Monday, February 20, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၅)

တောင်ကြားလွင်ပြင်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထိ ခုတ်မောင်းသွားမည့် ရထားက မနက် ၈း၃၀ နာရီမှာ ထွက်မှာ ဖြစ်သည်။ ရထားလက်မှတ်က စာရေးဆရာရဲသျှမ်း၏ အကူအညီဖြင့် နှစ် ရက်လောက်ကတည်းက ကြိုထားပြီး ဖြစ်သည်။ လက်မှတ်ရရှိရေးကိစ္စစီစဉ် ပေးသူက ဆရာထက်မြက်၊ ကျေးဇူတော်ပါပဲ ဆရာရဲသျှမ်း နှင့် ဆရာထက်မြက်တို့ခင်ဗျား။

ကျွန်တော် တို့မှာ တစ်နှစ်တစ်ကြိမ်လောက် ခရီးထွက်ဖို့ဆိုတာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်။ တစ်နှစ်ပတ် လုံး ပြေးလွှား လှုပ်ရှားနေတာတောင် မိသားစုအရေးက ပြည့်စုံကြ သည်မဟုတ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးလျှင် အနည်းလေး တစ်လလောက်တော့ ခရီး ထွက်တတ်ကြလေသည်။ ခရီးသွားခြင်းသည် စိတ်အပမ်း ဖြေနည်း တစ်မျိုးဖြစ်သလို အသိဥာဏ်တိုးပွားရာ တိုးပွားကြောင်း လည်း မည်ပါသည်။ အထူးသဖြင့် စာရေးဆရာတွေအဖို့ ခရီးသွားခြင်းသည်။ စာပေ ထုတ်လုပ်မှု စွမ်းအား ပိုမို တိုးတက်စေကြောင်း ဖြစ်သည်။ ဗဟုသူတတိုးပွားရာ စိတ်ခွန်အား ဖြည့်ရာ မည်ပါသည်။

သည်မေလ ဒုတိယပတ်မှာ ကျွန်တော်တို့ ခရီးထွက်ဖြစ်သည်က ဆရာဒဂုန်တာရာအသက် (၉၀)ပြည့် မွေးနေ့ပွဲ အကြောင်း ပြုလာ၍ ဖြစ်သည်။လူတစ်ယောက်သို့မဟုတ် စာရေးဆရာ ကဗျာဆရာကြီး တစ်ယောက် အသက် (၉၀)ပြည့်သည်အထိ အသက်ရှင်နေနိုင် သွားသည် ဆိုတာ တကယ့်ကို ထူးမြတ် သည့် ကံတရားဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ။ ဆရာဒဂုန်တာရာ အသက် (၉၀)ပြည့်က ၂၀၀၉ မေလ၁၀ရက်နေ့ ဖြစ်သည်။ ကျွန်တော် တို့က မေ (၈)ရက် မနက်မှာ ရန်ကုန်ဘူတာကြီးမှာ ထွက်ခွာ ကြမည်။

ရန်ကုန်မှ ထိုနေ့လိုက်ုပါမည့် စာရေးဆရာ၊ ကဗျာဆရာတွေ အယောက်၂၀ခန့် ရှိပါသည်။ ဆရာဦးအံ့မောင်၊ ဆရာစန္ဒရားသိမ်းမောင်၊ ဆရာထက်မြက်မိသားစု၊ ဆရာမဒေဝီသန့်စင်၊ ထွန်းဝင်းငြိမ်း (ဗျူးတီးမဂ္ဂဇင်း)၊ ဖိုးလမင်း၊ ကိုဇော်သိန်း၊ ကိုညွန့်သစ်၊ ဆရာမတင်တင်ဦး တို့အဖွဲ့၊ လင်းထင်၊ ပန်းချီယဉ်မင်းပိုက်၊ ဆရာသန်းစိုးနိုင်၊ ဆရာကိုခါး စသည်ဖြင့် အသက် အရွယ်ကြီးရင့်ဆရာတွေမှ လူငယ်တွေအထိ ပါဝင်နေပါသည်။ ဆရာမောင်မိုးသူ၊ ဆရာ ရဲသျှမ်းတို့ မလိုက်ပါနိုင်သော်လည်း ဘူတာ ဆင်းကာ ဆရာတာရာ ဂုဏ်ပြုဆုတောင်း ကဗျာများ လူကြုံပါးကြပါသည်။
သွားရောက်ရမည့် ခရီးက ဝေးပါသည်။ ဝေးသည်ဟုဆိုနိုင်ပါသည်။ သို့ကြောင့် ကျွန်တော် တို့ အထက်တန်း တွဲကလိုက်မှ အဆင်ပြေပါမည်။ အထက်တန်းတွဲ လက်မှတ်ခက သုံးထောင့်သုံးရာ နီးပါးကျသည်။ (ရန်ကုန်ဘူတာကြီးမှ မနက် ၈ နာရီခွဲရထား ထွက်ခွာ ပြီး နောက်တစ်နေ့မနက် ၁၀ နာရီခွဲ မှ အောင်ပန်းမြို့ သို့ ရထားဆိုက်သည်။ အချိနိ၂၅ နာရီ သာသာ ကြာမြင့်ပါသည်။ ရထားပေါ်မှာ ကျွန်တော် တို့ တစ်ရက်သာသာ နေထိုင်ခဲ့ရပါ သည်။)

မနက် ၈း၃၃ နာရီတွင် ရန်ကုန်ဘူတာကြီး အမှတိ၎ စင်္ကြန်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရထား ထွက်ခွာလာသည်။ လိုက်ပါနှုတ်ဆက်သော ဆရာနှစ်ယောက်ကို လက်ပြနှုတ်ဆက်။ မနက်ခင်း နေရောင်ခြည် က ဝင်းပပြီး မွှေးမြနေပါသည်။
အင်္ဂလိပ်-မြန်မာ ဒုတိယအကြိမ်စစ်ပွဲ ၁၈၅၂ခုနှစ်မှာ ဖြစ်ပွားပြီးတဲ့နောက် အောက်မြန်မာ ပြည်ဟာ အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့ပါသည်။ အဲသည်နောက် ၁၈၇၄ ခုနှစ်မှာ ရန်ကုန်-ပြည် မီးရထားလမ်း ကို စတင်ဖောက်လုပ်ပါတယ်။ ၁၈၇၇-ခုနှစ်မှာ ပြီးပါတယ်။

ဗြိတိသျှတွေရဲ့ မီးရထားလမ်းဖောက်လုပ်တဲ့အကြောင်းက အုပ်ချုပ်ရေးခိုက်မာပြီး ကိုလိုနီ တည်မြဲစေဖို့က အဓိက အကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိသျှကိုလိုနီလက်အောက် စောစီးစွာ ကျရောက်ခဲ့တဲ့ အိန္ဒိယ မှာ ကုလားစစ်တပ်တွေ ပုန်ကန်ခြင်းကြောင့် မီးရထားက အရေးပါလာတာကို အင်္ဂလိပ်တွေက အတွေ့အကြုံအရ သိသွားပါတယ်။ လမ်းပန်းဆက် သွယ်ါမှု လွယ်ကူစေတာ၊ စီးပွားရေးဖြစ်ထွန်းလာမှာက နောက်ဆက်တွဲကိစ္စပါ။ မူလ ရည်မှန်းချက်ကတော့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကိုတော့ လူထုက ခံစားရပါမယ်။မီးရထားလမ်းဖောက်ပြီး အလုပ် အကိုင် တွေ ဖန်တီးပေးပါတယ်၊ လုပ်ခလစာပေးပါတယ်။

ဗြိတစ်သျှရဲ့ ကိုလိုနီနည်းပရိ ယာယ်အရ အတင်းအကြပ် စေခိုင်းတာမျိုးကို လက်ရှောက်ပါတယ်။
ရန်ကုန်ု-ပြည် ရထားလမ်းဖောက်ပြီး သီပေါမင်းပါတော်မမူမီ ၁၈၈၅ ခုနှစ်မှာ တောင်ငူမြို့ထိ ရထားလမ်းဆက်ဖောက်ပါတယ်။ ၁၈၈၆မှာ မန္တလေးကို ဆက်ဖောက်တယ်။ ၁၈၉၈မှာ မြစ်ကြီးနား ကိုဆက်ပြီး မီးရထားလမ်းဖောက်ပါတယ်။ ၁၉၀၂ ခုနှစ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အရောက် မီးရထာူးလမ်းဖောက် လုပ်ပါတယ်။ နောက်ပိုင်းဆက် ဖောက်တဲ့ မြစ်ကြီးနား၊ လားရှိုးစတဲ့ လမ်း တွေက မီးရထားကုမ္ပဏီက ဖောက်တာဖြစ်တယ်။ ၁၈၉၆ခုနှစ်မှာ အစိုးရက ကုမ္ပဏီကို မီးရထားလမ်း လုပ်ငန်းများ ငှားရမ်းလိုက်တာပါ။

