Saturday, February 11, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၉)

ဓာတ်ရောင်ခြည်၊ မုတ်ဆိတ်နှုတ်ခမ်း၊ပါးသိုင်းမွှေးနှင့်
ပတ်ဝန်းကျင် - ၂

ကျွန်တော်တို့လို အသံအိုးများ ရောဂါဖြစ်သူ တစ်ယောက်က ဦးအေးဆောင်။ သူက သံဖြူဇရပ်မြို့ မှာ နေထိုင်သည်။ သူလည်း အသံအိုးမှာ ကင်ဆာဖုလေးတွေ ထွက်လာပြီး ယောင်ရမ်းခဲ့သည်ဟု ဆိုသည်။ သို့တိုင် သူက အသံပျောက်မသွား။ သူက ထွန်းဆေးခန်းမှာ တစ်ပတ်ကို စနေညတစ်ကြိမ် ဆေးသွင်း ရသည်။ သူ့ သားသမီးတွေ အလုပ်အကိုင် ကောင်းပုံရသည်။ ဒါကြောင့် ပိုက်ဆံခန်းမှာ ဆေးသွင်း။ ဆေးသွင်းရင်း ပရီးမီယားလိဂ် ဘောလုံးပွဲကြည့်သည်ဟု ဆိုသည်။ သူက ဘောလုံးဝါသနာအိုး။ သူက ဆေးရုံ နှင့် သိပ်မဝေးသော ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးက တိုက်ခန်းတစ်ခန်း ငှားရမ်းနေသည်။ တစ်လ ရှစ်သောင်း။ တစ်ခါတည်း နှစ်လစာပေး ငှားရမ်းထားသည်။ သူက တောင်းကြီး ဆေးလာမကုမီ ( ဆေးလာကု ဖို့ သေချာသွားချိန်) သူ့သားတွေက ပွဲစားနှင့် တိုက်ခန်းလှမ်းငှားပေးထားတာ ဖြစ်သည်ဟု ဆိုသည်။

သူ့ဝင်းထဲမှာပဲ မော်လမြိုင်က ကင်ဆာရောဂါ လာကုနေသော ဦးပန်းအောင်ဆိုသူ (ဦးအေးဆောင်နှင့် ဦးပန်းအောင် ပုံများကို လူနာ နားနေခန်းမျာ ၄င်းတို့ခွင့်ပြုချက်အရ ဓာတ်ပုံရိုက်ထားခဲ့သည်) ကတော့ ပါးစောင်၊ လျှာအောက် ကင်ဆာဖြစ်သဖြင့် မေးရိုးတစ်ဖက် ဖြုတ်ထားရသည်။ သူလည်း ဆေးသွင်း ဓာတ်ကင်ရသည်။ အစားစားရတာ အရသာပျောက်ဆုံး၊ ခံတွင်းမှာလည်း ပျက်နေသည်ဟု ဆိုသည်။ သို့တိုင် သူ့နှမနှင့်တူမလိုက်ပါ စောင့်ရှောက်ပြီး ကောင်းနိုးရာရာ ခံတွင်းလိုက်အောင် ချက်ပြုတ် ကျွေးမွေးနေတာ တွေ့ရသည်။ သူနှင့် ကျွန်တော်က ဓာတ်ရောင်ခြည်ကင်ရတာ တစ်ရက်တည်း၊ ဆေးပတ်ပြည့်၍ ပြန်တော့လည်း တစ်ရက်တည်း။ ဦးပန်းအောင်ဇနီးက ဆုံးပါးခဲ့ပြီဟု ဆိုသည်။ သားနှင့် နှမ က ဆေးကုသပေးကြသည်။ သူ့ကြည့်ရတာ ခန္ဓာအပေါ်မှာ အတော်တရားရနေပုံတွေ့ရသည်။ မေးရိုး တစ်ဖက် ဖြုတ်ထားပေမယ့် မျာက်နှာက ပုံအရမ်းပျက်မသွားသော်လည်း စကားပြောလျှင်တော့ မော်လမြိုင် လေသံနှင့် ရောထွေးကာ ဗလုံးဗထွေး။ သူနှင့် စကားပြောလျှင် သူ့စကားလုံးတွေကို နှစ်ခါပြန်မေး နေရသည်။

