Tuesday, January 10, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၈)

သူကြီးကတော် နှင့် အိမ်သားများမှာ ပုလိပ်တွေနေတ်ဒါးလှန်တို့နှင့် ၀ိုင်းအဘမ်းခံရသူတောပုန်း ၀ရမ်းပြေးကြီး ဘိုးဒန်၏ရဲရင့်ပုံကို၊ အသည်းဆပ်ဆပ်တုန်းအောင်ကြောက်ရွံ့လျက် အိမ်ထဲသို့ ရုတ်ရက် ၀င်မလာ နိုင်ရန်၊ တံခါးကို အမြန်ပိတ် ပြီး ကြိတ်မြုံနေရရှာလေ၏။ ဘိုးဒန် ကား ပုလိပ်တွေ စား မည့် ထမင်းပွဲကို၊ ဗိုက်ပြဲဗိုက်သန်း အ၀နှံပြီး။ ပန်းကန်ခွက်ယောက်တွေ ကန်ကြေက်ပေါက်ခွဲကာ၊ ရွာပြင်သို့ ပြန်ထွက်သွား လေတော့၏။

သူကြီးကတော်နှင့် အိမ်သားများလည်း။ ကြောက်ရွံ့ငြိမ်သက်စွာကြည့်နေကြ၍၊ အတန်ကြာမှ သူကြီးနှင့် ရာဇာဝတ်အုပ် တို့ လူစုဆူဆူညံညံဆဲဆိုမန်မဲကာ ရောက်လာကြလေသည်။ သူကြီးကတော် လည်း။ သူကြီး နှင့် ကိုဘိုးကွန်း တို့ဆီသို့ အူယားဖားယားပြေးထွက်လာ၏။ ရာဇ၀တ်အုပ်နှင့် သူကြီးတို့မှာ မကြေမချမ်း တဖြစ်တောက်တောက် ရေရွတ်နေကြလေ၏။

    ’’လွတ်သွားတာ နာသဗျာ သူကြီးရယ်။’’
    ’’ဟုတ်ပါရဲ့ ရာဇ၀တ်အုပ်မင်းရယ်။ ဒီ-တခါတော့ ပုလိပ်တွေလက်ချင်းဆက်ပြီိး။ ပိုင်ပိုင်နိုင်နိုင်ကြီး ၀ိုင်းမိပါရက် နဲ့ ဒီလိုဖြစ်ရတာ သိပ်အခံရခက်ထာဘဲဗျာ။’’
    ’’၀ိုင်းမိတာထက်သူကြီးနဲ့ ကျွန်တော်နဲ့ ဒီကောင်တဲထဲဝင်ပြေး-ပြေးချင်းလိုက်တယ်မဟုတ် လားး။’’ တဲထောင့်ကြားမှာ ဒါးကြီးတန်းလန်း နဲ့ ဒီကောင်ကို ကျုပ်ကပိတ်နေလို့။ ခြောက်လုံးပြူးနဲ့ တေ့ချိတ်ပြီးလက်နှိပ်ဓါတ်မီး ထိုးကြည့်တော့လဲ ။

ထူအမ်းအမ်းဖောသွတ်သွတ် မျက်နှာကြီးမှာ အဆီတွေဝေပြီး ပါးမြိုင်းမုတ်ဆိတ်တွေကလဲ ၀က်မွေးလို ထိုးထိုးထောင်ထောင်ကြီး နဲ့ ဖြဲစပ်စပ်ကြီး ကျုပ်ကိုလှမ်းကြည့်နေတာဘဲ။ သူ့လက်ထဲက ဒါးကြီးကို ချခိုင်းတာ မချတာ နဲ့ ဒေါသထွက်ပြီး သေနတ်ကိုနှစ်ချက်တေ့ပြီး မောင်းဖြုတ်ချလိုက်တာ ကျုပ် အထင်တော့ အူတွေထုတ်ခြင်း ပေါက်ထွက်ပြီး သေပြီထင်လိုက်တာ ၊ခွေးသားအတော်ခံနိုင်ရေရှိတယ်။ ဘာမှ မဖြစ်ဘူးဗျို့၊ ကျုပ်မျက်နှာကို သူ့ကိုယ်လုံးကြီးနဲ့ ပစ်တိုက်ပြီး ၀ှီးကနဲအပြင်ထွက်သွားတာဘဲ၊ ဒီကောင် သေနတ်များ ပီးလေသလားမသိဘူးဗျာ၊ထူးတော့အတော်ထူးတာဘဲ။

’’ကျွန်တော်တော့ သေနတ်ပီးရုံတင်မကဘူး ကိုယ်ပျောက်အတတ်ပါတတ်တယ် ထင် တာဘ။ဲ ဘာပြုလို့လဲ ဆိုတော့ ဒီကောင်တဲထဲက ထွက်ပြေးလာတော့ တဲပြင်မှာလဲတဲကို ပုလိပ်တွေကရော ရွာသားပါ လက်ချင်း ဆက်ပြီး ၀ိုင်းထားတယ်ဗျာ။ ဒီလောက်ကြပ်ကြပ်တဲထဲ ၀ိုင်းထားတဲ အထဲရှာလို့မရအောင် လွတ်ထွက် သွားတာ။ ဒီကောင်ကိုယ်ပျောက်မတတ်ရင် ငှက်မို့ပျံမလား၊ နဂါးမို့ မြေလျှံသွားနိုင်သလား၊ စဉ်းစားကြည့်စမ်းရာဇ၀တ်မင်းရဲ့၊ဘယ်နည်းနဲ့မှ မဆိုဒီအကောင်သေနတ်ပီး ဒါးပြီးနဲ့ ကိုယ်ပျောက် အတတ် ရှိရမယ့် တကယ့်လူစွမ်းကောင်းကြီးဘဲ။
’’ဒါကြောင့် ဒီလောက်တောင် ရဲပေတာ ပေါ့ဗျာ။

သူကြီးပြောသလိုလဲ တွေးနိုင်တာဘဲဗျို့ ကျုပ်လဲဒီကောင်ကြီးရဲ့ ထူအမ်းအမ်းစပ်ဖြဲဖြဲမျက်နှာကြီးကို မြင်ပြီး ကြက်သီိးထ သလိုလိုတောင်ဖြစ် လာသည်။’’ ဒီလိုအစွမ်းသတ္တိရှိတဲ့တောပုန်း ၀ါးရမ်းပြေး ဖမ်းရတာ သိပ်ခက်တာဘဲဗျာ။ သာစည် နယ်မှာပေါ်ဘူးတဲ့ စံဖဲလိုအကောင်မျိုးနဲ့ တူတာလို့ ဖြစ်ရတာ မဟုတ်လား။ ကဲဗျာ- ဒါတွေထားပါအုံး၊ ဒီနေ့မမိလဲ တနေ့နေ့တော့မိအောင် ဖမ်းရမှာဘဲဗျာ။ ဒါကြောင့် ကျုပ်လဲ ထမင်းစား မဲ့ တန်းလန်းကြီးက ထပြေးရတာခုမှဆာရမှန်း ပြန်သတိရလာတယ်ဗျို့။ ထမင်းစား လိုက်ကြ ဦးစို့။
    ဟုပြောကာ ကိုဘိုးကွန်းသည် အခွံချည်းသက်သက် ဗြောင်းဆန်မှောက်လန်နေသော ထမင်းစားပွဲနား သို့ ရောက်သွားလေသည်။     ”ဟောဗျာ- ထမင်းတွေ ဟင်းတွေ ပြောင်ကုန်ပကော။”
    ဟု အံ့သြနမြောသောမျက်နှာနှင့်ပြောလေ၏။ သူကြီးမှာလည်း အားတုန်အားနာကြီးဖြစ်ခါ-
    ’’ဟင်-ဟုတ်ပါရဲ့ ဟဲ့-မလေး ထမင်းပွဲံကြီး ဘယ်လိုဖြစ်တာတာလဲ ၊ ညည်းတို့ကလဲ အိမ်မှာ နေရစ်ပြီးတော့ ဘာမှပြန်မကြည့်ကြဘဲကိုး’’ ဟုမြည်တွန်တောက်တီးလေ၏။ သူကြီးကတော် လည်း တုန်တုန် ရီရီကြီးနှင့်- အမယ်လေးမောင်ရင် ကျုပ်ကိုအပြစ်တင်မစောပါနဲ့အုံး ၊ထမင်းပွဲကြီးကို  ရာဇ၀တ်မင်း တို့ပြန်လာတော့စားရအောင်လို့ ကျုပ်ကိုယ်တိုင် သေသေချာချာ အုပ်ဆိုင်း ထားပါတယ် တော်။

’’ဟဲ့-မလေးရ အုပ်ဆိုင်းထားရင် ခုမြင်ရတာက ဘယ်လို ဖြစ်ရတာလဲလို့၊ ထမင်းတွေဟင်းတွေ ခွေးယက် သလို ပြောင်နေပြီ ဒါတွေဘယ်သူလာစားသလဲ။
    ’’၀ါးရမ်းပြေးဘိုးဒန်း တော့၊ ဘိုးဒန်လာစားသွားတယ်။ သူ့လက်ကဒါးကြီးကြောင့် မပြောဝံ့လို့ မျိုသိပ်ပြီးကြည့်နေရတယ်။ ကျုပ်ကတော့ရွာလယ်က သေနတ်ဖောက်သံကြားရတာနဲ့ မိအောင်မ  နေတာ ကိုယ်တော်မြတ်က ဒီလာပြီး ရှိသမျှဟာတွေ အကုန်ပွဲတော်တည်သွားရုံမကသေးဘူး ၊ဇွန်းတွေ ပန်းကန် တွေကို လွှင့်ပစ်ပေါက်ပစ်နဲ့ ဒါးနဲ့ခုတ်မှာစိုးလို့ မပြောဝံ့ဘူး၊တံခါးလုံအောင်ပိတ်ပြီး အပေါက်ကလေးက ကြိတ်ကြည့် နေရတယ်။တော်တို့ပြန်မလာခင် လေးတင်ဘဲရွာ ပြင်ထွက်သွားတော့။

    ဟုအငေါ့အထေ့စုံစွာနှင့် ထမင်းပွဲကြောင်လှဲသွားကြောင်း၊ ပါးစပ်အစီအရင်ခံစာတင် လေ  တော့၏။

    ကိုဘိုးကွန်း မှာ မိမိကိုပမာမခန့်အရူးလုပ်သွားသော ၀ါးရမ်းပြေးဘိုးဒန်အား မခံမရပ်နိုင် အောင် ဒေါပွနေလေ၏။ မအေ နှမနှင့်လည်းရစရာမရှိအောင် ဆဲရေးရေရွတ်လျှက်အရှက်ပြေ ကြိမ်းဝါးမန်မဲ နေတော့၏။ ရွာသားများနှင့် ပုလိပ်အမှုထမ်းတို့ကား ၀ါးရမ်းပြေးဘိုးဒန်၏ ရဲစွမ်းပုံကို ဆပ်ဆပ်တုန်အောင် ကြောက်လန့် နေကြလေ၏။
    ’’ဒါလောက်စွမ်းနေတဲ့ လူတယောက်ကို ဘမ်းလို့မရနိုင်ပါဘူးကွာ။ သေနတ်နဲ့ ကပ်ပစ်တာမှ မသေတဲ့ နောက် ဘယ့်နှယ့်လုပ်ဘမ်းမလဲ။ အရင်တုန်းကစံဖဲနာမည်ကြီးမဲ့သာ ကြီးနေတာ ဘိုးဒန်လိုတခါမှ အနားကပ်ပြီး သေနတ်ပြောင်းအဖြုတ်မခံရသေးဘူးကွ။ ဒါကမှတကယ့် လူစွမ်းကောင်း။

    ဟု တိုးတိုးတိတ်တိတ် ကြိတ်ပြောသူကပြော၍ အချို့ကလည်း-
    ’’အလကားပါကွာ၊ဒီကောင်ကစွမ်းတာ မဟုတ်ပါဘူး။ လာဘမ်းတဲ့ ပုလိပ်တွေက အသုံးမကျတဲ့ ဟာတွေမို့ သူတို့ဟာသူတို့လန့်နေတာပါ။ သေသေချာချာ ဘမ်းတဲ့နောက်မိလွန်းလို့ မှမရှိဘူး။
    ဟုပြောသောအခါ အချို့က
    ’’ အမယ်လေး- ဒီလူ့နှယ်တွေရှောက်ပြောနေတာလဲ ဟိုကကိုယ်ပျောက်တတ်တယ် သေနတ်ဒါးလဲ ပီးတယ်။ ဒီလောက်အစွမ်းကောင်းတဲ့ လူဆိုတာသူ့အကြောင်းကွယ်ရာတောင် ပြောမဖြစ်ဘူး။ ဟိုက နားကျပ် ရတယ်တဲ့ ကြားသွားလို့ခင်ဗျားကို လာသတ်မှလှနေမယ်။ ဟုစိုးရိမ်စွာ သတိပေးသူကပေးနှင့် အတော်ကလေး ပါးစပ်အလုပ်များနေကြ၏။

ဘိုးဒန်၏သတင်းကား တနေ့တခြားကြီးလာတော့၏။ သတင်းကြီးခြင်းကြောင့်ပင် ဘိုးဒန်၏ အစွမ်းများကို တဆင့် စကား တဆင့်နားနှင့် သတင်းကျယ်ပွားလေ၏။ ဆိပ်ပေါက်ရွာက မယားနဲ့ လင်ငယ်ကို ထောင်ထဲက တိတ်တိတ်ထွက်ပြေးလာပြီး သတ်ပစ်တဲ့တောပုန်း ၀ါးရမ်းပြေး ဘိုးဒန်ဆိုတာ အင်မတန် လူစွမ်းကောင်းသတဲ့၊ပုလိပ်တွေတပ်နဲ့ ၀ိုင်းထားတာတောင် ကိုယ်ဖျောက် ပြေးတဲ့၊ ရာဇ၀တ်အုပ်သို့ ပြင်ထားတ့မင်းပွဲကြီးကိုပြောင်အောင်ဝင်စားသွားလိုက်သေးတဲ့၊ဆိပ်ပေါက် ရွာမှာ သူ့ကိုဘမ်းရအောင် စတဲချနေတာ သိရက်နဲ့ ရွာထဲညတိုင်းဝင်ဝင်လာသတဲ့ တောထဲမှာ ဟင်းရွက်ခူး ထင်းရောင်း လာတဲ့ လူတွေလဲ ရိပ်ခနဲ ရိပ်ခနဲ အမြဲတွေ့လိုက်တာဘဲတဲ့၊ ဘယ့်လောက်ရဲသလဲ သတ္တိနဲတဲ့ အကောင်သာဆိုရင်၊ ပုလိပ် နဲ့ ဝေးရာသို့ပြေးမှာပေါ့ဟူသော ကျော်စောသတင်းတွေ ဆူဝေလျှက်ရှိလေ၏။

အချို့ကလည်းဘိုးဒန်၏ အစွမ်းသတ္တိကို ချီးမွမ်းသည့်အပြင်၊ ဘိုးဒန်မှာရွာသားများကို ယနေ့ထက် တိုင်အောင် ရန်မရှာခဲ့သေးဘဲ။ တောထဲတွင် ရိပ်ခနဲ့တွေ့ရများကိုလည်း။ အနည်းငယ်မျှ ဖြစ်သဖြင့် ပုလိပ်မှတပါး ဘိုးဒန်အား မေတ္တာတိမ်းညွတ်သွားကြပြီး၊ ဘိုးဒန်ကသာ တောပုန်းလူဆိုးအသင်းကြီး ဖွဲ့စည်း မည်ဆိုကာ ထိုသူတို့မှာ စိတ်အားထက်သန်စွာပါဝင် ကြမည်ကဲ့သို့ပင် ဖြစ်နေလေ၏။
ပုလိပ်များကို ဗြောင်ထားကာ ဘိုးဒန်၏အစွမ်းကောင်းပုံကို ချီးမွမ်းကြ၏။ ကိုဘိုးကွန်း မှူးရှိသော အထူးပုလိပ်ဝတ္တရားနှင့် ရောက်လာကြသူပုလိပ်အရာရှိများမှာ မခံချည့်မခံသာ မျက်နှာပူစွာ နေကြသည့်အပြင် ယခုထက်တိုင် ၀ါးရမ်းပြေး ဘိုးဒန်ကိုတွေ့ရလျှက်၊မမိ အထက်လူကြီးများ၏ ဆူပူကြိမ်းမောင်း ထုချေလွှာအတောင်းခံရလေ၏။

အကြီးအကဲပြုသူရာဇ၀တ်အုပ်ကို ကိုဘိုးကွန်းမှာ တရားခံကိုလည်း ဘမ်းမမိ။ အထက် လူကြီး ၏ပြစ်တင်ခြင်း ကိုလည်းမခံဝံ့ နှင့်မလွန်သာမလှုပ်သာအောင်ဖြစ်ရလေတော့၏။  အထက်အ ရာရှိများ ထံသို့လည်း ယခင်က တောပုန်းစံဖဲကဲ့သို့ သတင်းကြီး၍ အစွမ်းကောင်းလှသော တရားခံ ဖြစ်ပါကြောင်း။ သို့အတွက် ရုတ်တရက်မမိနိုင်ဘဲ သေနတ်ဖျားမှ သီသီလွတ်သွားရကြောင်း မှ သီသီလွတ်သွားရကြောင်း များနှင့်  ဘိုးဒန်အား ခတ်သဲသဲကလေး အစီအရင် တောင်းခံလေ၏။

ကိုဘိုးဒန်၏အစီအရင်ခံစာအရ စစ်ပုလိပ်များလည်း မကြာမှီထပ်၍ရောက်လာလေ၏ ဤအခါတွင် ကိုဘိုးကွန်းမှာ မနေသာတော့ချေ။ မမိလျှင် မိမိဖျင်းညံ့ရာကျချေတော့မည်။ ဇက်ရဲလှသော ဘိုးဒန်ကို အသေရရ အရှင်ရရ အဓမ္မဒလကြမ်း နောင်ဂျိန်ရိုက်၍ တမ်းတော့မည်ဟု လက်သီးလက်မောင်းတန်းကား၊ စစ်ပုလိပ် နှင့် အမှုထမ်းပုလိပ်တို့အား ဘိုးဒန်လာတတ်သောအိမ် ကို တခါတည်း နေ့ညမဟူဝိုင်းထားတော့၏။ ဘိုးဒန်ကား ရွာထဲသို့မပေါ်လာတော့ချေ။ ရွာပြင် တောစပ်မှ မကြာခဏ ကိုယ်တိုင် လာ၍ ပြကြောင်းကြားရပြန်၏။

သူကြီးအိမ်မှမောင်းထု၍ ရွာသားတွေကို စုခေါ်ပြီး မင်းတို့အားလုံးရွာထဲကို လူဝင်လူထွက် စောင့်ကြည့်ရမယ်။ ငါတို့ပုလိပ်ဘက်က တောထဲမှာ တောနင်းရှာနေတုန်းကို ဟိုကောင်ရွာထဲ ၀င်လာတယ် ကြားရင် မင်းတို့တာဝန်ဘဲ။ မင်းတို့မရ ရအောင်ဘမ်းထားရမယ် ဟုဆိုကာ ကိုဘိုးကွန်းတို့ ပုလိပ်တပ်မှာ လက်နက်ရိက္ခာအပြည့်အစုံနှင့် တောနင်းကြလေ၏။ ရွာတွင်ကား သူကြီးနှင့်ရွာသားများမှ ဘိုးဒန်အတွက် ဘေးကြပ်နံကြပ် တာဝန်ကြီးကျလာသဖြင့် ရွာဝတိုင်း အလှည့်ကျစောင့်ဆိုင်းနေရတော့၏။

၎င်းတို့မှာပုလိပ်တမျိုးကြောက်ရ၊ ဘိုးဒန်ကိုတ မျိုးကြောက်ရနှင့် ဆူးကြားသီးတဲ့ဗူးလို၊ မလွန့်သာ မလှုပ်သာရှိရှာကြ၏။ ဘိုးဒန်လာလျှင် ဘမ်းလည်းမဘမ်းဝံ့။ မိအောင်လည်းမဘမ်းနိုင်၊မဘမ်းဘဲ ထိုင်ကြည့် နေပြန်လျှင်လည်း ပုလိပ်တော်မင်းများက ၀ါးရမ်းပြေးကူညီအားပေးမှုနှင့် အရေးယူပြန်ဦးတော့မည်။ ငါတို့မှာ ဘယ်ဆီကမှ မသက်သာပါကလား။ နေ့ခင်းလယ်လုပ်ယာလုပ်သွားရလို့ ပင်ပန်းတာတမျိုး၊ ညညအမော အပမ်းကလေးမှမဖြေရ၊ ဘိုးဒန်စောင့်ရသည် မဘမ်းပြန် ပုလိပ်ကလက်ထိပ်ခတ်မှာ ကြောက်ရတာ တမျိုးုနှင့် အမျိုးမျိုးစိတ်ရှုတ်နေရှာကြရာ၊ နောက်ဆုံးမှာသက်သာရာအရ ဆုံးသော နည်းဖြစ်သည့် (ဘိုးဒန်မလာပါစေနဲ့ဗျာ ဟူသောဆုကိုသာတောင်းနေမိကြလေတော့၏။)

အများ၏ဆုတောင်းပင်ပြည့်သလားမသိ။ ဘိုးဒန်ကား ရာဇ၀တ်အုပ်ကိုဘိုးကွန်း တို့တော နင်း ထွက်သွားသော နေ့ကစပြီး၊ ရွာသို့လည်းမလာ။ ရွာပြင်တောစပ်မှာလည်း မတွေ့ရခြင်းနေသဖြင့်
ကြာသော် ရွာသူများမှာတောထဲတွင် ဘိုးဒန်နှင့်ပုလိပ်တပ်တို့ မည်သို့မည်ပုံများဖြစ်နေကြသလဲဟု အမြဲ နားစွင့်၍နေကြရင်း ရွာတွင်းရွာပြင်မှာလည်း၊ သူကြီး၏ အာဏာအရ အလှည့်ကျ ကင်းစောင့်၍ နေကြရ တော့သတည်း။

ကိုဘိုးကွန်းမှာ နောက်ပါ စစ်ပုလိပ် အမှုထမ်းပုလိပ်မြောက်မြားစွာနှင့် ဘိုးဒန်ကို တောနင်း ရှာခဲရာ၊ တရက်ကနှစ်ရက်ကျူးလာသည့်တိုင်အောင်၊ဘယ်သို့သော အစအနမျှမရအောင်၊ ရှိခဲ့လေ ၏။ သို့နှင့် သုံးရက်မြောက်သော နေ့တွင်ကား၊ ခါတိုင်းကဲ့သို့ပင် သေနတ်များချိန်ရွယ်လျက် စစ်တက်သကဲ့သို့ ခြေသံကြား ရအောင်၊ တဖြည်းဖြည်းချောင်းကာ ချုံကြိုချုံကြားမှတိတ်ဆိတ်စွာ လာခဲ့ကြစဉ် ကိုဘိုးကွန်းသည် ရှေ့မှဆီးကြိုနေသော ရေစပ်သဲချောင်းကလေးတခုကို တွေ့မြင်ရ သောကြောင့် မိမိ လူများအား ချုံကြိုချုံကြားတွင်ဝပ်နေစေပြီး။

''ဟေ- ကောင်တွေရှေ့ ကိုကြည့်နေကြ၊ ဒီ- ချောင်းကလေးကို ဟိုကောင်ဘယ်နည်းနဲ့မဆို၊ ရေလာသောက်လိမ့်မယ်ထင်တယ်။ မြင်လို့ရှိရင် မင်းတို့တတွေတခါထဲ သာချိန်ပြီးပစ်ဟေ့။ အသေရအောင် ဘမ်းရမယ်။ ညှာမနေနိုင်တော့ဘူး။ တို့လဲ တောထဲတောင်ထဲ အစာငတ်ဘာငတ်နဲ့ ဒုက္ခဖြစ်လှပြီ။ ရှေ့လ မိုးကျလာရင် ငှက်ဖျား- ဖျားလာမှာ ကြောက်ရတယ်။ မတတ်နိုင်ဘူးဟေ့။ မြင်တာနဲ့ တချက်ထဲသာ တင်ကြပေတော့။
ဟု တိုးတိုးတိတ်တိတ် ကြိတ်မှာကာ၊ တစီတတန်းကြီး အသင့်ချောင်းမြောင်း နေကြ လေ၏။

ကိုဘိုးကွန်း ကား သားကောင်ကို တွေ့မြင်ရသော တောမုဆိုးပမာ သူ၏မျက်လုံးများသည် ၀င်းဝင်း ပြောင်ပြောင် အရောင်တွေထွက်လာလေ၏။ မိမိ၏ ၀ဲယာရှိ သေနတ်ကိုင်စစ်ပုလိပ်တို့အား လှဲ့၍ အချက်ပေး လိုက်ခါ မိမိ၏ ငါးချက်ထွက် ရိုင်ဖယ်သေနတ်ကိုကျကျနနချိန်ဆပြီး  တပြိုင်တည်း ရှေ့နောက် ဆက်ကာ တဒိုင်းဒိုင်း နှင့် အချက်ပေါင်းများစွာ ထွက်သွားလေ၏။ ကိုဘိုးကွန်း၏ အထင်ကား ဤမျှသော သေနတ်ချက်ပေါင်းစွာတပြိုင်တည်း ပစ်လိုက်ခြင်းဖြင့် မမှန်သည့် သေနတ်က မမှန်ဘူး ထားလိုက်အုံး၊ သုံးမျက်နှာမှာ ၀ဲယာညှပ်၍ ပစ်လိုက်သော သေနတ်များမှ တချို့တ၀က်မှန်ရုံနှင့်ပင် ဘိုးဒန်ပုံရက်လဲနေပြီး သေနပ်ချက်တွေမှာလည်း မရှင်းဂန်းထိသူ လိုတကိုယ်လုံးသေနတ်ချက်တွေက ဆကာကျ နေလိမ့်မည်ထင်လိုက်မိ၏။ ဘိုးဒန်ကိုသေနတ်မီးများအကြားမှာ စိတ်အားထက်သန်စွာ လှမ်းကြည့် လိုက်သောအခါမိမိ အထင် နှင့် မျက်မြင်မှာ အလွန်ကွာနေသည်ကို တွေ့ရသောကြောင့် အံ့သြခြင်းကြီးမက အံ့လျက် ရုတ်တရက်ကြက်သေနေမိလေ၏။ ကိုဘိုးကွန်း မြင်ရပုံမှာ ဘိုးဒန်သည် သေနတ်မှန်သလိုနှင့် ရှေ့ကိုအားယားထိုးကြီးကျသွားရာမှ ရုတ်တရက် လူးလဲထကာ မိမိလာလမ်းသို့ ပြန်ဝင်ပြေးသည် ကို တွေ့ရလေ၏။

    ’’ဟ..ဘယ့်နှယ့်လဲ ပြေးပါကလား’’
    ဟုယောင်အော်လိုက်ပြီးမှ ပုလိပ်တွေကလည်း
    ’’ဟာပြေးပေတဲ့ မှန်သွားတယ်ဆရာ ဒီကောင်ကြာကြာမပြေးနိုင်ဘူး လိုက်ရင်မိမယ် လိုက်ရအောင် ဆရာ။’’
ဟုဆိုကာ ကိုဘိုးပြေးသွားသောနောက်သို့ အပြေးအလွှား ချီတက်လိုက်ပါသွားကြပြန်လေ၏။

ကိုဘိုးကွန်းနှင့် ပုလိပ်များလည်း ချောင်းတဘက်ရှိ တောထဲသို့ စစ်တပ်ကိုလမ်း ကြောင်းခွဲ၍ ပိုက်စိတ်တိုက် သလို လိုက်ကြသော်လည်း ဘိုးဒန်မှာ အစပျောက်သွားပြန်လေ၏။ ကိုဘိုးကွန်းလည်း လက်မတင် ကလေးလွတ်ထွက်သွားသောကြောင့် ဒေါပွကြီးပွကာရှေ့သို့်သာ စိတ်ဆောင်ပြီိး အလောတကြီး လိုက်လေ၏။ လိုက်ရင်းလိုက်ရင်းနှင့်ပင် ကိုဘိုကွန်းနှင့် စစ်ပုလိပ် များမှာ လူစုကွဲမှန်းမသိ ကွဲလာပြီး အားလုံးပင် တယောက်တခြားစီဖြစ်လာကြလေ၏။

ကိုဘိုကွန်းကား မိမိနောက်မှ ပုလိပ်များ ပါသည်ထင်ကာ ရှေ့သို့သာအာရုံစိုက်ပြီး သေနတ်ကြီး မောင်းတင် ၍ လိုက်ချောင်းနေ၏။ ဟိုချုံထဲမှာရှိမလား ဒီသစ်ပင်ကွယ်မှာ ပုန်းနေမလားဟု မျက်စိနှင့်နားကို များစွာအလုပ်ပေးထားလေ၏။ သို့နှင့် အနည်းငယ် ဆက်လက်၍ လာခဲ့ပြန်ရာမှ ရှေ့ကမိုးနံချုံပုတ်တခုတွင် တလှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့ရသောကြောင့် ကိုဘိုးကွန်းမှာ စိတ်အား ထက်သန်စွာ ခွေးမသားဒီချုံထဲက ဘယ်ပြေးနိုင်မလဲ၊ အသေပေါ့ကွာဟု တယောက်တည်းကြိမ်းဝါးလျက် သေနပ်မောင်း ကို ဖြုတ်တော့မည်အပြုတွင် ချုံထဲမှလွှားကနဲ အားလျှော့သွားလေ၏။ 

အချိန်ကား နေလုံးလုံးမ၀င်သေးသဖြင့် ကွဲပြားစွာ မြင်နိုင်သေး၍ ခုန်လွှားပြေးသွားသောရှဥ့်ကလေးကို ငေးကြည့်နေမိစဉ် ကိုဘိုးကွန်းမှာ မိမိနောက်ကျောသို့ အေးစက်သောလက်ကြီးတခုဖြင့် ဗျန်းကနဲ အရိုက်ခံလိုက်ရသဖြင့် နောက်သို့ခြာကနဲလှဲ့ကြည့်သော အခါဝက်မွှေးပမာ ထိုးထိုးထောင်ထောင် ထွက်နေသော မုတ်ဆိတ်ကြင်စွယ်အများနှင့် အသား ညိုညိုဖေါသွပ်သွပ်မျက်နှာကြီးတွင် ချွေးသီး ချွေးပေါက် တွေ အရွဲသားနှင့်သွားကြီးဖြဲပြီး မချင့်မရဲ ရယ်ပြနေသော တောပုန်းဝါးရမ်းပြေးကြီး ဘိုးဒန်ကို တွေ့မြင်ရလေ၏။

ဆက်ရန်
.

No comments: