Monday, February 6, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၂)

ခင်ခင်ထူး
ကျာကျူး

("အဲဒါတွေက လက်ဖက်ရည်အစစ် မဟုတ်ဘူး ဆရာမကြီးရဲ့ ... ကော်ဖီက အမှုန့်ရှိတယ်လေ ... လက်ဖက်ရည် က အမှုန့် မှ မရှိတာ ... ဘယ်လိုလုပ်ပြီး အထုပ်ထဲ ထည့်မလဲ ... နော ဆရာမကြီးရယ်"
"ဟုတ်ပါ့အေ ..." ကျွန်မလည်း ထောက်ခံတဲ့နည်းနဲ့ ခေါင်းညိတ်ရတာတွေ များလှပေါ့။ 
ကျာကျူးက လက်ဖက်ရည် တစ်ခွက်သားအမိနှစ်ယောက် မျှ သောက်ထားရင် တစ်နေကုန် ဈေးလည်း ရောင်းလည်း မမော ဘူးတဲ့။ လက်ဖက်ရည် အာဟာရသိဒ္ဓိ ပြီးတဲ့ပုံမျိုး ပြောသေးတာပါ။ ကျွန်မက "လက်ဖက်ရည် ကလည်း လက်ဖက်ရည်ပေါ့အေ ... ထမင်းတော့လည်း တစ်လုတ်တစ်ဆုတ် စားကြ ပါမှပေါ့ ... အစာအိမ် ရောဂါ ဖြစ်တတ်တယ်" လို့ ပြောမိတယ်။ ကျာကျူး ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ မှာ ဘာပြန် ပြောရမှန်းတောင် မသိတော့ပါဘူး"
"အစာအိမ်ရောဂါ က ထမင်းစားတဲ့လူမှ ဖြစ်တာ ဆရာမကြီးရဲ့ ..."တဲ့) ကို ဆက်ဖတ်ရန်... 


ကျာကျူး က အရွယ် မရောက်တရောက် ဆိုတော့ စိတ်က `နှစ်ဖန်လှ’ ပါ။ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ အခြေခံ ပညာချို့တဲ့ရှာသူဆိုတော့ လူရေလည်လှတယ် ပြောမဖြစ်ပါဘူး။ တစ်ခါ တစ် လေ ကြီးကောင်ဝင်စိတ် ကလေးနဲ့ ရေချိုမိုးချိုး၊ ဖြီးဖြီး လိမ်းလိမ်း ရှိသလို၊ တစ်ခါတလေ ပေစုတ် စုတ်နိုင်တဲ့ ကလေးဆိုး တစ်ယောက် လို ခေါင်းမလျှော်ရေမချိုး ညှင်းသိုးသိုးနဲ့ ရှိချင်းလည်းရှိ တယ်။

မအေးပြောပုံတော့ ရေတိုင်မှာ ရေချိုးဖို့ တစ်ခါတလေ ရိုက်နှက်လွတ်ရသတဲ့။ မချိုးပါ ဘူးရယ်လို့ဇွတ်ကြီး ပေနေတာမျိုး နဲ့ ခံတန်တန် လုပ်နေတတ်သတဲ့။ ရေချိုးချင်တော့လည်း ရေတိုင်ကျောက်ပြားပေါ် တင်ပြင်ချိတ် ပြီး သီးချင်းအေးအေးနဲ့ ချိုးနေလိုက်တာ အသာတွေပြာ၊  လက်ချောင်းတွေ ပဲကြီး ရေတွန့်တာတောင် မထဘူး ဆိုတာတောင် ပါရဲ့။ မအေက `ညည်း ဟာက လွန်လွန်တယ်... ခုထခဲ့’ ဆိုပြန်တော့ `အမေတို့ပဲ အမျိုးမျိုး’လို့ အသံဆူးဆူးနဲ့ ပြန်အော် တာလည်းရှိသတဲ့။ တကယ်တော့ ကျာကျူး က ရွဲ့နေတာမဟုတ်ပါဘူး။ သူ့စိတ်ထဲရေချိုး ချင်လို့ထချိုး တာပဲ။ သူ့ဝသီဖြစ်တဲ့ အထနှေးခြင်း နဲ့ ပေါင်းလိုက်တော့ ကြာချင်တိုင်ကြာပြီးပေါ့။ သုံးလေးရက် ရေမ ချိုးထား ၀တ်ထားတဲ့ အင်္ကျီ၊ ထဘီ၊ ဂါဝန်၊ စကပ် ဆိုတာ များကလည်း သုံးလေးရက် မချွတ်တော့တာ များလည်းရှိတယ်။ ကန့်လန့်လိုင်းစင်း တီရှပ်လို အင်္ကျီကိုအ၀တ် များလို့ တစ်ခါတော့ ကျွန်မက မေး ကြည့်တယ်။

