Thursday, February 2, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ အပိုင်း (၁)

 ရထားပေါ်က 
ကင်ဆာတစ္ဆေဖွဲ့စည်းပုံ

၂၀၁၀ ခုနှစ်သည်  ကျွန်တော့်အတွက်တော့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မရဏ၏ နိမိတ်ပုံနှင့် ရင်ဆိုင် တွေ့ရသော နှစ်ဖြစ်သည်။ ၂၀၁၀ စက်တင်ဘာလထဲမှာ ရန်ကုန်ဆေးရုံကြီးတွင် လည်ပင်းအကြိတ် ခွဲစိတ် ရသည်၊ လည်ချောင်းက အသံအိုးမှာ လက်သည်းခွံလောက် ကင်ဆာနာစွဲကပ် နေပြီဆိုတာ အသားစ ဓာတ်ခွဲစမ်းသပ် တော့ သေချာသွားသည်။ ၂၀၁၀ အောက်တိုဘာ တတိယပတ်ထဲ မှာ ဓာတ်ရောင်ခြည် ဖြင့် ကုသရန် တောင်ကြီးမြို့သို့ တက်သွားခဲ့ရသည်။ ကျွန်တော်အတွက် အထိတ်တလန့်ကင်ဆာနှင့် တိုက်ခိုက် ခဲ့ ရသော နေ့ရက်များဖြစ်သည်။ တစ်လခွဲသာသာ ဓာတ်ရောင်ခြည်ကင် ဆေးကုသခံပြီး ဒီဇင်ဘာ ဒုတိယပတ်ထဲ တွင် တောင်ကြီးမှ ရန်ကုန်သို့ ပြန်လာနိုင် ခဲ့သည်။

ထိုအတွေ့အကြုံများကို ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း The Real Lives, Real Stories နွယ်နီမဂ္ဂဇင်း၊ နဘယံမဂ္ဂဇင်း တို့တွင် ရသစာတမ်းများအဖြစ် (ဆေးကုသနေစဉ်အတွင်းမှ စတင်ကာ) ရေးသာခဲ့ပါသည်။
ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီးနောက် တစ်ရက်တွင် မိတ်ဆွေကြီး ဦးသိန်းလွင် (လင်းလွန်းခင်စာပေ) နှင့် တွေ့ဆုံသည်။ ဦးသိန်းလွင်က "ကင်ဆာတစ္ဆေ" အက်ဆေးများကို သူ့စာပေတိုက်မှ ထုတ်လိုကြောင်း ပြော လာပါသည်။ သို့နှင့် နွယ်နီမဂ္ဂဇင်းတွင် အခန်းဆက်ရေးနေသော "ကင်ဆာတစ္ဆေနှင့် စီးချင်း ထိုးပုံများ" ခေါင်းစဉ် နှင့် စာတမ်းများကို စုစည်းကာ ပေးခဲ့သည်။ 

သည့်ပြင် ၂၀၁၂ ခုနှစ်ထဲတွင် ပုံနှိပ် ထုတ်ဝေ ပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။ သို့တိုင် လင်းလွန်းခင် စာပေတိုက် အတွက် ၂၀၁၁ခုနှစ် ထဲတွင် ကျွန်တော့်စာအုပ် ကို ထုတ်ဝေဖို့ အခက်အခဲ ရှိကြောင်း၊၂၀၁၁ ထဲတွင် ထုတ်ဝေရန် တန်းစီ ထားသော စာအုပ်များရှိနေကြောင်း သို့အတွက် ၂၀၁၂ထဲ ရောက်သွား နိုင်ကြောင်း သီးခံပေးဖို့၊ ပြန် ပြောခဲ့၏။ သို့တိုင် ကွန်ပျူတာစာစီခြင်း၊ စာပေစီစစ်ရေး တင်ခြင်း နှင့် နောက်ဆုံး အဖုံးအပ်ခြင်းအထိ တဆက်တည်း၊ လိုအပ်သည်များ လှုပ်ရှာ လုပ်ဆောင်ထားပုံ မှာ ကျေနပ်စရာ ကောင်း ပါသည်။ ကျေးဇူးလည်း တင်မိသည်။
(၂)

၂၀၀၈၊ ၂၀၀၉၊ ၂၀၁ဝ၊ ကျွန်တော် ပိတောက်ပွင့်သစ်စာပေမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်နေစဉ် အခြေအနေ အရ မြို့တွင်းနှင့် အလှမ်းဝေးသော ကျွန်တော်နေထိုင်သည့် ရွှေပြည်သာမြို့သစ်သို့ သွား၊ ပြန်ရာတွင် ဆင်ခြေဖုံး သွား လောကယ်ရထားကို စီးတတ်သည်။ မြို့ပတ်ရထား၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး လော်ကယ်ရထား၊ ရွှေပြည်သာရထားတို့သည် လူများစု အောက်ခြေလူသားများ အားကိုအားထားပြုရာ သယ်ယူ ပို့ဆောင်ရေးယာဉ်များ ဖြစ်သည်။ ထိုရထားများ ပေါ်စီးနင်းလိုက်ပါကြ သော လူသားများသည် အလွန် အမင်း စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ပြည်သူ့ဘဝ ကို အမှတ်တကယ် သိလိုလျှင် ခင်ဗျားတို့ အနေ နှင့် ထိုရထားများကို စီးကြည့်သင့်ပါသည်။

စာရေးဆရာတစ်ယောက် အဖို့ ရေးစရာ အာရုံတွေနှင့် အမြဲထိတွေ့နေဖြစ်သည်။ ကျွန်တော်က ရေးစရာ တွေကို လိုက်ရှာနေစရာမလိုဘဲ ရေးစရာက ကျွန်တော့်အာရုံထဲ ဝင်ရောက်ရောက်လာ နေကြပါသည်။ သို့နှင့် ကျွန်တော်သည် ဝတ္ထု သို့မဟုတ် ရသစာတမ်း များ ရေးဖြစ်သွားပါသည်။ ရထားပေါ်ကလူများ ၁၊၂၊ ၃၊ ၄၊ ၅ နှင့် တခြားခေါင်းစီးများ မြန်မာသစ်၊ စတိုင်သစ်၊ မြန်မာ့ဓန၊ ပန်းအလင်္ကာ၊ ရနံ့သစ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း စသည်များ ကျွန်တော် ထိုဝတ္ထု၊ ရသစာတမ်းများကို စုစည်းလိုက်သောအခါ ၁၂ ပုဒ် ရရှိ ပါသည်။ နောက်ပိုင်း ၂၀၁၀ နှစ်ကုန်ခါနီး ကျွန်တော် နာမကျန်းဖြစ်ပြီး ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်း အယ်ဒီတာအဖြစ်မှ အနားယူလိုက်သောအခါ ဆင်ခြေဖုံးသွားလော်ကယ်ရထားများလည်း ကျွန်တော် နှင့် ဝေးသွားပါသည်။ ထိုအခါ "ရထားပေါ်က လူများ" သည် ရပ်တန့်သွားတော့သည်။
 

ရထားပေါ်က လူများကို The Bookhouse စာပေတိုက်အား ထုတ်ဝေနိုင်ရန် စုစည်းပေးခဲ့သည်။ သို့တိုင် စာမူ ၁၂ ပုဒ်မှာ The Bookhouse စာပေတိုက် က ထုတ်ဝေနေကျ စာအုပ်ဆိုဒ် နှင့် ဆိုလျှင် ခပ်ပါးပါး ဖြစ် တော့မည်။ ထိုအချိန်တွင် လင်းလွန်းခင်မှ "ကင်ဆာတစ္ဆေနှင့် စီးချင်းထိုးပုံများ" သည် စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ကျလာခဲ့ပြီ ဖြစ်သည်။ သို့နှင့် ထူထူထဲထဲလေး ထုတ်ဝေလိုသော The Bookhouse က ထိုစာမူ နှစ်ခုကို ပေါင်းချင်သည်ဟု ဆိုလာပါသည်။ သို့နှင့် မိတ်ဆွေကြီးဦးသိန်းလွင်ကို အားနာနာနှင့်ပဲ မေတ္တာ ရပ်ခံကာ "ကင်ဆာတစ္ဆေ"ကို လက်လွှဲယူလိုက်ခဲ့ကြသည်။

(၃)

"ရထားပေါ်ကလူများ" နှင့် "ကင်ဆာတစ္ဆေနှင့် စီးချင်းထိုးပုံများ " စုစည်းမှု ၂အုပ်ကို တစ်အုပ်အဖြစ် ပေါင်းရသော အခါ ၂အုပ်ပေါင်း အဓိပ္ပါယ်ထွက်နိုင်သော ခေါင်းစီး၎ခု  ကျွန်တော်ရေးပေးလိုက်သည်။ သည့်နောက် ထုတ်ဝေသူအကြိုက်တို့နှင့်လည်းညီသော "ရထားပေါ်က ကင်ဆာတစ္ဆေများ" ဆိုသော ခေါင်းစီး ထွက်ပေါ်လာခဲ့တော့သည်။ ကျွန်တော်ပေးခဲသော ခေါင်းစီး ၄ခုတွင် "ကိုယ်တွင်းကင်ဆာ၊ အပြင် ဘက်က ကင်ဆာ" ဆိုတာလည်း ပါဝင်ခဲ့သည်။ သည်ခေါင်းစီးက သည်၂ပုဒ်ပါင်း၏ ကျွန်တော် ပြော ချင်သော တိုက်ရိုက် အဓိပ္ပါယ်ထွက်မည်ထင်ပါသည်.။
စာမူများ ကို ထည်သွင်းဖော်ပြပေးသော မဂ္ဂဇင်းများ၊ မိတ်ဆွေကြီး ဦးသိန်းလွင်တို့ကို ကျေးဇူးအထူး တင်ရှိ ပါကြောင်း ဆိုသည့်စကားကို သည်နေရာတွင် ကျွန်တော်မပြောလိုက်မိလျှင် ကျွန်တော့်ထက် မိုက်မဲသူ ရှိမည် မထင်တော့ပါ။ The Bookhouse ကိုလည်း ကျေဇူး....။
    မောင်တင်ဆင့်
    (၂၅၊ ၁၀၊ ၂၀၁၁)

ကင်ဆာတစ္ဆေ နှင့် စီးချင်းထိုးပုံများ
ဆေးရုံဖီးဗာ
(Hospital Fever)

လမ်းမတော် မီးပွိုင့် ရောက်သည်နှင့် ရန်ကုန်ဆေးရုံကြီး(အထွေထွေ ရောဂါကုဆေးရုံ) ကို လှမ်းမြင်နေရ သည်။ ပညာရည်ကြွယ်ဝပြီး ရင်ကျက်တည်ငြိမ်သော ဣနြေ္ဒကို အုတ်နီအိုရောင်မှာ ဗိသုကာလက်ရာတွေ ဆိုတာ တော်ရုံလူပင် သိနိုင်ပါသည်။ ရန်ကုန်မြို့တွင် နှစ်ပေါင်းရာချီနေပြီဖြစ်သောဗြိတိသျှ ကိုလိုနီခောတ် အဆောက်အဦး တချို့ ကျန်ရှိနေပါသေးသည်။ ယခုအခါတော့ ရန်ကုန်မြို့၏ ကျက်သရေဆောင်တွေဟု ပြောရမလား တော့မသိ။

အမှန်အတိုင်းပြောရလျှင် ကျန်းမာနေသူ တစ်ယောက်အဖို့ ဆေးရုံကြိးကို လှမ်းမြင်ရတာ သမိုင်းစာအုပ် တစ်အုပ် ကို ဖတ်နေရသလို ခံစားရကောင်း ခံစားရပေမည်။
လူနာ တစ်ယောက် အဖို့တော့ ဆေးရုံကြီးကို လှမ်းမြင်ရတာ တရားရှိနေပြီးသောသူအဖို့ တရားရဖွယ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပုထုဇဉ်သာမန်လူတွေ အတွက်တော့ ထိတ်လန့်ဖွယ်ရာလို ရင်ခုံ နှလုံးတုန် မိမှာ အနည်းအများ ဖြစ်ပါသည်။
ကျွန်တော် သည် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး သို့ လူငယ်ဘဝမှ ယခုလူကြီးပိုင်းကာလထိ အကြိမ်ကြိမ် ရောက်ဖူးခဲ့ပါသည်။ ကိုယ့်မိဘမှ အစ ညီအစ်ကိုမောင်နှမ၊ ဆရာသမား၊ သူငယ်ချင်း မိတ်ဆွေ တွေ ဆေးရုံတက်စဉ်တုန်းက ဖြစ်သည်။

နောက်နှစ်ပေါင်းများစွာ ပြောစမှတ်ပြုရမည့် ကာလတစ်ခု က သည်ဆေးရုံကြီးထဲမှာပဲ ဟောပြောပွဲတွေ နားထောင် ခဲ့ဖူးသူ ဖြစ်သည်။ ကျွန်တော်ဆေးရုံကြီး ကို မြင်လိုက်တာနဲ့ ထိတ်လန့်ရင်မခုန်ဖူးခဲ့။ ယခုလည်း စာရေးဆရာတစ်ယောက်အဖြစ် အသိဥာဏ်၊ အသိတရား၊ တရားသဘော တစ်စုံတစ်ရာ၊ ရှိမှု သိမှု အရ ကြောက်စိတ်၊ ထိတ်လန့်စိတ်၊ ရင်ခုန်စိတ် တစ်စုံတရာမရှိဘူး။ သို့ဟုတ် မရှိနိုင်ဘူးဟု ထင်ခဲ့ ပါသည်။ သို့တိုင် တကယ်တမ်းတွင် ကျွန်တော့်မသိစိတ် က တုန်လှုပ်နေပုံ၊ ကြောက်ရွံ့ ထိတ်လန့် နေပုံ ရပါသည်။

