Friday, January 27, 2012

သော်တာဆွေ ၏ ငွေကိုလေလို သုံးသူ အပိုင်း (၁)

ငွေကိုလေလိုသုံးသူ

ကိုယ် လဲ သူမပိုင်
သူ့ကို လဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့် ကိုယ် ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တ အစစ်။

(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)
ဤကား အသုဘတွင်ကမ်းသော ယပ်တောင် တစ်မျက်နှာမှ ဖြစ်၍ အခြားတစ်မျက်နှာကား

ကွယ်လွန်သူ အသက်(၄၁)နှစ်ရှိ
ဦးမြမောင် (မိုးကုတ်မြို့) ကောင်းမှု။

(၁၉၆၈)ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ကွယ်လွန်၍ (၂၄)ရက်နေ့တွင် ကြံတော့သုသာန်၌ သင်္ဂြိုဟ် ဂူသွင်း ထားသည်။
    ကျွန်တော်နှင့်သောက်ဖော်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်ဖြစ်သည်။ သူ့အကြောင်းက ရေးချင်စရာ ကောင်းလှသည်။ ကျွန်တော် ရေးချင်နေတာ ကြာပြီ။ သို့သော် သူက ရှက်တတ်သူဖြစ်သည်။ သူ့ကို လူ သိမှာ အင်မတန်စိုးသည်။ ကျော်စောကိတ္တိမ ကို မမက်မောသည့်ပြင် စက်ဆုပ်သူဖြစ်သည်။
သာဓက တစ်ခုပြပါမည်။

    ကျွန်တော်(၇)မိုင်ရွာတန်းရှည် ရွာကလေးတွင် နေစဉ် တစ်နေ့သ၌မြို့ထဲမှ ကျွန်တော့်ကို သူ့ကားနှင့် လိုက်ပို့ရာ ရွာထိတ်တွင် အမိုးသာရှိ၍ အကာဗလာနတ္ထိနေသော အဆောက်အအုံ လေးတစ်ခု ကိုမြင်သော်…..
    “ကိုဆွေ ဒါဘာလဲဗျ။ အထဲ ထိုင်ခုံလေးတွေကြည့်ရတော့ စာသင်ကျောင်းထင်တာပဲ"
    "မှန်ပါသဗျာ… ကျွန်တော်တို့ မဟာရွာတန်းရှည်က မဟာမူလတန်းကျောင်းအစစ်ပါပဲ"
    ကျွန်တော် သူနှင့်တွေ့ပြီဆိုလျှင် ကျွန်တော့်ဗိုက်ထဲမှာ ကမ္ဘာတွင် အကောင်းစား ဝီစကီများ အောင်းနေပြီ ဖြစ်၍ အာဝဇ္ဇန်းရွှင်နေပြီ။

    "နို့.. အကာလဲ မရှိပါလား"
    "အကာ မရှိဆို ကမ္ဘာက အသိပါပဲဗျာ၊ ဟောဒီ ရွာတန်းရှည်သားဖွတ်ကြားတွေ ငွေစုတုန်းပါဗျ"
    "ဒါဖြင့် ခင်ဗျားအိမ် ရောက်တဲ့အခါ မှာ အဲဒီကျောင်းကို ကမကထလုပ်ကြတဲ့ လူကြီးတွေ ခေါ်ပေးစမ်း ပါ"
    သို့ဖြင့် အိမ်ရောက်သောအခါ၌ ကျွန်တော့်သားများအား မည်သူမည်ဝါ တွေ ခေါ်ချေစမ်း ဟု လွှတ် လိုက်၏။

    မကြာမီ အရပ်လူကြီးများလျှောက်လာကြသည်။ မြင်းကွင်းကား လူကြီးများအဖို့ မတင့် တယ်လှပေ။ ကမောက်ကမ လည်း နိုင်ပေသည်။ တစ်လ အစိတ်ပေးရသော ကျွန်တော့် အိမ် သုံးပင်နှစ်ခန်း ခနော်နီ ခနော်နဲ့ အိမ်ကလေး ရှေ့တွင် အိမ်ထက်ရှည်သော ချက်ပလက် ဘဲလ်အဲယားကားကြီး ရပ်လျက်။ ကျွန်တော် နှင့် ကိုမြမောင် က အလွန်ကျဉ်းသော အိမ်ဦးခန်း လေး မှာ ပုလင်းထောင်နေကြသည်။
    ကျွန်တော် တို့နှစ်ယောက်သည် ပထမ၌ဟိုတယ်မှာ စားသောက်နေကြရာမှ စိတ်ကူး တစ်မျိုးရကာ ဝီစကီ၊ ဆိုဒါ၊ ရေခဲနှင့် စားသောက်စရာများကို ပန်းကန်ခွက်ယောက်နှင့် တကွ ကားပေါ်တင်စေပြီး ကျွန်တော့်အိမ် သို့လာခဲ့ခြင်းဖြစ်ပါသည်။ အဖြစ်က စကားစပ်မိ သဖြင့် ကျွန်တော့်အိမ်တွင် ငါးရှဥ့် ဟင်းချက်သည် ပြော၍ သူ ထိုဟင်းစားချင်သည်ဆိုပြီး မှာပြီးသား တွေလည်း ကျွန်တော့်အိမ်သားတွေ စား ပစေတော့ ဟု ယူဆောင်ခဲ့ခြင်းဖြစ်သည်။

    ဆိုဒါပုလင်းခွံများနှင့် ပန်းကန်ခွက်ယောက်တို့လည်း ဘယ်တော့မှ ဟိုတယ်ပြန်ရောက် သည် မရှိ။ နောက်မှ သူတို့ထုံစံအတိုင်း ကျသမျှရှင်း၏။ ကျွန်တော့်ဇနီးချက်သော ငါးရှဥ့်သား ဖားသားတို့ကို ခံတွင်း တွေ့ သူဖြစ်သည်။
    ရောက်လာကြသော အရပ်လူကြီးသုံးယောက်သည် ဟိုတယ်မှ စားသောက်စရာတွေ ဗရပွနှင့် ပုလင်းထောင် နေကြသော ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍ သူတို့အား ဘာကိစ္စ ခေါ်သလဲဟု မစဉ်းစား တတ်အောင် ဖြစ်နေပုံပေါ်နေသည်။ သူ့တိုအား အတူတကွ စား သောက်ရအောင် ခေါ်ရန် ကလည်း သူတို့သည် အရက်သောက်တတ်ကြသူများ မဟုတ် ကြောင်း ကျွန်တော်က သိပြီး ဖြစ်နေ ပါသည်။

    ထို့ကြောင့် ကျွန်တော်ကစ၍
    "ခင်ဗျား တို့ကို အရက်သောက်ရအောင် ခေါ်တာမဟုတ်ပါဘူးဗျာ။ စောဒီ ကျွန်တော့်မိတ်ဆွက စုံထောက် ဗျ၊ ဒီရွာထိပ်က ခင်ဗျားတိုက စာသင်ကျောင်းလေးအတွက် မေးချင်လို့တဲ့ဗျ"
    ထိုအခါ ကိုမြမောင် က
    "ခင်ဗျား တို့ဒီကျောင်းလေးကာဖို့ အလှူငွေ ကောက်နေတယ်လို့ ကြားတယ်။ ဘယ်လောက်ရပြီလဲ"
    တစ်ယောက်သော လူကြီး က တုံ့နှေးနှေးဖြင့်..
    "ဖြစ်ဖြစ် မြောက်မြောက် မရသေးပါဘူးဗျာ၊ တချို့က ပါးစပ်ထည့် စာရင်း ပဲ ရှိကြပါသေးတယ်"

    ကိုမြမောင်က…
    "ကဲ.. ဒါဖြင့် စုစုပေါင်း ဘယ်လောက်ရရင် ဖြစ်မလဲ"
    လူကြီးများ သည် ဘာအဓိပ္ပါယ်လဲဟု နားမလည်သေးဘဲ တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြပြီး
    နောက်ဆုံး မှ တစ်ယောက် က အရဲစွန်သော ပုံသဏ္ဍာန်ဖြင့်..
    "ခုနစ်ရာကျပ် ဆိုရပါတယ်ဗျာ. "
    ထိုအခါ ကိုမြမောင်သည် သူ့အိတ်ထဲမှ ငွေစက္ကူအုပ်ကိုထုတ်၍ ရာတန်ခုနစ်ရွက် ကို ဆတ်ခနဲ ဆွဲထုတ် ပေးလေ တော့ရာ လူကြီးများမှ ရုတ်တရက် အံ့အားသင့်နေကြ၍ ကျွန်တော် က
    "ယူလေဗျာ.. ခင်ဗျားတို့ ငွေ(၇၀၀)ကျပ် လိုချင်တယ်ဆိုလို့ ပေးတဲ့ဟာပဲ"

    သည်တော့ တစ်ယောက်က လက်ခပ်တုန်တုန်ဖြင့် ယူပြီး နှုတ်သွက်သူ လူလည် တစ်ယောက်က ပြူးပြူး ပျာပျာဖြင့်
    "သူဌေး နာမည် အမိန့်ရှိပါခင်ဗျာ၊ သူဌေးမင်းကောင်းမှု အနုမောဒနာခေါ်ကြဖို့ ကျွန်တော်တို့ အသင်း ကနေပြီး သတင်းစာထဲ ထည့်ပေးပါ့မယ် ခင်ဗျာ"
    ယင်း၌ ကိုမြမောင်က လက်ခါ၍
    "ကဲ သွားကြ သွားကြ ခင်ဗျားတို့လိုချင်တာ ကျွန်တော် ပေးပြီးပြီ၊ ဒီကိစ္စကို သတင်းစာ ထဲ ထည့်စရာ လဲ မလိုဘူး၊ ကျွန်တော်နာမည်လဲ မသိချင်ကြပါနဲ့ သော်တာဆွေ သူငယ်ချင်း အရက်သမား တေစ်ယောက် လို့ပဲ ယူဆကြပါ။ ကဲ ကြွကြလေဗျာ၊ ဒီပွဲမှာက လူကြီးမင်းတို့နဲ့ မလျော်ပါဘူး၊ ကျွန်တော် တို့က အရက်သောက်နေကြတာဗျ"
    လူကြိးသုံးယောက် မှာ အံ့သြစွာနှင့် ပြန်သွားကြကုန်သည်။

    နောက်တစ်နေ့၌ ကျွန်တော့်ဆီလာ၍ အကျိုးအကြောင်း ကို မေးပြီး ရွှန်းပသော မျက်နှာတို့ဖြင့်…
    "ဟာ ဒီလိုဆို ဦးသော်တာ က စောစောက ကြိုပြောထားရောပေါ့ ဗျာ"ဟု အားမလိုအားမရ ပြော သဖြင့် ကျွန်တော့်မှာ လူတို့၏ သဘောကို တွေး၍ အားရပါးရ ရယ်မောလိုက်ရပါ၏။
    ကျွန်တော် က ဤအကြောင်း ကိုမြမောင်အားပြန်ပြောပြတော့ သူ တကယ်ပဲ မနှစ်သက်ချေ။ မျက်နှာ ရှုံ့လျက်…
    "ခင်ဗျားကြီး တော်စမ်းပါဗျာ၊ ဒါလေး တစ်ဆိတ် ကို တအိတ်ကြီးလုပ်မနေစမ်းပါနဲ့"ဟု  ကျွန်တော့်ကို ငေါက် ပါသည်။ သူ့အကြောင်းရေး ဖို့သွားပြောကြည့်တော့ ခါးခါးသိးသီး ငြ်းပါသည်။
    "ကျွန်တော် အကောင်းရေးမှာပါဗျ"

    "အကောင်းရေးရေး မကောင်းရေးရေး ရေးရင်တော့ ခင်ဗျားနဲ့ ကျွန်တော် တစ်သက် အပြတ်ပဲ"
    ဟုတ်တယ်။ သူ တကယ်စိတ်ဆိုးမယ် ဆိုတာလည်း ကျွန်တော် ယုံပါသည်။ ဟော ယခု တော့ သူ စိတ်မဆိုး နိုင်ရှာတော့ပါ။
    ကျွန်တော် ရေးရပါတော့မည်။ ရေးသော် သူ့အတ္ထုပ္ပတ္တိကားမဟုတ်ပါချေ၊ သူအတ္ထုပ္ပတ္တိ ရေးနိုင် လောက်အောင်လည်း သူ့အကြောင်း ကျွန်တာ် အကုန် မသိပါချေ၊ သည်လို အတ္ထုပ္ပတ္တိမျိုးလည်း ကျွန်တော် မရေးလိုပါ။

    သူနှင့်ပေါင်းသင်းမိ၍ သူ့အကြောင်းကို သိသမျှထဲမှ သူလိုငွေကို သုံးဖြုန်းမကုန်နိုင်လောက်အောင် ကျိကျိတက် ချမ်းသာသူ တစ်ယောက် ၏ ဖြစ်ထွေကို ကျွန်တာ် ဆင်ခြင်သုံးသပ်မိသမျှ ဖော်ပြမည် ဖြစ်ပါသည်။
    ရန်ကုန် ပြည်လမ်း၊ မရမ်းကုန်းတရုတ်ဟိုတယ်ကြီးတစ်ခု၌ ထိုနေ့အဖို့ ကျွန်တော်တို့ ၏ အလျှံပယ် ညစာ စားပွဲကြီးကား ပြီးဆုံးပါပြီ။ အားလုံးပင် နောက်ထပ် မစားနိုင်သည် မသောက်နိုင်သည်အထိ ရောက်ကြ ချေပြီ။ မကုန်သေးသော ဟင်းမျိုးစုံတွေ ရှိနေသေးသော် လည်း လူတွေမှာ မတွယ်နိုင်တော့ပြီ။ အချို့ သွားကြားထိုးကြပြီ။ အချို့ ခေါင်းငိုင်စိုက်ကျနေပြီ။ အချို့ နှစ်ယောက်တစ်တွဲ လေပန်းနေကြပြီ။

    ဤကား  ကိုမြမောင်၏ ထမင်းပွဲထုံးစံပင်။
    ထိုနေ့က လူရှစ်ယောက် ည(၈)နာရီကျော်မတည်းက စတင်စားသောက်လိုက်ကြ၍ (၁၁)နာရီ ကျော်ကျော်၌ ပြီးဆုံးသည်ဖြစ်ရာ ဝီစကီဘယ်နှစ်လုံး ဆော်ဒါဘယ်နှပုလင်း၊ ဟင်းဘယ်နှစ်မျိုး၊ အဖိုး ဘယ်လောက် ဆိုသည်ကို ဟိုင်တယ် တရုတ်များသာသိကြပေသည်။ ကိုမြမောင်သည် စာရင်းအင်းကို သေချာစွာ ကြည့်လေ့ မရှိပေ။ လူလည်းမူနေပြီ။ လက်မှတ်သာ ထိုးပစ်တတ်၏။ သူသည် စားသောက်ရန် အတွက် ကို ဘယ်တော့မှ အိတ်ထဲငွေဆောင်လေ့ မရှိ ပေ။ ရန်ကုန်တစ်မြို့လုံးရှိ သူသွားနေကျ ဟိုတယ် တို့မှာ လက်မှတ်သာ ထိုးလေ့ရှိသည်။ နောက်မှ သူ့ငွေကို ရှင်း၊ သို့မဟုတ် လာတောင်းလျှင်ပေး။

    ထိုညက တရုတ်က ဘီလ်လာပေး၍ သူ လက်မှတ်ထိုးသောအခါ ကျွန်တော်က…
    "ကိုမြမောင် ခင်ဗျား ငွေပါမလာဘူးလားဗျ"
    သူသည် မူးလျှင်ပြောတတ်သော ဆောင့်ဆောင့်အောင့်အောင့် အသံမျိုးဖြင့်…
    "ငွေ.. ဘာလုပ်ဖို့လဲဗျ။ ခင်ဗျား ခုဝအောင် စားသောက်ပြီးပြီပဲ မဟုတ်လား"
    "ကျွန်တော် အသုံးလိုလို့ဗျ"
    "ညကြီးမင်းကြီး ဘာသုံးဖို့လဲ"
    "ခုည သုံးဖို့ မဟုတ်ပါဘူး။ နက်ဖြန်မနက် ကို ကျွန်တော်ပေါင်းတည်ပြန်မလို့ဗျာ။ အဖေ မမာပြန်ဘူး။ စာ လာတယ်။ အဲဒါ ခု အိမ်မှာလဲ ငွေမရှိဘူး"
    "ကျွန်တော်အိတ်ထဲ ပါမလာဘူး၊ ဟိုတယ်လိုက်ယူလေ"
    သူသည် စထရင်းဟိုတယ်၌နေသည်။

    "ဘယ်လောက်လိုချင်လို့တုန်း"
    စင်စစ် ဆိုလျှင် ကျွန်တော်သည် သူ့ဆီမှ တစ်ထောင်ထက် လျောမတောင်းသင့်ချေ။ ခုတော့ ညကြီး မင်းကြီး ရုတ်တရက်ကြီးလည်းဖြစ်နေ၍
    "သုံးရာကျပ်လောက် တော်ပါပြီဗျာ"
    "အယ်.. ဒါဖြင့် ဟိုတယ်လိုက်မနေနဲ့တော့၊ ခင်ဗျား ပြန်ပို့နေရဦးမယ်" ဆိုပြီး ဆိုင်က တရုတ်အား ခေါ်၍ငွေသုံးရာ ကျပ်တောင်းပြီး အခုနစားသောက်စာရင်း ဘီလ်ထဲမှ ယူငွေ သုံးရာ ကျပ်ဟု လက်မှတ်ထိုး လိုက်၏။ ထိုမှပြန်လာသော အခါ ကျွန်တော့်အိမ်မှာ ပြည်လမ်း၊ ခြောက်မိုင်တွင် အတွင်းနည်းနည်းကလေး ဝင်ရသည် ဖြစ်သောကြောင့် ရောက်ခါနီး၌ ထိုည ကျွန်တော်သည် နက်ဖြန်ခရီးသွားစရာရှိသည်မို့ သိပ်ပြီး မူးအောင် သောက်မထားသဖြင့်..
    "ကိုမြမောင် ခင်ဗျား ကျွန်တော့်အိမ်ထိအောင် လိုက်မပို့နဲ့တော့် အထဲ ခင်းဗျားကားကြီးကွေ့ရလှည့်ရ ခက် သနဲ့။ ကျွန်တော် လမ်းထိပ်ကပဲ ဆင်းသွားမယ်"
သူက လက်မခံချေ၊

    "အောင်မယ် မလုပ်ပါနဲ့ဗျာ၊ အရင်ကလို ခင်းဗျားမိန်မ ကျွန်တော့် ပြောဆိုးထားပါဦး မယ်"
     တစ်ကြိမ်က သူ့အားကျွန်တော့်ဇနီးက ပြောစရာဖြစ်ခဲ့ဖူးသည်။
    တစ်ည ရန်ကုန်မြို့လယ်ကောင် ဟိုတယ်ကြီးတစ်ခုမှ အထွက်တွင် ကျွန်တော်တို့ တော်တော်မူး နေကြသည်။ အထူးသဖြင့် ကိုမြမောင် ပိုမူးနေသည်။ ထို့ကြောင့် ကိုမြမောင်အား ကားမမောင်းရန် ပြောကြ သည်။ ဤစကားသည် ကိုမြမောင်အဖို့ မခံနိုင်ဆုံး ကိစ္စတစ်ရပ်ဖြစ်ချေသည်။ သူ့အား မူးနေသည်။ မမောင်းပါနှင့် ဆိုခြင်းသည် သူ့ကို စော်ကားတာပဲဟု မူးစိတ်နှင့် ယူဆသည်။ ထို့ကြောင့် ဆိုလေ ကဲလေ၊ မန်းလေပြဲလေဖြစ်ကာ ကားပေါ်မြန်မြန်တက်၍
    "မလိုက်ဝံ့တဲ့ လူ နေကြ၊ လိုက်ဝံ့တဲ့သူ တက်"
    မည်သူမျှ မတက်ကြ။

    ကျွန်တော်တစ်ယောက်ပဲ သူ့ဘေးတွင် ဝင်၍ ယှဉ်ထိုင်လိုက်သည်။
    ကျွန်တော် လည်း ကားထွက်စတွင်သာ သတိရှိသည်။ လေအေးနှင့် တွေ့သောအခါ မေ့သွား လေသည်။ နောက်ပြန်သိသောအခါမှာ ရဲသားနှင့် အရပ်သားအချို့ ကျွန်တ်ာတို့ကို ဝိုင်းထားကြသည်။ ကးက ဓာတ်တိုင် ဦးခိုက်၍ ရက်နေသည်။ ကိုမြမောင်နှင့် ကျွန်တော်က ကားပေါ်မှာ အိပ်ပျော် နေကြသည်။

    ရဲသားက ကျွန်တ်ာတို့အားနှိုး၍ နာမည်များကို မေးသည်။ မိုးကုတ် မြမောင်နှင့် စာရေးဆရာ သော်တာဆွေမှန်း သိသောအခါ စီးနေသော ကာကြီးကြည့်၍ မည်သို့ဆက်ဆံရ မည်လဲ သိပေသည်။ အဖြစ်အပျက် ပြောပြသည်မျာ မျက်နှာချင်းဆိုင်လာသော ဂျစ်ကားတစ်စီး ကို ရှောင်လိုက်ရာ အရှောင် လွန် ၍ ပလက်ဖောင်းပေါ်ရောက်သွားပြီး ရပ်ထားသော ဆိုက်ကားတစ်စီကို တိုက်သည်။ ထို့နောက် ဓာတ်တိုင်ဦးခိုက်ပြီး ကားစက်ရပ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ အိပ်ပျော် နေကြသည်။ ဒါကို ဆိုက်ကားပိုင်ရှင်က လာတိုင်၍ သူလိုက်ခဲ့ရသည်။

    ထိုအခါ ကိုမြမောင်က…
    "ဆိုက်ကား ပျက်စီးသွားသလားဗျ"
    ဆိုက်ကားဆရာက
    "ဟာ ပျက်စီးပြီလားဗျ"
    "ခင်ဗျား ဆိုက်ကား ဘယ်လောက်တန်သလဲ"
    အနည်းငယ် စဉ်းစားနေပြီး "ခြောက်ရာထက် မအောက်ဘူးဗျ"
    "ကောင်းပြီ မနက်ဖြန် စထရင်းဟိုတယ် လာခဲ့ မိုးကုတ်မြမောင်လို့မေး၊ ခင်ဗျား ငွေခြောက်ရာလာယူ"

    သူ့ဆိုက်ကား ဘယ်လိုလဲ၊ ဘယ်လောက်ထိ ပျက်စီးသွားသလဲကို ကျွန်တော်ဘာမျှ မသိချေ။ ဆိုက်ကားရှင် ၏ စိတ်ထဲမှာကာ သူလိုသာ တစ်ညတစ်ခါ သည်ကားမျိုး အတိုက်ခံနေရလျှင် ဘယ် လောက် ကောင်းမည် လဲ တွက်ဆပေမည်။
    ထိုည၌ ကျွန်တော်တို့သည် ထိုရဲ၏အစောင့်အရှောက်နှင့်ပင် ထိုနေရာတွင် ကားပေါ်မှာ ပြန်လည် အိပ်ပျော်သွားကြသည်။ နံနက် မိုးစင်စင်လင်း မှ ကားကို မောင်းနိုင်၍ ကျွန်တော့်အိမ် ပြန်ရောက်ကြသည်။
    ထိုအခါ ကျွန်တော့်မိန်းမက ဆူပါလေတော့သည်။

ဆက်ရန်
.

1 comment:

Anonymous said...

ငါးလောင်းပြိုင်လူသတ်မှုမှာ သေဆုံးသွားတဲ့သူတွေက ဒီဝတုထဲက မိုးကုန်ဦးမြမောင်ရဲ့ အဆက်တွေလို့ ကြားကတည်းက ဒီဝတုကိုဖတ်ချင်နေတာ။ ကျေးဇူးပါအစ်မ။