ရောင်ခြည်စက်စက် အပြင်ခန်းမှာ မော်နီတာစက်လေးရှိသည်။ ဓာတ်ရောင်ခြည်ခန်း တာဝန်ခံ (ဓာတ်ရောင်ခြည်စက်ကျွမ်းကျင်) က မော်နီတာမှကြည့်ကာ Radiation Oncology စပါယ်ရှာယ်လစ် ဆရာဝန်ကြီးများ ညွှန်ကြားသည့်အတိုင်း စက်ကိုထိန်းညှိ ပေးပုံရသည်။ ဓာတ်ရောင်ခြည် ဆေးကုသဌန၏ တာဝန်ခံ ဆရာဝန်ကြီးကတော့ နေ့စဉ် ၀င်ရောက်ကြည့်ရှု စစ်ဆေးတာတွေ့ရသည်။ စက်ခန်းကျွမ်းကျင် ဆရာမလေးက ဓာတ်ရောင်ခြည်ကင်ပြီးသူတိုင်း၏ ဖိုင်တွဲမှာ နေ့စဉ်မှတ်တမ်း တင်ပေးထားသည်။ ကင်ဆာ ဓာတ်ရောင်ခြည်စက်မှာ ဓာတ်မှန်ရိုက်သော ရောင်ခြည်ထက် သုံးဆပြင်းအား ရှိသည် ဟု ဆိုပါသည်။

ရယ်ဒီရေးရှင်းခေါ် ဓာတ်ရောင်ခြည်မှာ အန္တရာယ်ရှိပါသည်။ ရောဂါမရှိသူများ ဓာတ်ရောင်ခြည် သင့်ခြင်းမှ ကာကွယ်နိုင် ရန်  ဓတ်ရောင်ခြည်ခန်းကို နံရံထူထူ ကာထား ရသည် ဟုဆိုသည်။ နံရံအထူ သုံးပေ ရှိသကဲ့။ သို့တိုင်ဓာတ်ရောင်ခြည်ခန်းတွင် တာဝတ်ကျသော ၀န်ထမ်းများကို ဓာတ်ရောင်ခြည်သင့်မှု ရှိ/မရှိ နှစ်စဉ် ပညာရှင်များက လာရောက် စစ်ဆေးပေးရသည် ဟုဆိုပါသည်။ သို့ကြောင့်လည်း ပုဂ္ဂလိက ဆေးခန်း၊ ဆေးရုံ များတွင် ဓာတ်ရောင်ခြည်စက်ထားဖို့ ခွင့်ပြုပေးထားခြင်း မရှိတာလား။

ဓာတ်ရောင်ခြည်ဆေး ကုဌာနက မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး၊ ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံကြီး၊ တောင်ကြီးစ၀်စံထွန်းဆေးရုံကြီး မြန်မာပြည်တွင် ထိုသုံးနေရာမှာသာကင်ဆာ ဓာတ်ရောင်ခြည် ကုသစက်တွေ ရှိနေသည်။ ဒါကြောင့်လည်း မြိတ်၊ ထားဝယ်ဈ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင် ဘက်က လူနာတွေ သည်တောင်ကြီးကို လာရောက်ကုသခံယူကြရတာဖြစ်မည်။ မန္တလေး၊ ရန်ကုန် ကလည်း လာကြရသည်။ တကယ်က ရာသီဥတုမျှတသော မော်လမြိုင်မြို့တွင် ဓာတ်ရောင်ခြည် စက်တစ်လုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်နေရာမှာတစ်လုံး၊ စသည်ဖြင့် လိုအပ်သည့် တိုင်းနှင့်ပြည်နယ် တွေမှာလည်း ထားပေးသင့်သည်ထင်ပါသည်။ ယခုတော့ ရောဂါဖြစ်သူ နှင့် ဓာတ်ရောင်ခြည် စက်နှင့် မျှတမှု မရှိလောက်အောင် ဖြစ်နေသည်ဟု ကျွန်တော်ထင်ပါ သည်။ (တောင်ကြီးမှာပင် တချို့လူနာတွေ စောင့်ဆိုင်း နေရ၊ တချို့လူနာတွေ ပြန်လွှတ် ရတာရှိသည် ဟုကြားရသည်။ ရန်ကုန်မှာတော့ သုံးလ လေးလ စောင့်ဆိုင်းနေကြရတာ ကင်ဆာ ရောဂါသည်တွေအဖို့ မဖြစ်သင့်ဘူးထင်ပါသည်။)

ကင်ဆာရောဂါဖြစ်လာ၍ ဓာတ်ရောင်ခြည်ကင်ရသော လူနာအဖို့ ဓာတ်ရောင်ခြည်က ဘာခံစားမှုမှ မပေးပါ။ မရရှိပါ။ ပူခြင်း၊ စပ်ခြင်း၊ နာကျင်ခြင်းမရှိ။ သို့တိုင် ဓာတ်ရောင်ခြည်ကင်တာ ကြာလာသည်နှင့် အမျှ ဓာတ်ရောင်ခြည်ကင်သော နေရာဝန်းကျင်တွင် အရေခွံကွာခြင်း၊ အပူလောင်သလို ညိုမည်း လာခြင်း၊ ယားယံခြင်းမျိုး ဖြစ်တတ်သည်။ ပြီးတော့ဓာတ်ရောင်ခြည်က အနည်းနှင့်အများ အသွေးအသားကို စုပ်ယူသွားတာတော့ ရှိမည်ထင်သည်။ ကျွန်တော့် ခန္ဓာကိုယ်ရောင်ခြည် မကင်မီက (ရောဂါဖိစီးနေချိန်) ၁၄၃ ပေါင်ရှိရာ ရောင်ခြည်ကင်ပြီး တစ်ပတ် နှစ်ပတ်အတွင်း ၁၃၄ပေါင် ထိ ကျ သွားသည်။

ဒါကြောင့် ဆရာဝန်များက ရေများများသောက်ဖို့ တစ်ရက်ကို ၄/၅ဗူးလောက်သောက်ဖို့။ (ရင်ခေါင်း အထက် သမားများ) အကြိမ် ၄၀ ပလုတ်ကျင်းဖို့ သတိပေးထားသည်။ သို့တိုင် လူနာ အတော်များများ ကတော့ ရေသောက်၊ ပလုတ်ကျင်း ကျင့်စဉ်ကို သိပ်လိုက်နာပုံမရ။ ကျွန်တော်ကတော့ ကြိုးစား လုပ်သည်။ ပလုတ်ကျင်း၊ ရေများများသောက်။ အေးတဲ့အရပ် မို့ ရေသောက်ရတာ ဒုက္ခကြီးတစ်ခုလို ဖြစ် နေတာတော့ မတတ်နိုင်ပါ။ ရောဂါရလာမှာတော့ ဆရာဝန် ညွှန်ကြားသည့်အတိုင်းလိုက်နာ။ မလိုက်နာ လျှင် ခံရမှာ က လူနာကိုယ်တိုင်ပဲ ဖြစ်တာကို ကျွန်တော် တွေ့နေသည်။
ဓာတ်ရောင်ခြည်ခန်းမှာ လေအေးပေးစက် တပ်ဆင်ထားသဖြင့်လည်းကောင်း အေးမြသော ရာသီဥတု ကြောင့် လည်းကောင်း အမြဲအေးစက်နေသည်။ စက်ခုံကလည်းအေး၊ ရာသီဥတုကလည်း အေးဆိုတော့ စက်ခန်းတွင်း ၀င်ဖို့ အနွေးထည်နှစ်ထပ်လောက် ၀တ်ထားရသည်။ လည်ပင်းသမားများအဖို့ ကော်လံ မပါသည့် အနွေးထည်မှ အဆင်ပြေသည်။

 တစ်ခါတော့ ရောင်ခြည်ဖွင့်ပိတ်သည့် စက်ပူပြီး သုံးလေးငါးမိနစ်ခန့်  စက်ဖွင့်လိုက် ပြုတ်ကျလိုက် (ဂီယာမ၀င်သလိုမျိုး) ဖြစ်နေရာ စက်ရပ်ထား စက်ခန်းတံခါးဖွင့်ပြီး ကျွန်တော့်ကို စောင်လာခြုံပေးရသည်။ တချို့ အောက်ပိုင်းသမား (ရင်ခေါင်း၊ ရင်သား၊ သားအိမ်) တွေ ခန္ဓကိုယ်၏ နှစ်နေရာလောက် ရွှေ့ပြောင်း ရောင်ခြည်ကင်ရရာ အနည်းလေး ရောင်ခြည်ခန်းထဲ ၁၀မိနစ်လောက် ကြာမြင့်သွားတတ်သည်။ ထို အခါမျိုးတွင် လည်းစောင်ခြုံပေးရမည်။ ၀န်ထမ်းက စောင် ကို အခန်းထဲမှာပဲ အဆင်သင့် ထားပေးထား တာ တွေ့ရသည်။ ဦးရီးဆိုသော အသက် ၇၀ ခန့် (အန္တလေးသား) ထောင်ထောင် မောင်းမောင်း အသံသြသြ (သူရောက်လာခါစက သူ့အသံမှာ စက်ရုပ်သံပေါက်နေသည်ဟု မန္တလေးသား လူနာ တစ်ယောက် တင်စားပြောတာ ကြားရသည်) ဖြစ်သည်။ တစ်ခါတော့ သူသည် လူနာစောင့် သူ့ချွေးမဆီက စောင်တစ်ထည် တောင်းပြီး ရောင်ခြည်ခန်းထဲ တလှုပ်လှုပ် ၀င်ရောက်သွားတာ တွေ့ခဲ့ရသည်။

သည်လိုနှင့် ကျွန်တော် ဓာတ်ရောင်ခြည်ကင်ပြီး ပထမတစ်ပတ်ပြည့်လို့ ဗုဒ္ဓဟူးနေ့မှာ ဆရာဝန်ကြီးဆီ ပြန်ပြမည့် ရက်တွင် ဆရာဝန်မက အမှတ်အသား (မာကင်) ပြန်ခြစ်တော့ ကျွန်တော့် မုတ်ဆိတ်နှုတ်ခမ်း၊ ပါးသိုင်းမွှေး တို့မှာ အတော်ရှည်နေပြီ။ (သွားလာရင်း၊ အိပ်ရင်း၊ မင်ခြစ်ပျက်တတ်သဖြင့် အပတ်စဉ် မင်ပြန်ခြစ် ရတတ်သည်) ကျွန်တော့်မျက်နှာက အမွှေးအမျှင်များမှာ ကျိုတိုကြဲတဲ ထိုးထိုးထောင်ထောင် ဖြစ်သည့် အပြင် အချို့ဖြူတာက ဖြူလို့နေသဖြင့် ကြည့်ရတာ သိပ်တောိ့အဆင်ပြေပုံမရ။ မင်ခြစ် ပေးသော ဆရာဝန်မက-
ဦးလေး ဓာတ်မကင်ခင်တုန်းက မုတ်ဆိတ်ရိတ်မထားဘူးလား ဟု မေးလာသည်။
ရိတ်တာပေါ့၊ ရိတ်ပါတယ်။
ဦးလေး မှတ်ဆိတ်မွှေးတွေက အရှည်မြန်လှချည်လား။
ဟုတ်တော့ ဟုတ်သည်။ တစ်ပတ်ပဲရှိသေး စပါးလုံး တစ်ထောက်လောက်နီးပါး ရှည်နေသည်။ ဓာတ်ရောင်ခြည်ကင်သည့် တစ်လခွဲသာ ကြာမြင့်သွားမည်ဆိုလျှင် မုတ်ဆိတ်၊ ပါးသိုင်း၊ နှုတ်ခမ်းမွှေးတို့မှာ အဖြူရောင် သစ်တော အငယ်စားလေး ဖြစ်ပေါ်နေ လားမသိ။

ရန်ကုန်က မိတ်ဆွေအပေါင်းအင်း၊ ရေးဖော်တွေသာ မြင်လျှင် ကျွန်တော့်ကို မှတ်မိမည် မထင်၊ ကင်ဆာ ရောဂါ ကုသခြင်း၊ ဓာတ်ရောင်ခြည်ကင်သည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်ပြန်သည်ထိ တစ်လခွဲကာလ မုတ်ဆိတ်၊ ပါးသိုင်း၊ နှုတ်ခမ်းမွှေး မရိတ်ဘဲ ထားကြည့်မည်ဟု ကျွန်တော် ဆုံးဖြတ်ထားမိသည်။ ထို စတိုင် နှင့် ရန်ကုန် မိတ်ဆွေတွေကို ထိတ်လန့်စေပြီး မှ ရိတ်တော့မည်ဟု မှန်ထဲကြည့်ကာတွေးရင်း ကျွန်တော်ပြုံးတောင်ပြုံး မိသေးသည်။ ဒါပေမယ့် သေချာကြည့်တော့ ကုလားအဘိုးကြီး တစ်ယောက်နှင့် တူ နေသည်။ သို့တိုင် ရူးကြည့်ချင်သည့်စိတ်က ပျောက်မသွား။ သည်လိုနှင့် နှစ်ပတ်ကြာ မြင့်သွားသည်။

နှစ်ပတ်အကြာ ဗုဒ္ဓဟူးတစ်ရက် ဆရာဝန်ကြီး ဦးနေ၀င်းကို ပြန်ပြရမည်။ ဆရာဝန်ကြီးပ်ြရန် ကျွန်တော့် အမည်ကို ခေါ်တော့ ဆရာဝန်ကြီး အခန်းထဲဝင်သွားသည်နှင့် ဆရာဝန်ကြီး ဦးနေ၀င်း က ကျွန်တော့်ကို အသေအချာ ကြည့်ပြီး ပြောလိုက်သည်။
ကဲ... ဦးလေး.. ဘာများဖြစ်သေးလဲ တဲ့။ ကျွန်တော် တွန့်သွားသည်။ စိတ်ထဲမှာ တွန်ရွဲ့သွား ခြင်းဖြစ် သည်။ ကျွန်တော့်အသက်မှာ သည်တုန်းက (၂၀၁၀ ခုနှစ်) ၆၁ နှစ်ရှိပြီ ဖြစ်တာမှန်သည်။ သို့တိုင်ဆရာကြီး အသက် မှာလည်း မငယ်တော့ဘူးထင်သည်။ အနည်းလေး ၅၅ သို့မဟုတ် ၅၇/၅၈ လောက်တော့ ရှိပြီ ထင်သည်။ ပင်စင်ပင် နီး လောက် ပြီ။ ကျွန်တော့်ကြည့်ကာ ဦးလေး ဟုခေါ်လိုက်သောအခါ ကျွန်တော် ဖြုံသွားသည်။

ဦးလေး ဘာဖြစ်သေးလဲ ...ပြော။
ကောင်းပါတယ်၊ စားနိုင်သောက်နိုင် လာပါပြီ။
ဒါဆိုလည်း ရောင်ခြည်ဆက်ကင်လိုက်ဦးဗျာ။

ဟုတ်ကဲ့။
ကျွန်တော် အခန်းထဲက ထွက်လာပေမယ့် အတွေးက တောက်လျှောက်ပါလာသည်။ ဦးလေး ဆိုသော အသံ က နားမှာမြည်နေတုန်း။ ငါ တော်တော်အိုစာသွားပြီလား။ င့ါပုံစံက ၇၅/၈၀ လောက် ထင် နေရပြီလား။ ထိုအတွေးက တောက်လျှောက်ပါလာသည်။

အသက်ကြီးပုံ ပေါက်တာထားတော့ သည်မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင် ကြောင်ကျား တွေက မြင်ရသူ ပတ်ဝန်းကျင်က လူတွေကိုများ စိတ်အနှောင့်အယှက် ဖြစ်စေသလား။ ပုဂ္ဂလိက လွတ်လပ်ခွင့်ဆိုတာတော့ ဟုတိပြီ။ ဒါပေမယ့် သည်ပုဂ္ဂလိက လွတ်လပ်ခွင့်က ပတ်ဝန်းကျင်ကို အနှောင့် အယှက် ဖြစ်နေလျှင် သင့်တော်ပါ့မလား။
သည်နှုတ်ခမ်း၊ မုတ်ဆိတ်၊ ပါးသိုင်းရှည်တဲ့ကိစ္စ ဆရာဝန်မကလည်း စိတ်အနှောက်အယှက် ဖြစ်ပုံရသလို ဆရာဝန်ကြီးလည်း စိတ်အနှောက်အယှက် ဖြစ်သွားသလား။ ဓာတ်ရောင်ခြည်ခန်းက ကလေးမတွေရော လူနာစောင့်ခန်း က လူနာတွေ၊ လူနာအဖော် တွေကိုလည်း စိတ်အနှောက်အယှက် မဖြစ်စေဘူးလို့တော့ ပြောလို့မရ။

ကျွန်တော်သည် ကင်ဆာအမှတ်တရ နှုတ်ခမ်းမွှေး၊ ပါးသိုင်း၊ မုတ်ဆိတ်မွှေး၊ ကြာဇံ၊ ၀က်မွှေးလို ထိုးထိုး ထောင်ထောင် တွေကို မှန်ထဲမှာ အတန်ကြာ ငေးကြည့်နေပြီးနောက် တစ်မိနစ်အကြာတွင် လက်တွင်းမှ မှတ်ဆိတ်ရိတ် ဓားဖြင့် ကိစ္စတုံး စီရင်လိုက်ရလေသည်။

ဆက်ရန်
.

No comments: