Friday, March 30, 2012

သာဓု ၏ အတာ, အပိုင်း (၂၂)

( သို့ပါသော်လည်း ရွှင်နေသော အတာ၏ မျက်နှာကလေးသည် အချိန်ကြာကြာ မကြည်လင်နိုင် ဘဲ ရုတ်ရက် ဆိုသလို ငိုင်သွားပြန်၏။
"ဘာပစ္စည်း ပဲ ကောက်ရကောက်ရ ပိုင်ရှင်ကို ပြန်ရှာပြီး ပြန်ပေးရမယ်" အစရှိသော ဘုရားရှိခိုး တိုင်း ဆရာမဟောပြောသည့် သြ၀ါဒကို အတာကြားယောင်လာ၏။)
ကို ဆက်ဖတ်ရန်..........

"လူလိမ္မာ ဆိုတာ သူများပစ္စည်းကို ခိုးလဲမခိုးဘူး၊ လိမ်ပြီးတော့လဲ မယူဘူး၊ ကောက်ရလို့ရှိရင်လဲ ဖွက် မထားဘူး"
ထိုထို ဆုံးမစကားများ အရ အတာသည် လူမိုက်ဖြစ်ရမည်ကို အလွန်ကြောက်၏။ ငရဲခံရမည်ဆိုသည်ကို လည်း သူလန့်၏။ အထူးသဖြင့် တစ်ခါက သူအလွန်နှစ်သက်၍ ငါးပြားတိတိ ပေးဝယ်ထားသော ခဲတံ အဆန်း ကလေး တစ်ချောင်းသည် ဝယ်သည့်နေ့မှာပင် ကျပျောက်သွားခဲ့သောကြောင့် သူသည် မျက် ရည်တယိုယိုနှင့် ငိုမိသည်အထိ နှမြောခဲ့မိ၏။ နောက်တစ်နေ့ ဘုရားရှိခိုးအပြီးတွင် ပစ္စည်းပျောက်သူ များ လာကြည့် ရန် ဆရာမက ကြေညာသဖြင့် သေသေချာချာ ထကြည့်ခဲ့၏။ သူပျောက်သော ခဲတံဟူ၍ ဆင်တူပင် ပါသည်ကို မတွေ့ရသောကြောင့် ထိုနေ့ကလည်း ဝမ်းပန်းတနည်းနှင့် သူ မျက်ရည်ဝဲခဲ့ ရရှာ သေး၏။