အသေးစိတ်ရလျှင် ရန်ကုန်တောင်ငူလမ်းက ၁၆၆မိုင် ရှိပါတယ်။ ၁၈၈၁-ခုနှစ်မှာ စဖောက်ပြီး ၁၈၈၅မှာ ပြီးတယ်။ ၄ နှစ်ကြာပါတယ်။ ၁၈၈၆မှာ တောင်ငူက မန္တလေးကို ဖောက်တာ ၂၇လပဲ ကြာတယ် လို့ ဆိုပါတယ်။ တောင်ငူမန္တလေးက မိုင် ၂၂၀ ဝေးပါတယ်။ ၁၈၈၉မှာ ရထားလမ်းက မန္တလေးရင်ခွင်ထဲ ရောက်ပါပြီ။ ဘာကြောင့် ဒီလောက်မြန်မြန် ပြီးရသလဲဆိုတော့၊ အဲသည့်ရထားလမ်းဖောက်လုပ်ရာမှာ တစ်နေ့ ကို အလုပ်သမား ၂၄၀၀၀ နှစ်သောင်းလေးထောင်ပျမ်းမျှ အသုံးပြုတယ်ဆိုပဲ။ အဲဒီထဲမှာ သုံးပုံ နှစ်ပုံ က ဗမာ အလုပ်သမားတွေ ကျန်တာက ကုလားနဲ့ အနောက်သားအချို့ပါ။

ကျွန်တော်တို့ ခရီးသွားနေတဲ့ မီးရထားဆီ ဆက်သွားရအောင်။ ရထားကြီးက ပုံမှန်ပြေး သွားနေပါသည်။ ရန်ကုန်မြို့ပြ ကို လွန်သည်နှင့် လယ်ကွင်းပြင်များကြားမှ ဖြတ်သန်းသွား သည်။ လိမ္မော်ရောင်ကမ္ဘာက တဖြည်းဖြည်း မြင့်တက်လာနေသည်နှင့်အမျှ အပူရှိန်များက လေနှင့်အတူ ရထားပြတင်းများမှ ဝင်လာကြ ပါသည်။
နံနက် ၁၀း၃၀ နာရီမှာပဲ ပဲခူးမြို့ ဘူတာကြီးကို ရောက်သည်။ ပဲခူးဘူတာကလည်း အရင် လို မစည်ကား တော့။ ထမင်းထုပ်ရောင်းသော၊ အချိုရည်၊ ဆေးလိပ်၊ ကွမ်းယာ၊ မုန့်ပဲသွား ရည်စာရောင်းသော ဈေးသည် အချို့ ရထားပေါ်တက်လာသည်။ ပဲခူးဘူတာမှာ ရထားက ဆယ်မိနစ်ပဲ ရပ်သည်။ ရထားက ဆက်ထွက် လာပြန်သည်။ လယ်ကွင်းပြင်များက ခြောက်သယောင်းနေသည်။ မိုးအရိပ်အရောင်ကို မြင်ခဲ့ရဟန် မတူသေး။

တကယ်က ပဲခူးနယ်သည် မြန်မာပြည်၏ ဆန်စပါး များထုပ်လုပ်ရာတွင် အဓိကကျသော နယ်ကြီး ဖြစ်သည်။ ကွင်းပြင်တွေက တပြန်တပျော့။ ၁၁း၄၅ နာရီတွင် ဒိုက်ဦးဘူတာသို့ ရောက်သည်။ ဒိုက်ဦးမြို့ ထဲက ဖရဲသီးထွက်ကောင်းတာ သိရသည်။ ဒိုက်ဦးကွာစိထုပ်တွေ ဟိုအရင်က အလုအယက် ဝယ် လဲဖူးသည်။ ယခုတော့လည်း သူမဟုတ်သလိုပင်။
ကျွန်တော်အပေါ်အင်္ကျီကို ချွတ်ထားပြီး အပူငွေ့များကို ရင်ဆိုင်ဖို့ ပြန်ဆင်ရသည်။ ထမင်း ဆာတာကို ထမင်းထုပ်ယူလာသော ဆရာထက်မြက်မိသားစုဆီမှ ပေးကမ်းသော ထမင်း နှင့် ဖြည့်ဆည်းလိုက်သည်။ သည်အချိန်ဘီယာလေး သောက်ရလျှင် ကောင်းမည်။ သို့ သော် မဖြစ်နိုင်ပါ။ အမျိုးအမည်မသိသော ရေသန့်ဗူး တွေသာ သောက်နေရသည်။ ၁၂း၃၀ တွင် ပြွန်တန်ဆာဘူတာဝင်သည်။ ရှေးရှေးက ရေနွေးငွေ့ မီးရထားစက်ခေါင်း အတော်များ များကို ဘူတာဝင်းထဲက ဂိုဒေါင်ထဲမှာ တွေ့ရသည်က လွမ်းစရာ။

