(၅၆)
ဂျိုဟန်နက်စဘတ်မြို့ စီအိုင်ဒီဌာနချုပ်ရှိ ရဲမင်းကြီးအား ဘလိန်းမယ်လကွန်က တယ်လီဖုန်း ဆက်နေချိန် တွင် ရှာဆာ သည် ဘလိန်းစားပွဲ၌ မတ်တတ်ရပ်နေသည်။
" ခင်ဗျား ရှာဖွေဝရမ်းရရချင်း အဲဒီအလုပ်ရုံကို ပိတ်လိုက်ပါ။ ဘယ်သူမှ အ၀င်အထွက် မလုပ်စေနဲပတော့၊ ထရန်စဗက် က နယ်မြေတပ်မှူးကိုလဲ ကျွန်တော် ပြောလိုက်ပြီးပြီ၊ သူနဲ့သူ့တပ်ရေး ဗိုလ်ကြီးက ခင်ဗျားကို အပြည့်အ၀ ပူးပေါင်းကူညီလိမ့်မယ်၊ ခင်ဗျား ချက်ချင်း လုပ်ငန်းစပြီး ရှာပေတော့၊ ဂိုဒေါင်ထဲက လက်နက်သေတ္တာ တွေ အားလုံး ဖွင့်ဖောက် စစ်ဆေးပါ၊ ထုတ်လုပ်ရေးမှတ်တမ်းမှာပါတဲ့ ပစ္စည်းအားလုံး ကို စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပါဗျာ၊ ကျွန်တော် အခုချက်ချင်း အဲဒီက လေယာဉ်ပျံနဲ့ လိုက်လာခဲ့မယ်၊ ရော ဘတ်တိုက်လေယာဉ်ကွင်း မှာ ကျွန်တော့်ကို ရဲကားတစ်ီး နဲ့ လာစောင့်နေပါ"
ဘလိန်းက ရှာဆာအား လှမ်းကြည့်လိုက်သည်။ ရှာဆာက လက်ငါးချောင်းထောင်ပြလိုက်သည်။
" ညနေ ၅ နာရီမှာ လာစောင့်ပါ၊ လောလောဆယ်မှာတော့ အဲဒီကိစ္စကို မဆိုင်သူတွေ လုံးဝမသိအောင် လျှို့ဝှက်ထားပါ၊ ခင်ဗျားလူတွေကို တာဝန်ပေးရင်လဲ အိုဘီအဖွဲ့ဝင်မဟုတ်တဲ့လူ၊ ခင်ဗျားစိတ်ကြိုက် လူတွေ ကို သာ ရွေးပြီး တာဝန်ပေးပါရဲမင်းကြီး "
ရှာဆာသည် သူ၏ဂျက်ဂွာကားဖြင့်ပင် ဘလိန်းကို တင်ကာ ရမ်းစဖီးလေယာဉ်ကွင်းသို့သွားသည်။ ထိုမှ တစ်ဆင့် ပရီတိုးရီးယားသို့ လေယာဉ်ဖြင့်သွားကြသည်။ သူတို့မှာထားသည့်အတိုင်း ရဲအုပ်တစ်ယောက်က ကားတစ်စီး ဖြင့် ရောဘက်တိုက်လေယာဉ်ကွင်းတွင် အသင့်စောင့်နေသည်။ ထိုရဲအရာရှိအား တွေ့တွေ့ချင်း ပင် ဘလိန်းက မေးလိုက်သည်။
" မင်းတို့ ဖွင့်ဖောက်စစ်ဆေးရေးအခြေအနေ ဘယ်လိုရှိလဲ အခုအထိ ဘာထူးခြားသလဲ "
" ဘာမှ မထူးခြားသေးပါဘူး ၀န်ကြီး၊ ရိုင်ဖယ် သေတ္တာပေါင်း ၆၀၀ စစ်ဆေးပြီးပါပြီ၊ အချိန်အတော် ကုန်ပါတယ်၊ ဘာမှထူးခြားတာ မတွေ့ပါဘူး၊ အားလုံး စနစ်တကျ အပြည့်အစုံရှိနေပါတယ်" ရဲအရာရှိက ဖြေသည်။
" ဂိုဒေါင်ထဲမှာ သေနတ် သေတ္တာပေါင်း ဘယ်လောက်ရှိသလဲ "
" သေတ္တာ ၉၆၀ ကျော်ရှိပါတယ် "
" ဒါဖြင့် တစ်ဝက်ကျော် စစ်ဆေးပြီးနေပြီပဲ၊ ကဲ လာ သွားကြည့်ကြသေးတာပေါ့ "
ဘလိန်းနှင့် ရှာဆာတို့သည် ထိုရဲကားဖြင့်ပင် ပရီတိုးရီးယားမြို့လယ်ရှိ မီးရထားအလုပ်ရုံသို့ လိုက်သွား သည်။ အလုပ်ရုံက၀င်ဂိတ်ပေါက်တိုင်းတွင် ရဲတစ်ယောက်နှင့် စစ်သားတစ်ယောက်စောင့်နေ သည်။ အ၀င်အထွက် ကားများကို အသေအချာစစ်ဆေးသည်။
လက်နက်ရုံ စုံစမ်းစစ်ဆေးမှုတာဝန်ခံရဲအရာရှိကြီးကို အလုပ်ရုံ မန်နေဂျာရုံးခန်း၌ တွေ့ရသည်။ သူက အခြေ အနေ ကို တင်ပြသည်။ လေယာဉ်ကွင်း၌ သူတို့သိရှိလာတာထက် နည်းနည်းသာပိုထူးသည်။ ယခုအ ထိမူ လက်နက်ထုတ်လုပ်မှုနှင့် ထုပ်ပိုးထည့်သွင်းမှုတို့မျာ အမှားအယွင်း အချွတ်အချော်ဟူ၍ မတွေ့ရ သေးပေ။
" ကဲ ... ကျွန်တော့်ကို စက်ရုံထဲ လိုက်ပြစမ်းဗျာ " ဘလိန်းက အမိန့်ပေးလိုက်သည်။
ဘလိန်း၊ ရှာ၊ ရဲအရာရှိကြီးနှင့် အလုပ်ရုံမန်နေဂျာတို့ အဓိက လက်နက်ထုတ်လုပ်သော အလုပ်ရုံသို့ သွား ကြည့်သည်။ ထိုစက်ရုံမှာ မူလကမီးရထားတည်ဆောက်သော စက်ရုံဖြစ်သည်။ ယခု လက်နက်စက်ရုံသို့ ပြောင်း လဲကာ မြောက်အာဖရိက သဲကန္တာရစစ်ပွဲအတွက် သံချပ်ကာကားများ ထုတ်လုပ်နေသည်။
ရဲဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းမသွားပါချေ။
" အလုပ်သမားပေါင်း ဘယ်လောက်ရှိသလဲ "
စက်ရုံထဲ၌ ထုထောင်းရိုက်နှက်နေသည့် အသံများကြောင့် ဘလိန်းက စက်ရုံမန်နေဂျာအား အော်ပြီး မေးလိုက် ရသည်။
" အားလုံးပေါင်း လူ ၃၀၀၀ နီးပါးရှိတယ်၊ အဆိုင်းသုံးဆိုင်းခွဲပြီး ၂၄ နာရီလုပ်နေရတယ်၊ စစ်ကာလ အရေးပေါ် ထုတ်လုပ်မှုပါပဲ "
မန်နေဂျာ က သူတို့အား ဟိုဘက်အစွန်ဆုံးရှိ စက်ရုံသို့ ခေါ်သွားသည်။
" ဒါကတော့ လက်နက်ငယ်တွေ ထုတ်တဲ့နေရာပါ၊ သေနတ်ပြောင်းတွေနဲ့ ကိုယ်ထည်တွေ ဒီမှာ ထုတ်ပါတယ်၊ သစ်သားဒင်တွေကိုတော့ အပြင်ကန်ထရိုက်တွေဆီက မှာယူပါတယ် "
" ထုတ်လုပ်ပြီး လက်နက်တွေနဲ့ ထုပ်ပိုးထည့်သွင်းပုံ ပြစမ်းပါဦး၊ ပြဿနာပေါ်စရာရှိရင် အဲဒီနေရာကပဲ ပေါ်မှာပဲ "
ရိုင်ဖယ်များကို တပ်ဆင်စစ်ဆေးပြီးသောအခါ အမဲဆီသုတ်ပြီး အမဲဆီစိမ်စက္ကူနှင့်ပတ်ကာ သစ်သား သေတ္တာများ ထဲသို့ ထည့်သွင်းပြီး ပိတ်သည်။ သေတ္တာတစ်လုံးလျှင် ရိုင်ဖယ်ဆယ်လက်စီပါသည်။ ထို သေတ္တာ များကိုရွေ့လျားနေသော စက်ခါးပတ်ဖြင့် သတ်ပြီး ဂိုဒေါင်သို့ပို့ကာ သိမ်းဆည်းသည်။
ဂိုဒေါင်ထဲသို့ သူတို့ဝင်သွားသောအခါ ယူနီဖောင်းဝက်ရဲသား တစ်ဒါဇင်ခန့်နှင့် ၀တ်စုံပြာဝတ် အလုပ်သမား ၅၀ ခန့်တို့ အလုပ်များနေကြသည်။ လက်နက်သေတ္တာများကို တစ်လုံးချင်း ဖွင့်ဖောက် စစ်ဆေးရေတွက် နေကြသည်။ သေတ္တာအလုံး ၅၀ခန့်သာ ရေတွက်ရန် ကျန်တော့ကြောင်း ရှာဆာ မြင်လိုက်ရသည်။
ဂိုဒေါင်မှူးချုပ် က သူ့စားပွဲမှနေ၍ ထလာပြီး ဘလိန်းအား မထိလေးစား ပြောလာသည်။
" ခင်ဗျား ဘယ်သူ ဘယ်ဝါ ဆိုတာတော့ ကျုပ်မသိဘူး၊ ဒီအဓိပ္ပာယ်မရှိတဲ့ အလုပ်တွေ လုပ်ခိုင်းတာ ခင်ဗျား ပဲ ဖြစ်မှာပဲ၊ ကျွန်တော်တို့အတွက် တစ်နေ့စာ ထုတ်လုပ်မှုတွေ ဆုံးရှုံးသွားပြီ၊ ကုန်ရထားတွေလဲ ဒီမှာ ရပ်နေရပြီ၊ ဒါဆန်းဆိပ်ကမ်းမှာလဲ ဒီလက်နက်တွေကို မြောက်အရပ်ရောက်နေတဲ့ ကျွန်တော်တို့ တပ်သား တွေဆီ ထပ်ဆင့်ပို့ပေးမယ့်ကားတွေ တန်းစီစောင့်နေကြရပြီ"
ရှာဆာက သူတို့အနားမှ ထွက်လာပြီး လက်နက်များဖွင့်ဖောက် စစ်ဆေးနေသော ရဲသားများထသွားကာ မေး လိုက်သည်။
" ဘာမှ မတွေ့သေးဘူးလား "
" အလကားပါဗျာ ... အချိန်ဖြုန်းတဲ့အလုပ်ပါ "
ရှာဆာ တစ်ဘက်သို့ ပြန်လှည့်ထွက်လာသည်။ ဤကိစ္စ၌ မိမိတွင် တာဝန်ရှိနေသည်။ မိမိကြောင့် တစ်နေ့စာ ကုန်ထုတ်လုပ်မှုဆုံးရှုံးရသည်ကို ရှာဆာတွေးမြင်ကာ စိတ်မကောင်းဖြစ်သွားသည်။
သေတ္တာများ အားလုံး ဖွင့်ဖောက်စစ်ဆေးပြီး သွားသောအခါ ရဲအရာရှိက ဘလိန်းအားလာပြီး အစီရင်ခံ သည်။
" ဘာမှမတွေ့ပါဘူးဝန်ကြီး၊ ၀မ်းနည်းပါတယ် "
" အေးလေ ... မတွေ့လဲ ဘာတတ်နိုင်မလဲ၊ လုပ်သင့် လုပ်ထိုက်တာ လုပ်ခဲ့တာပဲ၊ ဘယ်သူ့မှအပြစ်ပြောဖို့ မရှိပါဘူး " ဘလိန်းက ရှာဆာကို မသိမသာလှမ်းကြည့်ပြီး ပြောလိုက်သည်။
" ဟာ ... မဟုတ်တဲ့ ပေါက်ကရအကြံဥာဏ်ပေးတဲ့တစ်ယောက်ကိုတော့ အပြစ်ပြောရမှာပေါ့၊ ကဲ ... အခု ခင်ဗျား ကို အပျင်းပြေလုပ်တဲ့ကိစ္စပြီးပြီမဟုတ်လား၊ ဒီတော့ ကျန်တဲ့ လက်နက်သေတ္တာတွေကို ကျွန်တော် ရထားပေါ် ဆက်တင်လို့ ရပြီလား"
ဂိုဒေါင်မှူးချုပ်က ရန်လိုသောအသွင်ဖြင့် ပြောလာသည်။ ရှာဆာက ထိုသူအား စိုက်ကြည့်လိုက်သည်။ ထိုသူ၏ အမူအရာက ထီမထင်သလို၊ ဂရုမစိုက်အလေးမထားသလို၊ ရန်လိုသလို တစ်ခုခုထူးခြားနေသည် ဟု ရှာဆာမြင်မိသည်။ ဆဋ္ဌမအာရုံက မိမိကို သတိပေးနေသည်။
" ကောင်းပြီလေ ... မင်းတင်စရာရှိတာ ဆက်တင်တော့ပေါ့ " ဘလိန်းက အမိန့်ပေးလိုက်သည်။
" ခဏစောင့်ပါဦး ၀န်ကြီး "
ရှာဆာက ဘလိန်း အား အေးဆေးတည်ငြိမ်စွာ လှမ်းပြောလိုက်ပြီး ဂိုဒေါင်မှူးဘက်သို့ မျက်နှာချင်း ဆိုင်ကာ မေးလိုက်သည်။
" ရထားတွဲ ဘယ်နှစ်စီးမှာ ခင်ဗျားလက်နက်တွေ တင်ပြီးပြီလဲ .... "
ထိုသူက မသိမသာမျက်နှာလွှဲသွားပြန်သည်။ အမေးကိုဖြေရန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သူလိမ်တော့ မည် ကို ရှာဆာ သိလိုက်သည်။ သူ့အလုပ်စားပွဲပေါ်ရှိ စာရွက်ကို သူကလှမ်းကြည့်လိုက်သည်။ ရှာဆာက သူ့ထက် ဦးအောင် ထိုနေရာသို့ သွားလိုက်ပြီး စာရွက်ကို ကောက်ယူကာ ဖတ်လိုက်သည်။
" ရထားတွဲ သုံးတွဲတောင်တင်ပြီးနေပြီပဲ၊ အဲဒီရထားတွဲတွေဘယ်မှာလဲ " ရှာဆာက ခပ်မာမာမေးလိုက် သည်။
" တွဲရှန်တိန် လုပ်ဖို့ ဆွဲသွားကြပြီ "
ထိုသူက သုန်သုန်မှုန်မှုန်ဖြင့် ခပ်တိုးတိုးဖြေသည်။
" ဒါဖြင့် အဲဒီတွဲတွေကို အခု ချက်ချင်း ဒီကို ပြန်ဆွဲလာခိုင်းလိုက် "
ဘလိန်း က အပြတ်ဝင်ပြီး အမိန့်ပေးလိုက်သည်။
ရထားတွဲများကို ပြန်ဆွဲယူလာသည်။ ပထမ ရထားတွဲကို တံခါးဖွင့်လိုက်ချိန်တွင် ဘလိန်းနှင့် ရှာဆာတို့က ဘေးမှ ရပ်ကြည့်နေသည်။ တွဲထဲတွင် ရိုင်ဖယ်သေတ္တာများကို အမိုးအထိ ဆင့်ပြီး တင်ထားသည်။
" ကျွန်တော်တို့ ရှာတာတွေဟာ ဒီအတွဲမှာ ရှိနေတယ်ဆိုရင်တော့ အောက်ဆုံးသေတ္တာတွေပဲဖြစ်ရမယ်" ရှာဆာ က အကြံပေးလိုက်သည်။
" အောက်ဆုံးက သေတ္တာတွေ ရောက်တဲ့အထိ အပေါ်က သေတ္တာတွေကို ဆွဲချကြဟေ့ ဘလိန်းကအမိန့် ပေး လိုက်သည်။
ထို့ကြောင့် အပေါ်မှသေတ္တာများကို ဆွဲချပြီး တစ်နေရာတွင် ပုံလိုက်ကြသည်။
" ကဲ ... အဲဒီအောက်က သေတ္တာကိုဖွင့်စမ်းကွာ" ဘလိန်းက ရထားတွဲအောက်ဆုံး နောက်ပိုင်းမှ သေတ္တာ ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
ရဲသားတစ်ယောက်က ဖွင့်လိုက်ပြီး ဘလိန်းအား အံ့သြတကြီး လှမ်းပြောလိုက်သည်။
" ဆရာ ... ဒီမှာကြည့်ပါဦး "
ဘလိန်း က သူ့ဘေးသို့ တိုးသွားပြီး သေတ္တာထဲ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘေးမှလူများကို ချက်ချင်း မော့ကြည့်လိုက်သည်။
ဂိုဒေါင်မှူးချုပ်သည် တစ်ဘက်ဂိတ်ဝအပေါက်ဆီသို့ သုတ်သုတ်ပျာပျာသွားနေသည်ကို လှမ်းမြင်လိုက်ရ သည်။
" အဲဒီလူကို ဖမ်းလိုက် "
ဘလိန်းက အရေးတကြီး အော်ပြီး အမိန့်ပေးလိုက်သည်။ ရဲသားနှစ်ယောက်က အပြေးအလွှားလိုက် သွားပြီး ထိုသူအား နှစ်ဘက်ညှပ်ပြီး ဖမ်းချုပ်လိုက်သည်။ သူက အံတင်းရုန်းကန်သော်လည်း ရဲသား နှစ်ယောက် က အတင်း ပြန်ဆွဲခေါ်လာသည်။
ဘလိန်း က ရှာဆာအား လှမ်းကြည့်ပြီး ပြုံးပြကာ ပြောလိုက်သည်။
" ကဲ ... မင်းကျေနပ်သွားပြီလို့ ငါမျှော်လင့်တယ်၊ မင်းရဲ့ အောင်ပွဲပဲ၊ ဒါပေမယ့် ငါတို့ နောက်ထပ် နေ့မအိပ် ညမအိပ် အလုပ်တွေ တစ်ပုံတစ်ခေါင်းကြီးဆက်လုပ်ရလိမ့်ဦးမယ်ရှာဆာ " ရှည်လျား ကြီးမားပြီး ပြောင်လက် နေသော စားပွဲကြီးတွင် ၀န်ကြီးအဖွဲ့အစည်းအဝေး ထိုင်နေသည်။ ၀န်ကြီး ၁၅ ဦးစားပွဲပတ် ပတ်လည် တွင် မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် ထိုင်နေပြီး ပြည်ထဲရေးဝန်ကြီး ဘလိန်းမယ်လကွန်က အစီရင်ခံ တင်ပြနေသည်။
လက်နက် အရေအတွက် ဘယ်၍ဘယ်မျှ ပျောက်နေတယ် ဆိုတာ စုံစမ်းဖော်ထုတ်လို့ မရသေးပါဘူး၊ ဒီလ ဆန်းက စပြီး လက်နက်တွေ အမြောက်အမြားပို့ခဲ့တာ နှစ်ကြိမ်ရှိပါပြီ၊ အဲ့ဒီ နှစ်ကြိမ်စလုံးဟာ သူရောက် ရမယ့် ကိုင်ရိုမြို့ကို အခုထိမရောက်သေးပါဘူး၊ လမ်းက ကြားစခန်းတွေမှာပဲ ရှိပါသေးတယ်၊ ဒီတော့ အဲဒီနှစ်ကြိမ် လက်နက်ပို့ထားတဲ့ အထဲက လက်နက်အတော်များများ ပျောက်နေလိမ့်မယ်ဆိုတာ သေချာ ပါတယ်၊ ရိုင်ဖယ် လက် ၂၀၀၀ ခန့်နဲ့ ကျည်ဆန် တစ်သန်း ခွဲလောက်ပျောက်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် "
စားပွဲတွင် ၀ိုင်းထိုင်နေသူများ မအီမသာ ဖြစ်သွားသည်။ သို့သော် မည်သူကမှ ၀င်မပြောသေး။ ဘလိန်းက ဆက် ပြောသည်။
" ဒီကိစ္စက တကယ်တော့ ကြောက်စရာ ပါပဲ၊ ဒီထက် ပိုကြောက်စရာ ကောင်းတာကတော့ ဗစ်ကာ စက်သေနတ် အလတ် ၃၀ နဲ့ ၅၀ ကြား အဲဒီစက်ရုံမှာ အခိုးခံရပြီး ပျောက်ဆုံးနေတာပါပဲ "
" မယုံနိုင်စရာ ပါပဲလား၊ တစ်နိုင်ငံလုံး သူပုန်ထလောက်အောင် လုံလောက်တဲ့ လက်နက်တွေပါလား၊ ၁၉၁၄ ခုနှစ်ကလို ပြန်ဖြစ်လာနိုင်တယ်၊ ဒီကိစ္စ အပြင်ကို သတင်းလုံးလုံးမပေါက်ကြားမှ ဖြစ်မယ်၊ ပေါက်ကြား သွား ရင် အားလုံးထိတ်လန့်ပြီး ၀ရုန်းသုန်းကားတွေ ဖြစ်သွားနိုင်တယ် " ၀န်ကြီး ဒယ်နီရစ်က ညည်းတွား ပြော ကြားလိုက်သည်။
" မီးရထားပေါ်ကနေဖြတ်ပြီး ဖောက်ခွဲပစ္စည်းတွေ ခိုးသွားတာလဲ ထည့်တွက်ရဦးမယ်၊ ဒီပစ္စည်းတွေဟာ ကျွန်တော် တို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်သွားစေဖို့ ကျွန်တော်တို့ လက်ကျန်တပ် များ တပ်ဖြန့်ရေးမှာ တားဆီးဟန့်တားဖို့ သုံးမှာသေချာတယ်၊ တကယ်လို့ ပုန်ကန်တော်လှန်လာမယ် ဆိုရင် ... "
ဘလိန်း စကားမဆုံးမီပင် ၀န်ကြီးချုပ်က လက်ကာပြပြီး ၀င်ဖြတ်ပြောလိုက်သည်။
" ဒီမှာ ဘလိန်း၊ ငါတို့ကို ပြောစမ်းပါဦး၊ သူတို့က ငါတို့ကို ဘယ်တော့လောက်မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွက် လာပြီး အာဏာသိမ်းဖို့ ကြိုးစားမယ်လို့ ထင်သလဲ "
" တိတိကျကတော့ ကျွန်တော်လဲ မသိရသေးပါဘူး ၀န်ကြီးချုပ်၊ လက်နက်တွေ အခိုးခံရတာကို အခု ကျွန်တော် တို့ သိလိုက်ရတဲ့အပေါ်မှာ မူတည်ပြီး အကောင်းဆုံး ခန့်မှန်းနိုင်တာပဲရှိပါတယ်၊ ပထမ အသုတ် ပို့ လိုက်တဲ့လက်နက်တွေ ကိုင်ရိုရောက်တာနဲ့ လက်နက်တွေပျောက်တာ ကျွန်တော်တို့ သိမယ်ဆိုတာ သူတို့ တွက်ပြီးသားဖြစ်ရမယ်၊ ဒီတော့ ပထမအသုတ် လက်နက်တွေ ကိုင်ရိုရောက်ချိန်မတိုင်ခင်မှာ သူတို့ စတင် လှုပ်ရှားမှာတော့ သေချာတယ် "
" အဲဒီလက်နက်တွေက ကိုင်ရိုဘယ်တော့ ရောက်မလဲ "
" နောက်နှစ်ပတ်လောက် ဆိုရင် ရောက်လိမ့်မယ် "
" ဒါဆိုရင် သူတို့ အခုရက်ပိုင်းအတွင်း တစ်ခုခု လုပ်လိမ့်မယ်လို့ မျှော်လင့်ထားရလိမ့်မယ် "
" ဟုတ်ပါတယ် ၀န်ကြီးချုပ် "
" နောက်တစ်ခု ငါမေးချင်တာကတော့ မင်းရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဘယ်တော့ပြီးမလဲ၊ အိုဘီအဖွဲ့ရဲ့ ခေါင်း ဆောင် တွေစာရင်းတွေနဲ့ တပ်သားစာရင်း အပြည့်အစုံရပြီလား "
" အပြည့်အစုံတော့မရသေးဘူး၊ အခုအထိတော့ လူ ၆၀၀ လောက်ပဲ အမည်စာရင်းရသေးတယ်၊ အဓိက ကျတဲ့ လူအားလုံး အဲဒီအထဲမှာပါပြီလို့ ယူဆရတယ်၊ ဒါပေမယ့် သေချာမသေချာတော့ ဘယ်လိုမှ မသိနိုင်ဘူး "
" ကျေးဇူးပဲ ဘလိန်း "
ဝန်ကြီးချုပ်ကပြောလိုက်ပြီး ခေတ္တစဉ်းစားနေသည်။ သူ့အမူအရာက စိုးရိမ်ပူပန်ပုံမပေါ်ဘဲ တည်ငြိမ် အေးဆေးနေသည်။ ၀န်ကြီးအားလုံးက သူဘာဆက်ပြောမည်ကို စောင့်နေသည်။
" အဲဒီနာမည်စာရင်းက လူတွေထဲမှာ ဘယ်လောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေပါသလဲ "
" အော်ရိန်းဖရီးပြည်နယ်က အုပ်ချုပ်ရေးမှူး ပါနေတယ် "
" အေး ... သူ့အကြောင်းတော့ ငါတို့ သိထားတယ် "
" ၀န်ကြီးဟောင်း တစ်ဦးအပါအ၀င် ပါလီမန်အမတ် ၁၄ ဦးလဲပါနေတယ် "
" သူတို့ကိုတော့ ထိလို့မရဘူး၊ ပါလီမန်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ငြိနေမယ် "
" အဲဒီအပြင် ဘာသာရေး ခေါင်းဆောင်တချို့၊ စစ်ဘက်အဆင့်မြင့် အရာရှိ လေးဦးထက်မနည်း၊ အရပ်ဘက် ထိပ်တန်းအရာရှိ အချို့နဲ့ လက်ထောက်ရဲမင်းကြီး တစ်ဦးလဲ ပါနေတယ် "
ဘလိန်း က စာရင်းကို ဆက်ဖတ်ပြသည်။ သူဖတ်ပြ၍ ဆုံးချိန်တွင် ၀န်ကြီးချုပ်က ဆုံးဖြတ်ချက်ချပြီး ဖြစ်နေ သည်။
" ငါတို့ အချိန်စောင့်လို့မဖြစ်တော့ဘူး၊ ပါလီမန် အမတ်တွေကလွဲရင် ကျန်တဲ့လူတွေကို ဖမ်းဆီးချုပ်ဖို့ အမိန့် အသင့်ပြင်တော့၊ ပြီးပြီးချင်း ငါလက်မှတ်ထိုးမယ်၊ နောက်ပြီး သူတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း မှာ ဖမ်း ဆီးနိုင်ဖို့ မင်းစီစဉ်ပေတော့၊ သူတို့ကို ထိန်းသိမ်းချုပ်နှောင်ထားဖို့ နေရာလဲရှာထား "
" အီတလီစစ်သုံ့ပန်းတွေကို ဗာဗီယန်စပို့နဲ့ ပီတာမာ တစ်စဘက်တို့မှာ အကျဉ်းစခန်းဆောက်ထားတာတွေ ရှိပါတယ် "
" အေး ကောင်းတယ်၊ စာရင်းပါတဲ့သူအားလုံးကို သံဆူးကြိုးနောက်က လုံခြုံစိတ်ချရတဲ့နေရာကို အမြန်ဆုံး ပို့ထားလိုက်ကွာ၊ ပျောက်သွားတဲ့လက်နက်တွေနဲ့ ဖောက်ခွဲပစ္စည်းတွေကိုလဲ အမြန်ဆုံးပြန်တွေ့အောင်လုပ် ကွာ "
ဝန်ကြီး အဖွဲ့အစည်းအဝေး ရုပ်သိမ်းလိုက်သည်။
ကျွန်တော်တို့ အချိန်စောင့်နေလို့မဖြစ်တော့ဘူး၊ အချိန်တိုင်းမှာ အန္တရာယ်ရှိလာပြီး၊ နေ့တိုင်းဟာ အန္တရာယ်နဲ့ နီးလာပြီး" မင်းဖရက်ဒီလာရေးက အလေးအနက်ပြောလိုက်သည်။
" ကျွန်တော်တို့ အဆင်သင့်မှမဖြစ်သေးဘဲ၊ အချိန်စောင့်ဖို့လိုသေးတယ် "
အခြားတစ်ယောက်က ပြောလိုက်သည်။ မင်းဖရက်အပါအ၀င် လူရှစ်ဦးသည် တရိပ်ရိပ်ပြေးလွှားနေသော မီးရထားကြီးလို ပထမတန်းတွဲတစ်တွဲ၌ ထိုင်ပြီး အစည်းအဝေးပြုလုပ်နေသည်။ တောင်ဘက်သို့ သွားသော မီးရထားကြီးတွင် လွန်ခဲ့သော မိနစ် ၂၀ အတွင်း သူတို့ ဘူတာတစ်ခုစီမှ တစ်ဦးချင်း သီးခြားစီ တက်ပြီး လိုက်ပါလာခဲ့သည်။ ဤရထားတွဲလက်မှတ် သိမ်းသည့်သူမှာ အိုဘီအဖွဲ့တစ်ဖွဲ့ကို လိုလားသူ ဖြစ်သည်။ အိုဘီ တပ်သားသုံးလေးဦးက တွဲအပြင် လူသွားလမ်းတွင် တွဲစောင့်များသဖွယ် စောင့်ကြပ် လိုက်ပါလာ သည်။ သူတို့ အစည်းအဝေးလုပ်နေရာသို့ မည်သူမျှ မရောက်နိုင်သလို မည်သည့် နေရာ မှလည်း ချောင်း၍နားထောင်မရနိုင်ပေ။
" နောက်ထပ် ၁၀ ရက် မင်းတို့ကို အချိန်ပေးရင် အားလုံးအသင့်ကြိုတင်ပြင်ဆင်ပြီး ဖြစ်ရစေ့မယ်။
" ၁၀ ရက်တောင် အချိန်မရတော့ဘူး၊ ကျွန်တော် ပြောနေတာတွေ ခင်ဗျား မကြားဘူးလား "
" ချက်ချင်းတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး " ထိုသူကခေါင်းမာမာနှင့် ဆက်ပြောသည်။
" ဖြစ်နိုင်မယ် ... ဖြစ်ကိုဖြစ်ရမယ် " မင်းဖရက်အသံက ဒေါသသံပါလာပြီး မြင့်တက်သွားသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူးက သူတို့နှစ်ယောက်ကြား ၀င်ပြီး ဖျန်ဖြေလိုက်သည်။
" ကဲ ... အငြင်းပွားတိုက်ခိုက်တာ တော်လောက်ပါပြီ၊ တိုက်ခိုက်မှုကို ရန်သူတွေအတွက်ထားလိုက်ပါဗျာ "
မင်းဖရက်က ဒေါသကိုချုပ်တည်းလိုက်ပြီး အသံမှန်ဖြင့် ဆက်ပြောလာသည်။
" ကျွန်တော် အသံမြင့်တက်သွားတာ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး ဆိုတာတော့ ထပ်ပြောပါရစေ၊ ရထားစက်ရုံကလက်နက်တွေ ကျွန်တော်တို့ခိုးထုတ်တဲ့ကိစ္စ ပေါ်သွားပြီ ကျွန်တော်တို့လူ ၁၀ ဦး အဖမ်းခံလိုက်ရပြီ၊ စီအိုင်ဒီဌာနချုပ်က ကျွန်တော်တို့ လူတစ်ယောက်ဆီက သတင်း ထပ်ရတယ်၊ ကျွန်တော်တို့ရဲ့ ထိပ်တန်း အဖွဲ့ဝင် ၂၀၀ ကျော်ကို ဖမ်းဖို့ ၀ရမ်းရထားပြီတဲ့၊ တနင်္ဂနွေနေ့ မှာ ဖမ်း လိမ့်မယ်၊ ဒီတော့ ကြားလေးရက်ပဲရှိတော့တယ် "
အုပ်ချုပ်ရေးမှူးက ၀င်ပြောလာပြန်သည်။
" ဒါတွေအားလုံး ကျွန်တော်တို့ သိပြီးပါပြီ၊ အခု ကျွန်တော်တို့ လုပ်ရမှာကတော့ ကျွန်တော်တို့ အစီအစဉ်ကြီးကို ရှေ့ဆက်လုပ်ရမလား၊ ဒါမှတဟုတ် ရပ်ဆိုင်းစွန့်လွှတ်လိုက်မလားဆိုတာ ဆုံးဖြတ်ဖို့ပါပဲ၊ တစ်ယောက်ချင်း ရဲ့ အမြင်တွေကို တင်ပြပြီးရင် မဲခွဲဆုံးဖြတ်မယ်၊ အများစုရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာ ရမယ်၊ ကဲ ဗိုလ်မှူးချုပ်ကော မင်းရဲ့ အမြင်ကို အလျင်ဆုံးတင်ပြပါ "
သူတို့အားလုံး ဗိုလ်မှူးချုပ်အား လှမ်းကြည့်လိုက်သည်။ သူသည် အရပ်ဝတ် အရပ်စား ၀တ်ထား သော်လည်း စစ်ဗိုလ်မှန်း သိသာသည်။ သူက ခေါင်းစားပွဲပေါ်တွင် မြေပုံကားချပ်ကြီးတင်ပြီးဖြန့်ကာ သူ့အမြင်ကို ပြောပြ သည်။ သူက စစ်ရေးရှုထောင့်မှ ပြောပြသွားသည်။ ကျန်လူများကလည်း တစ်ဦးပြီး တစ်ဦး မိမိအမြင် ကို အသီးသီးတင်ပြကြသည်။
မင်းဖရက် က နောက်ဆုံးတင်ပြလာသည်။
" လူကြီးမင်းများ ခင်ဗျား၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ပေါ်တူဂီပိုင် အင်ဂိုလာမှာရှိတဲ့ ကိုယ် စားလှယ်တွေကတစ်ဆင့် ဂျာမနီနဲ့ တိုက်ရိုက် ရေဒီယို အဆက်အသွယ်လုပ်ခဲ့ပါတယ်၊ ဂျာမန်စစ်ဌာနချုပ် နဲ့ ဟစ်တလာ ကိုယ်တိုင်က ကျွန်တော်တို့ကို အာမခံချက်ပေးပါတယ်၊ လက်နက် တန်ချိန် ၅၀၀ ကျော်တင်လာတဲ့ ဂျာမန်ရေငုပ်သင်္ဘောဟာ ကိပ်တောင်းဆိပ်ကမ်းနဲ့ မိုင် ၃၀၀ အကွာ ပင်လယ်ပြင် မှာ အသင့်ရောက်နေပါပြီ "
