၎
ခုနှစ်သက္ကရာဇ်တော့ မသိတော့ပါ။ မိုးဦးကျ ပြောင်းဖူးတွေ ပေါ်ချိန်ဆိုတာတော့ မှတ်မိပါသည်။ ထိုစဉ် ကျွန်တော် နေတာက (၇)မိုင် ရွာတန်းရှည်က အိမ်ကလေးမှာပဲ။ အဲ…အဟိစာစောင်လည်း ကျွန်တော် ထုတ်ဝေစ ပြုနေတဲ့အချိန်။ ဟုတ်ပြီ…သတိရပြီ။ အင်္ဂလိပ်လဆန်းရက်များ အဟိစာအုပ် တွေမြို့ထဲဖြန့်ခဲ့ပြီး နက်ဖန် အိမ်လာမယ့် တပည့်များနဲ့ မိတ်ဆွေသင်္ဂဟ မဂ္ဂဇင်းဆယ့်ငါးအုပ် လွယ်အိတ်ထဲထည့်ပြီး ညနေ နေ၀င်ရီ တရော အိမ်ပြန်ရောက်လာတော့ ဘာသားချော ဖိုးတင်ဆွေ ကျွန်တော့် အိမ်ရှေ့ခန်းမှာ ဘီယာသောက်နေတာ တွေ့ရပါသဗျား။ ကျွန်တော့်မြင်မြင်ချင်း….
"ဖိုးကြင်ဆွေ လည်လှချေလားကွ၊ ကိုယ်နေ့ခင်းကြီးကတည်းက ထိုင်စောင့်နေတာ၊ နောက်ဆုံး မလာနိုင်တဲ့ အဆုံး ညနေလေးနာရီလောက်မှာ မော်တော်ကားပြန်လွှတ်လိုက်ရတော့တာပဲ၊ သက် သက်တစ်ရက် ပုပ်သွားတာပေါ့ကွာ"
ကျွန်တော်သည် လွယ်အိတ်နှင့်ထီးကို ဇနီးသည်သို့ပေးကာ ချွေးရွှဲနေသော ရှပ်အင်္ကျီကို ချွတ်ရင်း..
"ရောက်မှဖြင့် အေးအေးဆေးဆေး နေမယ်မဟုတ်လားကွာ၊ ဘာတုံးတစ်ရက်ပုပ်သွားတယ် ဆိုတာ က၊ ဘာများ အရေးကြီးလာပြန်တာလဲ"
"မှော်ဘီ က တပ်မတော်ခြံမှာ ကြက်သွားဝယ်မလို့ကွ"
"နို့…ကိုရင့် မှာ ကြက်ဥတွေ တစ်နေ့သုံးလေးရာလောက်တောင် ရောင်းစားနေရတယ်ဆို"
သူသည် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်း ပျက်သည်၌ သူ့မွေးရပ်မြေပန်းတောင်းသို့ ပြန်ကာ နှစ်ဧကခွဲ ရှိသော ရေကန်ကြီးမှာ ငါးမွေးခြင်း၊ ထိုကန်အပေါ်၌ ကြက်ခြံဆောင်၍ ဥစားကြက်များ မွေးခြင်းဖြင့် စီးပွား ဖြစ်နေကြောင်း သိထားပါသည်။
"အေး….ဒါပေမယ့် လောကမှာ သေခြင်းတရားဆိုတာ ရှိတယ်မဟုတ်လားကွယ်၊ ဒီနှစ် ကိုယ့်ကြက် တွေ ကြက်နာ ၀င်လို့ မျိုးပြုတ်ကုန်တယ်၊ ဒါကြောင့် ကြက်အကောင်တစ်ရာလောက် မတည်မယ်လို့ မော်တော်ကား ပါ တစ်ခါတည်းခေါ်လာခဲ့တယ်၊ ဒီနေ့ စနေနေမို့ ကိုယ့်လူ နေ့ဝတ်အားမယ် အောက်မေ့ တာကိုး၊ လေးနာရီထိုးလို့ ပြန်မလာတော့မှ မှော်ဘီသွားဖို့ အချိန်မရှိတော့တာနဲ့ ကားပြန်လွှတ် လိုက်ရတယ်၊ ကဲ…နက်ဖြန် တနင်္ဂနွေတော့ ကိုယ့်လူအားပြီ မဟုတ်လား"
ရော်…သူ့သူငယ်ချင်း စာရေးဆရာဖြစ်နေတာ မေ့ထားတာ ပြန်တမ်းဝင် အရာရှိကြီးများ အောက်မေ့ နေပြန်လား မသိ။ စင်စစ် နက်ဖြန်တနင်္ဂနွေမှာ ကျွန်တာ် ပို၍မအားပြီ။
အဟိတွင်ရေးကြသော စာရေးဆရာလေးများ ကျွန်တော့်အိမ်တွင်စုကြမည်။ ယစ်ရွှေရည်နှင့် စာပေ မွေ့ကုန်သော ကျွန်တော့်သောက်ဖော်များ သူတို့ရုံးအားရက်တွင် လာ၍ပျော်ပွဲစားကြမည်။
ဤ အကြောင်း ပြောပြသောအခါ ဘီယာအရှိန်နှင့် သူ့မျက်နှာ ရယ်ဝေ့ဝေ့လေးဖြင့်..
"အေး….ဖိုးကြင်ဆွေ၊ နောက်မှ တွေ့တဲ့လူတွေသာ အရေးပေးပြီး ကိုယ့်လိုငယ်သူငယ်ချင်းကို မခင်တော့ဘူးပေါ့" ဟု စကားနားထိုးလေ၏။
ယင်း၌ တစ်ခွက်မျှ မမော့ရသေးသော ကျွန်တော်က…
"ဟ…ဘာဆိုင်လဲကွ ကိုယ့်အလုပ်မအားတဲ့ဟာကို၊ ကိုယ့်လူကြက်ဝယ်သွားတာက ကိုယ့်ဟာကို ပိုက်ဆံပေး ၀ယ်လာပြီးတယ် မဟုတ်လား"
သည်တာ့ သူ့မျက်နှာညှိုးငယ်သွားကာ….
"ဒါတော့ ဒါပေါ့ကွာ၊ သို့ပေမယ့် ကိုယ်ရန်ကုန်ခဏတစ်ဖြုတ်ရောက်တုန်းလေး ဘယ်သွားသွား ဘာ လုပ်လုပ် ကိုယ့်သူငယ်ချင်း နဲ့ အတူတူဖြစ်ချင်တာပေါ့"
သည်တော့လည်း ကျွန်တော်စိတ်ထဲ ထိခိုက်သွားကာ…
"အေးလေ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆယ့်နှစ်နာရီ အထိုးခင် ကိုယ့်အိမ်ပြန်ရောက်ဖို့ လိုတယ်နော်"
"ရောက်ပါတယ်ဟ ကားမနက် ခုနှစ်နာရီမှာထားတာ၊ မှော်ဘီအသွားအပြန် ငါးနာရီလောက် ကြာမ လားကွ၊ ရော့…ရော့ ဘီယာသောက်လိုက်ဦး၊ ကိုယ်တို့ အတူတူသောက်မယ်ဆိုပြီး သုံးလုံးယူလာ တာ၊ ကိုယ့်လူမလာနိုင်တာနဲ့ နှစ်လုံးတော့ချောပြီ" ဟုပြောရင်း….
လက်ကျန် ပုလင်းထဲကဟာ ငှဲ့ထည့်ပြီး နောက်တစ်လုံးကို ဖောက်မည်လုပ်နေတော့ ကျွန်တော်က လက်တား၍ …
"ဟေ့…ဖိုးတင်တွေ၊ ကိုယ့်ဖို့တော့ အဲဒီပုလင်း ဖွင့်မနေနဲ့တော့၊ ထမင်းစားခါနီးကြီး ကိုယ် ဘီယာ မသောက် ချင်ဘူး၊ ကိုယ်မှာရမ်ပါတယ်၊ ဟေ့…မေခုနစာအုပ်ထည့်တဲ့ လွယ်အိတ်ယူခဲ့စမ်း"
မေ က ယူလာပြိး ပုလင်းရော စာအုပ်တွေရော ထုတ်လိုက်တော့ ဖိုးတင်ဆွေက အဟိစာအုပ်အား လုံး ခြုံ ကြည့်လိုက်ပြီး မျက်လုံးပြူးလျက်…
"ဟ…ဖိုးကြင်ဆွေရဲ့ စာအုပ်တစ်မျိုးတည်းကို ဘာလုပ်ဖို့ ဒါလောက်အများကြီး ၀ယ်လာရတာလဲ"
ကျွန်တော် စိတ်ပေါက်ပေါက်ရှိလာ၍…
"မီးရှို့ပစ်ဖို့ဟေ့၊ မီးရှို့ပစ်ဖို့"
မေ က မနေသာ၍ ကြားက ၀င်ရှင်းပြတော့မှ သူသဘောပေါက်သွားကာ "သြော်…စာလဲရေး၊ စာအုပ်လဲ ထုတ် ဆိုတော့ ကောင်းတာပေါ့ကွာ၊ ဟေ့…ဖိုးကြင်ဆွေ ရုပ်ရှင်မင်းသားလဲ လုပ်ပါကွ"
"င့ါ…ဘယ်ဒါရိုက်တာ၊ ဘယ်ကုမ္ပဏီ က ရုပ်ရှင်မင်းသားလုပ်ခိုင်းမလဲကွ"
"အခု ရှုမ၀ဦးကျော် ရုပ်ရှင်ရိုက်နေတယ် မဟုတ်လား၊ သူ့ကို မင်းမပိုင်ဘူးလား"
"ဟ…ဦးကျော် လုပ်ပေးချင်တိုင်းသာ ဖြစ်ရမယ်ဆိုရင် သူ့သားသူ့သမီးတွအားလုံး ရုပ်ရှင်မင်းသားနဲ့ မင်းသမီး ချည်း ဖြစ်နေပြီပေါ့ကွ"
"အေး …ဒါလဲ ဟုတ်တာပဲ"
ထိုစဉ်က ကာတွန်းတွေက ယခုလိုခေတ်မစား၊ လူသိမများသေး၊ ကာတွန်းသုံးချင်လည်း မထွက်ဖူး သေး ချေ။ မဂ္ဂဇင်းကြီးများတွင် ဟာသ၀တ္ထုလောက်သာ ကာတွန်းခေါင်းစီးး ပါလာတတ်သည်။ ယခု အဟိ တစ်အုပ်လုံး ကာတွန်းခေါင်းစီးပုံတွေချည်းဖြစ်၍ ဖိုးတင့်ဆွေ အံ့သြနေခြင်း ဖြစ်သည်။
ထိုနောက် သူသည် ခွက်ထိုးခွက်လန် ရယ်ပြန်ပြီး.....
''သေ ပါတော့ကွ၊ ဒီကဗျာကလဲ ဘယ်လိုဟာလဲဟ၊ ကြံကြံဖန်'' ဟုဆို၍ သူကျယ်လောင်စွာ ဖတ်ပြ၏။
သူမတို့ လေနဲ့
သူတို့ လျှင် တကယ်ကြည်တဲ့၊ မယ်ပြီးတီတီကလေး။
လက်မသရမ်းလာနဲ့
ဟင့်...ဖက်နမ်းနာခံချင်သေးတယ်၊ ၀မ်းကစ်စ်ပေး။
''ဟား........ဟား...ဟား ဘယ်လိုကဗျာလဲ ဟာ၊ ရယ်စရာကြီး''
ကဲ...ဟာသစာစောင်ထဲ က ကဗျာ ရယ်စရာကြီးဆိုပြန်တော့လည်း ကျွန်တော်ဘာမျှ မပြောချင် တော့ပါ။ သူ့ဟာ သူပဲ ရှိပါစေတော့။
ကျွန်တော် သူ့အနီး မှ ခွာလိုက်ပြီး...
''ကဲ...ဖိုးတင်ဆွေ၊ ကိုယ် ရေချိုးလိုက်ဦးမယ်ကွာ၊ ကိုယ့်လူကော ချိုးဦးမလား''
''ဟေ့ အေးကွာ၊ ကိုယ်အရှိန်လေးရနေတာ ပြယ်သွားဦးမယ်''
ကျွန်တော် အိမ်ရှေ့ရေချိုးခုံမှာ ရေချိုးနေစဉ် ကျွန်တော့သားအငယ်နှစ်ကောင်က အိမ်အောက် ဘဲခြံထဲ သွင်း ဖို့ ဘဲတစ်အုပ် ကို မောင်းလာတာ ဖိုးတင်ဆွေမြင်တော့....
''ဟာ...ဖိုးကြင်ဆွေ မှာ ဘဲ ရှိတာ ကိုယ်စောစောက မသိဘူးကွာ၊ ဟေ့..ဖိုကြင်ဆွေ၊ ဘဲသားနဲ့ ဘီယာ ချက်စားဖူးလား''
ကျွန်တော် ရေချိုးနေရာမှ...
''ကြံကြံဖန်ဖန်ကွာ''
''ဟာ...သိပ်ကောင်းတယ်၊ ဒီမှာ ဘီယာတစ်ပုလင်းရှိနေသေးတာနဲ့ အဆင်သင့်ပဲ၊ ဘဲတစ်ကောင် ဘီယာ တစ်ပုလင်းကွ၊ အဲဒီအရည်လဲခန်း၊ ဘဲသားဆီပြန် သိပ်စားကောင်းတယ်၊ ကိုယ်ချက်မယ်''
ကျွန်တော် လည်း တစ်ခါမျှ မစားဖူး။ ထူးထူးဆန်းဆန်းလေး စားကြည့်ချင်တာနဲ့ ကလေးတွေအား ဘဲထီး တစ်ကောင် ဖမ်းခိုင်းလိုက်ရသည်။ အမွေးနုတ်စေပြီး မေ့အား'' ဒါကြီး သူလုပ်ချင်တာ လုပ်ရမှ အေးမှာ၊ မင်းက ဘာမှ ၀င်မစွက်နဲ့၊ လွှတ်ပေးလိုက်စမ်း'' ဆိုပြီး ဖိုးတင်ဆွေအား မီးဖိုချောင်ထဲ သွင်းပေးလိုက်တယ်။ ကလေး တွေက ငရုတ်သီး ကြက်သွန်ထောင်းပေး။ ဖိုးတင်ဆွေက သူ့ဟာသူ ခုတ်ထစ်ချက်တယ်။
အပြင်ထွက် တစ်ခွက်မော့လိုက်၊ စကားတွေများလိုက်၊ မီးဖိုချောင်ထဲပြန်ဝင်သွားလိုက်နဲ့ တစ်နာရီ လောက်ကြတော့ သူ့ဘီယာသားအိုး ရေခန်းပြီမို့ တစ်ပန်းကန်ခပ်ပြီး သူအိမ်ရှေ့ယူလာတယ်၊ ကျွန်တော် အရက်ခွက်မော့ချလိုက်ပြီး တစ်တုံးယူကြိတ်လိုက်တယ်။ အမယ်လေးဗျာ...ငန်လိုက် တာတူးလို့။ သူလည်း တစ်တုံး ယူဝါးရင်း မျက်နှာကြီးရှုံ့မဲ့ကာ....
''ထွီ..ကိုယ်မေ့ပြီး ဆားကိုနှစ်ခါထည့်မိတယ် ထင်ပါရဲ့ကွာ'' တဲ့။ သူဟာသူ ငန်လွန်းအားကြီး သဖြင့် '' နှစ်ခါ မကဘူး၊ သုံးခေါက်လောက် ထင်တယ်ဟေ့''
၅
နောက်တစ်နေ့ နံနက်တွင် သူက ကားကို(၇)နာရီ မှာထားသည်ဆိုသော်လည်း (၈)နာရီလောက်မှ ရောက်လာ ၍ ဒရိုင်ဘာက သူ့ဆရာကတော် ဈေးဝယ်ပို့နေရလို့ပါဟု ပြောပါသည်။ ကားက ဖိုးတင်ဆွေ၏ မိတ်ဆွေ တရုတ်တစ်ကောင် ၏ကား။ ဘောက်စ်ဝက်ဂွန် အကြီးကြီးမို့ ဖိုးတင်ဆွေက ကျွန်တော့် သားငယ်နှစ်ယောက် ပါ လိုက်ဖို့ခေါ်သည်။
ထိုကြောင့် ကျွန်တော်က
''ကဲ...လိုက်မှဖြင့် တက်ကြကွာ၊ မြန်မြန်သွား၊ မြန်မြန်ပြန်ရအောင်''
သည်တော့မှ ဖိုးတင်ဆွေက သူ့အသံ အေးစက်စက်ဖြင့်....
''ဖိုးကြင်ဆွေ ကလဲကွာ၊ ဘာကြောင့်ဒီလောက် လောနေရတာလဲ၊ အခု(၈)နာရီကွာ၊ မှော်ဘီကို အသွားအပြန် လေးနာရီ ကြာမလားကွ၊ ထမင်းစားမီ ပြန်ရောက်စေရမယ်၊ ဒေါ်မေ ငါးဟင်းချက် ထားလိုက်'' ဟု ကျွန်တော့်ဇနီးအား မှာခဲ့သေးသည်။
ကိုယ်ပိုင်ကားနှင့်သွားတာပဲ၊ ရန်ကုန်နှင့်မှော်ဘီ အသွားအပြန် လေးနာရီ မကြာပါဘူးဆိုတာ အချိန် အားဖြင့် မှန်ပါ၏။ သို့သော် သူသည် ဘယ်သွားသွား၊ ဘယ်တော့ကမှ ဖြူးဖြူးဖြောင့်ဖြောင့် တန်းတန်း မတ်မတ် မရှိ။ ကျွန်တော့်ကိုယ်တွေ့အားဖြင့် သိခဲ့ပေါင်းများလှလေပြီ။ ထိုကြောင့် ကျွန်တော်သည် ဘယ်အခါမဆို သူနှင့် သွားရမှာ (ကိုယ့်တွင် အချိန်ကန့်သတ်ထားတာရှိလျှင်) လွန်စွာ စိုးရွံ့မိ၏။
ဒရိုင်ဘာအား ကလေးတွေနှင့် နောက်မှာထိုင်စေ၍ သူကိုယ်တိုင်မောင်းသည်။ ကျွန်တော်က သူနှင့်အတူ ရှေ့မှာ ထိုင်ရသည်။ ကျွန်တော့်စိတ်ထဲမှာ လမ်းတွင် သူ့အသိအကျွမ်းများ မတွေ့ပါစေ နှင့်ဟု.. တဖွဖွဆုတောင်းရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မိတ်ဆွေတစ်ယောက်နှင့် တွေ့လျှင် အင်မတန် စကားကြောရှည်၏။ ထွေလီကာလီ ကိစ္စတွေပေါ်လာတတ်၏။
သို့သော် သည်လောက်ဝေး တဲ့ ခရီးလမ်း ရန်ကုန်တွင် အလုပ်မျိုးစုံ (ကုန်သည်၊ ကန်ထရိုက်တာ၊ အသက်အာမခံ ကိုယ်စားလှယ်) လုပ်ခဲ့သော သူလိုအပေါင်းအသင်း အင်မတန်များသူသည် အဘယ်မှာ မတွေ့ဘဲ နေပါနအံ့နည်း။ မင်္ဂလာဒုံဘတ်စ်ကားဆိပ် ရောက်သည်၌ လမ်းဘေးကား ထိုးရပ်လိုက်ပြိး သူ့ကို မမြင် သူ့ဖာသာသူ မတ်တတ်ရပ်နေသူ တစ်ယောက်အား....
''ကြည့်စမ်း...ကြည့်စမ်း မတွေ့ရတာကြာပြီး၊ အခုမှကြံကြံဖန်ဖန်ဗျာ''
ထိုသူ သည် သူ့အသံကြားမှ လှည့်ကြည့်ကာ...
''ဟာ..ကိုတင်ဆွေပါလား''
''အခု ခင်ဗျား ဘယ်မှာနေလဲ၊ ဒီနေရာမှာ ဘာကိစ္စရပ်နေတာလဲ''
''ထောက်ကြံ့ သွားမလို့ ဘတ်စ်ကားစောင့်တာ''
''ဟေ...ဒါဖြင့် အဆင်သင့်ပဲ၊ လာ...တက်'' ဟုဆိုကာ ကားတံခါးဖွင့်ပေးလိုက်တော့ ကျွန်တော်လည်း ထိုလူ အား နေရာရွှေ့ပေးလိုက်၍ သုံးယောက်တန်းထိုင်မိကြပေပြီ။ ဖိုးတင်ဆွေ ကားကို ဂီယာပြန်သွင်းရင်း ကျွန်တော့် အား '' ဖိုးကြင်ဆွေ ..ဒါကိုယ်ကန်ထရိုက်လုပ်တုန်းက အုတ်တို့၊ သဲတို့ ကျောက်စရစ်တို့ ဆပ္ပလိုင်း လုပ်တဲ့လူ ကိုပွေးထူတဲ့၊ လူပျိုကြီးကွ'' ဟုဆိုပြီး တစ်ဖန်ထိုလူအား... ''ဒါက ကျွန်တော့် သူငယ်ချင်း နိုင်ငံကျော် စာရေးဆရာကြီး သော်တာဆွေ ဆို တာသူပဲ၊ ခင်ဗျားသူ့စာတွေ ဖတ်ဖူးမှာပေါ့''
ကျွန်တော့်အား ဂုဏ်တင်ကာ ပြောလိုက်သော်လည်း ထိုလူ့ပုံသဏ္ဍန်မှာ စာဆို၍ စာပုတီး စာဘုန်း ကြီး စာဘူးတောင်း များသာ သိမည့် ရုပ်မျိုး။ တစ်ဘက်ခေါင်းပေါင်း အ၀တ်အနွမ်းနွမ်း နှင့် အလုပ် ကြမ်း သမားဖြစ်ပေမည်။ ဖိုးတင်ဆွေက မိတ်ဆက်သဖြင့် သူနှင့်ကျွန်တော် ထုံစံအတိုင်း သွားဖြဲပြ ကြပြီးနောက် ထိုလူ့ နှုတ်က အငြိမ်မနေသေးပေ။
''ကိုတင်ဆွေ ကျုပ်လူပျိုကြီး မဟုတ်တော့ဘူးဗျ၊ မိန်းမရနေပြီ'' ဟုပြောလိုက်တော့ ဖိုးတင်ဆွေမှာ လူ တစ်ယောက် မိန်းမ ရတာပဲ တအံ့တသြ ဖြစ်တဲ့မျက်နှာနှင့်..
''အို...ဟုတ်လား၊ ဘယ်လောက်ကြာပြီလဲ''
''ငါးနှစ် ခြောက်နှစ်လောက်ရှိပြီ''
''အံ့ရောဗျာ၊ ခင်ဗျား ကျွန်တော့်ဆီတောင် ဖိတ်စာမပေး၊ အကြောင်းမကြားဘူး''
''အဲဒီတုန်းက ကိုတင်ဆွေ ဘယ်မှာနေမှန်းမှ မသိတာဘဲ''
''အင်း...ဟုတ်တယ်...ဟုတ်တယ်၊ ကျွန်တော် ပန်းတောင်းရောက်နေပြီ၊ အခုခင်ဗျား ကလေး ဘယ်နှစ်ယောက်ရပြီလဲ''
''တစ်ယောက် မှ မရသေးဘူးဗျ''
''အား...တယ်ညံ့တာပဲ၊ ဒါပေမယ့် မိန်းမ ကလေးမမွေးတာ ကောင်းတယ်၊ အရွယ်တင်တာပေါ့၊ နာမည် ဘယ်နှယ့် ခေါ်လဲဗျာ''
''မသဲဝါ''
''ဘယ်အရပ်သူလဲ''
''ဒီအရပ် တောင်ပိုင်းကပါပဲဗျာ''
''အင်း...ကောင်းတယ်၊ မြင်အုန်းခွံ၊ ကျွန်ကုလား၊ မယားတောသူ၊ သဘောဖြူမှာပေါ့၊ ရုပ်ကော တော်တော်ချော ရဲ့လှရဲ့လား''
''ရွက်ကြမ်းရေကျိုလောက်ပါပဲဗျာ''
''အို...ရုပ်ထက် သဘောမနောကောင်းဖို့က အရေးကြီးပါတယ်ဗျာ၊ အခုဘယ်မှာလဲ''
''အိမ်မှာ''
စကားတယ်များတဲ့လူ ကြည့်ပါ။ သက်သက်အကြောင်းမဟုတ်တာ အကြောင်းလုပ်ပြီး ပြောဆိုနေ ကြသည်။ သို့သော် ကားမောင်းရင်းမို့ ခရီးမဖင့်သဖြင့် တော်သေး၏ဟု ကျွန်တော် တွက်ဆ၏။ သို့ရာတွင် ကျွန်တော့် စိတ်ထင်စောသွားချေပြီ။ အသို့ဟူမူ ထိုလူက သူ့မိန်းမ ''အိမ်မှာ'' ဟု ပြောလိုက်ကရော ဖိုးတင်ဆွေက...
''ကျွန်တော်လိုက်မကြည့်ရဘူးလားဗျာ''
အင်း...စကားပေါက်တော့ ရှည်လေပြီ။
သည်တော့ ဟိုခမျာမှာလည်း။
''ကြည့်ရပါတယ်ဗျာ''
''ကြည့်ဆို အခုလိုက်ကြည့်မှာနော်၊ ခင်ဗျားအိမ်က ဘယ်မှာလဲ''
လမ်းမကြီး လယ်ယာဘက်လမ်းပေါက်တစ်ခုကိုပြ၍...
''အဲ ဟိုဘက် အတွင်းဘက်မှာ၊ အထဲ တော်တော်လေးဝင်ရဦးမယ်ဗျ''
''ဘယ်လောက် ၀င်ရ၀င်ရ၊ ကြုံတုန်းကြုံခိုက်ပဲ'' ဆိုပြီး တစ်ခါတည်း ကားချိုးဆင်း၍ နွားလှည်း လမ်းပေါက် ထဲ ၀င်ပါရော။ နီးနီးနားနား မဟုတ်ပါ။ တပ်မတော်ကင်းရွာကလေးကို ဖြတ်ကျော်ကာ ကျွန်တော့်စိတ်ထင် နှစ်မိုင်ခန့်၊ မိုးတွင်းလှည်းလမ်း ပျက်တွင် ရေအိုင်များ၊ ရွှံ့ဗွက်များကို တမ်းကာ ရှောင်ကာခဲယဉ်းစွာ မောင်း သွားရပါသည်။
ဒရိုင်ဘာ လည်း လမ်းမကောင်းသဖြင့် သူ့ကားအတွက် စိတ်ချမ်းသာမည်မဟုတ်။ ကိုပွေးထူလည်း သူ သွားလိုတာက ထောက်ကြံ့၊ ယခုပြန်လာရတာက အိမ်။ ကျွန်တော့်စိတ်တွင်ကား အထူးဖော်ပြ စရာ မလိုတော့ပြီ။
လက်ကနာရီကို တကြည့်ကြည့်နှင့်သာ ငတိကို အံခဲနေရပါသည်။
ထိုရွာကလေးနာမည်က ရေကြည်အိုင်ပါတဲ့။
ကိုပွေးထူ အိမ်ခြံဝင်းထဲဝင်ပြီး ကားရပ်လိုက်သောအခါ ဖိုးတင်ဆွေသည် ထိုသူ့မိန်းမ ကြည့်ရ အောင်လာသည်ဆိုတာကို လုံးဝမေ့ပြီး ပိန္နဲ မာလကာ၊ သံပရာ၊ ရှောက်၊ ကြက်မောက်၊ တညင်း၊ နှင်းသီးပင်၊ နာနတ်ပင် စသည်တို့ဖြင့် စိမ်းညို့မှောင်နေသော ဥယျဉ်ကြီးထဲ စိတ်ရောက်သွားကာ..
''ဟင်....ခင်ဗျားခြံကြီးက အကျယ်ကြီးပါလား၊ လာလျှောက်ကြည့်ရအောင်ဗျာ''
ကျွန်တော်တို့ အားလုံးလည်း အညောင်းပြေဆင်းမိကြသည်။ ကိုပွေးထူလည်း သူ့မိန်းမ တောသူမ ကို ပြသည်ထက် သဟာကမှ ကောင်းပေလိမ့်မည်ဟု ယူဆဟန်တူသည်။ အိမ်ပေါ်မတက်တော့ဘဲ တံချူတစ်ခု ယူ လာကာ ခြံထဲလျှောက်ပြရင်း ကျွန်တော်တို့အား မာလကာသီးများ ခူးပေးပါသည်။
ယင်းအခိုက် ပုံဆိုးရုပ်ကြမ်း မိန်းမကြီးတစ်ဦး ရောက်လာကာ...
''ဟဲ့...ပွေးထူ၊ နင်ဒီခြံကို တစ်ဝက်ခွဲရောင်းမယ် ကြံနေတာ ငါမသိဘူးများ အောက်မေ့လို့လား'' ဆိုပြီး လက်နှစ်ဖက် ခါးထောက်လျက် ကျွန်တော့်မျက်နှာ စေ့စေ့ကြည်ကာ...
ယင်းအခိုက် ပုံဆိုးရုပ်ကြမ်း မိန်းမကြီးတစ်ဦး ရောက်လာကာ...
"ဟဲ့... ပွေးထူ၊ နင် ဒီခြံကို တစ်ဝက်ခွဲရောင်းမယ်ကြံနေတာ ငါမသိဘူးများ အောက်မေ့လို့လား" ဆိုပြီး လက်နှစ်ဖက်ခါးထောက်လျက် ကျွန်တော့်မျက်နှာ စေ့စေ့ကြည့်ကာ...
"ဒီမှာ ထောင်ကဲ၊ ကျွန်မတို့ မြန်မာအိမ်ထောင်ရေးမှာ လင်မယားနှစ်ယောက်စလုံး သဘောမတူဘဲ ဘာပစ္စည်း မှ အရောင်းအ၀ယ်လုပ်လို့မရပါဘူး၊ ကျွန်မဘယ်နည်းမှမရောင်းနိုင်ပါဘူး၊ နို့ပြီးကျွန်မက နတ်ကတော် ဆိုတာကိုလဲ သိထားပါ။ ထောင်ကဲတို့ တရုတ်အမဲမွေးမြူမှာကလဲ ကျွန်မတို့ လုပ်ငန်း နဲ့ မဖြစ်ပါဘူး"
ကဲ ကျွန်တော်သည် သော်တာဆွေ စင်စစ်က ထောင်ကဲဖြစ်ရလေပြီ။ မဖြစ်ခံနိုင်ရိုးလား။ ကျွန်တော့် ရုပ်ကလဲ တရုတ်နဲ့တူ။ ဖိုးတင်ဆွေ ငှားလာတဲ့ တရုတ်ကားရှေ့မှန်မှာလဲ မြန်မာလို ရတနာတြိနမာမိမျိုး ထင်ပါ ရဲ့၊ တရုတ်စာနီနီကြီး ရေးထားတယ်။ နို့ပြီး ကျွန်တော်ခုမနက် ၀တ်လာ တာကလည်းခါတိုင်း လမ်းလျှောက်နေကျ ရှမ်းဘောင်းဘီနှင့် ဟာဝေယံရုပ်။
ကိုင်း... ကိုယ့်ထိုက်နဲ့ကိုယ်ခံပေရော့၊ စကားကြောရှည်နေမည်စိုး၍ ကျွန်တော်ဘာမျှ ပြန်မပြော တော့ပါ။ ကိုပွေးထူ ကသာ....
"ခင်ဗျားကြီး ဘာတွေလျှောက်ပြောနေတာလဲဗျ"
"ဒီလူတွေက ခင်ဗျားကြီးခြံကို အလကားပေးတောင် ယူမှာမဟုတ်ဘူး၊ ရန်ကုန်က လမ်းကြုံလို့ ၀င်လာတဲ့ ကျွန်တော့် မိတ်ဆွေတွေဗျ"
သည်တော့မှ သည်မိန်းမကြီး ကျွန်တော့်အား အားနာသလိုကြည့်ကာ "သိပါဘူးဟယ်" ဟုအသံ ပျော့ ကလေးနှင့် ပြောပြီးမှ သူ့ လင်တော်မောင် ကို တော့တင်းမာစွာပဲ....
"နင်... ခုတစ်လော ဖဲရှုံး နေတယ်၊ ညက ငါ့ခေါင်းအုံးအောက်က ငွေတစ်ရာ ယူရှုံးလိုက်ပြန်ပြီ မဟုတ် လား"
ကိုပွေးထူ က မလုံမလဲမျက်နှာလေးနှင့်...
"အဲဒါ .. ကျုပ်ရှုံးပစ်တာမဟုတ်ဘူးဗျ၊ ကိုမျောက်ကြီး ကို ခဏချေးလိုက်ရတာပါ၊ အခုမနက် ပြန်ပေးမယ် ဆို လို့ အခုထောက်ကြံ့က သူ့အိမ်ကို သွားမလို့ဗျ"
"အေး...င့ါပိုက်ဆံ ဒီနေ့ ပြန်ရရင်ရ၊ မရရင်တော့ နင့်အသက်ဖက်နဲ့ထုပ်ထားပေရော့၊ င့ါတောင်ပြုန်း သွားဖို့ စုထားတဲ့ ငွေ၊ နငိအစိမ်းသေ သေသွားမယ်မှတ်ထား"
အရေးတော်ပုံ မဟန်တော့၍ ကျွန်တော်တို့ ခပ်သုတ်သုတ်ပြန်ပြီး ကားပေါ်တက်ကြတော့သည်။ ကိုပွေးထူ မှာ ကလေးတစ်ယောက် မျှ မရသေးဘူးဆိုတာ ဘာမျှအံ့သြစရာ မရှိ။ သူ့မိန်းမက သူ့ထက်များစွာ ကြီးသည်။ ကလေးမွေးတဲ့ ဘူတာ ဟိုဘက်လွန်နေပြီ။
ကျွန်တော်တို့ ကား ပြန်ထွက်ခဲ့သောအခါ ဖိုးတင်ဆွေက သူ့မိတ်ဆွေ ကိုပွေးထူအတွက် စိတ်မကောင်း ဖြစ်လျက်...
"ခင်ဗျား...ဖဲရှုံးနေတယ်ဆိုတာ ဟုတ်သလား"
"ဟုတ်တယ်ဗျ၊ တော်တော်ကို ခုတစ်လော ကံဆိုးနေတယ်"
"ခင်ဗျားမိန်းမ ငွေတစ်ရာ ကို ဟိုလူ့ချေးလိုက်တာဆိုတာကော ဟုတ်သလား"
"မဟုတ်ဘူးဗျ၊ ညက ကိုမျောက်ကြီး အသုဘအိမ်ကို လာတောင်မလာဘူး"
"နို့..ခင်ဗျား အခုထောက်ကြံ့က ကိုမျောက်ကြီးအိမ်သွားမယ်ဆိုတာက ဘာကိစ္စ"
"အဲဒီ ငွေတရာ သွားချေးမလို့"
"ရပါ့မလား"
"ကံသေကံမ တော့ မပြောနိုင်ဘူးဗျာ၊ သူ့ရှိရင်ရလိမ့်မယ် ထင်တာပဲ။ ဒီငွေတစ်ရာ အရေးကြီးနေ တယ်ဗျာ၊ မရရင် ဒီမိန်းမကြီး က ကျွန်တော့်ကို"
ဖိုးတင်ဆွေသည် သူ့လူများစွာ စိတ်မချမ်းသာဖြစ်နေသည်ကို မကြည့်ရက်။ ကိုပွေးထူကျော လက်နှင့် ပုတ်လိုက်ပြီး...
"ကဲ...ငွေတစ်ရာအတွက် ဘာမှ ပူပင်သောကရောက်မနေနဲ့တော့၊ ကျွန်တော်ပေးမယ်၊ ကိုမျောက်ကြီး ဆီလဲ သွားမနေနဲ့တော့၊ ကျွန်တော့်တို့နဲ့ မှော်ဘီလိုက်ခဲ့၊ ပြီးတော့ အတူတူပြန်ကြ တာပေါ့၊ ပျော်ပျော် ပါးပါး ပေါ့ဗျာ၊ ဟုတ်လား"
"ကိုတင်ဆွေ ကျေးဇူးတွေ ကျွန်တော့်အပေါ် များလှပါပြီဗျာ" ဆိုပြီး ကိုပွေးထူမျက်နှာမှာ စိတ်ချမ်း သာပုံ ပေါ်သွားပါ၏။ ထိုနောက် သူတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြသည်။ သို့နှင့် မှော်ဘီ ရောက်တော့ (၁၀)နာရီ ကျော်နေချေပြီ။ ဖိုးတင်ဆွေသည် ကားကိုဈေးရှေ့က တရုတ်ခေါက်ဆွဲဆိုင်ရှေ့ ထိုး ရပ်လိုက်ကာ"ထမင်းစားမယ်၊ ပြီးမှကြက်ခြံသွား ကြက်ဝယ်ပြီး တန်းပြန်မယ်" ဟုစီမံကိန်းချလိုက်၏။
သင့်လျော်ပါ၏။ ကျွန်တော်တို့အားလုံး ခေါက်ဆွဲဆိုင်ထဲဝင်၊ စားပွဲတစ်လုံးမှာ ထိုင်ပြီး ရမ်တစ်ပုလင်းနှင့် ဆယ့်နှစ်မျိုး ဟင်းချို၊ အသားကင်၊ အခေါက်ကင်၊ အသည်းကင်၊ ဘဲကင်တို့ကို မှာလိုက် သည်။
ဒရိုင်ဘာ က မသောက်တတ်ချေ။ အမြည်းသာစား၏။ ကိုပွေးထူကတော့ အမြည်းကို လုံးဝမစားဘဲ အရက် သာ နှစ်ခွက်လောက်သောက်ပြီးတော့ အလွန်အားနာသည့်မျက်နှာနှင့်....
"ကိုတင်ဆွေ...ကျွန်တော် ဒီဆိုင် မှာ ထမင်းစားလို့ မဖြစ်ဘူးဗျ"
ဖိုးတင်ဆွေ သဘောမပေါက်သေးဘဲ...
"ဘာလို့လဲ"
"ဟာ..ဒီမှာ တရုတ်အမဲဟင်းတွေ"
"ဘဲကင်ရှိသားပဲဗျ"
"ဟာ...ဒီဘဲကင် မှာလဲ ခုတ်တဲ့ဓားက တရုတ်အမဲဆီနဲ့မှ မကင်းတာ၊ ကျုပ်မိန်းမက တရုတ်ဆိုင်က ဟာ ဆိုရင် ဘာမှမစားရဘူးတဲ့"
"ဒုက္ခပဲ၊ ကဲ...ဒါဖြင့် တခြားဆိုင်တစ်ဆိုင်မှာ သွားစားချေဗျာ"
ဆိုပြီး ဖိုးတင်ဆွေက ငွေနှစ်ကျပ်ပေးလိုက်၏။
ကျွန်တော်တို့ချည်း ဆက်လက်စားသောက်နေကြ၏။ ကိုပွေးထူသည် သူထွက်သွားပြီး ဆယ်မိနစ်မျှ အကြာတွင် ခေါက်ဆွဲဆိုင်ထဲ ကျွန်တော်တို့ရှိရာသို့ ကြောက်အားလန့်အားနှင့် ကမူးရှုးထိုးပြေးလာ၊ သူ့နောက် မှ လူနှစ်ယောက် က တစ်ယောက်က ဓားနှင့် တစ်ယောက်က တုတ်နှင့် တရကြမ်းလိုက်လာ။ ဆိုင်ရှင်တရုတ်ကြီးက...
"ဟေး ငါ့ဆိုင်ထဲ လူမစတ်နဲ့၊ ငါ့ဆိုင်ထဲ လူမစတ်နဲ့"
ထိုလူများသည် တားမရ။
ဆက်ရန်
.
2 comments:
"ဟေး ငါ့ဆိုင်ထဲ လူမစတ်နဲ့၊ ငါ့ဆိုင်ထဲ လူမစတ်နဲ့" ဘာပြောတာလဲ မသိဘူးလို့...:):) နောက်မှ သဘောပေါက်တယ်မမ :D
Very good, humorous and active narration is the original of Saya Thawdar Swe. No one else !
Thank you Ma shwe Zin
Post a Comment