"စောမြအေး သည် ရှေးယခင် လူအဖြစ်နှင့်ရောက်လာတိုင်းကပင် ဟော်တယ်အလယ် ခန်းမကြီး အတွင်းရှိ ပီယာနိုကြီး နှင့် မိမိက အင်္ဂလိပ်သီချင်း အမျိုးမျိုးတီးပေးတိုင်း၊ ထွန်းတင်နှင့်တကွ ဟော်တယ်ပေါ်ရှိ အခြားသော ဧည့်သည်များပါ၊ ၎င်းတို့လက်လှည့်သင့်ရာ၊ သင့်ရာ၊ တွဲ၍ ကကြ၊ ခုန်ကြ၊ သီချင်း တကျော်ကျော် ဟစ်အော်သီဆိုတတ်ကြပြီး။
တခါတရံလည်း ထွန်းတင်က ပီယာနိုးတီး၍ အင်္ဂလိပ်စိတ်ဝင်ပြီး ခေတ် အဆန်ကြီး ဆန်နေသော စောမြအေး က အခြားသော မိတ်ဆွေများနှင့် တွဲကတတ်လျက်၊ အများအားဖြင့်မူကား၊ သူတပါး တီးပေးသော အခါများတွင်၊ ထွန်းတင်နှင့် စောမြအေးတို့သာ တခါတည်း တွဲ၍ အမြဲလိုလို ကတတ်လေ့ ရှ်ိကြရာ၊ ယခုကဲ့သို့ လူ့ဘ၀မဟုတ်သောအခါမူကား၊ စောမြအေး ခမြာမှာ၊ ကချင်လျက် မကနိုင် ရှာတော့ပေ၊ သို့နှင့်ကား တခါတခါ၊ မစ္စတာဟဲရစ် တို့ သောက်စားနေကြသော အရက်စားပွဲအနီးတွင်၊ အူရွှင်ရွှင် နှင့် သူပါ ၀င်၍သောက်တတ်လျက်၊ ခပ်သွက်သွက်ကလေးမူးယစ်လာသောအခါ၊ ပီယာနိုကြီး ရှိရာ သို့ ရောက်သွားပြီး အဖုံးကြီးကိုလှန်လှောဘွင့်လှပ်ခါ၊ လူမမြင်ရသောလက်များနှင့်၊ လူ့ဘ၀တုန်း က ရ ထားသောအင်္ဂလိပ်သီချင်းများကို အားပါးတရတီးတတ်လေ၏။"
ယင်းသို့ စောမြအေးပီယာနို တီးလျှင်၊ ထွန်းတင် မှာ အခြားလူတွေသိပြီး အထိတ်တလန့် တအံ့ တသြကြီး ဖြစ်သွားမည်စိုးသောကြောင့်၊ ကပြာကရာ ပီယာနိုကြီးရှိရာသို့လိုက်လာပြီး၊ မိမိကိုယ် တိုင် တီးသည့် အနေမျိုးနှင့် လက်ကားကား၊ ခြေကားကား၊ လုပ်ခါလိုက်၍ ဖါရလေတော့သည်။ သို့ရာတွင် စောမြအေး မှာ ထိန်းမနိုင်အောင် မူးသံကလေးနှင့်။ ....
"ဟေ့ ကိုကိုတင် ဖယ်ပေးကွာ၊ အိုင့်ဘာသာတီးနေတာ လာမရှုပ်နဲ့"ဟု ဖယ်ထုတ်တတ်လျက်။...
"မဟုတ်ဘူး ဒါလင်ရဲ့၊ လူတွေရိပ်မိကုန်ရင် မကောင်းဘူး၊ ကိုကိုတင် တို့ကို နှင်ချလိမ့်မယ်"ဟု ပြောသည့် တိုင်အောင်....
"အို လူသိကော ဘာအရေးစိုက်စရာရှိလဲမင်၊ ကိုယ်ထင်တာကိုယ်လုပ်မှာပေါ့"ဟု ဆိုကာ၊ ပီယာနို ကိုသာ သွက်သွက် ပါအောင် တီးနေလေတော့သည်။ ထွန်းတင်ကား လက်ကားကားနှင့် ဟန်ဆောင်ကာ ဖါ နေရလေ၏။ သို့သော်မူးလွန်း၍ ပျော်လွန်းနေသော စောမြအေးမှာ၊ ထွန်းတင် ကိုတမင်တကာ၊ ကျီစား ဂျောက်ချ နေဘိအလား၊ ထွန်းတင်လက်လှုပ်ရှားနေတုန်း၊ မိမိကအတီးရပ် ထားလျက်၊ ထွန်းတင် အတီးရပ်ထားသောအခါများတွင် ရုတ်တရက် အလန့်တကြားဆူညံသွား အောင်တီးပစ်လိုက်သောအခါ၊ ထွန်းတင် ပါ လန့်ပြီးကပြာကသီကြီး ဟန်မပျက်လိုက်တီးရလေ တော့သည်။
ယင်းသို့အခါများစွာ အတိုင်အဖောက်မညီ ဖြစ်နေတတ်ရာတွင်၊ ကခုန်နေကြသူများမှာ တခန်း လုံးအမူးအရူး တွေသာဖြစ်၍ မည်သူမျှသတိမထားမိကြသေးစေကာမူ၊ ဘွိုင်ကုလား အချို့မူကား။ မဲနက်သော အသားပေါ်တွင်၊ ပေါ်လွင်ထင်းရှားနေသော မျက်လုံး ဖြူဖြူကြီးများကို ပိုကျယ် သွားအောင် ပီယာနိုကို၊ တအားပြူး၍ကြည့်မိကြပြီး၊ ၀ိဝါဒမကွဲသော မျက်နှာကြီးတွေနှင့် ထုံပေပေ လုပ်၍နေမိ ကြလေသည်။
အစိမ်းမကလေး စောမြအေးသည်။ ထူးပေဆန်းပေသည် ၊ မူးရင်ရမ်းတတ်သည် ဆိုသော စကား အတိုင်း များများသောက်၍ များများမူး လာသောအခါ။ အပျော်ကြီး ပျော်လာပြီး။ အရမ်းကြီး ရမ်း တတ် လေ တော့သည်။ အမူးကြီးမူးလာသောအခါ၊ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့မှာ၊ စောမြအေး ကို ထိန်းမနိုင်အောင် ဖြစ်လာလေသည်။ ထွန်းတင်က မလုပ်ပါနှင့်ဆိုလျှင် တိုးလုပ်သည်၊ တိုး၍ ကျီစားသန် တော့သည်၊ ထွန်းတင်မှာ ချစ်သူကလေးအား မဆိုရက်ရှာပေ၊ သူလုပ်သ၍ကိုသာ လူတွေ မထိပ်မလန့်အောင် အမြဲတန်းလိုက်၍ ဖါထေးနေရရှာတော့သည်။
စောမြအေးသည် ခပ်များ များမူးလာသောအခါ၊ မစ္စတာဟဲရစ်ကြီးကိုလည်း ချမ်းသာမပေး၊ ကလေး ကစားသော ကော်ရုပ် ကြီးပမာ၊ သူလုပ်ချင်ရာလုပ်သွားတတ်၏ လူသူလေးပါးရှေ့မှာပင်၊ လူမမြင်ရသော လက်များ နှင့် ဟဲရစ်ဆောင်းထားသော ဦးထုပ်ကို ပုတ်ချချင် ချပစ်၍၊ သောက်နေသော စီးကရက်ကိုလည်း၊ ရုတ်တရက်ဆွဲလျုင် လုသွားတတ်ခါ တခါ တခါလည်း ဟော်တယ်အသောက်ခန်းတွင်း ရှိသော အပြင်ဧည့်သယ်များကိုပင်၊ သွားရောက် နောက်ပြောင် ရန်တိုက်ပေးခြင်းဖြင့်၊ တဦးနှင့်တဦး အထင် မှားပြီး၊ စကားကတောက်တဆများလျှင် တနေရာမှ အသံကျယ်ကျယ်နှင့် အားရပါးရရယ်ပစ် တတ် လေသည်။
ထွန်းတင်နှင့် ဟဲရစ်တို့မှာ၊ စောမြအေးမကြာမကြာမူး၍ ရမ်းလာသောအခါ၊ နောက်ဆုံးကြံရာမရ တော့သည် နှင့် အရက်ကိုလျော့၍သောက်ကြတော့သည်။ ခါတိုင်းတပုလင်းလုံးစားပွဲပေါ် ထောင်၍ သောက် သော်လည်း။ ယခုကား သောက်ချင်မှတခါသောက်၊ တခါသောက် မှာ၍သောက် ကြတော့ လျက်၊ စောမြအေး က သူ့အတွက်တောင်းသည် တိုင်အောင်လည်း တနည်းနည်းနှင့် လှည့်ပတ် ချော့မော ထားရ လေတော့သည်။
သို့သော် ဂဇော်သမား သူရဲ ဘိုးဘွားကြီးကဲ့သို့သော စောမြအေးမှာ၊ ခေတ်သစ်အင်္ဂလိပ်စိတ် ၀င်နေသော အစိမ်းမကလေး ဖြစ်လေရာ၊ ထွန်းတင်တို့ထံမှတောင်း၍ မရလျှင်၊ အခြားသော အရက်စားပွဲတို့မှာ ခွက်လှဲ၍ကြိတ် လေတော့၏။
တခါလည်း ဟော်တယ်အပြင်ခန်းတွင်၊ အင်္ဂလိပ်ယစ်ထုတ်ကြီး တယောက်၊ အရက်ကိုပုလင်း လိုက်ထောင် သောက် နေစဉ်၊ စောမြအေးမှာ လူမမြင်ရဘဲနှင့် ပုလင်းလိုက် ကောက်မော့လိုက် သောကြောင့်၊ ယစ်ထုတ်ကြီး မှာ ထိတ်လန့်တကြား၊ ငယ်သံများပါအောင် အော်ပြေးလေ တော့သည်။
တခါတည်း အရက်ဘီရိုအနီးတွင်၊ အရက်ပုလင်းတခုလေထဲမှ ပျံသန်းသွားပြီး၊ ဖလ်ခွက်ထဲသို့ အလိုလို ငှဲ့သွား နေသည်ကို တွေ့ရသောကြောင့်၊ အလုပ်သများဘွိုင်ကုလားတွေမှာ၊ ၀ူးဝါး- ၀ူးဝါးနှင့်၊ အထိတ်တလန့်ပြေးလွှားနေကြလေတော့သည်။ တခါတခါမူကား၊ လက်ရာ ခြေရာ မထင် ယဉ်ယဉ် ကျေးကျေး နှင့်၊ ခပ်အေးအေးနေလေ၏။ သော့ခတ်ထားသော မှန်ဘီရိုတွင်၊ အလှခင်းကျင်း ထားသော အရက်ပုလင်း အချို့မှာ ဘူးဆို့ကွာပြီး ပုလင်းလွတ်ချည်း ကျန်နေသည်ကို တွေ့ရသ ဖြင့်၊ ဟော်တယ် မန်နေဂျာမှာ၊ မကြာခဏဆူပူကြိမ်းမောင်းနေလေ တော့သည်။
မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့မှာ၊ စောမြအေးလက်ရာမှန်း ကောင်းစွာသိ၍၊ တယောက်မျက်နှာ တယောက် ကြည့်ပြီး။ ကဲ- ဘယ့်နှယ်ရှိစဟု အချင်းချင်းအချက်ပြကြသည်။ ငါမနိုင် မ သ္မီးကလေး ပမာ၊ စောမြအေး ရမ်းကားနေတာတွေကို ဆိုရမည်လည်းအခက်၊ စိတ်ကွက် မည်လည်း မဖြစ်နိုင်၊ ချော့တလည့် မော့တလှည့် နှင့်သာ ဖျောင်းဖျရရှာကြတော့၏။
မမူးသောအခါ၊ ချော့ချော့မော့မော့အကျိုး အကြောင်းပြောလျှင်၊ ကောင်းပါ ပြီဟု ၀န်ခံခါ၊ နောက်တခါ မရမ်းပါဘူး ဟု ကတိပေးသော်လည်း။ အမူးကြီးမူးလာသောအခါမူကား၊ ထားပြီးသား ကတိကိုမေ့လျှက်၊ လက်သင့်ရာရာ လုပ်ချင်တာလုပ်သွားပြန်တော့သည်။ သူကခခြာ အစိမ်းအ၀ါ ဘ၀ရောက်နေရှာသဖြင့်၊ ချစ်သူနှင့်လွတ်လပ်စွာ နေရပါသည်ဆို စေကာမူ လူသားနှင့် အစိမ်း၊ အ၀ါး ဇာတ်နွယ်ခြားလျက်ရှိသောကြောင့် စိတ် သွားတိုင်း ကိုယ်မပါအမြင်သာ နီး၍ခရီးခြင်း အလှမ်းကွာနေရှာသဖြင့် မချင့်မရဲရှိတိုင်း ထင်ရာ စိတ်ရူးပေါက် သလောက် စိုင်းနေရာသည်ဟု၊ သိရှိ ရိပ်မိသောထွန်းတင်မှာ ချစ်သူကို သနားကြင်နာ ၍ မဆုံးနိုင်ရှာတော့ပေ။
သို့နှင့်ဟော်တယ်တွင်ရက်ပေါင်းအတန်ငယ်ကြာသောအခါ၊ ဘွိုင်ကုလားများ၊ အလုပ်သမားများ၊ မသင်္ကာမူ့ အတွက် နောက်ပိုင်းတွင် ပွက်စိပွက်စိ၊ ဖြစ်လာလျှင်၊ ဟော်တယ်မန်နေဂျာကပါ၊ ထိုကိစ္စ ကိုစုံစမ်းသမှု ပြု၍လာလေ၏။ သို့ရာတွင်- ထိုကိစ္စမျိုးမှာ ယုံတမ်းစကားပမာ၊ ဘလာသက်သက်ကြီး ဖြစ်ရကား မန်နေဂျာ မှာ ယုတ္တိမရှိနိုင်သော ဘွိုင်ကုလားများ၏ စကားကို နားမ၀င်နိုင်အောင် ရှိလေ သည်။
ဟဲရစ်နှင့်ထွန်းတင် တို့သည်၊ လူနှစ်ယောက်ထည်းဖြစ်ပါလျက်၊ အစား အစာကို သုံးယောက်တွက် အမြဲ မှာယူ စားသောက်ခြင်းကို၎င်း၊ မစ္စတာဟဲရစ်၏ဇနီးမစ္စစ်ဟဲရစ်အတွက်ဟုလည်း သူတို့ ရောက်ကတည်းက အခန်းသီးသန့်ငှါားထားခြင်း၎င်း အခန်းမှာမစ္စက်ဟဲရစ်ဆိုသူလည်း၊ ယနေ့အ ထိ မရောက်လာသေး ဘဲလျက်၊ နေ့စဉ်၊ နေ့စဉ်အခန်း၏ အခြေအနေပျက်နေ ကြောင်းများကို ထပ်မံ အစစ်ခံကြပြန်၏ သို့ကြောင့် တနေ့သောအခါတွင် မန်နေဂျာနှင့် စာရေးအချို့၊ ဘွိုင်ကုလားအချို့တို့သည် ထွန်းတင်နှင့် ဟဲရစ် ကို ညစာထမင်းစားနေကြသော အချိန်တွင် မှန်တံခါးကြား မှ ချေဖျားထောက်ခါ ချောင်းကြည့် နေကြတော့၏။
အခန်းထည်းတွင် ထွန်းတင် နှင့် ဟဲရစ်သည်၊ စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းစား တော့မည် ပြုနေကြသည် ကို တွေ့ရသည်။ စားပွဲ၏ အလယ်မှာလည်း ကုလားထိုင်အလွတ်တချပ် နှင့် ထမင်းတယောက်စာ အတွက် ပန်ကန်ပြားနှင့်ဇွန်းခရင်းများချထားလျက်၊ အရက်ဖလ်ခွက်မှာ လည်း သုံးခွက် ချထားသည်ကို တွေ့ရသဖြင့်၊ မန်နေဂျာနှင့် စာရေးများမှာ အတော်အ့အားသင့်မိ ကြလေ၏။
မစ္စတာဟဲရစ်သည် ဘွိုင်ကလားများ ညာစာပြင်ဆင်ပေးသွားပြီးနောက်၊ အခန်းတံခါးကို လုံခြုံစွာ ပိတ်လိုက်လျှက်၊ ထွန်းတင်ကိုခေါ်ကာ၊ ထမင်းစားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်စဉ်ကလည်း၊ အလယ်က ပြင်ထားသော ကုလားထိုင်မှာ လူကောင်ကိုမမြင်ရဘဲလျက်၊ လူတစုံတယောက်မှီ ထိုင်သလို၊ ဖင်ထိုင်ခုံ ဆိုဖါ မှာ အိကျသွားသည်ကို တွေ့မြင်ကြရပြီးနောက်၊ အစာမစားမှီအရက်ကို ရှေးဦးစွာ ခံတွင်း လိုက်အောင် သောက်ကြရာမှာလည်း လူမရှိသောနေရာမှ အရက်ဖလ်ခွက်မှာ အလိုလိုလေထဲသို့ မြှောက်ကြွ လာပြီ၊ လူတစုံတယောက်က မော့သောက်လိုသောကြောင့်၊ ဖလ် ခွက်တွင်းရှိ အရက်များ ထက်ဝက် ကျိုးကျသွားသည်ကို နောက်ထပ် တွေ့မြင်ရသောအခါ မန်နေဂျာ အစဘွိုင်ကုလားအဆုံး၊ မျက်လုံး တွေ ပြူးနကြလေပြီ၊
ထို့နောက်ထွန်းတင်တို့ က ညစာကို စတင် စားကြသောအခါလည်း အင်္ဂလိပ်ဒင်နာနည်းအတိုင်း စွပ်ပြုတ် နှင့် ပေါင်မုန့် ကို စတင်၍စားကြရာ ၌လူမရှိသောနေရာက စွပ်ပြုတ်ပန်းကန်နှင့် ဟင်းချိုသောက်ဇွန်း မှာလေထည်းတွင် နိမ့်ချည်မြင့် ချည်ဖြစ်နေသည်ကို တွေ့မြင်ရပြီး၊ ပန်းကန်ထည်းကစွပ်ပြုတ်တွေလည်း တဖြည်းဖြည်း လျော့ကျ သွားသည်ကို တွေ့မြင်ရလေ၏။ နောက်တဖန် ဆိုက်ဒစ် ကတ္တလစ်၊ အိစ်ဖရိုက်၊ စသောဟင်းပန်း ကန်များမှာလည်း လေထည်းတွင် ဇွန်းခရင်းဒါး တို့နှင့် တစုံတယောက်က ကော်ယူ စားနေသည် ကို တွေ့နေရ သောအခါမန်နေဂျာအမှုးရှိသာ သူများမှာ ကြက်သီးမွေးညှင်း တဖြင်းဖြင်းထတော့ မလောက်ကြောက်ရွံ့ထိပ်လန့်လာကြလျှက်၊ အမူအရာတွေ ပျက်ပြီးလျှင်၊ ချွေးသီး များ ပေါက် ပေါက်ကျ၍ လာကြလေ၏။
ဟဲရစ် နှင့် ထွန်းတင်တို့ကာ မိမိတို့ကိုလူများချောင်းကြည့်နေကြမှန်း မသိကြပေ၊ နောက်တကြိမ် ဆိတ်သား မာတင်ချော့ကို စားကြသောအလှည့်၌မူကား ထွန်းတင်သည် မာတင်ချော့မှ ဆိတ်ရိုးကို ကိုက်ရင်း မှန်ပြူတင်း-ဆီသို့ မျက်စိရောက်သွားမိသည်တွင် ရိပ်ခနဲတိမ်းသွားသော သူတဦး၏ ခေါင်းကို တွေ့မြင်လိုက် ရသောကြောင့်
ဟော- ဟိုမှာကိုယ်တို့ကို လာချောင်းကြည့်နေတယ် ထင်တယ်
ခု၊ ခပ်အုပ်အုပ်ပြောလိုက်သဖြင့် ဟဲရစ်ပါ ပြူတင်းပေါက်ဆီသို့ မသိမသာမျက်စိကိုစွေကာ ကြည့် လိုက် နေလေသည်။ ထိုခဏ၌ စောမြအေးဘက်ရှိလူမမြင်ရဘဲစားနေသော ပန်းကန်ထဲသို့ဇွန်းနှင့် ခရင်းများ ဂျောက်ခနဲပစ်ချလိုက်ပြီး၊ ကုလားထိုင်မှာလည်း တစုံတယောက်ထသွားသလို နောက်သို့ စွေ့ကနဲ ရွေ့သားသည်ကို တွေ့လိုက်ရကာ စားပွဲပေါ်တွင်ငြိမ်သက်တိတ်ဆိတ်သွားသဖြင့်၊ ထွန်းတင်နှင့် မစ္စတာဟဲရစ် မှာ အခြေမပျက် ညစာကိုဆက်လက်စားနေကြရလေ၏။
အကြည့်ခံရသူများ ရိပ်မိသွားသည်ကို အကဲမခပ်မိဘဲ မှန်ပြူတင်းမှသူ့ထက်ငါကဲပြီး၊ ချောင်းကြည့် နေကြသူများ အနက်တွင် ဘွိုင်ကုလားနှစ်ယောက်မှာ နောက်ဆုံးကဖြစ်နေလေသည်၊ သို့နှင့် နောက်ဆုံး ကုလားအား တစုံတယောက်ကနောက်ဆီမှ ဖင်ကိုဘတ်ခနဲကန်လိုက်ခြင်းခံရ၍ လှည့် အကြည့်တွင် ကုလားသည် ဘာမျှမမြင်ရဘဲနှင့် ဖြန်းခနဲကြက်သီးထပြီး ခေါင်းကြီးလာသောကြောင့် အသာအယာ ခြေဖျားထောက်ပြီး တစ်ယောက်ထည်း လစ်လေတော့သည်။
ဒုတိယကျန်ရစ်သောဘွိုင်ကုလားမှာလည်း ရှေးနည်း၎င်းပင်၊ မိမိဖင်ကိုလူမမြင်ရဘဲ၊ ဘတ်ခနဲအ ကန် ခံရသောကြောင့်၊ ကြက်သီးထကာကြောက်ကြောက်နှင့် တိတ်တဆိတ်လစ်ပြန်ရှာသည်။ ထို့ နောက်ဟော်တယ်စာရေးကပြား ကလေးနှစ်ဦးမှာလည်း ဘွိုင်ကုလားများနည်းတူ တဦးပြီး တသီးအနှံခံ အကန်ခံ ရသောကြောင့်၊ ကျောတချမ်းချမ်း ကြက်သီးတဖြန်းဖြန်းနှင့်ကိုယ့်အခန်းကိုယ် လစ်ကုန်လေရာ နောက်ဆုံး ဟော်တယ်မန်နေဂျာ တယောက်ထည်းသာ ကျန်ရစ်လေတော့သည်။
မန်နေဂျာကား "မကြည့်ချင်မြင်ချင်ရက်သား"ဆိုသလို ထူးဆန်းလှသော အဖြစ်တော်ပုံကို အာရုံ မျက်မြင်ဇော ကြီးစွာ နှင့် ကုန်းကုန်းကြီးကြည့်နေမိရာမှ မိမိဖင်ကိုတစုံတယောက်က နောက်မှ ဘတ်ခနဲ ပစ်ကန်လိုက်သည်ကို ခံရခြင်းကြောင့် စာရေးကလေးများနှင့် ဘွိုင်ကုလားတို့ကို ဆူပူ ကြိမ်းမောင်းရန် လှည့်ကြည့် လိုက်ရာတွင် မည်သူ့ကိုမျှမတွေ့မမြင်ရတော့ဘဲမိမိတဦး ထည်းရှိနေ သောောကာင့် မိမိအကန်ခံ ရခြင်းမှာ စိတ်ထင်လို့သာဖြစ်ရမည်ဟု သဘောရသဖြင့်၊ ဖင်ကြီးကို ကုန်းပြီး ချောင်းမြဲတိုင်း ချောင်းကြည့်နေပြန်ရာ၊ ဒုတိယမ္ပိအကြိမ်ခပ်စပ်စပ်ကလေးဘတ်ခနဲ အဆော် ခံရပြန်သည်တွင်ကာ၊ မန်နေဂျာမှာ ဒေါပွကာ ချာခနဲလှည့်အကြည့်တွင်- ခေါင်းမွေးစုတ်ဖွားနှင့် မဲမဲငုတ်တုန်ကောင်ကြီး တကောင် မှာ ရဲဖြဲဖြဲနှင့်မိမိကို ပြူးတူးပြဲထဲ ကြည့်နေရာမှ ပြောင်သလိုလို ပြုံးစိစိမျက်လုံးရဲကြီနှင့် လျှာတွဲ လွဲထုတ် ပြလိုက်သောကြောင့်၊ ဟော်တယ်မန်နေဂျာမှာ "အို-မိုင်ဂေါ့"ဟုငယ်သံပါအောင်အော်ပြီး ဖနောင့်နှင့် တင်ပါး တသားထည်းကျအောင် ပြေးရှာလေတော့ သည်။
စားပွဲတွင်ဟန်မပျက် ညစာစားနေသော ထွန်းတင်တို့မှာ မန်နေဂျာအော်ပြေးသံကြားက ထည်းကပင်၊ စောမြအေး လက်ချက်မှန်းသိကာ၊ ကြိတ်၍ပြုံးနေကြရတော့သည်။
နံနက်မိုးလင်းသောအခါမူကား၊ မန်နေဂျာသည် ရှေ့ဆောင်ပြုကာ နောက်ပါဟော်တယ်လုပ် သားများနှင့် အတူ၊ မျက်နှာထားဆိုးကြီးနှင့် ထွန်းတင်တို့အခန်းသို့ ရောက်လာခါ............
"ခင်ဗျားတို့သာ သိပ်ရှုတ်တဲ့လူနှစ်ယောက်ဘဲ၊ ညကခင်ဗျားတို့ထမင်းစားနေရာမှာ၊ ကျုပ်တို့ မသင်္ကာလို့လာ ချောင်းကြည့်တယ်၊ လူနှစ်ယောက်ရှိတာမှာ သုံးယောက်စာပွဲမှာစားတယ်၊ ကုလား ထိုင် နေရာ ဟာလဲ သိပ်ဆန်းတယ်၊ ကျုပ်တို့ဟော်တယ်မှာ အရင်ကမဖြစ်ဘူးတာတွေ ခင်ဗျားတို့ လာမှဖြစ်နေတယ်၊ အရက်ပုလင်းတွေပျောက်ပုံလဲ သိပ်ဆန်းတယ်၊ ဟို-အခန်းတခုဟာလဲ လူမနေဘဲနဲ့ ခင်ဗျားတို့ ငှါးထားတာဟာ အများကြီးစဉ်းစားစရာရှိတယ်၊ ကျုပ်ခင်းဗျားတို့နှစ် ယောက်ကို မသင်္ကာဘူး"
ဟု ရှူးရှူးရှားရှား နှင့် ပြောလျှင်၊ ထွန်းတင်နှင့်ဟဲရစ်မှာ ရုတ်တရက်ကြောင်စာစာဖြစ်နေကြလေ၏။ ထို့နောက်မှ ထွန်းတင်က ကပြာကရာစိတ်ကူးရလာကာ-
"ခင်ဗျားကျုပ်တို့ကိုဘယ်လိုအကြောင်းနဲ့ အခုလိုစွပ်စွဲနိုင်သလဲ၊ ကျုပ်တို့ဟာဂျပိုးမဟုတ်ဘူး၊ လူကြီး လူကောင်း တွေဖြစ်တယ်၊ အခုခင်ဗျားပြောလိုက်တဲ့ စကားဟာအများကြီး တရားလွန်နေ တာဘဲ"ဟု ခံပြောလျှင်၊ မနနေဂျာလည်းမခံမခရပ်နိုင် ဖြစ်လာကာ-
ဂျာ။ ။ ခင်ဗျားတို့ လူကြီးလူကောင်းမကလို့ လာဖြစ်ဖြစ် ကျုပ်မသင်္ကာနိုင်ဘူး၊ ညကကျုပ်ကိုယ် တိုင်ခင်ဗျား တို့ ထမင်းစားပွဲကို မြင်ရတယ်၊ လူမရှိဘဲနဲ့ တနေရာကလှုပ်နေတယ်။
တင်။ ။ အဲဒါကျုပ်တို့နှစ်ယောက် လောင်းကြေး စားကြေးနဲ့ မျက်လှည့်ပြနေတာ၊ ခင်ဗျားတို့ကျုပ် အခွင့် မရှိဘဲ လာချောင်းကြည့်တဲ့ အတွက်တောင် အပြစ်ရှိနေသေးတယ်မဟုတ်လား၊ ကျုပ်တို့ နှစ်ယောက် စားဘို့ ဟာကို သုံးယောက်အတွက် မှာစားလို့ကော ခင်ဗျားတို့မှာ ဘာနစ်နာသလဲ ပိုရောင်း ရတာဘဲ မဟုတ်လား။
မန်နေဂျာသည် ခဏငိုင်သွားလေ၏။ ထို့နောက်စဉ်းစားကာ-
ဂျာ။ ။ ဒါပေမဲ့- ခင်ဗျားတို့ နှစ်ယောက်ကြည့်ရတာ၊ သူများထက်ပိုပြီးဆန်းကျယ်ပါတယ်ဗျာ၊ ဟော ဟို မစ္စတာဟဲရစ်ဆိုတဲ့ လူဟာလဲ၊ တခါတခါသူ့လက်ထဲက ဆေးလိပ်ဟာလေထဲကို ပျံထွက်သွား လားသွားရဲ့ သူ့ခေါင်းကဦးထုတ်ဟာ မကြာမကြာ မြောက်ချည် ကြွေချည်ဖြစ်ဖြစ်သွားလား သွားရဲ့၊ မစ္စတာထွန်းတင် ဆိုတဲ့ ခင်ဗျားကလဲ ပီယာနိုကို လက်နဲ့မထိဘဲ မြည်အောင်တီးတဲ့အခါလဲတီး တယ်။ တခါတလေလဲ ဟိုအခန်းလွတ်တခုကို လူမနေဘဲနဲ့ အပိုငှားထားတာဟာ သိပ်စဉ်းစားရ ခက်နေတယ်၊ ဒီတော့ ခင်ဗျားတို့ရှိတဲ့အတွက် ကျုပ်ဟော်တယ် နာမည်ပျက်သွားမှာ အများကြီး စိုးရိမ်တာဘဲ။
တင်။ ။ အဲ-ဒါခင်ဗျား မှားတာဘဲ၊ ကျုပ်တို့နှစ်ယေက်ဟာ ရှမ်းလူမျိုးတွေဆီကရလာတဲ့ မျက်လှည့် နည်းအဆန်း ကို တခါတခါစမ်းကြည့်မိတာပါ၊ ဘာမှခင်ဗျားတို့ကြောက် လန့်စရာမရှိပါဘူး၊ ဒီအ တွက်နဲ့လဲ ခင်ဗျားတို့ဟော်တယ်မှာ ဘာမှနစ်နာစရာမရှိပါဘူး၊ ဟိုအခန်းတခုငှါးထားတာကလဲ၊ ဟောဒီမ စ္စတာဟဲရစ်ရဲ့ ဇနီးမစွက်ဟဲရစ်လိုက်လာမယ်ဆိုလို့ တင်ကြိုင်ပြီးငှါးထားရတာဘဲ၊ ဟိုကလဲ ဘာများဖြစ်နေတယ် မသိပါဘူးဗျာ၊ ခုတောင် ရောက်မလာသေးဘူး၊ ဟုအတည်ပေါက် ကြီးဖြီးနေလေရာ၊ မစ္စတာဟဲရစ် မှာ သံယောင်လိုက်ခါ-
"ဟုတ်ပါရဲ့ဗျာ၊ ဒီမိန်းမကိုနေရာတကာ ဂွကျပါတယ် သူလိုက်လာမယ်ဆိုလို့ အခန်းတခု တင်ကြို ငှါးထားရသေးတယ်၊ တကယ်လို့သာသူမလာတော့ဘူးဆိုပြီး၊ ဒီအခန်းကိုပြန်အပ်လိုက်တဲ့နောက်၊ သူ ရောက်လာရင် ကျုပ်တို့ခေါင်းကြိမ်းအောင်ဆူမှာစိုးလို့ သာပိုက်ဆံအကုန်ခံပြီး ငှါးထားရတာ၊ အဲလေ ဒီမိန်းမကြောင့် ကျုပ်တော့ခက်ပါသဗျာ"
ဟုခေါင်းကြီးကုတ်ခါမှင်တည်တည်နဲ့ ငြီးနေသည်တွင် မန်နေဂျာမှာ၊ "အင်း- သူတို့ပြောတာလဲ ဟုတ်လောက် စရာရှိပါရဲ့လေ"ဟု စဉ်းစားပြီး-
"ကိုင်း -ကောင်းပြီလေ၊ ခင်ဗျားတို့ပြောတဲ့အတိုင်း ဟုတ်ရင်ပြီးတာဘဲ၊ သို့သော်လဲ ကျုပ်အရက် ဘီရိုထဲက အရက်ပျောက်တာတော့ အတော်ဆန်းနေသဗျာ"
ဟုလုံးလုံးကြီး သင်္ကာယနမကင်း စိတ်တွင်းမှဒွိဟဖြစ်နေသေးသော အမူအရာနှင့် ပြောကာလှည့် ပြန်သွားတော့ သည်တွင်မှ ဟဲရစ်နှင့်ထွန်းတင်မှာ ဟင်း -ကနဲသက်ပြင်းကြီး ပြိုင်တူချလိုက် စဉ်မှာ ပင်လှောကားမှ ဆင်းသွားသောဟော်တယ်မနနေဂျာမှာ လှေခါးထပ်မှ တစုံတယောက်က ဖင်ပိတ် ကန်လိုက်ဘိအလား၊ ရှေ့သို့ဟတ်ထိုးကြီး စိုက်ကျသွားပြီး၊ ကံအားလျောစွာ လက်ရမ်းကို ကမန်းကတန်း ဆွဲကိုင် လိုက်မိ၍သာ ဒေါက်လျှောက်ကြီး ကျမသွားဘဲ၊ လှေကားနှစ်ထစ်လောက် တွင်တွဲလွဲကြီးခိုသလို ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသောကြောင့်၊ တယောက်မျက်နှာ တယောက်ကြည့်ကာ စိတ်မော သွားမိကြလျက်၊ အတွင်းဘက်သို့ကပြာကရာ မျက်နှာလွှဲနေ လိုက်ရ ပြန်လေတော့ သတည်း။
ဒေါကြီး၊ မောကြီးနှင့် ပြန်လာသော ဒေါ်ပေါကြီးမှာ အိမ်သို့ ရောက်လျှင် ရောက်ချင်း ဟဲရစ်ကို မတွေ့ ရဘဲ၊ မကျမ္မာသဖြင့် ဆရာဝန်ကြီးက ကလောသို့တလလောက် အမြန်သွားပြီး အနားယူရ မည်ဆို၍ သွား နေရကြောင်း စာတစောင်ရေးထားခဲ့သည်ကို တွေ့ရရုံမက၊ ဟဲရစ်ကလောသွား သည်မှာ တယောက်တည်း မဟုတ် အင်ဂျင်နီယာထွန်းတင်လည်း အခွင့်တလယူကာ၊ ဟဲရစ်နှင့် အတူ ပါသွားကြောင်း သိရသောအခါမူကား ယမ်းပုံမီးကျအမျက်ကြီး ကြလေတော့သည်။
"ဟို ကောင်မနဲ့အချောင်ပျော်ကြမလို့၊ နှစ်ယောက်တိုင်ပင်သွားတာဖြစ်လိမ့်မယ်။ မနေဘူး-မနေဘူး ငါ လိုက် သတ်မယ်"ဟု ကြိမ်းဝါးကာခရီး ရောက်မဆိုက်ပင် ကလောလိုက်မည် ပြင်ဆင်မိရာမှ စပယ်ယာ ကလေး စားပွဲထိုးချစ်တင်က ကနွဲ့ကရအမူအယာနှင့် မပေါကြီးအနီးသို့ရောက်လာကာ-
"မမပေါရယ် ဒါလောက်လဲ ရှေ့လောမကြီးနေပါနဲ့၊ မပေါ လင် ဘူတာကြီးကို ဒါလောက်ဘဲချစ် သလား၊ သူ့ ဘာသာ အလေလိုက်သွားကော မမပေါဒီမှာကျွန်တော်နဲ့ ချောင်ချောင်ချဲ့ချဲ့ကြီး ပျော်မနေရပါလား၊ ဘာကြောင့် အရေးတကြီးလိုက်သွားချင်ရတာလဲ မမပေါရဲ့"ဟု ပြောသဖြင့်၊ အင်းဒါလဲဟုတ်ပါရဲ့ဟု ဆိုကာ ကလော သို့ ချက်ခြင်းလိုက်မည်ဆိုသော စိမံချက်ကိုရုတ်တရက် ပို့စပုန်း လုပ်ပစ်လျှက်၊ နောက်ဆုံး မွေးသည့် စပယ်ယာလေး ချစ်တင် နှင့်ပျော်ရွှင်ရွှင်လေးငါး ရက် နေလိုက်လေ၏။
ဆက်ရန်
.

No comments:
Post a Comment