ဤသည်တို့ကို အစီအရီ တွေးမိလာသောကြောင့်သာ အတာ ယခုလို ငိုင်သွားခြင်းဖြစ်ဟန်တူ၏။
"ဟုတ်တယ်၊ ငါ ခဲတံပျောက်တုန်းက ဘယ်လောက် ဝမ်းနည်းခဲ့သလဲ၊ မျက်ရည်တောင်ကျတယ်၊ သုံး လေးငါးရက် ငါ စိတ်ညစ်သွားတယ်ဆိုတော့ စွပ်ကျယ်တစ်သေတ္တာလုံးပျောက်သွားတဲ့ ကုလားဆိုရင် ပိုပြီး စိတ်ညစ်မှာပဲ၊ သူ ဘယ်လောက် နှမြောမလဲ၊ ငါ့လိုနေမှာပေါ့"
အတာသည် ငိုင်ငိုင်တွေတွေ စဉ်းစားနေရာမှ သို့လျှင် ရေရွတ်မိ၏။
"ငါ မယူဘူး၊ ဒီအင်္ကျီတွေ ငါမယူတော့ဘူး၊ ခေါက်ဆွဲသည် ကြီးကြီးတုန်းက ပိုက်ဆံပြန်ပေးသလို ဒီအင်္ကျီတွေလဲ ဥစ္စာရှင်ကို ပြန်ပေးလိုက်တော့မယ်"
အတာသည် လူလိမ္မာကလေး ဖြစ်လိုသူပီပီ သို့လျှင် တိကျပြတ်သားစွာ ဆုံးဖြတ်လိုက်၏။ ဤလို ဆုံး ဖြတ်လိုက်သဖြင့်လည်း ခေါက်ဆွဲသည် မှား၍အမ်းလိုက်သည့် ပိုက်ဆံတစ်ပဲကို ယူထားခဲ့စဉ်ကကဲ့သို့ ပင် သူ့ရင်ထဲလေးနေရာ မှ တစ်ခါတည်း ယူပစ်လိုက်သလို ပေါ့သွားတော့၏။ စိတ်ကလေးလည်း ရှင်း သွား၏။
သို့နှင့် အတာလည်း ကြည်ကြည်လင်လင် အမူအရာကလေးဖြင့် အကြီးအသေး သေတ္တာများကို ရွေး၍ တစ်မျိုး တစ်ထပ်စီ စည်းလိုက်၏။ ပြီးသည်နှင့် ထိုသေတ္တာနှစ်စီးကို သူ့မေမေဆိုင်အနီးရှိ ရွှေဆိုင်ဘေး တွင် ကပ်ထား လိုက်စဉ် "ဟဲ့ကောင်၊ ဒါက ဘာတုံး၊ အိမ်ကို သယ်သွားဦးမလို့လား"ဟု မသိန်းမေက လှမ်းမေးလိုက်သဖြင့် "ဟုတ်ပါဘူး မေမေ၊ လမ်းထိပ်က ဖိနပ်ဆိုင်ကို ရောင်းမလို့ပါ"
"ဒါဖြင့် ပြီးရော၊ လာဦး ဒီမှာ ခဏထိုင်ရောင်းစမ်း"
မသိန်းမေ လည်း အတာ့ကို ဆိုင်တွင်ထားခဲ့ပြီး ခပ်လှမ်းလှမ်းရှိ နားဍောင်းကြယ်သီးဆိုင်တစ်ဆိုင်ရှေ့ ထိုင်ချလိုက်၏။ ကြယ်သီးဆိုင်က မိန်းမကြီးကလည်း တစ်စုံတစ်ရာ ဘာမှမပြောရဘဲနှင့်ပင် မသိန်းမေ ၏ခေါင်း မှ ဆံထုံးကိုဖြေချကာ ဟိုရှာသည်စမ်းဖြင့် သန်းဥကောက်နေတော့၏။
အတာလည်း စွပ်ကျယ်သေတ္တာကလေးကို ပေါင်ကြားထဲဝှက်၍ ရုတ်တရက် ဖွင့်ကြည့် လိုက်ပြန်၏။ လေးဘက်လေးချက် ပိုးကြိုးကလေးဖြင့် ချည်တုပ်ထားသော လက်ရာပင်မပျက်သေးဘဲ စုစုပေါင်း ၁၂ ထည်တိတိပါသည်ကို အတာသည်
 သုံးကြိမ်မျှ ရေတွက်ကြည့်ခြင်းအားဖြင့် သေသေချာချာသိလိုက်၏။
"တစ်ထည် သုံးပဲဆိုတော့ ဆယ့်နှစ်ထည်ဆိုရင် နှစ်ကျပ်နဲ့တစ်မတ်ဖိုးတောင် ရှိတယ်၊ နည်းတာမဟုတ် ဘူး"
အတာသည် အသက်ရှူမောမတတ် နှမြောသွားရှာ၏။ သို့ နှမြော သွားသည်မှာ ပြန် မပေး လိုက်သော ကြောင့်မဟုတ်။ ပစ္စည်းရှင်ဘက်မှနေ၍ ကိုယ်ချင်းစာသော စိတ်ဖြင့် နှမြော သွားခြင်း သာဖြစ်၏။
"ငါ ပြန်ပေးလိုက်ရင် ဥစ္စာရှင်တော့ သိပ်ဝမ်းသာသွားမှာပဲ"
ပျောက်သောပစ္စည်းပြန်ရသဖြင့် ဆိုင်ရှင်ကုလားက ဝမ်းသာသွားသည်ကို မြင်လာ၏။ ထို့အတူ အတာ ကိုယ်၌လည်း ပျော်သွား၏။ ခေါက်ဆွဲသည်၏ပိုက်ဆံတစ်ပဲကို ပြန်စဉ်းစားကာ အတာသည် အရသာ တစ်မျိုးဖြင့် ပျော်ခဲ့ဖူးသည် မဟုတ်ပါလော။
စိတ်မချ သလို စွပ်ကျယ်သေတ္တာကလေးကို ဖင်ခုထိုင်ရင်း သို့တွေးနေပျော်နေရာမှ အဘယ်ကြောင့်ဟူ ၍ မပြောတတ်။ ရုတ်တရက်ဆိုသလို အတာ့မျက်နှာတွင် တစ်စုံ တစ်ရာ ဝေခွဲမရ သည့် အသွင်ကလေး ပေါ်လာပြန်၏။
"ကဲ စွပ်ကျယ်တွေ ငါ ပြန်ပေးပါပြီတဲ့၊ ဘယ်သူ့ကို ပေးရမလဲ၊ ဥစ္စာရှင်က ဘယ်ကုလားလဲ"
အတာတွင် ပြဿနာတစ်ရပ် ပေါ်လာပြန်၏။ သူကောက်ယူခဲ့သော သေတ္တာပေါင်း အလုံး ၂၀ မှာ တစ် ဆိုင်တည်းမှရသည်မဟုတ်ဘဲ ဆိုင်သုံးဆိုင်စလုံးကပေးခြင်းဖြစ်သောကြောင့် ထိုအထဲတွင် ပါလာသော စွပ်ကျယ်သေတ္တာ မှာ မည်သူ၏ပစ္စည်းဖြစ်သည်ကို အတာမသိ။ သို့အလျောက်လည်း မည်သူ့ အားပြန် ပေးရမည်ကို အတာတွင် စဉ်းစားမရနိုင်အောင် ရှိနေရှာတော့၏။ သို့ စဉ်းစားမရ၍ မည်သူ့ကိုမျှ ပြန်ပေး ရန် မလို။ သူပင် ရတော့မည်ဟူ၍လည်း သူ ဝမ်းမသာနိုင်။
သို့လျှင် တွေး၍ အတော်ကလေး အကြံရကျပ်နေပြီးမှ
"ဟုတ်ပြီ၊ ငါ ဉာဏ်ရပြီ၊ ကျောင်းမှာ ပစ္စည်းပျောက်တဲ့လူတွေကို ဆရာမကခေါ်ကြည့်ခိုင်းပြီး ပြန်ပေးသ လို ငါလဲ အဲဒီစွပ်ကျယ်ဆိုင်ရှင်ကုလားတွေကို ပြပြီး ဒါ ဘယ်သူ့ဟာလဲလို့ မေးမယ်၊ ဒီလိုမေးပြီး ပြန်ပေး လိုက်ရင် ပြီးတာပဲ"
ဦးနှောက်ခြောက်မတတ် အကြံရကျပ်ခဲ့ရာမှ ယခုမူ သူအဖြေရလာပြန်ပြီဖြစ်၏။ သို့နှင့်အမျှလည်း သူ့ မျက်နှာကလေး ရွှင်ကာ ကြည်ကြည်လင်လင် ဖြစ်နေပြန်၏။
"ဒီလိုလဲ မဖြစ်သေးပါဘူး၊ ဒီကုလားသုံးဆိုင်စလုံး ဒါမျိုးတွေချည်း ရောင်းတာဘဲ၊ အဲဒီတော့ ငါ မေးရင် တစ်ယောက်လဲ သူ့ဟာ၊ တစ်ယောက်ကလဲ သူ့ဟာလို့ ပြောမှာပဲ၊ ဒီလိုဆို ဘယ့်နဲ့လုပ်မလဲ"
သူ့ဟာ သူတွေး၍ သူ့ကိုယ်သူမေးနေပြန်၏။ ဤသည်မှာ သူတွေး၍ရသမျှသော နောက်ဆုံးပြဿနာဖြစ် လျက် စောစောကစဉ်းစားရသော ကိစ္စများထက်လည်း အတာ့အဖို့ ခက်သလိုလို ရှိနေ၏။ စင်စစ်သော် နက်နဲ သလောက်လည်း ခက်ခဲသည်သာဖြစ်၏။ ပထမပိုင်းက ပြဿနာများသည် အတာအား ဦးနှောက် ခြောက်မတတ် အကြံရကျပ်စေခဲ့၏။
ယခုပြဿနာမှာမူ သူ့အား  ဦးနှောက်ခြောက်မတတ် မဟုတ်တော့ဘဲ ဦးနှောက်တွေပင် ခဲကုန်လုနီးပါး အတာ တွင် မစဉ်းစား မတွေးတောတတ်အောင် စိတ်ရှုပ်သွားစေတော့၏။
"ဒီလိုဆိုရင်တော့ ငါ ဘယ်သူ့မှ ပြန်ပေးဖို့မလိုတော့ဘူး ထင်ပါရဲ့"
အပြစ် ကိုကြောက်တတ်သော အတာသည် မဝံ့တဝံ့နှင့် ဤလိုအရဲစွန့်၍ တွေးလိုက်မိပြန်၏။ သို့သော် ဤ အတွေးမှန် သည်ဟူ၍ကား (ပြန်ပေးရန် သင့်သည်ဟု ယူဆစဉ်ကကဲ့သို့) သွက်သွက်လက်လက် မဆုံးဖြတ်ရဲ သလို သူ့ရင်ကလေး ဖိုနေရှာ၏။
"ဟေ့ အတာ"
ရုတ်တရက် အနီးကပ်ခေါ်လိုက်သော အသံကြောင့် အတာတွင် တစ်ကိုယ်လုံးတုန်သွားသည်အထိ လန့်သွားရာမှ ချာခနဲ လှည့်ကြည့်မိလိုက်သည်တွင် နေ့လယ်ပိုင်းက သူရေးသည့် သီချင်းနှင့်ပတ်သက် ၍ ဟက်ဟက်ပက်ပက် ချီးကျူးသွားသော ဈေးထဲမှ အထည်ဆိုင်စာရေးတစ်ဦး ဖြစ်နေသည်ကို တွေ့ရ ပြီး အတာက ဘာမျှမမေးရသေးမီပင်
"ဘယ်မလဲကွ၊ ခုန မင်းရေးထားတဲ့ သီချင်းကော၊ ဦးလေးကို ပြစမ်းပါဦး"ဟု ပြောရင်း အတာ့အနီးတွင် ထိုင်လိုက်၏။
အတာကလည်း အမြတ်တနိုး သီးခြားဖယ်ထားသည့် အဆိုပါသီချင်းရေးထား သည့် သေတ္တာကလေး ကို ဈေးဗန်းဘေးမှ ယူပေးလိုက်သဖြင့် စာရေးလည်း သီချင်းတစ်ပိုဒ်လုံး ဂရုတစိုက် ဖတ်ရှုနေပြီးမှ ဖောင် တိန် ကို အသာဖြုတ်လျက်
"ဒီမှာ အတာ၊ မင်း စပ်ထားတာလေး ကောင်းတော့ ကောင်းတယ်၊ ဒါပေမဲ့ နည်းနည်းပြင်လိုက်ရင် ပို ကောင်းသွားမယ်၊ ဦးလေး ပြင်ပေးမယ်နော်"
"ဟုတ်ကဲ့"
အတာကလည်း ဝမ်းသာအားရပင် သဘောတူလိုက်သောကြောင့် ထိုစာရေးလည်း အတာ့သီချင်း ထဲမှ ထောက်နေသော စကားလုံးကလေးများနှင့် ကာရန်လွတ်နေသည့် စာသားကလေး များ ကို စိတ်ရှည် လက်ရှည် ပြင်ပေးလိုက်သဖြင့် အတာ့သီချင်းကလေးမှာ
"လာ လာ လာ အဆင်ကလေးကောင်း၊ လာ လျှော့ဈေးရောင်းမည် ကောင်းပေသည် ဒီအသွေးကို ပျို ကြိုက်သည် လိုချင်သည် ကိုကိုရယ်၊ ဝတ်ချင်လှပြီ၊ ဝတ်ပါအတည် ကောင်းသည် ရောင်းမည် တစ် ထည် ခြောက်မူးစီ"ဟူ၍ အနည်းငယ် ပြေပြေပြစ်ပြစ် ဖြစ်လာတော့၏။
အတာ ကလည်း ပြင်ပေးသည့်အတိုင်း ဆိုကြည့်ရာ၌ မူလ သူစပ်ထားသည်ထက် အဆိုရ သွက်လာ သောကြောင့် အတော်ကလေး သဘောကျသွားကာ "သိပ်ကောင်းတာပဲ ဦးလေး၊ ခုမှ ဆိုလို့ ပိုကောင်းတယ်"
သို့ပြောနေရာမှ အတာလည်း တစ်စုံတစ်ရာ တွေးမိသဖြင့် စာရေးဖြစ်သူမအား တစ်မျိုး မျက်နှာထား က လေးဖြင့် မော်ကြည်တဲ့ကာ
"ဒါနဲ့လေ ဦးလေး၊ ဥပမာဆိုပါတော့၊ ကျွန်တော်လမ်းသွားရင်း ငွေတစ်ကျပ်ကောက်ရတယ် ဆိုပါတော့၊ အဲဒါ ကျွန်တော်က ငရဲကြီးမှ ကြောက်လို့ မယူဘဲနဲ့ ဟောဒီမှာ ငွေတစ်ကျပ်ကောက်ရတယ်ဗျို့၊ ဥစ္စာရှင် ဘယ်သူ လဲ ပျောက်တဲ့လူ လာယူကြပါလို့ အော်ပြောတယ်ဆိုပါတော့၊ အဲဒီတော့ လူသုံးယောက်က ကျွန်တော့်ဆီ လာပြီး တစ်ယောက်ကလဲ သူ့ဟာ၊ နောက်တစ်ယောက်ကလဲ သူ့ဟာနဲ့ သုံးယောက်စလုံး က သူ့ဟာ လို့ ပြောတယ်ဆိုပါတော့၊ အဲဒါ ကျွန်တော် ဘယ်သူ့ကို ပေးရမလဲ"
စာရေးတွင် ရုတ်တရက် ခေါင်းရှုပ်သလို တွေသွားတော့၏။
"နေပါဦးကွ၊ မင်းဟာက ဥပမာတွေ ဘာတွေနဲ့၊ ဘာဖြစ်လို့ ဒါကို မေးရတာလဲ"
"ဟုတ်ပါဘူး၊ ကျွန်တော်တို့ကျောင်းက ဆရာမကပြောတယ်၊ သူများပစ္စည်းတွေ ဘာတွေကောက်ရလို့ ရှိရင် ဥစ္စာရှင်ရှာပြီး ပြန်ပေးရမယ်တဲ့၊ ဒါကြောင့် ခုနလိုဆို ဘယ့်နဲ့လုပ်မလဲ ဦးလေးဟင်"
"ခု မင်းကော ဘာကောက်ရလို့လဲကွ" အတာတွင် မျက်နှာကလေး မသိမသာ ပျက်သွား၏။ သို့သော် ပြန်ပေးတော့မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း အတာကလည်း မှန်သည့် အတိုင်း ပင် ပြောပြရင်း စွပ်ကျယ်သေတ္တာကလေးကိုပါ ထုတ်၍ပြလိုက်ပြီးမှ "အဲဒါ့ ကျွန်တော် ဘယ်ကုလား ကို ပြန်ပေးရမလဲဟင်"
ထိုစာရေးလဲ တအံ့တသြပင် အတာကို တွေကြည့်နေပြီးမှ သူ့ရိုးသားတည်ကြည်မှုကို ဂုဏ်ပြုသော အားဖြင့် အတာ့ပါးကလေးနှစ်ဖက်ကို ရက်ရက်ရောရော ပွေ့ဖက် နမ်းရှုံ့လိုက်ပြီးမှ
"မင်း သိပ်လိမ္မာတဲ့ကောင်လေးပါလား၊ အတာ ဟင်" ဟု အားမလို အားမရနှင့်ပြောရင်း အတာ့ လက် မောင်းကလေးနှစ်ဖက်ကိုင်၍ လှုပ်နေပြန်သေး၏။
"အေး မင်းမေးတာကို ဦးလေး ပြောပြမယ် ဟုတ်လား၊ ခုန မင်းမေးသလိုဆိုရင် စိတ်ကောင်းမရှိတဲ့လူ မရိုးသားတဲ့ လူ သူတို့ပိုက်ဆံလို့ပြောမှာပဲ၊ တကယ် ပိုက်ဆံပျောက်တဲ့လူက မင်းမေးတဲ့အချိန်မှာ ရှိချင်မှ ရှိတော့မယ်၊ အဲဒီသဘောမျိုးပဲကွ၊ ခုန မင်းကောက်ရတဲ့ စွပ်ကျယ်တွေကိုလဲ ဘယ်ကုလား မေးမေး သူ့ဟာ လို့ ပြောမှာပဲ"
အတာလည်း မျက်မှောင်ကလေးကြုတ်၍ တွေနေရာမှ "ဒါပေမဲ့ ဒီစွပ်ကျယ် သေတ္တာကတော့ သူတို့ သုံးယောက် ထဲက တစ်ယောက်ယောက်ဟာတော့ အမှန်ပဲ မဟုတ်လား ဦးလေးရယ်၊ ဟင်"
ဤ စာရေး လည်း ဟင်းခနဲပင် သက်ပြင်းချလိုက်မိလျက် "မင်းတွေးပုံနဲ့ မင့်အသက်အရွယ်နဲ့ ဆိုဘာမှ မဆိုင်တော့ပါလား အတာ ဟေ အေး၊ တစ်ယောက်ယောက် ရဲ့ပစ္စည်းဆိုတာတော့ မှန်တယ်လေ၊ ဘယ်သူ့ဟာရယ်လို့ မင့်သိသလား၊ ကဲ"
အတာက ယောင်ချာချာကလေး ခေါင်းခါလိုက်၏။
"ဒီတော့ ဒီပစ္စည်းဟာ မင်းနဲ့ထိုက်လို့ ရတာပေါ့ကွ၊ ဘယ်သူ့မှ ပေးစရာလဲမလိုဘူး၊ ပြန်ပေးဖို့လဲ မလို တော့ဘူး၊ မင်းပဲယူပေါ့"
အတာ့မျက်နှာ ကလေးသည် ဤတွင် ထင်ထင်ရှားရှားကလေးကြည့်လာ၏။
"ကျွန်တော် ယူရမယ်၊ ဟုတ်လား"
"အေးလေ၊ မင်း ကံကောင်းလို့ ရတာပဲ၊ မင်းပဲဝတ်ပေါ့ကွ"
"ဒီလိုဆို ကျွန်တော် အပြစ်မရှိဘူးလား ဦးလေး ဟင်"
စာရေး သည် အတာ့ပါးကလေးနှစ်ဖက်ကို အသာဆွဲလိမ်ကာ နဖူးကို နမ်းလိုက်ပြီးမှ
"အပြစ်လဲ မရှိဘူး၊ ငရဲလဲ မကြီးဘူး၊ မင်း ဘာမှမဖြစ်ပါဘူးကွ၊ မင်း ကုသိုလ်နဲ့ မင်း ရတာပဲ"
"ဟာ ဒါဖြင့် ပွတာပဲ"
"အေး မင်း ပွတာပေါ့ကွ၊ ကံကောင်းတာကိုး၊ ကဲ ဦးလေး သွားတော့မယ်နော်"
ထိုစာရေးထွက်သွားပြီးနောက် မရှေးမနှောင်းမှာပင် မသိန်းမေ ရောက်လာ၏။
"ဒီမှာကြည့်စမ်း မေမေ၊ ကျွန်တော် ကောက်ရတယ်၊ စွပ်ကျယ်အင်္ကျီ တစ်ဒါဇင်တောင်မှ"
အတာလည်း ဝမ်းသာအားရ မသိန်းမေကို သေတ္တာကလေး ဖွင့်ပြရင်း ပြောလိုက်သဖြင့်
"ဟင် ဘယ်က ကောက်ရတာလဲ"
ကုလားများကို သေတ္တာလွတ်များစု၍ပေးရန် ပြောထားသဖြင့် ပေးသွားကြောင့် အတာက ရှင်းပြလိုက် သည့်တိုင်အောင်
"ခုပြောတာ အမှန်အတိုင်းပဲလား၊ ငါ့ကို လိမ်မပြောနဲ့နော်၊ ငါ့အကြောင်း နင် သိတယ်မဟုတ်လား၊ သူ များပစ္စည်း ကို မဟုတ်တာလုပ်တာ၊ ငါ နည်းနည်းမှ မကြိုက်ဘူးနော် ဒါပဲ"
"ဘုရားစူး မေမေ၊ အတာ လိမ်မပြောပါဘူး၊ တကယ်ပါ"
"ဒါဖြင့် ပြီးရော"
မသိန်းမေ စကားမှန်၏။ သူသည် ဈေးရောင်းရာ၌ တစ်မတ်တန်ကို နှစ်ကျပ်နှင့်လိမ်ရောင်းသော် ရောင်း မည်၊ သူတစ်ထူး၏ပစ္စည်းဥစ္စာကိုကား မည်သည့်အခါကမျှ ပြစ်မှားခဲ့သည်ဟူ၍ မရှိခဲ့။ ဤလိုကိစ္စမျိုး တွင် အလွန် ရိုးသားသူဖြစ်၏။ သို့သော် ပစ္စည်းတစ်ခုကို အကြွေးယူ၍ ရောင်းပြီးလျှင်မူ ငွေမလွယ်သေး သမျှ မဆပ် ဘဲ နေတတ်ပြန်၏။ မသိန်းမေ၏စိတ်ကား ဤသို့လျှင် ရှာမှရှားလောက်အောင် ကမောက် ကမနှင့် နားလည်ရ ခက်လှတော့၏။
"ရော့ ဝတ်ကြည့်စမ်း"
တစ်ဒါဇင်သော စွပ်ကျယ်ကလေးများအနက်မှ မသိန်းမေလည်း တစ်ထည်ကိုထုတ်၍ အတာအား ဝတ် ခိုင်းလိုက်သဖြင့် အတာလည်း သူဝတ်ထားသော ရှပ်အင်္ကျီကလေးကို ချွတ်ပြီးမှ ထိုစွပ်ကျယ်ကလေး ကို စွပ်လိုက်၏။
"အတော်ပဲ မေမေ နော်"
"အင်း၊ ကဲ ပြန်ချွတ်"
အတာ က ပြန်ချွတ်ပေးလိုက်သည်ကို မသိန်းမေလည်း နေထားတကျ ခေါက်၍ သေတ္တာကလေးထဲပြန် ထည့်လိုက်ပြီး
"ကဲ သွား နင်ပြန်တော့၊ နင့်သေတ္တာအလွတ်တွေ ယူသွား"
သို့ အမိန့်ပေးလိုက်သည်နှင့် အတာလည်း သူ့သေတ္တာအလွတ်ကလေးနှစ်စီးကို တစ်ဖက်စီကိုင်၍ သူ့ မေမေရှေ့တွင် ရပ်တဲ့ကာ
"အဲဒီသေတ္တာကော မေမေ"
အတာလည်း မရဲတရဲ အမူအရာကလေးဖြင့် မသိန်းမေပေါင်ပေါ်တင်ထားသည့် စွပ်ကျယ်သေတ္တာ ကလေး ကိုကြည့်ရင်း မေးလိုက်သည်ကို "ဒါ ငါ ယူလာခဲ့မယ်"
အတာ တွင် ဘာမျှထပ်မပြောဝံ့တော့ဘဲ သူ သီချင်းရေးထားသည့် သေတ္တာလွတ်ကလေးကိုသာ ကုန်း ယူ၍ ချိုင်းတွင် ညှပ်လိုက်ပြီး အခြားသေတ္တာနှစ်စီးကိုင်ကာ သူ့အင်္ကျီသေတ္တာကလေးကို ကိုယ်တိုင် ယူမ လာရ၍ မကြည်မသာနှင့်ပင် ပြန်လာခဲ့၏။
ထိုညအဖို့ အတာမှာ ဝမ်းမြောက်သင့်သလောက် ပြည့်ပြည့်ဝဝ ဝမ်းမြောက်ရွှင်လန်းခွင့် မရရှာသေး၊ သူ့ အမေ ပြန်အလာကိုသာ တငေးငေးဖြင့် မျှော်နေရှာ၏။ မသိန်းမေကား ည ရှစ်နာရီ ထိုးသည့် တိုင်အောင် ပေါ်မလာသေး၊ ထမင်းကိုပင် မအောင့်နိုင်လွန်းသောကြောင့် သူ့ပိုက်ဆံနှင့်ပင် သူစိုက်၍ စားလိုက်ရ ရှာ၏။
တစ်နေကုန်သည် အထိ တကြော်ကြော်အော်၍ သီချင်းလည်းဆို ပြောလည်းပြောနှင့် အမောကြီးမောခဲ့ ရသောကြောင့် အတာလည်း ရှစ်နာရီခွဲလောက်တွင် အိပ်ပျော်သွားတော့၏။
အသက်အရွယ် နုနယ်သေးသည်နှင့်အမျှ မနေ့က ပင်ပန်းခဲ့ရသည်ဒဏ်ကြောင့် အတာသည် ရှစ်နာရီ လောက်မှ အိပ်ရာကနိုးတော့၏။ နိုးသည်ဆိုလျှင်ပင် အတာလည်း သူ့စွပ်ကျယ်သေတ္တာ ကလေးကိုသာ အရေးတကြီးထား၍ လိုက်ရှာတော့၏။ သူ့ဖာကလေးထဲတွင်လည်း မတွေ့၊ အိပ်ရာအောက် တွင်လည်း မမြင်၊ နေရာအနှံ့ရှာသော်လည်း မရှိသဖြင့် မချိတရိထိုင်ကာ မျက်ရည်ကလေးဖြင့် ငိုင်သွားရှာတော့၏။

"အတာရေ"
သို့ခေါ်ရင်း အပေါ်ထပ်သို့တက်လာသော သူ့မမသက်သံကိုကြားရသောကြောင့် အတာလည်း မျက် ရည်များ ကို ပျာပျာသလဲသုတ်၍ "ခင်ဗျာ"ဟု ထူးလိုက်သည့်အချိန်တွင် မခင်သက် အပေါ်ရောက် လာပြီ ဖြစ်လျက်
"မမသက် ကို သွေးဆေးတစ်ထုပ် ဝယ်ပေးစမ်း အတာနော်"
"ဟုတ်ကဲ့"
သို့ပြောရင်း အတာကလေး ထရပ်ကာ မမသက်ဆီသို့ မျက်နှာမူလိုက်သည်နှင့်
"ဟင် မင်း ဘာဖြစ်သလဲ အတာ၊ မျက်ရည်တွေနဲ့၊ ဘာလဲ မင့်မိထွေးက ခေါက်သွားပြန်ပလား"ဟု မခင် သက်က အတာ့အနီးသို့ ကပ်လာရင်း မေးလိုက်၏။

"မဟုတ်ပါဘူး၊ မေမေ မရိုက်ပါဘူး"
"နို့ ဘာပြုလို့ မင်း ငိုနေတာလဲ"
"ဟို မနေ့တုန်းက" ဤလို အစချီတဲ့ကာ အတာလည်း သူ စွပ်ကျယ်သေတ္တာကောက် ရသည့်ဖြစ်စဉ် ကလေးကို ရှင်းပြလိုက် ပြီးမှ "ခု အဲဒီစွပ်ကျယ်သေတ္တာမရှိတော့ဘူး မမရဲ့"
"အို ရှိမှာပေါ့ အတာရဲ့၊ မင်း သေသေချာချာ ရှာပြီးပလား"
"ရှာပြီးပြီး မမ၊ လေးငါးခါရှိပြီ မတွေ့ဘူး"
"ဟဲ့ ဟို ဘုရားစင်ပေါ်က သေတ္တာကလေး မဟုတ်လား"ဟု ပြောပြော မေးမေး လှမ်းယူလိုက်သဖြင့် အတာ တွင် အသည်းခိုက်အောင် ဝမ်းသာသွားတော့၏။

အတာလည်း မခင်သက်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ သေတ္တာကလေးကို သူ့မမသက်လက်ထဲမှ ဆတ်ခနဲ ဆွဲယူကာ ပြူးပြူးပျာပျာနှင့် ဖွင့်လိုက်၏။
"ဟင် နှစ်ထည်ပဲ ရှိတော့တယ် မမ"
တုန်တုန်လှုပ်လှုပ် ပြောလိုက်သော အတာကလေးတွင် ယခု ဒုတိယအကြိမ် မျက်ရည် ကလေး ဝေလာ ပြန်၏။
"ဟဲ့ မင်း အကုန်ဝတ်ပစ်မှာစိုးလို့ မင့်အမေက သူ့သေတ္တာထဲ သိမ်းထားသလားမှ မသိဘဲ"
မခင်သက် က ဤလိုထင်မြင်ချက်ပေးလိုက်မှပင် အတာလည်း အနည်းငယ် စိတ်သက်သာသွား သလို သော့ခတ် ထားသော သူ့မေမေ၏သံသေတ္တာကို လှည့်ကြည့်လိုက်မိ၏။

"ပိုက်ဆံပေးလေ မမသက်၊ သွေးဆေးသွားဝယ်မယ်"
သွေးဆေး တစ်ထုပ် ခပ်သုတ်သုတ်ဝယ်ပေးပြီးမှ ဈေးဘက်သို့ ကတိုက်ကရိုက် ထွက်လာသော အတာ သည် သူ့မေမေဆိုင်တွင် ထိုင်မိသည်နှင့် ကျောင်းလခသောမုန့်ဖိုးသော အဘယ်"သော"ကိုမျှ ဦးစားမ ပေးနိုင် ဘဲ စွပ်ကျယ်ကိုသာ အရေးတကြီးထား၍
"မေမေ ကျွန်တော့် စွပ်ကျယ်တွေကော" ပြင်းထန်နေသော မကျေနပ် မှုကြောင့် ကြောက်စိတ်ကိုပင် နေရာမပေးနိုင်တော့ဘဲ သို့လျှင် အတာက ဝံ့ဝံ့စားစား မေးလိုက်သည်ကို
"မတွေ့ခဲ့ဘူးလား၊ ဘုရားစင်ပေါ်မှာ" မသိန်းမေအသံက ထန်ထန်နှင့် မာလာတော့၏။ ဤတစ်ကြိမ်တွင်မူ အတာ လည်း ကြောက်ရုပ်ဖြင့် နောက်ဆုတ်သွားမည့်အမူအရာမပြ။ မကျေနပ်မှုသည် လူကို သွေးဆူအောင် ဆွပေးတတ်သည့်အတိုင်း
"နှစ်ထည်ထဲတွေ့တယ်၊ ဟို ကျန်တဲ့ ဆယ်ထည်ကို"
"ငါ ရောင်းပစ်လိုက်ပြီ" အတာ တွင် ပါးစပ်အဟောင်းသားနှင့် ငိုင်သွားရာမှ မျက်ရည်လည်း ဖြိုင်ဖြိုင်ကျ လာတော့၏။

"ငိုတာက ဘာဖြစ်လို့လဲ ဟင်၊ နင့်နှမ သေလို့လား"
ဤတွင် အတာလည်း စိတ်ထိခိုက်သွားသော အမူအရာကလေးဖြင့် မော့လာ၏။
"ကျွန်တော့် ညီမသေလို့ မဟုတ်ဘူး၊ မေမေ ကျွန်တော့်အင်္ကျီတွေ ရောင်းပစ်လိုက်လို့"
အတာ လည်း သူ့ညီမကိုထိ၍ မချိအောင် နာသွားသည့်အလား အူလှိုက်သည်းလှိုက် ရှိုက်၍ငိုနေရာမှ ပင် ဤလိုပြောလိုက်သောကြောင့်
"ဟင် ဘာပြောတယ်၊ နင် ငါ့ကို ပြန်ပက်သလား"ဟု ပြောပြောမေးမေး အတာ့ပါးကလေးကို ဖျန်းခနဲ ရိုက် လိုက်သောကြောင့် အတာမှာ သူ့ကိုယ်သူ မဟန်နိုင်ဘဲ လယ်ယာဘက်သို့ ယိုင်ခနဲ ဖင်ထိုင်လဲကျ သွားရှာ၏။

မကျေနပ်မှုကြောင့် သွေးဆူနေသော အတာသည် သူ့မေမေ၏အပြောအဆိုနှင့် အပြုအမူကြောင့် သူ ပို ၍ မကျေနပ်ဖြစ်လာ၏။ သို့နှင့်အမျှလည်း သွေးသည် ပို၍ဆူလာ၏။ သို့သွေးဆူလာလျှင် လူသည် ကြောက်ရလန့်ရမှန်းမသိ ဖြစ်လာ၏။ အတာသည်လည်း လူဖြစ်သောကြောင့် ထို့အတူပင် ခံစားမိ ၍ လား မသိ၊ သူ့မေမေအား တွေတွေကြီးစိုက်ကြည့်နေပြီးမှ "မေမေ မတရားဘူး၊ မေမေကဖြင့် ဝယ်မပေးဘဲနဲ့ ကျွန်တော်ဟာ ကျွန်တော် ကောက်ရတော့လဲ ရောင်း စားပစ်တယ်"ဟု ပြောလိုက်သည်နှင့်
"ဟင် ခုမှ တစ်မိုက်လောက်ရှိသေးတယ်၊ ခြေရာချင်း တိုင်းသလား ကဲ အဲဒါ မတရားတာပဲ၊ ကဲ ကဲ"
ဒေါသတကြီးနှင့် အတာ့ပါးကလေးကို နှစ်ချက်တိတိ ဆင့်ရိုက်လိုက်ပြန်သဖြင့် အတာလည်း ခွေလျက် သား ကျသွားရာမှ အလူးအလဲ ထရပ်လိုက်၏။ ပို၍ယိုကျစီးထွက်လာသော ပါးစပ်မှ သွေးများကို လွယ် အိတ် လက်ကိုင်စဖြင့် သုတ်ရင်း ရုတ်ခနဲ လှည့်ထွက်သွားတော့၏။

ပါးစပ်မှ တစိမ့်စိမ့်ထွက်နေသော သွေးများကို တပျစ်ပျစ်ထွေးလျက် မျက်ရည်ကိုလည်း လက်တစ်ဖက် ကသုတ်ရင်း လျှောက်လာသော အတာသည် ကျုံးကြီးလမ်းထိပ်သို့ရောက်သော် ခါတိုင်းနည်းတူ ကျောင်းဘက်သို့မကွေ့တော့ဘဲ ခြေဦးတည့်ရာ ရွှေတိဂုံစေတီတော်ဘက်သို့ ခေါင်းငိုက်စိုက်ဖြင့် လေး လေးမှန်မှန် လှမ်းနေတော့ ၏။ ကျောင်းဘက်သို့ မကွေ့သည်မှာ သတိပင်မေ့၍လော၊ သို့တည်းမဟုတ် ယခုကြုံခဲ့ ရသော စိတ်ဒုက္ခနှင့် နာကြည်းမှုကြောင့် ရောက်ရာပေါက်ရာပင် သွားတော့မည်ဟု ခြေဦး တည့်ရာ ထွက်လာခြင်းလေလောဟူ၍ကား ခွဲခြားအကဲခတ်၍မရ။

နှုတ်ခမ်းပေါက်ပြဲနှင့် ပါးစပ်မှ သွေးထွက်လာသည်အထိ သူ့မေမေက ရိုက်လိုက်သောကြောင့် အတာ လည်း ခေါင်းငိုက်စိုက်နှင့်လျှောက်ခဲ့၍ ကော်မရှင်နာလမ်း (ယခု ဗိုလ်ချုပ်လမ်း)ထိပ် အစိုးရဟိုက်စကူး ကျောင်းထောင့်သို့ ရောက်မှပင် သူ လမ်းမှားလာခဲ့သည့်အဖြစ်ကို သတိရတော့၏။
သို့သော် ရုတ်တရက် ပြန်မလှည့်သေးဘဲ ဆေးကျောင်းထောင့် (ယခု ဗဟိုဈေးကွက်လပ်)ရှိ မန်ကျည်း ပင်အောက်တွင် ရပ်၍ ခပ်တွေတွေ စဉ်းစားနေ၏။
အတာ၌ ပညာကို အလွန်လျှင် လိုချင်တပ်မက်သော စိတ်ကလေးပြင်းထန်ခဲ့သည့်အတိုင်း အတန်း သားချင်း ယှဉ်လိုက်လျှင် အညံ့ဆုံးသော အဝတ်အစားဖြင့်သာ ကျောင်းတက်နေရလင့်ကစား အတာ မငြိုမငြင်။ မုန့်ဖိုး မမှန်တမှန်နှင့် ထမင်းရက်ချိန် စားခဲ့ရသည့်တိုင်အောင် အတာ ကျောင်းတက်ရသည် ကို စိတ် မပျက်။ ကျောင်းဝင်းထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ညစ်စရာဟူသရွေ့ အတာ အကုန် မေ့သွား၏။ ထိုမျှလောက် ကျောင်းကိုခင်ကာ ပညာကိုလိုလားခဲ့၏။

ယနေ့သော်မူ အတာသည် ကျောင်းသို့ပင် သွားချင်စိတ်မရှိတော့လောက်အောင် သူ့တွင် စိတ်ကလေး ထိခိုက်နေ၏။ စိတ်မချမ်းသာဖြစ်မည်ဆိုကလည်း ဖြစ်စရာပေပင်။
အတာ ကျောင်းစ၍နေခဲ့သည်မှ ယခုအထိသော တစ်နှစ်ခွဲလောက်အတွင်း၌ အတာ့မေမေသည် အဝတ်အစားဆို၍ သုံးပဲတန် စွပ်ကျယ်ပင် တစ်ထည်တလေမျှ ဝယ်ပေးခဲ့သည်မရှိဘဲ ကံအားလျော်စွာ တစ်ဒါဇင် မျှသော စွပ်ကျယ်များကို သေတ္တာလိုက် အတာကလေး ကောက်ရသည်တွင်လည်း ဆယ် ထည်းလုံးလုံး ရောင်းစား၍ သုံးပစ်လိုက်ပြန်၏။
ဤသည့်အပြုအမူကို အတာကဲ့သို့သော မိမိပစ္စည်းကို မက်မောတတ်သည့် မည်သည့်ကလေးပင်ဖြစ် စေ သဘာဝအတိုင်း ကျေနပ်လိမ့်မည်မဟုတ်၊ အတာကလည်း မကျေနပ်နိုင်။ သို့ မကျေနပ်နိုင်၍ မျက် ရည်ကလေး အိုင်မိသည်ကိုပင် မသိန်းမေက အပြစ်တစ်ခု ကဲ့သို့ ယူဆကာ ရိုက်မောင်းပုတ်မောင်းလုပ် သဖြင့် အတာကလေး တွင် ပို၍မကျေနပ်ဖြစ်လာ၏။
သူ့မေမေ က ရိုက်မောင်းပုတ်မောင်းလုပ်သည်ဆိုရာ၌လည်း သာမန်အားဖြင့် ကလေးကို တော်ရုံသင့်ရုံ ဆုံးမ သည့် သဘောမျိုးမဟုတ်ဘဲ ပါးစောင်အတွင်းသားကလေးပင် ပေါက်ပြဲသွားသည်အထိ ရိုက်လိုက် သည်ဖြစ်သောကြောင့် အတာကလေးတွင် ရိုးရိုးမကျေနပ်မှုမှ ကြီးစွာသော စိတ်ထိခိုက်ခြင်းဖြစ်ခဲ့ရ၏။

"သူကဖြင့် တစ်ထည်မှဝယ်မပေးဘဲနဲ့၊ ငါ့ဟာငါ ကံကောင်းလို့ကောက်ရတော့လဲ ရောင်းစားပစ်တယ်၊ ဒါ တရား သလား၊ ပြီးတော့လဲ ပါးစပ်က သွေးထွက်အောင် ရိုက်သေးတယ်"
ပေါက်ပြဲသွားသော ပါးစပ်အတွင်းမှ ဒဏ်ရာကို လျှာဖျားကလေးဖြင့် တို့ကာထိကာဖြင့် မချိတရိစိတ်ထဲ မှ ရေရွတ်နေမိ၏။ အတန်ကြာသော် မျက်ရည်ကလေး ဝေကျလာရာမှ
"ငါ ကျောင်းနေလို့လဲ အလကားပါပဲ၊ ခုထိလဲ ကျောင်းလခ မပေးရသေးဘူး၊ နောက် ငါအတန်းကြီးသွား လို့ ကျောင်းလခလဲ များလာမ်ယ၊ စာအုပ်ဖိုးတွေ ဘာတွေလဲ ပိုကုန်မယ်ဆိုရင်"
အတာကလေးတွင် အရွယ်နှင့်မလိုက်အောင် ရင်လေးသွားရှာတော့၏။ အမှန်ပင်။ မသိန်းမေသည် နှစ်ကျပ်မျှသော ကျောင်းလခကို ယနေ့တိုင် မပေးခဲ့သေး။ မပေးနိုင်၍လည်း မဟုတ်။ စနေ့နေ့တိုင်း တစ်ဆယ်မှ နှစ်ဆယ်အစိတ်အထိ အရှုံးခံ၍ မြင်းကစားနိုင်သူ တစ်ယောက် အဖို့ နှစ်ကျပ်မျှသော ကျောင်းလခသည် ဘာမျှခဲယဉ်းစရာမရှိ။ သို့သော် မသိန်းမေ မပေး။ သို့ မပေးသေး သည်မှာ အဘယ့် ကြောင့်ဟူ၍ကား မသိန်းမေသာလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။

ဆက်ရန်
.

2 comments:

အမွန် said...

မနက်တိုင်း အတာလေးကို လာလာဖတ်ပြီး သနားရတာက တမျိုး ။ တပိုင်းပြီးသွားတိုင်း မချင့်မရဲ နောက်တပိုင်းမျှော်ရတာကတမျိုး ။ ရသ၂မျိုးပါ မမရွှေစင်ရေ.. :P
နေ့တိုင်းတင်ပေးလို့ ကျေးဇူးပါနော်။

Anonymous said...

အစ်မရေ နေ့တိုင်း စောစောလေး တင်ပေးပါ ရုံးက ငါးနာရီထိုးရင် ဆင်းတာဆိုတော့ ဒီနေ့တင်တာနောက်နေ့မှ ဖတ်ရတယ် အခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်နေ့တွေလဲ များများတင်ပေးနိုင်ပါစေ :D