"ကဲ-သောက်ရမယ်ကွ"ဟု ဆိုဆိုပြောပြော အတင်းတက်၍ တိုက်နေသော ထွန်းတင်အသံနှင့် ငြင်းဆန် နေသော စောမြအေးအသံတို့မှာ၊ ရေတံခွန်မှရေကျသံများနှင့် အတူအတန်ကြာ ဆူညံ ရယ်မော နေကြရာမှ၊ မကြာမှီ ငြိမ်သက်သွားကြ လေရာ၊ ပြုံးပြုံးကြီး ကြည့်ရင်း တယောက် တည်းကျန်ရစ်သော မစ္စတာဟဲရစ်ကြီး မှာ လူရောအသံပါ ခေတ္တပျောက်ကွယ်နေကြသော ချစ်သူများအတွက် လေးလေးနက်နက် ချဲ့ထွင်စဉ်းစားရင်း၊ ရေတံခွန်ကြီးကို စိုက်ကြည့်နေရာမှ မူးယစ်ယစ် ယောင်ချာချာ ဖြစ်လာပြီး၊ အနီးရှိကျောက်တုံးကြီး တခုကိုမှီကာ၊ တမှေးမှေး တရေးရေး နှင့်တဖြေးဖြေး အိပ်ပျော် သွားလေတော့ သတည်း။
"မစ္စတာဟဲရစ် ထ-ထ အမယ်လေး ဟ၊ အိပ်လိုက်တဲ့ဖြစ်ခြင်း"ဟု ပြောနေသော ထွန်းတင်၏အသံ ကိုကြားရ၍ အိမ်ရာမှထလိုက်သောအခါ၊ မိမိလက်ပက်ဒန်နာကြီးမှ သုံးနာရီဂဏန်းကိုပြလျက်ရှိ လေပြီ။ စောမြအေး နှင့် ထွန်းတင် တို့မှာ ရေတံခွန်းစမ်းအိုင်ထဲမှ ရေများချိုးပြီးကြရုံမက၊ ကျွင်းကျန် သော နေ့လည်စာ များကိုပင် စားသောက်ပြီး၍ သိမ်းဆည်းစပြုနေသည်ကိုတွေ့ရလေ၏။
"ကဲ မစ္စတာဟဲရစ် အိပ်တာနဲ့ သွေးအေးသွားပြန်ပြီထင်တယ်။ ရော့ပူလာအောင် တခွက်လောက် ချလိုက် ပါအုံး"
ဟုဆိုခါထွန်းတင်သည် မိမိသောက်နေသော ဖလ်ခွက်ကိုအသာချထားပြီး အခြားဖလ်ခါက်တခုကို ထည့်၍ ပေးပြန်လေ၏။
"မစ္စတာထွန်းတင် ခင်ဗျားလွန်နေမယ်နော်၊ ခုထက်ထိ ဆက်ချနေတုန်းဆိုရင် ကားမမောင်း နိုင်ဘဲ နေမယ်"
"နဲဗါးမိုင်း-ရော့ပါ၊ ခင်ဗျား၊ လုပ်မှာသာလုပ်စမ်းပါ ကျုပ်အတွက်ပူမနေစမ်းပါနဲ့"ဟုဆိုကာ မိမိလည်း ထပ်သောက် ၍၊ မစ္စတာဟဲရစ်ကိုလည်း ထပ်ခါ တိုက် နေပြန်ပြီ၊ ညနေလေးနာရီ နီးနီးရီမှ လားရှိုး သို့ တဆင့်ထွက်လာကြပြန်လေ၏။ ထွန်တင်ကားအနော်မူးနေပြီဖြစ်၍ ကားကိုကောင်း စွာမှ မောင်းနိုင် ပါမည်လားဟု စိုးရိမ်မိသော မစ္စတာဟဲရစ်မှာ ထွန်းတင်စောစောကထပ်ပင် ကြင်လည် သွက်လက်စွာနှင့် ခတ် ကြမ်းကြမ်း၊ ခတ် ရမ်းရမ်း၊ မောင်းနိုင်လာပြန်သည်ကိုတွေ့ရသောကြောင့်၊ အသဲတယားယားနှင့် မျက်လုံးများ ပြူး၍ ပြူး၍ သွားမိလေတော့၏။
