Wednesday, January 11, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၈)

(၄၈)

ဝယ်တာဗီဒင်အိမ်ကြီး၏ အိမ်ရှေ့ခန်းမတွင် ကုတ်တနေမိသားစုအားလုံး ထိုင်နေကြသည်။
ဆာဂါရီ နှင့် အန် က ဆိုဖာအရှည်ကြီးပေါ်တွင် ထိုင်နေကြပြီး ကြင်စဦးဇနီးမောင်နှံကဲ့သို့ တစ်ယောက် လက် တစ်ယောက် ကိုင်ထားကြသည်။ သူတို့သည် ဆာဂါရီ၏ မွေးနေ့ပွဲ ကျင်းပရန် နာတယ်မြို့မှနေ၍ ရောက်လာ ကြခြင်းဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်ကပင် သူတို့သည် အစဉ်အလာ လုပ်နေကျ အတိုင်း ဆာဂါရီ ၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ဘေဘယ်တောင်ကုန်းပေါ်သို့ မိသားစု ပျော်ပွဲစား ထွက်ခဲ့ကြသည်။ သူတို့အတွက်ပျော်ရွှင်စရာ အခါသမယဖြစ်ပြီး ဗိုလ်ချုပ်ကြီး ဂျန်စမတ်လည်း ထုံးစံ အတိုင်း မွေးနေ့ပွဲသို့လာ ရောက်သည်။

ဆာဂါရီနှင့် လေဒီအန်တို့သည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် နာတယ်မြို့ရှီ သူတို့အိမ်သို့ ပြန်ရန် ဖြစ် သည်။ သို့ရာတွင် ဂျာမနီက ပိုလန်ကို ၀င်သိမ်းပိုက်သည့် သတင်းကြောင့် သူတို့ မပြန်ဖြစ်ကြသေးဘဲ မိသားစု တစ်စု တစ်ဝေးတည်း ရှိနေကြခြင်းဖြစ်သည်။
ရှာဆာက ရေဒီယိုဘေးတွင်ရပ်ကာ အသံဖမ်းနေသည်။
" ဘီဘီစီက ၄၁ မီတာကနေလွှင့်တာ၊ မြန်မြန်လုပ်သား၊ မမီလိုက်ဘဲနေဦးမယ် "
စင်တိန်က စိန်စီထားသော သူမနာရီကို ကြည့်ပြီး လှမ်းပြောလိုက်သည်။

" အား ... "
ဘီဘီစီလိုင်း ကို ဖမ်းမိသွားသဖြင့် ရှာဆာက အားရ၀မ်းသာပြောလိုက်သည်။ လန်ဒန်ဘစ်ဘင် နာရီစင်ကြီး မှ နာရီထိုးသံက ရေဒီယိုမှ ပီသကြည်မြစွာပေါ်လာသည်။
" အသံချဲ့လိုက်ဦးသား "
စင်တိန်က လှမ်းပြီး အမိန့်ပေးလိုက်သည်။ အားလုံးက ငြိမ်ပြီး နားထောင်နေသည်။ စင်တိန်သည် စစ်သံကို ကြားရသည် နှင့်ပင် အတိတ်ဖြစ်ရပ်များကို ပြန်သတိရကာ ခြေဖျားလက်ဖျားများပင် အေးလာသည်။ သူမ စိတ်ထဲ၌လည်း အတွေးဝင်လာသည်။

" သြ ... ငါတို့ စစ်ဘေးးဒုက္ခကြီးက ဘယ်လိုမှ ရှောင်ကွင်းလို့ မလွတ်နိုင်ပါဘူး၊ အခုလာပြန်ပါချေပြီ၊ ငါချစ် တဲ့ သူတွေကို ငါကယ်တင်နိုင်မယ် မထင်ဘူး၊ ရှာဆာနဲ့ ဘလိန်းတို့ နှစ်ဦးစလုံး စစ်မြေပြင် ထွက်ကြ ရလိမ့်မယ်၊ ပြီးခဲ့တဲ့ စစ်ကြီးတုန်းက မိုက်ကယ်နဲ့ဖေဖေ၊ အခုလာမယ့် စစ်ကြီးကျတော့ ရှာဆာနဲ့ ဘလိန်းတို့ အလှည့်ထင်ပါရဲ့၊ ငါ စစ်ကိုမုန်းတယ်၊ ဒီတစ်ကြိမ်တော့ တပည့်တော်မတို့ကို ချမ်းသာပေးပါအရှင်ဘုရား၊ စစ်ကိုလဲ မုန်းတယ်၊ စစ်ဖြစ်အောင် ဖန်တီးတဲ့လူတွေကိုလည်း မုန်းတယ်၊ ပထမ ကမ္ဘာစစ်ကြီးက မိုက်ကယ် နဲ့ ဖေဖေ တို့ကို ခေါ်သွားခဲ့ပြီ၊ ရှာဆာ နဲ့ ဘလိန်း ကိုတော့ ဒီတစ်ကြိမ်ချမ်းသာပေး ပါ"
ရေဒီယို အသံလွှင့်ချက်ကို သူတို့အားလုံး နားစိုက်ထောင်နေသည်။

" ဂရိတ်ဗြိတိန်နဲ့ ဂျာမန်တို့ နှစ်နိုင်ငံအကြားမှာ စစ်ဖြစ်ကြပြီဆိုတာ ၀မ်းနည်းစွာနဲ့ပဲ အသိပေးကြေညာ အပ် ပါတယ်"
ရေဒီယိုအသံလွှင့်ချက် ပြီးဆုံးသွားသည့် အခန်းထဲမှ လူအားလုံး ငြိမ်နေကြသည်။
ဒုတိယကမ္ဘာစစ်ကြီး စတင်ချေပြီ။

ဗြိတိန်နှင့် ပြင်သစ်တို့က နာဇီဂျာမန်ကို စစ်ကြေညာသောနေ့တစ်နေ့ဖြစ်သော ၁၉၁၉ ခု၊ စက်တင်ဘာလ (၄)ရက်နေ့တွင် တောင်အာဖရိက ပြည်ထောင်စုနိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သော ဗိုလ်ချုပ်ကြီး ဟာဇော့က ပါလီမန်တွင် မိန့်ခွန်းပြောကြားသည်။
" ဗြိတိန်နှင့် ပြင်သစ်ကတစ်ဘက် ဂျာမနီကတစ်ဘက် စစ်ဖြစ်လာရသည့် အခြေအနေတွင် ကျွန်တော်တို့ တောင်အာဖရိက နိုင်ငံက မည်သို့ရပ်တည်မည်ဆိုသည်နှင့်ပတ်သက်၍ ၀န်ကြီးအဖွဲ့အတွင်း သဘောထား နှစ်မျိုး ကွဲလွဲနေကြောင်း ၀မ်းနည်းစွာဖြင့် အစီရင်ခံအပ်ပါသည်"

ထိုကိစ္စတွင် ဗိုလ်ချုပ်ကြီး ဟာဇော့နှင့်အဖွဲ့က ကြားနေလိုပြီး၊ ဗိုလ်ချုပ်ကြီး ဂျန်စမတ်နှင့်အဖွဲ့က ဗြိတိန် ဘက်မှ ပါဝင်တိုက်ခိုက်လိုသဖြင့် ညွန့်ပေါင်းအစိုးရထဲ၌ သဘောထားကွဲလွဲသွားခြင်းဖြစ်သည်။ နှစ် ဘက် အပြန်အလှန် တင်ပြဆွေးနွေးကြပြီးနောက် ကြားနေမလား၊ ဗြိတိသျှဘက်မှ ၀င်တိုက်မလာိးုသော ကိစ္စကို ပါလီမန် ၌ မဲခွဲဆုံးဖြတ်ကြရာ ဗြိတိန်ဘက်မှ ၀င်တိုက်မလားဆိုသော ကိစ္စကို ပါလီမန်၌ မဲခွဲဆုံးဖြတ် ကြရာ ဗြိတိန် ဘက်မှ ၀င်တိုက်မည့်ဘက်မှ အနိုင်ရသွားသည်။
ထို့ကြောင့် တောင်အာဖရိကနိုင်ငံ က နာဇီဂျာမန်ကို စစ်ကြေညာလိုက်သည်။

ထိုစစ်ကြေညာချက် ပျက်ပြယ်သွားစေရန်အလို့ငှာ ဗိုလ်ချုပ်ကြီးဟာဇော့က ပါလီမန်ကိုဖျက်သိမ်းပြီး အထွေ ထွေရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုလိုက်သည်။ သို့ရာတွင် ဘုရင်ခံချုပ် ဆာပက်ထရစ်ဒန်က ငြင်းဆန် လိုက်ပြီး ဗိုလ်ချုပ်ကြီးဟာဇော့၏ နှုတ်ထွက်လွှာကို လက်ခံလိုက်သည်။ ထို့နောက် တောင်အာဖရိက နိုင်ငံ အနေဖြင့် စစ်ပြင်ဆင်ရန်အတွက် အစိုးရသစ်အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းရန် ဗိုလ်ချုပ်ကြီး ဂျန်စမတ် အား တာဝန်ပေးလိုက်သည်။
သို့ဖြင့် တောင်အာဖရိကနိုင်ငံ၌ ဗိုလ်ချုပ်ကြီး ဂျန်စမတ် ၀န်ကြီးချုပ်အဖြစ် ဦးဆောင်သောအစိုးရအဖွဲ့သစ် တက် လာသည်။

" အဘိုးကြီး ဂျန်စမက်က ငါ့ကို စစ်မြေပြင်လွတ်မှာ မဟ်ုတ်ဘူး "
ဘလိန်းက စင်တိန်အား ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် ထုံးစံအတိုင်း လျှို့ဝှက်စံအိမ်လေးတွင် တွေ့ဆုံကြသည်။
" အို ... ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ ဒါလင်ရယ်၊ ကျွန်မဘုရားသခင်ဆီမှာ အထပ်ထပ် ဆုတောင်း ခဲ့ လို့ အခုလို ဖြစ်ရတာပဲ၊ ရှင်တို့နှစ်ယောက်စလုံး ကျွန်မ အဆုံးရှုံးမခံနိုင်ဘူး၊ ရှင်နဲ့ ရှာဆာ မရှိရင် ကျွန်မ လဲ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး"
" တခြားလူတွေစစ်ထွက်တိုက်နေတဲ့အချိန်မှာ ငါက အိမ်မှာနေရမှာအတွက် ငါဂုဏ်မယူနိုင်ပါဘူးကွာ "

" ရှင် ပထမကမ္ဘာစစ်တုန်းက တိုက်ခဲ့ပြီးပြီးပဲ၊ ရဲရဲရင့်ရင့်နဲ့ ကိုယ်ကျိုးစွန့်တိုက်ခဲ့တာပဲမဟုတ်လား၊ သူများနိုင်ငံ စစ်တလင်းမှာ ရှင်သွားပြီး သေမှာထက် ရှင်ဒီမှာ ရှင်နေခြင်းက တိုင်းပြည်အတွက် အဆတစ် ထောင်လောက် ပိုပြီးတန်ဖိုးရှိပါတယ် "
" အဘိုးကြီးကလဲ အဲဒီသဘောမျိုးပဲ ငါ့ကို ပြောပြီးဖျောင်းဖျပါတယ် "
ဘလိန်းက စင်တိန့်ခါးကိုဖက်ပြီး အိမ်ဝမှနေ၍ ဧည့်ခန်းထဲသို့ ခေါ်သွားသည်။ ဧည့်ခန်းထဲတွင် ထိုင်လိုက်ပြီး သောအခါ စင်တိန် က ၀ီစကီ နှင့် ဆိုဒါကို ရောပြီး ဘလိန်းအား ပေးလိုက်သည်။ ဘလိန်းသည် စစ်မြေပြင် မထွက်ရ၍ စိတ်မချမ်းမြေ့ဖြစ်နေရှာသည်။

" ဗိုလ်ချုပ်ကြီး စမတ်က သူဦးဆောင်တဲ့အစိုးရ အဖွဲ့သစ်မှာငါ့ကို ပြည်ထဲရေးဝန်ကြီးခန့်တယ်၊ ငါ့ကို ဒီတာဝန်ပေးရခြင်းရဲ့ အဓိကအချက်ကတော့ ငါကအော်စီဝါဘရင်းဝစ် အဖွဲ့နဲ့ အခြားလျှို့ဝှက်အဖွဲ့တွေကို စုံစမ်း နေတဲ့ ကော်မရှင်ရဲ့ ဥက္ကဌဖြစ်နေလို့ပဲ၊ ငါတို့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို နာဇီလိုလားတဲ့ အဲဒီအဖွဲ့ တွေက ဖျက်လိုဖျက်ဆီး လုပ်ကောင်းလုပ်နိုင်တယ်၊ သူတို့အဲဒီလို မလုပ်နိုင်အောင် တားဆီးဟန့်တားရမှာ ကတော့ ငါ့ရဲ့အဓိကတာဝန်တစ်ရပ်ပဲ၊ အဘိုးကြီး ဂျန်စမတ်က ကာကွယ်ရေးဌာနကို သူကိုယ်တိုင် ကိုင်တယ်၊ တို့နိုင်ငံ က စစ်သားငါးသောင်းဟာ အာဖရိကတိုက်ဘယ်နေရာမှာမဆို ဗြိတိန်ဘက်က ၀င်တိုက် ပေး ဖို့ အသင့်ရှိနေပြီလို့ ဗြိတိန်ကို ကတိပေးပြီးပြီ "

စင်တိန်က ကော်ဖီခွက်ထဲသို့ ကော်ဖီငှဲ့နေစဉ်မှာပင် တယ်လီဖုန်းက အသံမြည်လာသည်။ တိတ်ဆိတ်ငြိမ် သက် သော စံအိမ်လေးသည် တယ်လီဖုန်းသံကြောင့် လှုပ်ခါသွားသည်။ စင်တိန်လန့်သွားပြီး ပန်ကန် ငှဲ့ ထည့်နေသော ကော်ဖီများပင် ဘေးသို့ ဖိတ်စဉ်ကုန်သည်။
" ဘယ်အချိန်ရှိပြီလဲဘလိန်း "
စင်တိန်က လှမ်းမေးလိုက်သည်။
" တစ်နာရီထိုးဖို့ ဆယ်မိနစ်ရှိပြီ "
" ကျွန်မ တယ်လီဖုန်းမဖြေချင်တော့ဘူး၊ မြည်ပစေ၊ လွှတ်လားလိုက် "
စင်တိန့် က ခေါင်းခါပြီး ပြောလိုက်သည်။ တယ်လီဖုန်းကို စိုက်ကြည့်ရင်း မတ်တတ်ရပ်နေသည်။

" ငါ ဒီမှာ ရောက်နေတယ် ဆိုတာ ဒေါရစ် တစ်ယောက်ပဲသိတယ်၊ တကယ်လို့ အရေးပေါ် အကြောင်း တစ်စုံ တစ်ရာရှိခဲ့ရင် မဆက်သွယ်အောင် ပြောခဲ့ရတာပဲ "
ဘလိန်းက စင်တိန်အား ဒီထက်ပိုပြီး အကျယ်ရှင်းပြစရာ မလိုတော့ပေ။ ဒေါရစ်သည် ဘလိန်း၏ အတွင်းရေး မှူးဖြစ်သည်။ ထို့အပြင် ဘလိန်းနှင့် စင်တိန်တို့၏ လျှို့ဝှက်ဇတ်မ်းကိုလည်း ထိုနေရာ ရောက်နေ သည် ကို သူမ သိနေခြငိးဖြစ်သည်။ စင်တိန်က တယ်လီဖုန်းကို ကောက်ကိုင်ပြီး ဖြေ လိုက်သည်။
" မစ္စက်ကုတ်နေပြောနေပါတယ် "
ခေတ္တငြိမ်နားထောင်ပြီးနောက် ဆက်ပြောသည်။

" ဟုတ်တယ် ဒေါရစ် သူ ဒီမှာရှိတယ် "
စင်တိန် က ဘလိန်း အား တယ်လီဖုန်းလှမ်းပေးလိုက်ပြီးနောက် တစ်ဘက်သို့ လှည့်သွားသည်။ ဘလိန်းက တယ်လီဖုန်း ကို လှမ်းယူပြီး ခေတ္တမျှနားထောင်နေသည်။ ထို့နောက် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက် သည်။
" ကျေးဇူးပဲ ဒေါရစ်၊ ငါ အဲ့ဒီကို မိနစ် ၂၀ နေရင် လာခဲ့မယ် "
ဘလိန်းက တယ်လီဖုန်းကို သူ့နေရာတွင် ပြန်ချရင်း စင်တိန်အား လှမ်းကြည့်လိုက်သည်။
" ငါစိတ်မကောင်းပါဘူး စင်တိန်၊ တောင်းပန်ပါတယ် "
" ကျွန်မ ရှင့်ကုတ်အင်္ကျီ ကို သွားယူပေးပါ့မယ် "

စင်တိန်က ကုတ်အင်္ကျီကို သွားယူပြီး အလိုက်သင့် ---- ထားရာ၊ ဘလိန်းက လက်နှစ်ဖက်ရှိုဝတ်လိုက် သည်။ ထို့ကြောင့် စင်တိန် နှင့် မျက်နှာချင်းဆိုင်ကာ ကုတ်အင်္ကျီကြယ်သီး တပ်ရင်း ပြောလိုက်သည်။
" အစ္စဘယ်လာ ကိစ္စပါ၊ ဆရာဝန်လဲ သူ့ဆီရောက်နေတယ်၊ သူတို့နှစ်ယောက်စလုံးက ငါ့ကို တွေ့ချင် နေတယ်လို့ ဒေါရစ်က ပြောတယ်၊ အသည်းအသန်ဖြစ်တာနေလိမ့်မယ် "
ဘလိန်း ထွက်သွားပြီးနောက်တွင် စင်တိန်သည် ကော်ဖီအိုးနှင့်ပန်းကန်ပြားကို မီးဖိုထဲယူသွားပြီး လက် ဆေး ကြွေခွက်တွင် အကုန်သွန်ပစ်လိုက်သည်။ သူမအဖို့ အထီးကျန်ခံစားချက်က လွှမ်းမိုးလာသည်။ အိမ်လေး ထဲတွင် တိတ်ဆိတ်ငြိမ်သက်ပြီး အေးစက်နေရာ အိပ်လို့ရမည်မဟုတ်မှန်း သူမသိလာသည်။ ထို့ကြောင့် စားပွဲပေါ်ရှိ ဂရမ်မာဖုန်း ကို ဖွင့်လိုက်သည်။
နောက်ဆုံးတွင် စင်တိန်သည် ပက်လက်ကုလားထိုင်ပေါ်၌ပင် အိပ်ပျော်သွားသည်။ မှေးခနဲအိပ်ပျော်သွား ရာမှ တယ်လီဖုန်းသံကြား၍ ပြန်နိုးလာခြင်းဖြစ်သည်။ တယ်လီဖုန်းကို နားထောင်လိုက်ရာ ဘလိန်း၏ အသံဖြစ် ကြောင်း ချက်ချင်းသိလိုက်သည်။

---- ဘယ်အချိန်ရှိပြီလဲ "
"     ----- လေးနာရီထိုးခါ နီးနေပြီ "
---- က တယ်လီဖုန်းထဲက ပြန်ဖြေသည်။
---  အရေးကြီးလို့လဲဘလိန်း "
--- ဘယ်လာပါ၊ သူက မင်းကိုမေးနေတယ် "
--- ကျွန်မကို .... ဟုတ်လား "
စင်တိန်စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်ပြီး ရှုပ်ထွေးသွားသည်။

" သူက မင်းကို ဒီကိုလာစေချင်ပါတယ် "
" ကျွန်မ မလာနိုင်ဘူးဘလိန်း၊ မဖြစ်နိုင်တာကြီးပဲ၊ ရှင်အသိဆုံးပါ "
" သူ သေခါနီးနေပြီ စင်တိန်၊ ဆရာဝန်က ပြောတယ် သူနောက်တစ်နေ့ လောက်တောင် နေရတော့မှာ မဟုတ်ဘူးတဲ့ "
" အလိုလေး ... ဘုရားရေ၊ ကျွန်မစိတ်မကောင်းပါဘူးဘလိန်း ၊ သနားစရာကောင်းတဲ့ အစ္စဘယ်လာရယ် "
" စင်တိန်သည် သူ့စိတ်ရင်းမှန်အတိုင်း ပြောလိုက်သည်ကို သူ့ကိုယ်သူ သိနေသည်။

" မင်း လာမှာလား "
" ရှင်ကကော ကျွန်မလာစေချင်သလားဘလိန်း "
" ဒါဟာ သူမရဲ့နောက်ဆုံး မေတ္တာရပ်ခံချက်ပါ၊ ဒါကို ငါတို့က ငြင်းလိုက်ရင် နောင် ငါတို့တစ်သက်လုံး နောင်တ ရ မဆုံးဖြစ်နေလိမ့်မယ် "
" ဒါဖြင့် ကျွန်မလာခဲ့မယ် "
စင်တိန်က တယ်လီဖုန်းပြန်ချထားလိုက်သည်။ ထို့နောက် ကမန်းကတန်းမျက်နှာသစ်ပြီး မိတ်ကပ် ပါးပါးလေး လူးလိုက်သည်။ သူမကားမောင်းထွက်သွားရာ လမ်းများပေါ်တွင် ကားသွားကားလာ မရှိ သလောက် ဖြစ်နေသည်။ နယူးလင်းရပ်ကွက်ရှိအိမ်များထဲတွင် ဘလိန်း ၏ အိမ်တစ်အိမ်သာ မီးလင်းနေ သည်။

ဘလိန်း က စင်တိန်အား အိမ်ရှေ့တံခါးပေါက်မှ စောင့်ကြိုနေသည်။ ပွေ့ဖက်နှုတ်ဆက်ခြင်းမရှိဘဲ ရိုးရိုးပင် ပြော လိုက်သည်။
" ကျေးဇူးတင်ပါတယ် စင်တိန် "
ဘလိန်း၏ နောက်ဘက်ခန်းထဲတွင် သူ၏သမီး တာရာ မတ်တတ်ရပ်ကြည့်နေသည်ကို စင်တိန်တွေ့လိုက်ရ သည်။
" ဟဲလို ... တာရာ "
စင်တိန် က တာရာ့ကို လှမ်းနှုတ်ဆက်သည်။ တာရာ ငိုထားသည်မှာ သိသာထင်ရှားလှသည်။ သူမ မျက်လုံး က အစ်မို့နေပြီး နှာသီးများ၊ ပါးများနီရဲနေသည်။ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဆံပင်များက ဖွာလန်ကြဲ နေသည်။

" မင်း အမေအကြောင်းကြားရတာ စိတ်မကောင်းပါဘူးတာရာရယ် "
" မဟုတ်ပါဘူး ... ရှင်ဒီလိုမဖြစ်ပါဘူး "
တာရာက စင်တိန်အားစိုက်ကြည့်ပြီး ပြောလိုက်သည်။ သူ့အမူအရာက ရန်လိုသည့်ပုံပေါ်နေသည်။ တာရာ သည် တရှုပ်ရှုပ် ငိုကြွေးပြီး အခန်းတစ်ခန်းထဲသို့ဝင်ပြေးသည်။ အခန်းတံခါးက သူ့နောက်ဘက်မှာ ၀ုန်းခနဲ ပြန် ပိတ်သွားသည်။
" တာရာသိပ်ပြီး ၀မ်းနည်းနေတယ်၊ သူ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ် " ဘလိန်းက ပြောလိုက်သည်။

" ကျွန်မသဘောပေါက်ပါတယ်၊ ဒီလောက်တော့ ကျွန်မ အပြောခံထိုက်ပါတယ် "
ဘလိန်း က သူမစကားကို ငြင်းဆိုရန် ခေါင်းခါလိုက်သည်။ သို့သော် ရိုးရိုးပင် ပြောလိုက်သည်။
" ကဲ လာ ငါ့နောက်ကိုလိုက်ခဲ့ "
ကြောင်လိန်လှေကားကြီးအတိုင်း သူတို့နှစ်ယောက်အပေါ်ထပ်သို့ ယှဉ်တွဲတက်သွားသည်။ စင်တိန်က ခပ်တိုးတိုး မေးလိုက်သည်။
" ကျောရိုး နဲ့ အာရုံကြောတွေထိခိုက်ပြီး တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာတာပေါ့၊ ဒါတွေက နှစ်ချီပြီး တဖြည်းဖြည်းချင်း ဖြစ်လာနေတာ၊ အခုတော့ အဆုတ်အအေးမိလာတယ်၊ ဒီဒဏ်တွေကိုသူသိပ်ကြာကြာခံ နိုင်တော့မှာ မဟုတ်ဘူး "

" နာကျင်နေသလား
" ဟုတ်တယ်၊ အမြဲတမ်း နာကျင်ကိုက်ခဲနေတယ်လို့ ပြောတယ်၊ သာမန် လူတစ်ယောက် ခံနိုင်ရည်ရှိဖို့က နာကျင်မှု ထက် ပိုခံစားရတယ်လို့ဆိုတယ် "
ဘလိန်းက အခန်းတံခါးကို သာသာလေး ခေါက်လိုက်ပြီး ဖြည်းဖြည်းတွန်းဖွင့်လိုက်သည်။
အခန်းမှာ ကျယ်ဝန်းပြီး အစိမ်းရောင်နှင့် အပြာရောင် လိုက်ကာများ ကာထားသည်။ လိုက်ကာများကို ဆွဲပိတ် ထားပြီး ခုတင်ဘေးစားပွဲပေါ်တွင် မီးတစ်လုံးထွန်းထားသည်။ ခုတင်ပေါ်ရှိ အစ္စဘယ်လာ၏ဘေး၌ ရပ်နေသူမှာ ဆရာဝန်ဖြစ်သည်။ ဘလိန်းက စင်တိန်အား ခုတင်ဘေးသို့ခေါ်သွားသည်။ ခုတင်ပေါ်တွင် ပက်လက် ကလေးဖြစ်နေသော အစ္စဘယ်လာ ကို တွေ့သောအခါ စင်တိန်အံ့အားသင့်သွားသည်။

အစ္စဘယ်လာ ၏ သိမ်မွေ့သောအလှများ ယခုအခါ လုံးဝ ပျောက်ကွယ်သွားချေပြီ၊ မျက်တွင်းဟောက်ပက် ဖြစ်နေသည်။ သွားများက အ၀ါရောင်သန်းနေသည်။ နှုတ်ခမ်းများက ခြောက်နေသည်။
" ရှင် ကျွန်မဆီလာတာဟာ ကျွန်မအပေါ် သနားကြင်နာမှုကို ပြတာပါပဲ "
အစ္စဘယ်လာ၏ တိုးညှင်းသောစကားသံကို ကြားရစေရန်အလို့ငှာ စင်တိန်သည် အစ္စဘယ်လာနှင့် နီးနိုင်သမျှ နီးအောင် ကိုယ်ကိုကိုင်းပြီး နားထောင်လိုက်သည်။
" ရှင် ကျွန်မကို တွေ့ချင်တယ်ဆိုတာ သိသိချင်း ကျွန်မ လာခဲ့တာပဲ "
ဆရာဝန် က ၀င်ပြောလိုက်သည်။

" ခင်ဗျားလူနာနားမှာ ခဏပဲနေလို့ရမယ်၊ မစ္စမယ်လ်ကွန်အနားယူရဦးမယ် "
အစ္စဘယ်လာက စိတ်မရှည်သည့်အသွင်ဖြင့် ဆရာဝန်အား လက်ကာပြလိုက်သည်။ သူမလက်များက အရိုး ပေါ်အရေတင်ဖြစ်နေသည်။
" ကျွန်မတို့နှစ်ယောက်တည်း စကားပြောချင်တယ်၊ ကျေးဇူးပြုပြီး ကျွန်မတို့ နှစ်ယောက်ကို ဒီအခန်းထဲမှာ ထားခဲ့ကြပါ"
အစ္စဘယ်လာက လေသံလေးဖြင့် ပြောလိုက်သည်။
ဘလိန်း သည် သူမ ခေါင်းအောက်ရှိ ခေါင်းအုံးကို ရွှေ့ပြောင်း ပြင်ဆင်ပေးလိုက်သည်။

" ကိုယ့်ကိုယ်ကိုယ် မောအောင် မလုပ်နဲ့နော် အချစ် "
သေလုမြောပါးဇနီး အပေါ် လူကြီးလူကောင်း ဆန်လွန်းသော သူ၏အပြုအမူကို စင်တိန်မနာလိုမိသလိုဖြစ် လာသည်။
ဘလိန်းနှင့် ဆရာဝန်တို့ အခန်းထဲမှ ထွက်လာကြသည်။ တံခါးကို အပြင်မှပြန်ပိတ်လိုက်ရာ ကလှစ်ခနဲ အသံ မြည်သွားသည်။ စင်တိန်နှင့် အစ္စဘယ်လာတို့ ပထမဦးဆုံးအကြိမ် နှစ်ယောက်တည်း တွေ့ကြခြင်း ဖြစ် သည်။ စင်တိန်သည် ယခင်က အစ္စဘယ်လာအပေါ် မနာလိုဝန်တိုဖြစ်ခဲ့သည်။ ဒေါသပွားခဲ့ရသည်။ မုန်းခဲ့ရ သည်။ ယခုတော့ သေအံ့မူးမူးဖြစ်နေသော အစ္စဘယ်လာ၏ ခုတင်ဘေးသို့ မိမိရောက်နေရသည်။ ယခင်က သူမအပေါ်ဖြစ်ခဲ့ရသော ဒေါမနဿအားလုံး ယခုတော့ စင်တိန့်စိတ်ထဲမှ လွင့်စဉ် ပျောက်ကွယ် သွားချေပြီ။ သူမအပေါ် သနားသောစိတ်ကသာ စင်တိန့်ရင်ထဲ၌ လွှမ်းမိုးနေသည်။

" အနားကိုတိုးပါ စင်တိန်ရယ်၊ ကျွန်မ ကြိုးစားအားယူပြီး ပြောနေရတာပါ" အစ္စဘယ်လာက လေသံ လေးဖြင့် ပြောလိုက်၏။ စင်တိန်က ဒူးထောက်ချလိုက်ရာ သူတို့ မျက်နှာနှစ်ခုအကြား လက်မ အနည်းငယ် သာ ဝေးတော့သည်။ စင်တိန်က အစ္စဘယ်လာကို မိမိဒေါသဖြစ်ခဲ့မုန်းခဲ့ မနာလိုခဲ့ဖြစ်မိခြင်းများ အတွက် ခွင့်လွှတ်ပါရန် တောင်းပန်လုဆဲဆဲတွင် အစ္စဘယ်လာက ဦးစွာပြောလာသည်။
" ကျွန်မ ဘလိန်း ကို ပြောလိုက်တယ်၊ ကျွန်မ ရှင်နဲ့ အေးအေးချမ်းချမ်းဖြစ်ချင်ပါတယ်လို့ ပြောလိုက်တယ်၊

 ရှင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့ မကြိုးစားဘူးဆိုတာ ကျွန်မ နားလည်တယ်လို့ ပြော လိုက်တယ်၊ ရှင်ဟာ တတ်နိုင်သမျှ ကျွန်မ စိတ်မညစ်အောင် ကြိုးစားတယ်ဆိုတာကိုလဲ ကျွန်မ သိပါ တယ်၊ ရှင်ဟာ ဘလိန်း ကို ကျွန်မဆီက ဆွဲထုတ်သွားနိုင်ပေမယ့် ရှင်မလုပ်ခဲ့ဘူးဆိုတာ ကျွန်မသိကြောင်း ဘလိန်းကို ပြောလိုက်ပါတယ်၊ ကျွန်မဟာ မိန်းမတစ်ယောက်ရဲ့တာဝန်တွေ မကျေပွန်တော့ပေမယ့် ကျွန်မ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် မလုပ်ခဲ့ပါဘူး၊ ကျွန်မရဲ့ နောက်ဆုံးကျန်ရှိတဲ့ သိက္ခာဖြစ်တယ် ဇနီးဆိုတဲ့ အနေအထားကို ထိခိုက်အောင် ရှင်မလုပ်ခဲ့ပါဘူး"

စင်တိန်သည် အစ္စဘယ်လာအား ပိုသနားလာပြီး မျက်ရည်များ ၀ိုင်းလာသည်။ သူမ၏ အရိုးပေါ်အရေတင် သေလု ဆဲဆဲ ခန္ဓာကိုယ်ကို စင်တိန် ပွေ့ချီထားလိုက်ချင်သည်။ သို့သော် အစ္စဘယ်လာ၏ မျက်လုံးထဲမှ တစ်စုံတစ်ခု သော အရိပ်အယောင်က သူမ၏ ဆန္ဒကို ဟန့်တားထားသည်။ ထိုအရိပ်အယောင်သည် ကြောက်စရာ ကောင်းသော မာန၏ ရောင်ခြည်မျှင်ဖြစ်သည်။ စင်တိန်သည် ခေါင်းငုံ့ပြီး ငြိမ်နေလိုက်သည်။

" ဘလိန်း ရဲ့ဘ၀ မှာ ကျွန်မ သူ့ကိုမပေးစွမ်းနိုင်တဲ့ ပျော်ရွှင်မှုတွေကို ရှင်ဖြည့်ဆည်းပေးခဲ့တယ်ဆိုတာ ကျွန်မ သိကြောင်း ဘလိန်းကို ပြောပြတယ်၊ ဒါတင်မကဘူး ရှင်ရဲ့စေတနာ သဒ္ဒါတရား ထက်သန်မှု တွေ ကြောင့် ကျွန်မတို့ ဟန်မပျက် နေနိုင်ခဲ့ပါတယ် "
" အို အစ္စဘယ်လာရယ် ... ကျွန်မ ဘယ်လိုပြန်ပြောရမှန်းမသိအောင် ဖြစ်နေပါပြီ "
စင်တိန် အသံ က ဆို့ဆို့နင့်နင့်ဖြင့် ထွက်လာသည်။ အစ္စဘယ်လာက စင်တိန်အား စကားမပြောဘဲ ဆက်ပြီး နားထောင်ရန် လက်ပြလိုက်သည်။

အစ္စဘယ်လာသည် ရှိသမျှ အင်အားကို ခြစ်ချုပ်စုပြီး မနည်းကြိုးစားအားထုတ်လိုက်ပုံပေါ်လာသည်။ သူမပါး တွင် သွေးစလေးများ မသိမသာပြန်လည် ယှက်သန်းလာသည်။ ကြောက်စရာကောင်းသော အလင်းရောင် ဒဏ်က သူမ၏ မျက်နှာတွင် ပြန်လည်ယှက်သန်းလာသည်။ အသက်ရှူလည်း မြန် လာသည်။ သို့သော် သူမ စကားထပ်ပြောလိုက်သောအခါ အသံကစောစောကထက် ပိုမာလာပြီး ပိုခက်ထန် လာသည်။

" အဲဒီ အချက်တွေကို ကျွန်မ သူ့ကို ထုတ်ပြောပြတာကတော့ ရှင့်ကို ဒီနေရာရောက်အောင် ခေါ်နိုင်ဖို့ သူ့ကို သွေးဆောင် ဖျားယောင်းလိုက်တာပဲ၊ ကျွန်မ တကယ်တမ်း ရည်ရွယ်ထားတာက ဘာဆိုတာကို သူသိရင် ရှင့် ကို သူ ဒီနေရာ လာခွင့်ပြုမှာ မဟုတ်ဘူး "
အစ္စဘယ်လာသည် ခေါင်းကို ခေါင်းအုံးမှကြွပြီး အားကို ညှစ်ခါ ပြောလိုက်သည်။
" အခု ကျွန်မ စိတ်ထဲမှာရှိတာကို အမှန်အတိုင်း ပြောတော့မယ်၊ ကျွန်မ ရှင့်ကိုမုန်းတယ် ... သိပ်ကို မုန်းတယ်၊ ရှည်လျားတဲ့နှစ်ကာလတစ်လျှောက် စက္ကန့်မလစ် ရှင့်ကို မုန်းခဲ့တယ်၊ အဲဒီလို မုန်းလွန်းလို့ လဲ ကျွန်မ ဒီလောက်အထိ အသက်ရှည်နေတာပဲ၊ ကျွန်မအသက်ရှည်နေခြင်းဟာ ရှင်သူ့ကို လင်သားတစ် ယောက် အဖြစ် လက်ထပ် လို့ မရအောင် ဟန့်တားထားခြင်းပဲ၊ အခုကျွန်မ သေရတော့မယ်၊ ဒီအချိန်မှာ ရှင့် အပေါ်မှာရှိခဲ့တဲ့ ကျွန်မရဲ့ အမုန်းတရားတွေဟာ အဆရာထောင်မကပွားလာတယ် "

အစ္စဘယ်လာက စကားကိုဖြတ်ပြီး အသက်ရှူလိုက်သည်။ အစ္စဘယ်လာသည် ခံစားရမှုဒဏ်ကြောင့် ရူးသွပ်လုဘနမ်းဖြစ်နေပြီဟု စင်တိန်သိလာသည်။ အစ္စဘယ်လာက ထပ်မံပြောလိုက်ပြန်သည်။
" သေခါနီးမိန်းမတစ်ယောက်ရဲ့ ကျိန်စာတိုက်မှုဟာ တကယ်ဖြစ်လာနိုင်မယ်ဆိုရင် ကျွန်မ အခု ရှင့်ကို ကျိန် စာတိုက်မယ် စင်တိန်ကုတ်နေ၊ ကျွန်မရဲ့ နောက်ဆုံးအကြိမ် အသက်ရှူချက်နဲ့အတူ ရှင့်ကို ကျိန်စာ တိုက် သွားမယ်၊ ကျွန်မ သေသွားပြီးတဲ့နောက် ရှင်တို့နှစ်ယောက် အတူတူရှိနေတဲ့အချိန်တိုင်းမှာ ကျိန်စာမိပါစေ၊ ရှင့်ဝမ်းဗိုက် ထဲမှာ သူ့ရဲ့သားသမီး သန္ဓေတည်လာရင်လဲ ကျိန်စာမိပါစေ၊ ရှင်တို့ တွေ့ ထိတိုင်း နမ်းရှုပ်တိုင်း ကျိန်စာမိပါစေ၊ ရှင်ရော ရှင့်သားသမီးရော ကျိန်စာမိပါစေ၊ ရှင့်ရဲ့ ရေးကိစ္စအား လုံး မှာ ကျွန်မ ကျိန်စာတိုက်ပါတယ်၊ ကျွနr်မျက်လုံးတစ်ဖက်ကန်းသလို ရှင် ကန်းပါစေ၊ ကျွန်မ ခံစားရသလို ရှင် ခံစားရပါစေ "

စင်တိန်သည် ရုတ်ခနဲထပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ တံခါးကိုတွန်းဖွင့်ပြီး လှေကားမှ အောက်သို့ ဆင်းပြေး သွားသည်။ ဘလိန်းက လှေကားမှ ပြေးတက်လာသည်။ လှေကားအတက်အဆင်းတွင် ဘလိန်း က စင်တိန်အား ဆီးဖမ်းထားရန် ကြိုးစားသည်။ သို့သော် စင်တိန်သည် သူ့လက်မှ အတင်းရုန်းထွက်ပြီး သူမ မော်တော်ကားရပ်ထားခဲ့သည့် နေရာအရောက် တဟုန်ထိုးဆက်ပြေးသည်။
စင်တိန် သည် မော်တော်ကားကို နာရီပေါင်းများစွာ မောင်းနေသည်။ လီဗာကို တဆုံးနင်းပြီး စက် ကိုမြှင့်ကာ မောင်းနေခြင်းဖြစ်သည်။

သူမကားနောက်မှ ဖုန်များက တထောင်းထောင်းထကာ ကောင်းကင်သို့ လွင့်ပျံတက်နေသည်။ မည်သည့် နေရာသို့ ဦးတည်မောင်းနေမှန်း သူမကိုယ်သူမ မသိ။ နောက်ဆုံး သူမ သိလာသည့် အချိန်တွင် သူမ မော် တော်ကား သည် သဲကန္တရာထဲသို့ ရောက်နေသည်။ အားလုံးသော ဘ၀များ၏ ငြိမ်းချမ်းရာ နေရာဟု ပစ်ဂမီ လူပုလေးများက ခေါ်ဆိုသောနေရာဆီသို့ သူမကားက ဦးတည်သွားနေသည်။ စင်တိန်သည် ကာလာ ဟာရီသဲကန္တရထဲရှိ ဟာနီ သတ္တုတွင်း၌ နှစ်လလုံးလုံးသွားနေသည်။ ဘလိန်းက သူမကို ဆက်သွယ် ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း လံးဝ ပြန်မဆက်သွယ်ပေ။
အစ္စဘယ်လာ ၏ နာရေးသတင်းကို သတင်းစာများတွင် တွေ့လိုက်ရသည်။ ထိုသတင်းစာများသည် ဟာနီ သတ္တုတွင်း သို့ တစ်ပတ်နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။

နောက်ဆုံး ရှာဆာ က အကြောက်အကန် ခေါ်တော့မှ စင်တိန်သည် ၀ယ်တာဗီဒင်အိမ်ကြီးသို့ ပြန်လာ တော့သည်။ သူမအိမ်ပြန်ရောက်လာသောအခါ တစ်ခေါင်းလုံးရှိ ဆံပင်များသည် ခရီးရှည်တစ်လျှောက်မှ ဖုန် များနှင့် အလိမ်းလိမ်း ကပ်နေသည်။ အသားအရေကလည်း နေလောင်ပြီး ကြေးနီရောင် ထနေသည်။
ရှာဆာ သည် မိမိပို့လိုက်သော ကြေးနန်းရရှိပြီး အသင့်စောင့်နေပေရော့မည်။ မိမိ ဒိန်မလာကားကြီး မောင်း ၀င်လာသံ ကို ရှာဆာ ကြားရပေလိမ့်မည်။ သို့ရာတွင် ရှာဆာသည် အိမ်အ၀င်အ၀ လှေကားထစ် များပေါ်မှ နေ၍ ကား မိမိအား စောင့်ကြိုနေခြင်းပင်မရှိ။ သူ ထိုသို့လှေကားထစ်မှ ဘာကြောင့် လာမကြို နေသည်ကို စင်တိန် ရှာဆာစာကြည့်ခန်းထဲသို့ ၀င်လိုက်သွားသောအခါ သိလာရသည်။
ရှာဆာကား စစ်ဝတ်စုံယူနီဖောင်းကိုဝတ်လျက်။

စင်တိန်သည် စာကြည့်ခန်း အ၀င်တံခါးဝ၌ တုံ့ခနဲရပ်လိုက်သည်။ သူမဆီသို့ လျှောက်လာနေသော ရှာဆာ ကို လှမ်းကြည့်လိုက်သည်။ သူမအတွေးအမြင်က အတိတ်ဆီသို့ ပြန်ရောက်သွားသည်။ လေတပ်ဝတ်စုံ အပြည့်ဆင်မြန်းထားသော ရှာဆာသည် သူ့အဖေမိုက်ကယ်နှင့် တစ်ထေရာတည်းတူနေ သည်။ အတိတ် ကာလက မိုက်ကယ် မိမိအိမ်သို့ ယူနီဖောင်းဝတ်စုံဖြင့် ၀င်လာနေပုံကို ပြန်သတိရလာသည်။

" မေမေ ရောက်လာပြီကိုး။ ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ၊ ကျွန်တော်မသွားခင် မေမေ့ကို တွေ့ချင်နေတာ အတော်ပဲ "
" ဘယ်တော့လဲ ... ဘယ်တော့သွားမှာလဲ "
မေးသာ မေးလိုက်ရသည်။ အဖြေကိုကြားရမှာ စိုးရွံ့နေသည်။
" မနက်ဖြန်ပဲ "
" ဘယ်လိုလဲ ... မင်းတို့ကို ဘယ်ကိုလွှတ်သလဲ "

" ပထမဆုံး ရောဘတ်ဟိုက်မှာရှိတဲ့ လေတပ်သင်တန်းကျောင်းကို သွားရမယ်၊ တိုက်လေယာဉ်မှူးအဖြစ် ကျွမ်းကျင်အောင် လေ့ကျင့်ရမယ်၊ အဲဒါပြီးရင်တော့ သူတိ့ပို့ရာကို သွားရမှာပဲ ကျွန်တော် ကံကောင်း ပါစေ လို့ ဆုတောင်းပါမေမေ "
" သား ကံကောင်းပါစေလို့ မေမေဆုတောင်းပါတယ်ကွယ် "
ဆုသာ တောင်းလိုက်ရသော်လည်း နှလုံးသားကမူ ကွဲလုမတတ်ခံစားလိုက်ရသည်။

ဆက်ရန်
.

No comments: