Thursday, January 12, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁ဝ)

လူနီကလေး

၁၉၃၅-ခု ဇန်နဝါရီလတွင် ရေးသည်။

အုပ်အုပ်မှိုင်းမှိုင်း ဆိုင်းဆိုင်းညို့ညို့ဖြစ်သော သရက်ပင်အုပ်ကြီးတို့အလယ်၌ ရှေးတိုက်ပျက်ကြီး တစ်ခုမှာ ရေစကြိုမြို့ နှင့် မနီးမဝေး ရှေးခေတ်ကောင်းစဉ်က ဆောက်လုပ်ကိုးကွယ်ကြသော ကျောင်းတိုက်ဟောင်း၊ ကျောင်းတိုက်ပျက် တို့နှင့် မလှမ်းမကမ်းတွင် ရှိလေရာ၊ ၎င်း၏အခြား ပတ်ဝန်းကျင် အခြားပတ်ဝန်းကျင် များမှာကား၊ နွားစားကျက် နှင့် လယ်ပျက်ယာတော တောကုန်း ခင်တန်း သစ်ငုတ်နှင့် ချုံပုတ်ပေါင်း များစွာတို့သာဖြစ်လေ၏။
ထိုတိုက်ကြီးမှာ ရှေးခေတ်ပင် ဆိုရသော်လည်း မည်သည့်အခါဆီက ဆောက်လုပ် ခဲ့သည်ကို မခန့်မှန်းနိုင်အောင်ရှိလေ၏။ တိုက်ကြီးမှာ လေးပုံ သုံး ပုံလောက်သော နေရာများမှာ ပြိုကျနေသော ကြောင့် အင်္ဂတေအကျိုးအပဲ့နှင့် အုပ်ပုံကြီးများဖြင့် ပြီး လေ၏။

အုပ်ပြားကြီး တချပ်တချပ်မှာ လွန်စွာကြီးမား၍ ကျောက်သားကဲ့သို့ မာကျောလျက်ရှိလေ ရာ အခန်းတွင်း မှ မျက်နှာကြက်များ အခန်းနံရံများမှ ကျိုးပဲ့ပျက်စီးနေသည်နှင့်တူသော အပိုင်းအစ တို့တွင် ချယ်လယ် မွမ်းမံထားသော ပန်းပု၊ ပန်းပြောက်၊ ယိုးဒယားပန်းခက်နှင့် ဆင်စွယ်ဝန်းရှက်တို့ မှာ ရှေးအခါက လက်မှုပညာ ဘက်တွင် မည်မျှအထက်တန်းကျခဲ့သည်ကို အထူးထောက်ခံပြောဆို နေသကဲ့သို့ မှတ်ထင် ရလေ၏။ အပျက်အစီးများကလည်း ကျောက်စာအက္ခရာအမှတ်အသားက လည်း မရှိသဖြင့် မည်သည့် ခေတ်က မည်သူဆောက်လုပ်ခဲ့သော အဆောက်အဦးမှန်းလည်း မသိရ၊ လူနေသော နေအိမ် အဆောက်အဦး ပင်လော၊ ဘုန်းကြီးရဟန်းအတွက် သက်သက် ဆောက်လုပ်သော အုပ်ကျောင်းပျက်ကြီး ပင်လောဟု လည်း တွေးတော၍မရ၊ အထင်အားဖြင့်ကား ၄င်းတိုက်ပျက်ကြီးနှင့် မနီးမဝေးတွင် ကျောင်းပျက် ဇရပ်ပျက်များအခ့ရှိနေသောကြောင့် လူနေအဆောက်အဦးမဟုတ်၊ ကျောင်းသော်၎င်း ဇရပ် သော်၎င်း ဖြစတ်တန်ရာ၏ဟု သာအတွေး နှင့်ထင်မှတ်ရတော့လေ၏။

လူသူနှင့်လည်းဝေး၊ သစ်ပင်အုပ်ကြီးတို့ဖြင့် လည်းလွမ်းမိုး ကာရံထားသောကြောင့် ထိုတိုက်ပျက်ကြီး အတွင်း မှာ မှောင်ညိုအုပ်ဆိုင်းစွတ်စို ထိုင်းမှိုင်းလျှက်၊ မှတ်ချင်ယင်ဖြုတ်တို့ဖြင့် ပြည့်လျှမ်း၍ နေလေ သတည်း၊ အများအားဖြင့်လည်း ထိုတိုက်ပျက်ကြီးမှာ သူရဲချောက်တတ်သည် ဟုကျော်စောသတင်း ထင်ရှားခြင်း ဖြစ်နေ သောကြောင့်၎င်းအနီးအပါးတွင် လူသူတစုံတစ်ယောက် လာရောက်ခြင်း နည်းပါး လေ၏။

 မြို့ကလူများ အပြောကား နွားကျောင်းသားကလေးများနှင့် ရွာမှ ဟင်းရွက်ခူးထင်းခွေထွက် လာသော သူများ တိုက်ပျက်ကြီးအနီးအပါးသို့ တယောက်ချင်း မတော်တဆဖြတ်သန်းသွားမိပါက တခါတရံ ဘုန်းကြီးတပါး တောင်နေထောက်၍ စင်းကြံလျှောက် နေသည်ကိုတွေ့ရ၍ တခါကလည်း ကျပ်ကြီးထမ်း၍ လမ်းလျှောက်နေသော ဖိုးသူတော်ကြီးကို မြင်ရကာ၊ တခါတရံလည်း ခေါင်းမြီးခြုံကုလားမကြီးလိုလို တွေ့ ရလျက် တခါတရံလည်း လက်ဝတ် လက်စား ပုတီးနားဋောင်းအစုံအလင်ဖြင့် ယဉ်ကျေးလှပသော မိန်းမပျို တဦးကို မြင်ရကြောင်း၊ တခါတရံမှာလည်း မြင့်မြင့်မဲမဲအကောင်ကြီးတွေ အမွေးစုပ်စုပ် ဘီးလူးရုပ်ကြီး မျိုးတွေ အရိုးချောက် ချောက်ကမ္မဌာန်းရုပ်ပေါက်သော သတ္တ၀ါ ကောင်ကြီးမျိုးတွေ စသည်တို့ကို တွေ့ရသောအခါ အချို့မှာ လန့်ကာလာတတ်ကြ၍ အချို့ကာ လန့်ဖျားလန့်နာနှင့် ပင်ခန္ဓာကြွေရှာလေ၏။

ထိုကြောင့် ဤတိုက်ပျက်ကြီးတွင် ဥစ္စာစောင့်နှင့် သူရဲတစ္ဆေအထွေထွေသော နာနာဘာဝတို့၏ ပျော်မြူး နေထိုင်ရာ ဗိမာန်ကြီးတခုသဘွယ် ဖြစ်နေသောကြောင့် သိုက်ဆရာ အသီးသီးတို့လည်း မကြာခဏ လာရောက်ခါ ဥစ္စာစောင့်နှင့် သိုက်အကြောင်းကို စုံစမ်းတတ်ကြလေ၏။ သို့သော် ထိုနေရာတွင် အဘယ် သိုက်၊ အဘယ်ဥစ္စာစောင့်၊ အဘယ်သို့သော သူရဲတစ္ဆေတို့က အကြီးအကဲ အထူးသူရဲ နေသည်ဟူ၍ကား မည်သူမျှ အတတ်မပြောနိုင်ကြပေ။

တစ်ခါတစ်ရံလည်း ရွာနီးပါးချင်းမှ ထိုတိုက်ပျက်ကြီး အနီးအနားတွင် နွားကျောင်း၊ ဆိတ်ကျောင်း၊ ထွက်လာသည်များအနက်မှာ အချို့နွားများ ဆိတ်များသည် အရိပ်အာဝါသနှင့်ပြည့်စုံ၍ မြက်ရေ ကောင်းရာ ထိုတိုက်ပျက်အတွင်းသို့နယ်ကျွံ၍ ဝင်မိချေက ထိုဝင်သ၍နွားနှင့်ဆိတ်တို့မှာ ပြန်၍ထွက် လာသည်မရှိ။ မည်သည့်နေရာတွင် ရောက်နေသည်ဟုလည်း ကြည့်၍မမြင်၊ ဝင်မိသမျှ မထွက်လာ ဘဲ တိုက်ပျက်ကြီး ထဲတွင် ခန္ဓာစဲ၍ သေပွဲဝင်ရရှာသည်သာများ လေသတတ်။

ဘိုးတေမှာ အမည်နှင့်လိုက်အောင် ပေတေဆိုးသွမ်း၍ ရွာတွင် ခပ်ရမ်းရမ်းနေခဲ့သူတစ်ယောက် ဖြစ် လေ၏။ အမြဲအားဖြင့်လည်း ပင်ကျရေနှင့် ပျော်မြူးကာ ရွာတွင်ရှိသော ကြက်ဝက်တို့ကို ညဥ့်အချိန် များတွင် တအိမ်တလှည့် ခိုးဝှက်ခါ ချက်ပြုတ်ဖုတ်ကင်လျှက် ပင်ကျရေနှင့် မြီးနေကျဖြစ်ရာ အခိုးခံရ သော ကြက်ရှင်၊ ဝက်ရှင်တို့မှာ ဘိုးတေခိုးမှန်း သိရှိရိပ်မိကြသော်လည်း ၎င်း၏မိုက်ရိုင်းရမ်းကားခြင်း များကို ကြောက်လန့် သဖြင့် မည်သူမျှ မမေးဝံ့၊ မပြောဝံ့၊ တရွံ့ရွံ့ကြိတ်မှိတ်၍သာ ခံကြရစမြဲဖြစ်လေ သတည်း။

တခါတရံလည်း နွားများ၊ ကျွဲများပင် အရှင်လတ်လတ် ခိုးယူကာ ရွာပြင်တောစပ်၌ သတ်ဖြတ် စား သောက်လေ့ရှိ၏။ ၎င်း၏နောက်ပါအပေါင်းအသင်းများမှာလည်း ဝမ်းဝအောင် စားသောက်ရသဖြင့် ဘိုးတေ နောက်မှ တကောက်ကောက် အမြဲပါကြသောကြောင့် ညဥ့်အချိန်မဲ့တွင် ရွာထဲ၌ ၎င်း၏ အပေါင်းအသင်း များမှာ ဆူပူသောင်းကျန်း မူးခန်းဖွင့်၍သာနေမြဲဖြစ်လေ၏။
ထို့ကြောင့် ရွာသူရွာသားများမှာ ရွာတွင်းမှာ ပျေက်လျှင် ဘိုးတေလက်ချက်ဟုထင်ကြ၍ ရွာပြင်တွင် ပျောက် က တိုက်ပျက်ကြီးမှ သူရဲတစ္ဆေတို့ လက်ချက်ဟုသာ တထစ်ချ ထင်မှတ်ကြရလေ၏။
ရွာတွင်းမှ လူတို့မှာ ညအခါ ခိုးသော ဘိုးတေ၏ရန်ကို ကြောက်ကြသဖြင့် နွားပိုင်ရှင်၊ ကြက်၊ ငှက် တိရစ္ဆာန်ပိုင်ရှင်တို့မှာ ကြာသော် မခံမရပ်နိုင်ဖြစ်၍ နွားခြံတို့မှာ တညလုံး မီးဖိုလျက် လူလဲနှင့် စောင့် ရှောက်အိပ်စက်ကြရလေ၏။

ရွာပြင်စားကျက်တွင် ကြောင်းလှန်ထားသော နွား၊ ဆိတ်၊ ကြက်၊ ငှက်များကိုလည်း တိုက်ပျက်နား သို့မရောက်အောင် ကွင်းရှောင်နိုင်သမျှ ကွင်းရှောင်ကြကုန်၏။ ထိုကြောင့်ကြာသော် ဘိုးတေတို့လူ စုမှာ စားပေါက်ပိတ်မှန်းမသိ ပိတ်ခဲ့ကြ၍ အသောက်သမား လူမိုက်လူတေများမှာ မသောက်မစားရ လျှင် လောကကြီးကို ညီးငွေ့တတ်ကြကုန်သည်ဖြစ်သောကြောင့် ဘိုးတေတို့မှာ ရွာတွင်းမှစီးပွား လမ်းမဖြောင့်၍ ရွာပြင် သို့ထွက်ကြပြန်လေ၏။ နာမည်ကြီးသော တိုက်ပျက်ကြီးကို အမှီသဟဲပြု၍ ခိုးဝှက်တိုက်ခိုက်ရန် အကြံပြုကာ တိုင်ပင်ထားကြလေ၏။

"ဗျို့ ကိုဘိုးတေ ဒီတိုက်ပျက်ကြီးထဲ သွားစတဲ့ချတာက ဟုတ်ပါရဲ့၊ အဲဒီတိုက်ပျက်ကြီးကလဲ တစ္ဆေ သူရဲသိတ်ကြမ်းတာ ဆရာရဲ့။ အဲဒါ ဘယ့်နှယ်လဲ။ ကျုပ်တို့ကို သူရဲတွေက ကတုံးပေါ်ထိပ်ကွက်နေ မယ်ဆိုရင် ဂျောက်ကျကုန်တော့မှာပဲ"
ဘိုးတေမှာ လူမိုက်ခေါင်းဆောင်တယောက်ဖြစ်သည်နှင့်အညီ၊ တစ္ဆေသူရဲစသော နာနာဘာဝတို့ကို လည်း မလေးမစားပမာမထားသူဖြစ်လေရာ အကြောက်အလန့်ကလည်း၊ လုံးလုံးကြီးမရှိသကဲ့သို့ ရွာတွင် လူသေလျှင်၊ အလောင်းကိုင်မည့်စဏ္ဌာလမရှာရ ဘိုးတေပင်ကဇော်ဘိုး အနည်းငယ်ရလျှင် လုပ်လေ့ရှိ၏။ နဲနဲပါးပါးပိုပေးလျှင် တွင်းတူးမြေမြှုပ်သည်တိုင်အောင် ဆောင်ရွက်၏။ ရေတွင်းထဲ လူ ကျသေ၍ ဆယ်သူမရှိလျှင်လည်း၊ ၎င်းပင် အခယူ၍ အလန်နှစ်ဆယ်၊ အစိပ်ရှိသောရေတွင်းထဲသို့ ကြိုးနှင့်ဆင်း၍ လူသေကို ကုန်းပေါ်ရောက် မေခလာပွေ့ပွေ့တင်တတ်လျှက်၊ ကြိုးဆွဲချသေသော အလောင်းများကိုလည်း မည်သူမျှကြိုးဖြတ်မည့်သူမရှိလျှင်၊ ဘိုးတေ ကဇော်များများ သောက်ရမြဲ ဖြစ်လေ၏။

တခါတရံ ရွာတွင် ကာလဝမ်းနှင့် ပုလိပ်ရောဂါကြောင့် လူသေလျှင်လည်း၊ အခြားလူ တွေမှာ ကြောက်ရွံ့ထွက်ပြေးရှောင်တိမ်းကြစေကာမူ၊ ဘိုးတေက ဆိုးပေနေသည့်အတိုင်း မကြောက်မရွံ့ နောက်မတွန့်ဘဲ၊ အခကောင်းကောင်းယူ၍ လူသေကို သင်းချိုင်းရောက်အောင် ပို့ ပေးလေ့ရှိသူဖြစ်ရကား။

"တိုက်ပျက်ကြီးက တစ္ဆေသူရဲလောက်တော့ အပြော့ပေါ့ တပည့်ရာ၊ ဘာကြောက်စရာရှိသလဲ၊ လိုက်သာ လိုက်ခဲ့ကြ ဟိုမှာ အင်မတန်ချောင်ကောင်းသကွ တစ္ဆေသူရဲကြမ်းတယ်ဆိုလို့ ဘယ်ပုလိပ် မှပဲ လာဘမ်းဝံ့ မှာ မဟုတ်ဘူး။ တိုက်ပျက်ထဲမှာ ဖဲဒိုင်ခံမယ်ကွာ၊ တောအရက်တွေချက်ပြီး တဝကြီး သောက်မယ်ကွာ၊ နွားတွေ၊ ဆိတ်တွေ ခိုးပြီး ချက်စားမယ်ကွာ၊ တို့ဘာလုပ်လုပ် နွားပျောက်ရင် တို့ကိုထင်မှာမဟုတ်ဘူး။ တိုက်ပျက်ထဲက သူရဲဆွဲတယ်ထင်မှာပဲ။ ကဲပြောနေကြာတယ် လာကြ ကွာ သွားမယ်"
ဟု ဆိုကာ ဘိုးတေသည် ၎င်း၏နောက်တော်ပါ ဘိုးစုံ၊ ဘိုးနု၊ သာဇံ၊ အောင်ကျော်၊ ငမှော်၊ ငညှာ စ သော လူတေ တပည့်အပေါင်း တို့နှင့် ရွာပြင်တောစပ်မှာ တိုင်ဝင်းမှ တိုက်ပျက်ကြီးဆီသို့ ထွက်လာခဲ့ ကြလေ သတည်း။

နေ့ခင်းကြောင်တောင်ကြီးပင် ဖြစ်လင့်ကစား တိုက်ပျက်ကြီးမှာ အနီးပတ်ဝန်းကျင်ရှိ သစ်ပင်အုပ် ကြီးတို့ အုပ်ဆိုင်း ညိုမှိုင်းနေသောကြောင့်၊ တိုက်အတွင်းတွင် အလင်းရောင်ကောင်းစွာမဝင် မှိုးတိုး မှောင်တော်ဖြစ်၍ နေရာတွင် အပြင်မှ သရက်ပင်အုပ်ကြီးကို လေသိမ့်လှုပ်ရှားလိုက်သောအခါ၊ တ ရုတ်ရုတ် တသဲ့သဲ့ သစ်ကိုင်းကြီးကြိတ်သံချင်း မစဲအောင်ရှိ၍ အပင်အောက်က သစ်ရွက်ခြောက် များ မှာလည်း တဖြောက်ဖြောက်တရှဲရှဲ လေဆွဲတိုင်းလှုပ်ရှားလျက်၊ တချက်ချက် တချောက်ချောက် အသံတို့ကြောင့် လူတေတသင်းတို့မှာ နာမည်ကြီးသောထိုတိုက်ကြီးအတွင်းသို့ ဝင်ကထဲက စိမ့်ခနဲ စိမ့်ခနဲ ဖြစ်လျက် ကြက်သီးမွေးညှင်း တဖျင်းဖျင်းထ၍ နေကြလေ၏။

"ဟေ့ သာဇံ၊ ဟောဒီထောင့်က နေရာက အမိုးလဲရှိတယ်၊ အကာအရံလဲ လုံခြုံသေးယ်၊ တို့အိပ်ဘို့ နေရာလုပ်ရအောင် အုတ်ကျိုးအုတ်ပဲ့တွေဖယ်ပြီးလှဲထား ဟောဟိုဘက်ထောင့်ထဲက မှောင်မဲနေတဲ့ နေရာ ကိုလဲ အုတ်ကျိုးတွေသယ်ပစ်ကြ၊ အရက်ချက်ဘို့နေရာအဖြစ်နဲ့ အသုံးပြုမယ်၊  ဟောဟို အပေါ်ထပ်ကလေးလဲပြိုလုဆဲဆဲ တပိုင်းကျန်နေတာ အောက်ကအဆင့်တွေ အခိုင်ကြီးဘဲ၊ ငါတို့ ဖဲ ချဘို့နေရာပေါ့ကွာ၊ ဒါမှ အဝေးက လူစိမ်းဝင်လာရင် အခန့်သင့်မြင်နိုင်မှာ အောင်ကျော်နဲ့ ငမှော်က ရွာထဲ လယ်ပြီး ဖဲချဘို့လူဆွယ်၊ ဘိုးစုနဲ့ ဘိုးနုက ကဇော်ဖောက်ဘို့ အိုးတွေ၊ ခွက်တွေရှာ၊ ငညှာနဲ့ သာဇံက နေရာထိုင်ခင်းအတွက်လုပ်၊ ငတုတ်နဲ့ ငမျှားက နွားတို့ဆိတ်တို့ အနီးအပါးလာရင် ချောင်း ဘမ်း၊ ဘကြမ်းနဲ့ ငစီတို့လဲ ဘောင်ရွာက ငဘေးကြီးကို ဖဲချဖို့ လူရှာခဲ့ပါလို့ သွားပြော"
စသော အော်ဒါအမိန့်များကို ဘိုးတေ၏နှုပ်ဖျားမှ မနေမနားပြောသဖြင့် တပည့်များလည်း အမိန့်အ တိုင်း လှဲသူလှဲ၊ ရှင်းသူရှင်း၊ နေရာထိုင်ခင်း စီမံသူစီမံ ရွာပြန်သူပြန်နှင့် လုပ်ကိုင်ဆောင်ရွက်နေကြ လေ၏။

    ထိုသို့ရှိစဉ် ဘိုးတေနှင့် တပည့်တစုတို့လည်း၊ တိုက်ပျက်ကြီး၏ ထောင့်ကြိုထောင့်ကြား သို့ ရောက်ကြတိုင်း၊ အုတ်ကြိုးအုတ်ပဲ့များကို ဖယ်ရှားကြည့်ကြရာ၊ ဆိတ်ရိုး ၊ နွားရိုးစသော အရိုးစု အရိုးပုံ၊ ခေါင်းခွံ များ တိရစ္ဆာန် အရေခွံများကိုတွေ့ရလျှင်၊ ဘိုးတေလည်းထိုအရိုးစုများကို လှန်လှော ကြည့်ရှုကာ...
    "ဟေ့-ဒါတွေဟာတို့ရွာက နွားစားကျက်မှာပျောက်ခဲ့တယ်ဆိုတဲ့ နွားတွေ၊ဆိတ်တွေရဲ့ အရိုးတွေ နဲ့တူသကွ၊ တို့တော့ဒီနေရာခိုမိတာ အားကြီးနေရာကျတာဘဲ"
    "ဘယ်ကျွဲစား စား ဗြဲမခေါင်းရောက်" ဆိုတဲ့စကားလို၊ ဒီနေရာခိုပြီး နွားတွေ၊ ဆိတ်တွေ ခိုးချင်တိုင်း ခိုးသမျှ၊ တိုက်ပျက်ကြီးက သားရဲတစ္ဆေတွေရဲ့ ခေါင်းကျမှာဘဲ"
    ဘိုးနု။  ။ ဒါနဲ့-ဆရာ၊ ကျွန်တော်တို့ ဒီမှာအမြဲနေကြမှာလား၊ ညညလာမှာလားဆရာရဲ့၊ ညမှာနေလို့ ရှိရင် မီးထွန်းစရာလည်းမရှိဘူး။

    တေ။   ။ နေဆို နေ့ရော၊ ညရော နေမှာပေါ့ကါ၊ ပေတဲ့- ညလူခြေတိတ်ချိန်ကစပြီး လူအားလုံး ဒီမှာ စုနေမယ်။ နေ့နေ့ကျတော့ တချို့ကဒီမှာနေ၊ တချို့ကဟန်မပျက် တလှည့်စီရွာမှာ မျက်နှာပြကြ၊ ဒီတိုက်ပျက်ကြီး ကို ငါတို့လူစုသွားလာနေကြမှန်း ဘယ်သူမှမရိပ်မိစေနဲ့၊

    ဘိုးစု။    ။ဟောဟိုမှာငတုတ်နဲ့ ငမျှားဆိတ်တကောင်စီဆွဲလာကြပြီ ဆရာရေ၊ ဟန်ကျတာဘဲ၊ ဒီနေ့ညဒီမှာကျွန်တော်တို့ အသင်းကကလပ်ဖွင့်ပွဲကျင်းပရအောင်၊ ဂဇော် ဆယ့်ငါးပုလင်းလောက် သာ လိုတော့ တယ်။
    ငညှာ။    ။ မလိုနဲ့တော့ဆရာ၊ ဟိုမှာ-ဟိုမှာ လာနေပြီ။ အောင်ကျော်နဲ့ သာဇံပုလင်းတွေ ပွေ့လို့၊ ဒီနေ့ တော့ ပျော်ပွဲကြီးကြုံပြီ။
    ထိုညအဘို့၊ ဘိုးတေတို့လူစုမှာ တိုက်ပျက်ကြီးတွင်၊ ထင်းမီးစုပုံဖိုလျက်၊ တောအရက်ကိုခွက်လှဲ့ သောက်ကြကာ နေ့လည်ကဘုံးလာသော ဆိတ်နှစ်ကောင်ကို သတ်ဖြတ် ဖုတ်ကင်၍ အရက်နှင့်မြည်းရင်း၊ ပျော်ပွဲကြီး ကျင်းပနေကြလေသတည်း။

    လူတစုမှာ သောက်ရင်းစားရင်း ၊ တမျှင်းမျှင်းမူးရစ်စပြုလာကြရာ၊ သရဲကြမ်းသည်ဆိုသော တိုက်ကြီး မှာလည်း၊ ဂျိုးဂျိုးဂျောက်ဂျောက် အသံကလေးများကို မှမကြားရသေးပေ။ ထိုကြောင့် ဘိုးတေတို့လူစုမှာ နေ့ခင်း က စိမ့်၍ ကြောက်မိသည်ကိုပင်၊ ပြန်၍ရှက်မိသလိုလို ရှိကြလေ၏။

"ဟေ့ သရဲကြမ်းတဲ့တိုက်ပျက်ကြီးဟာ၊ တို့လာတော့ ဘာသံမျမကြား၊ တုတ်တုတ်မျှ မလှုပ် ဝံ့ကြပါကလား။ ဟိဟိ-ဒါနဲ့များရွာကလူ့ ငနွားတွေက ဒီနေရာကို သေမင်းပြေလောက်ကြောက် နေကြ တာ အံ့ပါရဲ့ကွာ"
ဟု ဘိုးစုကစ၍ပြောလိုက်လျှင်၊ ဘကြမ်းလည်း ဆိတ်သားကင် ကို တဘက်က ကိုက်၍၊ ဂဇော်ထည့်သော အုန်းမှုတ်ပဲ့ ကို တဘက်ကကိုင်လျှက်
    "ဒါကောင်းတယ်ဆရာ၊ သူတို့ ဒီနေရာကြောက်လေလေ၊ ကျွန်တော်တို့စားပေါက်ချောင် လေလေဘဲ" ဟုပြောရာ အခြားသူများကလည်း၊ စားစားသေက်သောက် ပျော်ရွှင်စွာ ထောက်ခံကြ လေ၏။

ထိုအချိန်ကား ည ၈ နာရီ အချိန်ခန့်မျှရှိလေရာ တိုက်ပျက်ကြီးမှာလည်း မှောင်နှင့်မဲမဲ သစ်ပင်အုပ်ကြီး တို့မှာလည်း လေသံကြောင့်တသဲသဲ တစ္ဆေသူရဲတို့ ပျော်မြူးနေဘိသကဲ့သို့ရှိလေ ၏။ ဖိုထားသောမီးဖိုမှာ ဘိုးတေ တို့လူစု၏ အလယ်တွင် မှိန်တချက် လက်တခါနှင့် ရှိသောကြောင့် ကိုယ့်လူအချင်းချင်းပင် ထင်လင်းစွာ မမြင်ရဘဲ ရှိလေ၏။ ထိုအတွင်း၌ မူးသူမူး ဆူသူဆူ ပူသူပူနှင့် ကျွတ်စီကျွတ်စီဖြစ်နေကြစဉ်၊ တိုက်ပျက်ကြီး၏ အလယ်ဗဟိုဆီမှ ဂျိမ့်ကနဲ သိမ့်ကနဲ မိုးချုံးသံပမာ ပြင်းထန်သော အသံကြီးတခု ပေါ်ပေါက် လာလေ၏။

လူတေတစုလည်း ရုတ်တရက်ငလျင်လှုပ်သကဲ့သို့ ထင်၍ မူးယစ်ရာမှသတိရပြီး တယောက်နှင့်တယောက် ကြပ်တည်းစွာ ဖက်ထားကြလေ၏။ တိုက်ကြီးမှာ ပုခက်လွဲသလို ဟိုမှဒီမှ လှုပ်ရှားလျှက် နံရံတွင်ရှိသော အုတ်ကျိုးအုတ်ပျက် တို့မှာ တဖြုတ်ဖြုတ်တဖျက်ဖျက် ပြုတ်ပျက်ပြိုကျလျှက်ရှိရာ ဘိုးတေမှာ ထိတ်ထိတ် ပြာပြာ နှင့်
    "ဟေ့ဟေ့ကောင်တွေ တယောက်တယောက်ပြီး မီးဖိုနားကပ်နေကြနော် ငလျင် လှုပ်တာကွ၊ အပေါ်က အုတ်ခဲတွေ မင်းတို့ခေါင်းပေါ် စင်ကျလို့ အနာတရဖြစ်အုံးမယ်" ဟုပြောကာ မီးဖိုနားတွင် ပြားပြားဝပ်ကာ နေကြလေ၏။

တခဏမျှကြာသော် ငြိမ်သက်တိတ်ဆိတ်သွား၏။ ဂျိုးဂျိုးဂျိမ့်ဂျိမ့်လည်း မလှုရှား၊ အုတ်ပြားလည်း ပြို မကျတော့ပေ။ ဘိုးတေတို့လည်း ခေါင်းထောင်ကြပြန်ပြီ၊ အာပေါင်အာရင်း ကျယ်ကျယ်နှင့် ဆက် ပြောဆိုငြင်းခုံ သောက်စားကြပြန်လေ၏။

ထိုအခိုက် တိုက်ပျက်ကြီးအတွင်းသို့ အလွန်မြင့်သောအရပ်မှ လေးလံသော အရာတခုကျ လာသကဲ့သို့ ဝုန်းခနဲ ကျသ့ကြီးတခုကို ကြားရသဖြင့် အားလုံးပင် နားစိုက်ထောင်နေကြရာ "ဟီဟိ" ဆိုသော အသံနက်ကြီး တခု ပေါ်လာလေ၏။

    ဘိုးတေတို့ လူတသိုက်လည်း အံ့အားကြီးသင့်ခါ တယောက်မျက်နှာ တယောက်ကြည့်၍ ကြက်သေ သေ နေကြလေ၏။ ထိုအခိုက် ပြင်းထန်သောခြေသံကြီးနှင့် နင်းလျှောက်နေသော ခြေသံတခု ကိုကြား ရသဖြင့် အားလုံးပင်အသံကြားရာဆီသို့ လှည့်ကြည့်ကြရာ အရပ်တတောင် လောက်သာရှိသော လူနီ ကလေးတယောက် စည်ပိုင်းလောက်ရှိသော တင်းဘုတ်ကြီးတခုကို ထမ်းကာ တတောင်သာသာရှိသော ခြေဖဝါးကြီး ဖြင့် နင်းခါနင်းခါ မီးဖိုအနီးတွင် လမ်းလျှောက်  နေသည်ကို တွေ့မြင်ရကြလေ၏။

လူနီကလေးမှာတကိုယ်လုံး ဟင်းသပြဒါးကဲ့သို့ ရဲရဲတွတ်နီမြန်းလျှက် လူ့မျက်နှာလောက် ရှိသော မျက်နှာမှာ မျက်လုံးပြဲကလေးမှာ သပိတ်ရောင်တမျှ မဲနက်လှလေ၏။ အကောင်အထည်က သေးငယ် လှသော်လည်း ခြေသံကြီးမှာ သိမ့်သိမ့်တုန်မျှ ပြင်းထန်လှပေ၏။

(နု) ဆရာ-ဆရာ ဟိုမှာ လူနီကလေးတင်းဘုတ်ကြီးထမ်းလို့ လမ်းလျှောက်နေလိုက်တာ အမယ်လေး ခြေထောက်ကြီးကလဲ နဲတာကြီးမဟုတ်ပါလား။ ထိုအခိုက် လူနီကလေးသည် ပြင်းသထက်ပြင်းပြင်းကြီး လမ်းလျှောက် လာရာမှ ရပ်တန့်ခါ လက်တဘက်က  တစုံတယောက် သောသူတို့ကို လက်ယပ်ခေါ်သလို ဒေါပါပါ ခေါ်လိုက်သောအခါ ကျောက်ဘီလူးရုပ်ကြီးတွေလို အစွယ်ပြူးပြူး ဗိုက်ပူနံကားဖေါသွပ်သွပ် မဲမဲကောင်ကြီး တွေ လူနီကလေးအနီးသို့ ဒူးတုပ်ခါ ပေါ်လာကြလေ၏။ လူနီကလေးလည်း ထိုမဲမဲ သတ္တဝါကြီး တွေအား တစုံတခုစေခိုင်းဟန်နှင့် ညွှန်ပြ လိုက်ရာ မဲမဲသတ္တဝါကြီးတွေမှာ ရိုသေစွာ ခေါင်းညိမ့်လျှက် ထွက်ခွာပျောက်ကွယ်သွားကြလေ၏။

လူနီကလေးကား အကြီးအကဲဖြစ်တန်ရာ၏ဟု ကြောက်ကြောက်နှင့်ကြည့်၍နေကြလေ၏။ ဘိုးတေ မှာမှုကား လူမိုက်တို့၏ခေါင်းဆောင်ဖြစ်၍ အတော်မိုက်ရှုးရဲသတ္တိရှိသူလည်းဖြစ်၍ မကြောက်သေး သော်လည်း တပည့်များမှာမှုကား အမူးမှာအကြောက်ကြောင့် ပျောက်ပြေသွားကြလေပြီ၊ အချင်းချင်း လက်တို့ခါ...

"ဟေ့ကောင်တွေ နေရာမကျဘူးဟေ့ ပြေးမှဘဲ၊ လူနီကလေးဟာ တတောင်လောက်သာရှိ တယ်၊ ဘယ်လောက် ပါဝါများသလဲ လက်ထဲကတင်းဘုတ်ကြီးကလဲ အဆမတန်ကြီးပါကလား သွားမှဖြစ်မယ် ထင်တယ်၊ ဟိုမဲမဲကောင်ကြီးတွေ တို့ဆီလာချောက်ဘို့ လွှတ်တယ်ထင်တာဘဲ။" ဟု တိုးတိုးတိတ်တိတ် လက်ကုတ် ပြောနေကြရာ၊ ဘိုးတေလည်း တပည့်တွေ ဟန်ပျက်နေသည်ကို အကဲမရ၍
"ဟေ့ကောင် တွေ ဘာကြိတ်ကြံနေကြတာလဲ သူရဲကြောက်လို့ ပြေးပေါက်ရှာတာလား၊ ရီးတီးရားတား တော့မလုပ်ကြနဲ့ကွ၊ သူရဲထက်ငါက မင်းတို့ဇက်အရင်လှီးမှာ။" ဟု ဒါးကိုထောင်၍ပြ လိုက်သဖြင့် တပည့် များလည်း ကြောက်ကြောက်နှင့် ပြားပြားဝပ်နေကြလေ၏။

လူနီကလေးလည်း၊ တင်းဘုတ်ကြီးထမ်းရင်း၊ သွက်သွက်ကြီးခေါက်တုံ့ ခေါက်ပြန်လမ်း လျှောက်လေ၏။ ဘိုးတေ လည်း လူနီကလေး၏၊ မခိုးမခန့်လုပ်ပုံကို ဒေါပွ၍လာကာ ငါလဲသင်းလိုရှောက်ပါသော်ကောဟု၊ ကြိမ်းဝါးကာ အားကျမခံ၊ ဒါးလွယ်ကို ထမ်းပြီး၊ မီးဖိုအနီးတွင် ခေါက်တုံ့ခေါက်ပြန်၊ သွက်သွက်ကြီး လမ်းလျှေက် လေ၏။ သို့နှင့်မီးဖို၏တဘက်က လူနီကလေးနှင့် အခြားတဘက်က ဘိုးတေတို့လည်း၊ မရပ်မနေ လမ်းပြိုင်လျှောက်နေရာ လူနီကလေးလည်း ဘိုးတေကို စောင်း၍မျှမကြည့် က္ကနြွေကြီးရင့် ခက်ထန်လှသော မျက်နှာထားကြီးနှင့် သွက်သွက်ကြီး လျှောက်သထက်လျှောက်၍နေလေ၏။ ဘိုးတေ လည်း လူနီကလေးကို မျက်တောင်မခတ်ဘဲစိုက် ကြည့်ရင်း၊ ၄င်းမြန်လျှင်မြန်သလောက်၊ ၄င်းက နှေးလျှင်နှေးသလိုလိုက်၍လျှောက်လေ၏။

လူနီကလေးလည်း မိမိကို ပြောင်လှောင်ဘိသကဲ့သို့ ရှိနေ၍၊ ဒေါသခက်ထန်လာကာ၊ ခြေကိုပြင်းပြင်း နင်း၍ လျှောက်ပြန်လေ၏။ ဘိုးတေလည်း လူနီကလေးကဲ့သို့ပင် ခြေကို ခပ်ပြင်းပြင်း နင်းလျှောက်ပြန်ရာ၊ လူနီကလေး မှာ မခံချင်သလို ဆပ်ခနဲ ခုန်လိုက်ရာ နှစ်တောင်လောက်မြောက်သွားပြီး ပြန်ကျလာလျက်၊ ဆက်လက် လျှောက်မြဲလျှောက်ပြန်၏။ ဘိုးတေလည်း တချက်ခုန်လိုက်ပြန်ပြီး ဆက်၍လျှောက်လေ၏။

ဆက်ရန်
.

No comments: