Tuesday, January 24, 2012

သော်တာဆွေ ၏ သူနဲ့သာဆိုရင် အပိုင်း (၁)

သူနဲ့သာဆိုရင်

ကျွန်တော်တို့ လင်မယား ဈေးသည်ဖြစ်မှ မေသည်နံနက်လေးနာရီ တွင် ထ၍မုန့်ဟင်းခါးနှင့် အုန်းနို့ ခေါက်ဆွဲ ဟင်းနှစ်အိုး ကို ချက်ရသည်။ (၇)နာရီတွင် တက္ကစီကားနှင့် မဟာဗန္ဓုလပန်းခြံ လမ်း အောက်ဆုံး ဘလောက် နောက်ဆုံးအဆောက်အအုံကြီးဖြစ်သော ကညန ခေါ် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံး သက်သာစားသေက်ဆိုင်သို့ သွားရသည်။ ဈေးရောင်း သွက်သည့်နေ့၊ မသွက်သည့်နေ့ လိုက်၍ (၁၂)နာရီ၊ နေ့လယ် နာရီပြန်တစ်ချက် နှစ်ချက်လောက် မှအိမ်ပြန်ရောက်တတ်သည်။ ထိုအခါ မေ့တွင် ကျွန်တာ့်အား ပြောစရာစကာများ ပါလာတတ်သည်။

သူ့ဆိုင်လာ၍ စားနေကျဖောက်သည်များအကြောင်း၊ သော်တာဆွေဆိုင်ဆို၍ အဝေးတလံမှ တမင် လာရောက်စားသောက်ကြသော ကျွန်တော့်စာဖတ်ပရိသတ်  မည်သူမည်ဝါဟူ၍ မိတ်ဆက် သွားကြောင်း၊ တစ်ခါတစ်ရံ မိန်းကလေးများသည် မု့န်ဟင်းခါလာစားရင် နက်ဖြန်ခါလာယူမည်ဟု ကျွန်တော်ရေးရန် အော်တို စာအုပ် ပေးလိုက်ကြောင်း၊ နယ်မှရန်ကုန်ရောက်သခိုက် "သွားစမ်း၊ ဘားလမ်း၊ စားစမ်း အကောင်းဆုံး မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ" ဆိုသည့် ကြောငြာတွေ့၍ လာရောက်သော ဘယ်မြို့မှ ဘယ်သူ ဟု ပြောသွားကြောင်း၊ မုန့်ဟင်းများလည်း မေ့လက်ရာဟု ပြောပလောက်အောင် ကောင်း ပါပေသည်ဟု ချီးမွမ်းသွားကြောင်း၊ မေသည်ကျွန်တော်ထက် (၁၅)နှစ်ငယ်သည်ဖြစ်၍ အချို့က အသက်(၆၀) ကျော်နေပြီဖြစ်တဲ့ သော်တာဆွေ့ဇနီးဆိုလျှင် အဘွားကြီးဖြစ်နေမှာပဲဟု အောက်မေ့ခဲ့ရာ ယခု တော့ ငယ်ငယ်ကလေးရှိပါသေးလားဟု ပြောသွား ကြောင်း၊ ထိုရုံးတွင် မော်တော်ကား ယာယီ လိုင်စင် နံပါတ်ရေးရသော၊ ဓာတ်ပုံရိုက်ရသော မောင်သိန်းထွန်း၊ မောင်စိန်ထွန်း၊ မောင်ကျော်ညွန့်၊ အရှည်ကြီး၊ မောင်ဌေးအောင်၊ မောင်မြင့်ဆွေ ဆိုသူတို့၏ နာမည်များကိုကား ကျွန်တော်အလွတ်ပင် ရနေ ချေပြီ။

သူတို့သည် တစ်ချိန်လုံး မေတို့ဆိုင်ထဲမှာနေကြ၍ မေနှင့်တူကလေး သားကလေးများကဲ့သို့ ရင်းနှီး ခင်မင် နေကြသည်။ "မာမီကြီး အန်တီကြီး"ဟု ခေါ်ကြသည်။ ထိုသူငယ်လေးတို့၏ အကြောင်းများ ကို လည်း နေ့စဉ်လိုပဲ ကျွန်တော့်အား ပြောတတ်သည်။ စင်စစ်မေသည် သူ့ဖောက် သည်မိတ်ဆွေတွေနှင့် သူ ဈေးရောင်း ရတာ ကို ပျော်နေခြင်း ဖြစ်ပါသည်။
ကဲ၊ ယခုဝတ္ထုဇာတ်ကြောင်း ရေးရမည် ထိုနေ့က မေယူခဲ့သော စကားက...
မောင်ရေ....ဟိုတစ်လောက မုန့်ဟင်းခါး လာစားဖို့ စရန်ငါးကျပ်ပေးသွားတဲ့လူ ဒီနေ့မှ ရောက် လာတော့တယ်၊ ဘယ်သူလဲသိလား
ထို ကညနသက်သာဆိုင်ကား ကျွန်တော်တို့ချည်း မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ရောင်းသည်မ ဟုတ်၊ လက်ဖက်ရည် ဆိုင်လည်း တွဲဖွင့်ထားလေရာ ကျွန်တော်တို့က တစ်နေ့လုံး မရောင်းနိုင်။ မွန်းလွဲပိုင်း လောက် ပြန်လာခဲ့၍ လက်ဖက်ရည်ဆိုင်က ညနေရုံးဆင်းအထိ။

