Wednesday, February 29, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၄)


(နေ့လည် ကျွေးရမဲ့ တနပ်ကတော့ ဈေးက အပြန်... ကောင်းနိုးရာရာ လေးတွေ ကို လူနာတွေ စားချင်အောင် ချက်ရပြုတ်ရ ပါတယ်... နေရာအနှံ က လာကြတဲ့ အတွက် အရပ်ရပ် က ချက်ပြုတ်နည်း မျိုးစုံ အပြင် ...  စိတ် အမျိုးမျိုး... ဘဝ အမျိုးမျိုး ဆိုတော့ သူတို့ ချက်ပုံပြုတ်ပုံ နဲ့ သူတို့ ပြောစကား တွေဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်....)... ကို ဆက်ဖတ်ရန်

ဒီဆေးရုံကြီးမှာ လာခွဲတဲ့ လူနာ အများစုဟာ နယ်က လာကြတာဖြစ်ပါတယ်... နှလုံး သွေးကြောပိတ် လူနာ အများစု ဟာ အသက်ကြီးပိုင်း အိမ်ထောင်ဦးစီး တွေ ဖြစ်ပါတယ် .. သားကြီး သမီးကြီး တွေ နဲ့ သူတို့ မိန်းမ တွေ က လာရောက်ပြုစုကြပါတယ်....သတိထားမိတာ တခုပြောရရင် နှလုံးသွေးကြော ပိတ်တဲ့ အထဲမှာ မိန်းမ တွေ တယောက်မှ မတွေ့မိပါဘူး..

လူနာအများစု ဟာ မကောင်းမှု့ တခုခု (တချို့ကလည်း ကောင်းမှု လို့ ထင်ကြတယ်) (အရက် ... ဆေးလိပ် ... ကွမ်းယာ .. များ အလွန်အကျွံ သုံးစွဲခြင်း.... အဆီအဆိမ့်များ အစားလွန်ခြင်း... ဝက်သား အဆီ များ အစား များခြင်း... ဒေါသ... လောဘ .. ကြီးခြင်း... စိတ်အလိုမကျခြင်း... စိတ်ဖိအား များခြင်း ... ကိုယ်လက် လှုပ်ရှားမှု့ နဲခြင်း) ဆိုတဲ့ အားနဲချက် တခုခု ရှိကြသူတိုင်း ဖြစ်ကြပါတယ်.... အဲဒီမှာ ... ကျနော့် ဖေဖေ ဟာ အပေါ်က ကောင်းမှု့ အဲ မကောင်းမှု့ များကို တခုမှ မလုပ်ဘဲ...  နေ့စဉ် လမ်း မှန်မှန် လျှောက်ခဲ့ ရဲ့သားနဲ့  နှလုံး သွေးကြောပိတ် ရောဂါ ရခဲ့တာပါ....

မြတ်စွာဘုရား လက်ထက် က ပြည်တန်ဆာ တယောက်အိမ် နဲ့ မနီးမဝေး က ကျောင်းသင်္ခမ်း မှာ နေတဲ့ ရသေ့ကြီး ရဲ့ အဖြစ်အပျက် လိုပေါ့.... ပြည်တန်ဆာ က သူ့အလုပ်သူ လုပ်ပြီး နတ်ပြည် ရောက် သွားပေမဲ့.. ပြည်တန်ဆာ မလေး ကိုကြည့်ပြီး ခံစားချက်တွေ ပြင်းထန် နေတဲ့ ရသေ့ကြီး ကတော့ ငရဲပြည် ရောက်သွား သတဲ့... အဲဒီ ဥပမာ လိုဘဲ... ချစ်ဖေဖေ ကလည်း လာသမျှ သတင်းဌာန ပေါင်းစုံ က ထုတ်လွှင့် သမျှ သတင်းတွေ အတွက် ခံစားချက် တွေ ပြင်းထန် .. ဒေါသ တွေ ပေါက်ကွဲ ပြီး ရောဂါ ရခဲ့တာပါ.....  ဖေဖေ ရေ ဟိုဟာတွေ ( .... ) ကတော့ စာဖတ်မပျက်.. အရက်သောက် မပျက် တဲ့ .. ဖေဖေ ကတော့ နှလုံးခွဲစိတ် ရတဲ့ ဝေဒနာ ကို ငရဲပြည် ရောက်သလို ခံစားရတဲ့ အတွက် ... နောက်များ ဆို တော်ရုံဘဲ ခံစားပါတော့ လို့...

အိမ်ထောင်ဦးစီး ယောက်ကျားများဖြစ်တဲ့ အတွက် သားသမီးများ မိန်းမ များ အပေါ်မှာ ဗိုလ် ကျ ကြတာ ကိုလည်း တွေ့ရပါတယ်..... အသက် အန္တရာယ် နဲ့ နီး တဲ့ ရောဂါများနဲ့ ခွဲစိတ် ရတော့မယ် ဆိုတော့ ပိုပြီး ဆိုးလာပါတယ်.... ဆရာဝန် များ ပြောစကား ကို မလွှဲသာလို့ နားထောင်ရပေမဲ့ မိန်းမ နဲ့ သားသမီး များ က ဆင်ခြင်သင့် တာ တွေ ပြောပြီ ဆိုရင်တော့ ဒေါသ တကြီး နဲ့ ပြန်ပြော တဲ့ အပြင် အဆို အငေါက် ပါ ခံကြ ရပါတယ်....

အဲလို လူနာ များအတွက် ချက်ပြုတ်ရတာ သတိထားပြီး ချက်ရပါတယ်.... တချို့ လူနာ များ ကတော့ အပြင် အစာအစား များကို ပိုကြိုက်တဲ့ အတွက် အပြင်စာများကို ဝယ်ခိုင်းကြပါတယ်...  တချို့ ကတော့ အပြင် က အစားအစာ ဆိုရင် ဘာမှ မစားချင် ဘဲ အိမ်က ချက် တဲ့ ထမင်း.. ဟင်း ကိုသာ  စား ကြ ပါတယ် ... တခါတလေ... သူတို့ မိန်းမ နဲ့ သမီးတွေ ချက်တာ ကို စိတ်တိုင်း မကျရင် အော်.. ငေါက် နေပါ သေးတယ်...  ကျနော့် ဖေဖေ ကို ကျေးဇူးတင် ဖို့ ကောင်းတာ တခု က တော့ သမီးကြီး ချက်သမျှ ကို မြိန်မြိန် လျှက်လျှက် နဲ့ ချက်ရတဲ့ သူ အမောပြေအောင် စားခဲ့တဲ့အတွက်ပါဘဲ ....

ဈေးပြန်ချိန် ရောက်ရင် ဆေးရုံပေါ် က ချက်ပြုတ်တဲ့ နေရာဟာ အလွန် စိတ်ဝင်စားစရာ ကောင်းပါ တယ်.... 

ကျနော် တို့ သွားတဲ့ အချိန် က သရက်သီးပေါ်ချိန် မဟုတ်ပေမဲ့လည်း ဈေးထဲမှာ သရက်ကင်း တို့စရာ များ ကို ပေါပေါများများ တွေ့ရပါတယ်... မြို့ကြီး တွေမှာ သရက်ကင်း ဆိုတာ ရာသီမရွေး စားလို့ ရသွားပြီ လို့ ပြောကြပါတယ်.... အဲဒီ သရက်ကင်း လေးတွေက ဈေးတော့ မပေါပါဘူး... ငါးရာဘိုး သုံးလုံး ပါတဲ့... နဲနဲ ရက်ကြာသွားတဲ့ အသီးများဆိုရင်တော့ ခုနှစ်လုံး လောက် ဆို ငါးရာ ရပါတယ်... သရက်ကင်း အတို့နဲ့ ငံပြာရည်ချက် .... ငါးခြောက် ချက် တို့ကို တော်တော် စားကြပါတယ်...

နောက်ပြီး ကျနော်တို့ အညာမှာ ရှားတဲ့ ပုဇွန်ထုတ် များကို လည်း လူနာရှင် တွေ အချက်များကြတယ်... ဈေးထဲမှာ ပုဇွန်ထုတ်များကို  ပေါပေါ များများ  တွေ့ရပေမဲ့ ဈေးကတော့ မန္တလေး နဲ့ သိပ်မကွာပါဘူး... အကောင် တွေတော့ နဲနဲ ပိုကြီးတယ်...

ငါးဖယ် အကောင်ကြီး များ ကိုလည်း အပုံလိုက် တွေ့ ရပါတယ်... မန္တလေး မှာ ငါးဖယ် အစစ် စားချင်ရင် ဘုရားကြီး ဈေး လိုမျိုး ကို သွားမှ ရတယ်.. ကျနော် တို့ သွားနေကြ ဈေးအသေးလေးများ ကတော့ နေမြင့် ရင် မမြင်ရတော့ဘူး... ကျနော် ကတော့ အဲဒီ ငါးဖယ်ခြစ် ကို ပြုတ်ကြော်လေး လုပ်ပြီး ရှောက်ရွက် အနုလေး တွေ များများ ထဲ့ ပြီး မကြာခဏ သုပ်တယ်... ရှောက်ရွက် က လဲ ကျန်းမာရေး အတွက် ကောင်းတယ်.. ဖေဖေ လည်း ကြိုက်တယ်...

ရန်ကုန် မှာ ရှောက်ရွက်တော့ တော်တော်ပေါ တာ တွေ့တယ်... နုထွတ်ပြီး အစီး အကြီးကြီးတွေ ...  နောက်ပြီး ... ပြောင်းဖူး ... မန္တလေး မှာတော့ အဖူးလိုက် ဘဲ ရောင်းပေမဲ့ အဲဒီဈေးမှာတော့ ပြောင်းဖူး နုနုများကို တခါထဲ အခွံခွာပြီး ဒါးထက်ထက် နဲ့ လှီးပြီး နို့ဆီဘူး နဲ့ ချိန်ရောင်းပါတယ်... ကျနော့် အတွက် တော့ အရမ်း အဆင်ပြေတယ်.. ဖေဖေ က ပြောင်းဖူး တအားကြိုက်တော့ အဆင်သင့် လှီးပြီး သားလေး ကြော် လိုက်ရုံ ဘဲလေ.....

ကြက်သား ကတော့ လူနာရှင် တိုင်း အတွက် မပါမဖြစ်တဲ့ ဟင်းတခွက်ဘဲ... ကြက်သား စား မှ ခံနိုင်ရည် ရှိမယ် ... အားရှိမယ် ဆိုပြီး ကြက်သား များများ ကျွေးခိုင်းတယ်... အမဲသား တို့ ဆိတ်သား တို့လည်း စားခိုင်းတယ်... အမဲသားကြလည်း မစားသူများတယ်... ဆိတ်သား ကြ ရန်ကုန်မှာ တော်တော်ရှား တယ်... နောက်ပြီး ဆိတ်သား ကြိုက်တဲ့ ယောက်ကျား လည်း ရှားတယ် ထင်တယ်... သိပ်ချက်တာ မတွေ့ဘူး..... တခါတော့ လူနာရှင် တယောက် က ဆိတ်သား မှာ လို့ ဝယ်ပေး ဖူးတယ် .... သံပရာရည် နဲ့ နယ်ပြီး တနာရီလောက် နှပ်ထားတယ်.... ပြီးမှ ရေဆေး ပြီး ချက်တာ တွေ့တယ် .... ကျနော် မြည်း ကြည့် တော့ အသား က နူးအိပြီး အရသာ ရှိတယ်... အနံ လည်း မရှိ တော့ဘူး....

မန္တလေး မှာ သိပ်စားလေ့ မရှိတဲ့ ငါးပိရေချို လည်း ခဏ..ခဏ ကျိုကြတယ်... လူနာများ ထားတဲ့ နေရာ နဲ့ ဝေးလို့သာ တော်ပါတော့ တယ်... နီးနေရင်တော့ အနံအသက် နဲ့ တင်မလွယ်ပါဘူး... နောက်တခါ အညာ မှာ ဈေးးကြီးပြီး .. လတ်လတ်ဆတ်ဆတ် လည်း သိပ်မတွေ့ လို့ မစားဖြစ်ကြတဲ့ ပုဇွန်ချဉ် ကော့ကော့ လေးများကိုလည်း ကြော်စားကြတယ်... ငါးလေးချဉ်လတ်လတ်လေးများ ကိုလည်း ကြက်သွန်ဖြူ .. နီ .. နိုင်ခြင်း.. နံနံပင်.. ရှောက်ရွက် နိုင်ခြင်း နဲ့ အစိမ်း သုတ်စားကြတာ တွေ့ပါတယ်...

နေ့လည် ထမင်းစားချိန်ဆိုရင် နီးစပ်ရာ လူနာရှင်အချင်းချင်း ... ကိုယ့် လူနာ လိမ္မာကြောင်း... မလိမ္မာ ကြောင်း ပြောပြီး ... ဟင်းပေါင်း စုံ နဲ့ ထမင်းစု စား နေ ကြတာများ ကြည့်တာနဲ့  ဝင် စားချင်စရာ... တခါတလေ ကြပြန် တော့လည်း ကိုယ့်လူနာက အသဲအသန် ဖြစ်နေ ... အိမ်မှာ ကျန်ထားခဲ့သူများရဲ့ နောက်ကြောင်းမအေး စရာ သတင်း စကား များကို လည်း ကြားကြပြန်တော့...  ထမင်း.... ဟင်းများကို မစားနိုင်တဲ့ အတွက် ဝက်စာပုံးထဲ ဝဲ ပစ် ကြတယ်...ချက်တဲ့ ပြုတ်တဲ့ နားမှာလာထားတဲ့ ဝက်စာပုံး နှစ်ပုံး ဟာ ဝဲ တာများလွန်းလို့ ခဏလေး နဲ့ ပြည့် သွားတာ များပါတယ်...

ဆေးရုံမှာ ခွဲစိတ်ဖို့ လာကြတဲ့ လူတိုင်းဟာ တချို့ တလေ က လွဲလို့.......... စီးပွားရေး အဆင်မပြေ ကြ ပါဘူး... တချို့ကလည်း ဒီလို ခွဲစိတ်နိုင်ဖို့ အိမ်၊မြေ များ ရောင်းလာကြတယ်... တချို့ကတော့ တသက်လုံး ရှာထားသမျှ ထုတ်သုံးကြရတယ်... ဒါပေမဲ့ ကိုယ် ချစ်တဲ့သူများ နေကောင်းစေဖို့ နဲ့ အများ နဲ့ အတူနေပြီး ချက်ပြုတ်စားကြတာ ဆိုတော့ မျက်နှာမငယ် ရအောင်... သူများတန်းတူ နေထိုင်ကြ ရပါတယ်... လူနာရှင်များ အတွက် အဲဒီ စရိတ်စက တွေဟာ တော်တော် မလွယ်တာတွေ့ရပါတယ်....

ချက်တဲ့ပြုတ်တဲ့ နေရာမှာ လူနာရှင် ဆယ်ဦးလောက်တော့ ပုံမှန် လာချက်ကြတယ်... ချက်တဲ့ အခါမှာ လျှပ်စစ် အကြော်အိုးလိုမျိုး ကို တော့ အစပိုင်း ကတော့ ခင်ရာမင်ရာ မျှတသုံးကြတယ်... ဒါပေမဲ့ အချိန် နဲ့ ကျွေးမွေးရတဲ့ ဆေးရုံပေါ် မှာ ကိုယ့်လူနာ အတွက် ကိုယ်ဦးစားပေးရမှာ ဖြစ်တဲ့ အတွက်  ကြာရှည် ငှားသုံးဖို့ မဖြစ် နိုင်ပါဘူး... ရေနွေးကြိုတဲ့ အိုးမျိုးဆိုလည်း ... တချို့အိုးလေး တွေက ဆူဖို့ ကြာတယ်.. တချို့ အိုးကောင်း တွေ ကြလည်း သုံးမိနစ်လောက် နဲ့ ပွက်ပွက်ဆူ တယ် ရေနွေးတွေလည်း အများကြီး ဆန့်တယ် ဆိုတော့ .. ပိုအဆင်ပြေပါတယ်... တရက် နှစ်ရက် အလုပ်မဟုတ် တော့ သူများဆီက လည်း ရေရှည် ငှား သုံးဖို့ မကောင်းတော့ ဝယ်လိုက်ရတာ.... အိမ်ထောင် အသစ် တခု ထူထောင်ရတဲ့ အတိုင်း ငွေကုန် ကြပါတယ်..


အစားအသောက်ချက်ပြုတ် တဲ့ နေရာမှာလည်း လူနာတွေ ဟာ ခွဲစိတ်ရမဲ့ အနေအထား ကို တွေး ကြောက်တာ နဲ့ မစားချင် .. ရောဂါ ဒဏ်ကြောင့် မစားရဲ  ဆိုတော့ လူနာရှင် တွေက ဟိုဟာလေး ကျွေးရင် စားနိုင်မလား.. ဒီဟာလေး ကျွေးရင်တော့ စားမှာပါ ဆိုပြီး အမျိုးမျိုးချက်ရတော့... လူနာ စားတာ နဲနဲပေမဲ့ ငွေ တော့ ကုန်ကြပါတယ်... အဲဒီလို ကိုယ့်လူနာ ကို အမျိုးမျိုးကျွေးမွေး ပြုစု ကြတဲ့ အခါမှာလည်း တယောက်နဲ့ တယောက် မတူညီကြပါဘူး... တချို့ သားသမီးများက မလွှဲသာ လို့ လာရောက်ပြုစုကြပေမဲ့ စိတ်က အိမ်မှာ ရောက်နေပြီး လူနာကို စိတ်ဝင်စားမှု့ နဲကြပါတယ်... တချို့ ကလည်း ပိုက်ဆံ ပေးထားတာ နဲ့ တာဝန်ကျေပြီလို့ ထင်ကြပါတယ်... သားသမီး ရဲ့ ပြုစု စောင့်ရှောက်မှု့ ကို မခံရတဲ့ မိဘ များဟာ သနားဘို့ အလွန်ကောင်းပါတယ်...



ရောဂါ ကုသ တဲ့ အခါမှာ လူနာရှင်များရဲ့ ပြုစုစောင့်ရှောက်မှု့ က အရေးကြီးပါတယ်... တာဝန်ရှိ တဲ့ သူတွေက ပြောဘဲပြောနိုင်တာပါ... လက်တွေ့ကျွေးမွေး စောင့်ရှောက်နေ တဲ့ သူတွေ က လူနာရှင်တွေ ပါ... သူတို့ မှာ အသိဥာဏ် ရှိမှ လူနာ မှာ အဆင်ပြေပါတယ်... ခွဲစိတ်ထားတဲ့ တချို့လူနာ တွေ ဟာ တခြားရောဂါ တွေလည်း ရှိနေတတ်တော့ မသင့်တော်တာတွေ ကျွေးရင် ပိုဆိုးလာပါတယ်... ဆေးရုံပေါ် မှာ နေခဲ့တဲ့ အချိန် တွေ ဟာ ကျနော့် အတွက် တော့ ပျင်းချိန်မရသလို... အချိန်တိုင်း စိတ်ဝင်စားစရာ တွေ ရှိနေ ပါ တယ်....

ကျနော်တို့ နဲ့ အတူတူ လူနာ အဖေကြီး ကို ချက်ပြုတ်ကျွေးမွေး နေတဲ့ သမီးကြီး တယောက် က ခွဲရက် နီးလို့ နယ်က လိုက်လာ တဲ့ ရောဂါသည် အမေကြီး ကို ပြောဆိုသံ တွေ ကြားရပြန်တော့ လည်း  မကြားဖူး တဲ့ အတွေးအခေါ် အသစ် တွေ အတွက် စဉ်းစားစရာတွေ ရပြန်ရော... အမေကြီး က ဆီးချို .. သွေးတိုး ရောဂါ တွေ ရှိတယ်... အဲဒီအတွက် သူ့သမီးက သင့်တော်တာကျွေးတယ်... အမေကြီး က မစား နိုင်တော့ ဝက်စာပုံးထဲ လာ လာ ဝဲ ပစ်တယ်... အဖေကြီး က ခွဲစိတ်ရမယ့် ဆီးချိုရောဂါသည်.. အသား တွေ အများကြီး ကျွေးတယ်... မစားနိုင်ဘူး.. အဲဒီတော့ သူ့ သမီး က အမေကြီး ကို တနေ့ တမျိုး မရိုး ရအောင်... ပြောတော့တာဘဲ....

တခါလောက် နားထောင်ကြည့်ရအောင်... သားသမီး ဆယ်ယောက် က မိဘ နှစ်ယောက်ကို မကျွေးနိုင် ဘူး... မိဘ နှစ်ယောက်က သားသမီး ဆယ်ယောက် ကို ကျွေးနိုင်တယ် ဆိုတာ မှန်တယ် တဲ့... အမေ တို့ မိဘ တွေက သားသမီး ကျွေးတာ ကို အေးအေး မှ မစားကြတာ... သားသမီး တွေ က တော့ မိဘ က ထမင်းကြမ်း နဲ့ ပဲပြုတ်ကျွေးလည်း စားရတာဘဲ... ဟင်းမပါ ဘဲ ထမင်း ဘဲ ကျွေးလည်း စားရတာဘဲ... သားသမီး မှာ အားကိုးစရာ မှ မရှိတာ...  မိဘ ကျွေးသမျှ စားရတော့တာပေါ့... ကျွန်မ တို့ သားသမီး တွေ ကျွေးရတဲ့ အလှည့် ကြ အမေ တို့ က အဲလို ဂျီးများ နေရင် ကျွန်မ လည်း မကျွေး နိုင် တော့ ဘူးတဲ့... သားသမီး ကို အငတ်ခံကျွေး လာတဲ့.. ဒုက္ခဆင်းရဲ ခံပြီး ကျွေးမွေး လာတဲ့ မိဘများ ကြား ရင်တော့ ရင်နာစရာ... အဲလို... အဲလို အတွေးအခေါ်လေး တွေ ကလည်း ရွှေစင်ဦး အတွက် အပျင်း ပြေ စေပါတယ်...

ဆေးရုံပေါ် မှာ လူနာတွေ ကို ည ၁ဝ နာရီ ဆေးတိုက်ပြီး ရင် တနေ့တာ ...တာဝန် များ ပြီးဆုံးသွား သလို .. လူနာ ပြုစု သူတွေ အတွက် စိတ်အေးလက်အေး အနေရဆုံး အချိန်လေးလည်း ဖြစ်ပါတယ်.. ကျနော် နဲ့ မမြသီ လည်း ညအိပ်ဖို့ မြေတိုက်ခန်း ထဲ ဆင်းကြပါပြီ... မအိပ်ခင်လေး မှာ မမြသီ ရဲ့ ခွဲစိတ်ပြီးတဲ့ လူနာ အကိုကြီး အသုံးပြုဖို့ အတွက် တစ်ရူးအပိုင်း လေး တွေ ကူခေါက်ပေးရင် မမြသီ ပြောတဲ့ ဆေးရုံပေါ်က ပုံပြင်များ နဲ့ မမြသီ ရဲ့ ဘဝ အကြောင်းလေး တွေ ကို နားထောင်ရတာ လည်း  အပျင်းပြေ စေ ပါတယ်... ဆေးရုံပေါ်မှာ အင်တာနက် မသုံးဖြစ်.. စာအုပ် မဖတ်ဖြစ်ပေမဲ့... ဆေးရုံပေါ်က ဘဝဇာတ်လမ်းများ က ပိုပြီး စိတ်ဝင်စား စရာ ကောင်း ပါတယ်...

မမြသီ က ... ပုဂံ.. ညောင်ဦး က နံမည်ကြီး ဘုရားတဆူ နားမှာ souvenir  ဆိုင်လေး တဆိုင် ဖွင့်ထား ပါတယ် .. ဒီအချိန်ဆို နိုင်ငံခြားသား တွေ အလာအများဆုံး အချိန်ဘဲ ... ကျွန်မ ဆိုင်လေး က ပြည်တွင်း က ဧည့်သည် တွေကို ရောင်းရ တာမဟုတ်ဘူး... နိုင်ငံခြားသားတွေ ဘဲ အဝယ်များတာ လို့ ... ပြောရင်း သူ့ ဆိုင်လေး နဲ့ တဦးတည်း သော သူ့သမီး လေး ကို လွမ်းနေတတ်သလို.. ဆေးရုံပေါ်က ပြန်ရက် မရှိသေးတဲ့ သူ ဘဝ အတွက် လည်း စိတ်ညစ် နေတတ်ပါတယ်...သူ့ အကိုကြီး က ပြုစုမဲ့ မိန်းမ ပါပေမဲ့ ချက်ပြုတ် တာတော့ မမြသီ က တာဝန်ယူရပါတယ်....


တခါတလေ တော့လည်း သူ့စိတ်ထဲမှာ အကြွားသန် တယ် လို့ ထင်တဲ့ လူနာရှင် တွေ နဲ့ အပြော နဲ့ အလုပ် မညီတဲ့ လူနာရှင် တွေ ရဲ့ အကြောင်းကို ဟန်နဲ့ ပန်နဲ့ ပြောပြတတ်သလို... သူ့ အကိုကြီး ရောဂါခံစား နေရတာကို သနား လို့ ဆိုပြီး တိတ်တိတ်ကလေး ငိုရင်ငိုနေတတ်ပါတယ်... မမြသီ ကို အားလုံး က ခင်မင် ကြပါတယ်... သူ တတ်နိုင်တာကို လူနာရှင် တိုင်း အတွက် ကူညီတတ်ပြီး ပျော်ပျော် နေတတ် လို့  ဖြစ် ပါတယ်....

ကျနော် တို့ ပြောတဲ့ အထဲမှာ ပါလေ့မရှိတာ တခု ကတော့ ဆေးရုံ ပေါ် မှာ သေဆုံးသွားတဲ့ ... လူနာ များ အကြောင်း နဲ့ ဆေးရုံပေါ်က သရဲ ပုံပြင်များပါဘဲ... နှစ်ယောက်ထဲ အိပ်ရတဲ့ အထဲမှာ အဲဒါတွေ သာ သတိရ နေရင် အိပ်လို့ ရမှာ မဟုတ်ဘူး ဆိုတာ နှစ်ယောက်စလုံး နားလည်ကြတော့ အလိုလို ရှောင်ကြ ပါတယ်..


ဖေဖေ ခွဲစိတ်မဲ့ ရက်က နီးလာပါတယ်... နယ်က ညီမ အငယ်ရောက်လာပါတယ်... ညီမ က ကြောက် တတ်သလို... ပရလောကသား တွေ ရဲ့ ဖြစ်ရပ်ဆန်း တွေ ကိုလည်း ယုံကြည် တယ်... အိပ်တဲ့ နေရာမှာ အင်အား တိုး လာပေမဲ့... ကျနော်တို့ နှစ်ယောက်ထဲ အိပ်တုန်းက ဘာသံမှ မကြားရတဲ့ နေရာမှာ ... ညီမငယ် လာအိပ်မှ ညသန်းခေါင် မှာ အိုးတွေ ခွက်တွေ ဆေးကြောသံ ကြားရပါတယ်တဲ့... တကယ်တော့ ညသန်းခေါင် မှ အိုးခွက်ဆေးဖို့ မပြောနဲ့ အဲဒီ အထပ်ကို ဘယ်သူမှတောင် ဆင်းလေ့ မရှိပါဘူး... ချစ်မေမေ ကလည်း ထပ်ဆင့်ထောက်ခံပြန်တယ်... နေ့ခင်းဘက် တခါတလေ သူလာနားတဲ့ အချိန်မှာ လည်း အဲလိုအသံကြားလို့ ထွက်ကြည့်တော့ ဘယ်သူမှ မရှိဘူး လို့ အခိုင်အမာ ပြောပြန် တယ်... 

အဲလို မေမေတို့ ပြောသံကြားရပြန်တော့ လူနာရှင်ယောက်ကျားတယောက်က ကျနော်တို့ အိပ်တဲ့ မြေအောက်ခန်း မှာ သူနဲ့ အတူ တခြား ယောက်ကျားလူနာစောင့် လေးငါးယောက် လောက် အရင်က တည အိပ်ဖူးတယ်လို့ ပြောတယ်... ညသန်းခေါင်လောက်မှာ ဆူဆူညံညံ အသံတွေကြားလို့ သူနိုးလာတော့ ခွဲစိတ်ခန်း ဝတ်စုံဖြူ တွေ ဝတ်ထားတဲ့.. ကုလား.. တရုတ်.. အင်္ဂလိပ်.. မြန်မာ...  လူမျိုး ပေါင်းစုံ (ညီလာခံများ ကျင်းပနေလားမှ မသိ) ကို တွေ့တယ်တဲ့... သူ လန့်ပြီး အော်မယ်အလုပ်မှာ သူ့ရင်ဘတ်ပေါ် ကို တရုတ်ကြီး က ခွတက်ပြီး ဖိတားတယ်တဲ့... သူ အော်လို့လည်း မရ.. ရုန်းလို့လည်း မရ ဖြစ်နေတဲ့ အချိန်ကြ မှ ဘုရားကိုသတိရပြီး... ဘုရား..ဘုရား ရွတ်လိုက်မိမှ ပြန်ဆင်းပြီး ပျောက် သွားတယ် ပြောတယ်... တရုတ်ကြီး က ဘုရားတော့ကြောက်သား....

ရွှေစင်ဦး ကတော့ အဲလို ..... သရဲပုံပြင်တွေ နားထောင်ပြီးတဲ့ အချိန်ကြမှ... ငါအလှည့်ကြရင် တော့ တရုတ်ကြီး က ဘဲ တက်ခွမလား... ကုလားကြီးလား... အင်္ဂလိပ်ကြီးလား ဆိုတဲ့ ကြောက်တွေးလေး နဲ့ အိပ်ရတာ ရင်တဖိုဖို နဲ့ အိပ်လို့တော့ ကောင်းသား...

ဒီလို့နဲ့ ... ဈေးသွားလိုက်... ချက်လိုက် .. ဖေဖေ ကို ကျွေးမွေးလိုက်... သရဲ ကြောက်လိုက် ... နဲ့  အချိန်များစွာ ကို ကျော်ဖြတ်ပြီး မှ ခွဲစိတ် ရမဲ့ ရက် က ရောက်လာပါတယ်...

ဆက်ရန်
.

13 comments:

sosegado said...

ရသေ့ကြီးလို မဖြစ်အောင် နေတတ်မှပဲ၊
သရဲလည်း လူရွေးတယ်ထင်တယ်၊းD

အင်ကြင်းသန့် said...

အမလေးးးးး...မမရွှေစင်က သတ္တိခဲပဲ။ ဒါတွေကြားသိထားရက်နဲ့တောင် ဆက်အိပ်ရဲသေးတယ်တဲ့.... :D

ဘရဏီ said...

အမအိပ်ရဲတယ်နော်။အရင်တခုမှာထဲကတွေးနေတာအမတော်တော်သတ္တိရှိတယ်လို့ ။

Anonymous said...

Your 2nd last sentence makes me lol.
Little good girl for daddy.
Gyidaw

Anonymous said...

မနေ့ကဖတ်ပြီး အခုမှမန့်နိုင်တယ် အစ်မရေ......
ဖျားနာပြီး ဆေးရုံရောက်မှာစိုးမိတယ်
ဒါပေမယ့် လူဆိုတာ တနေ့အိုတာ နာတာကြုံရမှာပဲမဟုတ်လား
အတက်နိုင်ဆုံးတော့ ပြင်ဆင်ထားပါရဲ့


မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ဆေးရုံလိုနေရာက လူတန်းစားအစုံဆုံးလို့ပြောရမယ်နော်
ဇာတ်လမ်းစုံကလည်းစိတ်ဝင်စားစရာ..
အစ်မအတွက်တော့ ကုန်ကြမ်းတွေ အများကြီးရခဲ့တာဘဲ..
ညီမလည်း ဆေးရုံမှာ တစ်ညလုံးမအိပ်ဘဲ လျှောက်သွားတာမျိုး လုပ်ခဲ့ဖူးတယ်။။ အိပ်စရာနေရာမရှိလို့လေ..
ဆေးရုံရဲ့ အဆောင်တိုင်းကို တစ်ညလုံးလျှောက်သွားနေကြတာလေ..
ကံကောင်းတာက သရဲနဲ့တော့ မတွေ့လိုက်ဘူး အစ်မရေ...

mstint said...

လူအမျိုးမျိုးဆုံဆည်းတဲ့နေရာလေးမို့စရိုက်အမျိုးမျိုး
တွေ့ကြုံရတာပေါ့ ညီမရေ။ လိုလေးသေးမရှိ
စိတ်ရှည်ပြီး ဂရုတစ်စိုက်စောင့်ရှောက်နေတဲ့
မိသားစုလေး ပိုင်ဆိုင်ခွင့်ရထားတဲ့ ညီမဖေဖေ
ကံကောင်းပါတယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ရင်တထိတ်ထိတ်နဲ့ ဖတ်သွားတယ်အစ်မရေ...
ဆေးရုံတွေမှာက အပူသည်တွေနဲ့ လူစုံ၊ အဖြစ်ပျက်အစုံ၊ အကြောင်းအရာအစုံနဲ့နော်..။ ဆက်ရန်မျှော်နေပါ့မယ် အစ်မတော်...။

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရသူတောင် ဒီလောက်ကြောက်နေရတာ ..မမက မကြောက်ဘူး..သတ္တိကောင်းလိုက်တာ...:):)
စောင့်မျှော်လျှက်ပါမမရေ..

Anonymous said...

အစ်မပြောတာနဲ့ဆေးရုံကိုစိတ်ဝင်စားလာပြီ
တစ်နေ့လောက်သွားကြည့်အုံးမှပဲ..
စိတ္တဇဆေးရုံကိုး))
ကုလားကြီးနဲ့ဘဲတွေ့မလား၊
တရုတ်ကြီးနဲ့ဘဲတွေ့လေမလား :P


ပျော်ရွှင်ချမ်းမြေ့ပါစေရှင်..

ချစ်ခင်လျှက်
မိစံ

ချစ်စံအိမ် said...

အတွေ့ အကြုံလေးတွေလာဖတ်သွားပါကြောင်း

Kalaw Thar said...

အမရေ အမြဲတန်းအားပေးနေပါတယ်။
နေ့တိုင်းအမရဲ့ ဆိုက်ကိုဝက်ရောက်အားပေးနေတဲ့
အမရဲ့စာအရေးအသားတေံကိုမြတ်နိုးတဲ့
စာဖတ်သူတစ်ယောက်ပါ။
အမပို့စ်အသစ်မတင်တာကြာပြိနော်
နေမကောင်းလို့လား
မအားလို့လား
အစစအရာရာအစဉ်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်
အခုမှအမကို comment စရေးဘူးတာ။

SHWE ZIN U said...

ကလောသား ရေ

စာဖတ် တဲ့ အတွက်ကျေးဇူးပါ အလုပ်ရှုတ်နေလို့ စာအသစ် မတင်ဖြစ်တာ ခွင့်လွှတ်ပါ နောက်နေ့တွေ ဆက်တင်မှာပါ

လေးစားစွာဖြင့်
ရွှေစင်ဦး