Wednesday, January 18, 2012

ဆေးရုံပေါ်မှာ အပိုင်း (၁)

ဤ စာစု တွင်ပါဝင်သော ဆေးရုံကြီး နှင့် တကွ ပါဝင်သူများအားလုံး သည် အပြင်မှာ အမှန်တကယ် ရှိ မယ် ဆိုလျှင် ရှိနိုင်သော ရွှေစင်ဦး ၏ စိတ်ကူးထဲ မှ ဇာတ်ရုပ် များသာ ဖြစ်ပါကြောင်း ကြိုတင် အစီရင် ခံအပ်ပါသည်။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

အခန်း (၁)

တကယ်တော့ ဒီဆေးရုံကြီး နဲ့ ကျနော် နဲ့ ပတ်သက်ရမယ် ဆိုတာ စိတ်တောင် မကူးဘူး သလို ကိုယ့်  စီးပွားရှိရာ...  မိသားစု ရှိရာ ကနေ ခွဲခွာလို့  ရက်ပေါင်းများစွာ လချီ ပြီး ဒီလို သွားရမယ် ဆိုတာ လည်း မတွေးခဲ့  ဘူးပါဘူး... 

အခုတော့ ချစ်သော ဖခမည်းတော် ရဲ့ ရောဂါ ဝေဒနာကြောင့် မြို့တော်ကြီး ရဲ့ နှလုံးခွဲစိတ် ဆောင်ကြီး က အခန်းတခန်း မှာ မျက်စေ့သူငယ် နားသူငယ် နဲ့ မြင်မြင်သမျှ ဆရာ.. ခေါ်လို့ ရောက်ခဲ့ ရပါတယ်...

ဒီဆေးရုံကြီး ကို မရောက်ခင်.. ကိုယ့်မြို့မှာ ရှိတဲ့ နှလုံးဆေးရုံမှာ ကုသခဲ့ပေမဲ့... အချိန် နောက်ကြ သွားခဲ့တဲ့ အတွက် Bypass Surgery ဆိုတဲ့အကြီးစား နှလုံး ခွဲစိတ်ကုသ မှု့ လုပ်ရမယ် .ပြောပါတယ် .. မြန်မာပြည် မှာ တော့ နှလုံး နဲ့ ပတ်သက်ရင် အကောင်းဆုံး လို့ ဆိုနိုင် တဲ့ ဆေးရုံကြီး ကို သွားဖို့ ညွှန်ကြား ပါတယ်...

အဲဒီ ဆေးရုံကြီး ကို သွားဖို့ အညွှန်းခံရတာဟာ ဒီဆရာဝန်ကြီး နဲ့ ပြသမိလို့သင့်တော် တဲ့ ညွှန်းဆိုမှု့ ဆိုတာ နောက်မှ သိရပါတယ် (ကျေးဇူးကြီးလှပါတယ် ဆရာ) ... တချို့ ဆရာဝန်ကြီး များ ဆိုရင် နိုင်ငံခြား ကို သွားရောက်ကုသ ဖို့ ညွှန်းခဲ့တယ် လို့ လည်း သိရပါတယ်.. အင်း နိုင်ငံခြား သာ ညွှန်း ခဲ့ရင်တော့ .... ခနောင်တို တောင် ကူးတို့ ဘိုး မရှိလို့ မသွားနိုင်တဲ့ လူနာတွေ သေဖို့သာ ကျန် ပါ တော့တယ်....
 ................................
 ကဲ .... စလိုက်ကြရအောင်

ဆေးရုံကြီး ရဲ့  နှလုံးခွဲစိတ်ဆောင် မှာ  ပြင်သစ်ဆရာဝန်ကြီး နဲ့ ခွဲစိတ်ဖို့ စောင့်နေ တဲ့  လူနာ ၁၁ယောက် တိတိ ရှိပါတယ်.... ပြင်သစ်ကြီး ခွဲစိတ်ပြီး တဲ့ နောက် နှစ်ပတ် လောက် နေရင် ဘယ်လ်ဂျီယန် ခွဲစိတ်ဆရာဝန် တွေ လည်း လာမယ် လို့ သိရ ပါတယ်... ကဲ ကိုယ့် ဖေဖေ က ဘယ်သူ နဲ့ ခွဲစိတ် မှာလည်း... 

ဆေးရုံမှာ စတင် စာရင်းပေးခဲ့စဉ် ကထဲက  ပြင်သစ် နဲ့ ခွဲမယ်လို့ စာရင်းပေးခဲ့ပါတယ်... ဒါပေမဲ့ အကြောင်း အားလျှော်စွာ ဘယ်လ်ဂျီယန် နဲ့ ခွဲဖို့ ဖြစ်သွားခဲ့ပါတယ်... ဒါပေမဲ့ တကယ်ခွဲမယ် ဆိုတော့ ပြင်သစ် ဆရာဝန်ကြီး နဲ့ဘဲ ခွဲဖြစ်ပါတယ်.... ရေစက် ဆုံရာ ကြုံရတတ်ပါတယ်..

