Thursday, January 5, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၂)

(၄၂)

" ဘာလင်က ကြိုဆိုပါတယ် ... ဘာလင်က ကြိုဆိုပါတယ် "
ဥရောပတိုက် ၏ တစ်ဝက်ခရီးကို ဖြတ်သန်းခုတ်မောင်းလာသော ရထားကြီး ဘူတာရုံသို့ဝင်လာသည်နှင့် တစ်ပြိုင်နက် စောင့်ကြိုနေကြသော လူထုပရိသတ်က တစ်ခဲနက် အော်ဟစ်ကြိုဆိုကြသည်။ ဘင်ခရာတီး ၀ိုင်း မှလည်း စစ်သီချင်းကို တီးမှုတ်ကြိုဆိုသည်။

သူတို့စီးလာသော ရထားတွဲကြီး ဘူတာ ပလက်ဖောင်း၌ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပရိသတ်က ရှေ့သို့ တိုးလာကာ " ဘာလင်မှကြိုဆိုပါသည်" ဟု တစ်ခဲနက် အော်ဟစ်ကြသည်။ မင်းဖရက်ဒီလာရေး သည် ရထားတွဲပေါ်မှ ပလက်ဖောင်းပေါ်သို့ ဆင်းလိုက်သည်။ ကြိုဆိုအားပေးသူ ပရိသတ်က ၀ိုင်းဝိုင်းလည် နေသည်။ အမျိုးသမီးများက ပန်းစည်းများ ကမ်း၍မေးမြန်းပြောဆိုသံများက ဆူညံနေသည်။
မင်းဖရက် လိုပင် အစိမ်းရောင်ဘလေဇာ၌ ရွှေရောင်အနားကွပ်အင်္ကျီအဖြူရောင် ဘောင်းဘီရှည်နှင့် ရှူးဖိနပ်၊ ပနားမား ဦးထုပ်တို့ကို ဆင်မြန်းထားသော လက်ေ)ှ့သမားများ ပလက်ဖောင်းပေါ်သို့ ဆင်းလာရာ ပရိသတ် များက ၀ိုင်းဝိုင်းလည်နေကြသည်။ တစ်ခဏအကြာတွင် လက်ကိုင် အသံချဲ့စက်ဖြင့် ကြေညာသူ တစ်ယောက် ထွက်ပေါ်လာသည်။

" ကျေးဇူးပြု၍ နားထောင်ကြပါခင်ဗျာ "
ဘင်ခရာတီးဝိုင်းမှ တီးမှုတ်သံ ရပ်သွားသည်။ အသံချဲ့စက်မှ ဆက်လက်ကြေညာသည်။
" ပထမဆုံးအနေဖြင့် ယခုရောက်ရှိလာသော အားကစားသမားများအား ခေါင်းဆောင်ကြီး ဟစ်တလာနှင့် ဂျာမန်ပြည်သူများက လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဘာလင်၌ ကျင်းပမည့် (၁၁)ကြိမ်မြောက် ခေတ်သစ် အိုလံပစ် ပြိုင်ပွဲကြီး ၌ ပါဝင်ဆင်နွှဲရန်လည်း ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်၊ အခုရောက်ရှိ လာသည့် အားကစားသမားများသည် တောင်အာဖရိနိုင်ငံ၏ စိတ်ဓာတ်နှင့် သတ္တိတို့နှင့်အညီ ကိုယ်စားပြု ယှဉ်ပြိုင်မည် ဟု မိမိတို့ သိရှိပါကြောင်း၊ အောင်မြင်မှုများရရှိပြီး ဆုတံဆိပ်အမြောက်အမြားရရှိပါစေဟု ဆုတောင်း ပါကြောင်း "
ပရိသတ် က လက်ခုပ်တီးသြဘာပေးရာ အသံချဲ့စက်အော်သံကို လက်မှကိုင်ပြီး ကြေညာသူသည် ခေတ္တ ရပ်နား လိုက်ရသည်။ လက်ခုပ်သံစဲသွားမှ ဆက်လက်ကြေညာသည်။

" အားကစားသမားများအား အိုလံပစ်ရွာသို့ ပို့ဆောင်ပေးမည့် မော်တော်ယာဉ်များ ဘူတာအပြင်၌ အသင့် စောင့်နေပါတယ်၊ အိုလံပစ်ရွာမှာ နေစဉ်အတွင်း စိတ်ချမ်းသာပျော်မွေ့စွာ နေနိုင်အောင် အဘက်ဘက်မှ ကြိုတင် ပြင်ဆင်ထားပါတယ်၊ တောင်အာဖရိကလက်ဝှေ့ အဖွဲ့အတွက် လမ်းပြနှင့် စကားပြန် လုပ်ပေး မည့်သူ နှင့် မိတ်ဆက်ပေးပါမယ်"
ကြေညာသူက ပရိသတ်ထဲမှ တစ်ယောက်ကို လက်ပြလိုက်သည်။ အမျိုးသမီးငယ်တစ်ဦး ပရိသတ်ရှေ့သို့ ထွက်လာပြီး ကြေညာသူ့ဘေး၌ လာရပ်သည်။ အားကစားသမားများနှင့် မျက်နှာချင်းဆိုင်ရပ်ပြလိုက်ခြင်း ဖြစ်သည်။

" သူကတော့ ဟိုင်ဒီခရမ်မာပဲ ဖြစ်ပါတယ် "
သူမသည် အရပ်ရှည်ပြီး သန်မာသော်လည်း အမျိုးသမီး ပီသသော ကိုယ်ဟန်နွဲ့နှောင်းမှုရှိသည်။ ဂီတရှိတ် မလေးဖြစ်သည်။ အပြုံးလေးက ကျက်သရေရှိပြီး တင့်တယ်သည်။ ပြုံးလိုက်လျင် ညီညာလှပပြီး ဖြူဖွေး သော သွားကလေးများက ပုလဲလုံးလေးများစီထားသလို လှပနေသည်။ သူမမျက်လုံးအစုံက အာဖရိက၏ မွန်းတည့်ချိန် ကောင်းကင်ပြာထက် နည်းနည်းလေးပိုပြာပြီး ပိုကြည်လင်သည်ဟု မင်းဖရက်ထင်မိသည်။ သူ့တစ်သက် မြင်ဖူးသမျှထဲ၌ အချောဆုံးအလှဆုံးအမျိုးသမီးဟုပင် မင်းဖရက် တစ်မုဟုတ်ချင်း သတ်မှတ် လိုက်သည်။ ထိုသို့တွေးလိုက်မိသည်နှင့် ဆာရာကို သတိရကာ စိတ်ထဲမှ တောင်းပန်လိုက်မိသည်။ ဤဂျာ မန်ပျိုဖြူ အလှ နှင့် ဆာရာအလှကို ယှဉ်လိုက်သောအခါ ကျားသစ်ပျိုမကလေးနှင့် ကြောင်ကလေး သဖွယ် ဖြစ် သွားသည်။

" အခု ဟိုင်ဒီ က ခင်ဗျားတို့ ပစ္စည်းသေတ္တာတွေယူဖို့ စီစဉ်ပေးပြီး မော်တော်ယာဉ်တွေပေါ်မှာ နေရာ ချထား ပေးပါလိမ့်မယ်၊ အခုအချိန်ကစပြီး ခင်ဗှားတို့အတွက် လိုအပ်တာမှန်သမျှကို ဒိုင်ဒီကို ပြောပါ၊ သူစီစဉ် ဆောင်ရွက်ပေးပါလိမ့်မယ်၊ သူဟာ ခင်ဗျားတို့ရဲ့ အစ်မသဖါယ်၊ မိထွေးသဖွယ် ပြုမူ လုပ်ကိုင်ပေး ပါလိမ့်မယ်"
အားကစားသမားများက ရယ်ကြ မောကြသည်။ လက်ခေါက်မှုတ်ကြသည်။ အော်ဟစ်ကြသည်။ သို့ရာတွင် ချစ်စရာ အပြုံးပိုင်ရှင် ဟိုင်ဒီကမူ သူမလုပ်စရာရှိသည်များကို နိုင်နိုင်နင်းနင်း ကွပ်ကဲ လုပ်ဆောင် သွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် အားကစားသများ၏ သေတ္တာများကို တူညီဝတ်စုံဝတ် အလုပ်သမား များက သယ် သွားကာ မော်တော်ကားများပေါ်သို့ တင်ပေးလိုက်သည်။ အားကစားသမားများအား ဟိုင်ဒီက မာစီးဒီးကား နက်ကြီးများ စီတန်း ရပ်ထားသော ဘူတာမျက်နှာစာ ဆင်ဝင်အောက်သို့ ဦးဆောင် ခေါ်သွားသည်။

မင်းဖရက်၊ စတင်ဒါနှင့် ဦးလေးသရွန့်တို့က မာစီးဒီးကား တစ်စီး၏ နောက်ခန်း၌ ၀င်ထိုက်လိုက်သည်။ ယာဉ် မောင်းက ကားထွက်တော့မည်အလုပ်တွင် ဟိုင်ဒီက လှမ်းလက်ပြကာ တားလိုက်ပြီး ပြေးလာသည်။ ဒေါက် မြင့်ဖိနပ်စီးထားသဖြင့် ပြေးလာသော ဟိုင်ဒီ၏ စည်းချက် ၀ါးချက်ကျကျ အလှုပ်အယမ်း အနွဲ့အနှောင်း အလှများကို သူတို့ အသည်းလှုပ် ရင်ဖိုတွေ့ရှိခံစားရသည်။
ဟိုင်ဒီက ယာဉ်မောင်းဘေးရှိ အရှေ့ဘက်မှ လူစီးသော နေရာမှ တံခါးပေါက်ကို ဆွဲဖွင့်ကာ ကားထဲသို့ ခေါင်းပြူဝင်ပြီး မေးလိုက်သည်။
" ကျွန်မ ရှင်တို့ကားနဲ့လိုက်လာမယ်ဆိုရင် လူကြီးမင်းများက ကန့်ကွက်ကြမှာလားရှင် "
" မကန့်ကွက်ပါဘူး ... လိုက်ခဲ့ပါ "
လူငယ်များနှင့်အတူ ဦးလေးသရွန့်ကပါ သဘာတူလိုက်သည်။ ဟိုင်ဒီသည် ယာဉ်မောင်းဘေးမှခုံတွင် စွေ့ခနဲ ၀င်ထိုင်လိုက်သည်။ တံခါးကို ဆွဲပိတ်လိုက်သည်။ ထိုင်ခုံနောက်မှီပေါ်သို့ လက်တစ်ဘက်တင်ပြီး ကိုယ်ခန္ဓာ ကို နောက်ဘက်အခန်းရှိ လူသုံးဦးထက်သို့ တစ်စောင်းလှည့်လိုက်သည်။

ဟိုင်ဒီက နောက်မှ လူသုံးဦးကို အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်။
" ကျွန်မ ရှင်တို့နဲ့ တွေ့ရတာ သိပ်ပြီး စိတ်လှုပ်ရှားတာပဲ၊ ကျွန်မ အာဖရိကအကြောင်း စာတွေအများကြီး ဖတ် ထားတယ်၊ ဇူးလူးတွေအကြောင်း တိရစ္ဆာန်တွေအကြောင်းပေါ့၊ တစ်နေ့တော့ ကျွန်မ အာဖရိကကို သွားလည် ဦးမယ်၊ ရှင်တို့ရဲ့ လှပတဲ့ တိုင်းပြည်အကြောင်းကိုလဲ အားလုံးပြောပြမယ် "
သုံးဦးစလုံးက ၀မ်းသာအားရ သဘောတူလိုက်ကြသည်။ ဟိုင်ဒီက ဦးလေးသရွန့်အား လှမ်းကြည့်ပြီး ပြော လိုက်သည်။

" ကျွန်မထင်တာ ပြောပါရစေ၊ ရှင်က လက်ဝှေ့အဖွဲ့နည်းပြဆရာ ဘုန်းတော်ကြီး သရွန့်ဘိုင်အာမင် မဟုတ်လား "
" မင်းက လူကဲခတ် တယ်ကောင်းတာကို"
သရွန့်ဘိုင်အာမင်က ပြုံးပြုံးကြီး ပြန်ပြောလိုက်သည်။
" ကျွန်မ ရှင့်ဓာတ်ပုံ ကို တွေ့ထားလို့ပါ၊ ရှင့်ရဲ့ထူးခြားလှပတဲ့ မုတ်ဆိတ်မွေးကြီးကို မျက်စိထဲစွဲနေတာပေါ့၊ ကဲ ကျန်တဲ့ နှစ်ယောက်က ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်မကို မိတ်ဆက်ပေးပါဦး "
ဦးလေးသရွန့် က မိတ်ဆက်ပေးသည်။
" ဒါက ရိုအယ်စတင်ဒါ၊ ဟဲဗီးဝိတ်လက်ဝှေ့သမား ဟောဒါကတော့ မင်းဖရက်ဒီလာရေး၊ လိုက်တဲဗီးစိတ် လက်ဝှေ့ သမား "
" ကျွန်မတို့ဟာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြပြီပေါ့ "
ဟိုင်ဒီက ချစ်စရာအပြုံးကလေးနှင့် ပြောလိုက်သည်။ မင်းဖရက်က ဂျာမန်ဘာသာဖြင့် ပြန်ပြောသည်။

" အာဖရိကဖွား ကျွန်တော်တို့ လူဖြူတွေဟာ ဂျာမန်ပြည်သူတွေရဲ့ သစ္စာရှိမိတ်ဆွေတွေ အမြဲတမ်းဖြစ်ခဲ့ပါ တယ်"
" အို ... ရှင် ဂျာမန်စကားပြောတာ သိပ်ကောင်း သိပ်ပီသတာပဲ၊ ဒီလို ဂျာမန်သံစစ်စစ်ရအောင် ရှင် ဘယ် မှာ သင်ခဲ့လဲ။
ဟိုင်ဒီက အံ့သြ ၀မ်းသာသောလေသံဖြင့် ဂျာမန်လိုပြန်မေးသည်။
" ကျွန်တော့် အဖေဘက်က အမေကြီးနဲ့ ကျွန်တော့် အမေတို့က ဂျာမန်သွေးစစ်စစ်တွေပါ"
" ဒါဖြင့် ရှင် ဒီနိုင်ငံမှာ စိတ်ဝင်စားစရာတွေ အများကြီးတွေ့မှာပါ "

ဟိုင်ဒီက ဂျာမန်လို ဖြေလိုက်ပြီးနောက် အင်္ဂလိပ်လို ပြန်ပြောင်းကာဘေးပတ်ဝန်းကျင်အကြောင်းများကို သူတို့သုံးဦး အား ဆက်ပြောပြတော့သည်။ ကားဖြတ်မောင်းသွားသော လမ်းများအကြောင်း၊ ဘေးနှစ်ဘက် မှတွေ့ရသော အဆောက်အအုံများအကြောင်း၊ ပါလီမန်အဆောက်အအုံ၊ အော်ပရာပွဲရုံ စသည်တို့ကို ညွှန် ပြပြောကြားသွားသည်။
" ရှင်တို့ကို ဂျာမန်ပြည်သူတွေက ဘယ်လို ကြိုတယ်ဆိုတာ တွေ့တယ် မဟုတ်လား "
ဟုတ်ပါသည်။ လမ်းတိုင်းတွင် စာတန်းကြီးများ၊ အဆောက်အအုံတိုင်းတွင် အလံများတလွင့်လွင့်ထူကာ ကြိုဆိုကြသည်။ ဘာလင်တစ်မြို့လုံးသည် စာတန်းများ၊ အလံများ မြို့တော်ဖြစ်နေပေသည်။
နောက်ဆုံး တွင် သူတို့ကားသည် အိုလံပစ်ရွာမှ သူတို့နေရမည့် အဆောက်အအုံရှေ့သို့ ရောက်သွားသည်။ ဟစ်တလာ လူငယ်အစောင့်တပ်သားတစ်ဦးက သူတို့အားဆီးကြိုသည်။

အဆောက်အအုံထဲရောက်သော အခါ ဟိုင်ဒီကသူတို့အား လမ်းညွှန်စာအုပ်တစ်အုပ်စီပေးသည်။ အဆောင်ရှိ ပစ္စည်းများထားရှိ သုံးစွဲပုံ၊ အားကစားရွာနှင့် အားကစားကွင်းများအား သယ်ယူ ပို့ဆောင် ပေးမည့် ယာဉ်အစီအစဉ် များအားလုံးစာအုပ် ၌ပါရှိသည်။

" ဒီအဆောင်မှာ ရှင်တို့အတွက် သီးသန့်ထမင်းချက်နဲ့ ထမင်းစားခန်း စီစဉ်ပေးထားတယ်၊ အစား အသောက် ကို တော့ရှင်တို့ကြိုက်သလို ခံတွင်းတွေ့သလို စီစဉ်ကြပါ၊ ရိုးရိုးဆရာဝန်နဲ့သွား၊ ဆရာဝန် ကိုလဲ အချိန်မရွေး ခေါ်လို့ရပါတယ်၊ ဒိုဘီပေးဖို့ အခြောက်လျှော်ဖို့၊ ရေဒီယိုနှင့်တယ်လီဖုန်း၊ အသင်း အတွက် အနှိပ်သည်၊ လက်နှိပ်စက်နဲ့အတွင်းရေးမှူးတို့ အားလုံးစီစဉ်ထားပါတယ်" ဟိုင်ဒီက ရှင်းပြ သည်။
အဘက်ဘက်မှ လိုလေသေးမရှိအောင် စီစဉ်ထားသဖြင့် အားကစားသမားများ အံ့သြ၀မ်းသာသွားရသည်။

" ကဲ ရှင်တို့ နေရမယ့်အခန်းတွေကို လိုက်ရှာကြပါ။ အခန်းတွေထဲမှာ ရှင်တို့ပစ္စည်းတွေ အသင့်ရှိနေပါလိမ့် မယ်၊ အထုပ်အပိုးတေါဖြေ၊ ပစ္စည်းတွေနေသားတကျထားပြီး အေးအေးလူလူနားကြပါ၊ နက်ဖြန် နောက်ကျရင် ရှင်တို့ကို ကျွန်မ အိုလံပစ် အားကစားကွင်းကြီးကို ခေါ်သွားပါမယ်၊ ဒီကနေ ဆယ်မိုင် ဝေးတယ်၊ မနက်စာ စားပြီးပြီးချင်း ၈ နာရီခွဲတိတိမှာ ဒီက ထွက်မယ်၊ တခြား ရှင်တို့လိုအပ်တာရှိရင်လဲ ကျွန်မ ကို ပြောပြပါ "
နောက်တစ်နေ့ မနက်တွင် အားကစားသမားများ အဆောက်အအုံ အောက်ထပ်ထမင်းစားခန်းသို့ ဆင်းလာ သောအခါ ဟိုင်ဒီက အသင့်စောင့်နေသည်။ တောက်ပကြည်လင်သော အပြုံးကလေးဖြင့် ဆီးကြို နေသည်။ အားကစားသမားများ၏မေးခွန်းများကို မမောတမ်းဖြေပေးသည်။ အိမ်က လာသော စာများ ကို လိုက်ဝေပေး သည်။ အခက်အခဲအသေးအဖွဲ့များကို တစ်မဟုတ်ချင်း ဖြေရှင်းပေးသည်။ အားကစား သမားများ နံနက်စာ စားပြီးသောအခါ ဘတ်စ်ကား စခန်းသို့ခေါ်သွားသည်။

တခြား နိုင်ငံများမှ အားကစားသမားအများစုလည်း အားကစားရွာ၌ပင် နေသည်။ လူမျိုးစုံ၊ ဘာသာ စကား မျိုးစုံ၊ အသံမျိုးစုံဖြင့် ဆူညံစိုပြေစည်ကားနေသည်။ အားကစားကွင်းကြီးသို့ ရောက်သောအခါ ဧရာမကြီးမား သောကွင်းကြီးဖြစ်၍ သူတို့အားလုံးအံ့သြရသည်။ မင်းဖရက်တို့အဖွဲ့သည် တစ်မနက် လုံး အားကစားကွင်း ကြီးကို လျှောက်ကြည့်ကြသည်။ မေးမြန်းသမျှကို ဟိုင်ဒီက ဒိုင်ခံဖြေသည်။ ဟိုင်ဒီသည် မိမိ အနားသို့ မကြာခဏ ရောက်လာသည်ကို မင်းဖရက်သတိထားမိသည်။ သူတို့နှစ်ယောက် ဂျာမန်လို ပြောကြသော အခါ ပိုမိုရင်းနှီးလာသည်။ ဟိုင်ဒီ က မင်းဖရက်အား စိတ်ဝင်စားပုံရနေသည်ကို စတင်ဒါ တောင် ရိပ်မိသည်။

" ကိုယ့်လူ ... ဂျာမန်စကားပြောလေ့ကျင့်ရတာ တော်တော်ပျော်နေသလား "
စတင်ဒါက နောက်လိုက်သောအခါ မင်းဖရက် ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။
*
နောက်တစ်နေ့မှစ၍ အန်ကယ်သရွန့်က သူ့လက်ဝှေကသမားများကို ပြန်လည်လေ့ကျင့်တော့သည်။ သူတို့ နှင့် တွဲဖက်လေ့ကျင့်ရန်အတွက် ဒေသခံလက်ဝှေ့ကလပ်များမှ လက်ဝှေ့သမားများကို အိမ်ရှင်တို့က စီစဉ် ပေးသည်။
မင်းဖရက်သည် သူ့တွဲဖက်နှင့် လေ့ကျင့်ထိုးသတ်တိုင်း ဟိုင်ဒီခရမ်မာ လေ့ကျင့်ရေးပြီးသည့်အချိန်တွင် မင်းဖရက် သည် ဟိုင်ဒီကို တစ်ဦးချင်းတွေ့ရသည်။ မင်းဖရက်သည် ထိုနေ့က ပြင်းပြင်းထန်ထန် လေ့ကျင့် ပြီးနောက် ရေမိုးချိုး သည်။ အညိုရောင်ဘောင်းဘီနှင့် တက္ကသိုလ်ဆွယ်တာတို့ကိုဝတ်ပြီး အားကစားရုံ အ၀င် အထွက်အပေါက်ဆီသို့ လျှောက်လာခဲ့သည်။
မင်းဖရက် ဘတ်စ်ကားဂိတ်အနားအရောက်တွင် နောက်မှာ ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ ဟိုင်ဒီကို တွေ့ရ သည်။ သူမက မင်းဖရက်ကို မီအောင် ပြေးလာသည်။

" ကျွန်မလဲ အားကစားရွာပြန်မလို့၊ ထမင်းချက်ကို ပြောစရာရှိလို့၊ ကျွန်မ ရှင်နဲ့ဘတ်စ်ကားအတူတူစီးပြီး လိုက်လို့ရမလား"
" ရပါတယ်၊ အတူတူသွားတာပေါ့ "
သူတို့နှစ်ယောက် ဘတ်စ်ကားဂိတ်ဆီသို့ ဆက်ပြီးလျှောက်လာကြသည်။
" ဒိပြင် နိုင်ငံလက်ဝှေ့သမားတွေကိုလဲ ကျွန်မ စောင့်ကြည့်နေတာ၊ အထူးသဖြင့် လိုက်ဟဲဗီးဝိတ် အတန်းပေါ့၊ ရှင် လေ့ကျင့်ထိုးသတ်တာတွေလဲ ကျွန်မ ကြည့်ခဲ့တာပဲ"
" ဟုတ်ကဲ့၊ ကျွန်တော်တွေ့ပါတယ်"
" အမေရိကန်က လက်ဝှေ့သမားကလွဲရင် တခြားလက်ဝှေ့သမားတွေကို ရှင် ကြောက်စရာလိုမှာ မဟုတ်ပါဘူး"

" အမေရိကန်က ဆိုက်ရပ်စ်လိုမက်စ်ကို ပြောတာမဟုတ်လား၊ ဟုတ်တယ် ကမ္ဘာကျော် လက်ဝှေ့ မဂ္ဂဇင်းဖြစ်တဲ့ ကြိုးဝိုင်းမဂ္ဂဇင်း" ကလဲ ကမ္ဘာပေါ်မှာ လိုက်ဟဲဗီးဝိတ်တန်းမှာတော့ အကောင်းဆုံး အပျော်တမ်းလက်ဝှေ့သမားလို့ တစ်ပေးထားတယ်၊ ဦးလေးသရွန့်ကလဲ သူ့ကိုပဲ စောင့်ကြည့်နေတာ။ ဆိုက်ရပ်စ် သိပ်ကောင်းတယ်လို့ ဦးလေးကလဲ သဘောတူတယ်၊ သိပ်သန်မာတယ်၊ နီဂရိုးတစ်ယောက်လဲ ဖြစ်ပြန် ဆိုတော့ ဆင်စွယ်လိုမာတဲ့ ဦးခေါင်းခွံလဲ ရှိတာပေါ့ "
" ရှင် ရွှေတံဆိပ်ရဖို့အတွက် သူနဲ့ဗိုလ်လုပွဲမှာ နွဲ့ရဖို့ရှိတယ်၊ ကျွန်မ ရှင်ဘယ်ကလာပြီး အားပေးပါမယ် "
" ကျေးဇူးပဲ ဟိုင်ဒီ "

သူတို့နှစ်ယောက် ဘတ်စ်ကားပေါ်သို့ တက်လိုက်ကြသည်။ မိမိနောက်မှပါလာသော ဟိုင်ဒီအား အခြားသူ များက ကြည့်ရှုချီးမွမ်းကြသောအခါ မင်းဖရက် အလိုလိုဂုဏ်တက်မိသည်။
" ကျွန်မ ဦးလေးက လက်ဝှေ့ ၀ါသနာပါတယ်၊ လက်ဝှေ့ပွဲတွေ အမြဲကြည့်၊ လက်ဝှေ့သတင်း၊ ဆောင်းပါး တွေအမြဲဖတ်တယ်၊ အမေရိကန် နီဂရိုးကို ရှင် နိုင်ဖို့အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ သူလဲ ကျွန်မထင် သလိုထင်တယ်၊ သူကလဲ ရှင်နဲ့သိပ်တွေ့ချင်တယ် "
" ဟုတ်လား "
" ဒီညနေ သူ့အိမ်မှာ ဧည့်ခံပွဲလေးတစ်ခုလုပ်မယ်၊ ရှင့်ကို ဖိတ်ခဲ့ပါလို့ ကျွန်မကို မှာလိုက်တယ် "
" ကျွန်တော်လိုက်လို့မဖြစ်ဘူးဆိုတာ ခင်ဗျား သိပါတယ်၊ ကျွန်တော်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ... " မင်းဖရက်က ခေါင်းခါပြီး ပြောလိုက်သည်။

" ကျွန်မ ဦးလေးက အရေးပါပြီး သြဇာတိက္ကမ သိပ်ရှိတဲ့လူတစ်ယောက်ပါ၊ စောစောပြန်လာတာပေါ့၊ ညကိုးနာရီ မထိုးခင် ပြန်ရောက်ရမယ်လို့ ကျွန်မ ကတိပေးပါတယ်၊ ရှင်လိုက်ရင်လေ ကျွန်မ ဦးလေးရော ကျွန်မ ရော သိပ်ပျော်မှာပဲ "
ဟိုင်ဒီက မင်းဖရက်ဘက်သို့ ခေါင်းလေးငဲ့ကာ တောင်းပန်သလိုလို ပူဆာသလိုလို၊ အမူအရာပိုပိုလေးဖြင့် ကနွဲ့ ကရ ပြောလိုက်သည်။
" ကျွန်တော့်မှာလဲ ဦးလေးရှိသေးတယ်၊ ဦးလေးသရွန့် "
" ရှင့်ဦးလေးဆီက ကျွန်မ ခွင့်ပြုချက်တောင်းလို့ရရင် ရှင်လာမယ်လို့ ကတိပေးမလား "
ထိုနေ့ညနေ ၇ နာရီတွင် အားကစားရွာရှိ မင်းဖရက်တို့ အဆောင်ရှေ့၌ ဟိုင်ဒီက မာစီးကားကြီးဖြင့် အသင့် စောင့်နေသည်။
ယာဉ်မောင်းက တံခါးဖွင့်ပေးလိုက်သောအခါ မင်းဖရက်က ကားနောက်ခန်းရှိ ဟိုင်ဒီဘေးတွင် ၀င်ထိုင် လိုက်သည်။

" ရှင် သိပ်ချောသိပ်ခန့်တာပဲ မင်းဖရက် "
ဟိုင်ဒီက အပြုံးကလေးဖြင့် နှုတ်ဆက်ချီးကျူးလိုက်သည်။ ဟိုင်ဒီသည် သူမ၏ ရွှေရောင်ဆံပင်လေးများကို နှစ်ဘက်ခွဲကာ ဖဲပြားလှလှလေးဖြင့် ခေါင်းပေါ်တွင် ထုံးထားသည်။ အင်္ကျီလည်ဟိုက်ကို ၀တ်ထားရာ ပခုံးသားနှင့် ရင်သားအပေါ်ပိုင်းတို့၏ ပြေပြစ်ချောမွေ့သောအလှကို လှစ်ဟပြသထားသလို ရှိသည်။ တာဖရာ အပြာရောင် ညနေခင်းဝတ်စုံကို ၀တ်ဆင်ထားရာ သူမမျက်လုံးအပြာရောင်နှင့် လိုက်ဖက် လှသည်။
" မင်းလဲ သိပ်လှတာပဲ "
မင်းဖရက်က ဟိုင်ဒီကို ရွှန်းရွှန်းစားစားကြည့်ပြီး ပြန်ချီးကျူးလိုက်သည်။ ဟိုင်ဒီက လှလှလေးပြုံးပြီး ယာဉ် မောင်း ကို အမိန့်ပေးလိုက်သည်။

" ရူပါစထရော့ကိုမောင်း "
ကူဖာစတစ်ဒန်လမ်းမကြီးတစ်လျှောက် ကားကိုဖြည်းဖြည်းမောင်းသွားသည်။ ကားများ ဥဒဟို သွားနေကြပြီ လမ်းဘေးဝဲယာပလက်ဖောင်း နှစ်ဘက်ပေါ် မီးထိန်ထိန် အောက်တွင် လူများ ကြိတ်ကြိတ်တိုး သွားလာနေ ကြသည်။ ဂရမ်းဒေါရပ်ကွက်၏ အနောက်ပိုင်း ကားရှင်းသောနေရာ ရောက်သော အခါ ယာဉ်မောင်းက စက်ရှိန်ကိုမြှင့်လိုက်သည်။ ဘာလင်မြို့ကြီး၏ အနောက်ဘက် ဆင်ခြေဖုံး မှ သန်းကြွယ်သူဌေးများ၏ ရပ်ကွက်သို့ ရောက်သွားသည်။
ဟိုင်ဒီ က မင်းဖရက်အကြောင်း သူ့မိသားစုအကြောင်းနှင့် သူ့နိုင်ငံအကြောင်းများကို မေးလာသည်။ ဟိုင်ဒီ သည် တောင်အာဖရိက အကြောင်းကို မင်းဖရက် ထင်မှတ်ထားသည်ထက် အများကြီးပိုသိနေသည်။ ဘယ်လို လုပ်ပြီး ဒီလောက်သိပါလိမ့်ဟု မင်းဖရက်အံ့သြမိသည်။

စစ်ပွဲများ ပဋိပက္ခများ၊ ပုန်ကန်မှုများ၏ သမိုင်းကိုလည်း သူမသိနေသည်။ အာဖရိက လူရိုင်း အသားမည်းများအား အာဖရိကဖွား လူဖြူများက တွန်းလှန် ခုခံခဲ့ရသည်ကိုလည်း သိသည်။ ထို့နောက် ဗြိတိသျှတို့က အာဖရိက လူဖြူများအပေါ် ကြီးစိုးအုပ်ချုပ်နေပုံ၊ အာဖရိကလူဖြူများ ရှင်သန်ရပ်တည်ရေး အပေါ် ခြိမ်းခြောက်နေပုံအလုံးစုံတို့ကို သူမသိနေသည်။
" အင်္ဂလိပ်တွေကတော့ နေရာတကာတိုင်းမှာပါပဲ၊ သူတို့နဲ့အတူ စစ်ပွဲတွေ လူမှုဒုက္ခတွေကို သယ်လာကြ တယ်၊ အာဖရိကမှာ၊ အိန္ဒိယမှာ ကျွန်မတို့ရဲ့ ဂျာမနီပြည်မှာ အထိပေါ့၊ ကျွန်မတို့လဲ ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတာပါပဲ၊ ကျွန်မတို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ဟစ်တလာသာ မရှိရင် ကျွန်မတို့လဲ ဂျူး တွေနဲ့ အင်္ဂလိပ်တွေရဲ့ထမ်းပိုးအောက်မှာ ရောက်နေဆဲရှိဦးမှာပဲ" ဟိုင်ဒီက ခါးသီးသောလေသံဖြင့် ပြောလိုက်သည်။

" ဟုတ်ပါတယ်၊ ခင်ဗျာ တို့ရဲ့ ခေါင်းဆောင်ကြီး ဟစ်တလာဟာ မဟာပုဂ္ဂိုလ်ကြီးပါ၊ ကျွန်တော်တို့ရဲ့ လူမျိုးနဲ့ လူတွေရပ်တည်နိုင်မှု မျိုးပွားနိုင်မှုကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ကျွန်တော်တို့ရဲ့ ကလေးများ ရှင်သန်ကြီးထွားရေး၊ ကျွန်တော်တို့ မျိုးဆက်သွေး စစ်မှန်သန့်စင်ရေး၊ အဖနိုင်ငံတော် လွတ်လပ်ရေးနဲ့ လွတ် မြောက်ရေးတို့အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရမယ်၊ ဒါမှသာ ကျွန်တော်တို့ ပြည်သူ တွေ ရင့်ကျက်လာပြီး စကြာဝဠာကြီးရဲ့ဇန်ဘီ ရှင်က သတ်မှတ်ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက် ဖြည့်ဆည်းနိုင်မယ် မဟုတ်လား "
မင်းဖရက်က ဟိုင်ဒီ စကားကို ထောက်ခံလိုက်ပြီး ကိုးကားချက်တစ်ခုကို ရွတ်ပြလိုက်သည်။

" ရှင် ရွတ်ပြသွားတဲ့ ကိုးကားချက်ဟာ ဟစ်တလာပြောတဲ့စကားပဲ၊ သူ့ရဲ့ မိန်းကမ့်ဖ်စာအုပ်ထဲမှာ ပါတယ် လေ"
သူတို့နှစ်ယောက်၏ဆက်ဆံရေးတွင် ထူးခြားသော မှတ်တိုင်တစ်ခုကို ဖြတ်ကျော်လာပြီဟု မင်းဖရက် သဘောပေါက် လိုက်သည်။
ရူပါစတပ်အိမ်ကြီးသည် လှပသော ဟာဗယ်ရေအိုင်ကြီး အစပ်တွင်ရှိပြီး အိမ်ရှေ့ဘက်တွင် ပန်းဥယျာဉ် အကျယ်ကြီးရှိသည်။ သူတို့ရောက်သောအခါ အိမ်ရှေ့ခြံဝင်းထဲ၌ ကားတစ်းဒါဇင်ခန့် ရပ်ထားသည်။ ကားတိုင်းတွင် ယူနီဖောင်းဝတ် ယာဉ်မောင်းများ အသင့်ထိုင်စောင့်နေသည်။ အိမ်ကြီးရှိ ပြတင်း ပေါက်တိုင်း တွင် မီးများထွန်းညှိထားပြီး ဂီတသံ၊ စကားပြောသံ၊ ရယ်မောသံများ အိမ်ထဲမှ ပျံ့လွင့် ထွက်လာသည်။ သူတို့ကားကို အိမ်ရှေ့ဆင်ဝင်အောက်၌ ရပ်လိုက်သည်။

မင်းဖရက်နှင့် ဟိုင်ဒီတို့ အိမ်ကြီး၏ ကြီးမားခန့်ထည်သော ဧည့်ခန်းကြီးထဲသို့ ၀င်သွားသည်။ အခန်းထဲတွင် ဧည့်သည်များဖြင့် ပြည့်လုနီးရှိနေသည်။ အမျိုးသားအများစုမှာ စစ်ယူနီဖောင်းများဝတ်ထားကြသည်။ အမျိုး သမီးက ပိုး၊ ဖဲ၊ ကတ္တီပါ ရောင်စုံအောင် ၀တ်ဆင်ထားကြသည်။
သူတို့နှစ်ယောက် အခန်းထဲဝင်သွားသောအခါ စကားသံများနှင့် ရယ်သံများအနည်းငယ်စဲသွားသည်။ နောက်မှ ၀င်လာသော မင်းဖရက်နှင့် ဟိုင်ဒီတို့ကို လှမ်းကြည့် အကဲခတ်ကာ ထင်မြင်ချက်ပေးကြသည်။ မင်းဖရက်နှင့် ဟိုင်ဒီတို့မှာ ချောမောလှပပြီး လိုက်ဖက်ညီသည့် အတွဲဖြစ်နေသည်။ ကြည့်ရှု ထင်မြင်ချက် ပေး ကြပြီးနောက် ပရိသတ်များက သူ့ဝိုင်းအလိုက် ပြန်လည် စကားပြောနေကြသည်။

" ဟိုမှာ ... ဦးလေးစစ်မန်း "
ဟိုင်ဒီက ပြောလိုက်ပြီး မင်းဖရက်လက်ကိုဆွဲကာ အခန်းကျယ်ကြီးကိုဖြတ်ပြီး တစ်ဘက်သို့ လျှောက်သွား သည်။ တစ်ဘက်မှ အရပ်ရှည်ရှည်နှင့် စစ်ဝတ်စုံဝတ် လူကြီးတစ်ယောက်ကလည်း သူတို့ထံလျှောက်လာ သည်။
" ဟိုင်ဒီ ... တူမကလေး၊ ငါ့တူမက တစ်နေ့ထက်တစ်နေ့ ပိုပိုချောလာပါကလား "
ဟိုင်ဒီ ဦးလေးက သူ့တူမလက်ကလေးကို တယုတယနမ်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။
" မင်းဖရက် ... ဒါ ကျွန်မရဲ့ ဦးလေး ဗိုလ်မှူးကြီး စစ်မန်း၊ ဦးလေး ... ဟောဒါက တောင်အာဖရိကနိုင်ငံက လက်ဝှေ့သမား ဟာမင်းဖရက်ဒီလာရေးပါ "
ဗိုလ်မှူးကြီးစစ်မန်းက မင်းဖရက် ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဗိုလ်မှူးကြီး၏ ဆံပင်များက ဖြူဆွတ် နေ သည်။ မျက်နှာက ပညာတတ်ပုံပေါ်သည်။ ရှည်သောအရပ်နှင့် အချိုးအစားကျသော ကိုယ်ခန္ဓရှိသည်။

" မင်းဟာ ဂျာမန်မျိုးဆက်ကနေ ဆင်းသက်တာလို့ ဟိုင်ဒီကပြောတယ် "
ဗိုလ်မှူးကြီးက မေးသည်။ ဗိုလ်မှူးကြီးက အနက်ရောင် စစ်ဝတ်စုံ ၀တ်ထားသည်။ လက်မောင်းတံဆိပ်မှာ ငွေရောင်လူအရိုးခေါင်းတံဆိပ်ဖြစ်သည်။
" မှန်ပါတယ် ဗိုလ်မှူးကြီး၊ ခင်ဗျားတို့နိုင်ငံနဲ့ ကျွန်တော့်ကြားမှာ အလွန်ခိုင်မာတဲ့ အဆက်အသွယ်တွေရှိပါ တယ်" မင်းဖရက်က ပြန်ဖြေသည်။
" မင်း ဂျာမန်စကားပြော သိပ်ကောင်းတာပဲ၊ အခု ဒီဧည့်ခံပွဲရောက်နေတဲ့ လူတွေထဲမှာ မင်းကိုတွေ့ချင်တဲ့ လူတွေ အများကြီးပဲရှိတယ်၊ ဒါပေမယ့် ပထမဦးဆုံး ငါ့ကို ပြောစမ်းပါဦး၊ အမေရိကန် အသားမည်း လက်ဝှေ့ သမား ဆိုက်ရပ်လိုမက်ကို မင်းဘယ်လိုထင်သလဲ၊ သူနဲ့တွေ့ရင် မင်းဘယ်လို နည်းဗျူဟာ သုံးမလဲ "

မင်းဖရက်အား ဗိုလ်မှူးကြီးနှင့် ဟိုင်ဒီတို့က တစ်ဝိုင်းပြီး တစ်ဝိုင်းခေါ်သွားကာ မိတ်ဆက်ပေးသည်။ ၀ိုင်း တစ်ဝိုင်းတွင် မင်းဖရက်အား ဗိုလ်ချုပ်ကြီး ဇိုလာနှင့် မိတ်ဆက်ပေးသည်။ လူက အညိုရောင်စစ်မြေပြင်သုံး ယူနီဖောင်းကိုဝတ်ထားပြီး အရပ်ရှည်ရှည်နှင့် ခန့်ညားလှသည်။ သူက မင်းဖရက်အား တောင်အာဖရိက နိုင်ငံရေးနှင့် အထွေထွေ အခြေအနေတို့ကို မေးမြန်းသည်။ အထူးသဖြင့် အာဖရိကဖွား လူဖြူများက ဗြိတိန် နှင့် ပြင်သစ်အပေါ် ဆက်ဆံပုံသဘောထားကို မေးမြန်းသည်။ သူသည် စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် မီးကူးသောက်သလို အာဖရိကရေးရာ၌လည်းအလွန်နှံ့စပ်ကျွမ်းကျင်သူဖြစ်ကြောင်း မင်းဖရက် သိလာရသည်။

အချိန်အတန်ကြာသောအခါ ဟိုင်ဒီက သူတို့နှစ်ယောက် အနား ပြန်ရောက်လာပြီး မင်းဖရက် လက်မောင်း ကို အသာကိုင်ကာ ဗိုလ်ချုပ်ကြီးအား တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။
" ခွင့်ပြုပါဦး ဗိုလ်ချုပ်ကြီး ဇိုလာ၊ ဒီလက်ဝှေ့ကြယ်ပွင့်ကလေးကို ည ၉ နာရီမထိုးခင် ပြန်ပို့ပေးပါမြယ်လို့ သူ့နည်းပြဆရာဆီမှာ ကျွန်မ ခွင့်တောင်းလာခဲ့ရတာပါ "
" မင်းနဲ့တွေ့ရတာ ငါ သိပ်ဝမ်းသာတယ်ကွာ၊ ငါတို့နှစ်နိုင်ငံဟာ မိတ်ဆွေကောင်းတွေဖြစ်သင့်ပါတယ် "
ဗိုလ်ချုပ်ကြီးက မင်းဖရက်အား လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။
" ဗိုလ်ချုပ်ကြီး ပြောသလို ဖြစ်လာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ် " မင်းဖရက်ကလည်း ပြန်လည် ကတိပေးလိုက်သည်။

" လက်ဝှေ့ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ ဟာဒီလာရေး" ဗိုလ်ချုပ်ကြီးကလည်း ဆုတောင်း လိုက်သည်။
မင်းဖရက်နှင့် ဟိုင်ဒီတို့ ကားပေါ်ပြန်ရောက်ပြီး အပြန်ခရီးတွင် ဟိုင်ဒီက အခြေအနေကို ပြောပြသည်။
" ကျွန်မ ဦးလေးကတော့ ရှင့်ကို သိပ်သဘောကျတာပဲ၊ သူ့မိတ်ဆွေတော်တော်များများကလဲ သဘောကျ တယ်၊ ဥပမာ ဗိုလ်ချုပ်ကြီး ဇိုလာလိုပေါ့ရှင် "
" ကျွန်တော်လဲ ဒီညနေတော်တော် ပျော်ပါတယ် "
" ရှင် ဂီတ၀ါသနာပါလား မင်းဖရက် "
ဟိုင်ဒီမေးခွန်းကြောင့် မင်းဖရက် အံ့အားသင့်သွားသည်။

" ကျွန်တော် ဂီတကိုသဘောကျပါတယ်၊ ကိုယ်တိုင်တော့ ကျွမ်းကျွမ်းကျင်ကျင် မတီးမှုတ်မသီဆိုတတ်ဘူး "
" ၀က်ဂနာကို သဘောကျလား "
" ဟာ ... သိပ်ကြိုက်တာပေါ့ "
" ဦးလေးဆစ်မန်းက လာမယ့်သောကြာနေ့မှာ ဘာလင်သံစုံတီးဝိုင်းကြီးကို သွားနားထောင်ဖို့ လက်မှတ် နှစ်စောင် ပေးထားတယ်၊ လူငယ်တီးဝိုင်းခေါင်းဆောင်ဟာ ဟာဗတ်ဗွန်ကာ ရာဂျန်က ၀က်ဂနာအစီအစဉ် တစ်ခု ထည့်သွင်းထားတယ်၊ အဲဒီ ပွဲပြီးရင် ကျွန်မတို့ အောင်ပွဲကျင်းပနိုင်တာပေါ့၊ သြော် ... ကျွန်မ တောင်း ပန်ပါတယ်၊ ကျွန်မ သိပ်ဆန္ဒစောနေတယ် ထင်တယ်"
" ကိစ္စမရှိပါဘူး ကျွန်တော် အဲဒီပွဲနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ခင်ဗျားနဲ့ လိုက်ခဲ့ပါမယ် "
" ရှင်နိုင်မှာပါ၊ ရှင်နိုင်လိမ့်မယ်လို့ ကျွန်မ သိနေတယ် "

ဟိုင်ဒီက မင်းဖရက်ကို အားကစားရွာရှိ သူတို့အဆောင်ရှေ့၌ ချပေးသည်။ မင်းဖရက် အဆောက်အအုံထဲ ၀င်သွားပြီး ပျောက်ကွယ်သွားမှ ယာဉ်မောင်းအား အမိန့်ပေးလိုက်သည်။
" ရူပါစထရော့ကို ပြန်မောင်း "
ဟိုင်ဒီ ဗိုလ်မှူးဆစ်မန်းအိမ်သို့ ပြန်ရောက်ချိန်တွင် ဧည့်သည်အတော်များများ ပြန်သွားကြပြီဖြစ်သည်။ နောက်ဆုံးပိတ် ဧည့်သည်ကို အိမ်ဝလိုက်ပို့သည်အထိ ဟိုင်ဒီက စောင့်နေသည်။ ဧည့်သည်ကုန်သွားမှ ဗိုလ်မှူးကြီး က သူမအား သီးသန့် အခန်းတစ်ခန်းသို့ ခေါ်သွားသည်။

ဗိုလ်မှူးကြီးက သူမအား ဆက်ဆံပုံမှာ လုံးဝ ပြောင်းသွားသည်။ လက်အောက်ငယ်သားနှင့် အရာရှိကြီး ဆက်ဆံပုံအတိုင်း ဆက်ဆံတော့သည်။ အခန်းထဲရှိ မီးလင်းဖိုဘေးမှ ကုလားထိုင်တွင် ဗိုလ်ချုပ်ကြီး ဇိုလာ ထိုင်နေသည်။ သူ့ဒူးနှစ်ဘက်ပေါ်တွင် ဖိုင်တွဲတစ်ခုကို ဖွင့်ထားပြီး စီးကရက် တစ်လိပ်ကို သောက်နေသည်။ ဗိုလ်မှူးကြီး ဆစ်မန်းက ကော့ညက်နှစ်ခွက်သွားထည့်လာပြီး တစ်ခွက်ကို ဗိုလ်ချုပ်ကြီးအား သွားပေးသည်။
ထို့နောက် ဗိုလ်မှူးကြီးဆစ်မန်းက သားရေ ကုလားထိုင်ကြီး တစ်လုံး၌ ၀င်ထိုင်လိုက်ပြီးမှ ဟိုင်ဒီအား ဆိုဖာရှည် တစ်ခုတွင် ထိုင်ရန် လက်ပြလိုက်သည်။

" ကဲ ... ဖရော်လိန်း ထိုင်ပေတော့၊ မင်းဦးလေးအိမ်မှာ မင်းသက်တောင့်သက်သာနေနိုင်ပါတယ် "
ဗိုလ်မှူးကြီးက ပြောလိုက်သည်။ သို့သော်လည်း ဟိုင်ဒီက ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်ပြီး ဆိုဖာ ထောင့်စွန်းတွင် ခပ်မတ်မတ်လေးသာ ထိုင်နေသည်။ ဗိုလ်မှူးကြီးက ဗိုလ်ချုပ်ကြီးဘက် လှည့်ပြီးမေးလိုက် သည်။

" ငါတို့ရည်ရွယ်ထားသူရဲ့ ယေဘူယျအယူအဆကို မေးချင်တယ်" ဗိုလ်ချုပ်ကြီးက ဖိုင်တွဲပေါ်မှ မော်ကြည့် ပြီး မေးလိုက်သည်။
" သူ့ရဲ့အမေဘက် ပတ်ဝန်းကျင်က ခပ်ဝါးဝါး ဖြစ်နေပုံရတယ်၊ သူကတော့ သူ့အမေဟာ ဂျာမန်ပါပဲလို့ အတည်ပြုပြောကြားတာပဲ " ဗိုလ်ချုပ်ကြီးက ဆက်ပြောလိုက်သည်။
သူ့အမေးများကို ဗိုလ်မှူးကြီးက ပြန်ဖြေသည်။

" ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာလဲ ဟုတ်မှန်ကြောင်း အတည်ပြုချက်မရှိပါဘူး၊ အနောက်တောင် အာဖရိကမှာရှိတဲ့ ကျွန်တော်တို့လူတွေဆီမှာ မောလောက်အောင် စုံစမ်းခဲ့ပေမယ့် သူ့အမေဘာ လူမျိုးလဲ ဆိုတာ အခိုင်အမာ သက်သေပြနိုင်တဲ့ အချက်မရှိပါဘူး၊ သူ့အမေဟာ အာဖရိကတောနက်ကြီးထဲမှာ ကလေးမီးဖွားရင်း သေဆုံးသွားတယ်လို့ပဲအများက ယေဘူယျယုံကြည်ထားကြတယ်၊ ဒါပေမယ့် သူ့အမေ ဘက်ကတော့ တိကျသေချာတဲ့အဘွားက ဂျာမန်၊ သူ့အဖေကလဲ အာဖရိကမှာ ဂျာမန်ကိုင်ဇာစစ်တပ်တွေ အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပေးခဲ့တဲ့လူပဲ "
" ဟုတ်တယ်၊ ဒါတော့ သိတယ် " ဗိုလ်ချုပ်ကြီးသည် ဗိုလ်မှူးကြီးအား ပြန်ပြောပြီး နောက်၊ ဟိုင်ဒီဘက်သို့ လှည့်ကာ တစ်ဆက်တည်း မေးလိုက်သည်။

" သူ့ရဲ့ သဘောထားဘယ်လိုရှိသလဲ ဖရော်လိန် "
" ဂျာမန်သွေးပါတာကို သူသိပ်ဂုဏ်တယ်၊ သူ့ကိုယ်သူလဲ ဂျာမန်ပြည်သူတွေရဲ့ အလိုအလျောက် မဟာမိတ် လို့ ထင်ထားတယ်၊ ဟစ်တလာကိုလဲ တကယ်ချီးကျူးတယ်၊ မိန်းကမ်းဖ် စာအုပ်ထဲ စာပိုဒ်အရှည်ကြီးတွေကို ရွတ်ဆို ကိုးကားပြတတ်တယ် " ဟိုင်ဒီက သူ့အမြင်ကို ပြောလိုက် သည်။
ဗိုလ်ချုပ်ကြီးက ချောင်းတဟွပ်ဟွပ်ဆိုးလိုက်ပြီး နောက်စီးကရက်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြန်သည်။ ထို့နောက် ဖိုင်တွဲအနီကိုပြန်ပြီး အာရုံစိုက်ဖတ်နေရာ ဗိုလ်မှူးကြီးနှင့် ဟိုင်ဒီတို့ကငြိမ်ပြီး စောင့်ကြည့်နေ သည်။ ဆယ်မိနစ်ခန့်ကြာမှ သူက ဟိုင်ဒီအား မော့ကြည့်လိုက်ပြီး မေးလိုက်သည်။

" သူနဲ့မင်းနဲ့ ဆက်ဆံရေးက ဘယ်လိုအနေအထားရှိသလဲဖရော်လိန် "
" ဗိုလ်မှူးကြီး ဆစ်မန်းရဲ့အမိန့်အရ မိတ်ဆွေဖြစ်ဆက်ဆံရေး အဆင့်မှာပဲရှိပါသေးတယ်၊ အမျိုးသမီးတစ် ယောက် အနေနဲ့ ကျွန်မသူ့ကို စိတ်ဝင်စားတယ်ဆိုတာ ပြနိုင်ခဲ့တဲ့နည်းလမ်းလေး ရှိခဲ့ပါတယ်။ လက်ဝှေ့နဲ့ ပတ်သက်လို့ ကျွန်မမှာ ဗဟုသုတရှိကြောင်း၊ စိတ်ပါဝင်စားကြောင်း သူ့ကို ပြသခဲ့ပါတယ်၊ သူတို့ နိုင်ငံနဲ့ ပတ်သက်လို့ ပြဿနာတွေအများကြီးရှိတယ်ဆိုတာကိုလဲ ကျွန်မသိကြောင်း ပြောပြခဲ့ပါတယ် "
" ဖရော်လိန်းခရမ်မာဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရွေးစင်တွေထဲက တစ်ယောက်ပါ၊ တောင်အာဖရိက နိုင်ငံသမိုင်းနဲ့ လက်ဝှေ့ အကြောင်းကို ကျွန်တော် ဌာနက သူ့ကို စေ့စေ့ စပ်စပ်ပို့ချထား ပါတယ် "
ဗိုလ်မှူးကြီး ဆစ်မန်းက ၀င်ပြီးရှင်းပြလိုက်သည်။

ဗိုလ်မှူးကြီးက ခေါင်းညိတ်ပြလိုက်ပြီး " ကဲ ဆက်ပြောစမ်းပါဦး ဖရော်လိန်း" ဟု အမိန့်ပေးလိုက်သည်။
ဟိုင်ဒီက ဆက်ပြောသည်။
" သူတို့ပြည်သူတွေရဲ့လိုလားချက်တွေ အပေါ်မှာ ကျွန်မ စာနာစိတ်ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်၊ ကျွန်မဟာ သူ့ရဲ့ မိတ်ဆွေတစ်ယောက်ဆိုတာလဲ ထင်ရှားအောင် ပြသခဲ့ပါတယ်၊ ဒီထက်တောင် နည်းနည်း ပိုပါသေးတယ် "
" မင်းတို့နှစ်ယောက်ကြားမှာ ဖိုမဆက်ဆံရေးအထိ ရင်းနှီးလာပြီလား "
" အဲဒီအဆင့်ထိ မရောက်သေးပါဘူး ဗိုလ်ချုပ်ကြီး၊ ကျွန်မ အဲဒီအဆင့်ထိ သိပ်မြန်မြန်လှမ်းတက်လိုက်ရင် သူထိတ်လန့်ပြီး စိတ်ဆိုးသွားနိုင်တယ်၊ သူ့ပိုင်ထဲမှာ ကျွန်မတို့ ဖတ်ရှုသိရတဲ့ အတိုင်းပဲ သူဟာ ဘာသာရေး အယူသည်းတဲ့ မိသားစုထဲမှာကြီးထွားလာတဲ့သူပါ၊ ဖိုမကိစ္စနဲ့ ပတ်သက်ပြီးတော့လဲ ဗိုလ်မှူးကြီး ဆစ်မန်း ဆီက ဘာအမိန့်မှ မရသေးပါဘူး "

" ကောင်းတယ်၊ ဒါဟာ အရေးကြီးတဲ့ အချက်ပဲ။ ငါတို့အခု လုပ်နေတဲ့ ထိုးစစ်ကို ဟစ်တလာကိုယ်တိုင် သိတယ်၊ တစ်ကမ္ဘာလုံးကို နယ်မြေချဲ့ထွင် ရေးအတွက် ငါတို့ရဲ့ အစီအစဉ်မှာ အာဖရိက တောင်ဘက်အဖျား ဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာအရ သိပ်အရေးကြီးတယ်ဆိုတာကို ငါတို့လို ဟစ်တလာ သဘောထားတယ်၊ အဲဒီနေရာဟာ အိန္ဒိယ နဲ့အရှေ့ဘက်ကို သွားတဲ့ ပင်လယ် ရေလမ်းကြောင်း တွေကို စောင့်ရှောက်ကာကွယ်ပေးတဲ့နေရာပဲ၊ တကယ်လို့ စူးအက်တူးမြောင်းက ငါတို့ သင်္ဘော တွေကို သွားလာခွင့်မပြုတော့ဘူးဆိုရင် ခုနကပြောတဲ့ လမ်းကပဲသွားဖို့ ရှိတော့တယ်၊ အဲဒီအပြင် အာဖရိက တောင်ဘက်ပိုင်း ဒေသဟာ ငါတို့ရဲ့ စစ်ရေးပြင်ဆင်မှုအတွက် လိုအပ်တဲ့ အရေးကြီး ကုန်ကြမ်းတွေကိုလဲ ပေးနိုင်တယ်၊ ခရိုမီယံသတ္ထု၊ စိန်၊ ပလက်တီနမ်စတဲ့ ကုန်ကြမ်းတွေပေးနိုင်တယ်၊ ဒီတော့ ငါတို့အစီအစဉ်ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်ရမယ် " ဗိုလ်ချုပ်ကြီးက အနေအထား ကို ရှင်းပြသည်။

" ကောင်းပါတယ် ဗိုလ်ချုပ်ကြီး "
ဗိုဟ်မှူးကြီး ဆစ်မန်းက ပြောပြလိုက်သည်။
" တို့ဒီလုပ်ငန်းရဲ့ လျှို့ဝှက်နာမည်ကို "ဓားဖြူ"လို့ ပေးထားတယ် "
" ကောင်းပါတယ် ဗိုလ်ချုပ်ကြီး "
" ဖရော်လိန်ခရမ်မာ၊ မင်းကို အဲဒီ လုပ်ငန်းမှာပဲ သီးသီးသန့်သန့် တာဝန်ပေးလိုက်ပြီ၊ ဒီတော့ မင်းသူ့ကို လိမ်လိမ်မာမာ ညင်ညင်သာသာ ချဉ်းကပ် ကျုံးသွင်းပြီး ဖိုမဆက်ဆံရေးအထိ တက်လှမ်းလိုက်တော့ သူ့ အပေါ် မှာ ငါတို့ပိုပြီး ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်လို့ရအောင်ပေါ့ "

" ကောင်းပါတယ် ဗိုလ်ချုပ်ကြီး "
ဟိုင်ဒီက ပြန်ဖြေလိုက်သည်။
" သင့်တင့်လျှောက်ပတ်တဲ့ အချိန်ရောက်လာရင် မင်းသူနဲ့ လက်ထပ်ရလိမ့်မြယ်၊ အဲဒီလို မလုပ်နိုင်မယ့် အချက်များ မင်းမှာ ရှိသလား "
" မရှိပါဘူး ဗိုလ်ချုပ်ကြီး၊ ကျွန်မရဲ့ သစ္စာရှိမှုနဲ့ တာဝန်ကျေမှုကို အပြည့်အ၀ ယုံကြည်အားကိုးနိုင်ပါတယ်။ ကျွန်မ လုပ်ပေးဖို့ လိုအပ်တာမှန်သမျှ အားလုံးလုပ်ပေးပါမယ်" ဟိုင်ဒီက မဆိုင်းမတွ ဖြေလိုက်သည်။
" ကောင်းတယ် ဖရော်လိန်၊ ဒီမှာ ဗိုလ်မှူးကြီး၊ ကျွန်တော်တို့ ရည်မှန်းထားတဲ့ လူဟာ အခု အိုလံပစ်ပွဲမှာ ရွှေတံဆိပ် ရရင် ကျွန်တော်တို့ ရည်ရွယ်ချက်အတွက် ပိုပြီး ကောင်းလာမယ်၊ သူ့နိုင်ငံပြန်ရောက်ရင် ဂုဏ်သိက္ခာပိုရှိသွားမယ် "

" ကျွန်တော် သဘောပေါက်ပါတယ် ဗိုလ်ချုပ်ကြီး "
" သူ ထိုးမယ့် လိုက်ဟဲဗီးဝိတ်အတန်းမှာ ကျွန်တော်တို့ ဂျာမနီက အဓိကပြိုင်ဘက်များရှိသေးလား "
" မရှိပါဘူး ဗိုလ်ချုပ်ကြီး၊ လူဖြူထဲက သူတစ်ယောက်ပဲ ဗိုလ်လုပွဲ တက်နိုင်မယ့်လူရှိပါတယ်၊ သူထိုးမယ့် ပွဲအားလုံးမှာ ကြိုးဝိုင်းဒိုင်ရော အမှတ်ပေး ဒိုင်တွေရောကို ကျွန်တော်တို့ ဌာနက ချုပ်ကိုင်နိုင်မယ့် ပါတီဝင်တွေကို တာဝန်ပေးဖို့ ကြိုတင်လျှို့ဝှက်စီစဉ်ထားလို့ရပါတယ်၊ တစ်ဘက်က သူ့ကို အလဲထိုးသွားရင် တော့ မတတ်နိုင်ဘူးပေါ့၊ ဒါပေမယ့် အချီပြည့်ထိုးပြီး အမှတ်နဲ့ ဆုံးဖြတ်ရမယ်ဆိုရင် ... "
" ခင်ဗျား ပြောတာ သဘာဝကျပါတယ်၊ ဒီတော့ ခင်ဗျား အာဏာရှိသမျှ အစွမ်းကုန်သာ လုပ်ပေတော့၊ ဖရော်လိန်းခရမ်မာကလဲ နေ့စဉ်တိုးတက်မှုအခြေအနေကို ဗိုလ်မှူးကြီး ဆစ်မန်းထံ အစီရင်ခံပေတော့ "
*
ဆက်ရန်
.

No comments: