(အကျိတ် ဘိုင်အိုစီ မရမီ ခွဲပြီးသုံးရက်လောက်ရှိတော့ လည်ပင်းအသံအိုးဘေးမှာ အနာလေးရှိသတဲ့။ မှန်ပြောင်း ထည့်ရမယ်တဲ့။ မှန်ပြောင်းထည့်ပြီး အနာက အသားစထုတ်ယူတာ နောက်မှ သိရသည်။ မှန်ပြောင်း ထည့် စစ်ဆေးမယ်ဆိုတော့ မလုပ်ရင် မရဘူးလားပေါ့။ စာရေးဆရာ ဆင်ခြေတက်မိသည်။ ခွဲပြီးပြီပဲ လိုသေးလို့လားပေါ့။ လိုတယ် လုပ်လိုက်ပါ။ လုပ်လိုက်တာက ပိုကောင်းတယ်။ လုပ်မှ ဖြစ်မယ်ဟု တာဝန်ကျ ဆရာဝန်လေးကပြောသည်။ ဘာမှ မတတ်နိုင်။ ကောင်းပြီ လိုအပ်တယ်ဆိုလျှင် လုပ်ပေါ့။) ကို ဆက်ဖတ်ရန်.....
အမှန်တော့ ကျွန်တော့်ရောဂါရဲ့ ဇစ်မြစ်(အဖြေက) အဲသည်မှာ ရှိနေတာ ဖြစ်သည်။
မှန်ပြောင်းသွင်း၊ အသားစယူတာကို မေ့ဆေးအခန်း ပထမခန်းထဲမှာပဲ ဆရာဝန်ကြီး ဒေါက်တာထက်မြက် မှ လုပ်ပေးသည်။ ထုံဆေးထိုးသည်။ ခံတွင်းထဲ ဆေးမှုတ်ထည့်သည်။ ချောင်းဆိုချင် သလိပ်ဟတ်ချင်လိုက် တာလေ။ ဆရာဝန်ကြီး က ချောင်းဆိုးချင် ဆိုးဆိုကာ ပက်လက်မှ ထိုင်စေသည်။ ထွေးမထုတ်နဲ့နော် တန်ဖိုး ရှိတယ်။ မြိုချ မြိုချတဲ့။ ခံတွင်းထဲက အရေတွေ ထွေးထုတ်မယ်လုပ်ပြီးမှ ကျွန်တော် မြိုချ လိုက်ရသည်။ နောက်ပက်လက်ပြန်လှန်ကာ နှာခေါင်းထဲ ပိုက်သေးသေးထည့်မယ်နော်ဆိုကာ ထည့်သည်။ အတော် ညင်သာသည်။ နာကျင်ခြင်း မရှိ။ ဆရာကြီးကို ဆရာမတွေက အကူအညီပေးသည်။ ၀န်ထမ်း ကုလား ကလည်း လက်ခြေတွေ ကိုင်ပေးထားသည်။ ဟ ... ဟ ... ဟုတ်ပြီ။ ရပြီ ... ရပြီ။ သေးတော့ သေးတယ်။ ဒါပေမယ့် ရမှာပါဟု ပြောနေသံကြားရသည်။ နှာခေါင်းမှ မှန်ပြောင်းထည့် အသားစ ညှပ်ယူတာ ကို ကွန်ပျူတာမှာ မြင်နေရဟန်တူသည်။
"ဦးတင်ဆင့်ရေ ... ရပြီ ... ပြီးပြီ"တဲ့။ ခွဲခန်းထဲက လမ်းလျှောက်ထွက်လာသည်။ ထုံဆေး က နာရီဝက် လောက် ကြာမှ ပျက်မယ်ဟုဆိုသည်။ ဒီတော့မှ ရေသောက်။ အကျိတ်ခွဲထားသည့်အနာက ကျက် သလောက် ရှိပြီ။ ခွဲပြီး ၄ရက်မြောက်မှာ အကျိတ်ဓာတ်ခွဲထားသည့် အဖြေရသည်။ ဒါက စန်းစန်းထွေး ဓာတ်ခွဲဌာန မှာ ရှိနေလို့ ဖြစ်သည်။ သို့နှင့် ရက်ခေါင်းပိုင်း ခွဲစိတ်ဌာနက ကင်ဆာဌာနကို လွှတ်သည်။ ထိုနေ့ ကင်ဆာဝပ် က အပြန်မှာ အကျိတ်ခွဲထားတာ ချုပ်ရိုးဖြည်သည်။ မနာမကျင်ပါ။
ကင်ဆာဝပ်ကို ၀န်ထမ်းခရမ်းပြာဝတ်တစ်ဦး လိုက်ပို့သည်။ ကုလားမ ဖြစ်သည်။ ဆေးရုံကြီးတွင် ၀န်ထမ်း အလုပ်သမား တွေထဲမှာ ကုလားလူမျိုး အတော်များသည်။ ဗမာလည်း ရှိသည်။ သူတို့တွေက သူတို့မိဘ ဘိုးဘွား လက်ထက်ကတည်းက ဆေးရုံကြီးဝင်းထဲမှာ အစဉ်အဆက် အလုပ်လုပ်လာကြတာ။ ဒီမှာမွေး၊ ဒီမှာ ဘိုးဘွားအမွေ ဆက်ခံကြသူတွေ ဖြစ်သည်။ ပညာတတ်ဟန် မတူကြ။ တချို့တွေ သားသမီးတွေ ကျောင်းက ပြန်အလာမှာ မိဘကို ကူညီနေတာ တွေ့ရသည်။ သူတို့ဘ၀တွေက စိတ်ဝင်းစရာ ကောင်း သည်။ ဆေးထည့် ချုပ်ရိုးဖြည် စသည်လုပ်နေသော ရင်ခေါင်းခွဲစိတ်ဌာနက ကိုဝတုတ်ဆို ကျွန်တော်က ဒီဆေးရုံ ကြီး ထဲက ငယ်မွေခြံပေါက် ပါဟု ဆိုသည်။ ဗမာလူမျိုး ဖြစ်သည်။
သူ့မှာလည်း သူ့အလုပ်လေးနှင့် သူတော ဟုတ်နေသည်။ အဲသည်က သန့်ရှင်းရေး တောက်တိုမယ်ရ လူနာ (သို့) လူနာစောင့်ကို ဟိုလိုက်ပို့ဒီလိုက်ပို့ ၀န်ထမ်းတွေ ကို ကျွန်တော်တော့ တကယ်စေတနာရှိသည်။ သည် အနိဋ္ဌာရုံ ၀န်ကျင်းကြီးမှာ သူတို့လုပ်ကိုင် စားသောက်နေကြသည့်ဘ၀က လွယ်သည်တော့မဟုတ်။
ကင်ဆာဝပ်က ပရော်ဖစ်ဆာ ဒေါ်မေကြည်နှင့် တွေ့ရသည်။ ဆရာဝန်ကြီး အကျိတ်ဘိုင်အိုစီ အဖြေကို ကြည့်ကာ တီဘီပိုး ရှိမ ရှိ သွေးစစ်ဖို့၊ သလိပ်စစ်ဖို့ ဓာတ်မှန်ရိုက်ဖို့နှင့် ပြီးတော့ အသံအိုးနားက အနာ အသားစ ဓာတ်ခွဲထားသည့် အဖြေရယ်။ အားလုံးစုံမှ ပြန်လာပြပါ။ မနက်ပိုင်းပြပါ။ ၃-၄ ပြန်သွားတော့ အပြင်ဆေးခန်းမှာ သွေးစစ်ဖို့၊ သလိပ်စစ်ဖို့ ချက်ခြင်းလွှတ်သည်။ ပါရမီဆေးခန်းတဲ့။ ဓာတ်ခွဲခန်း ဖြစ်သည်။ ဆေးခန်းက ရှာလိုက်ရတာ။ နောက်ဆုံး ရွှေတောင်တန်းလမ်း အလယ်ဘလောက်မှာ သွား တွေ့သည်။ ဆေးရုံပြန်လာ။ ဓာတ်မှန်ရိုက်ရ ပြန်သေးသည်။ ဓာတ်မှန်က ခဏစောင့်နေတော့ရသည်။ ဆရာဝန်ကြီး က ဓာတ်မှန်ကြည့်ပြီး ကောင်းသည်တဲ့။ သွေးစစ်တာက မနက်ဖြန်ဆိုရင် ရပြီ။ သလိပ်က သုံးရက် စစ်ရမည်။ အဲသည့်အချိန်လောက်ဆိုရင် အသားစ ဓာတ်ခွဲထားတာလည်း အဖြရလောက်ပြီ။ သေချာ တယ် တနင်္လာနေ့ ဆိုလျှင် အားလုံးပြည့်စုံနိုင်သလို အဖြေလည်း တိကျတော့မည်။
ငါ့ခန္ဓာကိုယ်ထဲ ဘယ်သူဝင်ရောက်နေသလဲ။
နှင်းမိုး တွေ တဖျောက်ဖျောက်။ ဆိုင်ကယ်တချို့ အဝေးပြေးကားဝင်းထဲ ချိုးဝင်သွားသည်။ ဒီအချိန်မှာ ဗီယက်နမ် ရေကြီးနေသည်။ ထိုင်း၊ ဖိလစ်ပိုင်ရေကြီးနေသည်။ မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ အသေအပျောက် ရှိသည်ဟု သတင်းကြားရသည်။
ရှမ်းပြည်နယ်က လက်ဖက်ရည်တွေ ကောင်းကြသည်။ အီကြာကွေးပွပွကြီးတွေ။ ကျွန်တော်ကတော့ လက်ဖက်ရည် နှင့် ရန်ကုန်က ပါလာသော အားလူးမုန့်လေးကိုသာ စားနိုင်သည်။ အစပ်မစားနိုင်။ ခံတွင်း ပျက်တက်တက် ဖြစ်လာနေသည်။ လည်ချောင်းကလည်း မြိုရတာနာနေသည်။ လူတချို့ လက်ဖက်ရည်ဆိုင် လေးထဲဝင်လိုက်ထွက်လိုက်။ မိန်းမရေ ကြည့်စမ်း၊ လက်ဖက်ရိုး ထောင်နေတယ်။ ဧည်သည် လာမယ်နဲ့ တူတယ်။ ဘယ်ကဧည့်သည်လဲ မသိဘူးလေ။ အစဉ်အလာအရပြောရတာ။ သို့တိုင် ထိုလက်ဖက်ရိုး သည် အမှန်တကယ် ၀မ်းသာစာရာ လက်ဖက်ရိုးဖြစ်သွားခဲ့သည်။
သိပ် မကြာလိုက်ပါ။ အဆက်အသွယ်မရဘူးဆိုသော တောင်ကြီးအေးသာယာမြို့သစ်နေ ဇနီး၏ အစ်ကို ၀မ်းကွဲ (အငယ်)ကိုဘုန်းမြင့် ဆိုင်ကယ်နှင့် လက်ဖက်ရည်ဆိုင်ရှေ့ ရောက်ချလာသည်။
"ငါ...ကားဝင်းထဲ လျှောက်မေးနေတာ၊ ကားကဆိုက်ပြီးပြီဆိုတော့ မတွေ့တော့ နောက်ဝင်မယ့်ကားများ လားပေါ့။ နောက်မှဒီကားနဲ့ ပါလာမှာပဲ၊ နင်တို့မသွားလောက်သေးဘူး၊ လက်ဖက်ရည်ဆိုင်များ ရှိမလား ဆိုပြီးလာရှာတာ"
"တိုက်တိုက်ဆိုင်ဆိုင်ကွာ။ မင်းတွေ့ရတာဝမ်းသာလိုက်တာ၊ တို့မိုးလင်းမှာကို ထိုင်စောင့်နေတာ။ ကားငှား သွားရရင်ကောင်းမလားပေါ့။ လိပ်စာကတော့ရထားပြီ"
ကျွန်တော်ကပြောသည်။ ဇနီးကလည်း ဆက်သွယ်လို့မရဘူးဆိုပြီး ဘယ်လိုသိတာလဲဆိုတော့ ကိုဌေးက ကြက်ဥရုံး ကို (သူလုပ်နေသော ကြက်ဥဧဂျင့်ကုမ္ပဏီရုံး)ဆက်သွယ်လိုက်လို့သိရတာ။ မိုးကလည်းရွာ ဒါနဲ့ နောက်ကျနေတာ။
"ဘာကားမှ မငှားနဲ့ နှစ်ခေါက်သယ်မယ်"
ယောက်ဖကပြောသည်။ လက်ဖက်ရည်သောက်ဦး။ ကားဌားလျှင် မြို့သစ်အတွင်းမှာပင် ဟိုနားသည်နား ခုနစ်ထောင် ရှစ်ထောင် တောင်းသည်ဟုဆိုသည်။ မိုးလင်းစမှာပင် ဇနီးနှင့်သူ့အစ်ကို ပစ္စည်းအချို့သယ်ပြီး သွားကြသည်။ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ ကျန်ရစ်၏။ နှင်းမိုးက ဖြိုးဖြိုးဖျောက်ဖျောက်ကျဆဲ။ အေးသာယာ မြို့သစ် သည် လူးလွန့်နိုးထလာလေပြီ။ ကားဆိုင်ကယ်နှင့် သင်တိုင်းအမည်းဝတ်၊ ရှမ်းဘောင်းဘီ အမည်းဝတ် အထမ်းတွေ အပိုးတွေနှင့် တိုင်းရင်းသားတချို့ကို လမ်းပေါ်ဖြတ်သွားတာ တွေ့ရပြီ။ ပအို့ဝ်၊ တောင်သူ အင်းသား။
ငါခန္ဓာထဲ ဘယ်သူဝင်ရောက်နေသလဲ
သားအငယ်ကောင် က သောကြာနေ့မှာပင် သူ့အစ်မ၀မ်းကွဲဆီသွာကာ မှန်ပြောင်းနှင့် အသံအိုးအနီးက အသားစ ဓာတ်ခွဲထားသည့် အဖြေကို ယူလာသည်။
Laboratory Report
Histopathology/ Cytology
Patient's Name: U Tin Sint....Agy 61
Microscopic
Remark: Well differentiated squamous cell
carcinoma (Rt vocal cord)
ကာစီနိုမာဆိုတာက ကင်ဆာရောဂါကို ပြောတယ်ဆိုတာ မိတ်ဆွေဆရာဝန်တွေပြောထားလို့ ကျွန်တော် သိ နေ၏။ ဗိုကယ်ကော့ထ် က အသံအိုးဆိုတာလေ။ အသံအိုးနားမှာ ကင်ဆာဖြစ်နေပြီ။ သေချာပြီ။ ကျွန်တော် ထိုအဖြေကိုမျှော်လင့်ထားသော်လည်း တကယ်သိရတော့ စိတ်မှာထိတ်လန့်မှု လှိုင်းဘောင်ဘင် တော့ ခတ်သွားသေးသည်။
မကြာခင် လည်ချောင်းကင်ဆာရောဂါဖြင့် ဆုံးပါးသွားသော ဆရာမိုးဟိန်းအိမ်သို့ ရောက်သွားခဲ့သေး သည်။ ဆရာမိုးဟိန်း သားက အခြေအနေကို ရှင်းပြနေခဲ့သည်။ ဓာတ်ရောင်ခြည်ကင်တာ မအောင်မြင်။ ဆေးသွင်း တာလည်း မအောင်မြင်။ နောက်ဆုံးအခြေအနေ ရောက်နေကြောင်း။ သူ့သားနှင့် စကားပြော နေစဉ် ဆရာမိုးဟိန်း ဆေးသွင်းပြီး ပြန်လာ၏။ နဂိုပိန်သောဆရာမှာ လေတိုက်လျှင်ပင် ယိုင်လဲသွားနိုင် သည့် အရိုးပေါ်အရေတင် ခန္ဓာကိုယ်ကို ထမ်းနေခဲ့ပြီ။ ဆရာ့ အပြုံးကတော့ ချိုမြတောက်ပနေဆဲပါ။ ထိုအချိန် ကျွန်တော်လည်း လည်ချောင်းက နာတာတာ။ ကျွန်တော့်စိတ်မှာ သောကရိပ်တွေ စွန်းထင်နေခဲ့ ပြီ။
"အေးပေါ့ကွာ ဖြစ်လာမှာတော့ ဆက်ကုရမှာပေါ့" ဟုဓာတ်ခွဲခန်း အဖြေစာရွက်ကိုကြည့်ရင်း ကျွန်တော်က သားကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဦးချစ်မောင် တောင် အခြေအနေကောင်းနေတာပဲ အဖေ၊ ဒါကအခု ခေတ်မှာကုရင်ပျောက်ပါတယ်" သားအကြီးက ကျွန်တော်စိတ်သက်သာအောင် အားပေး နေသည်။ "မစိုးရိမ်ပါဘူး ကျော်ဖြတ်ရမှာပေါ့" ဟုကျွန်တော်ပြောလိုက်သည်။ ထိုညကတော့ စိတ်လှုပ်ရှား နေမိပြီထင် သည်။ သို့နှင့်အိပ်ဆေးသောက်ကာ အိပ်လိုက်ရသည်။