ရေစက်ဆုံရာ ပြင်သစ် နဲ့ ဆိုတော့ ... ကရင်ပြည်နယ် .. မြိုင်ကလေး ဘိလပ်မြေ စက်ရုံကြီး ကို တည်ဆောက်စဉ် က လာရောက်ဦးဆောင်ခဲ့တဲ့ ပြင်သစ် အင်ဂျင်နီယာ ကြီး အကြောင်း ကြား ထားတာ ကို ပြန်သတိရ သွားပြီး နဲနဲတော့ ကြောက် တောက်တောက် ဖြစ်သွား ပါတယ်.... ပြင်သစ် များ အတော် စွမ်း တယ် ဆိုဘဲ ..

ဘယ်လိုစွမ်းသလည်း... မကြားဖူးသေးသော သူများအတွက် နှစ်ပြားသတင်း လို့ ယူဆနိုင်ပါတယ်... မြန်မာပြည် မှာ မြိုင်ကလေး ဘိလပ်မြေ စက်ရုံကြီး လာဆောက် တော့ .. ပြင်သစ်အင်ဂျင်နီယာကြီး က ဦးဆောင် ပါသတဲ့.. စက်ရုံဆောက်တာ ဆိုတော့ အတော်ကြာကြာ နေရပါတယ်... ဒီကြားထဲမှာ အင်ဂျင်နီယာ ကတော်ကြီး မပါတဲ့ ပြင်သစ်ကြီး ခမျာ တယောက်ထဲ အိပ်ရတာ ပျင်းတော်မူပါသတဲ့.... ဒါကြောင့် နံမည်ကြီး မင်းသမီး တယောက်ပုံ ပါတဲ့ ပြက္ခဒိန် တခုကို ကြည့်ပြီး ခေါ်ပေး.. ခေါ်ပေး အတူတူ အိပ်ချင်ပါတယ် လို့ ပူဆာရှာပါတယ်...

တာဝန်ရှိသူ များကတော့ မင်းသမီးခေါ်ပေးလို့ကတော့ ပါးရိုက်ခံရကိန်း ရှိတဲ့ အတွက် မင်းသမီး တော့ မင်းသမီး ဒါပေမဲ့ နောက်ပိုင်း မင်းသမီး (ဇာတ်သဘင်. အငြိမ့်သဘင် .... မှ နောက်ပိုင်းမင်းသမီး ကို မဆိုလိုပါ) တယောက် ကို ကိုယ်စားရှာပေးပါသတဲ့.... 

အဲဒီနေ့ညက...  ပြင်သစ်ကြီး ကို ညအိပ်ရာဝင် ချော့သိပ် ရတဲ့ နောက်ပိုင်း မင်းသမီး လေး လည်း ပြင်သစ်ကြီး က ဘာ သီချင်းများ ဆိုခိုင်းပြီး ... ဘာ ပြဇာတ်များ က ခိုင်းတယ် မသိပါဘူး... မနက်လည်း လင်းရော... ဆေးရုံ ရောက် သွားပါတယ်တဲ့... ပြင်သစ်အစွမ်းများ ကို မဟုတ်တဲ့ နေရာသာ သတိရတဲ့ ကျနော် ကတော့ ရင်တမမ... ( စိန်ကောင်းကျောက်ကောင်း များ ရောင်းဝယ် တဲ့ နေရာမှာ ဆေးရိုးသည် ကန့်လန့် ကန့်လန့် ဆိုတာ ဒီလို အတွေးများဘဲ... ဖြစ်မယ် ထင်ပါရဲ့ဗျာ)

တချို့လူနာများဟာ ပြင်သစ်ကြီး နဲ့ နှလုံးခွဲစိတ်ဖို့ စောင့်နေတာ ဒီဆေးရုံကြီးမှာ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ...  ကျနော် တို့ ကတော့ ရက် တွက်လာတဲ့ အတွက် မခွဲစိတ်ခင် ၁၆ရက်  14.11.2011 မှ ခွဲစိတ်ပြီး ၁၆ရက် 16.12.2011 ထိ စုစုပေါင်း တလ နဲ့ နှစ်ရက်သာ နေခဲ့ရပါတယ်... အားလုံး ရဲ့ ကျေးဇူး ပါဘဲ..

ပြင်သစ် ဆရာဝန်ကြီး နဲ့ ခွဲစိတ်ဖို့ လူနာ ၁၁ယောက် ရှိပါတယ်... တကယ်တန်းတော့ ၁ဝယောက် ဘဲ ခွဲဖြစ်ပါတယ်... ပြင်သစ် ကြီး က တယောက် ပယ်ပါတယ်... နှလုံးကြွက်သား ညှစ်အားကို မကြိုက်လို့ လို ပြောပါတယ်... စုစုပေါင်း ၁ဝ ယောက်... တရက် ကို ၂ယောက်နှုန်း နဲ့ ခွဲပါတယ်... ဘယ်လူနာ တွေ ရှင်သန်ပြီး... ဘယ်လူနာတွေများ အရှုံးပေးသွားသလည်း ဆိုတာ ကြည့်ကြရအောင်ပါ...

နံပါတ် ၁ လူနာ ရဲ့ အကြောင်းလေးက စပြောရအောင်...  သွေးကြော တကြော ပိတ်နေတဲ့ အတွက် Bypass ခွဲစိတ်ရမှာ ဖြစ်ပါတယ်.. အသက် ၅ဝ ကျော် ရှိ ပြီး တနေ့ကို ဆေးပေါလိပ်တစီး သောက်သုံး ပါသတဲ့...
တစီးမှာ အလိပ် ၅ဝ ပါ ပါတယ်.. ဟိုချဒီချ နဲ့ တလိပ် ကို အကုန် မသောက်ခဲ့တာ တွေ လည်း ရှိပါတယ် လို့ ပြောတယ်.. အင်း... တွက်ကြည့်ရင်တော့ ဘာဘဲ ဖြစ်ဖြစ် တဝက်လောက်တော့ ရှုရှိုက်မိမှာ အမှန် ပါဘဲ...

ကြားဖြတ်.. စကားကြုံလို့ ပြောရရင်... ကျနော့် ဖေဖေ ကို မန္တလေး ဆေးရုံကြီး အရေးပေါ်အခန်း မှာ စ တင် လိုက်စဉ် က ဆရာဝန်များ က ချက်ခြင်းဘဲ ဖေဖေ့ ကို အောက်ဆီဂျင် တွေပေးပြီး သွေးကြဲဆေးတွေ သွင်း ပါတယ် (အတက်ခ် ရပြီး ၈ နာရီ (ထင်တယ်) အတွင်း သွင်းရမဲ့ ဆေးကတော့ အချိန်မမှီတော့ ပါဘူး) ... အဲဒီအချိန် မှာ ရောဂါ ရာဇဝင် ကို တာဝန်ကျ ဆရာဝန် များက မေးမြန်း ပါတယ်.....

ကျနော် နဲ့ အတူတူ ညီမ အငယ်ဆုံး အပြင် တခြားမောင်နှမ များနဲ့ မေမေ ပါ ရှိပါတယ်... လူနာက ဆေးလိပ်သောက် တတ်လားလို့ မေးတော့ ကျနော်က မသောက်တတ်ပါဘူး... ညီမငယ် က သောက်တတ် ပါတယ်... လို့ ဖြေကြပါတယ်....  ဆရာဝန် ခမျာ လည်း သောက်တယ် ရေးရ မလိုလို မသောက်တတ် ဘူး ရေးရ မလိုလို ဖြစ်သွားပုံရပါတယ်... 

အဲဒီအချိန်ကြမှ လူနာ ဖြစ်သူ ကိုယ်တိုင် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝလောက် က မိန်းမ မရခင် သမီးရီးစား ဘဝ က ... ဆေးလိပ်သောက်ရင်... ပိုပြီး ဂိုက်ကြမလား ဆိုပြီး ... နဲနဲပါးပါး သောက် တာပါ... လူပျိုဘဝ က ပါ.. လို့ ဖြေပေးပါတယ်.... ဆရာဝန် ရှင်းသွားပါတယ်...

အရက်သောက်တတ်လား... ကျနော် က .. မသောက်တတ်ပါဘူး... ညီမငယ် က သောက်တတ်ပါတယ်... လို တပြိုင်နက် ဖြေလိုက်ကြပါတယ်... စိတ်ရှုတ်ထွေး သွားဟန်ရှိတဲ့ ဆရာဝန် မျက်နှာကို အကဲခတ် နေတဲ့ ... လူနာဖြစ်သူ ... ဖေဖေ ကဘဲ ကြားဝင် ရှင်းပေး လိုက်ပါတယ်.... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ မတိုင်ခင် လောက် က ခရစ်စမတ်... နှစ်သစ်ကူးပွဲ.. ညစာစားပွဲ တွေ မှာ ကြုံရင် တနှစ်မှာ ၁ဝခါလောက် သောက် တာပါ... အခု လုံးဝ မသောက်တာ အနှစ် ၃ဝ လောက် ရှိပါပြီ... (အင်း. လူနာအဖေကြီး စိတ်ထဲမှာတော့ .. သားသမီး များ တော်တော် အတေးအမှတ်ကြီး ကြတာဘဲလို့ တွေးနေလေ သလား မသိ)

အဖြေတွေက ဟိုတမျိုး ဒီတမျိုးဆိုတော့ ... ရောဂါရာဇဝင် ယူတဲ့ ဆရာဝန်လည်း တော်တော် ညစ် သွားဟန် တူပါတယ်.... ကဲ... အဘ ကိုယ်တိုင် သာ ဖြေပါတော့... အဘ ဘယ်အချိန်တွေမှာ မောသလည်း တဲ့ ... ကျနော် တို့ ညီမ နှစ်ယောက် ပါးစပ်ပိတ်ထားပါတယ် ....

လူနာ ကိုယ်တိုင် ကဘဲ... ဘယ် အချိန်မှာမှ မမောပါဘူး .... စိတ်ရောကိုယ် ရော ပင်ပန်း ပြီး မလှုတ် ချင်အောင် ဖြစ်သွားရာ ကနေ.... ရင်ဘတ် နဲနဲ အောင့် လို့ သူတို့ တွေက  အတင်းပြခိုင်း လို့  (ပြခိုင်းသူများ အပြစ် ရှိပါကြောင်း) ဆေးခန်း မှာ ပြရင်း ဆေးရုံ ရောက်လာတာပါ....လို့ ဖြေ လိုက်ပါတယ်.... (ဖြေခိုင်းတဲ့ ဆရာဝန် လဲ မောသွားဟန် တူပါတယ်)

အတော်စဉ်းစား ပြီးမှ ဒီတခါ တော့ မေးပါတယ်.......အဘ အဲဒါဆို ဘယ်အချိန်တွေ မှာ စိတ်ပင်ပန်း လည်း.... ဖေဖေ က လူတွေ ရုတ်ရုတ်သဲသဲ နဲ့ အသံတွေ ဘာတွေ ဆူညံ နေရင် စိတ်မကြည်ပါဘူး... ဆရာဝန် အကြိုက်တွေ့သွားတယ် ထင်ပါတယ်... အခုလိုမျိုး ပေါ့နော် အဘ.....

ကျနော် တို့ မောင်နှမ တတွေ လည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး အခန်းထဲက မထွက်ချင် ထွက်ချင်နဲ့ တယောက်ပြီးတယောက်ထွက်လာ ရပါတယ်..... (ကဲ.. ဒါက မန္တလေး ဆေးရုံကြီး မှာ စတင်ခဲ့ တဲ့နေ့ က အတွေ့အကြုံလေး တခု ကြုံလို့ပြောလိုက်တာပါ)

လူနာနံပါတ် ၁ အကြောင်းကို ပြန်ဆက်ရရင်... လူနာ ဟာ ပိန်ပိန်ပါးပါးနဲ့ အသက်ကြီးရင့်တဲ့ ပုံ ပေါက် ပါတယ်... တကယ် ကတော့ ၅၅နှစ်သာရှိပါသေးသတဲ့... သူနဲ့ အတူပါလာတဲ့ သူများကတော့ ဘောလုံး နှစ်သင်း စာလောက် ရှိပါတယ်..... ထူးထူးခြားခြား လူနာ အနီးမှာ ဆယ်ကျော်သက် အရွယ် ခပ်လှလှ... မိန်းမ တယောက်လည်း ပါ ပါတယ် (နောက်မှ ပြောပြပါမယ်)... 

ကျန်သူ များကတော့ သားသမီး လေးယောက် နဲ့ ခွဲစိတ်ခါနီး လေ... အကြောက်ကြီး ကြောက် လေ ဖြစ်ပြီး... အင်အားဖြည့်တဲ့ အနေနဲ့ မန္တလေး ကနေ တယောက်ပြီးတယောက် လူနာ ကိုယ်တိုင် .... ဖုန်းဆက် ခေါ်ထားတဲ့ ဘုန်းကြီးဆယ်ပါးလောက် မယ်သီလရှင် နှစ်ပါးလောက် နဲ့ တူ.. တူမ ဆိုသူတွေ ဖြစ်ပါတယ်... သြ... အတ္တာဟိ အတ္တနော နာထော ... မိမိကိုယ်သာ ကိုးကွယ်ရာ... မိမိ အသက် ရှင်သန်ရေး အတွက် ဆရာဝန်များ နဲ့ ပူးပေါင်းပြီး မိမိ ကိုယ်တိုင် ရင်ဆိုင် တိုက်ခိုက်ရမယ် ဆိုတာ နဲနဲမှ မစဉ်းစားမိဘဲ... အားကိုးရာ ရှာသူအတွက် နောက်ဆက်တွဲ ဇာတ်လမ်းများ အများကြီးရှိပါသေးတယ်...

အဲဒီ... နံပါတ် ၁ လူနာ ခွဲမဲ့ နေ့ကတော့ ဆေးရုံရဲ့ ဧည့်ခန်း တခုလုံးဟာ လူနာ ရဲ့ အမျိုးတွေ နဲ့ ပိတ်ဆို့ သွားတဲ့ အတွက် ... ခွဲစိတ်ဖို့ လာတဲ့ ပြင်သစ်ဆရာဝန်ကြီး လှေကားပေါ် တက်ဖို့တောင် အတော် ရှင်း ယူလိုက် ရပါတယ်.. ဒါနဲ့ ဒီဆေးရုံ မှာ ဒီလောက် လူတွေ များတာ မတွေ့ဖူး တဲ့ ပြင်သစ် ဆရာဝန်ကြီး လည်း စပ်စု လိုက်ပါတယ်......... ce qui se passe? Qui sont-ils?

ပြင်သစ်ကြီးက .... ဒီလူအုပ် ကြီးဟာ... ပထမဆုံး နေ့ ပထမဆုံး သူ ခွဲစိတ်မဲ့ လူနာ ရဲ့ အမျိုးတွေ ဆိုတော့ အတော် ကြောက်လန့် သွားဟန် တူပါတယ်... ဒီလူနာ ကို ခွဲစိတ် တာ မအောင်မြင်ရင် ပြင်သစ် ပြည် က လေဒီ တောင် တွေ့ရဖို့ မလွယ်ဖူး ဆိုတာ သဘောပေါက် သွားတဲ့ ပုံနဲ့ အစွမ်းကုန် ကျိုးစား ခွဲစိတ်ဖို့ ပညာကုန် သုံးဖို့ ဆုံးဖြတ်ထားပြီး ဟန်နဲ့.... ခေါင်းတငြိမ့်ငြိမ့် ....  လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း ... ခွဲစိတ်ခန်း ထဲကိုဝင်သွား ပါတယ်....

ပြင်သစ် ကြီး အတွက် ပထမဆုံး လူနာ ဟာ ကံမကောင်းပါဘူး... ခွဲစိတ်ပြီး လူနာ ဟာ သွေးမတိတ် နိုင်တဲ့ အတွက် ရင်ဘတ် ပိတ်ပြီးသား ကို ပြန်ဖွင့် ရပါတယ်... သွေးမရပ်မခြင်း ရင်ဘတ်မပိတ် ဘဲ ခွဲစိတ်ခန်း ထဲမှာဘဲ ထားခဲ့ ပါတယ်.... စဉ်းစား တွေးတောလို့ ရအောင်ပြောရရင် .. ကျနော့် ဖေဖေ အတွက် သွေးအိတ် ရှစ်အိတ် သာ ကုန်ပေမဲ့... ပထမ လူနာ အတွက် ၂၅အိတ် ကုန်ပါသတဲ့....

ကဲ ပြင်သစ်ကြီး အတွက် ဒုတိယ လူနာ ရဲ့ ကံကြမ္မာ ကရော.....

ဒုတိယ လူနာ ဆိုတာ တနေ့ ၂ယောက်ခွဲမှာ ဆိုတော့ ညနေပိုင်းမှာ ခွဲစိတ်မဲ့လူနာဖြစ်ပါတယ်.. နှလုံး အစို့ရှင် လဲ တာဖြစ်ပါတယ်.. အစို့ရှင် တခုဘဲ လဲ မဲ့ အသက် ၅ဝ လောက်ဘဲရှိတဲ့ အမျိုးသမီး တယောက် ဖြစ်ပါတယ်... နယ်က လာတာဖြစ်ပါတယ်.. ပြုစုစောင့်ရှောက်မဲ့ သားတယောက် ပါလာ ပါတယ်.....

အဲဒီလူနာကတော့ ခွဲစိတ်ချိန် လည်း သိပ်မကြာသလို... နှစ်ရက် အတွင်းမှာဘဲ အထူးကြပ်မတ် အဆောင်  တစ် ICU (I) လို့ဘဲ သုံးပါမယ်... ( ICU (II) ကလဲ ရှိသေးတဲ့ အတွက်ဖြစ်ပါတယ်) ထဲကနေ ထွက် လာနိုင်ပါတယ်... အခြေအနေ အများကြီး ကောင်း ပါတယ်....

ပထမနေ့ အတွက် ပြင်သစ်ကြီး ရဲ့ ကံကြမ္မာ ဟာ သရေ ပါဘဲ...

ဒုတိယနေ့ .... မနက်ခင်းမှာ ခွဲမဲ့ လူနာနံပါတ်သုံး ဟာ အသက်၆၈ နှစ်အရွယ် ရှိတဲ့... အလွန် အင်မတန် တိကျ သေချာပြီး စည်းကမ်းစနစ် အလွန်ကြီး တဲ့ ... နိုင်ငံတာဝန် အား သတိ... နေမြဲ... သက်သာ.. သက်သာ.. ဆိုတဲ့ နေရာ က ထမ်းဆောင် လာတဲ့ ပင်စင်စား ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်.... သူကလည်း နယ် က ပါဘဲ.... သူ့ ကို ပြုစုမဲ့သူ ကတော့ အဖေ နဲ့ အမြဲတန်း တကျက်ကျက် ဖြစ်နေတဲ့ သမီးအပျိုကြီး  တယောက် ဖြစ်ပါတယ်... လူနာ ရဲ့ အိမ်ထောင်ဖက် က တော့ ဆုံး သွားပြီ လို့ သိရ ပါတယ်...

နှလုံးသွေးကြောတကြော ပိတ်သွားတဲ့ အတွက် Bypass surgery ပါဘဲ.... ခွဲစိတ်မှု့ ဒဏ်တွေကို ကြိုတင် လေ့လာထားပြီး ဖြစ်တဲ့ အပြင်.. ဖြစ်သမျှ ကို ရဲရဲယဉ်ဆိုင်မယ် ဆိုတဲ့ စိတ်နဲ့ ခွဲစိတ်ခန်း ထဲကို ရင်ကော့ ဝင်သွားသူ ဖြစ်ပါတယ်.... ခွဲစိတ်ခန်းထဲက နေ အောင်မြင်စွာနဲ့ ICU (I) ထဲရောက်လာပါတယ်...