    ``ကျာကျူးအင်္ကျီကလေးလှလိုက်တာ ဘယ်က ၀ယ်တာလဲ’’
    ``ကူမဲ က အဒေါ်ရှိတယ်မဟုတ်လား.. ကျွန်မတို့အိမ်လာတဲ့ ရာဂျားတို့ အမေလေ... အမေ အမလေ.. သူ့ယောကျာ်း က ဈေးထဲမှာ စမူဆာတို့ ရောင်းတယ်လေ...’’
    ``အေး...ပြောပါဦး’’
စကားက အင်္ကျိဆီမရောက်နိုင်သေးပေ သီးခံရတယ်။ သူပြောချင်တာတစ်ခုခုရှိလို့ စကားခင်း နေမှာ လို့ လည်း တွေးမိလို့ပါ။ ဒါပေမဲ့ စကားက ထွက်မလာပါဘူး။ ၀ါကျတစ် ကြောင်းပြောင်းသွားပြီးလို့ ပုဒ်မ နှစ်ချောင်း ချလိုက်သလို ရပ်သွားတာပါ။ ကျွန်မတို့တောင် သဘောပေါက်ပြီလာဆိုတဲ့ မျက်နှာနဲ့ ကြည့် နေလေရဲ့။ ကျွန်မက `ဟဲ့ ဆက်ပြောဦးလေ’ ဆိုတော့မှာ `ဘာကိုလဲ’ တဲ့။ `အင်္ကျီကလေးက လှလို့ ဘယ်က ၀ယ်တာလဲ မေးတာလေ’ ဆိုတော့မှပြုံးတယ်။ ပြီးမှာ ကျွန်မကို သဘောမပေါက်ရန် ကောဆိုတဲ့ လေနဲ့ပြောလေရဲ့။

    ``ဦးဘာဘူ ၀ယ်ပေးတာလေလို့ ဆရာမကြီးကို ပြောပြောပြီးပြီးလေ’’
    ``ဦးဘာဘူ က ဘယ်ကပါလာတာတုန်း ကျာကျူးရဲ့... လုပ်ပြန်ပြီး’’
    ``ရာဂျား တို့ အဖေလေ ကူမဲက’’
    အဲသလို့ဖြစ်တာတွေများလို့ ကျွန်မစဉ်းစားကြည့်တယ်။ သူ့စိတ်ထဲတော့ စကားတွေ စဉ်စားပြီး သား ဖြစ်လောက် ပါတယ်။ နူတ်ကထွက်လိုက်လို့ စကားကျန်ပေမယ့် ပြောမီလိုက်တယ်လို့ ထင်ပုံရရဲ့။ သူပြောချင် တော့လည်း စကားမကျန်ရုံမကဘူး၊ စကားတွေပိုလွန်းလို့ တော်ပါ တော့အေအော်ယူရ တယ်။ ပြောခဲ့ သလို့ပါပဲ။ ကျာကျူးကတစ်ခါတလေ ကလေးစိတ်၊ တစ်ခါတလေ ကြီးခေါင်ဝင်စိတ်နဲ့ဆို တာ့ ကျွန်မတို့က နားလည် ပေးရတယ်။ ကျွန်မက တစ်ကိုယ်ရေသန့်ရှင်မူနဲ့ မိန်းကလေးတစ်ယောက်နေ ပုံထိုင်ပုံ တွေ ဟင်းရွက်သင်ရင်း၊ ပဲစေ့ညှစ်ရင် ပြောပြရတယ်။
     ``မိန်ကလေးဆိုတာ နေ့တိုင်း ရေချိုးရတယ်...လက်သည်းခြေသည်းတွေရှည်တော့ လှီးရ တယ်... လက်သည်းကြား ထဲမှာ ပိုးမွှား တွေ ခိုနေတတ်တယ် ကျာကျူးရဲ့... ၀မ်းပျက်ဝမ်းနာ ဖြစ်တတ်တယ်။

