Friday, February 3, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂)

 (ဆရာ မိုးသစ်ဝေ ၏ မိတ်ဆွေ ဒေါက်တာဦးထက်မြက် (စာရေးဆရာ ကျွန်တော်တို့ မိတ်ဆွေ ဆရာ ထက်မြက် နှင့် အမည် တူသောကြောင့် ကျွန်တော့် အတွက် အမည်ကြားရုံ နှင့် ရင်းနှီး ချစ်ခင် သွားသည်) က မေ့ဆေး ဆရာဝန် နှင့် တွေ့ဖို့ချိန်းသည်။ သွေးစစ်၊ အာထရာဆောင်း (ကျွန်ပျူတာ) ရိုက်ဆိုတာတွေ၊ ဓာတ်မှန် ရိုက်တာ တွေ လုပ်ထာကြီး ဖြစ်သည်။ နောက်ထပ် လည်း အကြိမ်ပေါင်းများစွာ၊ သွေးစစ်၊ အီးစီဂျီ ဆိုတာ ရိုက် လုပ်ရသေး သည်။ (သည်နေရာ တွင် ဓာတ်ခွဲခန်းမှူးကြီး ဆရာမောင်ညိုပြာ မှ များစွာ အကူအညီ ပေးခဲ့ သည်။ ကျေးဇူး ပဲ သူငယ်ချင်း ရေ)
ဒီနေ့တော့ မေ့ဆေးဆရာဝန်ကြီးနှင့် တွေ့ရမည်။ ) မှ ဆက်ဖတ်ရန်.............

ပထမလည်ချောင်းနာတာ ဖြစ်နေတာတော့ကြပြီ။ ခြောက်လ၊ ခုနစ်လလောက်တာ့ ရှိမလားမသိ။ တာမွေ ဗျိုင်းရေအိုးစင်လမ်း အနီး က နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ သွားပြခဲ့သေးသည်။ဆရာဝန်က လည်ချောင်း တွင် ဓာတ်မီးနှင့် ထိုးကြည့်၊ အသံပြုခိုင်း(အော်ခိုင်းတာ၊ လျှာကိုလက်နဲ့ဖိပြီး)
"အစ်ကိုကြီး ရေခဲ မစားနဲ့၊ ဒီဆေးဒီဆေးသောက်"

ဆေးပေးသည်။ တချို့ဝယ်၊ သြော်.... အပူကြောင့် နာတာပဲ ထင်ပါရဲ့ ခပ်ပေါ့ပေါ့ ဆေးလေးဘာလေး သောက် ပျောက်သွားသလို ဘာလိုလို.. ဆေးရုံလည်း ပြန်မပြဖြစ်.. ပြီးခဲ့တဲ့ နွေ မေလ ဆရာဒဂုန်တာရာ မွေးနေ့ အောင်ပန်းခြံ သွားတော့ စာရေးဆရာ..ကဗျာဆရာ.. အပေါင်းအသင်း တွေ နဲ့ ပူရလောင်ရတဲ့ အထဲ အယ်လ်ကိုဟော တွေ လည်ချောင်းထဲ အတော်ကလေး လောင်းထည့်ခဲ့သေး... ကွမ်းတွေ ကလည်း ဝါးပေါ့ စာရေးဆရာ ကဗျာဆရာ ဆိုတဲ့ လူတွေ အတော်ခံစားမှု့ ဦးစားပေးကြတာပဲ ဟ ဇနီးကတောင် ဝေဖန်ခဲ့သေးသည်။ 

အကြေအညာ လူစုံတော့ ပျော်တာလည်း ပါသည်ပေါ့ ပြောမရလို့သာ ကြည့်နေရတာ..ကြိုက်လို့တော့ မဟုတ်ဘူး ဟု ဇနီးမယား က သူ့ခံစားချက်ကို ဖွင့်ဟသည်။ ဆရာမောင်ညိုပြာက သူ့ ဓါတ်ခွဲခန်း ရောက်တုန်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း မေးသည်။ ခင်ဗျား ဘာအရက်တွေ သောက်ခဲ့တာတုန်းတဲ့ အစုံပဲ ..ဟိုအရင် အနူအဝဲ တွေ ချက်တဲ့ ချက်အရက် ကနေ ဟို ဆရာကြီး တစ်ယောက်ကြွားကြွားနေတဲ့ အရက် ထိ သောက်ဖူးတယ်။

ကျွနတော့် မိတ်ဆွေ အင်ဂျင်နီယာ တယောက်က ပြောဖူးသည်... အရက်ဆိုရင် ချက်အရက်ကနေ ဟို ကမ္ဘာကျော် ဝီစကီ ဆိုတာတွေ အထိ တကယ် က အဆိပ်ချည်းပဲ... အသေမစောချင်ရင်တော့ ရေသာ များများ ရောတဲ့...
ဘယ်တုန်းကမှ ရန်ကုန်ဆေးရုံကြီးက ကျွန်တော့်ကို ချစ်ခင်ပွေ့ဖက်လေ ကျွန်တော့်မှာ မောပန်း ထိတ်လန့်လေ များ ဖြစ်နေမလားမသိ.. ဘယ်စင်္ကြန်က သွားရင် ဘယ်ဝါဒ် (word) ကိုရောက်တယ်.. ဘယ်က ထွက်ရင် ဘယ်အပေါက် ဆရာဝန်ကြီးတွေ..ဆရာဝန်လေးတွေ စစ္စတာ.. နာ့စ် အလုပ်သမား ဆေးကျောင်းသား/သူ စသည့် ဖြင့် ...ရန်ကုန်ဆေးရုံကြီး ၏ အငွေ့အသက် နီညိုရောင် အုတ်နီခဲ တွေသည်ပင် ကျွန်တော် ကိုယ်တိုင် ဖြစ်သွားသလိုပင်...။

အမှန်အတိုင်း ကျွန်တော့်ခံစားမှု့ ကို ပြောရလျှင် ဆေးနံ့တွေ ဝင်လိုက်ထွက်လိုက် တသောသော လူနာ တွေ တဂျာင်းဂျောင်း လှည်းတွန်းသံတွေ ဗိုက်ကဖောက် လည်ပင်းကဖောက် နှာခေါင်းကသွင်း ပိုက်တန်းလန်း သွားလာ လှုပ်ရှား ငြိမ်သက်နေတဲ့ လူနာတွေ ညည်းညူသံတွေ အားငယ်ကြောက်ရွံ့ နေတဲ့ မျက်နှာမျက်လုံးတွေ..ရှက်စိတ်ဆိုတာ ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ် တွေ နှင့် မနားတမ်း လှုပ်ရှား ပြောဆို ရေးသားကုသ နေသော ဆရာဝန်ကြီး..ဆရာဝန်လတ် ဆရာဝန်ငယ် မှသည် သူနာပြုအဆင့်ဆင့် ခရမ်းပြာဝတ် အာရ်ဂျီအိတ်ခ်ျ အင်ကျီ ဝတ် ဝန်ထမ်းတွေ (တချို့ သားစဉ် မြေးဆက် ဆေူးရုံကြီး ဝန်ထမ်းဖြစ်ခဲ့သူတွေ) အားလုံး အားလုံး သည် ရန်ကုန်ဆေးရုံကြီး လည်ပတ် အသက်ရှင်နေနိုင်အောင် ကိုယ့်တာဝန် ကို ကျေပွန်စွာ အေးဆေးစွာ (အလုပ်တခု အဖြစ်) ထမ်းဆောင်နေတာတွေ က ရတော့ ကျွန်တော့် မှာ အံသြသလိုပင် ဖြစ်နေခဲ့ပါသည်။ ချီးမွမ်းလို့လည်း နေခဲ့ မိသည်။ ဖြစ်တည်မှု့ ပဓာန၀ါဒီတွေ ပြော သလို ကိုယ့်ဘဝ ကို ကိုယ် ကိုယ်တိုင်သာ နေရာချထားခဲ့တာ ဖြစ်တယ်ဆိုသည့် အယူအဆ ကလည်း ငြင်း ဖို့ ခက်လှသည်။

ကျွန်တော် ဒီနေ့ မေ့ဆေးဆရာဝန်နှင့် တွေ့ရမည်။ ကျွန်တော် ထိုင်စောင့်ရင်း အရာရာကို ငေးမော မိသည်။ ခွဲစိတ်ခန်း ဝင်မည့် အစိမ်းရောင်နောက်ခွဲ အင်္ကင်္ျိရှည်ဝတ် လူနာတချို့ အစိမ်းရောင်ခေါင်းစွပ်။ ဖြူသွယ် ညိုးငယ် သော ကောင်မလေး က ခပ် တုတ်တုတ် ပုပု သူ့ယောက်ကျားကို မှီတွယ်ထားသည်။

အသက်၅၀ကျော် ရွယ် အမျိုးသမီးကြီး ကတော့ ဘီစကွတ်စားလိုက်၊ ရေသန့်ဘူးသောက်လိုက်၊ ခေတ်ပေါ် ပလပ်စတစ်ထိုင်ခုံတွေ မှာ လူနာတချို့ လူနာအစောင့်တချို့ ဝန်ထမ်းအချို့ အပေါက်စောင့် က သံတံခါး ကို ဖွင့်လိုက် ပိတ်လိုက်..
.....ဦးတင်ဆင့်.. မေ့ဆေးဆရာဝန် နဲ့ တွေ့မယ်...
မေ့ဆေးဆရာဝန်လေး က ဆရာမိုးသစ်ဝေ ၏ ညီအငယ်ဆုံးတဲ့ ..သူ့ဆရာ မေ့ဆေးဆရာဝန်ကြီးလည်း ပါသည်။ ကျွန်တော့် ကို အီးစီဂျီ ရိုက်ခိုင်းသည်။ အလို ရင်ခုံသံ တွေ အရမ်းမြန်နေပါလား...
ကျွန်တော့် ကို သွေးပေါင်ချိန်သည်။ အပေါ်သွေး ၂၀၀ အောက်သွေး ၁၀၀ တဲ့..ဘုရား...ဘုရား.. မနေ့ တနေ့ က ရွှေပြည်သာ ရှိ ကျွန်တော့် မိတ်ဆွေ ဆရာဝန်ဆီမှာ ချိန်တုန်းက ၁၃၅/၈၅ ယခု ဘယ်လို က ဘယ်လို သွေးတွေ တိုးနေရတာလဲ။

ဦးတင့်ဆင့် ...သွေးတိုးနေတယ်.. နှလုံးခုန်သံလည်း မြန်နေတယ်... အကျိတ်ခွဲစိတ်ဖို့ မဖြစ်နိုင်သေးဘူး ဆေးသောက်.. ပြီးတော့ နှလုံး ကို ကုသဖို့လည်း လိုပါမယ်... မေ့ဆေးပေးတဲ့ အခါမှာ နှလုံးက ပုံမှန် ဖြစ်နေ ဖို့ လိုတယ်.. သွေးပေါင် ပုံမှန် ဖြစ်ဖို့လည်း လိုတယ်.. ဦးတင့်ဆင့် ကြောက်နေလား...
မကြောက် ပါဘူး... ဟု ကျွန်တော် ပြောလိုက်သော စကားလုံးတွေက ယိုင်ရွဲ့ နေလေသည်။

(မှတ်ချက်) ရေးဖော် မိတ်ဆွေ အချို့ ... စာဖတ်သူ အချို့ ၏ တိုက်တွန်းတောင်းဆိုမှု့ အရ တောင်ကြီးမြို့ ဆေးကု မသွားမှီ တရက် တွင် ကြိုးစားရေးဖွဲ့လိုက်သည်။
ငါ့ခန္ဓာကိုယ်ထဲ ဝင်လာတာ ဘယ်သူလဲ.... ကင်ဆာ

အေးသာယာ အဝေးပြေး ဂိတ်အတွင်းကျွန်တော်တို့ စီးလာသည့် အဝေးပြေးယာဉ် နယူးမန္တလာထွန်း ဝင်ရောက် ထိုးဆိုက် လိုက်တော့ မနက် ၄နာရီသာသာပဲ ရှိသေးသည်။ ဆရာဒဂုန်တာရာ နှင့် တူမ ဆရာမ သင်းမြစန္ဒီ တို့၏ အောင်ပန်းမြို့ ရောက်တော့ နံနက်၃နာရီလောက် ကားပေါ်က ဆင်း ရေအိမ်သွား လိမ္မော်သီး အလုံး ၂၀ ငွေကျပ် တထောင်တဲ့ တောင်သူ အမျိုးသမီးကြီးရဲ့ တစာစာ အော်ဟစ် ရောင်းချ နေမှု့ ဇနီးက တန်လိုက် တာ ဆိုကာ ဝယ်လိုက်သည်။ ပျဉ်းမနား နေပြည်တော် မြို့သစ် မရောက်မီ ကန္တာရ အလယ် က စားသောက်ဆိုင်တန်း မှာ တုန်းက လိမ္မော်သီးတစ်လုံး ၃၀၀ကျပ်တဲ့ ပန်းသီးတစ်လုံး ၅၀၀ ကျပ် ၆၀၀ကျပ်

ဆရာတာရာ တို့ ဆရာမ သင်းမြစန္ဒီတို့ အိမ်က ဘယ်နားမှာ လဲဟု ဇနီးက မေးသည် အောင်ပန်းမြို့ ၏ အနောက် တောင်ဘက် မှန်းဆ၍ ကျွန်တော် လက်ညိုး ထိုးပြလိုက်သည်။ လမ်းတလျှောက်လုံး ကားပေါ် မှာ အေးမြ လာရာ ယခုတော့ ရေခဲစိမ် ရာသီဥတုထဲ ရောက်နေပြီ။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား တောင်တရုတ်ပင်လယ် မုန်တိုင်းကလည်း လိုက်ပါလာသည်။

အေးသာယာ ကားဂိတ်ဝင်းထဲရောက်လာတော့ မိုးမလင်းသေး၊ နှင်းလား မိုးလား ဖွေ့ဖွေ့ကြွေ နံနက် ၄နာရီ သာသာ၊
လွိုင်ကော် သွားမလား..လွိုင်ကော် တဲ့
တောင်ကြီး ကို..တောင်ကြီး ကို တဲ့
ဟိုင်းလတ်ကားလေး တွေက ခရီးသည်ကို ရှာဖွေလို့ အဘ..တောင်ကြီးလား
ဟင့်အင်း..တို့က ဒီ အေးသာယာ တင်ကွ..
လေးအေးစက်တပ် မှန်လုံကားကြီးပေါ်က ဆင်းပြီးနောက် လွယ်အိတ်လွယ် လက်ဆွဲအိတ် တွေ  ဆွဲခြင်း တွေ ဖြင့် ဂိတ်ဝင်း ထဲက ထွက်ခဲ့သည်။ တောင်ကြီးမြို့ ပေါ်ရှိ ဇနီး အကို ဝမ်းကွဲ (အကြီး) က ဝမ်းကွဲ အကို (အငယ်) နေသော အေးသာယာ မြို့သစ် က လိပ်စာပြောပြပြီး (ဝမ်းကွဲ အကိုငယ်ကို သူ ဆက်သွယ် ပြောထားမယ်လို့ ဆိုတယ်) ဆက်သွယ် ၍ မရသေးကြောင်းလည်း ပြော၏၊ သူ့အပြောအရ ကားဝင်း အပြင် ကို ထွက်ခဲ့သည်။

မိုး က တစိမ့်စိမ့် မုန့်တိုင်း ရဲ့ အရှိန် ဟု ထင်သည်။ ရခိုင်ပြည်နယ် ဘက်လည်း ထိုရက်က မုန့်တိုင်း ဝင်ဖို့ ပျိုးနေပြီ။ ဂိတ်နှင့် အနီးဆုံး လက်ဖက်ရည်ဆိုင် (အဒီတစ်ဆိုင်ပဲဖွင့်တာ ရှိသေး၏) မီးစက် မောင်း ထားသည်။ လူအချို့ စားသောက်နေသည်။ ကျွန်တော် တို့ လင်မယား အထုပ်အပိုးတွေ နှင့် ဆိုင်ထဲ ဝင်ခဲ့သည်။ နှင်းမိုး တွေက ဖျောက်..ဖျောက်.. လမ်း အဆောက်အဦး .. ကား.. ဆိုင်ကယ်တွေ မှုန်ဝါးဝါး...။

ယခု တောင်ပိုင်း ရှမ်းပြည်နယ်ထဲ ကျနော် ရောက်နေသည်။ ကျနော်တို့၏ ဆရာ မောင်လင်းယုန် (ရှမ်းပြည်) က တောင်ကြီးသား ကဗျာဆရာ အယ်ဒီတာ ဝါဆိုကိုဦး တောင်ကြီးသား ဒေါက်တာအောင်ကျော် (သွားဆရာဝန် ) လည်း တောင်ကြီးမှာနေသည်။ သည်နှစ်(၂၀၁၀) ထဲမှာပဲ မေလ က ဆ၇ာဒဂုန်တာရာ ၉၁ နှစ်မြောက်မှာ အောင်ပန်းမြို့ကိုလာရင်း တောင်ကြီးကို ရောက်ခဲ့သေးသည်။ ကမ္ဘောဇ စာကြည့်တိုက် က ကိုရဲအောင်၊ မေနှင်းကျော် တို့ တွေ့ဆုံ ရင်းနှီးခဲ့သေးသည်။

ပြီးတော့ အင်းစိန်သား ဆရာရှမ်း၏ ဂန္တဝင်ပျိုးခင်း ဝိုင်းတော်သား ဒေါက်တာအောင်ကျော်ထွေး သူက သည် တောင်ကြီး မှာ တာဝန်ကျနေခဲ့သည်။ ပြီးတော့ ဆရာမ သင်းမြစန္ဒီ ပြီးတော့ ဇနီးအစ်ကိုဝမ်းကွဲတွေ ပြီးတော့ ကိုရဲအောင် တို့ မေနှင်းကျော် တို့ တောင်ကြီးကိုသွားမယ်။

တကယ်တော့လည်ပင်းနာ က လည်ပင်းအကျိတ်ကလေး ကနေ စလိုက်သည့်ဇာတ်လမ်း ယခု အတော် ရှည်လျှား နေပြီ.. ကိုရီးယား ဇာတ်လမ်းတွဲ ဖြစ်လာကြပီ.. လည်ချောင်းနာခါစက နား နှာခေါင်း လည်ချောင်း ဆေးရုံ သွားပြလေ့ တော့ အပူနာလိုလို ဘာလိုလို နောက်အကျိတ်တွေ ထွက်လာ.. စာရေး ဆရာ မသန်းမြင့်အောင် တို့ရဲ့ သုခကုသိုလ် ဖြစ်ဆေးရုံ နျစ်ပတ်သွားပြ၏.။ အာထရာဆောင်း ဆိုတာ ရိုက်ရမယ်... စာရေးဆရာ ကိုညိုပြာဆေးခန်း မှာ ကိုညိုပြာက ကူညီသည်။ သွေးစစ်တာလည်း လုပ် ပေးသည်။ နောက် ရွှေပြည်သာ က ဒေါက်တာစိန်ဝင်း ကလည်း တီဘီကျိတ်ထင် ရဲ့ ဆိုပြီး ဓါတ်မှန်ရိုက်.. သလိပ်စစ် လုပ်ပေးပြန်သည်။

မတွေ့ဘူး.. နောက်တော့ ဒေါက်တာလွမ်းဝေ (မိုးသစ်ဝေ) ပိတောက်ပွင့်သစ် အယ်ဒီတာ ရုံးခန်း ရောက်လာပြီး အကျိတ် ကို ကြည့်ကာ ခွဲစိတ်ဖို့ ကောင်းကြောင်း၊ သူ့မိတ်ဆွေ ခွဲစိပ် ဆရာဝန် ရှိကြောင်း တယ်လီဖုန်း တွေ ဆက်၊ စာရေးပေး ခွဲထုတ်လိုက် ခွဲလိုက်ပါ လည်ချောင်းကလည်း စားရ သောက်ရတာ နာတာတာ၊ နောက်တစ်နေ့မှာဘဲ ရင်ခေါင်းပိုင်း ခွဲစိတ်ဆောင် ၃-၄ ရောက်သွား၊ ဆ၇ာဝန်ကြီး ဒေါက်တာထက်မြက် နှင့် တွေ့ တော့ နှလုံးတွေ အရမ်းခုန်နေ၊ သွေးပေါင်တွေတက်၊ (အဲဒါကို ဆေးရုံ ဖီးဗာ ဆိုပြီး ရသ စာတမ်းတစ်ပုဒ် ရေးပြီး)

ဒီတင် နှလုံးကိုစ္စ သွေးတိုးကိစ္စ ဝင်ရောက်လာသည်၊ အကျိတ်က မေ့ဆေးပေးခွဲရမယ်... မေ့ဆေး ပေးလျှင် အနည်းနဲ့ အများ နှလုံး ကို ခြိမ်းခြောက်သည်။ နှလုံးအခုန် မြန်နေတယ်ဆိုတော့ နှလုံး ဆရာဝန်ကြီး ဒေါက်တာလွမ်းဝေ က ပဲ ဖုန်းနဲ့ နှလုံးဆေး အွန်လိုက်တာ တစ်ခါ နှလုံးက အရမ်း နှေး သွားပြန်ရော၊ ၅၆ ပဲရှိသတဲ့.. ၄ဝ အောက် ဆို အန္တရယ် .. ဒါနဲ့ ဆေးရုံကြီး နှလုံး အထူးကုပြ..သွေးတွေ စစ်ဟာ..စစ်ဟာ... အီးစီဂျီ နေ့စဉ်ရိုက် နောက် အက်ကိုး ရိုက်ရမယ်တဲ့ နှလုံးကို ကွန်ပျူတာ နဲ့ ဆက်သွယ် ရောဂါရှာကြည့် တာလေ.. ဒီကြားအက်ကိုးရိုက်မယ့်နေရာ လူမှားပြီး ဦးတင်ဆင့် ခေါ်တာ ဥိးတင်ထွန်းဆိုသူက ဝင်ရိုက်သွားလို့ ရှုပ်ကုန်သေးတယ်.. ဖြစ်ပုံပြောပါတယ်.. ဆရာဝန်..ဆ၇ာမတွေ လည်း ရွာလည်သွားတာပေါ့... စာရေးဆရှာအမှာားတထောင် ဆိုတာမျိုး.. ပြီး မှားတာ တွေ ရှိသေး..နှလုံးကို ကွန်ပျူတာ နဲ့ ကြည့်တော့ ပုံမှန်တဲ့ ခွဲစိပ် လို့ ရတယ်ပေါ့....

သို့တိုင် အီးစီဂျီ (အီးစီဂျီဆိုတာက နှလုံးကို စက်နဲ့ ဆက်သွယ်ထားပြီး နှလုံးခုန်တာကို စက်က ပန်းချီ ဆွဲ ပေးတာလေ) မှာကတော့ နှလုံးခုန်တာက ပုံမှန် မဟုတ်ပြန်ဘူး... နှလုံး စက်ပန်းချီက ပို့စ် မော်ဒန်ပန်းချီ ဖြစ်နေတယ် ထင်ရဲ့..။ နှလုံးက နှေးလိုက် မြေန်လိုက် ခုန်ချက်က ပိုတဲ့ အခါ ပိုနေလိုက် မေ့ဆေး ဆရာကြီး လည်း ဦးနှောက်စားသွား၏။

ဒါနဲ့ သူ့ဆရာ ပရောဖစ်ဆာ ဦးတင့်မြင့်ဆီခေါ်သွား.. ဆရာရေ ဒီ စာရေးဆရာ ဆိုတဲ့ လူနာရဲ့ နှလုံးသား ကတော့ တိုင်ပတ်နေပြီဗျာ.. ကြည့်ပါဦးဆရာ.. ပါရဂူ (မေ့ဆေး) ဆရာကြီးက သူ့သီးသန့ ရုံးခန်းမှာ ကျနော်ကို စစ်ဆေးသည်။ မောလား မမောပါဘူး.. အောင့်တာတွေ ဘာတွေ အသက်ရှူမဝတာတွေ ရှိလား.. ဟင့်အင်း... ကျနော် ၃၈ လမ်းက မြို့တောင် ဈေးသစ်ကြီး သုံးထပ်မှာ ရှိတဲ့ ဦးတေဇဇော်၊ ကဗျာဆရာ မောင်လင်းရိပ် တို့ ရဲ့ ဖြူးချား အင်ဂျင်နီယာရင်း.. ရုံးခန်းကို တက်နေတာပဲ.. ကောင်းပါပြီ.. ပုံမှန် မဟုတ်သော်လည်း လုပ်တော့ လုပ်ရမှာပေါ့ ဗျာ... (ခွဲရမှာပေါ့ ) ဟု ဆရာကြီးက မှတ်ချက်ချသည်။ 


ကျနော် ကတော့ ဆေးရုံကြီး ရောက်ကတည်းက နားလည် တတ်ကျွမ်းသူ ဆရာဝန်ကြီးတွေကို ကျနော် ခန္ဓာကိုယ် အား ပေးအပ်ထားခဲ့ ပါပြီ.. (ကျနော့် ခန္ဓာကိုယ်သည် ကျွန်တော် ပိုင် မဟုတ်တော့ ဗုဒ္ဓ အဘိဓမ္မာ အ၇လည်း တကယ်တော့ အနတ္တ) မေ့ဆေးပေးမှာ..ခွဲစိတ်မှာ.. မှန်ပြောင်း ထည့်ကြည့်မှာ လက်ခံကြောင်း..နားလည်ကြောင်း.. ကျနော် လက်မှတ် အကြိမ်ကြိမ် (သုံးခါလောက် ရှိမလားပဲ ခွဲမယ်ဆိုပြီး လွဲလွဲ နေလို့လေ၊ မခွဲနိုင် မခွာရက် ဖြစ်နေတာက အကြိမ်ကြိမ်မို့လား) ဒီတခါတော့ ခွဲရမဲ့ရက် သေချာသွားသည် ၅ရက် အောက်တိုဘာ ၂၀၁၀..

၎ရက် အောက်တိုဘ ၂၀၁၀ ညကတည်းက အစာ မစားရ။ ရေ မသောက်ရ။ ခွဲစိတ်ပစ္စည်းတွေ၊ ဆေးတွေ၊ မေ့ဆေး ပစ္စည်းတွေ ၀ယ်ထား။ မနက် ၇နာရီလောက်ကတည်းက ခွဲစိတ်ခန်း လူနာဝတ်စုံအစိမ်း၊ နောက်ပြန် နောက်ခွဲ။ ပလတ်စတစ်ဦးထုပ်။ အဲ ... အတွင်းခံဘောင်းဘီ ပါးပါးလေး။

၅ရက် မနက် ၉နာရီလည်း ထိုးရော (ဆရာဝန်ကြီးတောင် လူနာတွေ လှည့်မကြည့်ရသေး) ဆေးရုံဝန်ထမ်း ကုလား က ကျွန်တော့်ခုတင် အမှတ်(၇)ရှိရာကို ပတ်လက်လှည်းကြီး တဂျောင်းဂျောင်း တွန်းလာပြီး ဦးတင်ဆင့် တက်တဲ့။ အိပ်ရာခင်းစောင်ပေးတဲ့။ လှည်းပေါ်တက်လိုက်ရသည်။ ခွဲစိတ်ခန်းအပေါက်ဝကျ တော့ ပုဆိုးချွတ်။ 

(အင်္ကျီက ခွဲစိတ်ဝတ်စုံ ၀တ်ကတည်းက ချွတ်ထားပြီးသား) ခွဲစိတ်ဝတ်စုံက ခြေမျက်စိထိ ရောက်သည်။ ခွဲစိတ်ခန်း လှည်းပေါ် ရှေ့နောက်မပြီး ပြောင်းတင်သည်။ အပြင်က လှည်းတွန်းသည့် ၀န်ထမ်း နေခဲ့။ ခွဲစိတ်ခန်း ထဲက ၀န်ထမ်းက ဆက်တွန်းသွား။ ပိုးသတ်ဆေးနံ့တွေနဲ့ တွေ့ထိစတော့ မွှန်ထူ နေသည်။ မိနစ်ပိုင်း အတွင်း ယဉ်ပါး သွားသည်။ အပြင်ခွဲစိတ်ခန်းကနေ  အတွင်းခွဲစိတ်ခန်း။ ဆရာဝန် ဆရာမတွေ၊ သူနာပြု တွေ၊ အပြာနုရောင် ခွဲစိတ်ခန်းဝတ်စုံ တွေနှင့် အလုပ်များနေ၏။

အတွင်းခန်းရောက်တော့ ခွဲစိတ်မယ့်ခုတင်ကို ပြောင်းရပြန်သည်။ အဲသည်မှာ ကျွန်တော့်ခန္ဓာကိုယ်နှင့် နှလုံး နှင့် ဆက်သွယ်။ ဆေးပိုက်သွင်းစသည့် လိုအပ်တာတွေ ပြင်ဆင်၏။ (ရုပ်ရှင်ထဲမှာ တွေ့ဖူးတယ် မဟုတ်လား) ကျွန်တော် ပက်လက် အနေအထား။ လက်တွေ ပထမဘေးကား။ နောက် စုထားပြန်။ ကျွန်တော် ရှေ့ နံရံပေါ်မှာ နာရီဝိုင်းကြီးတစ်လုံး။ ၉း၁၅နာရီကို လက်တံတွေက ပြနေသည်။ ဘာမှ မလုပ် သေး။ မေ့ဆေးဆရာဝန်ကြီးက ဦးတင်ဆင့် အယ်ဒီတာ လုပ်တဲ့ မဂ္ဂဇင်းကဘာတဲ့။ မေ့သွားလို့တဲ့။ ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်းပါ။ တော်ကြာ ဆရာဝန်မလေးတစ်ယောက်က ဦးတင်ဆင့် အသက် ဘယ်လောက်လဲတဲ့။ ခြောက်ဆယ့်တစ်နှစ်။ နာရီလက်တံက တချက်ချက် ပြေးနေ၏။ ဦးလေး မကြောက်နဲ့ နော်တဲ့။ မေ့ဆေးဆရာဝန်ကြီးက သူ့ဆရာလာမယ်တဲ့။ အဖေကြီး လာမယ်တဲ့။ ပရော်ဖစ်ဆာ (ပါရဂူ) ဒေါက်တာဦးတင်မြင့် ကို ပြောတာထင်ရဲ့။ ကိုယ့်နှလုံးခုန်သံကို စက်ကနေတစ်ဆင့် ကိုယ်ပြန်ကြားနေရ၏။ နှလုံးစက် က ညာဘက် ခေါင်းရင်းမှာ ထင်ပါရဲ့။ မမြင်ရ။ တီ ... တီ ... တီ ... တီ ... တီတီတီ ... ကြား နေရ ၏။ နှလုံးခုန်သံ ပုံမှန်မဟုတ်သော ကြားနေရ၏။

ဆေးရုံတက်နေတုန်း မဂ္ဂဇင်းထုတ်ဝေသူ ကိုတေဇဇော်ဇနီး မဝေေ၀တင့်နှင့် ရုံးကစာရေးမလေးလာတော့ ဦး က စာရေးဆရာမို့လို့လား မသိဘူး။ နှလုံးက ခုန်ချင်သလို ခုန်နေတာ။ ပို့စ်မော်ဒန် နှလုံးသားပေါ့ဟု ဟာသ ပြောခဲ့မိသေးသည်။ မျက်နှာပေါ်တည့်တည့်ကြည့်လိုက်တော့ မီးစလောင်းဝိုင်းကြီး။ (ရုပ်ရှင်တွေထဲ၊ ဓာတ်ပုံ တွေထဲ တွေ့ဖူးမှာပေါ့။ ခွဲစိတ်ခုတင်ပေါ်က မီးစလောင်းဝိုင်းကြီးကို) မီးစလောင်းဝိုင်းကြီးမှာ မီးဘယ်နှလုံး ရှိမလဲဆိုတာ တစ်၊ နှစ်၊ သုံး ရေတွက်ကြည့်မိသည်။ မီးလုံး ၁၂လုံးရှိတာ တွေ့ရ၏။ မီးလုံး တွေက လင်းလက်မလာသေး။ ၉း၄၅ နာရီလောက်မှာ မေ့ဆေးပါရဂူကြီး ရောက်လာသည်။ နောက်မကြာမီ ခွဲစိတ်ပါရဂူကြီး ဒေါက်တာ ဦးမောင်မောင်ခင်လည်း ရောက်လာသည်။ အပြာနုရောင် ခွဲစိတ် ၀တ်စုံ၊ ခေါင်းစွပ်။ ကျွန်တော့်နှာခေါင်းနှင့် ပါးစပ်ကို ပလတ်စတစ်ခွက်တစ်ခုနှင့် အုပ်(စွပ်)သည်။ ပြန်ခွာ သည်။ စွပ်သည်။

ငါ ဘယ်လို မေ့သွားမှာလဲဟု ကျွန်တော် တွေးသည်။ ဘယ်လို စတင်မေ့မှာလဲ။ သတိနှင့် စောင့်ကြည့်နေ သည်။ အဲသည် အတွေ့အကြုံက ဒါ ပထမဆုံးလေ။ နှာခေါင်းနှင့်ပါးစပ်ကို စွပ်ထားသည်။ ဟိုဆေးထည့် ဒီ ဆေးထည့် ပြောနေသည်။ ကျွန်တော့်ကို မေ့အောင်လုပ်နေပြီ။ ပရော်ဖစ်ဆာ ဦးတင်မြင့်ကိုယ်တိုင်။ တကယ်မေ့သွားမှာလား။ မေ့တယ်ဆိုတာ ဘယ်လိုကြီးလဲ။ ဘယ်လို အတွေ့အကြုံလဲ။
ထိုအခိုက် အာရုံမြင်ကွင်းထဲ အဖြူထည်ပိတ်ကားကြီး ဝေါခနဲ တိုးဝင်လာပြီးနောက်။ သြော် ... မေ့တယ် ဆိုတာ ဒါကိုး။ ဘာမှမသိတော့။

ကျွန်တာ် သတိရတော့ ခွဲစိတ်ခန်း အပေါက်ဝရောက်နေပြီ။ မေ့ဆေးပေးချိန်နှင့် ခွဲစိတ်ချိန်ကြားမှာ ကျွန်တော့် အတွက် အချိန် ပျောက်ဆုံးသွားသည်။ စိတ်မှာ ခွဲစိတ်ပြီးသေးတယ်မထင်။ အသံတချို့ အရင် ကြားရ၏။ မြင်ကွင်းတွေကေ၀၀ါးနေသည်။ လှည်းကို တွန်းသွားကြသည်။ အခန်းတစ်ခုထဲပို့သည်။ ခြေထောက်၊ လက်၊ နှာခေါင်းတွေမှာ ပိုက်တန်းလန်းတွေ ထင်သည်။ ကျွန်တော် ပထမဆုံး ဝေေ၀၀ါးဝါး မြင်လိုက် ရတာက ကျွန်တော့်သား အငယ်ကောင် စောင့်ကြည့် သတင်းဂျာနယ် အယ်ဒီတာ ရဲလင်းထိန် (ခေါ်) ရဲမွန်ထော။

နောက် ... အစ်ကိုဖြစ်သူနှင့် ညီလည်း ရောက်နေသည်။ သူတို့မျက်နှာတွေ အာရုံထဲ ၀ါးတားတားဝင်လာ သည်။ နောက် ရဲမွန်ထောရဲ့ ညီလိုခင်တဲ့ ကိုဟိန်း။ သတိကောင်းကောင်း၊ အမြင်ရှင်းရှင်း ရှိလာတော့ နှာခေါင်း မှာ အောက်ဆီဂျင်ပိုက်၊ ခြေထောက်မှာ ဆေးရည်ပိုက်။ လက်နှစ်ဖက်မှာ ဆေးထိုးသွင်းထားတဲ့ အရာ တွေ ဆရာဝန်၊ ဆရာမ တွေ နှင့် နီးသော ယာယီကြပ်မတ်ဆောင်။
မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာဦးတင်မြင့် လာကြည့်သည်။ ဦးတင်ဆင့် ကံကောင်းမှာပါဟု ပြောသွား သည်။ ကဗျာဆရာ (ဆရာဝန်ကြီး) မိုးသစ်ဝေ၏ ညီငယ် ဒေါက်တာလွမ်းနိုင်လည်း လာရောက် နှုတ်ဆက် သည်။ အကျိတ် ခွဲထားသည့် "အသားစ"တွေကို ဆေးရုံကြီး ဓာတ်ခွဲခန်း (အသားဓာတ်ခွဲခန်းဌာန)ပို့ရန် သားငယ် နှင့် အစ်ကိုဖြစ်သူတို့ သွားကြသည်။ ဓာတ်ခွဲခန်းမှာက တူမ၀မ်းကွဲ စန်းစန်းထွေး ရှိနေသည်။

အဲသည်နေ့က တောင်ကြီး က ဓာတ်ကင်ပြီး ပြန်ရောက်နေသည့် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းနှင့် News Watch သတင်းဂျာနယ်ပိုင်ရှင် အယ်ဒီတာချုပ်လင်မယား (အ၀ကျွန်းချစ်မောင်နှင့် ဆရာမတင်တင်ဦး) တို့လည်း ရောက်လာသေးသည်။ သားငယ်က ညစောင့်အိပ်ပေးသည်။ ပထမရက်ပိုင်း ဆေးရုံတက်စဉ်က သားအကြီး မှ စောင့်အိပ်ပေးသည်။
နောက်တစ်နေ့မှာ ကိုယ်တိုင် (အကူအညီမပါ) ရေအိမ်သွားနိုင်ပြီ။ ခွဲပြီးညနေ ဆရာဝန်ကြီး အဆောင်တွင်း လူနာ တွေ လှည့်လည်ကြည့်ချိန် ကျွန်တော့်ကို စားနိုင်သောက်နိုင်ပြီဟု ခွင့်ပေးခဲ့သဖြင့် ရေ၊ ပူတင်းပေါင်မုန့်၊ ကြက်ဥပြုတ် စသည်ဖြင့် စားသည်။ နောက်နေ့ညနေမှာ ဆရာစိမ်း (မောင်စိမ်းနီ)နှင့် ကဗျာဆရာ မောင်းလင်းရိပ်၊ ရင်နီ တို့ ရောက်လာအားပေးကြသည်။

အကျိတ်ဘိုင်အိုစီ (ဓာတ်ခွဲထားမှု)က သုံးလေးရက်ကြာလျှင် ရမည်ဟု ဆိုသည်။ တူမ စန်းစန်းထွေးက အမြန် ရအောင် ဆောင်ရွက်ပေးတာ ဖြစ်သည်။ ပုံမှန်ဆို တစ်ပတ်ဆယ်ရက်တော့ ကြာသည်။
အကျိတ် ဘိုင်အိုစီ မရမီ ခွဲပြီးသုံးရက်လောက်ရှိတော့ လည်ပင်းအသံအိုးဘေးမှာ အနာလေးရှိသတဲ့။ မှန်ပြောင်း ထည့်ရမယ်တဲ့။ မှန်ပြောင်းထည့်ပြီး အနာက အသားစထုတ်ယူတာ နောက်မှ သိရသည်။ မှန်ပြောင်း ထည့် စစ်ဆေးမယ်ဆိုတော့ မလုပ်ရင် မရဘူးလားပေါ့။ စာရေးဆရာ ဆင်ခြေတက်မိသည်။ ခွဲပြီးပြီပဲ လိုသေးလို့လားပေါ့။ လိုတယ် လုပ်လိုက်ပါ။ လုပ်လိုက်တာက ပိုကောင်းတယ်။ လုပ်မှ ဖြစ်မယ်ဟု တာဝန်ကျ ဆရာဝန်လေးကပြောသည်။ ဘာမှ မတတ်နိုင်။ ကောင်းပြီ လိုအပ်တယ်ဆိုလျှင် လုပ်ပေါ့။

ဆက်ရန်
.

No comments: