(ဒိုလားရက်စ်က ဇွတ်ပြောသည်။ ပင်ပန်းလှပြီ။ ဘယ်လို လှေမျိုးနဲ့ဖြစ်ဖြစ်၊ ဘယ်လို အခြေအနေနဲ့ဖြစ် ဖြစ် လိုက်ခွင့်ရှိလျှင် လိုက်ချင်သည်။ နားချင်လှပြီ။ ကျောတစ်နေရာစာ ရလျှင် တော်ပါပြီ။ နှစ်ရက်အတွင်း တစ်နာရီလောက်ပဲ အိပ်ရသေးသည်။ အရက်တွေ မတရားသောက်ထားသဖြင့် ခေါင်းထဲတွင် မူးရီ မူးဝေ ဖြစ်နေတုန်း။ နေက ပူသည်ထက် ပူလာပြီ။ ခေါင်း တစ်ခုလုံးလေးလံနေပြီ။ ထပ်တောင်းပန်သည်။) ကို ဆက်ဖတ်ရန်.....
" နော်၊ ကျွန်မ လိုက်ပါရစေနော် "
စစ်သားက ဒိုလားရက်စ်၏ လက်မောင်းကို ကိုင်ပြီး -
" လုံးဝမဖြစ်နိုင်လို့ပါ၊ အမျိုးသမီး လိုက်ခွင့်မရှိပါဘူး။ ဒီလိုလုပ်ပါလေ။ ကုန်းပေါ်တက်ပြီး "ဧကရာဇ်"မှာ စားကြသောက်ကြ ရအောင် "
ဒိုလားရက်စ်က လက်မောင်းကို ဆောင့်ရုန်းလိုက်ပြီး -
" ဖယ်ပါ၊ ကျွန်မကို လွှတ် "
" အလိုဗျာ၊ မင်းက စ တာလား၊ ကျုပ်က စ တာလား "
" သွားသေလိုက် "
ဒိုလားရက်စ် လှည့်ထွက်ပြီး ပြေးလာခဲ့သည်။ တစ်နေရာတွင် စကတ်စွန်းကို နင်းမိပြီး ထိုးလဲကျသွား၏။ ကပ္ပလီသုံးလေးယောက် ၀ိုင်းရယ်ကြသည်။ မျက်စိတွေ ပြာဝေသွား၏။ နေက ကျဲကျဲပူနေပြီ။ ညက အရက်ရှိန်ကြောင့် ရေပိုငတ်နေသည်။ တစ်နေရာရာမှာ မနားလျှင် အချိန်မရွေး လဲကျ သွားပြီး ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
ဘယ်လိုနေရာဖြစ်ဖြစ် တစ်နေရာတော့ ရှာရမည်။ ပထမ ရှာရ မှာက သေတ္တာစောင့်ခိုင်းထားသည့် ကောင်လေး။ လစ်မသွားသေးရင်ပေါ့လေ။ ဆိပ်ကမ်းက အရှည်ကြီး၊ လူတွေ က အများကြီးမို့ စောစောက ထားခဲ့သည့် နေရာကို မနည်းပြန်ရှာရသည်။
တော်ပါသေး၏။ ကောင်လေးကိုရော သေတ္တာကိုပါ ပြန်တွေ့ရသည်။ ကောင်လေးက ကျွန်ဈေးသို့ ပို့မည့်ဆဲဆဲ ကပ္ပလီအုပ်ထဲမှ ကောင်မလေးတစ်ယောက်ကို ငေးကြည့်နေ၏။
" ကောင်လေး၊ နင် ငါနဲ့ လိုက်မလား "
ဒိုလားရက်စ် အမေးကို နားမလည်ဟန်ဖြင့် ပျင်းတိပျင်းတွဲ ထပြီး -
" သေတ္တာ ယူတော့မလား မလေး "
" အေး၊ နင် ထမ်းခဲ့ "
ကိုယ့်ကိုယ်ကိုယ်တောင် မနည်းသယ်နေရသည့် အဖြစ်သို့ ရောက်နေပြီ။
" ဟုတ်ကဲ့ မလေး၊ ဘယ်ထမ်းပို့ရမလဲ ခင်ဗျ "
" အခန်းရှိတဲ့နေရာ သွားမယ်၊ ဧကရာဇ်မှာ ရှိမယ် မဟုတ်လား "
ဘယ်မှာရှိမှန်းမသိ။ စောစောက ကြားဖူးသည့် နာမည်ကို လေဖမ်းဒန်းချီလိုက်ခြင်းဖြစ်၏။ ကောင်လေးက သိပုံ ရသည်။ သေတ္တာထမ်းပြီးရှေ့မှ ဦးဆောင်သွားသည်။ တည်းခို မည့်နေရာ ရောက်အောင် လျှောက်နိုင်ပါစေဟု ဆုတောင်းပြီး နောက်မှ လိုက်သွားသည်။
ဆိပ်ကမ်းတစ်ဝိုက်က သည်လိုနေရာကို မိမိ ရောက်နေလိမ့်မည်ဟု ကာလက် လုံးဝ စဉ်းစားမိမည် မထင်။ နယူးအော်လီယန်း ဘ၀ကို ပြန်တွေးမိပြီး ဧကရာဇ်သည် ဘယ်လိုနေရာ ဖြစ်မည်ကို ဒိုလား ရက်စ် ခန့်မှန်းကြည့် လိုက်သည်။
ရယ်ချင်လိုက်မိ၏။ ဖီးလစ်တို့၊ ဂျူးဒစ်တို့များ လာတွေ့ရင် ဘယ်လောက် အံ့သြလိုက်ကြမလဲ။ ပထမ ၀င်ဝင်ချင်း အခန်းက အတန်ကျယ်ဝန်းသည်။ ဘီယာနှင့် အရက် စသည်တွေ တန်းစီလျက်။ စားပွဲရှည်ကြီး တစ်လုံးတွင် ခုံရှည်တွေ စီချထားသည်။
အရက်ကောင်တာထဲတွင် ကျောက်ပေါက်မ ဗရပျစ်နှင့် လူကြီး တစ်ယောက်၊ မိန်းမကြီးတစ်ယောက် ရပ်နေ၏။ သူတို့နောက်တွင် စင်တစ်ခုရှိသည်။ အရက်ပုလင်းတွေ၊ ပေါင်မုန့်နှင့် ထောပတ်ဘူးတွေ စီစီညီညီ။ ယင်တလောင်းလောင်း။
လူတစ်စု အရက်ထိုင်သောက်နေကြ၏။ တချို့က ကောင်မလေးများနှင့်တွဲလျက်။ အပုပ်ချိန် မရောက်သေး လို့ ထင်ပါရဲ့။ လူသိပ်မဂှုပ်သေး။ ညနေပိုင်းဆိုလျှင် ပြည့်ကျပ်နေမည် မုချ။
ကောင်တာဆီ သို့ လျှောက်သွားပြီး တံတောင်ဆစ်ထောက် ရပ်လိုက်သည်။
" ကျွန်မ အခန်းတစ်ခန်း လိုချင်လို့၊ ခုချက်ချင်း နေမှာပါ "
မိန်းမကြီးက အံ့သြသည့် အမူအရာဖြင့် -
" ဟုတ်လား "
ယောက်ျားလုပ်သူကလည်း မိန်းမကြီးကို ကပ်ပြောသည်။
" ပွတာပဲ "
ဒိုလားရက်စ် က ဂရုမစိုက်ဘဲ ရင်ဘတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။
" ကဲ ... ပြော ၊ ဘယ်လောက်ပေးရမလဲ "
ခတ်ပြတ်ပြတ်လေသံဖြင့် မေးလိုက်သည်။ အဘွားကြီး ပိုက်ဆံအိတ်ကို ငုံ့ကြည့်ပြီး ငြိမ်သွားသည်။ အခန်းခ ကို အဘွားကြီး ပိုယူနေမှန်းသိသည်။ ဆစ်မနေချင်တော့။ တောင်းသလောက် ပေးလိုက် သည်။ နောက်မှ တစ်ခု ကို သတိရလိုက်ပြီး -
" အိပ်ရာခင်း အသစ်ပေးပါ၊ ရော့ နှစ်ပဲနိ "
" လေးပဲနိ ယူတယ်ကွယ့် " " သုံးပဲနိထားပါ၊ ကဲ ... ကဲ ရော့ ... ရော့၊ မထူးပါဘူး၊ ကျွန်မ ပြောတာ အသစ်နော်၊ သူများ အိပ်ပြီးသားမလိုချင်ဘူး "
" ဒါ တူမကြီးရဲ့ ကောင်လေးလား "
" ဟုတ်တယ်၊ ဒါပေမဲ့ သူ ဒီမှာ မအိပ်ပါဘူး၊ ကဲ ... ကျွန်မကို သော့ပေးလေ "
" သော့ ဟုတ်လား၊ ဘာလုပ်ဖို့လဲ၊ မင်းတုပ်ရှိသားပဲ "
သည်အခါတော့ ဒိုလားရက်စ် အလျှော့မပေးတော့။ ပင်ပန်းလွန်းလို့ စိတ်ကလည်း တိုလာပြီ။
" အို သော့မရှိလို့ ဖြစ်မလား "
သည်တော့မှ မိန်းမကြီးက သူ့ခါးမှ သော့တွဲကြီးဖြုတ်ပြီး တစ်ချောင်းရှာပေးသည်။ သည့်အတွက် အဘွားကြီးကို တစ်ပဲနိ ထပ်ပေးလိုက်သေးသည်။ အိပ်ခန်းဆီသို့ အဘွားကြီး လိုက်ပို့ပေးသည်။
အခန်းမှာ မှောင်မည်းနေ၏။ ကြက်သွန်နီနံ့၊ ဆေးရွက်ကြီးနှင့် ချွေးနံ့လှိုင်နေသည့် အခန်း။ တရုတ်ကတ်တွေ ပိတ်ထားသည်။ ပျက်စီးနေသည့် ပြတင်းပေါက်ကို အ၀တ်စုတ်နှင့် ဖာထား၏။
အိပ်ရာပေါ်တွင် ခင်းဖုံစုတ်တစ်ခုနှင့် ခေါင်းအုံးတစ်လုံးရှိသည်။ ခေါင်းအုံးက အစွပ်မရှိ။ ကုလားထိုင် တစ်လုံးရှိသည်။ အခန်းက စုတ်ပြတ်နေ၏။
" ကဲ ကျွန်မကို သော့နဲ့ အိပ်ရာခင်း ပေးလေ၊ ကျွန်မ ရှင်တောင်းတဲ့ဈေး ပေးတယ်နော်၊ ဒီအတိုင်း ပစ်စလက်ခတ်တော့ မလုပ်နဲ့၊ ကောင်လေးရေတစ်ပုံးသွားခပ်စမ်း၊ ငါ ပြီးမှ ပိုက်ဆံပေးမယ် "
အဘွားကြီး က စိတ်ချမ်းသာစေရပါမယ်ဟု ကတိပေးတော့ ဒိုလားရက်စ် မဲ့ပြုံး ပြုံးသည်။ အင်း ခုချိန် အထိတော့ ကွက်တိပဲ။ ဒါထက် ပိုသုံးမိရင်တော့ နယူးအော်လီယန်းကို ရောက်မှာ မဟုတ်တော့ ဘူး။ ကောင်လေး ရေတစ်ပုံးနှင့် ပြန်ရောက်လာသည်။ ပိုက်ဆံယူပြီး ပြန်ထွက်သွားသည်။ တံခါးပိတ်ကာ အတွင်းမှ မင်းတုပ်ထိုးလိုက်၏။
ပိုးဟပ်တစ်ကောင် ကြမ်းပြင်ပေါ်တွင် လျှောက်သွားနေသည်။ နင်းခြေဖို့ပင် စိတ်မ၀င်စားတော့။ ဒူးထောက်ပြီး ရေပုံးထဲတွင် မျက်နှာနှစ်လိုက်သည်။ ပြီးတော့ ရေငတ်နေသည့် ခွေးတစ်ကောင်လို တရွှပ်ရွှပ် ငုံ့သောက်လေတော့သည်။ ပူလောင်နေသည့် အာခေါင် တစ်လျှောက် အေးမြဆင်းသွားပြီး နေသာ ထိုင်သာ ရှိသွားသည်။
ပြတင်းပေါက် ဖွင့်ပြီး နောက်ဖေးသို့ ကြည့်လိုက်သည်။ ကြက်တွေနှင့် ၀က်နှစ်ကောင် မွေးထားသည်ကို တွေ့ရ၏။ စုတ်စုတ်ပြတ်ပြတ် ကလေးနှစ်ယောက် သုံးယောက် ကစားနေကြ သည်။ ၀င်လာသည့်လေက လေကောင်းလေသန့် မဟုတ်သော်လည်း မူလ အခန်းထဲမှ လေနှင့်စာ လျှင်အေးမြကြည်လင်သည်။
အိပ်ရာခင်းအသစ် ကုလားထိုင်ပေါ်တွင် ခေါက်လျက်သား ရှိနေ၏။ ခင်းဖုံစုတ်ကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သည်။ မွေ့ရာပေါ်တွင် ကြမ်းပိုးရှာကြည့်သည်။ တော်ပါသေး၏။ ကြမ်းပိုးမတွေ့ဘဲ ပုရွက်ဆိတ်နှစ်ကောင် သာ တွေ့သည်။ ညစ်ပတ်နံစော်နေသည့် ခေါင်းအုံးကိုလည်း ခင်းဖုံပေါ်သို့ ပစ်တင် လိုက်သည်။
ပြတင်းပေါက်ဆီသို့ ပြန်ကြည့်လိုက်သည်။ အိမ်ခေါင်မိုးတွေကို ကျော်ပြီး မိုးသားတွေ လိပ် တက်လာ နေသည်ကို တွေ့ရ၏။ မိုးရွာလျှင် ပုရွက်ဆိတ်တွေ အိပ်ရာပေါ်တက်လာတော့မည်။ ခုတင်ခြေထောက်တွေ အောက်မှတော့ ခွက်တွေ ခံထားပေး၏။ သို့သော် ရေမရှိ။
ဟိုအိမ်က လစ်လာသည့် ငွေခွက်နှင့် ရေခပ်ပြီး ခြောက်သွေ့နေသည့် ရေခံခွက်တွေကို လိုက်ဖြည့် သည်။ ဖိနပ်နှင့် အ၀တ်တွေကို ချွတ်လိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်၏။ လက်နှစ်ဖက်ကို ယှက်ပြီး ခေါင်းအုံးသည်။ ပြတင်းပေါက် မပိတ်ရသေးကြောင်း ခုမှ သတိရသည်။ အခန်းထဲဝင်ပြီး ရှိစုမဲ့စု ကလေး သူခိုးခိုးခံရလျှင် ဒုက္ခဖြစ်မည်ကို သိသော်လည်း မထချင်တော့။ အိစက်ညက်ညောသည့် ဖဲမွေ့ရာပေါ် မှာ အိပ်စက်နားနေရသည့်အလား ဇိမ်ရှိလှသည်။ မနည်းအားယူ ထ ရသည်။ ပြတင်းပေါက်ပိတ်ပြီး အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။
ပင်ပန်းလှပါပြီ။ ငိုဖို့လည်း သတိမရနိုင်တော့ပါ။ သစ်ဖြူတော၏ ၀ိုးတ၀ါး ပုံရိပ်များ ကိုပြတ်တောင်း ပြတ်တောင်း မြင်နေ၏။ အေးအေး ဆေးဆေးနှင့် အချိန်ကြာမြင့်စွာ စားသောက်လေ့ ရှိသော ညစာ ၀ိုင်းများ။ ဟင်းလျာပွဲတွေက စုံလင်လှသည်။ ၀ိုင်တွေက ပြည်တွင်းဖြစ် မပါ။ အားလုံး ဥရောပ မှလာသည့် ၀ိုင်တွေချည်း။ ကာလက်နှင့် မျက်နှာချင်းဆိုင်ကာ ပြုံးပျော်ကြည်နူးစွာ စားသောက်နေပုံများ။
ပြီးတော့ ၀က်သစ်ချမြိုင် စံအိမ်ကြီး၏ ပြတင်းပေါက်မှ မြင်နေရသောဆေးနှင့် မဲနယ်ခင်းများ၊ အိမ် ပတ်ဝန်းကျင် မှ ပန်းခင်းများ၊ သားကလေးရော်ဂျာ မွေးသည့်အခန်း၊ သေးကွေးနုနယ်လှသည့် သား ကလေး ကို ရင်ခွင်မှာ ပွေ့ချီထားရည့် ရင်ငြိမ်အေးမြခြင်းများ။
အားလုံး သည် မနေ့တစ်နေ့က အဖြစ်များနှင့် မတူဘဲဟိုးအဝေးကလေးဘ၀က ဖြစ်ခဲ့သည့် မှုန်ပြယ် ၀ိုးဝါး အဖြစ်များနှင့် တူနေ၏။ နာကြည်းစရာ မကောင်းတော့သည့် အတိတ်ဟောင်း ဝေဒနာတစ်ခု နှင့် တူနေ၏။
သူတို့တစ်တွေ သည် ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ဖို့ ဘုရားသခင်က ခွင့်ပြုထားသည့် ကာလအပိုင်း အခြား တစ်ရပ် ကို ရိုင်းစိုင်းရက်စက်စွာ ပြောင်းလဲပစ်ခဲ့ကြသည်။ နှလုံးသားမဲ့စွာ အနိုင်ယူခဲ့ကြ၏။ ခုတော့ မုန်းတီး ဖို့ အားကြိုးမာန်တက် မစဉ်းစားချင်တော့။ ဘာမှလည်း ထူးထူးထွေထွေ မခံစားရတော့။ စိတ်တွေ နောက်ကျိရီဝေကာ ကိုယ်တွေလက်တွေ ကိုက်ခဲနေခြင်းလောက်သာ ကျန်တော့သည်။ သို့သော် သည်မျှလောက်ကို ခံစားဖို့ပင် အင်အား မရှိတော့သလိုဖြစ်ကာ အိပ် ပျော်သွားလေတော့၏။
နိုးလာချိန် တွင် မှောင်ရီပျိုးနေပြီ။ သက်ပြင်းချပြီး တစ်ဖက်သို့ စောင်းလိုက်သည်။ သည်အတိုင်း အကြာကြီး ငြိမ်နေလိုက်သည်။ နံရံမှ အက်ကြောင်းကို စိုက်ကြည့်နေရင်း ရှေ့လျှောက် ဘာတွေများ ဖြစ်လာဦးမလဲဟု စဉ်းစားနေ၏။ နယူးအော်လီယန်းကို ပြန်ရောက်အောင် သွားဖို့က တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
သိုပသော် ဟိုရောက်တော့ ဘာဆက်လုပ်မလဲ။ ဆိုင်မှထွက်ပြီး လင်နောက် လိုက်ပြေးသည့် ကောင်မလေး တစ်ယောက် ကို အန်တီဂျွန်နီတာက ပြန်လက်ခံပါဦးမည်လား။
ဆိပ်ကမ်းတကာ လည်ပြီး သစ်သီးရောင်းရင်ကော။ အလွန်မတန် အရုပ်ဆိုးချင်ဆိုး၊ မဆိုးလျှင် အရွယ် အိုချင် အို၊ သည်လိုမဟုတ်လို့ကတော့ ချိုနှင့် သားရေပင် ကျန်ဖို့မလွယ်။
ရေထဲ ခုန်ချပြီး ဘ၀ကို အဆုံးသတ်လိုက်လျှင်ကော။ ကိုယ့်ရင်သွေးကို ကိုယ်ကြည့်ခွင့် မရတဲ့ဘ၀ က သေတာနဲ့ ဘာများထူးသေးလို့လဲ။ မွေးကတည်းက တစ်ဆိတ်ကလေးမျှ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရ တဲ့ အရိုင်းဘုံတွင် အသက်ရှင်နေလို့ကော ဘာအဓိပ္ပာယ် ရှိပါမည်လဲ။
သန့်ရှင်းချင်ပါ၏။ မွန်မြတ်ချင်ပါ၏။ သို့သော် သန့်ရှင်း မွန်မြတ်ခွင့်ကို သူတို့က ပေးမှ မပေးကြတာ။ သည်တော့ စိတ်လိုက်မာန်ပါ လုပ်မိ၊ အမှားမှား အယွင်းယွင်းတွေ ဖြစ်၊ မိမိအပြစ်လား လူတွေ၏ အပြစ် လား ဆိုသည်ကိုပင် မစဉ်းစားချင်တော့။ မူးရီမူးဝေ စိတ်တွေ ညစ်လှပြီလေ။
ဤသို့ဖြင့် ညအချိန်သို့ ရောက်ခဲ့ပြီ။ ဖယောင်းတိုင်လည်း မရှိ။ ကျောထဲစိမ့်သွား၏။ မိုးများရွာဦးမှာ လား။ ရေပုံးထဲတွင် ကျန်နေသေးသည့် ရေကို မော့သောက်လိုက်သည်။ ပြီးတော့ ကိုယ်လက်သန့် စင်သည်။ ဆပ်ပြာလည်း မပါ။ သေတ္တာထဲမှ အင်္ကျီတစ်ထည်ကို မျက်နှာသုတ်ပ၀ါအဖြစ် အသုံးပြုရ သည်။ အတော်ကလေး လန်းလန်းဆန်းဆန်း ဖြစ်သွား၏။ အပေါ်ပိုင်း ဆေးကြော ပြီးတော့ ခြေအိတ်ချွတ်ကာ ခြေထောက်နှစ်ဖက်ကို ရေပုံးထဲ ထည့်စိမ်လိုက်သည်။ ခရီးရှည် ချီတက် လာခဲ့ရ သည့် ခြေထောက်တွေ ကိုက်ခဲနေပြီ။
အားရအောင်ရေစိမ်ပြီးမှ ခြေအိတ်အသစ်တစ်စုံ ထုတ်စွပ်ပြီး ဖိနပ်အသစ် ထုတ်စီးသည်။ မှန်မရှိဘဲ အ၀တ် အစား လဲသည်။ ခေါင်းဖြီးသည်။ စိတ်ထဲ ကျေနပ်သွား၏။ မှန်မရှိသည်ကို ကျေးဇူးတင်ရဦး မည်။ သည်နေရာဟာ အလှပြင်အပ်တဲ့ နေရာမျိုး မဟုတ်ဘူးလေ။
အ၀တ်ဟောင်းများဖြင့် ငွေထည်ပစ္စည်းတွေကို ပတ်လိုက်သည်။ ဆာလာအိတ်ကတော့ အတွင်းခံ အင်္ကျီတွင် မြဲမြဲချည်ထားဆဲ။ ပိုက်ဆံအိတ်ကလေးထဲတွင် လောလောဆယ် သုံးလောက်ရုံ အကြွေအနုပ်တွေ ကျန်သေးသည်။ သေတ္တာကို သေသေချာချာ သော့ခတ်၊ အခန်းကို လုံလုံခြုံခြုံပိတ်ပြီး အပြင်သို့ ထွက်ခဲ့သည်။
အရက်ဆိုင် ထဲတွင် လူတွေ စားစားသောက်သောက်နှင့် ပြည့်ကျပ်ဆူညံနေပြီ။ အချို့ က ရေချိန်ကိုက် နေကြပြီ။ ကျူးဘားသံဝဲ၀ဲနှင့် စစ်သားတစ်ယောက်က လက်မောင်းလှမ်းဆွဲပြီး သူ့နံ ဘေး တွင် ထိုင်ခိုင်းသည်။
ဘာကြောင့်မှန်းမသိဘဲ ရယ်လိုက်မိသည်။ စပိန်စကား နားမလည်ဟန်ဆောင်ပြီး အရက်ကောင်တာဆီသို့ ဆက်လျှောက်သွားသည်။ ဆိုင်ရှင်မိန်းမကြီးဆီမှာ ဖယောင်းတိုင်ဝယ်သည်။ ကြည်ကြည်လင်လင် ဖြစ်နေပြီ။ အားရှိနေပြီ။ ဈေးကို သူတောင်းတိုင်း မပေးတော့။ တစ်တိုင်အစား သုံးတိုင်ရအောင် ဆစ်ယူခဲ့သည်။
ဆိုင်ဝတွင် ဆူဆူညံညံ ဖြစ်နေ၏။ အင်္ဂလိပ်လိုပြောပြီး စကားများနေကြခြင်းဖြစ်သည်။ ဒိုလားရက်စ် လှည့်ကြည့် လိုက်သည်။ ကောင်တာကို ကျောပေးပြီး တံတောင်နှစ်ဖက်ဖြင့် ထောက်လျက်။
နေ့လယ်က ၀၀လင်လင် အိပ်လိုက်ရသည့်အတွက် ကျေနပ်နေမိ၏။ ညပိုင်းတွင် စိတ်ချလက်ချ အိပ်လို့ ရမည် မထင်။ မိန်းကလေးတစ်ယောက်တည်း လာတည်းနေသည်ကို သည်လင်းတတွေ သိလျှင် လွယ်မည် မဟုတ်။
တံခါးဝတွင် ကျောက်ဖြုန်းအရက်ဆိုင်ရှင်က ပိုက်ဆံမပါဘဲ ဆိုင်ထဲ ၀င်လာသည့် လူတစ်ယောက်ကို အတင်း တွန်းထုတ်နေသည်။ ဆွဲအထုတ်ခံရသူက -
" ဟေး၊ ဒီမှာ ကျုပ် အလုပ်မရတာ ကျုပ်အပြစ်လားဗျ၊ သူတို့က ကျုပ်ကို မခိုင်းဘဲ ကပ္ပလီတွေချည်း ခိုင်းနေတော့ ကျုပ် ဘာတတ်နိုင်မှာလဲ "
ကျောက်ဖြုန်းက ထပ်အော်သည်။
" ဟေ့၊ ထွက်သွားဆို မသွားဘူးလား၊ မင်း ဒီလိုလုပ်နေတာ သုံးရက်ရှိပြီ "
" ကျုပ်ပြောတယ်လေဗျာ၊ အလုပ်ရရင် ပြန်ဆပ်ပါ့မယ်လို့၊ မနက်ကတည်းက ပေါင်မုန့်တစ်စတောင် မစားရသေးလို့ပါဗျာ။ ကျုပ်ဗိုက်ထဲမှာ အစာမရှိဘဲ ခင်ဗျားကြွေးကို ကျုပ် ဘယ်လိုလုပ် ဆပ်နိုင်မှာလဲ "
အချို့က သူတို့နှစ်ယောက် အပြန်အလှန် ပြောနေပုံကို သဘောကျနေ၏။ အနားကို စုပြုံရောက်လာ ပြီး နားထောင်နေကြသည်။ ပွဲကြီးပွဲကောင်းတစ်ခုတော့ ကြည့်ရဦးမည်ဟု သူတို့ မျှော်လင့်နေကြ၏။
အပြင်ကလူက ဆိုင်ထဲမှ ကျောက်ဖြုန်းထက် သာရည်ရှိနေသည်။ ကျန်းမာတောင့်တင်းသည်။ ဘာလို့များ သည်းခံနေပါလိမ့်။ ကျောက်ဖြုန်းကိုမေးရိုးတစ်ချက်လောက် တီးလိုက်ရင်ပြီးရောဟု ဒိုလားရက်စ် တွေးနေ၏။ နောက်မှ မဖြစ်သေးပါဘူးလေ၊ ရန်ပွဲထဲမှာ ပိတ်မိနေဦးမယ်ဟု စဉ်းစားပြီး တစ်ဖက် သို့ ချာခနဲ လှည့်လိုက်သည်။ မိန်းမကြီးက အောက်နှုတ်ခမ်းကိုကိုက်ပြီး ရန်ပွဲကြည့်နေသည်။
" ကျွန်မ ကို ထမင်းတစ်ပွဲပေးပါ၊ မြန်မြန်လုပ်ပါ "
ရန်ပွဲကို စိတ်ဝင်စားနေသော မိန်းမကြီး ရုတ်တရက် ပြန်မဖြေဘဲ အတန်ကြာမျ -
" ဘာနဲ့ စားမလဲ "
" ဘာရှိလဲ၊ ရှိတာနဲ့ ပြင်ပေးပါ "
မိန်းမကြီးက ထမင်းပန်းကန်ထဲ ပုစွန်တုပ်တွေထည့်ပြီး ဟင်းရည်ပျစ်ပျစ် ဆမ်းပေးလိုက်သည်။ ပေါင်မုန့် တစ်ချပ် လည်း ထပ်ထည့်ပေးသည်။ ဘီယာခွက်ကြီးတစ်ခွက်နှင့် ထမင်းပန်းကန်ကို လက်တစ်ဖက်စီတွင် ကိုင်ပြီး တံခါးဝဆီသို့ လျှောက်လာခဲ့သည်။
" ကဲ ... လာ၊ ဒါ ရှင့်အတွက်၊ အိုး လွှတ်ပါ၊ ဖိတ်ကုန်လိမ့်မယ် "
မနက်စာ မစားရသေးသည့်လူကို ပြောရင်း နံဘေးမှ လိုက်ဆွဲသူကို တစ်ဆက်တည်း ဟောက်လိုက် သည်။ ဒိုလားရက်စ် ကို ကြည့်ပြီး သူစိမ်း၏ မျက်နှာ ၀င်းထိန်သွားသည်။
" ကျွန်တော် ... ကျွန်တော့်ကိုပြောတာ ဟုတ်ပါတယ်နော် "
" ဟုတ်ပါတယ်၊ ရှင့်အတွက်ပါ၊ ကဲ ... စားလေ "
တစ်ဆက်တည်း ကျောက်ဖြုန်းဘက်ကို လှည့်ပြီး -
" ရှင် ဆက်ဟောက်မနေ နဲ့၊ ဒါ ပိုက်ဆံပေးပြီးသား၊ ဒီပုဂ္ဂိုလ်က ကျွန်မမိတ်ဆွေရှင့်၊ နားလည်လား "
ကျောက်ဖြုန်း က ကောင်တာမှ မိန်းမကြီးကို လှမ်းမေးသည်။
" ဟေ့ လူစီ၊ ဒီထမင်းပွဲဖိုး ပေးပြီးသားဆို "
" ဟုတ်တယ်၊ ဘာပြုလို့လ "
" ကောင်းပြီလေ၊ ကျုပ်သာ မင်းဆိုရင် ဒီလို ခြူးတစ်ပြားမှ မရှိတဲ့ ကောင်မျိုးကို မကျွေးဘူး "
ဒိုလားရက်စ်က ထမင်းပွဲချထားသည့် စားပွဲသို့ သူစိမ်း၏ အင်္ကျီလက်မောင်းကိုဆွဲပြီး ခေါ်သွားသည်။
" ကဲ ... စားလေ "
သူက ရုတ်တရက် မစားသေးဘဲ ထမင်းပွဲကို မွတ်သိပ်စွာ ကြည့်နေသည်။ ပြီးတော့ ဒိုလားရက်စ် ကို မော်ကြည့်ပြီး -
" ကျွန်တော့်ကို သိလားဟင် "
" မသိပါဘူး၊ စားလေ ... ခု ကျွန်မတို့ မိတ်ဆွေဖြစ်သွားပြီပေါ့ "
သူက ဘီယာ တစ်ကျိုက်မော့ပြီး နှုတ်ခမ်းကို လက်ခုံနှင့်သုတ်နေစဉ် ဒိုလားရက်စ် သူ့အနားမှ ထ သွားသည်။ သူက လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး -
" ဟင် သွားတော့မလို့လား "
" ကျွန်မ လက်ကို လွှတ်ပါ "
ဒိုလားရက်စ် ခပ်ဆတ်ဆတ် ပြောလိုက်၏။ သူက လက်ကို လွှတ်ချလိုက်ပြီး -
" ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် ထင်တာက "
" ရှင်ထင်တဲ့ အစားထဲက မဟုတ်ဘူး "
သူက ထမင်းပွဲထဲကို ဇွန်းထိုးထည့်ရင်း မော်ကြည့်ပြီး ပြုံးသည်။ သူ့ပုံက အကင်းပါးမည့်ပုံ။ သို့သော် ပြုံးပုံက ကြည်လင် သည်။ ကျေးဇူးတရားလည်း သိတတ်မည့်ပုံ။ သူ့အပြုံးသည် ဒိုလားရက်စ်၏ နှုတ်ခမ်းသို့ ကူးစက်သွားသည်။
" ကျွန်တော်ဆိုလိုတာက ဒီလိုပါဗျာ၊ တစ်ခါမှ မမြင်ဖူးတဲ့ လူ တစ်ယောက်ကို ထမင်းကျွေးတယ်ဆိုတဲ့ ကရုဏာရှင်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောမလို့ပါ၊ သိပဆာတာပဲဗျာ၊ ဆိပ်ကမ်းတစ်ဝိုက်မှာ အလုပ်လိုက်ရှာရတာ မရလေ မောလေ၊ မောလေ ဆာလေပဲ၊ ခဏတစ်ဖြုန် ထိုင်ပါဦးဗျာ၊ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး "
ဒိုလားရက်စ် သူနှင့် မျက်နှာချင်းဆိုင်ခုံတန်းတွင် ၀င်ထိုင်ပြီး မေးစေ့ကို လက်ဝါးနှစ်ဖက်ပေါ်တင် ကာ သူစားသည်ကို ကြည့်နေသည်။ ခေါင်းမထောင်ဘဲ အငမ်းမရ စားနေသည်။
လူက နှာတံပေါ်ပေါ်။ မေးတွင် အချိုင့်နှင့်။ ပါးစပ်ကျယ်ကျယ်။ သွားတွေက ညီညာသန့်ရှင်းသည်။ အညိုရောင် ဆံပင်တွေက နေလောင်ထားသဖြင့် နီကြန်ကြန်ဖြစ်နေသည်။ ၀တ်ထားသည့်အင်္ကျီမှာ တစ်ချိန် က အပြာရောင်ဖြစ်ဟန်ရှိသည်။ ခုတော့ ဘာအရောင် ရှိခဲ့မှန်းမသိအောင် လွင့်ပြယ်နေပြီ။ ပခုံးချုပ်ရိုးတွေ လည်း စုတ်ပြဲနေပြီ။ ခြေအိတ်ကလည်း ဒူးဆစ်အောက်တွင် အပေါက်တွေနှင့်။ ဂရုတစိုက် ဖာထေးပေး မည့် မိန်းမရှိဟန်မတူ။
စားနေရာမှ သူ မော်ကြည့်သည်။ မျက်လုံးတွေက အပြာရောင်၊ မျက်ခုံးမွေးတွေက ခူယားကြီးနှစ် ကောင်ကပ်နေဘိသို့။
" ကျွန်တော့်ကို ဘာပြုလို့ ခုလို ဒါနပြုတာလဲဟင် "
" ဘာရယ် လို့ မဟုတ်ပါဘူး၊ ရှင့်ကြည့်ရတာ အထီးကျန်ဘ၀သမားနဲ့ တူလို့ပါ "
ဒိုလားရက်စ် တီးတိုးပြန်ပြောသည်။
" ညစာ စားပြီးပြီလားဟင်၊ ကျွန်တော့်ကိုတော့ ကျွေးပြီး "
ဒိုလားရက်စ်နှင့် သူ့စကားမဆုံးမီ ခေါင်းယမ်းသည်။ မနေ့ကတည်းက ငှက်ပျောသီးတစ်လုံးနှင့် စပျစ်သီးတစ်ခိုင်ကလွဲပြီး ဘာမှမစားရသေးမှန်း ခုမှ သတိရသည်။
" ဒါဖြင့် စားလေ "
" စားပါ၊ အဲဒါ ရှင့်အတွက်ပဲဟာ "
သူက ပေါင်မုန့် ကို ဘီယာထဲ နှစ်လိုက်ပြီး ကမ်းပေးရင်း -
" ရော့ စားလိုက်ပါ၊ ခံတွင်းမကောင်းတဲ့အခါ သိပ်အရသာရှိတာ "
ဒိုလားရက်စ် လှမ်းယူပြီး စားကြည့်သည်။ သူပြောသည့်အတိုင်း အရသာရှိလှသည်။
" ကောင်းတယ် မဟုတ်လား "
ဒိုလားရက်စ် ခေါင်းညိတ်သည်။
" ဖယောင်းတိုင်တွေ ရင်ဘတ်ထဲ ထည့်ထားတော့ ပျော့ကုန်မှာပေါ့၊ စားပွဲပေါ် တင်ထားပါလား "
ဒိုလားရက်စ် ရယ်သည်။ သူပြောသည့်အတိုင်း နှိုက်ယူပြီး စားပွဲပေါ်တင်ထားလိုက်၏။
" ကျွန်မ လုံးလုံးမေ့နေတယ် "
" စကားပြောပုံက တစ်မျိုးပဲနော် "
သူက ဒိုလားရက်စ်ကို စပ်စုလိုက်သည်။
" ကျွန်မ အင်္ဂလိပ်မဟုတ်ဘူး "
" စပိန်လားဟင် "
" ဟုတ်တယ်၊ နယူးအော်လီယန်းမှာ နေတယ် "
" အဲဒီမှာ နေတာ ကြာပြီလား "
" သိပ်မကြာသေးပါဘူး "
" ကျွန်တော့်ကို နာမည်လေးဘာလေး ပြောပါဦး "
ဒိုလားရက်စ်ရှာရမီဟု ပြောမည်ပြုပြီးမှ နှုတ်က မထွက်ရဲဘဲ ဖြစ်နေ၏။ ဒိုလားရက်စ်ဘွန်ဒီယိုဟု ပြောရမှာလည်း ၀န်လေးသလို ဖြစ်နေပြန်သည်။
" ဒိုလားရက်စ်ပါ "
" ကျွန်တော့်နာမည် တက်အပ္ပဂျွန်းပါ "
သူက ချီတုံချတုံ လုပ်နေပြီးမှ မေးခွန်းတစ်ခု ထုတ်လာသည်။
" ခု ဒီမှာ ဘာလာလုပ်နေတာလဲ မစ္စဒိုလားရက်စ် "
" ကြုံတာနဲ့ ၀င်လာတာပါ "
သူ ကျေနပ်ဟန် မတူ။
" အမျိုးသားကကော ဒီမှာပဲလားဟင် "
ဒိုလားရက်စ် နှုတ်ခမ်းကို ကိုက်လိုက်သည်။
" ကျွန်မမှာ ယောက်ျားမရှိပါဘူး "
" ဒါဖြင့် လက်က လက်စွပ်ကကော "
" ရှင့်ပါးစပ်ကို ထမင်းစားဖို့ပဲ သုံးပါလား "
ဒိုလားရက်စ် ခပ်ဆတ်ဆတ် ပြောလိုက်တော့မှ တက်အပ္ပဂျွန်း မျက်လွှာချသွားသည်။
" ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ နော် "
ဒိုလားရက်စ် လက်ဝါးပေါ်သို့ နဖူးမှောက်ချလိုက်သည်။ ပြီးတော့ လက်တစ်ဖက်ဖြင့် ဆံပင်တွေကို ထိုးဖွနေသည်။
" ကျွန်မ စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ ကျွန်မစိတ်က မမှန်ဘူးရှင့်၊ တစ်ခါတစ်ခါ စိတ်ရှုပ်လာရင် အောက် တန်းကျချင်တယ် "
" ကျွန်တော် စိတ်မကောင်းပါဘူး ခင်ဗျာ၊ ဒါပေမဲ့ ဘာမှ မဖြစ်လောက်ပါဘူးနော်၊ ကိစ္စ မရှိလောက်ပါဘူး"
သူ့အသံက နူးညံ့နေ၏။ ဒိုလားရက်စ် ဘာမှပြန်မပြောဘဲ ခေါင်းငုံ့မြဲ ငုံ့ထားသည်။ ခဏကြာတော့မှ တက်အပ္ပဂျွန်း စကားဆက်သည်။
" ဒီမယ် မစ္စဒိုလားရက်စ်၊ ကျွန်တော် ဘာမှ ပြန်ဝယ်မကျွေးနိုင်ပါဘူးဗျာ၊ ဒါပေမဲ့ တစ်ခုခုတော့ စားပါနော်၊ ပိုပြီး နေကောင်းသွားပါလိမ့်မယ် "
" ဟုတ်လား "
" တကယ်ပြောတာပါ၊ ကြည့်ရတာ သိပ်ပင်ပန်းနေသလိုပဲ "
အင်္ကျီအိတ်ထဲက သိုးမွေးပိုက်ဆံအိတ်ကလေးကို နှိုက်ယူလိုက်သည်။
" ကောင်းပြီလေ၊ ဒါဖြင့် စားမယ်၊ ဒါပေမဲ့ အဲဒီပုစွန်တုပ်ဟင်းတော့ မစားချင်ဘူး "
ပိုက်ဆံယူပြီး သူ ထ၀ယ်သည်။ ပေါင်မုန့်၊ ဒိန်ခဲနှင့် ဘီယာတစ်ခွက်ယူပြန်လာသည်။
" အဲဒါလေး ကုန်အောင်စားပြီး သောက်လိုက်နော်၊ နေသာသွားလိမ့်မယ် "
ဆက်ဖတ်ရန်
.

No comments:
Post a Comment