"မစ္စတာထွန်းတင် ခင်ဗျားနဲနဲမူးနေတယ်၊ သတိထား ပြီးခပ်မှန်မှန်မောင်းရင်ကောင်းမှာဘဲ"
"ကိစ္စမရှိပါဘူး မစ္စတာဟဲရစ်ရဲ့၊ ကျွန်တော့်အကျင့်ကမူးမှပိုပြီး မောင်းကောင်းတယ်၊ ဒီလမ်းမှာ ဒီမိုင် အတိုင်း မောင်းနေကြပါခင်ဗျ၊ နို့ပြီးတော့ အခုလေးနာရီတောင် ထိုးပြီးနေပြီ၊ လားရှိုးမှာ ညစာစား မှီအောင် သွားရမှာ နဲ့ ဟိုကတခါအိမ်အရောက် ပြန်ရမှာနဲ့ဆိုရင် ခုလိုမြန်မြန်မောင်းမှ အချိန်ရမယ်ဗျ"
ဟုပြောကာ၊ မောင်းမြဲတိုင်း သာတဇွတ်ထိုးမောင်း နှင်လာခဲ့လေ၏။ မစ္စတာဟဲရစ်မှာ ထွန်းတင် မောင်းသော ကားကိုဤတစ်ကြိမ်သာစီးဘူးသူဖြစ်၍၊ တလမ်းလုံး မျက်စိပြူး၍ လာခဲ့သ လောက်စီးနေကြ၊ လိုက်ပါနေကြ၊ ဖြစ်သောစောမြအေးတွက်ကား၊ ရိုးနေပြီဖြစ်၍ အရေးမကြီးလှ သည့်အတွင်နှင့် ပြုံးပြုံး ရွှင်ရွှင် လိုက်ပါလာနိုင်လေ၏။
ထွန်းတင်ကား၊ လမ်းဖြောင့်များတွင် တနာရီလျှင်မိုင်ငါးဆယ်မှ ခြောက်ဆယ်ကြားအထိမောင်း လျက်၊ တောင်ကမ္ဘာ့ယံ အကွေ့အကောက်များမှာ အရှိန်ကိုလျော့ပါသည်ဆိုရရုံလျော့ပြီး၊ ကားကြီး စောင်းတောင် သွားမလောက် မြောက်ခနဲမြောက်ခနဲ၊ ကားဘီးနှစ်ဘက် မြေမထိဘဲ၊ အကွေ့ကြီး ကွေ့၍ပစ်လိုက်တတ်ရာ တခါတရံ ကားတခုလုံး စောင်း လဲသွားတော့မည်ထင်ရာပြီးမှ ပကတိအ တိုင်းဘီးလေးလုံးစလုံး မြေသို့ ပြန်ကျပြီး ပြေးမြဲပြေးလေသည်တွင်မှ ရင်တမ၊ မနှင့်ဘုရားတ၍ လိုက်ခဲ့ရသော မစ္စတာဟဲရစ်၏ ရင်ထည်းက အလုံးကြီးကျသွားရှာကာ "အင်း-ဒီအကွေ့တော့ ငါ့အသက်မသေဘူးဟ"ဟု စိတ်ထဲက ပြောမိ လေတော့၏။
ယင်းသို့မူးမူးနှင့် ခပ်ရမ်းရမ်း၊ ခတ်ကြမ်းကြမ်းမောင်းနှင်ခဲ့သည်ဖြစ်ရာ အခါတိုင်းအရက်မှုးလေ မောင်းကောင်းလေ ဆိုသည့်တိုင်အောင် ယခုအကြိမ်ထွန်းတင်၏ ရေချိန်မှာ အခါတိုင်းထက်ပိုလွန် နေသော ကြောင့် မောင်းနေကြမိမိပိုင်ကားနှင့် သွားနေကြ ကျင့်သားရနေသောလမ်းပင်ဖြစ်ငြား သော်လည်း၊ ကားမောင်းစ တနာရီလောက်တွင် မောင်း၍ကောင်းနေသော်လည်း ခရီးထွက်ခါနီး နှစ်ခွက်ဆင့် ချခဲ့သောအရှိန်က ကားမောင်းစဉ် လေတဟူးဟူး တိုက်ပေးခြင်းဖြင့် မူးယစ်ခြင်းတည်း ဟူသော လှေခါးအမြင့်ကို တဆင့်ပြီးတဆင့်တက်လာသကဲ့ သို့ဖြစ်လာရကား နောက်ဆုံးနေ၀င်ရီ သရော အချိန်တွင် တောင်မမြင်မြောက်မမြင်နှင့် ကားကို တွင်တွင်မောင်လာရာ၌ ဒိန်းကနဲတိုက် ခိုက်လိုက်သည့် တခဲနက်အသံကြီးကိကြားရပြီး ကားတခုလုံး အိုးထမ်းစက်ကဲ့သို့ သွက်သွက်လယ် သွားသည်နှင့် တပြိုင်နက် စောမြအေး၏ ငယ်သံပါအောင်အော်လိုက်သောအသံကလေးသည် မှောင်စပြုနေသော တောလမ်း ခရီးကြီးအလယ်မှာ ကျယ်လောင်စွာ ပေါ်လာပြီး နောက် လူသံရော၊ ကားသံရော၊ အမှောင်ကြီး အတွင်းရှိဣနြေ္ဒရှုတင်းလှသောတောအုပ်ကြီးမှာ၊ မိမိခြေရင်းနားတွင် မော်တော်ကား မှောက်သော ဒုက္ခသည်မျာကို ဂရုမသား အသနားမဘက် အရေးမစိုက်သည့် သဏ္ဍာန်၊ ဟန်ကြီး ပန်ကြီးလုပ်၍ နေလေတော့သတည်း။
"ကိုကိုတင်၊ အေးကိုမခွဲပါနဲ့နော်၊ အေးတော့ကိုကိုတင်နဲ့မခွဲချင် ဘူး ကိုကိုတင်အနားမှာ အမြဲနေ ပါရစေ၊ အန်ကယ် ကိုလဲပြောပါ၊ အေးကိုအလုပ်ထုတ်မပစ်ပါစေနဲ့၊ အန်ကယ်က အေးကိုအလုပ် ထုတ် ပစ်ရင်၊ ကိုကိုတင် နဲ့အေးနဲ့၊ တခါထဲကွဲကြရတော့မယ်၊ အေးမခွဲနိုင်ဘူး၊ ကိုကိုတင်ရဲ့"
ဟု မျက်နှာညှိုး၊ မျက်နှာငယ်၊ ကလေးတွင် မျက်ရေအသွယ်သွယ်ကျဆင်းလျက်၊ တသက်သက် ရှိုက်၍ ပြောနေသော စောမြအေးအား။
"အို-အေးရယ်၊ ဘာစကားတွေ ပြောနေရတာလဲ၊ ကို အေး ကို ဘယ်တော့မှမခွဲဘူး၊ မစ္စတာဟဲရစ် ကလဲ အေးကို အင်မတန်ချစ်တယ်၊ အားလဲထားတယ်၊ သူကအေးကို အလုပိထုတ်ပစ်ဘို့၊ နေနေ သာသာ၊ အေး-ကိုကို နဲ့ လက်ထပ်ပြီးတဲ့နောက်၊ အလုပ်ထွက်သွားမှာကိုတောင် အင်မတန်စိုးရိမ် နေရှာတာ၊ ဒါလင် အသိသားနဲ့ကွယ်"
ဟု၊ ပြောသည်တိုင်အောင် စောမြအေးမှာ မျက်နှာကလေးညှိုးလျက်နှင့်ပင်။
"အို-ကိုကိုတင် မသိဘူးနော်၊ အေးအကြောင်းအေးသိပါတယ်၊ ကိုကိုတင်ရယ်၊ အန်ကယ်ကိုသာ အေးကို အလုပ်ထုတ် မပစ်ဖို့ပြောပေးပါ၊ အေးလဲအန်ကယ်နဲ့ သွားတွေ့ပြီးပြောခဲ့ပါပြီ၊ ဒါပေမဲ့ကိုကို တင် ပြောတော့ သာကောင်းတာပေါ့၊ ဟုတ်လားနော်ကိုကိုတင်၊ အေးသွားလိုက်အုံးမယ်နော်၊ တာ့တာ"
တခယောင့်ခယာ မျက်နှာကလေးနှင့် နှုတ်ဆက်ပြီးလှမ်းထွက်သွားလျှင်။
-အေးဘယ်သွားမှာလဲ မသွားပါနဲ့အုံး၊ ကိုကိုတင်အနား ထိုင်စမ်းပါအုံး ဒါလင်ရယ်ဟုဆိုကာ ၊ လက်လှမ်း ဆွဲထားလိုက်စဉ်
မောင်ထွန်းတင်- မောင်ထွန်းတင်သတိရပြီလား
ဟူသောမေးလိုက်သည့်အသံတခုက၊ နားထဲစူးဝင်လာသောကြောင့် ထွန်းတင်သည်ရုတ်ခနဲ၊ မျက်လုံး ဖွင့်ကြည့် မိရာ၊ မိမိအားဖြူဖွေးသောအိပ်ရာတခုပေါ်တွင်၊ ခေါင်းနှင့်ရင်ပတ်မှာ၊ ကြပ်စီးပြီး တင်ထားကြကာ အနား မှာလည်း ဆရာဝန်ဆရာမနှင့် အသိမိတ်ဆွေများဝိုင်းအုံးနေကြသည်ကို တွေ့မြင်ရသောကြောင့်၊ အလွန်အမင်းအံ့သြသွားမိလေ၏။
"ကျွန်တော် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲဟင်"
ကျွန်တော်ဘာဖြစ်လို့လဲ
ဟူးပြူးတူးပြဲတဲနှင့်ထ၍မေးလေ၏။
မိတ်ဆွေဆရာဝန်မှာ ထွန်းတင်ကိုအာယာအယာအိပ်ရာထဲ ပြန်သိပ်ပေးကာ ကိုထွန်းတင် ခင်ဗျား သတိရလာပြီးနော်၊ ဗြုံးကနဲမထနဲ့အုံး မူးပြုသွားမယ် ဒဏ်ရာကတော့ သိပ်မကြီးလှပါဘူး၊ ခင်ဗျား မသေတာ အားကြီးကံကောင်းတယ်ဗျာ။ဟု ပြောသောကြောင့် ထွန်းတင်မှာမကြေနပ်နိုင်ဖြစ်၍ ထိုင်ရာမှ ထလျက်။
"အိုကျွန်တော်ဘာလို့ ဒီရောက်ရတာလဲဒေါက်တာ လာဖြစ်လို့လဲ။"
ဟုမရမကမေးသည်တွင်မှ
"သြော်ကိုထွန်းတင် ခင်ဗျားကို မနေ့ကလာရှိုးလမ်းမှာ မော်တော်ကားသစ် ပင်နဲ့ဝင်တိုက်ပြီး မှောက်သွား လို့ ဒဏ်ရာရပြီး မေ့မြောနေကြတယ်လေ၊ ည၁၂နာရီလောက်မှ မိုင်းက မန်နေဂျာကြီး ကားက တွေ့လာလို့ ဒီဆေးရုံကို အားလုံးသယ်ယူလာကြတယ်၊ မစ္စတာဟဲရစ်ကြီးလဲ အတော်ကံ ကောင်းတာ၊ နေက်စိ နဲနဲကလေး ကွဲသွားတယ်၊
သူလဲအခုဘဲ သတိရလာတယ်၊ ဟိုမယ်လေ ခင်ဗျား ခုတင်နဲ့ယှက်ရက်ဘဲ၊ သူ့မစ္စ်စ်ကြီးကလဲတမှောင့်ဗျာ၊ ခုနင်က လာပွက်နေလို့ ကျုပ်တို့ အတော်ချော့ချောက်ထုတ်လိုက်ရတယ်"
ဟုပြောမှ ထွန်းတင်မှာ ယမန်နေ့က မိမိတို့ပျော်ပွဲစားထွက်ကြရာ၌ ကားမှောက်ပုံကိုသတိရကာ မိမိကိုယ်ကို ဂရုမစိုက်နိုင်အားဘဲ "ဟင်ဒါဖြင့် စောမြအေးကော စောမြအေ၊ တော်တော်ထိသွားသ လား ကျွန်တော်နဲ့ မစ္စတာဟဲရစ်တော့ ကိစ္စမရှိဘူး သူ့အတွက်စိတ်မအေးဘူး၊ ပြောစမ်းပါအုံး ဒေါက်တာ စောမြအေး ဘယ်မလဲ။"
ဟုအရေးတကြီးမေးလိုက်ရာ။
"ရှိပါတယ်ဗျာ၊ ရှိပါတယ် ဟိုဘက်မှာ"
ဟုဒေါက်တာက ခပ်အေးအေးပြောသည်တိုင်အောင်။
"လာဗျာ ကျွန်တော်သွားကြည့်ချင်တယ်၊ လိုက်ပို့ပါ ဒါလင်၊ ဒါလင်၊ ကိုယ်မိုက်လို့သူ့ခမြာ အနာ တရဖြစ်တယ်။"
ဟု ညည်းညူတာ မစ္စတာဟဲရစ်ကိုပင် ဂရုမစိုက်နိုင်သေးဘဲ ထသွားရန်ပြင်နေသောကြေင့်။
"အို မသွားချင်ပါနဲ့ဗျာ ခင်ဗျားခေါင်းမူးနေလိမ့်မယ် ဆရာဝန်ကြီးကလဲ မထစေနဲ့လို့မှာထားတယ် ဗျ"
"ဟာဗျာ မှာ မှာ ကျွန်တော်ကိစ္စမရှိပါဘူး၊ အေးအတွက် စိုးရိမ်တာပါဘဲ၊ သူ့ကိုခဏလေးကြည့် ပါရစေ ဒေါက်တာရယ်"
"နောက်တော့ ကြည့်တာပေါ့ကိုထွန်းတင် ခင်ဗျားထရင် မကောင်းသေးလို့ပါ။"
"တယ်ခက်တာကိုးဗျ ပြောစမ်းပါအုံး အေးမှာသိပ်ဒဏ်ရာများသလား။"
"မမျာပါဘူးလေ။"
"ခင်ဗျားကလဲ အေးစက်စက်နဲ့ဗျာ။"
ဟုဆိုခါ မရိုးမယွနှင့်ပင် မစ္စတာဟဲရစ်ဘက်သို့ လှမ်းကြည့်ကာ။
"မစ္စတာဟဲရစ်သက်သာရဲ့လား ကျွန်တော့်ကြောင့် ခင်ဗျားတို့ဒီလိုဖြစ်ရတာ သိပ်ဝမ်းနဲပါတယ်ဗျာ မစ္စတာဟဲရစ်"ဟု လှမ်း၍တောင်းပန်လျှင် မစ္စတာဟဲရစ်လည်း......
"ကျုပ်တော့ဘေးထိလိမ့်မယ်ဆိုတာ စောစောထဲက အထင်သားပဲဗျာ၊ ဒါပေတဲ့ ကျွန်တော်ထင်တာ လောက် မဆိုးသေးလို့ အင်မတန်ကံကောင်းတယ်လို့ အောက်မေ့ရမှာဘဲ၊ ကျုပ်ထင်တဲ့အတိုင်း သာဆိုရင်ခုလို ခင်ဗျားနဲ့ ကျွန်တော်နဲ့ အသက်နဲ့ပြန်တွေ့ဘို့ မမျှော်လင့်ခဲ့တာကလား၊ ဒါထက် ကစ်ဒီ တယောက်တော့ အတော်ကံကောင်းတယ်ဗျာ ဒဏ်ရာဆိုလို့ ဘာမှမရခဲ့ဘူး၊ ခုတင်ဘဲ ကျုပ်အနားက ပြန် သွားတယ်" ဟုဆိုလျှင် ဒေါက်တာမှာအံ့အားသင့်သလို ကြည့်နေမိလျက် ထွန်းတင်ကမူအလျှင်စလိုနှင့်
"ဟင် ခုတင်ကပြန်သွားတယ် ဟုတ်လား ကျုပ်မတွေ့လိုက်ရပါကလား ဒါလင်စိတ်ဆိုးနေပြီထင်... ဟင် ဟုတ်သေးဘူး၊ ကျုပ်ဆီလဲခုနကလာတယ် သူ့ကိုမခွဲပါနဲ့လို့လဲပြောတယ်၊ ပြီးတော့ကြံကြီး စီရာဗျာ မစ္စတာဟဲရစ်ကိုပြောပေးပါတဲ့ သူ့ကိုအလုပ်ထုတ် မပစ်ပါနဲ့လို့တဲ့။"
"ဟင်ဟုတ်လား ကျုပ်ကိုလဲဒီစကားပြောသွားတယ်၊ သူ့ကိုအလုပ်ထုတ်မပစ်ပါနဲ့အန်ကယ်တဲ့၊ ကိုကိုတင် ကိုလဲ ကျမနဲ့ခဏခဏတွေ့ရအောင် ခေါ်ပေးပါတဲ့ သူဘာဖြစ်တာလဲမသိဘူး၊ လန့်ပြီး ဦးနှောက်များ ပျက်နေသလားဘဲ မစ္စတာထွန်းတင်ရဲ့"ဟုပြောနေရာ အနားကဒေါက်တာလည်း တောင်ယောင်ယောင် မြောက်ယောင်ယောင် လုပ်ခါ နားထောင်နေလေ၏။ ထွန်တင်ကား အားမရ နိုင်သေး။
"ဒေါက်တာ ရဲ့ လုပ်စမ်းပါဗျ၊ ကျွန်တော် မထရရင်လဲအေးကို ခဏခေါ်ပေးပါ၊ သူ့မျက်နှာမြင်ရရင် ကြေနပ် ပါပြီ။"
ဟုဆိုလျှင် ဒေါက်တာလည်းခေါင်းကုတ်ခါ တခဏတာစဉ်းစားနေရာမှ....
"သူ သူဆေးရုံမှာမရှိတော့ဘူးဗျ ဆင်းသွားပြီ။"
"ဟင် ခုနတုန်းကတော့ရှိတယ်ဆို ခုဆင်းသွားပြန်ပြီတဲ့။ ဒီလိုမဟုတ်နိုင်ဘူးဗျာ၊ သူကျွန်တော်တို့ ဆီ လာမကြည့်ဘဲ ဆင်းသွားမှာမဟုတ်ပါဘူး"
"ဟုတ်ပါတယ် ခင်ဗျားတို့သတိမရသေးလို့ပါ၊ နောက်တခေါက်ပြန်လာခဲ့မယ်လို့တောင် မှာသွား ပါသေးတယ်။"
ထွန်းတင် သည် အေးစက်စက်နိုင်လှသော ဒေါက်တာစကားကို မယုံတ၀က်၊ ယုံတ၀က်၊ နှင့်မျက် နှောင်ကုတ်ခါ စဉ်းစားနေမိပြီး ရှေးစကားနောက်စကား မညီပုံကိုအတော် မယုံမကြည်ဖြစ်လာမိရုံ မကစောစော က စောမြအေး မိမိနှင့်တွေ့ဆုံပြောဆိုရပုံ မစ္စတာဟဲရစ်ထံမှကြားရေသော စကားများ ကိုပြန်လည် ချင့်ချိန်ကာ။
"ဟုတ်မှလဲလုပ်ပါ ဒေါက်တာရယ်၊ ကဲ-ကဲ- မှန် မှန်ပြောစမ်းပါ စောမြအေးတယောက် ရှိမှရှိသေး ရဲ့လား"
"ဟာဗျာ-မဟုတ်တာဘဲ၊ ရှိပါတယ်၊ ကဲ-ခင်ဗျားအားနဲနေတယ်၊ ခဏအိပ်နေလိုက်ရင်ကောင်မယ် ဗျာ၊ ကျွန်တော်လဲဒီပြင်လူနာတွေ လိုက်ကြည့်စရာရှိသေးတယ် သွားလိုက်အုံးမှဘဲ။"
ဟု ဆိုဆိုပြောပြော ဒေါက်တာထွက်သွားသည်မှာလည်း၊ မိမိနှင့်စကားစပြတ်စေရန်၊ တမင်ဥာဏ် ဆင် ထွက်သွားသည်ဟု အတတ်အထင်တွေးမိသောကြောင့် ထွန်းတင်၏စိတ်ထဲမှာ၊ စောမြအေး အတွက် တသက်သက်မကြေမချင်းဖြစ်၍ ကျန်ရစ်လေရာ၊ မိမိ၏ထိခိုက်ပွန်းပဲ့သောဒဏ်ရာများကို ပင်လုံးဝ ဂရုမစိုက်နိုင်၊ နာရမှန်းအောင့်ရမှန်းလည်းမသိဘဲ မအူမလယ်ဆေးရုံ အစေခံတဦးဦးကို နှူးနှပ်အစ်အောက် မေးရန် ကြံစည်စောင့်စားနေမိလေ၏။
များမကြာမှီပင် ဆေးရုံမီတယ် ကုလားတယောက်ပေါက်လာသည်နှင့်၊ အသာလက်ယပ်ခေါ်လိုက်ခါ။
"ဟေ့-မီတယ်၊ မနေ့ကငါတို့နဲ့ အတူတူယူလာတဲ့မိန်းမကော၊ ဘယ်ယူသွားသလဲ။"
ဟု၊ ဘု-ခပ်ကျကျမေးလိုက်ရာ
"နံနက်ကဘဲအလောင်းကိုသူ့အိမ်ယူသွားတယ်ဆပ်"ဟု အမှတ်မဲ့ပြောလိုက်ရာ၊ ထွန်းတင်မှာဟိုက် ကနဲဖြစ်သွားပြီး အရေးတကြီးထိုင်ရာမှ ခုန်ပေါက်ထလျက်။
"မစ္စတာဟဲရစ်-မစ္စတာဟဲရစ်-အေးမရှိဘူး သေပြီတဲ့။ အမယ်လေး-ဒါလင်-ဒါလင်-ဒါကြေင့်ခုနက လာပြီးစကားပြောတပါလား၊ မစ္စတာဟဲရစ်-ခင်ဗျားကိုလာပြီး စကားပြောတာ ဒါလင်ရဲ့ဝိညာဉ်ဘဲ၊ အို-ကျုပ် ဘယ်လိုလုပ်ရမလဲ မစ္စတာဟဲရစ်၊ ကျုပ်အချစ်ကလေးကို ကျုပ်သတ်ပစ်မိပြီ၊ အေးရေ... အေးကို ကိုကို သတ်တာနော်၊ ကိုကိုတင် ရူးကျန်ရစ်တော့မှာဘဲ အေးရဲ့ ကဲ-မစ္စတာဟဲရစ် ဒီဆေးရုံ မှာလဲ မနေချင်တော့ဘူးဗျာ၊ အေးတယောက်လုံးတောင်မှဆုံးရသေးတာ၊ ဒီအနာကလေးလောက် များဘာ အရေးလဲ၊ လာသွားကြမယ်၊
ကျုပ်အချစ်ကလေးရဲ့မျက်နှာကို၊ သေလို့မှ၀၀မကြည့်လိုက်ရ ဘဲနေတော့မယ်သွားစို့"ဟု အရေးတကြီး မီးခဲနင်း မိသလိုဆွေ့ဆွေ့ခုန်အပူအပြင်းခေါ်လာလျှင်၊ မစ္စတာဟဲရစ်မှာလည်း၊ စိတ်ထဲတွင် ယူကျုံး မရဖြစ်ခါ၊ မိမိ၏ညာလက်ရုံတဘက်၊ ပြုတ်ထွက်သည့် အလား၊ စိတ်၌များစွာထိခိုက်လျက်၊ တသက်သက် သနားမိကာ၊ မိမိ၏ဒဏ်ရာကိုဂရုမထား၊ အရေး မစိုက်၊ ကတိုက်ကရိုက်၊ အလစ်တွင်ဆင်းပြေးမိကြလေရာ ဆေးရုံအ၀တ်အစားကြီးများကိုပင်၊ လဲရကောင်းစေ သတိမရနိုင်ကြတော့ဘဲ၊ စောမြအေးအလောင်းရှိရာ အိမ်ထဲ သို့ရောက်လာကြ့ပီး၊ အလောင်းအနီးတွင် ခေါင်းကြီးတွေ အောက်ချလျက် မျက်ရည် မဆယ်နိုင်အောင် ရှိကြလေတော့၏။
စောမြအေးမှာ လူချစ်၊ လူခင်များသူကလေးဖြစ်သည့်အပြင်၊ ထွန်းတင်နှင့်မကြာမှီလက်ထပ်တော့ မည်ဆိုသော သတင်းကိုလည်း၊ ရင်းနှီးသူမှန်သမျှ သိရှိကြပြီးဖြစ်၍ စောမြအေး ကားမှောက်ပြီး၊ ကားမှောက်သည့် နေရာတွင် ပွဲချင်းပြီးရှာပြီ၊ ထွန်းတင်နှင့်မစ္စတာဟဲရစ်တို့မျာ ဆေးရုံတင်ထားရ သည်။ ဟူသော သတင်းသည်တခဏချင်း ပြန့်နှံ့သွားကာ၊ ကြားရသူတို့မှာ စုတ်တသတ်သတ်နှင့် သနားကြင်နာ မဆုံး၊ မသာအိမ်သို့တစုတရုံးကြီး ရောက်လာကြသူများမှာ၊ ထွန်တင်၏ဖြစ်အင်ကို ထပ်မံ တွေ့မြင်ရသူများလည်း၊ မသနားဘဲမနေနိုင်အောင် ရှိလေတော့၏။
ထွန်းတင်ကား စောမြအေးသေရသည်မှာ မိမိကြောင့်ဟု တဖြစ်တောက်တောက်ပြောပြီး၊ ယူကျုံးမ ရကြီးရှိတိုင်း ၊ အံတခဲခဲနှင့်ငိုပွဲဆင်၍နေလေရာ၊ မစ္စတာဟဲရစ်မှာလည်း၊ စိတ်မကောင်းရှာဘဲ၊ မျက်နှာကြီး ညိုမဲ၍ နေလေ၏။ တဘန်လည်း မိမိတို့သတိမရခင်က၊ စောမြအေး၏၀ိညာဉ်လိပ်ပြာ နှင့် တွေ့ရာတွင်၊ သူ မှာထား သွားရှာသော စကားလုံးတို့ကို၊ နှစ်ယောက်စလုံးစဉ်းစားမိကြပြန် သောကြောင့်.....
"ဒါနဲ့မစ္စတာဟဲရစ်၊ စောမြအေးဟာ ခင်ဗျားရဲ့အလုပ်သမားနော်၊ ဒါကြောင့်သူကိုအလုပ်ထုတ် မပစ်ပါနဲ့လို့လာပြောတာ၊ ထုံးစံ က အလုပ်သမား သေတယ်ဆိုရင် အလုပ်ရှင်ကအလောင်းမြေမြှုပ် တဲ့အခါ သွားချင်ရာသွားတော့ဆိုပြီး အခွင့်လွတ်တဲံစာကို ဘတ်ရတယ်မဟုတ်လား၊ အဲ-ဒါကို သူ မလုပ်စေချင်လို့ တမင်လာပြီးမှာရှာတာဘဲ မစ္စတာဟဲရစ်၊ ကျွန်တော့်ကိုလဲ အတန်တန်မှာသွား တယ်၊ ဒါမှသူနဲ့ကျွန်တော်နဲ့အတူတူနေနိုင်မယ်ဆိုလား၊ တွေ့နိုင်မယ်ဆိုလား၊ ပြောသွားတာဘဲ၊ ဒီတော့ ဘာဘဲဖြစ်ဖြစ်၊ သူတမင်တကာ လာပြီးမှာရှာတဲ့အတိုင်း ခင်ဗျားအခွင့်လွတ်စာကို ရေးမပေး ပါနဲ့ဗျာနော်၊ အမှတ် တမဲ့ နေလိုက်ပါဟုတ်လား။"
ဟု ထွန်းတင်ကတီးတိုးကြိတ်ခါ ပြောထားခြင်းဖြင့် မစ္စတာဟဲရစ်လည်း သူ့ကိုပါ စောမြအေး၏ ၀ိညာဉ် လိပ်ပြာ က လာရောက်မှာထားခြင်းဖြစ်၍၊ နားထောင်ပါမည်ဟု၊ ကောင်းစွာဝန်ခံထားလိုက် လေ၏။
ဆက်ရန်
.

2 comments:
မှော်ဆရာမှတ်တမ်းကို ကြားဖူးရုံပဲရှိပြီး တစ်ခါမှမဖတ်ဖူးခဲ့တာမို့ မရွှေစင်ရဲ့စေတနာကို လေးလေးစားစားနဲ့ ဇာတ်သိမ်းပိုင်းအထိ အားပါးတရဖတ်ဖို့ အားခဲထားပါကြောင်း...
ဒီဟာလေး ကြိုက်တယ် မကြီးရွှေစင် စောင့်ဖတ်နေပါတယ်ဗျာ
Post a Comment