လွန်ခဲ့သော ဆယ့်လေးငါးရက်လောက်က မမဆိုင်သိမ်းသွားပြီးမှာ လူတစ်ယောက်ရောက်လာ၍ "ဒါ မေ... သော်တာဆွေ မုန့်ဟင်းခါးဆိုင် ဒီမှာထွက်တာ မဟုတ်ဘူးလား" မေးသတဲ့။ "ဟုတ်ပါတယ်၊ အခု ကုန်လို့ဆိုင်သိမ်းသွားပါတယ်၊ မနက်ပိုင်းမှာပဲ ရောင်းပါတယ်"လို့ လက်ဖက် ရည်ဆိုင်ထိုင် မိန်းကလေး ကပြောတော့ "ဒါဖြင့် နောက်မှငါလာစားမယ်၊ အခုစရန်ပေးခဲ့မယ် ပြောလိုက်"ဆိုပြီး ငွေငါးကျပ် ပေးသွားသတဲ့။
ဒါနဲ့မေက နောက်တစ်နေ့မှာ အဲသည်လူ လာလိမ့်မယ်လို့ မျှော်တာပေါ့။ သို့သော် အဲသည်နေ့ လည်း မလာ။ နောက်နေ့တွေလည်းမလာ။ ဆယ့်လေးငါးရက်ကြာတော့ မေ့သလောက်ရှိခဲ့ပြီးပေါ့။
ဟော.....အခု သည်နေ့မှ လာတယ်ဆိုတော့ ကျွန်တော်က.....
"ဘယ်သူလဲကွ"
"တခြားလူ ဟုတ်ပါရိုးလား၊ မောင့်သူငယ်ချင်း ကိုတင်ဆွေကြီးရယ်ပေါ့"
သူနှင့်ကျွန်တော် မတွေ့ရသည်မှာ နှစ်များစွာ ကြာခဲ့ပြီ။

"သူတစ်ယောက်တည်းပဲလား"
"သူတစ်ယောက်တည်းမို့ တော်တော့သပေါ့၊ များလိုက်တဲ့စကားလွန်ပါရော မောင်ရယ်"
"ဘာတွေများ ပြေသလဲကွ"
"ဟာ...စုံလို့ပဲ၊ မေလဲမုန့်ရောင်းရတာ တစ်ဖက်နဲ့ ဘယ့်နှယ်သူ ပြောတာတွေ အားလုံးနား ထောင် နိုင်မှာလဲ၊ မေမှတ်မိသမျှတော့ မောင်က ကျာင်းသားတုန်းက လက်သီးထိုး သိပ်ကောင်းတာ၊ သူ့ကို နောက်ကောက်ကျအောင် ထိုးနိုင်သတဲ့၊ လက်လှဲလဲသိပ်သန်သတဲ့၊ နို့ပြီး မောင့်မှာရည်းစား နှစ်ယောက် ရှိသတဲ့၊ အဲဒီရည်းစားတွေဆီက စာလာရင် သူ့နဲ့အတူ ဟိုတယ်သွားပြီးဘီယာ သောက်ကြသတဲ့၊ အဲဒီရည်စား တွေက နယ်ကတဲ့၊ ရန်ကုန်သူရည်စားထားရင် စရိတ်ကြီးတယ်ဆိုပြီး ရန်ကုန်မှာတော့ ရည်းစား မထားဘူးတဲ့၊ နို့ပြီး မောင်ဟာ ဗေဒင်ဝါသနာမပါဘဲနဲ့ သူ့ကြောင့်ဗေဒင် ခဏခဏမေးရသတဲ့၊ မောင့်ရည်းစားတစ် ယောက်ကို သူတွေ့ဖူးသတဲ့၊ အဲဒီကောင်မလေးက သူ့ကိုခံသီးတွေ၊ စပျစ်သီးလုပ်ပြီး လက်ဆောင် ပေးဖူးသတဲ့၊ နို့ပြီးသူက ရန်ကုန်မှာရည်းစားတစ်ယောက်တည်းထားတာကို မောင်က ရည်းစား ဆိုတာ တစ်ယောက်ထက် ပိုးထားမှ ကောင်းတယ်လို့ပြောသတဲ့၊ ဟာ...သူပြောတာတွေ စုံလို့ပါပဲ၊ မေ့မှာက ပိုက်ဆံသိမ်း ရတာနဲ့ မုန့်ပြင်ပေးရတာနဲ့၊ သူပြောတာတွေကြားလိုက်၊ မကြားလိုက် ပါပဲ၊ အဲ..ရေရေလည်လည် နားထောင်သွားရတာကတော့ သူနဲ့တစ်စားပွဲတည်းထိုင်တဲ့ ဘဏ်က သူငယ်လေး နှစ်ယောက်ပဲ၊ မောင့်သူငယ်ချင်းကတော့ ထူးရော၊ အစားလဲ စားပေါ့၊  စကားလဲများပေါ့။

    "သူ ဘယ်လောက်စားနိုင်သလဲ"
    "မုန့်ဟင်းခါးတစ်ခွက်၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲ၊ နို့ပြီးကော်ဖီနဲ့မုန့်တွေလဲ စားသေးတယ်၊ မေ လဲ ကော်ဖီ အတင်းတိုက်တယ်၊ မသောက်ပါရစေနဲ့ဆိုတာ မရဘူး၊ မုန့်လဲအတင်းကျွေးတယ်၊ ကဲ... မှားပြီးနေမှတော့ ကော်ဖီပဲသောက်မယ်၊ မုန့်တော့မဆာလို့ မစားပါရစေနဲ့ဆိုမရဘူး၊ ဘဲသားမုန့်ကို ကဲ... မစားဘဲ နေလို့မရအောင် ဆိုပြီး သူ့လက်ညှိုးနဲ့ ထိုးဖောက်ပစ်တယ်"
    ဤကား ဖိုးတင်ဆွေ၏ ငယ်ကျင့်ပင်။ မိတ်ဆွေသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံပြီ ဆိုလျှင် သည်လိုပဲ စားပွဲမှာ လာချတဲ့မုန့်တွေကို မစားဘဲ နေ၍မဖြစ်အောင် အားလုံး သည်လိုပဲ စားပွဲမှာ လာချ မုန့်တွေကို မစားပဲနေ၍မဖြစ်အောင် အားလုံး လက်ညှိုးနှင့်ထိုးဖောက်ပစ် တတ်သည်။ သဒ္ဓါတရား အလွန် ကောင်းသည်။ မနှမြော မတွန့်တို၊ အကျွေးအမွေး အပေးအကမ်း ရက်ရောသူဖြစ်၏။

    "သူ...အခု ဘယ်မှာနေသတဲ့လဲ၊ မေ မေးလိုက်သေးသလား။"
    "မေးစရာမလိုပါဘူး၊ သူ့ဟာသူပြောပါတယ်၊ ကန်တော်ကလေးမှာနေသတဲ့၊ သင်္ချာကျူ ရှင်ပေးသတဲ့၊ ကက်ဆက် ရေဒီယို ပြင်သတဲ့၊ မေတိုကအိမ်မှာပြင်စရာရှိရင် သူပြင်ပေးပါမယ်တဲ့၊ ဒါနဲ့ပြောလိုက်ရတယ်၊ အရင်တစ်လုံး နဲ့ပဲ တော်ပါပြီ ကိုတင်ဆွေရယ်လို့။"
ဖိုတင်ဆွေ နှင့် ကျွန်တော်သည် (၁၉၃၈-၃၉)ခုနှစ် ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်း မှာဆုံခဲ့ကြသည်။ သူက ပန်းတောင်းသား။ ကျွန်တော်က ပေါင်းတည်သား။ ကျောင်းဘော်ဒါမှာ အတူနေကြ၍ သူနှင့် ကျွန်တော် ဘယ်လောက်ချစ်ခင်ကြသနည်းဟုမူ ကျွန်တော့်နာမည်အရင်းက မောင်ကျင်မောင်ပါ။ သူ့နာမည် က မောင်တင်ဆွေ ရယ်ဟာကို ကျွန်တော်တို့ညီအစ်ကိုအရင်းလို နာမည်ဆင်အောင် ထိုစဉ်က တင်ငွေ၊ တင်ဖေ၊ တင်ဆွေဟူသော ရုပ်ရှင်မင်းသားတွေကလည်း ခေတ် စားနေ၍ ကျွန်တော့်နာမည်ကို မောင်ကြင်ဆွေ လုပ်ပစ်လိုက်ပါသည်။

ကျွန်တော်တို့နှစ်ယောက်သည် စိတ်ကြိုင်ချင်းလည်း တူညီကြသည်။ စာပေဆိုလျှင် စုံထောက်နှင့် စွန့်စားခန်း ၀တ္ထုများ၊ ရှပ်ရှင်ဆိုလျှင်အထိုးအသတ်များသော ဇာတ်ကားများ။ ထိုခေတ်က လက်သီးထိုး ကောင်းသော မင်းသားများ၊ ဂျိမ်းစ်ကက်ကနီ၊ ကလပ်ဂေဘယ်လ်၊ အယ်ရိုးဖလင်း၊ တိုင်ရုန်းပါဝါ စသည်ဖြင့် ၎င်းတို့ပါဝင်သော ဇာတ်ကားတွေကြည့်ကြည့်ပြီး ထိုမင်းသားတွေ ထိုးတာသတ်တာ အားကျ လှသဖြင့် ကျွန်တော်နှင့်သူ လက်သီးထိုးကျင့်ကြသည်။ လက်သီးတွေမာအောင် တန်းဘား ကွင်းဘား က စားကြသည်။ မေးရိုးတွေ အထိုးခံနိုင်ရန် လည်ပင်း မာဆယ်လ်တွေ တင်းမာအောင် ကျင့်ကြသည်။ တစ်ယောက် တစ်လဲ ထိုးကြခံကြသည်။

ထို့အပြင် ယင်းခေတ် က ရန်ကုန်တွင် နာမည်ကြီးသော သိုင်းဆရာကြီး ဘိုလောရှည် (ကုလား)ထံမှာ သိုင်းပညာ သင်ကြသည်။ ဤပညာဖြင့် သူတစ်ပါးကို နှိပ်စက်ကလူ မပြုပါး အားကြီး သူကအားနည်းသူကို အနိုင်ကျင့် နေတာတွေ့လျှင် ၀င်ရောက်ကူညီပါမည်ဟု ကတိပြုရတာပဲ။

ယင်းကတိကြောင့်ပေါ။ (၁၉၄၇)ခုနှစ်၊ ကျွန်တော် ကုန်သည်ဘ၀က ကသာ-မြစ်ကြီးနား၊ ရထားပေါ်မှာ မိန်းမထိန်း က ကောင်မလေးတစ်ယောက် အနိုင်ကျင့်နေတာတွေ့လို့ ကျွန်တော် ၀င် ကယ်တာ တကတဲ သူနဲ့ ကျွန်တော်ညားပြီး "ဆန်ဆုံစားကံကုန်သွား"ထိုသို့ ၀တ္ထုရခဲ့ပါရောလား ခင်ဗျာ၊ (အဲသည်ဝတ္ထု ဂျပန် လို ဘာသာပြန်၍ ကျွန်တော်တီဗီတစ်လုံး ရတယ်လေ)
ကျွန်တော်တို့နှစ်ယောက်က ကျောင်းမှာပေါ်ပြူလာဖြစ်ကြသည်။ အချောဆုံးလူများ လည်းဖြစ်ကြသည်။ ဖိုးတင်ဆွေ က အဲသည်ကျောင်းမှာ ကောင်မလေးတစ်ယောက်နှင့် ရည်းစား ဖြစ်သည်။ ဟာ၊ ဒါမလေး ဖိုးတင်ဆွေ က ပေးရကမ်းရ မနည်းပါလား။ တော်ကြာ လက်ကိုင်ပ၀ါ၊ တော်ကြာရေမွှေး၊ တော်ကြာ ပေါင်ဒါ၊ ရုပ်ရှင်ပြရတာကလည်း ရှိသေး၊ ဒါကြောင့် ကျွန်တော်က ရန်ကုန် သူ ရည်းစားထားရတာ စရိတ်ကြီး သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ကျွန်တော်မှာတော့ နယ်ကရည်းစားနှစ်ယောက်ရှိသည်။ သူတို့မိဘများက ချမ်းသာကြ သဖြင့် သူတို့ ဆီက စာလာပြီဆိုလျှင် ဆယ်တန်(သို့မဟုတ်) အနည်းဆုံး ငါးကျပ်တန်တစ်ရွက် တော့ပါလာတတ်သည်။ ဤအခါ ကျွန်တော်နှင့် ဖိုးတင်ဆွေ မြို့ထဲတွင် မြာတွေ ရှိသော ဟိုတယ်ကို သွား၊ ဘီယာသောက် ခေါက်ဆွဲ စားကြသည်။
ထိုအင်္ဂလိပ်ခေတ်က ပုံမှန်ဈေး ခေါက်ဆွဲကြော်တစ်ခွက်က နှစ်ပဲ၊ စပါယ်ရှယ်ဆိုလျှင် သုံးပဲ၊ အဲ..ဟိုတယ်မှာ ငါးမူးတန် ခေါက်ဆွဲဆိုရင် ခုခေတ်ဟိုတယ်တွေက အစိတ်တန်လောက်ပဲ။ ဘဲဥ ပန်းကန်ကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်တည်း မကုန်။ ဧည့်ခံကောင်မလေးတွေပါ ၀င်စား၊ ထိုခေတ် ဟိုတယ်မယ်လေး တွေက ချောမောလှပကြသည်။ သီးသန့်အခန်းကလေးတွေနှင့် ဖြစ်ရာ ကိုယ်ကြိုက်သော မိန်းကလေး ဖောက်သည် ထား၍ သမီးရည်းစားလုပ်တမ်းကစားကြသည်။ သူတို့အား တစ်မတ်ငါးမူး ဘောက်ဆူးပေး ရသည်။

အဲသည်တုန်းက ကျွန်တော်တို့က ဘီယာလောက်ပဲ သောက်နိုင်သေးသည်။ ဂျာမနီကလာ တဲ့ ဘီယာ အကောင်းစား Tenese တင်နင်စီ ခေါ် တံဆိပ်၊ ဟိုတယ်ဈေး တစ်ပုလင်းမှ တစ်ကျပ်တစ် ပဲရယ်၊ အဲသည် ဘီယာတစ်ယောက် တစ်ပုလင်းသောက်ပဲ၊ ကျွန်တော်တို့ထွေပြီး ကောင်မလေး တွေနဲ့ပွေပြီး ငွေ ငါးကျပ်တန်  တစ်ရွက်တောင် မကုန်ပါဘူးဗျာ။
ည(၁၁)နာရီ ဟိုတယ်ပိတ်တော့ ကြည့်မြင်တိုင်ကို ကျွန်တော်တို့ ဘာနဲ့ပြန်ကြသလဲ။ ဘီလေထိုးထားတဲ့ လန်ချား တဲ့ဗျ။ ဘီယာလေးထွေထွေနဲ့ အင်မတန် ဇိမ်ရှိတာ။၊ ကျွန်တော်တို့ နှစ်ယောက် ဘော်ဒါရှေ့ အရောက် မှ တစ်မတ်ပေးရတယ်။ ကဲ....ယုံပြီးလား။ ကုလားက သူ့နဖူး တဖျပ်ဖျပ် ဆလံရိုက် သွားလိုက်သေး။

ကျွန်တော်ဗေဒင်ဝါသနာ မပါဘဲနဲက ခဏခဏမေးရတဲ့အကြောင်း ပြောရဦးမယ်၊ ဖိုးတင်ဆွေ ရည်စားရဲ့ အဖေကြီး က နာမည်ရ ဗေဒင်ဆရာကြီးဗျ၊ သူတို့အိမ်ရှေ့မှာ ဆိုင်းဘုတ် ကြီးနဲ့။
အဲ....ဒါပေမယ့် အဘိုးကြီးက မျက်စိမမြင်ဘူး။ သည်တော့ ဖိုးတင်ဆွေကို ချိန်းတယ်၊ အဲသည်မှာ ကျွန်တော် က အဖော်လိုက်ရပြီး တစ်ယောက်တည်းလာတဲ့ပုံနဲ့ အိမ်ရှေ့ကတက်၊ အဘိုးကြီးလက်ထဲ ငွေတစ်ကျပ် လောက် လာဘ်တင်ပြီး ဗေဒင်မေးရပါရောခင်ဗျာ။ ဖိုးတင်ဆွေ ကတော့နောက်ဖေး ပေါက်က ၀င်ပြီး သူ့ရည်းစားနဲ့တွေ့သပေါ့။ နို့မဟုတ်ရင် အဘိုးကြီးက သူ့သမီးကို အနားကအခွာမခံဘူး။ အဲသည် လိုပဲ ကျွန်တော့်မှာ တစ်လ နှစ်ခါသုံးခါလောက် မွေးနေ့သက္ကရာဇ် အမျိုးမျိုးပြောပြီး ဗေဒင်မေးခဲ့ရပါသဗျာ။

ကျွန်တော့်ရည်းစားတစ်ယောက်နဲ့ ဖိုတင်ဆွေ တွေလိုက်ရတာကတော့ ကျွန်တော့် ရည်းစားက သူ့အဒေါ်များ နဲ့ ရန်ကုန်အလည်လိုက်လာခဲ့တယ်၊ အလုံဌာနာလမ်းမှာ တည်းကြ တယ်၊ သူ့အဒေါ်  များ ကလည်း ကျွန်တော့်ကို သဘောကျပြီးမို့ "မင်းရည်းစားပဲ၊ မင်းရန်ကုန်မှာ စုံအောင်ပြလိုက်ပါ ကွယ်"
သည်တော့ ဖိုးတင်ဆွေက ကျွန်တော့်တို့ ကိုယ်ရံတော်ပေါ့။ အဲသည်တုန်းက ကန်တော် ကြီးဟာ ခုထက်လည်း ရေများတယ်၊ လှေငှားတွေလည်း ရှိတယ်၊ တစ်နာရီမှ တစ်မတ်ပေးရတယ်၊ ဖိုးတင်ဆွေက မြစ်ကမ်းနား မှာရှိတဲ့ ပန်းတောင်းသားမို့ လှေပဲ့ကိုင်တတ်တယ်၊ ဒါကြောင့်......

    ကန်တော်ကြီးမှာ လှေစီး
    ဘုရားကြီးမှာတဲ့သစ္စာဆို
    တိရစ္ဆာန်ရုံမှာတော့
    ဣဋ္ဌာရုံတွေနှော.....။
    ကြည်ကြည်မွေ့ခဲ့တဲ့
    သည်နေ့တွေ ပြန်လို့တွေ့ရရင်
ဆွေးမြည့်သာမော.....ဆိုတဲ့ ကဗျာရခဲ့တာပေါ့ဗျာ။

ကျွန်တော်တို့ သမီးရည်းစားနှစ်ယောက်က ရန်ကုန်မှာ သုံးလေးရက်လောက် အဲသည်လို လည်ခဲ့ ကြတယ်။ အပြန်ကျတော့လည်း သူ့အဒေါ်များက ၀ါးနက်ချောင်းမှာ သုံးလေးရက်လောက် ကြာဦးမယ် ဆိုတာ နဲ့ ကျွန်တော်လည်း ၀ါးနက်ချောင်းလိုက်သွားသေးတယ်။

အဲသည်ဝါးနက်ချောင်းအိမ်နောက်ဖေးမှာ ခံပင်ရှိတယ်၊ သီးနေလိုက်တာ ပြွတ်လို့၊ ခံသီး ဟာစပျစ်သီးနဲ့ တော်တော်လေး ဆင်တယ်၊ အဲသည်တော့ ရန်ကုန်မှာတုန်းက ဖိုးတင်ဆွေက ကျွန်တော့်ရည်းစားကို စပျစ်သီးဝယ်ကျွေးခဲ့တာ သတိရပြီးတော့ သူကလေးက ခံသီးသုံးလေးလုံး အခိုင်တွေကို အပ်ချည် နဲ့တစ်ထောင်လောက်ရှည်တဲ့ စပျစ်သီးခိုင်ကြီးနဲ့ တူအောင်တွဲပြီး... ကိုကို့သူငယ်ချင်း ကိုတင်ဆွေကို ကျွန်မ က စပျစ်သီးလက်ဆောင် ပါးလိုက်ပါတယ်"ဆိုပြီး ကျွန်တာ့် ကိုပေးလိုက်သဗျ။

သြော်...အဲသည်တုန်းကပျော်လိုက်တာလေ.........
    စရစ်မြေ စိမ့်စမ်းနဲ့
    ချမ်းမြေ့မြေ့ရိပ်သာ
    လွမ်းဝေ့ဝေ့ဖြာသည်
    အတိတ်ခါခေတ်ဟောင်း.....။
    ပြန်ပြောင်းလို့
    တွေးလိုက်ပါလျှင်
    ဆွေးသိုက်ဝင်ပါတဲ့
    မြို့ဝါးနက်ချာင်း။
အဲသည် တုန်းကကျွန်တော့်ရည်းစားလေးက (၁၅)နှစ်။ ကျွန်တော်က (၁၉)နှစ် ဆိုတော့ အခုမေက (၄)နှစ်သမီး ရှိဦးမှာပေါ့။ ကိုတင်ဆွေ မေ့ကိုပြောခဲ့တာတွေဟာ အဲဒါတွေ နေမှာပေါ့။
    နှစ်ပေါင်းလေးဆယ်ကျော်ကအကြောင်းတွေ။

ဆရာဖြစ်သင်ဆိုသည်မှာ  တစ်နှစ်မျှသာ ဖြစ်ပေရာ စာမေးပွဲပြီး သောအခါ၌ အားလုံးသော ကျောင်းသား တွေ ကိုယ့်နေရပ်အသီးသီး ပြန်ကုန်ကြသတည်း။ ကျောင်းဆရာတွေ ဖြစ်ကုန်ကြ သတည်း။
ဖိုးတင်ဆွေ နှင့် ကျွန်တော်တို့ကား အလုပ်ခွင် မ၀င်ကြသေးပေ။

ကျွန်တော်တို့မှာ မြန်မာလို(၁၀) တန်းအောင်ပြီးကြသော်လည်း အင်္ဂလိပ်စာတစ်လုံးမျှ မတတ် သဖြင့် ကိုယ် ကိုယ့် ကိုယ် မကျေနပ်ကြ။ အင်္ဂလိပ်စာမတတ်လျှင် လူရာမ၀င်မှန်း ရန်ကုန်ရောက်မှ သိကြပြီး ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်ကာ မိဘများထံ ခွင့်ပန်၍ ရန်ကုန်မှာ အင်္ဂလိပ်စာအလွတ် ပညာသင် ကျောင်း တက်ကြလေ၏။
မြန်မာစာ ဆယ်တန်းအောင်ပြီးသူတွေမှာ အင်္ဂလိပ်တစ်ဘာသာပဲ ဖြေရမည်။ ထိုစာမေးပွဲ အောင်လျှင်ကောလိပ် ဆက်တက်မည်။ ကျွန်တော်တို့ မိဘများလည်း တောမှာလယ်ပိုင်ရှင် များဖြစ်ကြ၍ တက္ကသိုလ် ပညာ ကို ပေးနိုင်ပါသည်။

သို့သော် (၁၉၄၁) ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ရန်ကုန်မြို့ကြီးပျက်စီးပြီး သူငယ်ချင်းနှစ် ယောက် ကိုယ့် မိဘရပ်ထံ အသီးသီး ပြန်ရကာ လူချင်း ကွဲကွာသွားကြသတည်း။ ဂျပန်ခေတ် တစ်ခေတ်လုံး မတွေ့ကြတော့။

(၁၉၄၈) ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးသောအခါ၌ ကျွန်တော်က စာရေးဆရာ အဖြစ်နှင့် လည်းကောင်း  ဖိုးတင်ဆွေက ကုန်သည်အဖြစ်နှင့်လည်းကောင်း သူငယ်ချင်းနှစ်ယောက်  ရန်ကုန်မှာ ပြန်လည် ဆုံတွေ့ကြရပြန်သည်။ အသီးသီး အိမ်ထောင်တွေနှင့်ဖြစ်ကြပြီး သူက ဘိုကလေး ဈေးလမ်းမှာနေသည်။ သူ့ကုန်တိုက်ကြီးက ဘုရားလမ်း၊ သိမ်ကြီးဈေးအနီးမှာ မြန်မာ့ ရောင်းဝယ်ရေး ကုမ္ပဏီ မည်သော ဆိုင်းဘုတ်ကြီးနှင့် တော်တော်ကြီးကျယ်ခမ်းနား ပါပေသည်။ သူ့အစ်ကို ကိုထွန်းရွှေ ကလည်း ပန်းတောင်းမြို့နယ်၊ ဖဆပလအမတ်ဖြစ်နေတော့ သွင်းကုန် ထုတ်ကုန် လိုင်စင်တွေ ဘာတွေနဲ့ ဖိုးတင်ဆွေကောင်းစားနေသပေါ့။ အဲသည်အချိန်က ခေတ်အစား ဆုံးအကောင်းဆုံးဖြစ်တဲ့ စတူဒီဘေကာ ကား နှင့် ကိုယ့်လူ ကြီးပွားနေလိုက်တာလေ။ သူ့ဆီများ ကျွန်တော်သွားရင် ၀ီစကီနှင့် ကြက်ကင် တစ်ကောင် တော့ သူခိုင်းတဲ့ကုလားလေး ကို ပြေးဆွဲခိုင်း တော့တာပဲ။

တစ်ခါ သူ ကျွန်တော့်ကို စိတ်ဆိုးပြီး ၀မ်းနည်းစကားပြောလိုက်တာလေ။ အဲသည်တုန်းက ကျွန်တော် ကလည်း စာရေးဆရာဖြစ်စ ဘိုင်ကျကျမို့ ‘သူငယ်ချင်းရယ် ငွေတစ်ရာလောက်ချေးပါ’ ပြောမိတာနဲ့၊ ဟင် ဖိုးကြင်ဆွေ… ကိုယ့်ကို ဟိုတုန်းကလို မချစ်တော့လို့ (ချေးပါ) ဆိုတဲ့စကား ပြောတာလား ကွယ်၊ တို့ ငယ်ငယ်တုန်းက တစ်ယောက်အိတ်ထဲက ပိုက်ဆံ တစ်ယောက်မပြောဘဲနဲ့ နှိုက်သုံးနေကြတာပဲ။ ကဲ.. အခု တစ်ရာ မဟုတ်ဘူး၊ ဟောဒီမှာ လိုချင်သလောက် ယူသွားစမ်း“ သူ့ငွေထားတဲ့ စားပွဲကြီး ဆွဲဖွင့် ပေးတယ်။
သို့သော် သင်္ခါရတရားသည် လောကကို ကလူကျီစယ်ပြု၏။ သုံးလေးနှစ် ကြားသော်အခါ ဖိုးတင်ဆွေ၏။ ကုန်တိုက်ကြီး ပြုတ်စကီးပြသွား၏။

သူ၏ပါတနာက နွှာသွားလို့ ဆိုလားပဲ။ သူ့ စတူဒီဘေကာ ကားသည် ဂျစ်ကားဖြစ်သွား၏။ နောက် ဂျစ်ကား က မော်တော်ဆိုင်ကယ်ဖြစ်သွားပြန်၏။ အဲသည်အချိန်မှာ သူက ကန်ထရိုက်တာလုပ် သတဲ့။ အသက်အာမခံ ကိုယ်စားလှယ်လုပ်သတဲ့။ အဲ,နောက်တော့ ရန်ကုန်မြို့ပေါ်မှာ အခြေမစိုက် နိုင်တော့ဘူး။ သူ့ဇာတိ ဌာန ပန်းတောင်းမြေပြန်ပြီး ဘီအိုစီဓာတ်ဆီ ကိုယ်စားလှယ် လုပ်သတဲ့။ ကန်တူးငါးမွေးသတဲ့။ ဥစားကြက် တွေ မွေးသတဲ့။ သူ့မှာ ငွေကြေးတော့ဆင်းရဲ မသွားပါဘူး။ မကြာခဏ ရန်ကုန်ကို အသက် အာမခံ ပရီမီယံ ကြေးငွေတွေသွင်းရန်လည်းကောင်း၊ ဘီအိုစီက ဓာတ်ဆီဖိုးငွေ ပေးသွင်းရန်လည်းကောင်း ရောက် ရောက်လာ၏။ ရောက်လေတိုင်း ကျွန်တော့်အိမ် ကိုလာ၏။

သို့သော် ကျွန်တော့်သူငယ်ချင်းမှာ အသက်ကြီးလေ ထူးခြားလာလေ ဖြစ်လာတာက စကားအလွန် များခြင်း နှင့် သတိမေ့တတ်လာခြင်းပဲ။ တစ်ခါတစ်ရံ သူရန်ကုန်ကို ငွေသွင်းရအောင် လာရင်းနဲ့ ငွေထုပ် မေ့ကျန်ခဲ့လို့ ပန်းတောင်းတစ်ခေါက် ပြန်ရခြင်းတွေလည်း ရှိရဲ့။
သူ မေ့တတ်ပုံကို ကျွန်တော်သတိရတာက (၁၉၅၀) ခုနှစ်လောက်ကပဲ။ အဲသည်တုန်းက သူတို့အိမ် ထောင်စု နေတာ ရန်ကုန်ဘိုကလေးဈေးလမ်းမှာ။ တစ်နေ့သူ့အိမ်မှာ ကျွန်တော် သူနဲ့အတူ ထမင် စားတယ်၊ ငါးဟင်းနဲ့။ သူဟာ ငါးကိုအင်မတန်ကြိုက်တဲ့သူ။

ထမင်းစားပြီးတော့ သူ့မိန်းမကို ဘာပြောသလဲဆိုရင်….
"ဟေ…နက်ဖြန်ခါလဲ ငါးဟင်းချက်ပါဦးကွ"..တဲ့။
သည်တော့ သူ့မိန်းမက….
"တော်…ထမင်းစားပြီးတိုင်း ထမင်းစားပြီးတိုင်း ဒီစကားပြောတာ အကြိမ်ပေါင်း မရေတွက်နိုင် တော့ဘူး"
သည်တော့ သူက "ဟေ…ဟုတ်ရဲ့လားကွ" တဲ့။
တစ်ခါက လည်း ၁၉၇၀ခုနှစ်လောက်က ထင်ပါရဲ့ သူ ကျွန်တော့် အိမ် ရေးကြီးသုတ်ပျာ ရောက်လာပြီး တွေ့တွေ့ခိင်း မေးလိုက်တာက..... ဟေ့ ဖိုးကြင်ဆွေ ကိုယ့် သား မောင်တုတ်ကြီး နာမည် ဘယ်သူလဲကွ တဲ့ ....
ကဲ….မိတ်ဆွေ စဉ်းစားကြည့်ပါ။
သည်မေးခွန်းကို ကျွန်တော်ဘယ်လို ဖြေရမလဲ။

"ဟေ…ကိုရင့်သား မောင်တုတ်ကြီးဟာ မောင်တုတ်ကြီးပဲပေါ့"
သည်တော့ သူကညည်း ညည်း ညူညူ….
"မဟုတ်ဘူးကွ၊ အဲဒါက တို့အိမ်မှာ ခေါ်တဲ့နာမည်၊ သူ့ကျောင်းမှာ ခေါ်တာက နာမည်တစ်မျိုး"
"ကိုရင့်သားက ဘယ်ကျောင်းမှာ နေလို့လဲ"
"ဟောဒီ ရန်ကုန်က ဆေးကျောင်းအမှတ်တစ်မှာ၊ အဲဒါကိုယ်သူ့ကို ၀င်တွေ့မလို့ကွ၊ အဲ… သူ့ ကျောင်းနာမည် မေ့နေတော့ ဘယ်သူ့ကို ဘယ်လိုမေးရမလဲ မသိတော့ဘူး၊ အဲဒါ ကိုရင်များ သူ့နာမည် သိမလားလို့"
"နေစမ်းပါဦး၊ ကိုရင့်သားနာမည် ကျုပ်သိရအောင် ကျုပ်ကရန်ကုန်မှာနေတယ်၊ ကိုရင်တို့ အိမ်ထောင်စုက ပန်းတောင်းမှာ နေတယ်၊ ကိုရင့်သားကို ကျုပ်အိမ်ခေါ်ခဲ့ဖူးသလား၊ ကျုပ်တွေ့ဖူး သလား"
သည်တော့မှ သူက….

"အေး…ဟုတ်တယ် ဖိုးကြင်ဆွေမှ သူ့ကို မတွေ့ဖူးတာဘဲ"
"ကဲ…ဒီတော့ ဖိုးတင်ဆွေ၊ ကိုရင့်သားကို မြင်တော့ မှတ်မိမယ်မဟုတ်လား"
"ဟာ..ဒါတော့ ကိုယ့်သားအရင်းကြီးပဲကွာ"
"ကဲ..ဒီတော့ ကျောင်းအဆင်းမှာ ကျောင်းပေါက်ဝက စောင့်ကြည့်နေ၊ မြင်တာနဲ့ ဘာနာမည်မှ ခေါ်မနေနဲ့တော့၊ လက်သာ အတင်းလိုက်ဆွဲပေတော့၊ ကဲ…သွားသွား…လေးနာရီထိုးတော့မယ်"
သူထိုင်ရာမှ ထပြီး အိမ်ပေါ်ထပ် မော့်ကြည့်ရင်း"မေကော…မေ၊ ဒေါ်မေ ဘာဟင်းချက်လဲ၊ ငါးဟင်း ချက်စမ်းပါ" အော်ပြောနေပြန်၏။
အိမ်ပေါ်မှာ ဘာသံမျှ မကြား၍ ကျွန်တော်က…

"မေ မရှိဘူးထင်တယ်"၊ အိမ်ပေါ်တက်ပြီး လေပန်း၍ သူ့သားသူမေ့သွားမှာစိုးသဖြင့် " ကဲ..သွား၊ ကျောင်းဆင်းခါနီးနေပြီ"
အမှန်တော့ မေအိမ်ပေါ်မှာရှိ၏။ သူ့အားလန့်နေ၍ အသံမပြုဘဲ နေခြင်းဖြစ်၏။
တစ်ခါက သူလုပ်သွားပုံလည်း ကြည့်ဦးလေ။
မေနဲ့ ကျွန်တော်ညားစက (၆၀၀)ကျပ်နဲ့ ၀ယ်ထားတဲ့ ဖိလစ်ရေဒီယိုကလေးပါ။ ဆယ်နှစ်ကျော် ကြာတော့ ဒါလေးက ပျက်လိုက်ပြင်လိုက်ဖြစ်နေတယ်။
တစ်ခါ သူကျွန်တော့်အိမ်ရောက်လာတော့ သည်ရေဒီယိုလေးက ပျက်နေတယ်။

အဲသည်အချိန်မှာ အသက်အာမခံလုပ်ငန်းရော၊ ဘီအိုစီကုမ္ပဏီရော ပြည်သူပိုင်သိမ်းပြီး ဖိုးတင်ဆွေ မှာ ဥစားကြက်နဲ့ ငါးမွေးမြူရေး ပဲ ကျန်တော့သူ ပန်းတောင်းမှာ ရေဒီယိုပြင်ဆရာ လုပ်နေသတဲ့။
ဒါနဲ့ ကျွန်တော်တို့ ရေဒီယိုလေးပြင်ပေးမယ်ဆိုပြီး ယူသွားပါရောဗျာ။
တော်တော်နဲ့ မလာဘူး။
တစ်နှစ်လောက်ကြာမှ သူပေါက်လာတယ်။
ရေဒီယိုပါမလာဘူး။

ကျွန်တော်တို့က မေးတော့မှ သူ့နဖူး သူလက်ဝါးနဲ့ ဖြန်းခနဲရိုက်လိုက်ပြီး… "ဟိုက် ..ဟုတ်ပြီ.. ဟုတ်ပြီ"… တဲ့။
"ဘာဟုတ်တာလဲ ကိုယ့်လူရဲ့"
ကျွန်တော်က မေးတော့….
"ဖိလစ် ရေဒီယိုမဟုတ်လား၊ အငယ်စား လေ"
"ဟုတ်ပါသဗျာ"
"ဟာ….အဲဒါလေး ကိုယ်ပြင်ပြီးတော့  ဥစ္စာရှင်လာရွေးဖို့ မျှော်နေတာလေ၊ ဘယ်ကမှ မလာဘူး၊ အနီး ပတ်ဝန်းကျင် မေးလို့လဲ ဥစ္စာရှင် မပေါ်ဘူး၊ ဒါနဲ့ ခြောက်လကြာတော့ ဒါပိုင်ရှင်မဲ့ ပံ့သကူဆိုပြီး ဘုန်းကြီးကျောင်း လှူပစ်လိုက်တယ်ကွာ၊ ထူးပါဘူး… သာဓုသာခေါ်ပေတော့တဲ့"

ဆက်ရန်
.

3 comments:

စံပယ်ချို said...

"သွားစမ်း၊ ဘားလမ်း၊ စားစမ်း အကောင်းဆုံး မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ"
အလည်တန်းစတက်တဲ့အချိန်မှာ အဲဒီစာသားလေးကို
သိခဲ့ရပြီးသော်တာဆွေ ဆိုတဲ့ ဆရာကြီးရဲ့ဝထ္ထုတွေကိုပါကြိုက်ခဲ့ပါတယ်
ဆက်ရန်လေးကိုလဲစောင့်နေပါတယ်အမရွှေစင်ရေ

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ် ရသ မြောက်တဲ့ စာလေးတွေ တင်ပေးလို့ ကျေးဇူးပါမမရေ..ဖတ်ရင်းပြုံး ပြုံးရင်းဖတ်နဲ့...:):) စောင့်မျှော်လျှက်ပါမမရေ..

Anonymous said...

ဆရာကြီးက စာရေးကောင်းသလောက် ရေးစရာဘ၀အတွေ့အကြုံလဲ စုံတယ်။ သူတို့စီးပွားတက်တုန်းက ဆရာကြီးကို အရက်တိုက်ခဲ့၊ ဟိုတယ်တွေမှာကျွေးခဲ့မွေးခဲ့တဲ့၊ ကူညီခဲ့တဲ့ အပေါင်းအသင်းသူဌေးတွေ စီးပွားပျက်တာတွေကို ပြန်ပြန်ရေးပြတာ သံဝဂရစ၇ာပဲ။

အရက်ကြောင့်လား ဘာကြောင့်လဲ မပြောတတ်ဘူး အဲဒီလိုဒကာခံကျွေးနေတဲ့ သူဌေးတွေ စီးပွားပျက်တော့ အရင်က ၀ိုင်းဝိုင်းလည် တ၇ုန်း၇ုန်း သောက်စားနေတဲ့လူတွေ ပျောက်ကုန်တာပဲ။ တစ်ပြန်တစ်လှည့် ကူညီဖို့ဝေးလို့ မကောင်းတောင် ပြောလိုက်ကြသေးတယ်။ အ၇က်သမားထုံးစံလို့ ပြော၇င် ရိုင်းသွားမလား မသိဘူးဗျာ.။