ညနေပိုင်း ခွဲမဲ့ လူနာ နံပါတ် လေး ကတော့ အဆို့ရှင် နှစ်ခု လဲ ရမဲ့ အသက်၂၄ နှစ်သာ ရှိသေးတဲ့ ငယ်ရွယ်သူ လူငယ် တဦးဖြစ်ပါတယ် .. အလွန်အင်မတန် ချောမောတဲ့ ရန်ကုန်သူ ရီးစားလေး နဲ့ မောင်လေး အား အလွန်ချစ်တတ်တဲ့ အမတဦး သာ လူနာစောင့် အဖြစ်ပါ ပါတယ်...

ညနေပိုင်းခွဲတဲ့ လူနာ ဟာ ခွဲခန်းထဲက တော်တော် နဲ့ မထွက်လာနိုင်ပါဘူး... ခွဲစိတ်ခန်း ထဲကနေ အပြင် ICU (I) ရောက်လာဖို့ အတွက် ရင်တမမ နဲ့ စောင့်နေရပါတယ်.... သူ့ နှလုံး က လည်း တော်တော် အခြေအနေ ဆိုး ပါတယ်... မန္တလေး ဆေးရုံပေါ်မှာ ကထဲက အောက်ဆီဂျင် တွေ ပေးလိုက် ... ICU ထဲ ဝင်လိုက် ထွက်လိုက် နဲ့ ပါ....

ဒုတိယ နေ့ အတွက်လည်း ပြင်သစ်ကြီး ရဲ့ ကံကြမ္မာဟာ သရေပါဘဲ....

တတိယနေ့....... မနက်ပိုင်းမှာ ခွဲမဲ့ လူနာကတော့ အလွန်ဝဖြိုးထွားကျိုင်းပြီး... ဆီချိုရောဂါ အနည်းငယ် ရှိတဲ့ သွေးကြောတကြောပိတ်သွား တဲ့ အသက်၆၅ နှစ် ရှိတဲ့ နယ်မြို့ တမြို့ က ကုန်သည်ကြီး တဦး ပါဘဲ...  သူကတော့ တနေ့ကို စီးကရက် ၃ဗူး လောက်သောက်သူ လို့ သိရပါတယ်....

သူ နဲ့ အတူပါလာတဲ့ သူများကတော့ အလွန်အေးဆေးတဲ့ ရောဂါမျိုးစုံ နဲ့ ထာဝရ တိုက်ပွဲ ဝင်နေရတဲ့ ချိနဲ့နဲ့ ဇနီးဖြစ်သူ၊ အလွန်တရာ မှ စကားများပြီး အတွေးအခေါ်သစ် များ နဲ့ အပြစ်တင် စကား များကို တရစပ် ထုတ်လွှင့် နေ တဲ့ သမီးကြီး ဖြစ်သူ ၊အလွန်ဝသလောက် ပါးစပ်နဲ့စားစရာ မပြတ်စားနေတဲ့ သမီးငယ် နဲ့ အတူ မြေးနှစ်ယောက် ပါလာကြပါတယ်... ခွဲစိတ်မဲ့ နေ့မှာ ရောက်လာကြတဲ့ သားနှစ်ယောက် နဲ့ ပေါင်းရင် သူ ကလည်း လူနာနံပါတ် တစ် နီးနီးပါဘဲ......

သူ့ကိုလည်း အောင်မြင်စွာဘဲ ခွဲစိတ်နိုင်ခဲ့ပြီး ICU (I) ထဲကို ရောက်လာပါတယ်.....

ညနေပိုင်း မှာ ခွဲမဲ့ လူနာကတော့ နှလုံးအစို့ရှင် လဲတဲ့ ယောက်ကျားလူနာ တယောက်ပါဘဲ... သူ ကလည်း အောင်မြင်စွာ နဲ့ ဘဲ ICU (I) ထဲ ရောက်လာပါတယ်...

တတိယနေ့ ကတော့ ပြင်သစ်ကြီး အတွက် ကံကောင်းတဲ့ နေ့တနေ့ပါဘဲ...

လေးရက်မြောက် တဲ့ နေ့ ကတော့ ပြင်သစ်ကြီး လက်ညောင်း... ဒါးညောင်း ...သွားပါပြီ... တရက်နား ပါတယ်..

ငါးရက်မြောက်နေ့ မှာ တော့ ချစ်ဖေဖေ ကို ပထမဦးဆုံး ခွဲစိတ်ရမှာ ဖြစ်ပါတယ်...

ကျနော် တို့ မိသားစု အတွက် အမှတ်တရ အဖြစ်ဆုံး နေ့ တနေ့ ဖြစ်သလို ....

ဆက်ပါအုန်းမည်...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

17 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စာဖတ်လို့တော့ ကောင်းတယ်၊ ကျနော်က သိပ်နားမလည်ဘူး၊ ဆေးရုံးဆေးခန်း ကိစ္စတွေ အောင်မြင်သွားတာ မင်္ဂလာတစ်ပါးပေါ့ အမ ...

sawthanlwin said...

မြိုင်ကလေး ဘိလပ်မြေ စက်ရုံကြီး လာဆောက် တော့ .. ပြင်သစ်အင်ဂျင်နီယာကြီး က ဦးဆောင် ပါသတဲ့.. စက်ရုံဆောက်တာ ဆိုတော့ အတော်ကြာကြာ နေရပါတယ်... ဒီကြားထဲမှာ အင်ဂျင်နီယာ ကတော်ကြီး မပါတဲ့ ပြင်သစ်ကြီး ခမျာ တယောက်ထဲ အိပ်ရတာ ပျင်းတော်မူပါသတဲ့.... ဒါကြောင့် နံမည်ကြီး မင်းသမီး တယောက်ပုံ ပါတဲ့ ပြက္ခဒိန် တခုကို ကြည့်ပြီး ခေါ်ပေး.. ခေါ်ပေး အတူတူ အိပ်ချင်ပါတယ် လို့ ပူဆာရှာပါတယ်...

တာဝန်ရှိသူ များကတော့ မင်းသမီးခေါ်ပေးလို့ကတော့ ပါးရိုက်ခံရကိန်း ရှိတဲ့ အတွက် မင်းသမီး တော့ မင်းသမီး ဒါပေမဲ့ နောက်ပိုင်း မင်းသမီး (ဇာတ်သဘင်. အငြိမ့်သဘင် .... မှ နောက်ပိုင်းမင်းသမီး ကို မဆိုလိုပါ) တယောက် ကို ကိုယ်စားရှာပေးပါသတဲ့....

အဲဒီနေ့ညက... ပြင်သစ်ကြီး ကို ညအိပ်ရာဝင် ချော့သိပ် ရတဲ့ နောက်ပိုင်း မင်းသမီး လေး လည်း ပြင်သစ်ကြီး က ဘာ သီချင်းများ ဆိုခိုင်းပြီး ... ဘာ ပြဇာတ်များ က ခိုင်းတယ် မသိပါဘူး... မနက်လည်း လင်းရော... ဆေးရုံ ရောက် သွားပါတယ်တဲ့... ပြင်သစ်အစွမ်းများ ကို မဟုတ်တဲ့ နေရာသာ သတိရတဲ့ ကျနော် ကတော့ ရင်တမမ...
အမှန်ကထှိအချိန်ဆိုရှယ်လစ်ခေတ်ဖြစ်သဖြင့်တမင်နာမည်ပျက်အောင်ဝါဒဖြန့်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုအမျိုးသမီးမှာယင်းစက်၇ုံစီမံကိန်းမှစာရေးဝန်ထမ်းတဦးဖြစ်ပြီး၎င်းတို့ချင်းချစ်ကြိုက်၍ထိုကဲ့သို့ဖြစ်ခဲ့သဖြင်.တာဝန်ရှိသူများမှယင်းအမျိုးသမီးကိုအလုပ်ရပ်စဲခဲ့ရာပြင်သစ် ကြီးမှ၎င်းချစ်သူအားအလုပ်ပြန်မခန့်လျှင်သူလည်းဆက်မလုပ်ဟုဆိုသဖြင့်ပြန်ခန့်ထားခဲ့ရသည်ဟုသိရပါသည်။ယင်းနောက်၎င်းတို့လက်ထပ်ပြီးပြင်သစ်တွင်နေထိုင်
လျှက်ရှိကြောင်းကြားသိရပါသည်။

Angelhlaing(May everybody be happy and healthy! said...

အတွေ့အကြုံလေးတွေ ခံစားသွားတယ်မမရေ...

မအိမ်သူ said...

စိတ်ဝင်စားစရာ အတွေ့အကြုံလေးတွေ မျှော်နေမယ် အစ်မရေ...း)

sawthanlwin said...

မနက်လည်း လင်းရော... ဆေးရုံ ရောက် သွားပါတယ်တဲ့... ပြင်သစ်အစွမ်းများ ကို မဟုတ်တဲ့ နေရာသာ သတိရတဲ့ ကျနော် ကတော့ ရင်တမမ...
အမှန်စင်စစ်ထိုပြင်သစ်ကြီးစွမ်း၍မဟုတ်ဘဲအလားတူဖြစ်ရပ် မျိုး ၂၀၀၂ခူနှစ်ဝန်းကျင်ခန့်က မင်္ဂလာဦးည ဆေးရုံရောက်သည့်ုဖြစ်ရပ်မျီုးကရင်ပြည်နယ်တွင်ဖြစ်ခဲ.
သည်ဟုကြားခဲ့ရပါသည်။

စံပယ်ချို said...

ပြင်သစ်အင်ဂျင်နီယာကြီး အကြောင်းသိလိုက်ရလို့ ပြုံးမိပါတယ်
အမရွှေစင်ရဲ့ချစ်ဖေဖေကို ခွဲစိတ်တဲ့ အကြောင်းလေးကိုလဲ
စောင့်စားနေတယ်နော်

MDW said...

အမရွှေစင် လက်ရာ မဖတ်ရတာကြာပြီ။ ရှေ့ပိုင်းကတော့ ဖတ်ရတာ တပြုံးပြုံးပဲ။ ညီအမတွေ တယောက်တပေါက် ဖြေကြတာ ရယ်နေရတယ်။ အဲဒီလို ခပ်သွက်သွက် ရေးဟန်လေးတွေကို သဘောကျတာ။
နောက်ပိုင်းကတော့ ဖတ်ရတာ နည်းနည်း ထိတ်လာတယ်။ ကောင်းခန်းမှာ မီးပျက်သွားသလိုပဲ .... ဆန့်တငံ့ငံ့နဲ့။ မြန်မြန် ဆက်ရေးပါ အမရွှေစင်ရေ ....

Unknown said...

စောင့်မျှော်နေတယ်နော် အမ.. :)

ကိုဇော် said...

စောင့်ဖတ်နေတယ် အစ်မရေ။
ကျနော့် အဖေကလည်း ဦးနှောက်နဲ့အာရုံကြောမှာ တစ်လခွဲကျော် တတ်ခဲ့ဖူးတာ ဆိုတော့ ရေးမယ် ဆိုရင် ရေးစရာတွေက အများကြီး ရှိတယ်။ အခု တလော စာရေးရမှာ ပျင်းနေတာနဲ့ အလုပ်များနေတာနဲ့ကြောင့် ဘလော့ကို ပစ်ထားပြီးတော့ ပေါ့ပေါ့ပါးပါး ဖဘကိုပဲ ရောက်နေတော့တာ။

အစ်မရေးပြီးမှပဲ ရေးဖို့ ကြိုးစားပါဦးမယ်။

အင်ကြင်းသန့် said...

မမရွှေစင်ရေ....မမရဲ့ပိုစ့်တွေကိုမျှော်ရကျိုးနပ်ပါပေတယ်....
ညီမလေးတော့ သဘောကျလို့တခွိခွိ တဟိဟိနဲ့ဖြစ်နေတယ်.... :D


ချစ်ညီမလေး

sosegado said...

စိတ်ဝင်စားမိပါတယ်၊ စောင့်နေပါမယ်
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လာရောက်ပေးတာကို ကျေးဇူးတင်မိပါသည်

kiki said...

ကြုံရဆုံရ ဘုံဘဝ များ....
ဆေးရုံပေါ်မှ ဘဝပေါင်းစုံများ...
အခန်းဆက် ဝတ္ထုရှည်ကြီး တပုဒ် ဖြစ်သွားနိုင်တယ်နော် ...ဖတ်လို့ကောင်းပါ၏ ။
ခုလို ပြည်ပက ကျွမ်းကျင် ပညာရှင်တွေ လာပြီး ကုသပေးကြတာ အင်မတန်မှ ဝမ်းသာစရာကောင်းပါတယ် ။လူနာတွေ အတွက်သာမက ပဲ ပြည်တွင်း ဆရာဝန်တွေအတွက်ပါ အတွေ့ အကြုံ ဖလှယ်လို့  ၊ပညာ သင်ယူလို့ရတဲ့ အခွင့်အရေး ရပါတယ်။
(ခုတလော ပြင်သစ်တွေ ခေတ်စားနေတယ် နော်..ပြင်သစ်စကားကို မွှတ်နေအောင်ပြောတတ်သူလည်း ခေတ်စားနေတယ် မရွှေစင်ရေ . အားကျမိပါရဲ့.)

ခင်မင်စွာ
မကိ

လရိပ်အိမ် said...

ရေးထားတာလေးကောင်းတယ်အမ

မြသွေးနီ said...

အစ်မရွှေစင်ရေ...
စိတ်ဝင်စားစရာ...
ဒုတိယပိုင်း စောင့်နေပါ့မယ်နော်..။

ဟန်ကြည် said...

အဲဒီဆေးရုံတွေကို မရောက်ဖူးတာကြောင့် မရွှေစင်ရေးတာကိုပဲ ဗဟုသုတဖြစ်ဖို့ စောင့်ဖတ်ပါဦးမယ်...

အသက်ဆိုတာ ငွေနဲ့ဆက်ရတာကိုး မရွှေစင်ရေ...

မောင်သီဟ said...

အောင်မြင်ခဲ့တယ်ဆိုတာသိနေပေမယ့်လည်း
ပို့စ်ပြန်ဖတ်တော့ ရင်တထိတ်ထိတ်ရယ် အစ်မရေ

မြစ်ကျိုးအင်း said...

လူနာရှင်တိုင်းအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဒီလိုစာမျိုးတော့ အဖြေကြိုသိထားရလို့ ဖတ်ရတာ စိတ်သက်သာတယ်။ မဟုတ်ရင် စိတ်ထဲတထိတ်ထိတ်နဲ့ဖြစ်မှာ။ နောက်အပိုင်းလေး ဆက်ပါအုံး။