မင်းဖရက် က အေးဆေးတည်ငြိမ်စွာဖြင့် စည်းရုံးသိမ်းသွင်းထည့်လေသံနှင့် ပြောနေသည်။ အခြေအနေက သူ့ဘက်သို့ အလေးသာသလိုရှိသည်။ သူပြောပြီးသွားသောအခါ ခေတ္တငြိမ်သက်သွားသည်။ ပြီးမှ အုပ်ချုပ် ရေးမှူး က ပြောလိုက်သည်။
" ကဲ ... ကျွန်တော်တို့ အချက်အလက်တွေ အားလုံး သိရပြီး ဒီတော့ ဆုံးဖြတ်ချက်ချရမယ်၊ ကျွန်တော် တို့နဲ့ ကျွန်တော်တို့ရဲ့တရားဝင် ခေါင်းဆောင်တွေကို အစိုးရက မဖမ်းဆီးနိုင်ခင်မှာ ကျွန်တော်တို့ရဲ့ အစီအစဉ် ကို အကောင်အထည်ဖော်ရမယ်၊ လက်ရှိ အစိုးရကို တော်လှန်ပုန်ကန် ဖြုတ်ချပြီး အာဏာကို ကျွန်တော်တို့ လက်ထဲရောက်အောင် လုပ်ရမယ်၊ ကျွန်တော်တို့ နိုင်ငံကို လွတ်လပ်မှုနဲ့ တရားမျှတမှု လမ်းကြောင်း အပေါ် ပြန်တင်ပေးရမယ်၊ ဒီတော့ အစီအစဉ်ကို အကောင်အထည်ဖော်မလား၊ မဖော်ဘူးလား ဆိုတာ တစ်ဦးချင်း အဖြေပေးကြပါ "
အားလုံး က အကောင်အထည်ဖော်ရန် သဘောတူအဖြေပေးကြသည်။
" ကဲ ... အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူကြတယ် "
အုပ်ချုပ်ရေးမှူးက အများကို ပြောလိုက်ပြီးမှ မင်းဖရက်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
" ဒီတော့ စတင်ပုန်ကန်ထကြွဖို့ ဘယ်လို အချက်ပေးမယ်ဆိုတာ ခင်ဗျားက ကျွန်တော်တို့ကို ပြောပြဖို့ လိုလာပြီ၊ တစ်နိုင်ငံလုံး သိရှိသတိထားမိတာမျိုးဖြစ်ရမယ်၊ ခင်ဗျားရဲ့ အချက်ပြမှုက ဘာလဲ၊ ဘယ်လို အချက်ပြမှာလဲဆိုတာ ပြောစမ်းပါဦး "
" သစ္စာဖောက် ဂျန်စမတ်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းဟာ အချက်ပေးမှုပဲ၊ အဲဒါနဲ့ အချက် ပေးမယ် မင်းဖရက်က ပြောလိုက်သည်။
သူတို့အားလုံး မင်းဖရက်စိုက်ကြည့်ပြီး ငြိမ်နေကာ မင်သက်မိသွားကြသည်။ အချက်ပြုစုသည် ထူးထူးခြား ခြားကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားသော်လည်း ယခုကဲ့သို့ ၀န်ကြီးချုပ် အား လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။
" နိုင်င့ရေးအရ ဒီလို လုပ်ကြံသတ်ဖြတ်ရေးကို အသေးစိတ် ဂရုတစိတ် ကြိုတင်စီစဉ်ပြီးပါပြီ၊ အရေးပေါ် အစီအစဉ် သုံးခုကို ဘာလင်မျာတည်းက ရေးဆွဲထားပါတယ်၊ အခြေအနေပေါ်မူတည်ပြီး အချိန်အခါ အလိုက် သွားနိုင်မယ့် အစီအစဉ်တွေပါ၊ ပထမဆုံး အစီအစဉ်နဲ့ အစောဆုံးရက်ကတော့ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ လာကိုက်နေပါတယ်၊ လာမယ့် စနေနေ့မှာ စမတ်ကို လုပ်ကြံသတ်ဖြတ်ရပါမယ်၊ ဒီနေ့ကနေ ထွက်ရင် နောက်သုံးရက်ပေါ့၊ ကျွန်တော်တို့ ခေါင်းဆောင်တွေကို မဖမ်းခင် တစ်ရက်အလိုမှာ သွားကျတာပေါ့ "
အားလုံးငြိမ်သက်သွားကြပြန်သည်။ ထို့နောက်မှ ပြည်နယ်အုပ်ချုပ်ရေးမှူးက မေးလိုက်သည်။
" ဘယ်မှာ လုပ်မှာလဲ … ဘယ်လိုလုပ်မှာလဲ "
" အဲဒါတော့ လူကြီးမင်းတို့ သိဖို့မလိုပါဘူး၊ လိုအပ်တာ အားလုံးကို ကျွန်တော် တစ်ယောက်တည်း ဘယ်သူ့ အကူအညီမှမပါဘဲ လုပ်သွားပါမယ်၊ စမတ် လုပ်ကြံခံရလို့ သေပြီဆိုတဲ့ သတင်းထွက်လာလာချင်း မြန်မြန် ဆန်ဆန် နဲ့ ထိထိရောက်ရောက် လှုပ်ရှားဖို့ကသာ ခင်ဗျားတို့ တာဝန်ပါ၊ အဲ့ဒီအချိန်မျာ အာဏာ ကို အမြန်ဆုံး ၀င်သိမ်းဖို့ပါပဲ" မင်းဖရက်က ပြောလိုက်သည်။
" အဲဒီအချိန်မှာ ငါတို့အားလုံး အဆင်သင့်ဖြစ်နေမှာပါ၊ ငါတို့တိုက်ပွဲကို ဘုရားသခင်က ကောင်းချီး ပေးပါလိမ့်မယ်"
ရထားကြီးသည် ဘလွန်ဖောင်တိန်ဘူတာမှ ထွက်လာပြီး တောင်ဘက်သို့ဦးတည်ကာ ကိပ်တောင်းမြို့သို့ ဆက်လက် ထွက်ခွာသွားချိန်တွင် ပထမတန်းတွဲထဲမှ လူရှစ်ယောက်အနက် မင်းဖရက် တစ်ယောက်သာ ကျန် တော့သည်။
---------------------------------------------------
" ဒီခြံတွေထဲမှာ လက်နက်ကိုင်ဆောင်ခွင့်ပါမစ် ငါရထားတယ်၊ တောင်ပေါ်ကလာပြီး ငါတို့ သစ်သီးခြံတွေ ကို ဖျက်ဆီးတဲ့ မျောက်တွေကို ပစ်ခတ်နှိမ်နင်းဖို့ ခွင့်ပြုထားတာ "
ဝိုင်စက်ရုံ မန်နေဂျာ ဗန်ဗူရင်းက မင်းဖရက်အား ပြောလိုက်သည်။ ထို့နောက် သူက မင်းဖရက်အား မြေအောက် ၀ိုင်သိုလှောင်ခန်းထဲသို့ ခေါ်သွားသည်။
" တောင်တွေပေါ်က သေနတ်ပစ်သံ တစ်ချက်နှစ်ချက်ထွက်လာလို့တော့ ဘယ်သူကမှ ဂရုစိုက်မှာမဟုတ် မဟုတ်ဘူး၊ တစ်ယောက်ယောက်က မင်းကို မေးမြန်းလာရင်လဲ ငါ့ခြံက အလုပ်သမားလို့သာပြော လိုက်၊ ကိစ္စရှိရင် ငါနဲ့သွားရှင်းလို့သာပြောလိုက် " ဗန်ဗူရင်းက ဆက်ပြောသည်။
ဝိုင်ထည့်သော သစ်သားစည်ကြီး၏ အံဝှက်ကို သူကဖွင့်လိုက်သည်။ ထို့နောက် သူက ဘေးဖယ်ပေးလိုက် သည်။ မင်းဖရက်က စည်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး အထဲမှ ရေလုံသံဘူးတစ်လုံးကို ဖွင့်လိုက် သည်။ ထိုအထဲမှ ရေဒီယို ဆက်သွယ်ရေးစက်ကို ထုတ်ယူလိုက်သည်။ ဗန်ဗူရင်း မိမိအတွက် ၀ယ်ပေး ထားသော ဓာတ်ခဲများကို စက်တွင် တပ်ဆင်လိုက်သည်။ ထိုရေဒီယိုစက်သည် သူ၏ ကမ်းဗတ် ကျောပိုးအိတ် နှင့် အလောတော်ပင်ဖြစ်ရာ အိတ်ထဲထည့်လိုက်သည်။ ကျောပိုးပြီး ယူသွားရန် အသင့်ဖြစ် သွားသည်။
ဒုတိယသံဘူးကို ထပ်မံဖွင့်လိုက်ပြီး ရိုင်ဖယ်ကို ထုတ်ယူလိုက်သည်။ ထိုရိုင်ဖယ်မှာ ၉၈ မော်ဇာအမျိုးအစား လက်ဖြောင့်(စနိုက်ပါ) ရိုင်ဖယ်ဖြစ်သည်။ ပစ်ခတ်၍ ကောင်းပြီး အားကြီးသည်။ ကျည်ဆန်က တစ်စက္ကန့် လျှင် ပေ ၂၅၀၀ ပြေးသည်။ အထူးပြုလုပ်ထားသော ကျည်ဆန်အတောင့် ၅၀ ပါလာသည်။ ရိုင်ဖယ်ပြောင်း အပေါ်ဘက်တွင် အဝေးကြည့် မှန်ပြောင်းကို ထပ်ဆင့်တင်လိုက်သည်။
ဗန်ဗူရင်း က မင်းဖရက်အား သူ၏ ဖို့ဒ်ကား အဟောင်းဖြစ်တော့တင်းတော့ ဟော်လန်တောင်တန်းများ၏ တောင်ကြား ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်လာသည်။ ကားလမ်းဆုံသည့် နေရာတွင် မင်းဖရက်ကို ချထားခဲ့ပြီး သူက ကားမောင်းပြန်သွားသည်။
မင်းဖရက်သည် ရေဒီယို ကျောပိုးအိတ်ကိုပိုးပြီး ရိုင်ဖယ်ကို ကိုင်ကာ တောင်ပေါ်သို့ စတက်သည်။ သူ့တွင် အချိန်အများကြီးရှိသည်။ အလျင်စလိုသွားရန်မလို၊ သို့သော် ခြေလှမ်းကျဲကြီးများဖြင့် မှန်မှန် တက်သွားသည့်တိုင်အောင် သူ့မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ချွေးများစို့လာသည်။
ပထမဆုံး တောင်ကြောကို ဖြတ်ကျော်ပြီး တောအုပ် ထူထပ်သောတောင်ကြားချိုင့်ဝှမ်း တစ်ခုသို့ ဆင်းလာ သည်။ ထို့နောက် ဟိုတစ်ဘက်ရှိ ပင်မတောင်ထိပ်တစ်ခုဆီသို့ ဦးတည်ကာ ဆက်တက်သည်။ တောင်ထိပ် နား ရောက်ခါနီး တွင် ရပ်လိုက်သည်။ သစ်ပင် နှစ်ပင်ထိပ်၌ ကောင်းကင်ကြိုးကို တက်ချီပြီး အောက်ခြေ တွင် ရေဒီယိုစက်ကို ဆင်လိုက်သည်။
ထို့နောက် ကျောက်တုံးကြီး တစ်တုံးတွင် ကျောမှီပြီး နေသားတကျထိုင်ကာ ဆာရာလုပ်ပေးလိုက်သော အသားညှပ်ပေါင်မုန့် ကို စားလိုက်သည်။ ပေါ်တူဂီပိုင် အင်ဂိုလာနိုင်ငံ၏ မြို့တော် လူအန်ဒါမှ ဂျာမန်ကိုယ် စားလှယ် နှင့် ဆက်သွယ်ရမည့် အချိန်မှာ ဂရင်းနှစ်စံချိန် ၁၅ နာရီဖြစ်သည်။ ထို့ကြောင့် တစ်နာရီခန့်စောင့် ရသည်။
စားသောက်ပြီးသောအခါ မော်ဇာရိုင်ဖယ်ကို ကျည်မထိုးဘဲ ကိုင်တွယ်လေ့ကျင့်စမ်းသပ်သည်။ မင်းဖရက် သည် ဂျာမန်၌ ရှိစဉ်က မောင်ဇာရိုင်ဖယ်နှင့် အကြိမ်ကြိမ်ပစ်ခတ်လေ့ကျင့်ခဲ့ပြီးဖြစ်၍ ကျင့်သားရနေသည်။ ယခု သေနတ်မောင်းနှင့် ခလုတ်ကို စမ်းသပ်ခြင်း၊ ပစ်ကွင်းချိန်ကြည့်ခြင်းတို့ကို ပြန်လုပ်ကြည့်ရာ လက်တွေ့ လှသည်။ ရိုင်ဖယ်ကို ဘေးတွင်ချထားပြီး နာရီကို ကြည့်ကာ ရေဒီယိုဆက်သွယ်ရေးစက်ကို ဖွင့်လိုက် သည်။
ထို့နောက် မော့စ်သင်္ကေတဖြင့် လျှို့ဝှက် စကားလုံးကို သုံးကာ စတင်ဆက်သွယ်သည်။
" အီးဝဲဘေ့စ် … ဓားဖြူခေါ်နေတယ် "
စတုတ္ထအကြိမ်ခေါ်အပြီးတွင် တစ်ဘက်မှ တုံ့ပြန်လာသည်။ သူ့နားကြပ်ခွက်ထဲမှ အသံပီသစွာ ပေါ် လာသည်။
" ပြောပါ ဓားဖြူ "
" အစီအစဉ် (၁)ထောင်ရွက်မယ်၊ ထပ်ပြောမယ်၊ အစီအစဉ်(၁)၊ နားလည်လား "
မင်းဖရက် ဘာလင်မှ ထွက်မလာခင်ကပင် အသေးစိတ် စီစဉ်ခဲ့ပြီးဖြစ်၍ အကျယ်ပြောစရာ မလိုတော့၊ အတို ကောက်သတင်းပို့ခြင်းဖြင့်ပင် လုံလောက်သည်။ ကြားမှ ဖြတ်ပြီး နားထောင်ပါကလည်း ဘာရယ်လို့ မသိနိုင် တော့ပေ။
" နားလည်တယ်၊ အစီအစဉ်(၁)၊ ကံကောင်းပါစေ "
မင်းဖရက် ကောင်းကင်ကြိုးကို ပြန်သိမ်းလိုက်သည်။ ရေဒီယိုစက်ကို ကျောပိုးအိတ်ထဲပြန်ထည့်လိုက်သည်။ ကျောပိုးအိတ်ကို လဲလှယ်တော့မည် လုပ်လိုက်စဉ်မှာပင် သေနတ်သံ တစ်ချက် မြည်ဟိန်း ထွက်လာပြီး ကျောက်တောင် နံရံများမှ တစ်ဆင့်ပဲ့တင်ထပ်သံများ ပေါ်လာသည်။ မင်းဖရက် ကျောက်တုံးနောက်တွင် ၀င်လိုက်ပြီး ရိုင်ဖယ် ကို ကိုင်လိုက်သည်။ နာရီဝက်ခန့် ငြိမ်ပြီး ၀ပ်ကြည့်နေသည်။
တစ်အောင့်ကြာသော အခါ မျောက်များ ၀ရုန်းသုန်းကားနှင့် ပြေးလွှားကြသည်ကို အောက်ဘက် တောင်စောင်း၌ တွေ့လိုက်ရသည်။ ထိုမျောက်အုပ်နောက်မှ မျောက်လိုက်ပစ်သော သစ်သီး ခြံအစောင့် များကိုလည်း လက်နက်ကိုယ်စီနှင့် မြင်လိုက်ရသည်။
မင်းဖရက် နေရာမှထပြီး ခရီးဆက်နေသည်။ လမ်းတွင် မျောက်ကြီးတစ်ကောင်ကို လက်တည့်စမ်းပစ်ခတ် လိုက်သည်။ သူချိန်ရွယ်ပစ်ခတ်သည့်အတိုင်း မျောက်ကြီး၏ နဖူးတည့်တည့်ကို ထိမှန်ပြီး ဦးခေါင်းခွံ ပွင့်ထွက် သွားသည်။
လက်နက်များ ပျောက်ဆုံးသည့်ကိစ္စ ဖော်ထုတ်နိုင်ကာ ပရီတီးယားမှ ပြန်လာပြီးနောက်တွင် ရှာဆာသည် ၀ယ်တာဗီဒင် အိမ်ကြီးသို့လည်း မရောက်၊ တာရာနှင့်လည်း မတွေ့နိုင်အောင်ပင် အလုပ်များနေသည်။
ထိုကာလအတွင်း ရှာဆာသည် စီအိုင်ဒီရုံးချုပ်၌သာ ရှိနေသည်။ ရဲစားသောက်ဆိုင်တွင် ၀ယ်စားပြီး စစ်ဆင် ရေးအခန်းအပေါ်ထပ်ရှိ အနားယူခန်းတွင် အိပ်စက်သည်။ စားချိန်နှင့် အိပ်ချိန် အနည်းငယ်မှ လွဲလျှင် ကျန် တစ်ချိန်လုံး အိုဘီအဖွဲ့သားများအား တစ်ပြိုင်တည်းဆွဲနိုင်ရေးကို အချိန်ပြည့် စီစဉ် ဆောင်ရွက် နေရသည်။
ကိပ်တောင်းပြည်နယ်တစ်ခုတည်း၌ပင် ဖမ်းရမည့်လူ ၁၅၀ ခန့်ရှိသည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် ရှာဆာသည် နောက်တစ်နေ့စနေနေ့၌ သူ့အဘိုး ဆာဂါရီကုတ်နေ၏ မွေးနေ့ ကျရောက် ကြောင်း သတိရလာသည်။ ထို့ကြောင့် စစ်ရေးအခန်းထဲရှိ သူ၏စားပွဲမှနေ၍ ၀ယ်တာဗီဒင် အိမ်ကြီး ရှိ မိခင်ထံသို့ တယ်လီဖုန်းလှမ်းဆက်သည်။
" အို … သားရယ်၊ နက်ဖြန် သားမလာနိုင်ဘူးဆိုတဲ့သတင်းကို ဆာဂါရီသိရင် သိပ်ပြီးကို စိတ်မကောင်းဖြစ် သွား လိမ့်မယ်၊ သူဒီကို ရောက်ကတည်းက မင်းကို နေ့တိုင်းမေးနေတာ၊ တို့အားလုံးကလဲ မင်းအဘိုး မွေးနေ့ ပွဲကို မင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတာ "
" ကျွန်တော် စိတ်မကောင်းပါဘူး မေမေရယ်၊ အလုပ် သိပ်များနေလို့ပါ "
" မင်း တစ်နာရီလေးလောက်တောင် မလာနိုင်ဘူးလားကွာ "
" မဖြစ်နိုင်လို့ပါ မေမေ၊ ကျွန်တော့်ကို ယုံစမ်းပါ "
" မင်း တောင်ပေါ် မလိုက်ခဲ့နဲ့ပေါ့၊ ငါတို့ တောင်ပေါ်မတက်ခင် အိမ်မှာ မင်းအဘိုးနဲ့တွေ့ပြီး ရှန်ပိန် တစ်ခွက် လောက်သောက်ရင်း မွေးနေ့အတွက် ဆုတောင်းလိုက်ရင် မင်းအဘိုးကျေနပ်သွားမှာပါ၊ အဲဒါပြီးရင် ချက်ချင်း ပြန်ပေါ့၊ " ဘလိန်းနဲ့ ဖီးမာရှက်စမတ်တို့လဲ မွေးနေ့ပွဲလာမှာပါ သားရယ်၊ သူတို့နှစ်ယောက်စလုံးက လာမယ်လို့ ကတိပေး ပြီးပြီ၊ မင်းမနက် ၈ နာရီလောက်လာကွာ၊ မင်းအဘိုးနဲ့တွေ့ မွေးနေ့ဆုတောင်းစကားပြောပြီး ၈ နာရီ ခွဲလောက်ပြန်ပေါ့၊ ဟုတ်လား"
" ကောင်းပြီလေ … လာခဲ့ပါမယ် "
ရှာဆာ ကတိပေးပြီး တယ်လီဖုန်းချလိုက်သည်။ ထို့နောက် တာရာဆီသို့ တယ်လီဖုန်းဆက်မည့်အလုပ်တွင် အခန်းတစ်ဘက်ထောင့်ရှိ ရဲကြပ်ကြီးတစ်ယောက်က ရှာဆာအား လှမ်းပြောသည်။
" လေတပ်ဗိုလ်အုပ်စု ခေါင်းဆောင် ရှာဆာ၊ ခင်ဗျားအတွက် တယ်လီဖုန်းလာနေတယ် "
" ဘယ်သူတဲ့လဲ ရှာဆာက လှမ်းမေးလိုက်သည်။
" ဘယ်သူ ဘယ်ဝါ လို့တော့ မပြောဘူး၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ပဲ "
ရှာဆာ ပြုံးလိုက်ပြီး ထိုစားပွဲသို့ ထသွားသည်။ မိမိတယ်လီဖုန်း ဆက်မည်ကို တာရာကကြိုသိပြီး ဦးအောင် ဆက်ခြင်းဖြစ်မည်ဟု ထင်လိုက်သည်။
" ဟဲလို … တာရာ လား "
ရှာဆာက တယ်လီဖုန်းကို ကောက်ကိုင်ပြီး ဦးအောင် မေးလိုက်သည်။ တစ်ဘက်မှ ဘာမျှပြန်မပြောဘဲ စိတ်လှုပ်ရှား နေသောအသွင် အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသည်။ ထို့ကြောင့် ရှာဆာက အသံကို နှိမ့်ပြီး အာဖရိကန်းနား စကားဖြင့် ရင်းနှီးခင်မင်သည့်လေသံ၊ အားပေးသည့် လေသံမျိုးဖြင့် ပြောင်း ပြောလိုက် သည်။
" လေတပ်ဗိုလ်အုပ်စုခေါင်းဆောင် ရှာဆာ ပြောနေပါတယ်၊ အလျင်က ကျွန်တော့်ဆီ တယ်လီဖုန်းဆက်ခဲ့ တဲ့ အမျိုးသမီးလားခင်ဗျာ "
" ဟုတ်ကဲ့ … ကျွန်မပါပဲ "
သူမအသံကို ရှာဆာမှတ်မိသည်။ ကြောက်ရွံ့သည့် အသံလေးပါနေသည်။
" ကျွန်တော် ခင်ဗျားကို အများကြီး ကျေးဇူးတင်ပါတယ်၊ ခင်ဗျား အလျင်တစ်ခါသတင်းပေးတဲ့ အတွက်ကြောင့် လူ့အသက်တွေ အများကြီးကယ်နိုင်ခဲ့ပါတယ်၊ အပြစ်မဲ့တဲ့ လူတွေရဲ့ အသက်တွေပါ "
" သေနတ်တွေ အကြောင်း သတင်းစာထဲမှာ ဘာမှလဲမတွေ့ရပါလား " အမျိုးသမီးက လေသံလေး ဖြင့်ပြော သည်။
" ဟုတ်တယ်၊ တမင်ကလာမထည့်သေးဘဲ အုပ်ထားတာပါ၊ အဲဒီကိစ္စအတွက် ခင်ဗျားအများကြီး ဂုဏ်ယူ လိုက်" ပါ၊ ခင်ဗျားသာ မကူညီရင် အဲဒီကိစ္စဟာ လူတွေအများကြီးသေမယ့် ကိစ္စပါ၊ မိန်းမသားတွေနဲ့ ကလေး တွေတောင်ပါနိုင်တယ် "
ကလေးတွေ ဆိုသော စကားကြားလိုက်ရသဖြင့် သူမဆုံးဖြတ်ချက် ခိုင်မာသွားကာ ဆက်ပြောတော့သည်။
" အခုအထိလဲ အန္တရာယ်ကြီးရှိနေတုန်းပါပဲ၊ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ သူတို့စီစဉ်နေကြတယ်၊ ဓားဖြူ ဟာ တစ်ခုခုလုပ်လိမ့်မယ်၊ မကြာခင်ပဲ၊ ရက်ပိုင်းအတွင်းလောက်လုပ်လိမ့် မယ်၊ အဲဒါဟာ အချက်ပေးတာလို့သူပြောတာကြားတယ်၊ တစ်နိုင်ငံလုံး အံ့သြတုန်လှုပ်သွားစေလိမ့်မယ်လို့ ပြောတယ် "
" အဲဒါ ဘာလုပ်မှာလဲဆိုတာ ခင်ဗျား ကျွန်တော်တို့ကို ပြောနိုင်မလား … သူ့ အစီအစဉ်က ဘာတွေလုပ်မှာ တဲ့လဲ "
" အဲဒ်ါတော့ ကျွန်မလဲ မသိဘူး၊ ကျွန်မ သိတာက ဒီရက်ပိုင်းအတွင်း ကြီးကြီးမားမား ဖြစ်မယ်ဆိုတာပဲ "
" အဲဒါ ဘာဆိုတာ သိအောင်များ ခင်ဗျား လုပ်နိုင်မလား "
" ကျွန်မ ကြိုးစားကြည့်ပါမယ် "
" ကျွန်တော် ဒီတယ်လီဖုန်းနံပါတ်နဲ့ ဒီမှာပဲ ရှိပါမယ် "
ရှာဆာက သူ့အမေအား ကတိ ပေးထားသည်ကို သတိရပြီး ၀ယ်တာဗီဒင်အိမ်ကြီး၏ တယ်လီဖုန်းနံပါတ်ကို ပေးလိုက်သည်။
" တကယ်လို့ ကျွန်တော်ဒီမှာမရှိရင် ကျွန်တော် အခု ပေးထားတဲ့ နံပါတ်ဆီကိုဆက်ပါ "
" ကျွန်မ နားလည်ပါပြီ "
" ဓားဖြူဟာ ဘယ်သူဆိုတာ ခင်ဗျား ကျွန်တော့်ကိုများ ပြောနိုင်မလားဗျာ၊ သူ့နာမည်ကိုများ ခင်ဗျား သိပါ သလား "
ရှာဆာက ချိန်ချိန်ဆဆဖြင့် မေးလိုက်သည်။ သို့သော် တစ်ဘက်မှ အမျိုးသမီးက တယ်လီဖုန်းကို ချသွား သည်။
တစ်နိုင်ငံလုံး အံ့သြတုန်လှုပ်သွားစေမယ့် လုပ်ရပ်ဆိုသော သူမစကားကို ရှာဆာ နားထဲကထွက်မရအောင် ဖြစ်နေသည်။
မင်းဖရက်သည် တက္ကသိုလ်အဆောက်အအုံရှေ့မှ ကျော်ဖြတ်ပြီး ကားကို မှန်မှန်မောင်းသွားသည်။ အချိန် မှာ ညသန်းခေါင်ကျော်ပြီဖြစ်ရာ လမ်းများတွင် လူသွားလူလာနှင့် ကားအသွားအလာ ရှင်းသလောက် ရှိနေချေပြီ။ သူမောင်းလာသော ကားမှာ ဘာအမှတ်အသားမှမပါသော မော်ရစ်ကားကလေးဖြစ်သည်။ ရိုင်ဖယ် ကို ပတ္တူစဖြင့်ထုပ်ပြီး ကားကူရှင်အောက်တွင် ထည့်ယူလာသည်။ မင်းဖရက်သည် မီးရထား အလုပ်သမားဝတ် အပေါ်အောက်ဝတ်စုံပြာကို ၀တ်ဆင်ထားသည်။ ထိုအပေါ်မှထပ်၍ တံငါသည်များ ၀တ်သော ဆွယ်တာအထူကို ၀တ်ထားပြီး အပေါ်ဆုံးတွင် ကုတ်အင်္ကျီအရှည်အထူကြီးကို ၀တ်ထားသည်။
နေ့ဘက်တွင် ရိုင်ဖယ်ကိုကိုင်ပြီး တောင်ပေါ်တက်ပါက အခြားလူများက မြင်သွားမည်စိုး၍ ယခုညဘက် ကတည်းက စတင်လှုပ်ရှားခြင်းဖြစ်သည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တေဘယ်တောင်ထိပ် ပေါ်သို့ ခြေလျင်တောင်တက်သမားများ၊ ငှက်ကြည့်သူများ၊ ပျော်ပွဲစားထွက်သူများ၊ ကင်းထောက် လုလင် များနှင့် သမီးရည်းစားအတွဲများ တက်လေ့ရှိသည်။
ကားလမ်းသည် တောင်ခြေရှိ သစ်တောထဲသို့ ရောက်လာသည်။ ကွန်စတင်တီယာနက် တောင်ကြားလမ်း သို့ မရောက်မီတွင် မင်းဖရက်သည် ကားကို အရှိန်လျှော့လိုက်ပြီး နောက်ကြည့်မှန်ထဲမှနေ၍ ကားနောက်ပိုင်း သို့ ကြည့်လိုက်သည်။
မိမိအား နောက်ယောင်ခံလိုက်လာသောကား မပေါမှန်းသေချာတော့ မှ ကားရှေ့မီးကို မှိတ်လိုက်ပြီး သစ်တောထဲဝင်သော လမ်းထဲသို့ ချိုးကွေ့ပြီး ၀င်လိုက်သည်။
ကားကို လူလမ်းသွားသလောက်သာ ဖြည်းဖြည်းမောင်းလာရာ သစ်တောဌာနဂိတ်ပေါက်ဝသို့ ရောက်လာ သည်။ ဂိတ်ဝတွင် ကားကိုရပ်လိုက်သော်လည်း စက်ကိုမသတ်ပေ။ ကားပေါ်မှဆင်းပြီး ဂိတ်ဝတံခါးကို သွား ကာ မိမိ၌ပါလာသော သော့ဖြင့် ဂိတ်ဝတံခါးမှသော့ခလောက်ကို ဖွင့်လိုက်ရာ ပွင့်သွားသည်။ ဤသော့ကို စတင်ဒါက မိမိအားပေးလိုက်ခြင်းဖြစ်ပြီး သစ်တော အရာရှိမှာ သူ့မိတ်ဆွေဖြစ်ကြောင်း ပြောလိုက်သည်။ မင်းဖရက်က ဂိတ်တံခါးကိုဖွင့်ပြီး ကားကို ၀င်းထဲသို့ မောင်းသွင်းလိုက်သည်။ ထို့နောက် ဂိတ်တံခါးကို ပြန် ပိတ်သည်။ တံခါးကို သံကြိုးဖြင့်ပြန်ချည်ပြီး သော့ဖြင့် ချိတ်ရုံသာချိတ်ထားသည်။ သော့ကိုနှိပ်ပြီး မပိတ်လိုက်ပါချေ။ အထွက်တွင် အလွယ်တကူထွက်နိုင်ရေးအတွက်ဖြစ်သည်။
မင်းဖရက် သည် ကားကို တောင်ဘက်လမ်းအတိုင်း ဖြည်းဖြည်း မောင်းတက်သွားသည်။ ရေမျက်နှာပြင် ထက် မီတာ ၃၀၀ အမြင့်ရှိ လမ်းကလေးသို့ ရောက်ရှိဖြတ်ကျော်ကာ နောက်ထပ် တစ်မိုင်ခန့် ဆက်မောင်းသွားသည်။ ထိုနေရာသည် တောင်ထိပ်အောက်ဘက် တောင်ခါးပန်းတစ်ခုဖြစ်သည်။ ကားကို လူမမြင်နိုင်သော တောင်စွယ်တစ်ခုတွင်ရပ်ပြီး ၀ှက်ထားလိုက်သည်။
မော်တော်ကားထဲမှ ရိုင်ဖယ်ကို ထုတ်ယူပြီး ပတ္ထူစအပါးနှင့် ထုပ်လိုက်သည်။ ရိုင်ဖယ်ကို ပခုံးပေါ်တွင်ထမ်း ပြီး မီတာ ၃၀၀ ဖြတ်လမ်းဆီသို့ ပြန်ဆင်းလာသည်။ လက်နှိပ်စက်မီးကို ပျူပျူလေးသာထိုးပြီး ဆင်းသည်။ မင်းဖရက်သည် လွန်ခဲ့သော နှစ်ရက်ကပင် ဤနေရာများကို လာကြည့်ရှုလေ့လာပြီး သူညအိပ်ခိုလှုံမည့် နေရာကို ရှာဖွေ ရွေးချယ်ထားသည်။
ထိုနေရာသည် ကျောက်တုံးနှစ်တုံးကြား နေရာဖြစ်သည်။ ထိုနေရာ၌ ပတ္တူစကိုခင်းပြီး ပက်လက်လှန် အိပ် လိုက်သည်။ ရိုင်ဖယ်ကို သူ့ဘေး၌ အသင့်ချထားသည်။ ကောင်းကင်၌ ကြယ်လေးများ မှိတ်တုပ် မှိတ်တုပ် လင်းလက်နေသည်။
တောင်အာဖရိက ၀န်ကြီးချုပ် ဂျန်စမတ်၏ ကိုယ်ရေးရာဇ၀င်ကို ဂျာမန် ထောက်လှမ်းရေးအဖွဲ့က အတတ် နိုင်ဆုံး ပြည့်စုံအောင် စုဆောင်းပြုစုထားသည်။ ထို ကိုယ်ရေးရာဇ၀င်ကို မင်းဖရက် ဂျာမနီ၌ ရှိစဉ်ကပင် အသေ အချာ ဖတ်ရှုလေ့လာခဲ့သည်။ ဂျန်စမတ်သည် သူ၏ မိတ်ဟောင်းကြီးဆာဂါရီ၏ မွေးနေ့ပွဲတက်ကာ တေဘယ် တောင်ကုန်းထိပ် သို့ ပျော်ပွဲစားထွက်ခဲ့ခြင်းမှာ ပြီးခဲ့သော ဆယ်နှစ်လုံးလုံး တစ်နှစ်မှ မပျက်ကွက်ခဲ့ပေ။ နက်ဖြန်သည် ဆာဂါရီ၏ မွေးနေ့။ သူတို့ တောင်ထိပ်သို့ တက်ကိုတက်ကြမည်ကို မင်းဖရက် အပိုင် ထွက်ထားသည်။
ဆက်ရန်
.

No comments:
Post a Comment