မွန်းတိမ်း၁ နာရီမှာ ညောင်လေးပင်ဘူတာ
မွန်းတိမ်း ၁း၃၀ နာရီမှာ ပိန်းဇလုတ်
မွန်းတိမ်း ၁း၅၀ နာရီမှာ ကျောက်တံခါး
မွန်းတိမ်း ၂း၁၀ နာရီမှာ ပဲနွယ်ကုန်း
မွန်းတိမ်း ၂း၃၅ နာရီမှာ ကညွတ်ကွင်း
မွန်းတိမ်း ၃း၀၅ နာရီမှာ ဖြူးမြို့ဘူတာ ရောက်လာသည်။

ကျွန်တော်တို့ရထားက ဘူတာစဉ်မှာ သိပ်ကြာကြာမရပ်ခဲ့သော်လည်း ဖြူးမှာ နာရီဝက် လောက်ကြာ ရပ်ထားခဲ့သည်။ ဘာများဖြစ်လို့လဲ။ ရထားမီးပေါင်ကျတာတော့ မဖြစ်နိုင်။ ရေနွေးငွေ့မောင်းရထားမှ မဟုတ်တာ။ နောက်မှ သိရတာက နေပြည်တော်အမြန်ရထား ကို စောင့်ပြီး လမ်းပေးရတာတဲ့။ အော်... သည်လိုလား... ကောင်းပါပြီ။
ရထားဆက်ထွက်လာပြီး တောင်ငူမြို့ဘူတာကို ညနေိ၅း၀၀နာရီမှာ ဆိုက်ရောက်ပါ သည်။ တောင်ငူသည် တစ်ချိန်က နတ်သျှင်နောင်နှင့် ဓာတုကလျာ်တို့၏ လွမ်းမောဖွယ် ဇာတ်လမ်းရှိခဲ့ဖူးသည်။ ပြည်တွင်း စစ်ကာလ အချက်အချာကျသော မဟာဗျူဟာ ဖြစ်ခဲ့ဖူး သည်။ နောက်ပိုင်း စည်ကားဖွံ့ဖြိုးသော ရန်ကုန်-မန္တလေးလမ်း က ဆုံရပ်ဖြစ်ခဲ့ဖူးသည်။

ထမင်းသည်တွေ၊ မုန့်သည်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ စသည်ဖြင့် ဈေးသည်ပေါင်းစုံ ခရီးသည်ပေါင်းစုံတို့၏ အသံဘလန်များကို ကျွန်တော်ကြားယောင်နေမိပါသည်.။ ကျွန်တော်တို့ အပူဒဏ် ကို ခါးစည်းခံရင်း ပလက်ဖောင်းပေါ်မှာ ဆင်းလျှောက်နေမိသည်။ ရသည်ကလေးတချို့၊ အချဉ်သီး စိတ်ရောင်းသူ၊ ကွမ်းယာသည်တစ်ဦး နှစ်ဦး။ ဟိုဘက် စင်္ကြန်ခေါင်းမိုးမှာ ချိန်ဆွဲထာသည့် တီဗီသတင်းကို မော့ကြည့်နေသူ လေးငါးယောက်။ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဘယ်ရောက်သွားပါလိမ့်။ ရှင်းလင်း သွေ့ခြောက် နေသော ဘူတာမှာ ကျွန်တော်တို့ ရထားကြီး တစ်နာရီကြာမျှ အိပ်မောကျ နေခဲ့ပါသည်။

ဆက်ရန်
.

1 comment:

ချစ်စံအိမ် said...

မမရေ လာဖတ်သွားပါတယ်။