Thursday, January 26, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၆၁)

(၆၁)

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မဲဆွယ်ပွဲများအပြိုင်အဆိုင် ဖြစ်လာသည်။ ရှာဆာသည် မဲဆွယ် ဟောပြောပွဲ တစ်ခုတွင် ပရိသတ်လှောင်ပြောင်ခံခဲ့ရသည်။ စတင်ဒါ ဦးဆောင်သော ပြိုင်ဘက်အဖွဲ့၏ ဒုက္ခပေးခြင်း ကို လှလှကြီးခံရခဲ့ရပြီး ပွဲပျက်ကာ သေပြေးရှင်ပြေး ပြေးလာရသည်။
နိုင်ငံတစ်ဝှမ်းတွင် အမျိုးသားရေးပါတီကို ထောက်ခံအားပေးသူများသည်ထက်များလာနေသည်။ လက်ရှိဝန်ကြီးချုပ်စမတ်၏ ဗြိတိသျှနှင့် ဓနသဟာယ လိုလားသော ယူနိုက်တက် ပါတီအား လူကြိုက်နည်း သည်ထက် နည်းလာသည်။ စမတ်ပါတီဘက်မှ လူအများပင် အမျိုးသားရေး ပါတီကို ကူးပြောင်းအားပေး ကြသည်။
ရွေးကောက်ပွဲ ကျင်းပရန် သုံးရက်အလိုတွင် စင်တိန် သည် သူမအိမ်သစ်ရှေ့ရှိ ပန်းခြံထဲ၌ မာလီများအား ပန်းပင် စိုက်ခိုင်းကာ သူကိုယ်တိုင်က ကြီးကြပ်ကွပ်ကဲနေသည်။ သူမ၏ အတွင်းရေးမှူးက အိမ်ပေါ်မှ သုတ်သုတ်ပျာပျာ ဆင်းလာပြီး ပြောသည်။

" မစ္စတာဒတ်ဂန်ရောက်နေပါတယ် မဒမ် "
အင်ဒရူးဒတ်ဂန်သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စောင်ရေ အများဆုံး သတင်းစာကြီး " ကိပ်အာဂတ်စ်" ၏ အယ်ဒီတာဖြစ်သည်။ စင်တိန်၏ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ပြီး အိမ်သို့ မကြာခဏ လာတတ်သူဖြစ်သည်။ သို့သော် ယခုကဲ့သို့ ကြိုတင် အကြောင်းမကြားဘဲ လာခြင်းမျိုးကိုမှ စင်တိန် သဘောမကျပေ။ သူမဆံပင်များက ပွရောင်းနေပြီး မျက်နှာတွင် မိတ်ကပ်မရှိဘဲ ချွေးစို့နေသည်။
" ငါမအားဘူး လို့ ပြောလိုက် " စင်တိန်က အမိန့်ပေးလိုက်သည်။

" မစ္စတာဒတ်ဂန် က တောင်းပန်လိုက်တယ်၊ သိပ်အရေးကြီးတဲ့ကိစ္စအတွက် ချက်ချင်းတွေ့မှ ဖြစ်မှာမို့လို့ပါ တဲ့၊ သေရေးရှင်ရေး အဖြစ် အရေးကြီးတဲ့ ကိစ္စပါလို့ သူက ပြောပါတယ် မဒမ် "
" ဒါဖြင့် ကောင်းပြီ … ငါအခု ငါးမိနစ်အတွင်း လာခဲ့မယ်လို့ သွားပြောလိုက် "
စင်တိန် အ၀တ်အစားလဲသည်။ မျက်နှာကို ပေါင်ဒါအနည်းငယ်တို့ပြီး အင်ဒရူးဒတ်ဂန့်ရှိသော အိမ်ရှေ့ခန်း ထဲသို့ ၀င်သွားသည်။ ဒတ်ဂန်သည် ပြတင်းပေါက်မှနေ၍ အတ္တလန္တိတ်သမုဒ္ဒရာကြီးဆိသို့ လှမ်းမျှော်ကြည့် နေသည်။ စင်တိန် က သူ့အား ၀တ်ကျေတန်းကျေလောက်သာနှုတ်ဆက်လိုက်သည်။

" ကျွန်တော် အခုလို ဆိုင်းမဆင့် ဗုံမဆင့် လာတဲ့အတွက် ခင်ဗျား ကသိကအောင့် ဖြစ်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် တယ်လီဖုန်းနဲ့ ပြောလို့မဖြစ်တဲ့ ကိစ္စတစ်ခုပြောစရာရှိလို့ လာရတာပါ၊ ကျွန်တော့် ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ် "
" ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်၊ ခွင့်လွှတ်တဲ့အနေနဲ့ လက်ဖက်ရည် တစ်ခွက်တိုက်ပါရစေ "
စင်တိန် လေသံပျော့သွားပြီး ပြုံးလိုက်သည်။ လက်ဖက်ရည်ကရားထဲမှ ပန်းကန်ထဲသို့ လက်ဖက်ရည်ထည့် လိုက်ပြီး ဒတ်ဂန် အား လှမ်းပေးလိုက်သည်။ ထို့နောက် သူ့ဘေးဆိုဖာပေါ်တွင် ဖင်ထိုင်လိုက်သည်။
" သေရေးရှင်ရေး ကိစ္စ … ဟုတ်လား " စင်တိန်က မေးလိုက်သည်။

" ကဲ … ပြောစမ်းပါဦး၊ ဘာကိစ္စများလဲ အင်ဒီ "
" ဒီမှာစင်တိန်၊ ကျွန်တော့်မှာ အံ့သြစရာ ကောင်းလောက်အောင် ထူးခြားတဲ့ စွပ်စွဲချက်တွေ ရထားတယ်၊ စာရွက်စာတမ်း အထောက်အထားတွေကလဲ အစစ်အမှန်တွေလို့ ယူဆရတယ်၊ ဒါတွေဟာ အမှန်ပဲဆိုရင် ဒီသတင်း ကို ကျွန်တော် သတင်းစာမှာ ဖော်ပြရတော့မှာပဲ၊ ဒီစွပ်စွဲချက်က ခင်ဗျားနဲ့ ခင်ဗျား မိသားစု … အထူးသဖြင့် ခင်ဗျားနဲ့ ခင်ဗျားသား ရှာဆာတို့နဲ့ ပတ်သက်နေတယ်၊ ခင်ဗျားတို့အတွက် အတော်ကို ထိခိုက် နစ်နာမယ့် စွပ်စွဲချက်ပါ "
အယ်ဒီတာ ဒတ်ဂန်က ဆက်မပြောသေးဘဲ စင်တိန် ခွင့်ပြုချက်ရရန် လှမ်းကြည့်လိုက်သည်။

" ပြောပါ ဆက်သာပြောပါ "
စင်တိန်က အေးအေးတည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
" စိတ်တော့မရှိပါနဲ့ဗျာ … ကျွန်တော်တို့ရထားတဲ့ သတင်းကတော့ ခင်ဗျားနဲ့ ၀န်ကြီးဘလိန်းနဲ့ လက်ထပ်တာ ဟာ ခင်ဗျားရဲ့ ပထမဆုံး တရားဝင် လက်ထပ်ခြင်းလို့ ဆိုတယ်၊ အဓိပ္ပာယ်ကတော့ ရှာဆာ ဟာ ခင်ဗျားရဲ့ တရားဝင်သား မဟုတ်ဘူး … တရားမ၀င်တဲ့ သားလို့ ဆိုလိုတာပေါ့ဗျာ "
စင်တိန့်ရင်ထဲ၌ နင့်ခနဲဖြစ်သွားသည်။ ဒတ်ဂန်အား စကားမဆုံးခင်ပင် လက်ပြထားလိုက်ပြီး ဖြတ် ပြောလိုက် သည်။

" ကျွန်မ တစ်ခုမေးစမ်းပါရစေ၊ ရှင့်ကို အဲဒီသတင်းပေးတဲ့လူဟာ ဟော့တင်တော့ ဟော်လန်မဲဆန္ဒနယ်က အမျိုးသားရေး ပါတီ အမတ်လောင်းလား၊ ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးဦးလား၊ ကျွန်မ အတွေး မှန်ရဲ့လား "
" ကျွန်တော်တို့ သတင်းစာရဲ့ မူဝါဒကတော့ သတင်းပေးတဲ့လူကို ဘယ်တော့မှ ဖွင့်ပြောလေ့မရှိပါဘူး "
ဒတ်ဂန် က ထိုသို့ ပြောလိုက်သော်လည်း ခေါင်းကမူ မသိမသာ ညိတ်လိုက်သည်။
ဒတ်ဂန် က စင်တိန့် မျက်နှာကို ကြည့်ပြီး အကဲခတ်နေသည်။ သူတို့နှစ်ယောက် အတန်ကြာမျှ စကားမပြော ကြဘဲ ငြိမ်နေသည်။ စင်တိန်သည် ဘ၀ပျက်လောက်သော အကျဉ်းအကျပ်ထဲ၌ပင် တည်ငြိမ် နေသဖြင့် ဒတ်ဂန်အံ့သြရသည်။ သူခင်မင်သော စင်တိန်အတွက် စိတ်မကောင်းဖြစ်ရသည်။ ရှာဆာကုတ်နေ သည် တိုင်းပြည်အတွက် တန်ဖိုးရှိသူတစ်ယောက်ပင်မဟုတ်လား။
" ရှင့်မှာ စာရွက်အထောက်အထားတွေရှိသလား "
စင်တိန် အမေးကို ဒတ်ဂန်က ခေါင်းခါပြရင်း ဖြေလိုက်သည်။

" ကျွန်တော့်ဆီတော့ မရောက်သေးဘူး၊ သူ့လက်ထဲမှာပဲ ရှိသေးတယ်၊ ရွေးကောက်ပွဲမတိုင်မီ ဒီသတင်းကို ကျွန်တော် က ဖော်ပြမှ သူကပေးမယ်တဲ့ "
" ရှင်က သတင်းရေးမယ်ပေါ့ "
" သူတို့ဘယ်ကစွပ်စွဲချက် ဟာ မမှန်ဘူးဆိုတာ ခင်ဗျားက ကျွန်တော့်ကို အထောက်အထားအခိုင်အလုံမပြ နိုင်ရင်တော့ ကျွန်တော့်အနေနဲ့ ဒီသတင်းကို ဖော်ပြရမှာပဲ၊ တစ်ဘက်က အထောက်အထားပြလာရင်တော့ ဒါဟာ လူစိတ်ဝင်စားမယ့် သတင်းဖြစ်လာပြီပေါ့ "
" နက်ဖြန်မနက်အထိ ကျွန်မကို အချိန်ပေးပါအင်ဒီ၊ ခင်မင်တဲ့ မိတ်ဆွေရင်းတွေအနေနဲ့ ကျွန်မ မေတ္တာ ရပ်ခံ တာပါ"
" ကောင်းပြီလေ၊ ဒီလောက်တော့ ခင်ဗျားကို ကျွန်တော် လိုက်လျောရမှာပေါ့၊ ခင်ဗျား အချိန်တွေကို ကျွန်တော် လာဖြုန်းပစ်တဲ့အတွက်လဲ တောင်းပန်ပါတယ် "

အင်ဒရူးဒတ်ဂန်ပြန်သွားသွားချင်း စင်တိန်သည် အိမ်ပေါ်သို့ တက်ကာ ရေမိုးချိုးပြီး အ၀တ်အစားလဲလိုက် သည်။ နာရီဝက်အတွင်းမှာပင် သူမကားကြီး ဒိန်မလာဖြင့် စတယ်လင်ဘို့ခ်ျမြို့သို့ ဦးတည် မောင်း သွားသည်။
ထိုမြို့ရှိ ဗန်စကူးနှင့် ဒီလာရေးတို့၏ ရှေ့နေရုံးခန်းရှေ့သို့ သူမ ကားထိုးဆိုက်လိုက်သောအခါ ညနေ ၅ နာရီ ကျော်နေပြီ။ ရုံးခန်းမှ ရှေ့နေတစ်ဦးက ပြောသည်။
" မစ္စတာဒီလာရေး ဒီနေ့ အိမ်စောစော ပြန်သါားပါတယ်၊ အိမ်မှာ အေးအေးဆေးဆေး အလုပ် လုပ်မယ်ဆိုပြီး အလုပ်တွေ ယူသွားပါတယ် "
" ကျွန်မ အလုပ်ကိစ္စကလဲ သိပ်အရေးကြီးလို့ပါ၊ သူ့အိမ်လိပ်စာများရနိုင်မလား "

စင်တိန် ရုံးမှရသော လိပ်စာအတိုင်း လိုက်သွားသည်။ မြစ်ကမ်းဘေးမှ အိမ်ကလေးသည် လှပခေတ်မီပြီး နေချင့် စဖွယ်လေးဖြစ်သည်။ အိမ်ရှေ့မှ ပန်းဥယျာဉ်ကို အထူးဂရုစိုက်ထားမှန်းသိသာသည်။ ရာသီ လွန်လာပြီး ဆောင်းဝင်တော့မည်ဖြစ်သော်လည်း ဥယျာဉ်ထဲ၌ ပန်းများဝေဆာလှပနေသည်။
အမျိုးသမီးတစ်ယောက်က စင်တိန်အား အိမ်တံခါးဖွင့်ပေးသည်။ အရပ်ထောင်ထောင်မောင်းမောင်း ပြည့်ပြည့် ဖြိုးဖြိုးနှင့် ဣနြေ္ဒရှိသော အလှမျိုးပိုင်ရှင်ဖြစ်သည်။ သူမက မပြုံးမရယ်ဘဲ တံခါးဟရုံသာ ဟပြီးဖွင့် ပေးသည်။

" ကျွန်မ မစ္စတာမင်းဖရက်ဒီလာရေးနဲ့ စကားပြောချင်လို့ပါ၊ မစ္စက်မယ်လကွန်ရောက်နေတယ်လို့ သူ့ကို ပြော ပေးပါ" ဟင်တိန်က အာဖရိကန်းနားစကားဖြင့် ပြောလိုက်သည်။
သူမက စင်တိန် အား အိမ်ရှေ့ခန်းထဲ၌ ထားခဲ့ပြီး အတွင်းသို့ ၀င်သွားသည်။ စင်တိန်သည် သပ်ရပ်သန့်ရှင်း သော အခန်းအပြင်အဆင်နှင့် ပရိဘောဂများကို ကြည့်ရှုအကဲခတ်လိုက်သည်။ ထို့နောက် စင်တိန်သည် အခန်း အလယ်ကောင်၌ မတ်တတ်ရပ်ပြီး မီးလင်းဖိုမှ ပန်းချီကားကို လှမ်းကြည့်နေမိသည်။ ထိုစဉ်တွင်ပင် ခြေသံကြား သဖြင့် တစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
တံခါးပေါက်ဝ၌ ကလေးတစ်ယောက်ရပ်ပြီး မိမိအား ကြည့်ရှုနေသည်ကို စင်တိန်တွေ့လိုက်ရသည်။ အသက် ၇ နှစ် ၈ နှစ်ခန့်ရှိမည်ဖြစ်သော ချစ်စရာကလေးလေး။ ရွှေရောင်ဆံပင်ပျော့လေးများက လှိုင်းထ နေ သည်။ သို့သော် မျက်လုံးနှင့်မျက်ခုံးက မဟူရာသွေးတောက်နေသည်။

ထိုကလေး၏ မဟူရာ မျက်လုံးအစုံသည် မိမိ၏ အမွေအနှစ်ပင်ဖြစ်ကြောင်း စင်တိန်တစ်မုဟုတ်ချင်း သိလိုက် သည်။
ဤကလေး သည် မိမိ၏မြေးကလေးဖြစ်ကြောင်း မိခင်စိတ်ဖြင့် အလိုလိုသိနေသည်။ အံ့အားသင့်ရာမှ တုန်လှုပ် ချောက်ချား မိလာသည်။
စင်တိန် သည် စိတ်ကို ငြိမ်အောင် ထိန်းလိုက်ပြီး ကလေးဆီသို့ ဖြည်းဖြည်းချင်းချင်းကပ်သွားသည်။ ကလေး ဆီသို့ လက်နှစ်ဖက်ကမ်းလင့်ပြီး မေးလိုက်သည်။
" ဟဲလို … မင်းနာမည် ဘယ်သူလဲ ကလေး "
" ကျွန်တော် လိုသာဒီလာရေး ပါ၊ ကျွန်တော့် အသက်ရှစ်နှစ်ရှိပါပြီ "
ကလေး က သွက်သွက်လက်လက်ပင်ဖြစ်သည်။

စင်တိန်စိတ်ထဲက " သြ … လိုသာတဲ့လား " ဟု ပြောလိုက်မိသည်။ ထိုနာမည်ကို ကြားလိုက်ရသည်နှင့် အတိတ် က အရိပ်များတရေးရေးပေါ်လာပြီး ရင်ထဲ၌ နာလာသည်။ ခံစားချက်များ လှိုင်းဂယက် ထလာသည်။ သို့သော် ကလေးအား ကြိုးစားပြီး ပြုံးပြထားဆဲရှိသည်။
" အို … တကယ်သွက်တဲ့ကလေးလေးပါပဲလား "
စင်တိန်က စကားစပြောလိုက်ပြီး ကလေး၏ ပါးကလေးကို နမ်းမည်ပြုလိုက်စဉ်မှာပင် ကလေးနောက်ဘက် တံခါးပေါက် မှ သူ့မိခင် ထွက်လာသည်။
" မင်း ဒီမှာ ဘာလာလုပ်နေတာလဲလိုသာ၊ မင်းညစာ စားလို့မပြီးသေးဘူးမဟုတ်လား၊ ကဲ ထမင်းစားပွဲကို ခု ချက်ချင်း ပြန်၊ ပြောတာကြားလား" မိခင်က သားအားဆူလိုက်သည်။
ကလေးက အတွင်းခန်းထဲသို့ ဘောက်ဆွ ဘောက်ဆွနှင့်ဝင်သွားသည်။ အမျိုးသမီးက စင်တိန်ဘက် လှည့် ကြည့်ပြီး ပြံးပြီးကာပြောလိုက်သည်။

" ကျွန်မ တောင်းပန်ပါတယ်၊ ကလေးက စပ်စုတယ်တဲ့အရွယ်မဟုတ်လား၊ ကျွန်မ ခင်ပွန်းက ရှင့်ကို တွေ့ လိမ့်မယ်၊ ကျွန်မနဲ့ လိုက်ခဲ့ပါ "
မြေးကလေးနှင့် ခဏတာတွေ့လိုက်ရပုံဖြင့် စိတ်လှုပ်ရှားချောက်ချားသွားသော စင်တိန်သည် သားဖြစ်သူ နှင့် ထပ်မံ၍ မျက်နှာချင်းဆိုင်တွေ့ဖို့အတွက် မည်သို့မှ အသင့်ဖြစ်မနေပါချေ။
စာရွက်စာတမ်းများ အပုံလိုက်ဖြစ်နေသော စားပွဲနောက်တွင် မင်းဖရက်က မတ်တတ်ရပ်နေသည်။ သူ၏အ၀ါရောင် မျက်လုံးအစုံဖြင့် စင်တိန်အား ကြောင်တက်တက် စိုက်ကြည့်နေမိသည်။
" ခင်ဗျား ကို ဒီအိမ်က ကြိုဆိုပါတယ် လို့တော့ ကျွန်တော် မပြောနိုင်ပါဘူး မစ္စက်မယ်လကွန်၊ ခင်ဗျားဟာ ကျွန်တော့် မိသားစု နဲ့ရော ကျွန်တော်နဲ့ရောပါ မျိုးဆက်သွေးကမ္ဘာရန်သူပါ"
မင်းဖရက် က အင်္ဂလိပ်လိုပြောလိုက်သည်။

" မင်းပြောတာ မှားနေတယ် "
စင်တိန် အသံက အသက်ရှူ မမှန်သောအသံ ဖြစ်နေသည်။ စိတ်တည်ငြိမ်အောင် အတင်းကြိုးစား လိုက်သည်။
မင်းဖရက် က စင်တိန်အား အိမ်ထဲမှ ထွက်သွားစေလိုသော အမူအရာဖြင့် ပြောလိုက်ပြန်သည်။
" ခင်ဗျား ကျွန်တော့်အဖေ ပစ္စည်းတွေကို လိမ်လည်လှည့်ဖျားပြီး အေးဓားပြတိုက်သွားတာပဲ၊ ခင်ဗျား ကြောင့် ကျွန်တော့် အဖေ ဒုက္ခိတဖြစ်ရတာဗျ၊ ခင်ဗျားကြောင့်ပဲ သူ့ဘ၀ရဲ့ သက်တမ်းတစ်ဝက်လောက်ကို ထောင်ထဲ မှာ မြှုပ်နှံထားနေရပြီ၊ လက်တစ်ဖက်ပြတ်ပြီး ဘ၀ဆုံးနေတဲ့ ကျွန်တော့် အဖေကိုသာ ခင်ဗျားမြင်ရင် ခင်ဗျား ကျွန်တော့်ဆီ အခုလို လာပြီး တစ်စုံတစ်ရာ အသနားခံရဲမှာ မဟုတ်ဘူး "
" ငါ တစ်ခုခု ကို လာပြီး အသနားခံတယ်ဆိုတာ မင်းသေချာလို့လား "
စင်တိန် က ပြန်မေးလိုက်ရာ မင်းဖရက်က ခါးခါးသီးသီးရယ်လိုက်သည်။

" ဒါ့အပြင် တခြားကော ဘာကိစ္စများရှိမှာမို့လို့လဲ၊ ကျွန်တော့် အဖေ အမှုစစ်တုန်းက တရားရုံးထဲမှာ ခင်ဗျား ကို ကျွန်တော် ပထမဆုံးတွေ့တယ်၊ အဲဒီနေ့တည်းက ခင်ဗျား ကျွန်တော့်နောက်ကို အမဲလိုက် သလို လိုက်ခဲ့တာပဲ ခင်ဗျား ကျွန်တော့်ကို စောင့်ကြည့်နေတာ ကျွန်တော် တွေ့ခဲ့တယ်၊ အစာငတ်နေတဲ့ ခြင်္သေ့မကြီး သားကောင်လိုက်သလို ကျွန်တော့်နောက်ကို ခင်ဗျား လိုက်ခဲ့တယ်၊ ကျွန်တော့် အဖေဘ၀ကို ခင်ဗျား ဖျက်ဆီးခဲ့သလို ကျွန်တော့်ဘ၀ကိုလဲ ခင်ဗျား ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော် သိတယ်"
" ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး "
စင်တိန်က ခေါင်းသွင်ယမ်းပြီး ငြင်းလိုက်သည်။ သို့ရာတွင် မင်းဖရက်က ဆက်၍ပြောသည်။

" ခင်ဗျားမို့ ကျွန်တော့်ဆီလာပြီး အသနားခံရဲတယ်ဗျာ … ခင်ဗျား ဘာလိုချင်တယ်ဆိုတာ ကျွန်တော် သိတယ် ဗျ "
မင်းဖရက်သည် စားပွဲ၏ အပေါ်ဆုံး အံဆွဲကို ဆွဲဖွင့်လိုက်ပြီး ဖိုင်တွဲတစ်တွဲကို ထုတ်ယူလိုက်သည်။ ဖိုင်တွဲ ကို စားပွဲပေါ်တင်ပြီး ဆွဲဖွင့်လိုက်ရာ အထဲမှ စာရွက်စာတမ်းများ စားပွဲပေါ်သို့ ပြန့်ကျဲထွက်ကျသွားသည်။ ထို စာရွက်စာတမ်းများထဲ၌ ပြင်သစ်နိုင်ငံ၏ မွေးစာရင်းစာရွက်နှင့် သတင်းဖြတ်ပိုင်းအဟောင်းများကို စင်တိန် တွေ့လိုက်ရသည်။
" ဒါတွေအားလုံး ကျွန်တော် ဖတ်ပြရမလား၊ ဒါမှမဟုတ် ခင်ဗျားဟာ ခင်ဗျား ဖတ်မလား၊ ခင်ဗျားဟာ မကောင်းတဲ့ မိန်းမ၊ ခင်ဗျားသားဟာ တရားမ၀င်တဲ့ တိတ်တိတ်ပုန်းသားဆိုတာ ကျွန်တော် ကမ္ဘာကို တင်ပြ ဖို့ ဒီဟာတွေ အပြင်ဘာများလိုဦးမှာလို့လဲဗျ "
" မင်းက တကယ်စေ့စပ်သေချာတာကိုး" စင်တိန်က လေပျော့ကလေးနှင့် ပြောလိုက်သည်။

" ဟုတ်တယ်၊ သိပ်ကို စေ့စပ်သေချာတယ်၊ ကျွန်တော့်မှာ အထောက်အထား အားလုံးရှိတယ် "
" မဟုတ်သေးဘူး၊ မင်းမှာ အထောက်အထား အကုန်မရှိသေးဘူး၊ ငါ့ရဲ့ တိတ်တိတ်ပုန်း သားတစ်ယောက် အကြောင်း ပဲ မင်းကသိတာ၊ ငါ့မှာ နောက်ထပ် တိတ်တိတ်ပုန်း သားတစ်ယောက်ရှိသေးတယ် "
မင်းဖရက် အဖို့ ပထမဆုံးအကြိမ် ဇဝေဇ၀ါ ဖြစ်သွားသည်။ စင်တိန်အား စိုက်ကြည့်လိုက်သည်။ စကားလုံး ရှာ မရအောင် ဖြစ်သွားသည်။ နောက်မှ ပြောလိုက်သည်။
" ခင်ဗျား အရှက်မရှိတဲ့မိန်းမပဲ … ခင်ဗျားရဲ့ ဒုစရိုက်မှုတွေကို ကမ္ဘာသိအောင် လှစ်ပြမလို့လား "
" ကမ္ဘာသိအောင် မဟုတ်ပါဘူး၊ သက်ဆိုင်တဲ့လူ သိအောင် ပြောပြမလို့ပါ၊ မင်းတစ်ယောက်တည်း သိစေချင် လို့ လာပြောတာပါ မင်းဖရက် ဒီလာရေး "
" ခင်ဗျား ပြောတာ ကျွန်တော် ဘာမှ နားမလည်ဘူး "

" ဒါဖြင့် ငါ ရှင်းပြမယ် … မင်းနောက်ကို ငါဘာ့ကြောင့် လိုက်ခဲ့သလဲ၊ မင်းပြောသလို အစာငတ်နေတဲ့ ခြင်္သေ့မကြီးက သားကောင် ကို လိုက်သလိုမျိုး လိုက်တာမဟုတ်ဘူး၊ ခြင်္သေ့မကြီးက သူ့သားကလေး နောက်ကို လိုက်သလို သံယောဇဉ်နဲ့ လိုက်တာ၊ ဒီမှာ မင်းဖရက် … မင်းဟာ ငါမွေးတဲ့သား၊ ဒုတိယသား၊ မင်း ကို ဟိုသဲကန္တာရထဲမှာ မွေးခဲ့တာ၊ မင်းမျက်နှာကို ငါမမြင်ရခင်မှာဘဲ လိုသာက မင်းကို ယူသွားတာ၊ မင်းဟာ ငါ့သားဖြစ်သလို ရှာဆာဟာ မင်းရဲ့ အမေတူ အဖေကွဲ အစ်ကိုတော်တယ်၊ သူက တိတ်တိတ်ပုန်း သားဆိုရင် မင်းလဲ တိတ်တိတ်ပုန်းသားပဲ၊ အဲဒီအချက်နဲ့မင်း သူ့ကိုဖျက်ဆီးရင် မင်းလဲ အဲ့ဒီအချက်နဲပပဲ ကိုယ့်ကိုယ် ကိုယ် ဖျက်ဆီးသလိုဖြစ်သွားလိမ့်မယ် "