"ဦးလေး ခံနိုင်ရည်ရှိဖို့ပဲလိုတာ။ ဆေးသွင်းတာဆိုရင် ခံတွင်းပျက်တာများ ထမင်းကိုမကြည့်ချင်ဘူး။ ဓာတ်ရောင်ခြည် ကင်တော့ ကျွန်တော်ပြိုင်းသွားတယ်၊ အရိုးပေါ်အရေတင်၊ သွေးပေါင်တွေကျ၊ ဒီတော့ ဥနီ ထောင်းပြီး အရည်သောက်၊ ဆံပြုတ်တွေဝင်အောင် ပါးစပ်ထဲသွင်း၊ သွေးပေါင်တက်အောင် လုပ်ရတယ်၊ ခံနိုင်ရည်ရှိအောင် လုပ်ရတယ်၊ ခုတော့ ဦးလေးမြင်တဲ့အတိင်း ပြီးသွားပြီ၊ ကတုံးနှစ်ခါ လောက် ရိတ်လိုက် ရတယ်၊ ဆံပင်ပြန်ပေါက်နေပြီ၊ ဆေးသွင်းဓာတ်ကင်ကုသတဲ့အချိန်မှာ ခံနိုင်ရည်ရှိရင် ပြန်ကောင်း လာတာ ပါပဲ"
တူဖြစ်သူ တင်ထူး က သူ့ အာခေါင်ကင်ဆာရောဂါ ကို ဘယ်လိုကုသအောင်မြင်လာကြောင်း ကိုယ်တွေ့ တွေကို လာပြောပြသည်။ အင်း.......ကျော်ဖြတ်ရမှာပေါ့။ ငါခံနိုင်ရည်ရှိပါတယ်။ အဓိကကတော့ စိတ်ဓာတ် ခိုင်မာ ဖို့။
အင်းပေါ့.......ကင်ဆာ နှင့် တိုက်ပွဲကြီး တစ်ပွဲတော့ ဆင်နွဲရမယ်၊ အောင်မြင်ရင် အသက်ရှင်မယ်၊ မအောင် မြင်ရင် သေမယ်။ ဒါ့အပြင်ဘာများရှိသေးလဲဟု ကျွန်တော်တွေးခဲ့သည်။ ကျွန်တော် တရားထိုင်သက် လည်း ဆယ်ခုနှစ်ခု ကျော်ခဲ့ပြီ။ သည်ခန္ဓာကိုယ်ကြီး ဖြစ်ပျက်နေသော တစ်ခါတစ်ရံ တရားထိုင်ရင်း ကျွန်တာ် ဆင်ခြင်ခဲ့ဖူးသည်။ တစ်နေ့နေ့တွင် သည်ခန္ဓာကိုယ်ကြီးကို ကျွန်တော် အသေအချာစွန့်ရမည်။ လူတိုင်း အတွက် သေချာမှုက သေခြင်းတရား၊ သို့တိုင်အသက်ရှင် နေချင်သေးသည့်စိတ်က ပုထုဇဉ်ဖြစ် သည့် အတွက် ကျွန်တော့်မှာ ရှိနေသေးသည်။
ကျွန်တော့်မှာ တုန်လှုပ်မှုလှိုင်း နှင့် အတူ အတွေ့အကြုံသစ်ကို ဖြတ်သန်းချင်သော စာရေးဆရာ စိတ်ကလည်း ထူးခြားစွာ တက်ကြွနေတာမြင်ရသည်။ ကျွန်တော့် မိတ်ဆွေ ကိုသိန်းထွန်း ဆိုသူလည်း လည်ချောင်းကင်ဆာ၊ သို့သော် သူဖြတ်သန်း ကုသ ပျောက်ဆုံးပြီး ယခု အသက်ရှင် ရပ်တည် နေကာ အရက်ပင် ပြန်သောက်နေခဲ့ပြီ၊ ဆရာ ဦးတင်ဦး (ကျူရှင်) ကျွန်တော်တို့ မဂ္ဂဇင်း အယ်ဒီတာရုံး ၃၉လမ်း ကိုရောက်လာပြီး သူ့သမီး ကင်ဆာရောဂါ ကုသရင်း ဆေးသွင်း ဓါတ်ကင်တာ မအောင်မြင်ဘဲ သေဆုံးသွားကြောင်း သူ့သမီး ကုသမှု့ အတွေ့အကြုံကို လာပြောပြနေခဲ့သည်။
ဆရာစိမ်း က "ဟာဒီမှာ ကင်ဆာ ကို လန့်နေရတဲ့ကြား၊ ဒီလူကလည်း ဘာတွေလာပြောနေတာလဲ မသိဘူးကွာ"ဟု ကျွန်တော့်အတွက် စိတ်မသက်မသာနှင့် ပြောခဲ့သည်။ ဒီတုန်းက ကင်ဆာအဖြေမရသေး။ ကျွန်တော် က ဒါလောက်ကြီး တုန်လှုပ်မနေပါ။ ကြောက်စိတ်အနည်းနှင့်အများ ရှိမည်ဖြစ်သော်လည်း ရင်မဆိုင်ရဲ လောက်အောင် အထိ တော့ဖြစ်မနေပါ။
ဒီလိုပဲ ၁၉၈၀ခုနှစ်လောက်က ကျွန်တော် အသည်းရောင်အသားဝါဖြစ်ပြီး ဆေးရုံတက်ရတော့ ပိန်လှီဝါထိန် နေပြီး သေသွားတော့မလားဟု ကျွန်တော့ကိုယ်ကျွန်တော် ထင်နေခဲ့ဖူးသည်။ သေမင်းက ကျွန်တော်လက် လှမ်းမီသည့် နေရာတွင် လမ်းသလားနေဖူးသည်။ သို့တိုင် ကျွန်တော်တည်ငြိမ်စွာ သူနှင့် ဆွေးနွေးနိုင်ခဲ့ ဖူးပါသည်။
ဓာတ်ရောင်ခြည် ဆေးကုဌာန က ဆေးကုသမှတ်တမ်းစာအုပ်ငယ် ကျောဘက် တွင် ဤသို့ရေးထားပါ သည်။ အတော်များများ ကင်ဆာရောဂါများသည် ဆေးသွင်း၊ ဆေးစားခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ဖြင့် လုံးဝပျောက်ကင်းချမ်းသာ နိုင်ပါသည်။ သို့သော်......
(က) ရောဂါဖြစ်စေ စောစောပိုင်းအချိန်ကာလမှာ ကုသမှုခံယူမှသာ ရောဂါပျောက်ကင်းနိုင်ပါသည်။
(ခ) ရောဂါလွန် မှ ကုသလျှင် ပျောက်ကင်းရန်မလွယ်ပါတဲ့။
ကျွန်တော့်မှာ ရောဂါမလွန်သေးဘူးထင်သည်။ ကင်ဆာဆိုတာကတော့ သေချာပြီ။ သို့တိုင် ဟုတ်ရဲ့လား သေချာလား ဟု အသာစဓာတ်ခွဲခန်းအဖြေကို ခဏခဏထုတ်ကြည့်နေခဲ့မိသေးသည်။ စိတ်မှာ ကပ်နေသော ကြောက်စိတ် လှိုင်းတွေကို ရောဂါကုသမှုနဲ့ ကျော်ဖြတ်မည်ဟု ဆုံးဖြတ်ပြီးချိန်မှာတော့ အထိုက် အလျောက် မောင်းထုတ်နိုင်ပါသည်။
ရောဂါက ယခုမှရှင်းသွားသည် ။ အသံအိုးအနီးမှာ ကင်ဆာဝင်ရောက်တပ်စွဲထားသတဲ့။ ဆရာဝန်ကြီးက ပြောသည်။ လက်သည်းခွံလောက်ပဲ ရှိသတဲ့။ ဦးတင်ဆင့် မြန်မြန်ဓာတ်ရောင်ခြည်ကင်ဖို့ လိုမယ်တဲ့။ ကင်ဆာဝပ် က ပရော်ဖက်ဆာ ဒေါ်မေကြည်နှင့် ဆွေးနွေးကြည့်ပါတဲ့။ တကယ် လို့ရန်ကုန်မှာ ကြာမယ် ဆိုရင် တောင်ကြီးသွားပေါ့ဗျာတဲ့။ ရုပ်ရှင်တေးကဗျာက အ၀ကျွန်းချစ်မောင်တောင် တောင်ကြီး သွားကင် ခဲ့တာတဲ့။ ဒေါက်တာထက်မြက် က အကြံပေးသည်။ ဟုတ်ကဲ့.......ဆရာ
ထိုတနင်္လာနေ့မနက်ပိုင်းမှာပဲ ဒေါက်တာဒေါ်မေကြည်နှင့် အဖြေစုံယူသွားကာပြန်ပြသည်။ အဲဒီမနက်က ကင်ဆာဝပ် မှာ မယုံကြည်နိုင်လောက်စရာ စည်ကားနေတာတွေ့ရတော့ အံ့သြသွားမိတော့သည်။ ဆရာဝန်ကြီး တွေနှင့်ပြဖို့၊ ဓာတ်ကင်ဖို့၊ ဆေးသွင်းဖို့၊ တချို့အမျိုးသမီးတွေ ကတုံးနှင့် တချို့ ဦးထုပ်ဆောင်း လို့၊ အစာအိမ်၊ သားအိမ်၊ ရင်သား၊ အဆုတ်၊ လည်ချောင်းစုံလှသည်။ ပရော်ဖစ်ဆာကြီး နှစ်ဥင်္ီး အခန်းပေါက်ဝ လူနာစောင့်သည့်နေရာမှာ ပြည့်ကျပ်နေလို့၊ လေရှူရတာမ၀လို့ ကျွန်တော့်မှာ အပြင် ထွက်နေရသည်။
ကျွန်တော့် အမည်ခေါ်ပါပြီ။ ဆရာဝန်ကြီး အကြံပေးသလို ဆရာမကြီးနှင့် ဆွေးနွေးကြည့်သည်။
"ကျွန်မ ကလည်း အမြန်ဓာတ်ကင်စေချင်ပါတယ်၊ ဒါပေမယ့်ဒီမှာအဆင့်ဆင့်တင်ပြရပြီး အစီအစဉ်အတိုင်း ခွင့်ပြုတဲ့ အခါ သုံးလလောက် စောင့်ရပါမယ်။ ဒီမှာရောင်ခြည်ကင်မယ်ဆိုရင်တော့ အမြန်လုပ်ပေးလို့ မဖြစ်နိုင် ပါဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့လည်း စီနီယာ ကို ကျော်ပြီး လုပ်ပေးဖို့မသင့်တောပါဘူး"
"ဟုတ်ကဲ့...ကျွန်တော်နားလည်ပါတယ်"
"မြန်ချင်ရင်တော့ ရှင် တောင်ကြီးသွားမလား၊ မန္တလေးသွားမလား"
ခေါင်းထဲအရင်ဆုံး ပေါ်လာတာကတောင်ကြီး၊ အောင်ပန်းမှာ ဆရာဒဂုန်တာရာနှင့် ဆရာမသင်မြစန္ဒီရှိ သည်။ တောင်ကြီးအေးသာယာမှာ ယောက်ဖရှိသည်။ ကမ္ဗောဇစာကြည့်တိုက်က ကိုရဲအောင်၊ မေနှင့်ကျော် တို့ရှိသည်။ အရေးအကြီးဆုံး အကူအညီပေးနိုင်သည့်သူက ညီအစ်ကိုလိုခင်မင်သော "အစ အစ"(အင်းစိန်အုပ်စု) ၀ိုင်းတော်သားဒေါက်တာအောင်ကျော်ထွေးရှိသည်။ ပြီးတော့ ရာသီဥတုကအေးမြ ပြီး ခြောက်သွေ့သည်။ ပြီးတော့ ရိုးသားသောတိုင်းရင်းသားတွေရှိသည်။ ကျွန်တော့်ခန္ဓာကိုယ်ထဲ ကင်ဆာ ဆိုသည့် ကောင် ၀င်ရောက်နေပြီ။ သူ့ကိုရေကုန်ရေခမ်းစစ်ဆင်ရမည်။ နည်းပေါင်းစုံသုံး၍ ခန္ဓာကိုယ်ထဲက တိုက်ထုတ် ရမည်။ အို......အသင် ကင်ဆာငါ့နောက်ကို ဆုတ်လော့။
မှတ်ချက်။ ။ ဂရုတစိုက်ကုသ ပြုစုပေးကြသောအထွေထွေရောဂါဆေးရုံကြီး (ရန်ကုန်)မှ ဆရာဝန်ကြီးများ ဆရာဝန်များ သူနာပြုများနှင့် ၀န်ထမ်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း။
ဆက်ရန်
.
No comments:
Post a Comment