ကျွန်တော် တစ်ခုကံကောင်းပါသည်။ ကျွန်တော့် ပတ်ဝန်းကျင် မှာ မိတ်ဆွေကောင်း လိုလိုချည်း ကျွန်တော် တွေ့ဆုံ သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ မိတ်ဆွေကောင်းဆိုသည်မှာ ငွေကြေးချမ်းသာသူများ၊ ရာထူး အာဏာ ရှိသူများ စသည်ဖြင့်ကို ကျွန်တော် ဆိုလိုခြင်းမဟုတ်ပါ။ စိတ်စေတနာ ကောင်းသူများ၊ နှလုံးဖြူစင် သူများ အသိဥာဏ် ပညာရှိသူများ စသည်ဖြင့်ကိုသာ ပြောလိုခြင်းဖြစ်ပါသည်။
"ဆရာ့ လည်ပင်း က အကျိတ်ခွဲမယ် ဆိုရင် ဆေးရုံကြီးက ခွဲစိတ်ဆရာဝန်ကြီး ကျွန်တော့် မိတ်ဆွေရှိတယ်။ အဲဒီ မှာ ဆရာ သွားလုပ်လိုက်ပါလား"

ကဗျာဆရာ စာရေးဆရာ မိုသစ်ဝေ က ကျွန်တော်တို့၏ ပိတောက်ပွင်သစ် မဂ္ဂဖင်းတိုက် (၃၉လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်) ရောက်ခိုက် အကြံပေးပါသည်။ လည်ပင်းညာဘက် မေးရိုးအောက်ရှိ အကျိတ် ကိုလည်း ကိုင်တွယ်ကြည့်သည်။ ကင်ဆာ မဟုတ်လောက်ပါဘူးဟု ဆိုသည်။ ဆရာမိုသစ်ဝေ မှာ လည်း အထူးကု ဆရာဝန်ကြီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော့် ရဲ့ အယ်ဒီတာချုပ် ဆရာစိမ်း (မောင်စိမ်းနီ) က လည်း ထောက်ခံ။ ဆရာမိုးသစ်ဝေပြောတဲ့အတိုင်း လုပ်သင့်တယ်ပေါ။
"ဘယ်လောက်ကုန်မလဲ ဆရာ"

ဆရာမိုးသစ်ဝေ က သူ့မိတ်ဆွေခွဲစိတ်ဆရာဝန်ကြီးဆီ ချက်ချင်း ဖုန်းလှမ်းဆက်သည်။ သိပ်မကုန်ပါဘူး တဲ့ဆရာ။ ဆရာစိမ်း ကလည်း မင်းကလဲကွာ အဲဒါတွေ တွက်မနေနဲ့။ လုပ်စရာရှိတာ မြန်မြန်လုပ်။ (ဒီအချိန် တွင် ဆရာဂျာနယ်ကျော် မောင်ချစ်မောင်နှင့် ဂျာနယ်ကျော် မမလေး တို့၏ သားအငယ်ဆုံး ဆရာမိုးဟိန်း (သားဂျာနယ်ကျော်)မှာလည်း လည်ချောင်းကင်ဆာရောဂါဖြင့် လဲနေပြီဖြစ်သည်) ဟု စိုးရိမ် စိတ် နှင့် ချစ်ခင်စွာဝင်ပြောပါသည်။ (အမှန်တော့ သူ့ထုံးစံအတိုင်း ဟောက်တာပေါ့ဗျာ)။ သို့နှင့် ဆရာမိုးသစ်ဝေ က သူ့မိတ်ဆွေ ဆရာဝန်ကြီးထံ စာတစ်စောင်ရေးသားပေးခဲ့ပါသည်.။

အမှန်တော့ ကျွန်တော့်လည်ချောင်းမှာ အကျိတ်ကလေး ကွမ်းသီးလုံးလောက်ထွက်လာကတည်းက စာ ရေးဆရာမ (လူမှုရေးအလုပ်များတွင် နာမည်ကျော်) သန်းမြင့်အောင် အားကိုး နှင့် သူတို့အန်ဂျီအို အဖွဲ့ ထူထောင် ထားသော သုခကုသိုလ်ဖြစ် ဆေးခန်းသို့ သွားပြခဲ့သည်။ ကုသိုလ်ဖြစ်ဆေးခန်းဖြစ် သည့် အတွက် လာရောက်ဆေးကုသပေး(လုပ်အားပေး)သော ဆရာဝန်များမှာ လည်း မိမိတို့ အားလပ်ချိန်တွင် လာရောက် လုပ်အားပေး ကုသိုလ်ယူနေခြင်းဖြစ်သည်။

ထိုမှာ လုပ်အားပေးနေသော (တချို့က ဝန်ထမ်းဟု ဆိုသည်) သူများမှာ ငွေကြေးမပါ စေတနာ သက်သက်ကြောင့် လားမသိ။ လူတိုင်း (ထိုဝင်းထဲတွင်) ညင်သာပျော့ပျောင်းသိမ်မွေ့ ရိုးသားလွန်းကြတာ ထိတွေ့ ခံစားရသည်။ ထိုဝင်းထဲကို ဝင်သွားတိုင်း ကျွန်တော့်စိတ်ရင်တွင်းမှာ တရားစခန်း တစ်ခုအတွင်း သို့ ရောက်သွားခဲ့ သလိုပင်။ သဘာဝတရားဓမ္မ တွေ ဖြစ်သော (ဗုဒ္ဓဟောကြားခဲ့သည့်အတိုင်း) အနိစ္စတရား ၏ ပြယုဂ် နိဗ္ဗာန်ယာဉ်တွေကလည်း ဝင်လိုက်ထွက်လိုက် တန်းစီလို့။ တွံတေသိန်းတန်လည်း သေတာပဲ။ ဦးသုခ လည်း သေတာပဲ။ (လူနာ နားနေခန်း က နာရေးကူညီမှု အသင်း အခွေ) လူတွေ၏ ငိုသံယိုသံ၊ သင်္ချိုင်းကုန်း၊ မီးသင်္ဂြိုလ်စက်၊ လူနာများဆေးကုသနေမှု၊ အိုနာသေခြင်း ရှောင်လွှဲမရ။

ဆရာမသန်းမြင့်အောင် ကလည်း ပြောပါသည်။ ဆရာခွဲရမယ်ဆိုလည်း ကျွန်မ အားလုံး စီစဉ် ပါမယ်တဲ့။ နား၊ နှာခေါင်း၊ လည်ချောင်း(တာမွေ)မှာ လုပ်ရမှာဖြစ်သည်။ ဆေးရုံကြီးမှာ အဆင်ပြေမယ်ဆိုရင်တော့ သွားရ လာရတာ လွယ်သည်။ စာပေသမားတွေ အားလုံးနှင့်လည်း လက်တစ်ကမ်း။ သို့နှင့် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ရင်ခေါင်းခွဲစိတ်ဌာန ၃/၄။ ကျွန်တော်ရောက်သွားရတော့သည်။

ဆရာ မိုးသစ်ဝေ ၏ မိတ်ဆွေ ဒေါက်တာဦးထက်မြက် (စာရေးဆရာ ကျွန်တော်တို့ မိတ်ဆွေ ဆရာ ထက်မြက် နှင့် အမည် တူသောကြောင့် ကျွန်တော့် အတွက် အမည်ကြားရုံ နှင့် ရင်းနှီးချစ်ခင်သွားသည်) က မေ့ဆေး ဆရာဝန် နှင့် တွေ့ဖို့ချိန်းသည်။ သွေးစစ်၊ အာထရာဆောင်း(ကျွန်ပျူတာ) ရိုက်ဆိုတာတွေ၊ ဓာတ်မှန် ရိုက်တာ တွေ လုပ်ထာကြီး ဖြစ်သည်။ နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ၊ သွေးစစ်၊ အီးစီဂျီ ဆိုတာ ရိုက်လုပ်ရသေးသည်။ (သည်နေရာတွင် ဓာတ်ခွဲခန်းမှူးကြီး ဆရာမောင်ညိုပြာ မှ များစွာ အကူအညီ ပေးခဲ့သည်။ ကျေးဇူးပဲ သူငယ်ချင်း ရေ)
ဒီနေ့တော့ မေ့ဆေးဆရာဝန်ကြီးနှင့် တွေ့ရမည်။

ဆက်ရန်
.

2 comments:

Unknown said...

အမရေ
စောင့်မျှော်လျက်...:)

မဒမ်ကိုး said...

ကင်ဆာဟာ လူတော်တော်များများကိုခြောက်လှန့်တယ်း(((((

ချစ်တဲ့

မဒိုးကန်