    ``ဗီဒီယိုထဲက မင်းသမီးတွေကျတော့ ဘာဖြစ်လို့လက်သည်းမလှီးကြတာလဲ အရှည် ကြီးတွေ ပဲ...သူတို့ ကျတော့ ပိုးမွှားမ၀င်ဘူးလား’’
    သူတို့လည်းဝင်မှာပေါ့ ကျာကျူးရဲ့...ဒါပေမဲ့ သူတို့က သန့်သန့်ရှင်းရှင်းနေကြတာပေါ့... မင်းသ မီး တွေဆိုတော့ လက်ကလေး လှအောင်ထားကြရတာကိုး... လက်သည်းပေါ် ပန်းချီ ပုံကလေးတွေ တောင် ဖော်ထားကြတာမတွေ့ဘူးလား’’

    ``တွေ့တယ် ဆရာမကြီး...’’
    ကျာကျူးက နည်းနည်းတော့ တွေသွားပုံရတယ်။ ရိုးရိုးလူတွေကို လက်သည်း အရှည်မထားရ ဘူး၊ မင်းသမီးတွေကျတော့ ထားစေဆိုတော့ ဘာသဘောများပါလိမ့်လို့ တွေမိတယ်ထင်ပါရဲ့။ ကျွန်မက သည်စကား ဆက်ရှင်းနေရင် ရှည်မှာစိုးတာနဲ့ သွားလည်း မှန်မှန်တိုက်ရတယ်၊ သနပ်ခါးလည်း မှန်မှန်လူး ရတယ် စသည့်ဖြင့် ပြောပြတယ်။ ကျွန်မက သနပ်ခါးတုန်းကလေးတွေ ပေးတော့လည်း မက်စပ်ရှာတယ်။ သနပ်ခါးတုန်းပေးပြီး နှစ်ရက် သုံးရက်ကတော့ သနပ်ခါးတွေဖွေးနေတော့တာပါ။ ရေချိုး မချိုးတော့ ကျွန်မလည်း မသိတော့ အာမ မခံနိုင်ဘူးပေါ့။ သုံးရက်ကျော်လို့ လေးရက်လောက်ဆို ရင်တော့ မျက်နှာ အဆီပြန်ကလေး နဲ့ ဒုံရင်းဒုံရင်းပါပဲ။ တစ်ခါတော့ ကျွန်မနဲ့တင် မဖြစ်လောက်လို့ ကိုယ် စောင့်နတ်နဲ့ ခြောက်ရတယ်။

    ``ကျာကျူး... လူတစ်ယောက်စီမှာ ကိုယ်စောင့်နတ်ရှိတယ် သမီးရဲ့... သန့်ရှင်တဲ့လူတွေကို စောင့်ရတဲ့ ကိုယ်စောင့်နတ်က အင်မတန် စိတ်ချမ်းသာသတဲ့၊ သြော်... ငါစောင့်ရတဲ့လူက သန့်ရှင်လိုက် တာ... ရေလည်းမှန်မှန်ချိုးတယ်၊ သွားလည်းမှန်မှန်တိုက်တယ်၊ အ၀တ်အစားလည်း နေ့တိုင် သန့်သန့် ရှင်းရှင်းဝတ်တယ်ပေါ့လေ... အဲဒီလို့ဆိုတော့ ကိုယ်စောင့့်် နတ်က ချစ်တယ် ကိုယ်စောင့်နတ်က ချစ်ရင် ကိုယ်ကို အမြဲတမ်း စောင့်ရှောက်နေတာပဲ အိပ်မက်ကောင်းမက်တယ်... ပိုက်ဆံတွေဝင်တယ်...လူချစ် လူခင် များတယ်... လမ်းမှာခလုတ်မတိုက်ဘူး ဆူးမညိဘူး...။ ရေလည်းမချိုးဘူး၊ သွားလည်းမတိုက်ဘူး.. မိန်းကလေး ဖြစ်ပြီး ကစုတ်ကညစ်နေရင် ကိုယ်စောင့်နတ်ကမုန်းရော’’

    ``ဆရာမကြီး ကိုယ်စောင့်နတ်မြင်ဖူးလား’’
    ``မြင်ဖူးတာပေါ့ ကျာကျူးရဲ့’’
    ``ဘယ်လို့ဟာလဲ’’
    ``နတ်သားပေါ့... ပွဲထဲမှာ နတ်သားတွေမြင်ဖူးလား... အဲဒါမျိုးပေါ့... ကိုယ်စောင့် နတ်ကျတော့ ကိုယ်ရောင် ကိုယ်ဝါ တောင်ပတာပေါ့...တဖိတ်ဖိတ်နဲ့ပေါ့အေ... နတ်ခေါင်းဆောင်းတို့ စလွယ်တို့ ဖိနတ် တို့ က ရွှေအစစ် နဲ့ လုပ်ထားတာဆိုတော့ ၀င်းစက်နေတာပဲ’’
    ``ကိုယ်စောင့်နတ်က မြန်မာလို့ပြောတာပေါ့... ဟုတ်လားဆရာမကြီး’’
    ``အေးပေါ့ ကျာကျူးရဲ့...မြန်မာလို့ပြောလို့ ဆရာမကြီး နားလည်းတာပေါ့... နတ်စကား နဲ့ပြော ရင် ငါ ဘယ်သိ ပါ့မလဲ’’

ကျာကျူးက ကိုယ်စောင့်နတ်ဆိုတာတော့ စိတ်ဝင်စားပုံပါ။ သူ့မျက်စိထဲ ကိုယ်စောင့် နတ်ကို ရုပ်လုံးဖော် ကြည့်နေတယ်နဲ့ တူပါရဲ့။ စကားသံတိတ်သွားပြီး မျက်လုံးပြူးကလေးနဲ့ ကျွန်မကို စိုက်ကြည့်နေ တော့ တာ။ ကျွန်မ က သူ့စိတ်ဝင်စားတုန်း ဆက်ပြောလိုက်တယ်။
    ``ကိုယ်စောင့်နတ်က နတ်ဘင် အစည်းအဝေးသွားတဲ့ခါ ကိုယ်စောင့်ရတဲ့လူအကြောင်း နတ် ပြည်မှာ ပြောပြရတယ်... ဆိုပါတော့...ကျာကျူးကို စောင့်တဲ့နတ်က နတ်သဘင် အစည်းအဝေးမှာ ကျုပ်စောင့်ရတဲ့ မိန်းကလေး က အင်မတန် ညစ်ပတ်ပါတယ်၊ ရေလည်းမချိုးဘူး... အ၀တ်အစားလည်း မလဲဘူး... သနပ်ခါး လည်း မလိမ်းပါဘူးဆိုရင် နတ်စာရင်းကိုင်က မှတ်ထား တာ... နှစ်ခါက သုံးခါစာရင်း ထဲပါရင် အပြစ်ပေး တာပေါ့’’
    ကျာကျူး ယုံသလား၊ မယုံလေသလား တော့ မသိပါဘူး။ ကျွန်မက စိတ်ကလေးမှာ ပြင်ပါရစေ တော့ ဆိုပြီး ပြောရတာပါ။ အကဲခတ်ရသလောက်တော့ နည်းနည်းကလေး လန့်သွားပုံတော့ ပေါ်ပါရဲ့။ ခတ်တာက ကျာကျူးမျက်နှာက အကဲဖမ်းလို့ မရဘူး။ ကျာကျူးက မေးပါလေရော။

    ``ကိုယ်စောင့်နတ်က ကျွန်မနာမည် သိပါမလား’’
    ``ဟဲ့... ကျာကျူးဆိုမှတော့ သိပြီးပေါ့ဟဲ့... သည်းနာမည် ကျာကျူးပဲဟာ’’
    ``ကျာကျူးက နာမည်အရင်း မဟုတ်ဘူး ဆရာမကြီးရဲ့... နာမည်အရင်က မြသန္တာနွယ်လေ’’
ကျာကျူးကို မြသန္တာနွယ်ဆိုတဲ့ နာမည်ရှိမှန်း ကျွန်မတို့မသိပါဘူး။ မအေကလည်း ကျာကျူး၊ ဖအေ ကလည်း ကျာကျူး၊ ကူမဲ၊ မြစ်သားဘက်က သူတို့ဆွေမျိုးတစ်သိုက် လာကြ တော့လည်း  ကျာကျူး  ခေါ်ကြတာပဲ မဟုတ်လား။ ကျာကျူးက မြသန္တာနွယ်ဆိုတော့ ကျွန်မ မရယ် မိအောင် မျက်နှာပိုး သတ် ထားရတယ်။ ကိုယ်စောင့်နတ်ရှိတယ်ဆိုတာလည်း ယုံပုံရပါရဲ့။ နတ် သဘင်အစည်းအဝေး ဆိုတာလည်း ယုံပုံရပါရဲ့။ ညစ်ပတ်ရင် နတ်စာရင်းမှတ်တယ် ဆိုတာ လည်းလက်ခံပုံပေါ်ပါရဲ့။ ဒါပေမဲ့ နတ်စားရင်မှာ ကျာကျူးဆိုတဲ့နာမည်နဲ့ စာရင်းပေါက်လေသလား၊ မြသန္တာနွယ် စာရင်းပေါက်လေသလား ဆိုတာကို ဝေခွဲမရဖြစ်နေပုံပါ။ ကျွန်မ ထင်မထားတဲ့ ထောင့်ကတွေးတဲ့ ကျာကျူးကို ဘယ်လို့နား လည်းရမှန်းတောင် မသိတော့ ပါဘူး။ ကျွန်မကလည်း ဘယ်လို့ပြန်ပြောရပါမလဲ တွေးရပါပြီး။

    ``ကျာကျူး ခေါ် မြသန္တာနွယ်ပေါ့အေရဲ့’’
    ``တစ်မျိုးရှိသေးတယ် ဆရာမကြီးရဲ့’’
    ``ဟေ... လုပ်ပါဦးအေ... တို့လည်း မသိရပါလား’’
    ``ကုလား နာမည်လေ ကျွန်မ မမှတ်မိတော့ဘူး’’
    ``ကျာကျူးက ကုလား နာမည်မဟုတ်ဘူးလား’’
    ``ကျာကျူးက တခြားနာမည်’’
    ``ဘယ်လို့ တခြားနာမည်တုန်း ကျာကျူးရဲ့ သည်းဟာ ခေါင်းရှုပ်လိုက်တာအေ’’
    ``ဆရာမကြီးတောင် ခေါင်းရှုပ်ရင် ကိုယ်စောင့်နတ်လည်း ခေါင်းရှုပ်မှာပဲ’’

ကျွန်မလည်း သည်စကား သည်မှာတင်ရပ်လိုက်ရတာပါပဲ။ ကျာကျူးက တစ်ခြားနာမည်ဆို တာ အိမ်မှာ ချစ်စနိုးခေါ်တဲ့နာမည်ထင်ပါရဲ့။ အဲသလိုမပြောတတ်လို့ တခြားနာမည်လို့ ပြောတာနေ မှာပါ ကျာကျူးက ကိုယ်စောင့်နတ်လည်း ခေါင်းထဲ ထည့်ပုံမပေါ်ပါဘူး။ ခါးတိုင်လို့ပဲ ရေချိုးချင် ချိုတယ်၊ မချိုးချင် မချိုးဘူး။ အင်္ကျီအ၀တ်အစား လည်း လဲချင်းမှလဲတယ်။ ကျွန်မ သမီး ဖွေးဖွေးက  အရွယ်သာ ခုနှစ်သမီး၊ လူပုံကထွားထွားဆိုတော့ သမီးအင်္ကျီတွေက ဆယ့်သုံးနှစ်သမီး ကျာကျူး နဲ့ အတော်ပဲ။ အဲဒီလို့ဆိုတော့ သမီးအင်္ကျီလတ်လတ်လောလော ကလေးတွေ ကျာကျူးကို ပေးရတယ်။ ၀တ်လည်းဝတ်ပါရဲ့။ ကျာကျူး က ပိန်ပိန်ပါးပါး ကျူရိုး ကလေး လောက်ရှိတာ မဟုတ် လား။

တစ်ခါများ ရယ်စရာကြုံရတာလေး မှတ်မိတယ်။ ကျွန်မတို့ ခြံထဲမှာ ပန်းပင်တွေစိုက်ထား တော နှင်းဆီလို၊ စံပယ် လို ပန်းတွေ အူနေအောင် ပွင့်ကြပြီးဆိုရင် လိပ်ပြာကလေးတွေ တ၀ဲဝဲရှိ တတ်ပါတယ်။ သမီးက လိပ်ပြာကလေးတွေ ဟိုဟိုသည်သည် ကူးကူးလူးလူး ပျံကြနားကြတာကို သဘောကျလို့ လိုက်ဖမ်း တတ်တယ်။ လိပ်ပြာကလေးတွေက အရောင်စုံတော့ ကလေးသဘာဝလို့ ချင်ရှာတာပေါ့။ ဖမ်းလို့ မရနိုင်တော့ ကျာကျူးကို လိပ်ပြာကလေးတွေ ဖမ်းပေးဖို့ပြောနေတာ ကျွန်မ ကြားတယ်။ ကျွန်မလည်း ကိုယ်အလုပ်နဲ့ကိုယ် ဆိုတော့ ကျာကျူးနဲ့ သမီးခြံထဲမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိလိုက်ဘူး။ တအောင့်လောက်နေတော့ သမီးကငိုပြီးလာတိုင်တယ်။ ကျာကျူးက လိပ်ပြာဖမ်းမပေးတာတစ်ပြစ်၊ သမီး ကို ရန်လုပ်တယ်ဆိုတာက တစ်ပြစ်တဲ့။ အသံပြဲကြီးနဲ့ အော်ငိုး နေတော့ ကျွန်မလည်း ကပျာကယာ ပြေးထွက် သွားပြီး အကျိုးအကြောင်းမေးရတယ်။ ကျာကျူးက လည်း မျက်နှာတွေပျက်လို့။

``ဖွေးဖွေးက လိပ်ပြာဖမ်းခိုင်းတယ် ဆရာမကြီးကျွန်မက ဖမ်းမပေးဘူး... ဖွေးဖွေးကို လည်း မဖမ်းနဲ့လို့ ပြောရတယ်...ကျွန်မက လိပ်ပြာတွေ ပန်းပွင့်ပေါ်နားရင် ခြောက်ထုတ်ပစ်လို့ငို တာ’’့
ကျွန်မ က ကျာကျူးမှာ သနားစိတ်ကလေး ရှိရှာလို့ အောက်မေ့မိတယ်။ လိပ်ပြာကလေး တွေကို  သမီးဖမ်းတယ် ဆိုတာလည်း မိရတယ်မရှိပါဘူး။ မိရင်လည်းအတောင်ပံကလေးတွေကို ကြည့်ပြီး ပြန်လွတ်မယ် ဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျာကျူးက လိပ်ပြာဖမ်းတာကိုပဲ ခါးခါးသီးသီး ရှိနေလို့ သေချာအောင် မေးတော့မှ သိရတာပါ။

ဆက်ရန်
.

3 comments:

Anonymous said...

ဆရာမခင်ဗျား..ဒိုက်ဦးမှာဆရာနေဝင်းမြင့် နှင့် အတူစာပေဟောပြောပွဲလုပ်ဖြစ်ခဲ့ ရင်ပြည်သူတွေအခြေံခံစိတ်ဓါတ်တွေမြင့် မားဘို့ အကြောင်းထည့်ဟောပြောခဲ့ ပေးဘို့ အကြံပေးချင်ပါတယ်။ ။ ဦးနေ

ဘရဏီ said...

ကျေးဇူဘဲအမ ရေ အခန်း(၁)ဖတ်ပြီးထဲကစောင့် နေတာ။

ချစ်စံအိမ် said...

စာတွေ လာဖတ်သွားပါတယ်
လေးစားလျှက်ပါရှင်