" ခင်ဗျားပြောတာ ကျွန်တော် မယုံဘူး၊ လိမ်တာ … အားလုံးလိမ်တာ ညာတာတွေချည်းပဲ၊ ကျွန်တော့် အမေ က မြင့်မြတ်တဲ့ မျိုးရိုးကဆင်းသက်တဲ့ ဂျာမန်အမျိုးသမီး၊ ကျွန်တော့်ဆီမှာ ကျွန်တော့် အမေ ဓာတ်ပုံရှိ တယ်၊ ဟောဟိုမှာကြည့် … နံရံပေါ်မှာ ချိတ်ထားတယ် "
မင်းဖရက် က နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံကို လှမ်းပြီး လက်ညိုးထိုးပြလိုက်သည်။ စင်တိန်က လှမ်း ကြည့်ပြီးမှ ပြန်ပြောသည်။
" အဲဒါ လိုသာမိန်းမ ဟုတ်တယ်၊ ဒါပေမယ့် သူက မင်းမမွေးခင် နှစ်နှစ်လောက်က သေသွားတာ "
" မဟုတ်ဘူး … ခင်ဗျားပြောတာ မမှန်ဘူး၊ ဘယ်လိုမှ မမှန်နိုင်ဘူး "
" မင်းအဖေ ကို သွားမေးကြည့် မင်းဖရက်၊ ပြီးတော့ မင်းဝင်းဟုပ်မြို့ကိုသွား၊ လိုသာ့မိန်းမ ဂျာမန် အမျိုးသမီး သေတဲ့ သေစာရင်းကိုင်ထားတာ အဲ့ဒီမှာရှိတယ်၊ မင်းမွေးသက္ကရာဇ်နဲ့ သူသေတဲ့နေ့ကို ပြန် စစ်ဆေးကြည့်၊ မင်းသိလာလိမ့်မယ် "

စင်တိန့် စကားမှန်ကြောင်း မင်းဖရက် မြင်လာသည်။ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ စားပွဲပေါ် တံတောင် နှစ်ဖက်ထောက်ပြီး လက်ဝါးနှစ်ဖက်ထဲသို့ မျက်နှာကို မှောက်ချလိုက်သည်။
" ခင်ဗျားဟာ ကျွန်တော့် အမေသာဆိုရင် … ဘာ့ကြောင့် ကျွန်တော်က ခင်ဗျားကို တူးတူးခါးခါး မုန်းလို့ ရနိုင် မှာလဲ "
စင်တိန်က မင်းဖရက် ထိုင်နေသော စားပွဲရှေ့တည့်တည့်သို့ လျှောက်သွားပြီး ရပ်လိုက်ကာ ပြော လိုက်သည်။
" မင်းကို အသိအမှတ်မပြုခဲ့တာ၊ စွန့်ပစ်ခဲ့တာကြောင့် ငါ့ကိုယ်ငါ မုန်းမိသလောက် မင်း ငါ့ကို မမုန်းနိုင် သေး ပါဘူးကွာ "
စင်တိန် က မင်းဖရက်၏နဖူးကို အားရပါးရ တစ်ချက်ငုံ့နမ်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

အခုတော့ အချိန်တွေ သိပ်နှောင်းကုန်ပါပြီ၊မင်းပြောခဲ့သလိုပဲ တို့ဟာ ရန်သူတွေဖြစ်ခဲ့ကြရပြီ၊ မင်းနဲ့ငါ ကြားမှာ ပင်လယ်တမျှ ကျယ်ပြန့်တဲ့ ကဏ္ဍကြီးက ဆီးလို့ ကာနေပြီ၊ ဒီပင်လယ်ပြင်ကြီးကို တို့နှစ်ယောက် စလုံး ဘယ်သူမှ ဖြတ်ကူးနိုင်ကြတော့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းကို ငါ မမုန်းပါဘူး မင်းဖရက်ရယ် … မင်းကို ငါ ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး … သားရယ် … "
စင်တိန် က အခန်းထဲမှ တစ်လှမ်းချင်း ထွက်သွားသည်။ မင်းဖရက်က စားပွဲတွင် မျက်နှာပေါ် လက်အုပ်ပြီး ထိုင်ရင်း ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် အယ်ဒိတာ အင်ဒရူဒတ်ဂန်က စင်တိန်ဆီ တယ်လီဖုန်းဆက်သည်။
" ကျွန်တော့်ကို သတင်းပေးတဲ့လူက သူ့ စွပ်စွဲချက်ကို ပြန်ရုပ်သိမ်းသွားပါပြီ စင်တိန်၊ သူ့စွပ်စွဲချက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကိုလဲ မီးရှို့ပစ်လိုက်ပါပြီတဲ့၊ တစ်ယောက်ယောက်က သူ့ကို ကိုင် လိုက်ပြီလို့ ထင်တယ်၊ ဒီလို ပြတ်သားတဲ့လူမျိုးကို ကိုင်နိုင်တဲ့လူဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော် တော့ စဉ်းစားလို့မရအောင် ဖြစ်နေတယ်ဗျာ "

ဆက်ရန်
.

No comments: