Monday, January 9, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၇)

ဝါးရမ်းပြေး
၁၉၃၉- ဇန်န၀ါရီလတွင် ရေးသည်

"ဘိုးဒန်သည် တရားခံစစ်တမ်းဖြစ်သော ၀က်ခြံကလေးထည်း၌ လက်ထိပ်သံကြိုးကြီး တန်းလန်း နှင့် အစစ်ခံ နေရလေ၏။ ဘိုးဒန်ဖြစ်သောအမှုမှာ ရိုက်မှုဖြစ်၍ အရိုက်ခံရသူမှာလည်း၊ ဆေးရုံတွင် အတွင်းလူနာ အဖြစ် အတော်ကြာအောင် ကုသယူရရှာ၏။ ရိုက်ကြောင်း သိမြင်သော သက်သေ ထွက်ချက် များလည်း၊ သက်သေအားလုံးပင် တညီတညွတ်အခိုင်အမာ ထွက်ဆိုအစစ်ခံထားကြ သောကြောင့် ဘိုးဒန်မှာ တရားသူကြီး အမိန့်ချအပ်သော ထောင်ဒဏ်အနည်းနှင့် အများကို စောင့်စား နာခံရန် မှ တပါးအခြားမရှိတော့ပြီ။

 ငြင်းချက်ထုတ်ခဲ့သမျှလည်း လကားမတ်တင်း ဖြစ်ကုန်တော့၏။ မိမိဘက်မှဆွေသား မျိုးသားတို့၏ ကောင်းမှုဖြင့်အယူခံကာ လိုက်ဆာင်ရွက် ပေးသောရှေ့နေ ဦးလူကလေးကိုလည်း၊ အရိပ်အစမျှ ရှာမတွေ့ တော့ချေ။ ရှေ့နေမှာ အမူငှါး လာစကပင်။ နိုင်မည်မထင်သော်လည်း၊ ၀င်လာလောလာဘ်ကို မပယ်ကောင်း သဖြင့်၊ နိုင်ဘို့ ရှိပါ သည်။ နိုင်အောင်လျှောက်လဲပေးပါမည် စသော ရှေ့နေ၏လျှာ တချောင်း ဖြင့်၊ ရောင်းစားလိုက်ခြင်း မျှဖြစ်လေရာ အမှုနိုင်တာရှုံးတာမှာ မိမိနှင့်မဆိုင်သကဲ့သို့ နောက်ဆုံး စီရင်ချက် ချရမည့်နေ့တွင် မြင်၍မျှမမြင်ရအောင် ရှိတော့၏။"

ဘိုးဒန်မှာ မိမိ၏ မဟန်သောအဖြစ်ကိုရိပ်မိသော်လည်း ထူး၍စိတ်လက်မကောင်းမဖြစ်တော့ချေ သားမယား ဆွေမျိုးတွေ၏ စိုးရိမ်ပူဆွေးစိတ်မအေးမူကြေင့် ငှါားလာသောရှေ့နေကိုလက်ခံရခြင်း ဖြစ်ရာ၊ ဘိုးဒန်၏စိတ်ရင်မှာ ထောင်ကိုခြင်ထောင်ကဲ့သို့ အမှတ်ထားပြီး မကြာခဏလည်း ရိုက်မှု နှက်မှု ထိုးမှု ခုတ်မှု တို့ဖြင့် ထောင်တွင်းသို့ ၀င်ချည်ထွက်ချည် ပြုနေသဖြစ်သောကြောင့် ယခုအ ကြိမ်ထောင်ထဲဝင်ရန် အတွက်လည်း တချက်ကလေးမျှ မျက်နှာမညှိုးခဲ့ဘဲ ရှိခဲ့ရာ ထိုနေ့အဘို့ မူကား စီရင်ချက် ကိုနားထောင်ရန် စောင့်စားရင်း မယားဖြစ်သူမယ်အိကို တချက်ချက်စောင်းငဲ့ ကြည့်ပြီး စိတ်ထည်း တွင် အတော်ကြိး မကျေမနပ်ဖြစ်မိလေ၏။

ဘိုးဒန်မှာမယ်အိနှင့် အကြောင်းပါပြီး ထောင်ကျခဲ့သည့် အကြိမ်ပေါင်းသုံးခါရှိလေ၏။ ပဋ္ဌမကြိမ် မှာရိုက်မှု နှင့် ထောင်ဒဏ်တလကျခံခဲ့ရ၏။ ဒုတိယအကြိမ်ရွာသား တယောက်ကို မေးရိုးကျိုးအောင် လက်သီးနှင့် ထိုးမှုဖြင့် ထောင်ဒဏ်တလခံရပြီး တတိယအကြိမ်လည်း ထန်းရည်မူးပြီး ဒါးခုတ်မှု တခုဖြစ်ပြန်၏။ သို့ရာတွင် မူးနေ၍ ဒါးခုတ်ခံရသူမှာလည်း၊ ဒဏ်ရာမှ အပရိကမျှဖြစ်သော ကြောင့်ထောင်ဒဏ်နှစ်လမျှ ကျခဲ့ရ၏။ ယခုအကြိမ်မှာဖဲဝိုင်းမှ ရန်စဖြင့် ခပ်နာနာကလေးချလိုက် မိသောကြောင့် တကြောင်း၊ ပြစ်ချက်ဟောင်းကလေးတွေများနေသည် တကြောင်းတို့ကြောင့် အာမခံမရဘဲ ယခုစီရင်ချက်ချမည့် နေ့အထိ ချုပ်ထားသောရပ်ပေါင်းမှာ သုံးလကျော်ကျော် လေးလနီးပါးမျှရှိခဲ့၏။

မယားဖြစ်သူမယ်အိမှာ ယခင်အခါတွေက ဘိုးဒန်ကအမှု့ဖြစ်တိုင်း ဖြစ်တိုင်း မျက်ရေကလေးတ ၀ိုင်းဝိုင်း နှင့် လင်ဆိုးမယား တဖါးဖါးဆိုသလို၊ လင့်အတွက် ရတက်မအေး၊ ဟိုးပြေး ဒီပြေးနှင့်ရှိတတ် ခဲ့ရာ၊ ဘိုးဒန် ထောင်ကျသွားသောအခါများတွင်လည်း တငိုငိုတရီရီနှင့် ကျန်ရစ်ရှာမြဲဖြစ်၏။ ယခုကား ဘိုးဒန်ကို ချုပ်ထားပြီး အမှုစစ်ဆေးနေသော အတောအတွင်းမှာ အစလောက်ကမူ ရှေးယခင်နည်းတူ ပူဆွေးသောက ရောက်သော အမူအရာကိုမယ်အိထံမှာ တွေ့ရှိရသော်လည်း၊ အမူစီရင်ချက်မချမှီ တလကျော် လောက်ဆီမှ အစပြုလျှက် မယ်အိ၏ မျက်နှာမှာ ပရိယာယ် မာယာနှောသလို အတွင်းသဘော အနည်းငယ် ပြောင်းကြောင်း၊ ကောင်းစွာရိပ်မိခဲ့လေ၏။

အမှုရက်ချိန်း ရှိသောအခါတိုင်း မယ်အိရောက်လာ၏။ မယ်အိလာတိုင်း မိမိတို့ရှာအရှေ့ပိုင်းမှ ကဇော် သမား လူမောင်မှာ အကျိုးဆောင် ခြေသယ်လက်သယ်ဖြစ်နှင့် ပါလာတတ်၏။ မယ်အိကို လူမောင် အရေးပေးသလို လူမောင်ကိုလည်း မယ်အိက လွန်စွာအရေးပေးသည်ကို တွေ့ရပြီး လည်းထိုသို့ တယောက်ကို တယောက် အရေးပေး၍ လေးစားသမှုပြုကြသည်မှာလည်း တခေါက် ထက်တခေါက် အထောက်မတန် ပို၍ပို၍လာခဲ့လျှင် မယ်အိ၏မျက်ရေမစဲ အမြဲညှိုးနေခဲ့ဘူးသော မျက်နှာကလေးမှာလည်း တဖြည်းဖြည်း စိုက်ပျိုလန်ဆန်း လာသည်ကိုတွေ့ရရာမှာ တစ်ထက် တစ ကဲကာတခါတရံ သနပ်ခါး အကျဲနှင့် မျက်ခုံးမွှေးကလေးရေးရေးပါလာလို့ ပင်တွေ့ရပြီး လူမောင် နှင့်အထူးသဖြင့် နီးစပ် ယဉ်ပါး နေသော အရိပ်လက္ခဏာကို တွေ့မြင်လာရသောအခါ အချုပ်အတွင်း တွင်နေရသော ဘိုးဒန်မှာ မိမိမယား ကို အယုံအကြည်ကင်းမဲ့လာမိလေ၏။

မျက်စပိုးဝင် ဆံတပင်တင်း ချစ်ခြင်းမယားဟုဆိုထားသည့်အတိုင်း ဘိုးဒန်မှာ မိမိဘယ်မျှ ဆိုးတေ လာသူဖြစ်စေကာမူ မယ်အိမှာ မိမိအဘို့ အလွန်တရာသစ္စာစောင့်သိခဲ့သော မယားဟု ကောင်း စွာယုံကြည် ချစ်ခင်လာသူ ဖြစ်သည့်အားလျှော်စွာ ယခုကဲ့သို့အကျဉ်းထောင်ထည်းတွင် နေရလျှက် မသက်သာ မည့် စီရင်ျက်ကို ငံ့ဆိုင်းနေသည့်အတွင်း ဤကဲ့သို့ သင်္ကာယနမကင်းဘွယ်ဖြစ်သော အရိပ်လက္ခဏာတွေကို တွေ့မြင်ရသောအခါ အသဲစပ်ကိုပြုတ်တူနှင့် ညှပ်သလိုမခံမရပ်နိုင် ရှိတော့၏။ အံတကြိတ်ကြိတ်နှင့် မချိတင်ကဲ ကြည့်ရသည်မှာလည်း အခါပေါင်းများလှလေတော့၏။
သူပြော ငါပြောနှင့် လူမောင်နှင့် မယ်အိတို့အကြောင်း ကြားရသည်လည်း နားမချမ်းသာနိုင်ရာ ရက်စက်လေခြင်း၊ မယ်အိငါ့ကို လုပ်ရက်လေခြင်းဟု ရင်တွင်းမှာ ဆူလောင်နေပြီးလျှင် လူမောင် ကိုလည်း အကျိုးလိုယောင် ရူပဆောင်၍ မိမိမယားကို အချောင်ကြာခိုရမည်လားဟု အစိမ်းဝါး စာလိုတော့၏။ သို့နှင့်လည်း မိမိမှာမလွှတ်မလပ် လက်ထိပ်ကြီး တန်းလန်းခပ်ထားသော ကြောင့်၊ ဒေါသစိတ်ကို ခြေကြိတ် နှိမ်နင်း ၍သာ နေရရှာတော့၏။

ထိုနေ့ကား နောက်ဆုံးစီရင်ချက်ချမည့် နေ့ဖြစ်လေ၏။ ဘိုးးဒန်မှာ ၀က်ခြံကလေးထဲမှာ စုံရပ်လျက် စီရင်ျက်ကို နာခံနေသောအခါ၊ မယ်အိမှာ သနပ်ခါးကလေးမှုံမှုံနှင့် လူမောင်နှင့်အတူ လာရောက်နား ထောင်၏။ ဘိုးဒန်စိတ်မှာ တရားသူကြီးဘတ်ပြသော စီရင်ချက်ကိုမကြား၊ မယ်အိနှင့် လူမောင်ကို မာန်သွင်း သော ကျားကြီးကဲ့သို့ စိန်းစိန်းဝါးဝါးကြည့်နေလေ၏။ ထိုအတွင်းတရားသူကြီးက ဘိုးဒန် အား အလုပ်ကြမ်း နှင့် ထောင်ဒဏ်တနှစ်နှင့် ခြောက်လဟု အမိန့်ချလိုက်လေသည်။

မယ်အိနှင့် လူမောင်လည်း ဘိုးဒန်နေသော ၀က်ခြံအနီးရောက်လာကြ၏။ မယ်အိက ညှိုးငယ်သော မျက်နှာနှင့်..........
"ကိုဘိုးဒန် ကျမအတွက် ဘာမှမပူနဲ့ ရှင်စိတ်ချမ်းသာအောင်နေနော်"ဟု မှာလိုက်သေး၏ လူမောင် ကလည်း
"ဟေ့ သူငယ်ချင်းဘိုးဒန် မင့်အတွက်ငါစိတ်မကောင်းဘူးကွာ၊ ငါ လဲဘယ်လောက် အကျိုးဆောင် နေသလဲ ဆိုတာ မယ်အိကိုသာ မေးပါတော့၊ မင့်အမှုအတွက်နဲ့ ဟိုပြေးရ ဒီပြေးရနဲ့ နားရတယ် မရှိဘူး၊ ဒီအထဲ မင်းကုသိုလ်ဘဲလေ၊ တနှစ်ခွဲဆိုတော့ အတော်ကြာမှာဘဲ၊ မယ်အိကလေးလဲ သနားစရာဘဲကွာ၊ မင်းမရှိတုံး ငါလဲမယ်အိကို ကြည့်ရှု့စောင့်ရှောက်ပါမယ်"
ဟုပြေပြန်၏။ ဘိုးဒန်၏စိတ်မှာ ထိုစဉ်အခါကသက်သာရာမရသည့်အပြင် မယ်အိနှင့် လူမောင် နှစ်ယောက် လုံးက ချွန်မြထက်လှသော လှံသွားကြီးများနှင့် အသဲကြားကိုထိုး ဆွလိုက်သကဲ့သို့ အခံရခက်လှ၏။ ထို့ကြောင့်၎င်းတို့ မျက်နှာကို ပြူးပြူးကြီးကြည့်လိုက်ပြီး အံကြိတ် လျှက် ရုတ်တ ရက်မျက်နှာ လွှဲပစ် လိုက်ခါ ခေါင်းကြီးငုံ့၍ ပုလိပ်နောက်မှ စိုက်စိုက်စိုက်စိုက်နှင့် ပါသွားလေသည်။

ဘိုးဒန်ကား ထောင်ထဲတွင်နေရာက မယ်အိတို့အား မကြေမနပ်နှင့် တွေးမိတိုင်း ဒေါပွလျက်ရှိ၏။  ထောင်ထဲတွင် ဆင်းရဲငြိုငြင်စွာနေရသော်လည်း၊ မိမိအဘို့၌ ရောက်ဘူးပေါက်ဘူးပြီဖြစ်သော ကြောင့် ထူး၍ ဆင်းရဲတော့သည်မဟုတ်စေကာမူ၊ ယခုတကြိမ်တွင်မယားအရေးကြောင့် ဒေါသသွေး ဆူ၍ နေလေ၏။ မိမိသားလွတ်လပ် စွာရှိပါမူ၊ ယခုအချိန်အထိ မယ်အိရောလူမောင်ပါ လူ့ပြည်မှာ စွန့်ခွာ ကြရမည်ဖြစ်၏။ မိမိတွင်အချုပ်အနှောင်နှင့် ထောင်ကျနေစဉ်ဖြစ်၍သာ သင်းတို့သက်သာ သည်ဟု တဖြစ် တောက်တောက် ငြီးလျှက်ရှိလေ၏။

ဘိုးဒန်မှာ လောကကြီးနှင့် အုတ်နံရံတခုမျှ ခြားသောအရပ်တွင် ရှိသော်လည်း မြောက်ဝန်ရိုးစွန်းသို့ ရောက်ရှိနေသူ အလား။ ကမ္ဘာကြီးနှင့် အဆက်အပြတ်ကြီး ပြတ် ၍နေခဲ့သောကြောင့် အပြင်အပမှ မည်သည့် သတင်းကိုမှ မရသဖြင့် ၊ မယ်အိဘယ်သို့ရှိသည်ကို မသိရ၊ ဘိုးဒန်၏စိတ်ထင်မှာ မယ်အိနှင့် လူမောင် တို့ တိတ်တဆိတ် ငြိတွယ်နေကြပြီး ရပ်ရွာကမူ လူမောင်အား မယ်အိကို သူတော်ကောင်း စိတ်ထား နှင့် ကြည့်ရှုစောင့် ရှောက်နေသည်ဟုထင်ကြမည်။ သို့ရာတွင် မယ်အိနှင့် လူမောင်တို့၏ အတွင်းရေး ကို မည်သူမျှ သိကြမည်မဟုတ်၊ သင်းတို့နှစ်ယောက်မှာ ငါ့ကိုငုတ်တုတ်တုတ်ထားလျက် မတော် မတရား ဘောက်လွှဲဘောက်ပြန် ပြုနေကြတော့မည်ဟု အမြဲတွေးပြီး အသဲဆွေးနေမိ၏။

ထောင်ကျခဲ့သည်မှာ ခြောက်လကျော်မျှ ကြာလာ၏။ အပြင်သတင်းကို အလျည်းမကြားရ၊ မိမိ စိတ်ထင် နှင့်သာ ဒေါသဖြစ်နေရရှာ၏။ သို့နှင့် နောက်များမကြာမှီပင် ရွာကလှည်းသမားတုတ်ပေါ တောအရက် ချက်မှု နှင့် ထောင်ကျလာသောကြောင့်၊ အားရ၀မ်းသာရွာက သတင်းလေးများ ဆီး၍ မေးရတော့သည်။

တုတ်ပေါလည်း- "ပြောရမှာမင်းကို သနားတယ်ကွာ ဒါပေတဲ့-မင်းက မေးလှတော့လဲ မနေသာဘူး ပြောရတော့မှာ ဘဲ၊ မင်းမယား မယ်အိတော့ကွာ မင်းထောင်ကျလို့ ရက်ပိုင်းကလေးလောက်ရအုံး မယ်ထင်တယ် လူမောင်နဲ့ အထင်ခံကြီးကို ညားပစ်လိုက်ကြပြီ၊ ဟိုကောင် ကလဲ အကျိုးဆောင် အကျိုးဆောင်နဲ့ လက်စသတ်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်ကြတာကိုးလို့ ခုမှအားလုံးသိကြရတယ် ဘိုး ဒန်ရယ်၊ မင်းလဲစိတ်မဆိုးနဲ့တော့ မိန်းမပေါပါတယ်ကွာ၊ ဘာနှမြောစရာရှိလဲ" ဟု ပြောလည်းပြော တရားလည်းချ နေသောကြောင့် သတင်းကြားပြောသူ စိတ်ကြေနပ်စေရန် မပူရုပ်ဘန်၍-
"ငါလဲဒီလိုဖြစ်လိမ့်မယ်ဆိုတာ ထင်ပြီးသားပါကွာ၊ စိတ်မဆိုးပါဘူး"ဟု ပြောလိုက်ရစေကာမူ၊  ဘိုးဒန်မှာ မိမိ ထင်ကြားထက်ပို၍ ဆိုးဝါးနေသေးသော သတင်းကိုကြားရသဖြင့် မျက်စိများ ပြာဝေ မူးနောက် သွားကာ  အယုတ်တမာနှစ်ယောက်အား ယခုချက်ခြင်းသွား၍ သတ်လိုက်ချင်တော့၏။

နဂိုကဆိုးတေတေ မိုက်တိုက်တိုက် ထောင်နှင့် အိမ်ကိုရေအိုးနှင့် ရေမှုတ်သဘွယ် ကူးကလန်  ကန်ကလူး လုပ်ထားခဲ့သော ဘိုးဒန်မှာ နာလည်းနာရှက်လည်းရှက်နှင့် ဒေါသမီးတွေ ကမ်းကုန် လမ်းကန်ုထွက်လျက် ရှိတော့၏။ တယောက်ထည်း နေရတိုင်း ဒေါသဖြစ်ခါ လက်သီးလက်မောင်း တန်းပြီးနှုတ်ခမ်းကြီး ပြတ်လုအောင် ကိုက်မိ၏။
"ငါ့ကို မလောက်လေး မလောက်စားဆိုပြီး၊ စော် ကားတဲ့လူမောင်သိကြရောပေါ့ကွာ၊ သစ္စာမဲ့တဲ့ မိန်းမယုတ် လဲ ဇက်ပြုတ်အောင်ဖြုပ်လိုက်မယ်"

ဟု အံတကိုက်ကိုက်နှင့် ရုပ်ခြင်းပြေးပြီး ရက်ရက်စက်စက်ကြီးစရင်ပစ်လိုက်ချင်၏။ ခဏကလေး ဖြစ်ဖြစ် ထွက်ရလျှက်ထွက်သတ်လိုက်ချင်၏။ မိမိလွတ်ရန်အချိန်မှာ တနှစ်မျှလိုသေး၏။ မိမိဒေါသ ကား အပြင်းတိုက် နေသောကြောင့် တနှစ်စောင့်ရမည့်အရေး တကမ္ဘာလောက်လိုလေသးသည် ထင်မိပြီး၊ မခံမရပ်နိုင် ကြီးဖြစ်သွားကာ ထောင်ထဲမှလစ်ပြေးချင်လာလေ၏။ သို့နှင့် ဒေါသစိတ်မှာ တနေ့တခြား ထိုးဆွ၍သာ နေခဲ့၍ ဘိုးဒန်မှာ လူမောင်နှင့် မယ်အိကို မသတ်ရမနေနိုင်လက်တွေ ယားနေတော့၏။ မိမိ၏ ချစ်မယား ကို သူတထူး ယူရပါမည်လား။
ဟု တဏှာနှင့် ယှဉ်ပွားသော ဒေါသမီးသည် အတောက်ကြီးတောက်ခဲ့ခြင်း ဖြင့် နောက်ဆုံးတွင် ဘိုး ဒန်သည် ထောင်အပြင်ထွက်၍ အလုပ်ကြမ်းလုပ်ရသောတနေ့၌ ဘာရာကိုရိုက်၍ ကတိုက်ကရိုက် ထွက်ပြေး ခဲ့လေ၏။

ဘိုးဒန်၏ စိတ်ဇောမှာ လူမောင်နှင့် မယ်အိကိုမသတ်ရမခြင်း အပူတပြင်လောဆော်နေခဲ့ရာ၊ ၀ီစီသံ တွေ တညံညံ နှင့် နောက်ကလိုက်လာသော ပုလိပ်များထောင် ပြာတာများကို ကြိုးကြိုးစားစား လွတ်မြောက် အောင် ပြေးရှောင်းရင်းပင် မိမိနေရင်းဖြစ်သော ဆိပ်ပေါက်ရွာကလေးသို့ အပြေး ရောက်ခဲ့ လေ၏။

ဘိုးဒန်ရောက်သောအချိန်မှာ ညနေနေ၀င်ဆည်းဈာအချိန်ဖြစ်၍၊ မိမိထောင်ဝတ် ထောင်စားကြီး နှင့်လည်း လူမြင် မခံဝံ့သောကြောင့်၊ ချုံတခု၌ပုန်းလျှိုးနေရင်း၊ လက်ထိပ်သံကွင်းများကို ကျောက်ခဲ နှင့် ရိုက်ချိုးလျက်၊  လည်ပင်းကနံပါတ် ကွင်းနှင့်သင်တိုင်းပေါက် ထောင်အင်္ကျီတို့ကိုလည်း ချုံထဲမှာ ချွတ်ထားပြီး ပါလာရင်းပိတ်ဖျင်နံငယ်ပိုင်းကလေးမျှသာ ဆီး၍ မီးထွန်းချိန်တွင် ရွာထဲသို့ခတ်သုတ် သုတ် ၀င်ခဲ့ လေ၏။ မိမိပိုင် လေးပင်စိုက်မျောထိုင်ထူသော တဲကလေး၏ နောက်ဖေးအဖီကလေး အောက်သို့ ရောက်ခဲ့၏။

ထိုအဖီကလေးက ၀ါးထရံကြားမှာ ထိုးထားသော မိမိ၏လက်သုံးတော ဒါးမှနှစ်စင်းသည်လက်ရာ ခြေရာ မပျက် အရောင်တလက်လက် နှင့် အရှင်သခင်ဖြစ်သူ ဘိုးဒန်ကို လက်ယပ်ခေါ်ကြလေရာ၊ မူလကပင် အကြံ နှင့် ရောက်လာသော ဘိုးဒန်သည်၊ ထရံက ဒါးမနှစ် လက်ကိုလျင်မြန်စွာ နှုတ်ယူလျက်၊ ဒါးမ နှစ်လက်ကို ၀ဲတဘက် ယာတဘက်ကိုင်ပြီး အိမ်တစက် မြိတ်မှ မှောင်ခိုကာ တဲရှေ့ဆီသို့ တကုတ်ကုတ် ချောင်း၍လာခဲ့လေ၏။

အကြောင်းကိုမသိသောလူမောင်နှင့် မယ်အိတို့မှာ ညားခါစလင်မယားတို့ဓမ္မတာ တယောက်ကို တယောက်၊ ခရာတာတာပြုံး၍၊ နှလုံးလေခွေ့သဘောတွေ့၍ နေကြသည်ကိုမြင်ပြီး၊ ၎င်းတို့အနီး တွင်လည်း အိမ်နီးချင်းအဒေါ်ကြီးနှစ်ယောက်နှင့် အဘိုးကြီးနှစ်ယောက် ခပ် ရွယ်ရွယ် သူငယ်တ ယောက်၊ ပေါင်း အခြားလူ လေးငါးယောက် ၀ိုင်းဖွဲ့လျက်၊ မီးခွက်ကိုအလယ်ကထားပြီး၊ ထန်းလျက် ခဲအမြီးနှင့် လဘက်ရည်ကြမ်း စည်းစိမ်ခံသောက်လျှက် ရှိကြ၏။ ထိုခဏ၌ ဘိုးဒန်၏လက်ျာလက် ထဲကဒါးမသည် လူမောင်၏ ခေါင်းကို အုန်းသီးခွဲသလိုတချက်တည်း ခွဲချလိုက်သောကြောင့်၊ မရှောင်သာ မတိမ်းသာဘဲ၊ ၀ူးဝဲ၀ူးဝဲ နှင့်ဖြစ် သွေးပွက်ပွက်နှင့်လဲလေ၏။ မယ်အိမှာ အမယ်လေး ကိုလူမောင်ဟု အော်ပြီး၊ ဘိုးဒန် ကိုမြင်မှ တွေတွေကြီး အံ့အား သင့်လျှက်ရှိတော့၏။

"ကိုဘိုးဒန်၊ ကိုဘိုးဒန်အမယ်လေး ချမ်းသာပေးပါ"ဟု တောင်းပန်သောအသံမှာ မဆုံးသေးမှီ မယ်အိ မှာလည်းပင်း တိတိယိယိပြတ်ပြီး သွေးအိုင်ထဲတွင် ဖျပ်ဖျပ်လူးလှိမ့်နေလေ၏။ လျှင်မြန်တို တောင်း လှသော အချိန်ကလေးတွင် ဖြစ်ပွားသော အရေးကြောင့်၊ ၀ိုင်းထိုင်နေသူများလည်း၊ ပဋ္ဌမ ကြောင်ကြည့် နေမိရာမှ ဘိုးဒန်လက်က သွေးရဲရဲဓါးကြီးကိုမြင်ပြီး။
"ဘိုးဒန်-ဘိုးဒန်"
ဟုတောင်းပန်သလိုလို ယောင်ရမ်းဟစ်အော်ပြီး၊ လွတ်ရာ ထွက်ပြေးကြလေ၏။ ထိုခဏ၌ ရွာကလေး တခုလုံး တရုံးရုံးဆူပွက်၍ အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေ၏။
"ဘိုးဒန်-ဘိုးဒန်- ထောင်ထဲကထွက်လာပြီး၊ လူမောင်နဲ့ မယ်အိကိုသတ်သွားတယ်"

ဟူသော သတင်းမှာ တခဏချင်းအထိတ်တလန့်ပျံ့နှံ့ဆူပွတ်သွားလေ၏ သူကြီးလည်း မောင်းတီး ၍လူစုပြီးရာဇ၀တ် မှုကျူးလွန်သူထောင်ပြေး ဘိုးဒန်အား ၀ိုင်းဘမ်းရန်တပ်ချီလာ၏ ဘိုးဒန်လည်း။
"မဆိုင်သူမကပ် နဲ့ ခေါင်းပြတ် မယ်"ဟု ဒါးဝင့်ကြိမ်းဝါးကာ တောထဲသို့ ဦးတည်လျှက် ထွက်ပြေးေ လတော့၏။ တဲအတွင်းရှိ လူမောင်နှင့်မယ်အိတို့ကို သွားကြည့်ကြသောအခါ၊ ရန်ညှိုးကြီးကြီးနှင့် အကြိမ်ပေါင်း မြောက်မြားစွာ နောက်ထပ်ခုတ်ထစ်ထားသော ဒါးဒဏ်ရာများနှင့် ဦးနှောက်ထွက် ဗိုက်ပေါက် နေသော လူမောင်၏ အလောင်းနှင့် လည်ပင်းတိတိယိယိပြတ်နေသော မယ်အိတို့အ လောင်း ကို တွေ့ရသောကြောင့်၊ တရွာလုံသနားစုတ်သပ်၍ မဆုံးရှိလြေ၏. တချို့ကလည်း။

"သူ့မယားခိုးတဲ့ကောင် သေတာတောင်နဲသေးတယ်" လင်ငယ်နေတဲ့မိန်းမလဲ ဒီလိုဘေးဆိုးမျိုးနဲ့ တွေ့မှ ကောင်းတယ်။ ဘယ့်နှယ်တော်လင်က တောင်တဲနေရရှာတဲ့အခိုက်မှာ မယားက ဒီလို ရက်ရက်စက်စက် လင်ငယ် ယူပစ်လိုက်တာကောင်းရော့မလား၊ မတရားလို့ ဘုရားပြတာဟု ပြောကြလျှက်၊ အချို့ကလည်း မယ်အိဘက်မှ ရှေ့နေလိုက်ခါ-
"ဒီလိုဖြစ်တာ မယ်အိလဲအဆိုးမဆိုသာဘူး၊ သူ့ခမြာစာရမဲ့ သောက်ရမဲ့နဲ့ လင်လုပ်တဲ့ အကောင် ကလဲထောင်ထဲကထွက်ရတယ်မရှိတော့ ဖြစ်မိဖြစ်ရာဆိုတာကို အားကိုးရာမဲ့ လူမောင်နဲ့ တွေ့ တော့ယူလိုက်တာဘဲ သူမတော့ ဒီကောင်မလေး ကံဆိုးရှာတာပေါ့လေ၊ လူမောင်ကလဲ သနားလို့ ကြည့် ရှုစောင့် ရှောက်ရာက သနားလွန်းလို့ တဏှာကျွန်ဖြစ်သွားရရှာတာပါ"
ဟု ဘုရားတကာပိုင်းကျောင်းအမပိုင်းနှင့် လူငယ်လတ်ပိုင်းတို့တွင် ကိုယ့်အတွေးနှင့် ကိုယ်အမျိုးမျိုး အထွေထွေ ပြဿနာဖြေ၍ နေကြလေ၏။

ရွာသားများလက်မှ လွတ်ထွက်သွားသော ရာဇ၀တ်ကောင်ကိုမူကား နောက်တနေ့ ပုလိပ်များနှင့် တောနက် ရှာကြလေ၏။ ဘိုးဒန်မှာ ထောင်ပြေးဖြစ်နေရာတွင် ရက်စက်သောလူသတ်မှုကြီးကို ကျူးလွန် တိမ်းရှောင်နေသူ ဖြစ်သောကြောင့်၊ ပုလိပ်အရာရှိများမှာ မနေမနားကြိုးစား၍ လိုက်နေရ လေ၏။ ဘိုးဒန်ရှောင်ပုန်း နေသော တောအတွင်းသို့ ခြေရာချင်းထပ်အောင် ရှာဖွေနေရသည် တိုင်အောင် အထက်ရာရှိကြီးများကလည်း ဤမျှ ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပြေး အား၊  အပူတပြင်းလက်ရဘမ်းဆီးရန်၊ အမိန့်ထုတ်ပြန်ထားရုံမက ဆုငွေငါးရာနှင့် ပင်လူပုံစံပေး၍၊ မြန်မာ တပြည်လုံး အနှံ့အပြား ကြော်ငြာထားပြန်သောကြောင့်၊ လက်အောက် ရာဇ၀တ်အမှုထမ်း များမှာ နေ့ည မနား၊ ရှေးကထက်ကြိုးစားရလေသတည်း။

ဘိုးဒန်ဝေးဝေးမပြေးဘူး ၊ ရွာနားကတောထဲမှာဘဲ ရှိသည်ဟူသော သတင်းမှာ အနံ့ထွက်လာလေ ၏။ ပုလိပ်များလည်း တောနင်းကာ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာက၊ ဤသတင်းကိုကြားရသော အခါ၊ မခံ နိုင်အောင် ရှိကြလေ၏။ သတင်းကြားသူကို မရအရပိုက်စိတ်တိုက်၍၊ လိုက်လံစုံစမ်း သောအခါ ရွာမှ ယာလုပ် ထင်းခုတ် ထွက်ကြသူများထံမှ တောစပ်တွင် ဘိုးဒန်ရိပ်ခနဲ ဖြတ်ပြေး သည်ကိုတကိုယ်လျှင် နှစ်ကြိမ် သုံးကြိမ်မျှ တွေ့မြင်လာကြကြောင်း အစစ်ခံချက်ရလေ၏။
ထို့ကြောင့်အထူးဝတ္တရားနှင့်ရောကလာသော ရာဇ၀တ်အုပ်ကိုဘိုးကွန်းမှာ မိမိတို့ဤမျှရှာဖွေ နေပါလျက်၊ မတွေ့မမိရမလား။

ဟု ရှူးရှားရှား ဒေါပွကာ၊ လက် အောက်အမှုထမ်းပုလိပ်များနှင့် ရွာသားများကိုပါ ဆင့်ခေါ်ပြီး၊ တောကြီး တလျှောက် သို့ ဖက်ရွက်ချောက်မျှမကျန် မြေလှန်၍ ရှာကြပြန်လေ၏။ သို့သော်လည်း ဘိုးဒန်၏ အရိပ်အစ မျှ မတွေ့ရရာဇ၀တ်အုပ် ကိုဘိုးကွန်းကလည်း လုံးလမလျှော့ဘဲ၊ တောကြီး မျက်မဲတွင် မရမနေ ရှာဖွေ    ၍ နေတော့၏။
အစာပြတ် ရေငတ်နှင့် မရပ်မနားရှာဖွေလာကြပါသော်လည်း လေးငါးရက်ခရီး ရှိသည်တိုင် မထူးခြား ခဲ့သောကြောင့် စိတ်အားလျှော့ကာ ဆိပ်ပေါက်ရွာသို့ တလှည့်ပြန်လာခဲ့ကြရပြန်လေ၏။ ရွာသို့ ရောက်လျှင်ပင် ရွာကလူများမှာ ဋ္ဌာဏာအုပ်နှင့် သူကြီးထံသို့ အူယားဖါးယားပြေးလာကြ ပြီး
"သူကြီးမင်း - သူကြီးမင်း- ဘိုးဒန်ကို ဘမ်းလို့ မမိခဲ့ဘူးလား၊ ဘာမိမလဲဗျ၊ ဘိုးဒန်က ဒီရွာထဲ ရောက်နေ တာကလား"ဟု ဆီးပြောကြသောကြောင့် ရာဇ၀တ်အုပ်ရော သူကြီးပါ မိမိတို့မောဟိုက် စွာရှာခဲ့ရသည်ကို သက်ပြင်းချ လိုက်ကြလေ၏။

"ဘယ်မလဲကွ၊ ဒီအကောင်ရွာထဲလာတယ် ဟုတ်လား၊ မင်းတို့ကဘာလို့ ဘမ်းမထားကြသလဲ။ မင်းတို့က ဒီဝရမ်းပြေး ကို လက်ခံထားကြတယ်ပေါ့လေ"
ဟု ရာဇ၀တ်အုပ်ကိုဘိုးကွန်းက ပုလိပ်ပြီင်္ပြီ ရွာသားတွေကို ကြိမ်းလေ၏။ ရွာသားများမှာ အကျိုးလို လို့ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့ဆို သလိုပြောသည့်အတွက် အခက်ကြုံရတော့မလို ရှိကြ၏။ သို့ရာတွင် ခပ်စွာစွာရွာသားတစ်ဦးက
"ဟာ ကျွန်တော်ဘာလို့ လက်ခံရမှာလဲဗျ၊ လက်ခံမထားလို့ ဖမ်းပေးရမှာကလဲ၊ ကျွန်တော်တို့ လက်ထဲမှာ လက်နက်ဆိုလို့ နစ်ဘက်ချွန်မှမရှိတဲ့ဟာ၊ ဘယ့်နှယ်လုပ်ဘမ်းမလဲ၊ ဘိုးဒန်လက်ထဲ မှာသွေးစီး နီနီရဲရဲတွေ ခြောက်နေတဲ့ ဒါးကြီးကိုင်ရက်မြင်ရတယ်ဗျ၊ သူကမျက်နှာကြီးကလဲ၊ အဲဟိုညက၊ မယ်အိတို့ကို ခုတ်သတ်တဲ့ မျက်နှာထားမျိုးကြီးအတိုင်းဘဲ၊ ဒီရွာထဲမှာ ဘယ်သူ့ကို များသတ်အုံးမယ်လို့လဲ မပြော တတ်ဘူး"ဟု ပြူးပြူးပြာပြာပြောလေ၏။

"ဟေ့နေပါအုန်း၊ မင်းတို့ဘယ်လိုမြင်ရသလဲ၊ ဘယ်နေရာမှာမြင်ရတာလဲ"
"မယ်အိတို့တဲကလေးရှေ့မှာဘဲဗျ၊ လရောင်အောက်မှာ ဒါးမကြီးတမမနဲ့ ခေါက်တုံ့ခေါက်ပြန် ရှောက် နေတာဘဲ၊ ကျွန်တော်တို့လဲ အဝေးကသာ ချောင်းကြည်ဝံ့တာ၊ လူမြင်ရင် မြင်တဲ့လူ လိုက်ခုတ်မှာ စိုးရ သေးတယ်၊"
"အခုရှိသေးသလား"
"ဘယ်သိမလဲဗျ၊ သူ့အိမ်နားမကပ်ဝံ့ဘဲ"
"နေ့ခင်းတော့ အိမ်ရှေ့ထွက်တာ မမြင်ရဘူးလား"
"နေ့တော့ မမြင်ရဘူး၊ ညမှမြင်ရတယ်၊ သိပ်ရဲတဲ့လူဗျ  ဒီလူဟာထောင်ကလဲ ထွက်ပြေးနိုင်၊ ပုလိပ်တွေ ဒါလောက် လိုက်နေတာ သိရက်နဲ့များ  ဒီလိုရဲရဲကြီး လာဝံ့တာအံသဗျာ၊ ကျုပ်တော့ မဟုတ်မှလွဲရော၊ ဒီလူမှာ စွတ်တာ တခုတော့ ရှိပြီထင်တယ်၊ မစွမ်းဘဲနဲ့ ဒီလောက်အတင့်မရဲဝံ့ဘူး"

ဟုတ်တယ်- သူကြီးမင်းရဲ့၊ ဟိုတလောက သာစည်နယ်မဲတောရွာက စံဖဲလိုလူသားမျိုးထင် တယ်၊ သူ့ကိုပုလိပ်တွေလိုက်နေမှန်း သိရက်နဲ့၊ ဒီနားတ၀ိုက်က ဘယ်မှမပြေးဘဲ နေရုံမကဘူး ကြည့်ပါ အုံး၊ ပုလိပ်တွေက တောနင်းရှာတုံး သူကရွာထဲလာပြီး လူယောင်ပြတယ်၊ ပုလိပ်တွေ ရွာထဲရှိတဲ့ အခါတော့လဲ တောထဲက ရိပ်ခနဲ လူမြင်အောင်ပြတယ်၊ လက်ကဒါးမကြီးလဲ ဘယ်တော့မှမချဘူးတဲ့၊ သိပ်စွမ်းနေတဲ့ လူဘဲဟု ပြောကြရာ၊ ရာဇ၀တ်အုပ် ကိုဖိုးကွန်းမှာ ပုလိပ်တွေအများနှင့် လာဘမ်းသူ ဖြစ်ပါလျှက် ၀ရမ်းပြေး ဘိုးဒန် ဤမျှဇက်ရဲနေသည်ကို မခံနိုင်အောင် ရှိတော့၏။

"ဟေ့- ဒီနေ့ကြည့်ကြကွယ်၊ မြင်တာနဲ့ တပြိုင်နက်ထဲ ငါ့လာပြောလှည့်ကြ၊ အိမ်ကိုပုလိပ်ဝိုင်း ပြီးဘမ်းရင် မင်းအကောင်ခံနိုင်မလားဟု ကြိမ်းဝါးကာ ရွာသားများအား အရိပ်အဆင်စောင့်ကြည့် စေပြီးမိမိတို့ကား အစားအစာအတော်ပင် ငတ်ပြတ်လာသည့်အားလျော်စွာ ရွာကခန့်ခွဲရရှိသော ဆန်-ဆီ-ငရုပ်- ကြက်သွန်တို့ဖြင့် ကြက်လေးငါးကောင်ကို တပည့်ပုလိပ်များ ချက်ပြုတ်နေကြ သည်ကိုထန်းရည်ကလေး တမြမြနှင့် သူကြီးအိမ်ရှေ့ ကွပ်ပြစ်ပေးမှ ထိုင်၍စောင့် နေလေ၏။ အချိန်လည်း မီးခွက်ထွန်း သာသာရှိလာ၏။ ဆာလောင်မွတ် သိပ် ခြင်းကလည်း ပြင်းထန်လာရ ကား......."
"ဟေ့ကောင် တွေ ချက်လို့်မပြီးသေးဘူးလားကွ- ဆာလှပြီ၊ ထမင်းမြန်မြန်ပြင်ပါတော့ကွ"

ဟု အိမ်ရှေ့ဆီမှ အော်ဟစ်လိုက်သောကြောင့်၊ ဟင်းအိုးအနီးတွင် ကြက်ခြေထောက်ရိုးနှင့် ထန်းရည် ခါးကို မြီးနေကြသော ပုလိပ်အမှုထမ်းကလေးများသည် ပြာရီးပြာရာ ထမင်းပွဲပြင်ပြီး ဆရာ့အနီးသို့ ယူလာကြ လေ၏။
ကိုဖိုးကွန်းသည် အလွန်အမင်း ဆာလောင်၍ ၀မ်းဟောင်နေရာတွင် အငွေ့တထောင်းနှင့် ပြင်လာ သော ထမင်းပွဲရံကြီးကို ကြည့်ပြီး ကြေနပ်ခြင်းကြီးမက ကြေနပ်သွားလေ၏။

အငွေတထောင်း ထောင်းနှင့် မောင်းထောင်းဆန်ကိုချက်ထားသော ထမင်းမှာ သင်းပျံ့ မွေးကြိုင်သော အနံ့ကို ပြန့် နှံ့ဝေငှပြီးလျှင် ဆနွင်းဝါ၀ါနှင့် တောလိုက်ဘာသာဖြစ်သလို ချက်ထားသောကြက်သား၊ ဟင်းကလေး မှာလည်း မွေးကြိုင်လှသော ယနံ့ထောင်းထောင်းဖြင့်  နှာခေါင်းကိုထိစေငြိစေလေ၏။ ကြက်မြစ်ကြက်သဲ တွေကိုလည်း ပန်းကန်ကြီးတချပ်နှင့် သီးခြားကြော်ထဲ့ထားလျက် ငြုပ်သီးစိမ်း နှင့်ကြက်သွန် ကိုသံပုရာရည်ညှစ် ထာသောချပ်တနီး ကလေးကလည်း မွေးချင်တိုင်းမွေးနေတော့ ၏။

အားရပါးရ လွေးတော့မည်ဟု ထန်းရေးအိုကို ဖယ်ခါ ဇလုံပန်းကန်တွင် လက်ဆေးပြီး ထမင်းပွဲထဲသို့ လက် စိုက်မိသည်နှင့် တပြိုင်နက် ရွာသားတယောက်သည် သုတ်သီးသုတ်ပြာ နှင့် အပြေး ရောက်လာသောကြောင့် သူကြီးအိမ်သားများ ပုလိပ်များနှင့် ကိုဘိုးကွန်းပါ အံ့အားသင့် ခြင်းဖြင့် ကြောင် တက်တက်ကြီး ငိုင်ကြည့်နေကြရတော့၏။ ပြေးလာသူလည်း ကိုဘိုးကွန်း အနီး သို့ကပ်ခါ......

"ဆရာ-ဆရာ၊ ဟိုမှစံဖဲ- အဲလေ၊ ယောင်လို့- ဘိုးဒန်- ဘိုးဒန်ရောက်နေပြီဆရာရဲ့၊ တဲရှေ့မှာ မတတ်တတ်ကြီး ရပ်လို့ လက်ကလဲ ဒါကြီးနဲ့ဘဲ"ဟု မောဟိုက်ပင်ပန်း ကမန်းကတန်း ပြောလေရာ တအိမ်သားလုံး ဒိတ်ခနဲ ဖြစ်သွားကြသော်လည်း ကိုဘိုးကွန်းမှာမူကား ထမင်းစားရန်ကိုမျှ သတိ မရတော့ ဘဲ ဆပ်ခနဲ ခြောက်လုံးပြူးကို ဆွဲနှုတ်ခါ..
"ဟေ့ ဘယ်မလဲကွာလာ- လာ- သွားကြမယ်၊ ဟေ့ကောင်တွေအားလုံး ဒါလွတ်တွေချွတ်ကိုင် ခဲ့ကြ၊ ဟိုရောက်ရင် ခပ်လှမ်းလှမ်းကနေပြီး မင်းတို့လက်ချင်းဆက်ပြီး တခါထဲဝိုင်းထားကြ။ လာဟေ့သွား မယ်။"

ဟု ဆိုဆိုပြောပြော။ ဒေါရောမောရော ကသောကမြောထွက်ခဲ့ရာ။ ပုလိပ်အမှုထမ်းတွေလည်း ထမင်းပွဲကြီးတန်းလန်းမျှ မသိမ်းနိုင်ကြတော့ဘဲ။ ကိုဘိုးကွန်းနောက်သို့ လိုက်ပါခဲ့ကြရလေ၏။ သူကြီး မှာလည်း မနေသာသဖြင့် ရွာသားများကို စုရုံး ခေါ်ယူကာကိုဘိုးကွန်းသွားရာသို့၊ ကူညီရန် လိုက်ပါလာကြရပြန်သဖြင့်၊ အိမ်တွင် လူရှင်းသွားလေ၏။ သူကြီးကတော်နှင့် ကလေးများမှာလည်း ၊ စားမည့်တန်းလန်း ထမင်းပွဲကြီး ကို  မသိမ်းရသေးဘဲ ပြန်လာလျှင် အဆင်သင့်စားရန် ပြင်ထား သော အိမ်ရှေ့ဝါးကွပ်ပြစ်ပေါ်မှာပင်၊ သံဆကာအုပ်ဆာင်း အုပ်ထားလိုက်ရလျှက်၊ မိမိတို့မိသားတစု မှာ နောက်ထပ်အိမ်ပြင်လည်း မထွက်တော့ဘဲ။ တရွာလုံး တိတ်ဆိတ်၍ အထိတ်တခန့်ဖြင့် သွားကြသလို ကိုယ်စီ ကိုယ်စီ ကိုယ်ဘေးကိုယ် မြင်သဖြင့်  အိမ်တွင်းမှပင်တံခါးကို လုံခြုံစွာပိတ် ပြီး၊ ဘိုးဒန်ကို ဘမ်းဆီး၍ မိပြီဆိုသော သတင်းကိုနားစွင့်နေကြရတော့သည်။

သူကြီးကတော်လည်း။ အတန်ကြာ ငြိမ်ဝပ်စွာ နားစွင့်နေရာမှ၊ ရွာလည်ဆီကဒိန်းကနဲ- ဒိန်းကလဲ သေနတ်သံ နှစ်ချက်ဆင့်၍ ကြားလိုက်ရသဖြင့်။ တောပုန်း ၀ရမ်းပြေးကြီး  ဘိုး ဒန်ကိုမိလေပြီဟု၊ အသင့်တင့်စိတ်အေးသွားမိလေ၏။ ထို့နောက်တခဏမျှကြာသောအခါ ထမင်းပွဲပြင်ထားသော အိမ်ရှေ့ ကွပ်ပြစ်စီမှ ပန်းကန်းသံဇွန်းသံတွေ ကြားရသဖြင့် ရာဇ၀တ်အုပ်ကိုဘိုးကွန်းတို့ ပြန်လာကြ ပြီအထင်နှင့် အိမ်တံခါးပေါက် သို့ ကပြာကရာလာကြည့်မိသောအခါ။

သူကြီးကတော် နှင့် အိမ်သား တစုမှာ၊ နဂိုက ပူနေအောင် ကြောက်ကြရာတွင် အိမ်ရှေ့ကွပ်ပြစ် ထမင်းပွဲ မှာ ကိုဘိုးကွန်းတို့ မဟုတ်ဘဲ၊ ၀ါးရမ်းပြေးဘိုးဒန် ဖြစ်နေလျှက် ကိုဘိုးကွန်း တို့စားရန် အသင့်ပြင်ထားသော ထမင်းပွဲ ကြီးကို ပိုင် စိုးပိုင်နင်း အခန့်စားထိုင်းစားနေရုံမက၊ စားပြီးသော ဇွန်းများ ပန်းကန်များ ကိုပင်၊ ဂျိုးဂျိုး ဂျောင်းဂျောင်း၊ မြည်အောင် ပေါက်ချလွင့်ပစ်နှင့် လုပ်ချင်သလို မလေးမခန့်လုပ်နေသည်ကို တွေ့ရလေ၏။ ဘိုးဒန်၏မျက်မှာကြီးမှာလည်း လွန်စွာကြမ်းတမ်းခက်ထန်ျးက်၊ လက်တဘက် က ဒါးကြီးကိုလည်းမချ၊ တင်းကြပ်မြဲမြန်စွာ ဆုပ်ကိုင်ထားသည်ကိုကို တွေ့ရပြီး၊ အင်္ကျီတုံးလုံး အောက် ပိုင်းတွင် နံငယ်ကလေးမျှ ဖုံးထားသောဘိုးဒန်၏ ကိုယ်ကြီးမှာလည်း။ ယခင် ကထက် ကြီးမားထွား ကျိုင်းနေသည်ကို တွေ့မြင်ရလေ၏။

ဆက်ရန်
.

No comments: