ"
"ဘာလုပ်လုပ်ပေါ့ရှင်၊ ကျွန်မ ပြန်ပေးမှာပေါ့"
"ဘာလဲ၊ ခင်ဗျား ဒီနေ့ မြင်းပွဲသွားဦးမှာ မဟုတ်လား"
"သွားမှာပေါ့၊ ဒါများ အဆန်းလုပ် မေးနေပြန်ပြီ"
"မဟုတ်ပါဘူး၊ မြင်းပွဲသွားတာက သွားပေါ့၊ ဒါပေမဲ့ ဒီပိုက်ဆံကိုတော့"
"ကျွန်မိပြန်ပေးရင် ပြီးတာပဲ မဟုတ်လား"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီကောင်လေး ကျောင်းအပ်ဖို့ ပိုက်ဆံကိုတော့ မလုပ်စေချင်ဘူး မသိန်းမေ"

"ပေးမှာသာပေးစမ်းပါ ကိုထွန်းအောင်၊ မြင်းပွဲသွားခါနီး စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်စမ်းပါနဲ့၊ တနင်းလာနေ့ မနက် ကလေးကျောင်းအပ်အမီ ရှင့်ပိုက်ဆံ ပြန်ပေးမယ်လို့ ပြောနေပြီပဲဟာ"
မသိန်းမေလည်း စောစောကထက် မျက်နှာကို တင်းပြီး အသံကိုပါ အနည်းငယ် မာ၍ ပြောလိုက်သော ကြောင့် ကိုထွန်းအောင်တွင် နောက်ထပ် ငြင်းချက်မထုတ်နိုင်တော့ဘဲ အတာကလေး ကျောင်းအပ်ရန် ဟု ရည်စူး ၍ ကျစ်ကျစ်ပါအောင် စုထားခဲ့သော ငွေအပြင် မနေ့က လုံချည်နှစ်ထည် ပေါင်ထားသော ငွေခြောက်ကျပ် ပါ စုစုပေါင်း နှစ်ဆယ့်ခုနစ်ကျပ်ကို ကြီးစွာသော စိတ်မချမ်းသာခြင်းနှင့်ပင် အကုန်ပေး လိုက် ရတော့၏။

မသိန်းမေ၏ မျက်နှာထား၊ လေသံနှင့် စကားပြောပုံ အသုံးအနှုန်းကို ထောက်ရှုခြင်းအားဖြင့် ကိုထွန်းအောင် အပေါ်၌ အတော်ကလေး သြဇာညောင်းနေသည်မှာ ထင်ရှား၏။
ထိုအချိန်က အတာကလေး အိမ်ပေါ်တွင် မရှိ၊ မြင်းပွဲသွားလျှင်ဝတ်ရန်အတွက် မသိန်းမေ၏ ရှန်သား အင်္ကျီ ကို မီးပူတိုက်ရန် ပင်မင်းဆိုင်သို့ ခိုင်းထားသဖြင့် ထိုထိုအရေးအခင်းကို ဘာမျှ မသိ။ သူ ကျောင်း နေရတော့မည့် အရေးအတွက်သာလျှင် ပျော်တပြုံးပြုံးနှင့် ရှိနေပြီ ပင်မင်းဆိုင်မှ ပြန်ရောက်လာ လျှင် လာခြင်း "လူကြီးကော မေမေ၊ ရုံးသွားပြီလား ဟင်"
"သွားပြီပေါ့၊ ဘာလုပ်မလို့လဲ"

မသိန်းမေက သို့လျှင် ပြန်မေးလိုက်သော မျက်နှာထားမှာ မိမိရင်သွေးဖြစ်သော သားကလေး တစ်ယောက် ကို မေးသည့်အသွင်မျိုး မရှိဘဲ မျက်နှာထားကလည်းတင်း၊ အသံက ပြတ်ပြတ်နှင့် ခပ်ဆတ်ဆတ် မေးလိုက်သည် ဖြစ်သောကြောင့် အတာမှာ ပြောလိုသည့်စကားပင် ရုတ်တရက် မထွက် ၀ံ့တော့သလို မျက်နှာ ကလေး ညိုသွားရှာ၏။
"အတာ၊ ငါမေးတာ မကြားဘူးလား၊ နင် ဘာလုပ်ဖို့ မေးတာလဲ ကိုထွန်းအောင်ကို" ဟု မသိန်းမေက ခပ်ငေါက်ငေါက် ပြန်မေးလိုက်မှပင်
"သူက သူက အတာ့ကို ပြောထားတယ်၊ ဒီနေ့ နေ့တစ်ဝက် ရုံးက ပြန်လာမယ်၊ ဝေး ဝေး လျှောက်မကစား နဲ့တဲ့၊ သူပြန်လာရင် အတာ့ကို အင်္ကျီ လိုက်ချုပ်ပေးမယ် ပြောထားလို့"

အတာက ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် ပြောနေပါလျက် အဘယ်ကြောင့် ဟူ၍ မသိ၊ မသိန်းမေသည် စောစောက ထက်ပင် ပို၍ မျက်နှာထားတင်းလိုက်ပြီး
"လာဦး ဒီနားကို" ဟု ခေါ်လိုက်သဖြင့် အတာတွင် ရုတ်ချည်းပင် ကြက်သီးမွေးညှင်းထသွားတော့၏။ သူ့မေမေ စိတ်ဆိုးလျှင် ရိုက်တတ်သည့် ခါတိုင်းနည်းတူ နားရင်းပူအောင် အုပ်လေမည်လားဟူသော စိုးရိမ်စိတ်ကလေးဖြင့် တထိတ်ထိတ်ကပ်သွား၍ လက်လှမ်းမမီ့တမီတွင် မရဲတရဲ ရပ်လိုက်သည်နှင့်
"သေသေချာချာ မှတ်ထားနော်၊ ကိုထွန်းအောင် နေ့လယ်ပြန်လာရင် ကျွန်တော့်ကို အင်္ကျီဝယ်ပေးမယ် ဆို ဘာ ညာနဲ့ နင် ဘာမှမပြောရဘူး၊ သူက အင်္ကျီသွားမယ်ဆို လာဆိုမှ လိုက်သွား၊ နင်က စပြီး ဘာတစ်ခွန်း မှ မပူဆာရဘူး ကြားရဲ့လား"
"ဟုတ်ကဲ့ ကြားပါတယ် မေမေ"

"အေး ငါပြန်လာလို့ နင် ဘာဘာညာညာ ပြောတယ်ကြားရင်တော့ သေမဲ့သာပြင် ဒါပဲ မြဲမြဲမှတ်ထား"
"ဟုတ်ကဲ့"
အဘယ်သို့သောအကြောင်းကြောင့် သူ့မေမေက ဤလိုမှာသည်ကို အတာမသိ။ သို့သော် တွေးကား တွေးကြည့်မိသေး၏။ ဘာအဓိပ္ပါယ်ဟူ၍ကား လုံးလုံးသဘောမပေါက်။ ခြောက်နှစ်သာသာမျှသာ ရှိသေးသော အရွယ်ကလေးဖြင့် တွေးဖော်ရသည်ပင် တော်လှပေပြီ။
မသိန်းမေ ထွက်သွားသည်နှင့် အတာလည်း မြူးတူး ခုန်ပေါက် အိပ်ရာလိပ်ပေါ်တွင် ကျွမ်းသုံးလေးပတ် လောက် ထိုးလိုက်ပြီးမှ သူ့ခေါင်းအုံးအောက်တွင် တရိုတသေ သိမ်းထားသော သူငယ်တန်းဖတ်စာအုပ် ကလေး ဆွဲထုတ်၍ နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ရွတ်အံနေတော့၏။

သွားချေပြန်ချေပင် ဖြစ်သော်လည်း မော်လမြိုင်တွင် အတာနေခဲ့ရသည့် နေ့ရက်များတွင် ပေါင်းလိုက် လျှင် နှစ်နှစ်နီးပါးမျှ ဖြစ်၏။ ထိုရက်များအတွင်း မနေတတ်သော အဒေါ်နှင့် ဦးလေးအချို့၏ သင်ပြပေး မှုကြောင့် အတာ သည် သင်ပုန်းကြီးနှင့် ဒေါင်းတံဆိပ် သူငယ်တန်းဖတ်စာကို အတော်ကလေး နိုင်နိုင် နင်းနင်း ခေါက်မိခဲ့၏။
"အတာ မင်း သူငယ်တန်းစာအုပ်ကို သေသေချာချာ ကျက်ထားနော်၊ ကျောင်းသွားအပ်တဲ့နေ့ကျရင် မင်းကို အဲဒီစာ တွေ မေးလိမ့်မယ်" ဟု ကိုထွန်းအောင်က သတိပေးသဖြင့်
"ဟုတ်ကဲ့ ကျွန်တော် အလွတ် တောင် ဆိုတတ်ပါတယ်"

"ပြီးတော့ တစ် နှစ် သုံးကော"
"ကျွန်တော် တစ်ရာအထိ ဆိုလဲ ဆိုတတ်တယ်၊ ရေးလဲ ရေးတတ်ပါတယ်"
"အေး အဲဒါတွေမေးလို့ပဲ မင်းဖြေနိုင်ရင် သူငယ်တန်းထက်ကြီးတဲ့ ပထမတန်းမှာ နေရမှာ သိလား"
"ဟုတ်ကဲ့"
ဤအရွယ်ကလေးကစ၍ အတာသည် သူငယ်တန်းထက် ပထမတန်းကို မက်မောသောစိတ်မျိုးရှိနေ၏။ ထို့နေမှစ၍ စာကိုချည့်ဖိ၍ ကျက်နေတတ်၏။ ယနေ့လည်း မသိန်းမေ ထွက်သွားသည်မှစ၍ တကြော် ကြော် နှင့် စာကို အော်ဖတ်နေသည်မှာ အဘယ်မျှကြာသွားသည်ဟူ၍ သူပင်မသိ။

ဆက်ရန်
.

1 comment:

mstint said...

အစောကြီးနိုးနေလို့ အပိုင်း-၃ ဖတ်သွားပြီ ညီမရေ။
ဆက်ရန်လေးမျှော်နေတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်