Saturday, February 18, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၃)


ဆည်မြောင်းကထွက်ပြီး လက်ဖက်ရည်ဆိုင် ဖွင့်သေးတယ်။ မြို့ပတ်လမ်းဘက်မှာ အဲဒီမှာ နဂိုက ဆေးလိပ် သောက်တတ်သူ လက်ဖက်ရည်ဆိုင်ဖွင့် တော့ စီးကရက်သောက်တာ တစ်နေ့လုံး သုံးဗူး လောက် ကုန်တယ်.. သည်တုန်းက လန်ဒန် စီးကရက်ပေါ့ဗျာဟု ပြောတော့ ကျွန်တော် တောင်ကြီး စပ်စံထွန်း ဆေးရုံတွင် ကင်ဆာရောဂါကြောင့် ဓါတ်ရောင်ခြည်ကင် ကုသခံယူစဉ်က ကင်ဆာဝပ်မှ ဆရာဝန်ကြီး များက လူနားများကို အမြဲသတိပေးသည်မှာ ဆေးလိပ် ကွမ်းယာ အရက် မသောက်ဖို့ အပေါ်ပိုင်း သမားများ (လည်ချောင်းမှ အထက်) အပူအစပ်မစားဖို့ ကို သတိပေးတတ်သည်။ 

ဓါတ်ရောင်ခြည်ကင်တာ ရက်ပြည့်သွားသူများ နေရပ်ပြန်လျှင်လည်း (တောင်ကြီး စပ်စံထွန်းဆေးရုံ ကင်ဆာဝပ် သို့ ကင်ဆာရောဂါ ကုသမှုခံယူရန် ရေး၊မြိတ်၊ထားဝယ်၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ရန်ကုန် ၊မန္တလေး၊ မြင်းခြံ၊ ရေန့ချောင်း၊ တောင်ငူ ၊တိုက်ကြီး၊ ပုသိမ်၊ ဘိုကလေး၊ တောင်ကြီးမြို့ဝန်းကျင် စသည်ဖြင့် အနယ်နယ် အရပ်ရပ်မှ လူနာများ ရောက်လာကုသကြသတာကို ကျွန်တော် တွေ့ခဲ့ရသည်။)
ထိုအထဲ တွင် ကိုမြင့်အောင်လို အသံအိုးထုတ် လည်ပင်းဖောက်ထားရသော လူနာသုံးလေး ဦးလည်း တွေ့ခဲ့ ရပါသည်။

အဲဒီသုံးလေးဦးထဲက တစ်ဦးကတော့ ဘိုကလေးကဖြစ်သည်။ ကင်ဆာဖြစ်ပြီး ရွာလည်နေသဖြင့် အသံအိုး ထုတ် လည်ပင်းဖောက်လိုက် ရခြင်းဖြစ်သည်။ သူဖြစ်တာ ဘယ်လောက် ကြာပြီလဲ မေးတော့ လက်နှစ်ချောင်း ထောင်ပြခါ အသံမထွက်ဘဲ ပြောပြသည်။ နှစ်လလား။ ခေါင်းခါသည်။ နှစ်နှစ်လား ဆိုတော့ ခေါင်းညိတ်သည်။ လူက ကျန်းကျန်းမာမာ။ ကျွန်တော် ဓာတ်ရောင်ခြည်ကင်တာ ရက်ပြည့်ပြီး ပြန် လာတော့ ထိုသူ ဓာတ်ရောင်ခြည်ကင်၊ ဆေးသွင်း ကျန်ရစ်လေသည်။ ဆေးစာအုပ်မှာ ဆေးလိပ်၊ အရက် မသောက်ရ၊ ကွမ်းမစားရဟု ရေးပေးလိုက်တတ်သည်။ 

ကင်ဆာဝပ်ရှိ နံရံပေါ်က ဆောင်ရန်၊ ရှောင်ရန် တွေမှာလည်း ဆေးလိပ်၊ အရက်၊ ကွမ်းတို့က ရှောင်ရန်များမှာ အဓိက ပါတတ်သည်။ လက်လုပ်ချဉ် များ၊ ဆိုးဆေး ပက်ထားသည့်ငါးခြောက်၊ ၀တ်ကူချောင်းများ၊ ငရုပ်ဆီများ စသည်လည်း ရှောင်ရန် ထဲမှာ ပါဝင်သည်။
ကိုမြင့်အောင် က ဆက်ပြောသည်။ သို့မဟုတ် ကိုမြင့်အောင်၏ ကိုယ်စား အသံ(Ghost speaker) များက ပြောသည်။

စဖြစ်တော့ ချောင်းဆိုးတယ်။ ပြီးတော့ အသံဝင်လာတယ်။ ချောင်းက ရက်ဆက် ဆိုးပြီး နောက် သွေးစကလေး ထွက်လာတယ်။ ကျွန်တော်သွေးစလေးကို ကိုင်ကြည့်မိတယ်။ အသံက သိပ် မထွက် တော့ဘူး။ ဒါနဲ့ ပြည်မှာရှိတဲ့ ဆေးခန်းက ဆရာဝန်ကိုသွားပြတယ်။ ဆရာဝန်လေးက ချက်ခြင်း ရန်ကုန် လွှတ်ပါတယ်။ ကင်ဆာ ဖြစ်နိုင်တယ်လို့လည်း မပြောဘူး။ (ဒါပေမယ့် ဆရာဝန်က တီဘီသို့မဟုတ် ကင်ဆာ လက္ခဏာဆိုတာ အသေအချာ သိမှာပါ။ ဒါကြောင့် ရန်ကုန် မြန်မြန်လွှတ်တာပေါ့။ နား၊ နှာခေါင်း ဆရာဝန် ကို ပြဟုလည်း ညွှန်းပုံရသည်။)

သို့နှင့် ရန်ကုန်သွားခဲ့သည်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ညီတစ်ယောက် ရှိသည်။ ကျွန်တော့် ညီ အိမ်မှာပဲ တည်းပါတယ်။ တည်းပြီး နား၊နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး ဒေါက်တာသာလှိုင် ဆိုတာကို ပြပါတယ်။ ဆေးခန်းမှာပါ။ ဆေးခန်းက ရန်ကုန် ဘယ်နားရှိတယ် မပြောတတ်တော့ပါဘူး။ အာရှတော်ဝင် တို့ ရွှေဂုံတိုင် ဆေးခန်းတို့တော့ မဟုတ်ပါဘူး။ ရွှေဘုံသာလမ်းမှာ ရှိတာလား။ ကျောင်းမြောင်း မှာလား ဆိုတာလည်း မမှတ်မိတော့ပါဘူး။ ကျွန်တော်က ရန်ကုန် သိပ်မကျွမ်းပါဘူး။

ဆရာဝန်ပြတော့ ဆရာဝန်က လည်ချောင်းကို ခြစ်ယူပြီး (အနာအသားစကို မှန်ပြောင်းထည့် နမူနာ  ယူပုံရပါသည်) ဓာတ်ခွဲစမ်းသပ်ပါတယ်။ ဓာတ်ခွခြန်းအဖြေရတော့ ကင်ဆာတဲ့။ ကင်ဆာမှန်း အသေအချာ အဖြေ ကို သိတာက ညီနဲ့ ခယ်မပါ။ ကိုမြင့်အောင်ကတော့ အသေအချာ မသိပါဘူး။ သိလည်း ကင်ဆာ ဆိုတာ ဘာကောင်မှန်း၊ ဘယ်လောက် ခုက္ခပေးမှန်း၊ အသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နိုင်မှန်း၊ ဘယ်လောက် ကြောက်စရာကောင်းမှန်း စီစဉ်ညွှန်ကြားတာကတော့ ညီရဲ့ဇနီး (ခယ်မ) ပါပဲ။ 

ခယ်မက ဓာတ်ကင်ရင် ဆံပင်ကျွတ်မယ်။ ခံတွင်းပျက်မယ်။ ကင်မနေနဲ့ဆိုပြီး ပြည်ကို ပြန်လွှတ်တယ်။ ဗမာဆရာနဲ့ ဆက်ကု ပေါ့။ ဓာတ်မကင်ရင် (မကုသရင်) ရောဂါက အသက်အန္တရာယ် ရှိတယ်ဆိုတာ ခယ်မလည်း သိပုံ မရဘူး။ သူကတော့ ပြန်ဆိုလည်း ပြန်တာပေါ့ဆိုပြီး ပြန်ခဲ့တယ်။ အဲဒီတော့ ၂၀၀၃ ခုနှစ်၊ မတ်လထဲ ရောက်နေပြီ။ အသံက မထွက်တော့ဘူး။ အစားစားလို့လည်း ကောင်းကောင်းမရတော့ဘူး။

ပြည်ကို ပြန်ရောက်ပြီးတော့ မြန်မာမြစ်ပွားနာ ကုတဲ့ နာမည်ကြီး ဆရာတစ်ယောက် သုံးဆယ်မှာ ရှိတယ် ဆိုလို့ သုံးဆယ်မြို့ သွားပြီးကုတယ်။ အဲဒီဆရာနာမည်က ဆရာမှတ်ကြီးတဲ့။ လည်ချောင်း အလွန်အမင်း နာနေတာ ကို ဆေးလိမ်းတယ်။ သောက်ဆေး ပေးတယ်။ သောက်ဆေးက အရည်ပေါ့။ နှစ်ပတ်လောက် ကု ကြည့်တယ်။ မသက်သာပါဘူး။ အဲဒီအချိန်မှာ လူလည်း အတော်ကျသွားပြီ။ အဖတ်မစားနိုင်တာကြာပြီ ဖြစ်ရာက အရည်သောက်ဖို့တောင် ခက်လာတယ်။ အသံကလုံးဝ အထွက်တော့ဘူး။ အိပ်ရာထဲ ပက်လက်။ မလှုပ်နိုင် မရှားနိုင်။ လူတစ်ကိုယ်လုံး အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အဖေက ကျွန်တော့်ကြည့်ပြီး စိတ်မကောင်း သလို အမေကတော့ မျက်ရည်နဲ့ မျက်ခွက်ပေါ့။ ငါ့သားလေး ဒီတောင်က ကျော်နိုင်မယ် မထင် ဘူးပေါ့။ ဖက်ငိုတယ်။

အောင်လံက လူနာမေးလာတဲ့ အဒေါ်တွေ ဦးလေးဆွေမျိုးသားချင်းတွေလည်း ကျွန်တော့်ကို ပစ်လိုက် ရတော့မယ်ပဲ ထင်ကြတယ်။ ဒါနဲ့ တကယ်လို့ ကျွန်တော်သေရင် သူတို့ ထပ်မလာ နိုင်တော့ဘူးပေါ့။ အလုပ်တွေက တစ်ဖက်နဲ့လေ။ ဒါနဲ့ အသုဘကူငွေကို တစ်ခါတည်း ထည့်သွားကြတယ်။ကျွန်တော့် အခြေအနေ က အဲဒီလောက်ဆိုးနေတာ။ စကားကမပြောနိုင်။ အစာရေစာကလည်း မ၀င်တော့ဘူးလေ။ အသက်ရှုဖို့ တောင် ခက်လာ နေပြီမဟုတ်လား။ ကျွန်တော့ကိုယ်ကျွန်တော်လည်း စိတ်လျှော့ထားပါပြီ။ ဒါနဲ့ အမေအဖေ၊ ညီကိုမောင်နှမတွေက ရွာကဘုန်းကြီးပင့်ပြီး သရဏဂုံတင်လိုက်ကြတယ်။
ကိုမြင့်အောင်၏ အစ်ကို ကိုဝင်းလှိုင် ဖြစ်သူကလည်း ထိုအခြေအနေရောက်နေသော အချိန်တွင် သူ ကူညီ ဆောင်ရွက်ပေးရသော ထူးခြားသည့် အခြေအနေ တစ်ရပ်ကို ပြောပြသည်။

မြင့်အောင် ရဲ့ ကုသိုလ်ပဲဗျာ။ အဲဒီလို အခြေအနေ အတော်ဆိုးနေချိန်မှာ အမွှေးတိုင်ရောင်း တဲ့ကျွန်တော် တို့ မိတ်ဆွေကြီးတစ်ယောက် ဒီပြည်မြို့ကပဲ ရောက်လာတယ်။ အဲဒီမိတ်ဆွေ ကြီးက သာမည ဆရာတော်ကြီး ရဲ့ ပုံတော်တစ်ပုံပေးတယ်။ ဆရာတော်ကြီး ပုံတော်မှာ ဂါထာတော်ပါတယ်။ အဲဒီ ဆရာတော်ကြီးဂါထာကို ရွတ်ဖို့တစ်ရက် ဥပုသ်စောင့်တယ်။ ပြီးတော့ မြင့်အောင်ဘေးမှာထိုင်ပြီး ဆရာတော် ဂါထာ ကို ရွတ်တယ်။ ပုံတော်ကို မြင့်အောင်ခေါင်းရင်းမှာထားပြီး ဂါထာတော်ကို တစ်ညလုံး ရွတ်တယ်။ မနက်ကျတော့ ကျွန်တော်က မြင့်အောင်ကို ပြောလိုက်တယ်။ မြင့်အောင် မင်းမသေ တော့ဘူးလို့။ ဒါတကယ် ကျွန်တော့်အတွင်းစိတ်ထဲကကို ယုံကြည်ပြီးပြောတာ။ မင်းဆရာတော်ကြီး ကိုသာ အာရုံပြု နေပါလို့လည်း ပြောမိတယ်။ ဒီတုန်းက သာမည ဆရာတော်ကြီး ပျံလွန်တော် မမူသေးဘူး။ ထူးဆန်း တာက အဲဒီမနက်ပဲ ဟင်္သာတက ညီတစ်ယောက် ဆီက ဖုန်းဝင်လာတယ်။ ဟင်္သာတမှာ သူ့မိန်းမ ကို ကုပေးတဲ့ ဆရာဝန်တစ်ယောက်ရှိတယ်ပေါ့။

တော်တယ်ပေါ့။ အဲဒီ လာပြကြည့်ပါလားပေါ့။ အဲသည် ဆရာဝန်ကလည်း ရန်ကုန်က နား၊ နှခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး ဒေါက်တာသာလှိုင် ရဲ့ တပည့်ပဲ။ ဒေါက်တာ ခင်မောင်အေးတဲ့။ ဒါပေမဲ့ မြင့်အောင် အခြေအနေက အတော်ကို ဆိုးနေပြီ။ ဟိုနား ဒီနား သယ်သွားဖို့တောင် ခက်နေပြီ။ ဒါနဲ့ ချီတုံချတုံ ပေါ့။ ပြောရဦးမယ်။ အဲဒီ ဟင်္သာတမတိုင်ခင် ပြည်က အရင်ပြခဲ့တဲ့ ဆရာဝန်ကို ပြန်ပြ သေးတယ်။ ကိုမြင့်အောင် အခြေအနေက အတော်ဆိုးနေပြီပေါ့။ မချိမဆန့်လည်း ခံစားနေရတယ်ပေါ့။ ဆရာ ဘာလုပ်ပေးနိုင်မလဲ လုပ်ပေးပါလို့လည်း ပြောမိပါလိမ့်မယ်။ ဒေါက်တာ က လူနာကို ကြည့်ရှုပြီး ကျွန်တော် အစကတည်းက ခုမှတော့ ဘာလုပ်လို့ရတော့မှာလဲ။ ဘာမှလုပ်လို့ မရဘူး။ သူစားချင်တာသာ တတ်နိုင် သမျှ ကျွေးကြပေတော့ဆိုပြီး ဆရာဝန်က လက်လျော့ လိုက်တော့ စိတ်ဓာတ်ကျသွားတာပေါ့။ လက်လျော့ လိုက်ရပြီပေါ့။

နောက်ဆုံးတော့ ဟင်္သာတ သွားကုရေး မကုရေး ဘဲ ဆုံးဖြတ်ရတော့မယ်။ ကိုမြင့်အောင်ရဲ့ သဘောထား ကိုလည်း မေးရတယ်။ သူက အဓိကပေါ့။ ဟင်္သာတသွားကုချင်သလား မကုချင်ဘူးလား။ သူလည်း ပထမ တော့ ချီတုံချတုံပေါ့။ နောက်တော့ ကဲမထူးပါဘူး ဒီအတိုင်း လည်စင်းခံနေမယ့်အစား လမ်းမှာ ဖိတ်စင် ရင်လည်း ဖိတ်စင်ပစေတော့ ဆိုပြီး သွားမယ်ဆိုပြီး ဆုံးဖြတ်တယ် ဟု ကိုမြင့်အောင်အစ်ကို ကိုဝင်းလှိုင်က သူ့အပိုင်း ကို ၀င်ပြောပါမည်။ နောက်တော့ ကိုမြင့်အောင်၏ ကိုယ်စားအသံက ဆက်ပြောသည်။

 ကျွန်တော့်မှာ ကင်ဆာရောဂါရဲ့ တိုက်စစ်ဖွင့်ကစားတာကို ခံစစ်နဲ့ အသေအလဲ တောင့်ခံနေရာကနေ အဲဒီအချိန် မှာတော့ ကျွန်တော် တန်ပြန်တိုက်စစ် ဖွင့်ပါတော့တယ်။ ဒါကဘောလုံးစကား နဲ့ ပြောတာပါ။
အဲဒီတော့ ၂၀၀၄ ခုနှစ်ထဲ ရောက်နေပါပြီ။ ဧပြီ၊ မေလလောက်မှာ ဖြစ်မလားမသိဘူး။ ကားစင်းလုံး ငှားရတယ်။ ကျွန်တော်က အားအင်လုံးဝနီးပါး မရှိသလောက်ဖြစ်နေတာ့ ပွေ့ချီပြီးတင်ရတယ်။ ကားပေါ်မှာ လှဲ တင်လို့ရ တဲ့ ဟိုင်းလတ်ကားလေး ငှားရတာပေါ့။ နွေကာလဆိုတော့ ညဘက် ၁၁နာရီမှ ပြည်မြို့ ကနေ စထွက်တယ်။ ဒီပြည်မြို့ န၀ဒေး တံထားကဖြတ်ပြီး ပုသိမ်မုံရွာလမ်းအတိုင်း ကားက သွားတာ။ ဟင်္သာတ ကို မနက် ၇နာရီ လောက်မှာ ရောက်သွားပါတယ်။

အဲဒီနေ့ပဲ ဒေါက်တာ ခင်မောင်အေးကို ပြသတော့ ဆရာဝန်က စစ်ဆေးကြည့်ပြီး ကင်ဆာ ရောဂါက အဆင့်နှစ် ပဲရှိသေးသတဲ့။ ကုလို့ရသတဲ့။ သူ့ဆီရောက်လာမှတော့ ဘာမှမပူနဲ့  ဆိုတော့ အားတက် သွားမိတယ်။ ဒါပေမယ့် လူက အားမရှိဘူး။ ဆရာက ချက်ခြင်းပဲ အသက်ရှူဖို့ လည်ပင်းကဖောက်၊ အစာ အားဆေး ကို နှာခေါင်းကသွင်း စတဲ့ ကုသမှုကို ဆေးရုံတက်စေပြီး စတင်ကုပါတယ်။ ဟုတ်ကဲ့။ သွေးစစ်တာ တို့၊ ဓာတ်မှန် ရိုက်တာ၊ အီးစီဂျီ ရိုက်တာတွေလည်း လုပ်ပါလိမ့်မယ်။
ကျွန်တော် ကတော့ သိပ်မမှတ်မိဘူး။ အဲဒီအချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်ရှိမယ် ဆိုတာလည်း မမှတ်မိ တော့ဘူး။ ဇနီးဖြစ်တဲ့ မသီတာအောင်ကလည်း ကလေးတွေနဲ့ အမေတို့အဖေတို့ တာဝန်ရှိတော့ ကျွန်တော် နဲ့ လိုက်မလာနိုင်ပါဘူး။ အစ်ကို ကိုဝင်းလှိုင် သာပါပါတယ်။ တခြားမိတ်ဆွေတချို့ပါတယ်။ ဟင်္သာတ မှာက ညီဖြစ်သူနဲ့ သူ့ဇနီးဆွေမျိုးသားချင်းတွေရှိတယ်။ သူတို့က အစစအရာရာ ကူညီ ဆောင်ရွက် ပေး ပါတယ်။

ဆေးရုံမှာ မခွဲမစိတ်ခင်အစာသွင်း၊ ဆေးသွင်းလုပ်နေတာ တစ်လလောက်ကြာပါတယ်။ အဲဒီတော့မှ အတော်အတန် အားပြန်ပြည့်လာခဲ့တယ်။ ဒီတော့မှလည်ချောင်းထဲက အကျိတ်ကို ခွဲစိတ်ထုတ်ဖို့ ပြင်ဆင် ပါတယ်။ ကျွန်တော် ကို ခွဲစိတ်ဖို့ ဆေးစာအုပ်တွေ ပြန်ကြည့်၊ မှတ်တမ်းတွေကြည့်၊ ဓာတ်မှန်တွေ လေ့လာ၊ ခွဲစိတ်ခန်း ထဲ ၀င်မယ့် ဆရာဝန် အချင်းချင်း ညှိနှိုင်းဆွေးနွေး တာတွေလုပ်ပါတယ်။ အားလုံးပြည့်စုံပြီဆိုမှ ခွဲပါတယ်။

ခွဲစိတ်တဲ့နေ့က နေ့ခင်း(၁) နာရီထဲက ခွဲစိတ်လိုက်တာ ည ၈နာရီမှ ခွဲခန်းက ထွက်ရတယ်။ အကူဆရာမ တစ်ယောက် ဆိုရင် ပင်ပန်းလွန်းလို့ မူးမေ့လဲသွားခဲ့တယ်လို့ ပြန်ပြော ပြပါတယ်။ ကျွန်တော်ကတော့ ဘယ်သိမလဲ။ အဲဒီနေ့က ကျွန်တော် ည ၁၀ နာရီမှ သတိရ ပါတယ်။ ကျွန်တော့် လည်ချောင်းထဲက ခွဲထုတ် လိုက်တဲ့ အလုံးက ဂုံညင်းလုံးလောက် ရှိမယ်ထင်တယ်။ သုံးလက်မပတ်လည်လောက် ရှိမလားပဲ။
ဟင်္သာတမှာ ၃ လကြာသွားတယ်။ ပါးစပ်ကနေ ထမင်းစားလို့ ရလာတယ်။ ရေသောက်လို့ လည်း ရတယ်။ လည်ပင်းပေါက် ကတော့ အသက်ရှူဖို့ပေါ့ဗျ။ ဟင်္သာတက ပြန်လာပြီးမှ ကျွန်တော် ရန်ကုန်ကို ဓာတ်ရောင်ခြည် ကင် ဖို့ သွားရပါတယ်။ ဟုတ်ကဲ့... ရန်ကုန်မှာ ဓာတ်ရောင်ခြည် သွားကင်တော့ ရှစ်လ ပိုင်း သြဂုတ်လလောက်မှာပေါ့။ ဟင့်အင်း... ကင်ဆာဆေး မသွင်းရပါဘူး။ ဓာတ်ကင်ရုံပါပဲ။ ကင်ဆာခန်း က ဆရာဝန်ကြီး ဒေါ်မေကြည် နဲ့ ပြသရတာပေါ့။ ဟုတ်ကဲ့.. ၂၀၀၄ ခုနှစ်မှာပါပဲ။

တစ်ခါ ဓာတ်ရောင်ခြည်ကင်ရင် ၄မိနစ်လောက်ကြာမယ်ထင်ပါတယ်။ (အမှန်တကယ်က လူနာ တစ်ယောက် ကို ဓာတ်ရောင်ခြည်ကင်ရာတွင် ၅မိနစ်ခန့်မှ အချို့ ထို့ထက်ပိုပါသည်။ ၀သောသူများ အဆီများ သူများဆို အချိန်အနည်းငယ် ပိုကင်ရတတ်သည်ဟု ဆိုပါသည်)
ကျွန်တော် ကင်ဆာရောဂါ ဖြစ်တာ ၂၀၀၂ ခုနှစ်က စတင်ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ခါနီး သုံးနှစ်ကြာ ခံစား ရပြီးမှ ဆေးကုသမှုဆုံးပါတယ်။ ဆေးကုသပြီး ခုထိဘာမှ ပြန်မဖြစ်ပါဘူး။ ၆နှစ်ရှိပြီဆိုပါတော့။
ကင်ဆာ နဲ့ ကျွန်တော် ရဲ့ တိုက်ပွဲမှာ ကျွန်တော်က ကျွန်တော့်အသက်နဲ့ လူ့ဘ၀ ကို ပြန်ရပြီး ကင်ဆာ ကတော့ ကျွန်တော့် ဆီက အသံကို နုတ်ယူသွားသလို အနံ့နဲ့အရသာကိုလည်း အပိုင်သိမ်းသွားတာ ခံရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းပါတယ်။

လုံးဝ သုည အခြေအနေက ကျွန်တော်ပြန်လည် ရုန်းထနိုင်လာပါတယ်။ ခုဆိုကျွန်တော့်သား အကြီးက ဂျီတီစီ ဘွဲ့ရခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယသားက တက္ကသိုလ်တက်နေပြီး အငယ်ဆုံး မိန်းကလေးက ကိုးတန်း မှာ ပညာသင် နေပါတယ်။ ခုချိန်ထိမိသားစု ဥမကွဲသိုက်မပျက် ပျော်ပျော်ရွှင်ရွှင် နေနိုင်သေးတာ ကျွန်တော် ရဲ့ အမြတ်ဝေစုတွေပါပဲ။
ကျွန်တော်နှင့် ကိုမြင့်အောင်တို့ မိသားစုနှင့် စကားစမြည်ပြောဆိုတာ အချိန်သုံးနာရီနီးပါး လောက် ကြာမြင့် ပါမယ်။ နောက်ဆုံးမှာ ကိုမြင့်အောင်ကို ကျွန်တော်က နိဂုံးချုပ်ပေးပါတယ်။
အမှန်တကယ်က ကိုမြင့်အောင်ရေ၊ ခင်ဗျားအဖြစ်က ဝေ့စ်(ကွေ့ကောက်) နေလို့ပါ။ ခင်ဗျားပထမဆုံး ရန်ကုန် သွားပြကတည်းက ဓာတ်ရောင်ခြည်ကင်ရမယ်ဆို ကင်လိုက်ရင် ခုလို အသံတိတ်ဇာတ်ကား ဖြစ် သွားစရာ မလိုတော့ဘူးပေါ့ဗျာ။ အနံ့အရသာလည်း ပျက်ချင်မှ ပျက်မယ်။

ကျွန်တော် လည်း အသံအိုးကင်ဆာဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဖြစ်စမှာ အသံပျောက် မသွားဘူး။ ခင်ဗျားလို အသံပျောက် သွားတဲ့ လူငယ်တစ်ယောက် ကျွန်တော်တောင်ကြီးမှာ တွေ့ခဲ့တယ်။ သူလည်းအသံအိုးမှာ ကင်ဆာ ဖုလေးတွေ ထွက်ပြီး အသံအိုးယောင်ရမ်း ကာအသံပျောက်သွားတဲ့အထိ ဖြစ်ခဲ့တယ်။ ထိုင်းအထိ သွားကု ဖို့ စိတ်ကူးခဲ့သေးသတဲ့။ ထိုင်းသွားကုရင် မြန်မာငွေ သိန်း ၁၀၀ လောက်ကုန်မယ်ဆိုလို့ မသွားတော့ ဘဲ မြန်မာပြည် တွင်ကုသတာ။ သူလည်း အချိန်မီသွားလို့တဲ့။ လည်ချောင်း ဖောက်ထုတ် ရတော့မလို့တဲ့။ အသံအိုးယောင်ပြီး အသက်ရှူမ၀ဖြစ်လာ အစားအစာ၊ ရေကအစ သောက်မရပြုမရ ဖြစ်လာလို့လေ။ ဒါပေမဲ့ သူ့အသက် ၂၉ နှစ်ပဲရှိသေးတယ်ဆိုတော့ တော်ရုံတန်ရုံ ခံနိုင်ရှိ တာပေါ့ဗျာ။ သို့ပေမယ့် ဆေးကုပြန်သွားတာနဲ့ ဆေးသွင်း ဓာတ်ရောင်ခြည်ကင် အချိန်မီ သွားတော့ အသံပျောက်တဲ့ ကိန်း မဆိုက်လိုက်ရတော့ဘူးပေါ့။

အမှန်က ကင်ဆာရောဂါ ဆိုတာ ဒီခေတ်မှာ အချိန်မီသာ ကုသရင် ၉၀ ရာခိုင်နှုန်း ပျောက်ကင်း နိုင်ပါတယ်။ သိပ်လွန်သွားရင်တော့ မရဘူးပေါ့ဗျာ။ ကင်ဆာဝပ်က စာအုပ်တွေမှာလည်း အတိအလင်း ရေးထားပါတယ်။ ဓာတ်ရောင်ခြည်ကင်တာ ကြောက်စရာမဟုတ်ဘူး။ ပူတာ စပ်တာ၊ နာတာ စသည်ဖြင့် ဘာ ခံစားမှု မှ မခံစားရပါဘူး။ သို့သော်လည်း ဆရာဝန်ညွှန်ကြားတဲ့  အတိုင်းတော့ အနေအထိုင် ဆင်ခြင် ရမှာပေါ့ဗျာ။
အဲ....ကီမိုသရဖီဆိုတဲ့ ကင်ဆာဆေးရည်သွင်းတာတော့ နည်းနည်းခံစားရတယ်။ အစား မစားချင် လောက်အောင် ခံတွင်းပျက်တာတို့၊ အန်တာတို့၊ ကျို့ထိုးတာတို့ စသည်ဖြင့် သွေးပေါင်ကျ အားနည်း တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ခိုင်ခိုင် ဖြတ်သန်းနိုင် ဖို့တော့လိုတယ်။

တစ်ခုတော့ ရှိပါတယ်။ ဗုဒ္ဓဘာသာအလိုအရ ခန္ဓရှိရင် ရှိလာပါတယ်။ ဇာတိဇရာ ဗျာဓိ မရဏ လို့ဆိုတယ် မဟုတ်လား။ မိမိပြုတဲ့ ကုသိုလ်၊ အကုသိုလ်ပေါ်မှလည်း တည်ပါတယ်။ ကုသိုလ်ကံ အကျိုးပေးလို့ အနာနဲ့ ဆေးတွေ့တဲ့အခါ ရောဂါအမြစ်ပြတ်ပြီး လုံးဝပျောက် ကင်းချမ်းသာနိုင်ပါတယ်။ ကုသိုလ်ကံဆိုတာက သံသရာ အဆက်ဆက် မိမိပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကိုလည်း ဆိုလိုရာရောက်ပါတယ်။
ကျွန်တော် တို့ ကိုမြင့်အောင် နှင့် မိသားစုကို နှုတ်ဆက်ပြီး ပြည်မြို့တွင်း ပြန်လာတော့ ဆည်းဆာ။ ဘုရားကြီး ဘုရား ၏ အရိပ် ပင် အတော် ရှည်မျောနေခဲ့ပြီ။

ဆက်ရန်
.

1 comment:

ကိုရင် said...

အတော် စိတ်ဝင်စားစရာ ကောင်းလာပြီဗျိုး..
မြန်မြန်ဆက်ပါ အမရေ...