Friday, January 20, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၇)

(၅၇)

ရှာဆာသည် သူ၏ ဂျက်ဂွာကားကို မောင်းကာ ၀ယ်ဘာဗီဒင် အိမ်ခံဝင်းကြီးထဲသို့ မောင်းဝင်လာသည်။ အိမ်ကြီးရှေ့တွင် ကားတစ်ဒါဇင်ခန့် ရပ်ထားရာ ဘလိန်း၏ ဘင်တလေးကားလည်း ပါဝင်သည်။ ဘလိန်း၏ ကား ဘေးတွင် မိမိကားကို ရပ်ထားလိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်မှာ ၈ နာရီ ၁၀ မိနစ်ရှိပြီ။ မိမိအနည်းငယ် နောက်ကျနေ၍ မိခင် ကျွဲမြီးတိုနေပေရော့မည်။ စင်တိန်သည် အချိန် တိကျသူဖြစ်သည်။

ထမင်းစားခန်းကြီးထဲသို့ ရှာဆာ ၀င်သွားသောအခါ စင်တိန် စားပွဲရှည်ကြီးမှ ရုတ်ခနဲထပြီး ရှာဆာဆီသို့ ပြေးလာကာ ဖက်ပွေ့နှုတ်ဆက်သည်။ ဖိတ်ကြားထားသူများ အပါအ၀င် လူ ၂၀ သည် ၀ယ်တာဗီဒင်အိမ် ကြီး၏ ခမ်းနားသော နံနက်စာစားပွဲကြီး၌ အသင့်ထိုင်နေကြပြီဖြစ်သည်။ ကြိုက်တာယူ၍ အ၀စား နံနက်စာ စားပွဲဖြစ်သည်။ ငွေလင်ပန်းကြီးများထဲ၌ အစားအာဟာရများ အပြည့်အမောက်ရှိသည်။ စားပွဲထိုး များက လည်း မလစ်ဟင်းရအောင် လုပ်ကိုင်ပေးနေသည်။

စားပွဲတွင် ထိုင်နေသူများက ရှာဆာအား တွေ့သောအခါ ၀မ်းသာအားရနှုတ်ဆက်ကြသည်။ ထိုလူများထဲ တွင် ရှာဆာ ချစ်ခင်သူအားလုံးပါနေသည်။ သူ့အဘိုးဆာဂါရီ၊ သူ့ဇနီးအန်၊ မိခင် စင်တိန်၊ သူ့ဆရာဘလိန်း၊ သူ့ချစ်သူ တာရာ နှင့် တာရာ့ညီမ မယ်တီဒတို့ပါဝင်ကြသည်။ ရှာဆာက သူတို့အားလုံးကို တစ်ယောက် ချင်း လိုက်နှုတ်ဆက်သည်။
ရှာဆာက သူ့အဘိုး ဆာဂါရီအား သူ၏ မွေးနေ့လက်ဆောင်ကို ပေးအပ်လိုက်ပြီး ဘေးတွင် ရပ်စောင့်နေ သည်။ ဆာဂါရီ က လက်ဆောင်အထုပ်ကို ဖြေလိုက်သောအခါ ဘတ်ချယ်ရေးသော ခရီးသွားစာအုပ် ပထမ အကြိမ် ပုံနှိပ်မှုကို သားရေဖုံးနှင့်အထူး ချုပ်ထားသောစာအုပ် ဖြစ်နေသည်။ ဆာဂါရီက အားရ ကျေနပ်စွာ ပြုံး လိုက်သည်။

ရှာဆာသည် ၀န်ကြီးချုပ်စမတ်အား ရိုသေလေးစားစွာ လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် ဘလိန်းနှင့် စကား အနည်းငယ်ပြောပြီး သူ့ပန်းကန်ထဲသို့ အစားအသောက်များထည့်ကာ စင်တိန်နှင့် တာရာကြားမှ နေရာ လွတ်တွင် ၀င်ထိုင်လိုက်သည်။
ရှာဆာက ရှန်ပိန်ကို သောက်ဘဲ ငြင်းလိုက်သည်။
" ကျွန်တော် ဒီနေ့ အလုပ်တွေအများကြီး လုပ်စရာရှိတယ် "
နံနက်စာစား၍ ပြီးသွားသောအခါ စားပွဲမှ အားလုံးထလိုက်ကြသည်။ တေဘယ်တောင်ထိပ်သို့ ပျော်ပွဲစား တောင်တက် ခရီးသွားရန်အတွက် အမျိုးသမီးများက ကုတ်အင်္ကျီများသွားယူသည်။ အမျိုးသားများက အိမ် အပြင်ဘက်ရှိ ကားများဆီသို့ သွားသည်။ ကားများပေါ်တွင် အစားအသောက်ခြင်းတောင်းများ၊ ခင်းစရာ ကော်ဇောများ စုံစုံစိစိ ရှိမရှိ စစ်ဆေးကြသည်။
ဆာဂါရီ က ရှာဆာအား သူ့ဘေးသို့လှမ်းခေါ်ပြီး ပြောလိုက်သည်။

" ငါ့မြေး ငါတို့နဲ့မလိုက်နိုင်တဲ့အတွက် အဘိုးစိတ်မကောင်းပါဘူးကွာ၊ ဒါပေမယ့် မင်းအလုပ်က ဘယ်လောက် အရေးကြီးနေတယ်ဆိုတာ ဘလိန်းပြောလို့ အဘိုးသိထားပြီးပါပြီကွာ "
" ကျွန်တော် နက်ဖြန်ခါညကျရင် ဒီအိမ်ကို ကြိုးစားပြီး ပြန်လာပါမယ်၊ နက်ဖြန်ညလောက်ကျရင်တော့ အခြေအနေ ကောင်းပြီး နည်းနည်းအလုပ်အားသွားမှာပါဘိုးဘိုး " ရှာဆာက ဖြေလိုက်သည်။
" ငါ နာတယ်ကို ချက်ချင်းမပြန်သေးပါဘူး၊ တို့မြေးအဘိုးအေးအေးဆေးဆေး တွေ့ရတဲ့အထိ နေဦးမှာပါ၊ မင်းဟာ ငါံရဲ့ တစ်ယောက်တည်းသောမြေးပါ၊ ကုတ်နေ မိသားစု နာမည်ကို ဆက်ခံမယ့် တစ်ဦးသော ပုဂ္ဂိုလ် ပါ"
ဆာဂါရီ စကားကြောင့် ရှာဆာရင်ထဲ၌ နွေးပြီးချမ်းမြေ့သွားသည်။

" ကျွန်တော် အဖေကြီးတို့ အိမ်မရောက်တာကြာပြီ၊ အလုပ်နည်းနည်းပါးသွားရင် တနင်္ဂနွေ နှစ်ပတ် လောက် လာလည်မယ်လေ "
" ငါ့မြေးလာလည်မယ်ဆိုရင် ဘိုးဘိုးအဖို့ သိပ်ပြီး ၀မ်းသာပျော်ရွှင်ရမှာပေါ့လေ "
ဆာဂါရီက ရှဆာအား ဖက်လိုက်သည်။ ထိုအချိန်တွင် ဖီးမာရှယ်စမတ် သူတို့အနားရောက်လာပြီး ပြော လိုက် သည်။
" ဒီမြေးအဘိုးနှစ်ယောက် စကားပြောလို့ မဆုံးတော့ဘူးလား၊ ကဲ ဆာဂါရီရေ သွားကြရအောင်၊ တောင် ပေါ်တက်ရဦးမယ် မဟုတ်လား၊ တောင်ပေါ်ကို နောက်ဆုံးမှရောက်တဲ့လူကို ဘိုးဘွားရိပ်သာပို့မှာနော် "
ဆာဂါရီ နှင့် စမတ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်မှာ ညီ အစ်ကိုဖြစ်ဖို့ကောင်းလှသည်။ ကိုယ်ခန္ဓာ ပိန်ပုံပါးပုံချင်းလည်းတူသည်။ ဆံပင်ဖြူပုံချင်းလည်းတူသည်။ ဆောင်းထားသော ဦးထိပ်ချင်းလည်းတူသည်။ မုတ်ဆိတ်မွေးထားပုံချင်းလည်းတူသည်။

" ချီတက် "
ဆာဂါရီက စစ်ဟန်ပါပါ အမိန့်ပေးလိုက်ပြီး စမတ်၏ လက်ကိုကာ စင်တိန်၏ ဒိန်မလာ ကားနောက်ခန်း ဆီသို့ ချီတက်သွားသည်။
ဒိန်မလာကားက ရှေ့ဆုံးမှ မောင်းသွားသည်။ ထိုကားနောက်မျ ဘလိန်း၏ကား လိုက်သွားသည်။ ထိုကားထဲ တာရာက အိမ်ရှေ့ဆင်ဝင်အောက်၌ ရပ်နေသော ရှာဆာအား အနမ်းပျံကလေး ပစ်ပေးသွား သည်။ ကားများအားလုံး ထွက်သွားသောအခါ အိမ်ကြီး၌ငြိမ်သွားသည်။
ရှာဆာသည် အိမ်ထဲသို့ ၀င်သွားပြီး အပေါ်ထပ်မှ သူ့အခန်းဆီသို့ တက်သွားသည်။ သူ့စားပွဲအံဆွဲထဲမှ ရှပ် အင်္ကျီ၊ ခြေအိတ်နှင့် အောက်ခံဘောင်းဘီတိုကိုယူကာ အောက်ထပ်သို့ ပြန်ဆင်းလာသည်။ စင်တိန် စာကြည့် ခန်းထဲဝင်သွားကာ တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ စီအိုင်ဒီဌာနချုပ်သို့ လှမ်းဆက်လိုက်ရာ တာဝန်ကျ ရဲကြပ်ကြီး တစ်ယောက်က တယ်လီဖုန်းဖြေသည်။
" ဟဲလို … တပ်ကြပ်ကြီး၊ ကျွန်တော့်ဆီများ တစ်ယောက်ယောက် ဖုန်းဆက်သေးသလား " ဆာရှာက မေး လိုက်သည်။

" ခဏ ကိုင်ထားဦး၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ် "
ခဏကြာသောအခါ တပ်ကြပ်ကြီးက တယ်လီဖုန်းပြန်ကိုင်ပြီး ပြောသည်။
" တစ်ယောက်ဆက်တယ်ဆရာ၊ ပြီးခဲ့တဲ့ ဆယ်မိနစ်လောက်ကပဲ၊ အမျိုးသမီးတစ်ယောက်ဆက်တာ၊ သူ့နာ မည် ကိုတော့ ပြောမသွားဘူး "
" ကျေးဇူးပဲတပ်ကြပ်ကြီး "
ရှာဆာကာ တယ်လီဖုန်းပြန်ချထားလိုက်သည်။ သူ့လက်များက အနည်းငယ်တုံ့နေပြီး အသက်ရှူလည်း မြန် လာသည်။ အမျိုးသမီးတစ်ယောက် သူ့ဆီ ဆက်သည်တဲ့။ နာမည်ပေးမသွားဘူးတဲ့။ မိမိအား သတင်းပေး နေ သော အမျိုးသမီးပင် ဖြစ်ရမည်။ သူမ ဘာကြောင့် ဤအိမ်သို့ ထပ်မဆက်သနည်း။ ဤ အိမ်တယ်လီဖုန်း နံပါတ် ပေးထားပါလျက် ဘာ့ကြောင့် မဆက်ပါသနည်း။
ရှာဆာ တယ်လီဖုန်းနားတွင် အသင့်စောင့်နေလိုက်သည်။ တယ်လီဖုန်းအသံ မြည်စေချင်ပါပြီ။ ငါးမိနစ်ခန့် ကြာသွားသည်။ ရှာဆာ စိတ်လှုပ်ရှားလာပြီး အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်သည်။ နားကို စွင့်ထားသည်။ မိမိ စီအိုင်ဒီဌာနချုပ်သို့ ပြန်သွားရလျှင် ကောင်းလေမလား၊ အကယ်၍ ထိုပြန် သွားတုန်း ဤအိမ်သို့ တယ်လီဖုန်းလာလျှင် မည်သို့လုပ်မည်နည်း။
ရှာဆာ ချီတုံချတုံဖြစ်နေသည်။ နာရီကို ကြည့်လိုက်ရာ မိမိအဆုံးအဖြတ် မပေးနိုင်ဘဲ ချီတုံချတုံဖြစ်နေ သည်မှာ ၃၅ မိနစ် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

နောက်ဆုံးရှာဆာသည် ဌာနချုပ်သို့ တယ်လီဖုန်းဆက်ရန် လှမ်းကိုင်လိုက်သည်။ တယ်လီဖုန်းကိုလက်နှင့် ထိမိချိန် တွင် တယ်လီဖုန်းက အသံမြည်လာသည်။ ရှာဆာရင်ထဲမှ ဒိန်းခနဲခုန်သွားသည်။ တယ်လီဖုန်းကို ဖျတ်ခနဲ ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။
" လေတပ်ဗိုလ် အုပ်စုခေါင်းဆောင် ကုတ်တနေ ပြောနေပါတယ်၊ ခင်ဗျားပဲမဟုတ်လား "
" ဟုတ်တယ်၊ ကျွန်မပါ၊ ဒီဒုတိယတယ်လီဖုန်း နံပါတ်ကို မေ့နေလို့ အိမ်တစ်ခေါက်ပြန်ယူနေရလို့ ကြာသွား တာပါ၊ ကျွန်မ အိမ်မှာလူတွေရောက်နေလို့ ကျွန်မ စောစောတည်းက ဖုန်းမဆက်နိုင်တာပါ၊ ကျွန်မ ယောက်ျား …"
သူမအသံက မောသံပါနေသည်။

" ခင်ဗျားနားပြီး ဖြေးဖြေးပြောပါ၊ အားလုံးအဆင်ပြေပါတယ် "
" မဟုတ်ဘူး၊ ကြောက်စရာကောင်းတဲ့အလုပ် သူတို့လုပ်လိမ့်မယ် "
" အဲဒါ ဘာဆိုတာ ခင်ဗျားသိသလား၊ ကျွန်တော့်ကို ပြောပြမလို့လား "
" ဟုတ်တယ် ပြောပြမလို့၊ သူတို့ ဖီးမာရှယ်ကို သတ်ကြလိမ့်မယ် "
" ဖီးမာရှယ် … ဟုတ်လား "
" ဟုတ်တယ်၊ သြဘတ်စ်ကိုခေါ်တဲ့ ဖီးမာရှယ်စမတ်ကို သတ်မလို့ "
ရှာဆာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်လောက်အောင် အံ့အားသင့်သွားသည်။ ထို့နောက် သတိပြန်ဝင်
လာပြီးမေးလိုက်သည်။
" ဘယ်တော့လုပ်ကြံမှာတဲ့လဲ "
" ဒီနေ့ပဲ၊ သူတို့ စမတ်ကို ဒီနေ့ပစ်သတ်ကြလိမ့်မယ် "

" မဖြစ်နိုင်ဘူး ထင်တယ်၊ စမတ်က ဒီနေ့ တေဘယ်တောင်ကုန်းပေါ်တက်သွားပြီး သူပျော်ပွဲစားထွက် … "
" ဟုတ်တယ်၊ ဟုတ်တယ် တောင်ပေါ်မှာ။ ဓားဖြူက သူ့ကို တောင်ပေါ်က စောင့်နေတယ်" အမျိုးသမီး အသံ ရှိုက်သံပါနေသည်။
" အလိုလေး … ဘုရားရေ "
ရှာဆာတိုးတိုးလေးဘုရားတလိုက်မိသည်။ သူ့တစ်ကိုယ်လုံး လှုပ်မရအောင် ဖြစ်သွားသည်။ အသက်ရှူ ရပ်သွားမလောက်ဖြစ်သွားသည်။
" ခင်ဗျားဟာ တကယ်သတ္တိရှိတဲ့အမျိုးသမီးပဲ၊ ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေအတွက် ချီးကျူး ဂုဏ်ပြုပါတယ်"
ရှာဆာ တယ်လီဖုန်းကို ချထားလိုက်သည်။ တစ်ဆက်တည်းမှာပင် စင်တိန်၏ စားပွဲအံဆွဲကို ဆွဲဖွင့်လိုက် သည်။ ရွှေဖြင့် အလှထွင်းမွမ်းမံထားသော မိန်းမကိုင် ဘာရက်စတာပစ္စတိုလေးများကို သူ့ဘူးထဲ၌တွေ့ရ သည်။ တစ်လက်ကို ကောက်ယူလိုက်ပြီး ကျည်ဆန်ရှိမရှိကြည့်လိုက်သည်။ ကျည်အိမ်၌ ကျည်ဆန် ခြောက်တောင့် အသင့် ရှိနေသည်။ ကျည်ကတ် အပိုများကိုလည်း တွေ့သည်။ ရှာဆာသည် ပစ္စ တိုကို ခါးတွင်ထိုးလိုက်ပြီး ကျည်ကတ်အပိုကို ဘောင်းဘီအိတ်ထဲထည့်လိုက်သည်။

ဤပစ္စတို့လေးသည် တကယ်တော့ သိပ်ပြီး မထိရောက်လှ။ သို့ရာတွင် အမဲလိုက်ရိုင်ဖယ်များမှာ သေနတ် အခန်းထဲမှ ဗီရိုထဲတွင် သော့ခတ်သိမ်းထားသည်။ ကျည်ဆန်များက တခြားတစ်နေရာ၌ သီးခြားသိမ်းထား သည်။ သော့က သူ၏ဂျက်ဂွာကားထဲ၌ရှိသည်။ သော့သွားယူ၍ ဗီရိုများ လိုက်ဖွင့်လိုက်ပါက အဖိုးတန်သော အချိန်မိနစ်များ အလအဿကုန်ဆုံးသွားမည်။ အချိန်ကုန်မခံနိုင်သဖြင့် သွားမယူတော့ပေ။

ယခုဆိုလျှင် ပျော်ပွဲစားထွက်သွားသူများသည် တောင်တက်လမ်း၏ တစ်ဝက်ခန့်လောက် ရောက်နေပေ လိမ့်မည်။ မိမိချစ်သူခင်သူအားလုံး ပါသွားကြသည်။ လူသတ်သမားက သူတို့ကို စောင့်နေချေပြီ။
ရှာဆာသည် အိမ်လှေကားထစ်များပေါ်မှ ပြေးဆင်းသွားပြီး သူ၏ ဂျက်ဂွာကားပေါ်သို့ ခုန်တက် လိုက်သည်။ စက်ကို ၀ူးခနဲနှိုးလိုက်ပြီး ကားကို ဂငယ်ကွေ့ချိုးကွေ့လိုက်ကာ တရှိန်ထိုး မောင်းထွက်သွားသည်။ မိုင်နှုန်းပြ ကွက်တွင် လက်တံက မိုင် ၈၀ သို့ တစ်မုဟုတ်ချင်းခုန်တက်သွားသည်။ လမ်းတွင် ကားမှာ လမ်းပေါ်က ချော်ကျသွားမလို နှစ်ကြိမ် သုံးကြိမ်ဖြစ်သွားသည်။
နောက်ဆုံးတွင် တောင်ခြေရှိ ကားများရပ်သည့် နေရာသို့ ရောက်သွားသည်။ တခြားရပ်ထားသော ကားများ ကို လှမ်းကြည့်လိုက်ရာ စင်တိန်၏ ဒိန်မလာကား၊ ဘလိန်း၏ ဘင်တလေ ကားနှင့် ဒင်နီရစ်၏ ပစ်ကပ်ကား တို့ကို တွေ့ရသည်။

ရှာဆာသည် သူ့ရှေ့မှပေ ၂၀၀၀ ခန့်မြင့်သောတောင်ကြီးကို မော့ကြည့်လိုက်သည်။ မြွေလိမ် မြွေကောက်တက် သွားသော လမ်းကလေးကို လှမ်းမြင်ရသည်။ ထိုလမ်းပေါ်တွင် တရွေ့ရွေ့ လှုပ်ရှားကာ သွားနေသော အစက်ကလေးကို လှမ်းမြင်ရသည်။ ၀န်ကြီးချုပ်စမတ်နှင့် ဆာဂါရီတို့သည် ရှေ့ဆုံးမှ ခြေလှမ်း မှန်မှန်ဖြင့် တက်နေကြသည်။ ရှာဆာသည် မျက်စိပေါ်မှ လက်ဝါးကိုအုပ်ပြီး လှမ်းကြည့်လိုက်ရာ ထိုနှစ် ယောက်နောက်ဘက် ခပ်လှမ်းလှမ်းတွင် သူ့မိခင် စင်တိန်၏ အ၀ါရောင်ဝတ်စုံ၊ တာရာ၏ စိမ်းပြာရောင်စကတ်တို့ကို အညိုရောင်နှင့် အစိမ်းရောင်တောင်နံရံနောက်ခံပေါ်တွင် တွေ့မြင်မှတ်မိသွား သည်။
ရှာဆာ တောင်တက်လမ်းအတိုင်း ပြေးတက်သွားသည်။ မီတာ ၃၀၀ အမြင့် ကျောက်စာတိုင် ရောက်သော အခါ ခေတ္တရပ်ပြီး အသက်၀၀ရှူလိုက်သည်။ အပေါ်ဘက်မှ ဆက်တက်ရမည့်လမ်းကို လှမ်းကြည့်လိုက် သည်။ ရှေ့အဖို့တွင် မတ်စောက်သော ခရီးကို ဆက်တက်ရမည်။ တောထဲတွင် မြွေလိမ်မြွေကောက် သွား သောလမ်း၊ တောင်ကျစမ်းနံဘေးမှ မတ်စောက်သောလမ်း၊ မညီညာသော ကျောက်တုံးကျောက်ခဲများ ပြွမ်းသည့် လမ်း၊ ဤလမ်းများအတိုင်း တက်လိုက်ရသည်။

ရှာဆာလမ်းအတိုင်း တက်ပြေးသည်။ မြို့စီးရှူးဖိနပ်သားရေခွာပါးပါးက လမ်းကြမ်း၌ အပြေးရပ်နည်းနည်း ခက်နေသည်။ သစ်တောကို ဖြတ်ကျော်ထွက်လိုက်သောအခါ သူ့ရှပ်အင်္ကျီ၌ ခွေးများစိုရွှ့နေသည်။ တောင်ထိပ် ရောက်အောင် နောက်ထပ် ပေ ၁၀၀၀ ခန့်လိုသေးသည်။ သို့သော် ပျော်ပွဲစားထွက်သော အုပ်စုနှင့်မူ သိပ်မဝေးတော့ပေ။
ရှေ့ဆုံးတွင် အဘိုးကြီး နှစ်ယောက်သွားနေသည်။ သူတို့နှစ်ယောက်မှာ အရပ်အမောင်း ကိုယ်လုံးကိုယ် ထည်ချင်း တူနေ၍ ခပ်လှမ်းလှမ်းမှ ကြည့်သောအခါ မည်သူမည်ဝါဆိုသည်ကို ကွဲကွဲပြားပြား မမြင်ရပေ။ သူတို့နောက်ဘက် ခြေလှမ်းလေးငါးလှမ်းအကွာတွင် ဘလိန်းကိုမြင်ရသည်။ ကျန်လူများက နောက်ဘက်မှ လိုက်လာကြသည်။ အမျိုးသမီးများကနောက်ဆုံးမှဖြစ်သည်။
ရှာဆာ သည် အသက်တစ်ဝကြီး ရှူလိုက်ပြီး လှမ်းအော်လိုက်သည်။ အမျိုးသမီးများက အသံကြားသွားပြီး ရပ်လိုက်ကာ နောက်ဘက်သို့ လှည့်ကြည့်ကြသည်။

" ရပ် … ရပ် "
ရှာဆာက အသံကုန်ဟစ်ပြီး အသံပြာသွားအောင် အော်သည်။
အမျိုးသမီးတစ်ယောက်က သူ့အားလှမ်းပြီး လက်ဝှေ့ယမ်းပြကာ ဆက်တက်သွားသည်။ ရှာဆာအား သူတို့ မမှတ်မိသေး။ သူတို့အား ရပ်ခိုင်းခြင်း ဖြစ်သည်ကိုလည်း သဘောမပေါက်သေး။ ရှာဆာအား အခြားတောင် ဘက်သမားတစ်ဦး အထင်ဖြင့် သာမန်နှုတ်ဆက်သွားခြင်းသာဖြစ်သည်။ ရှာဆာသည် အချိန်ဖြုန်း နေခြင်း ဖြစ်ကြောင်း သိမြင်လာသည်။ ရှေ့ဆုံးမှ ခေါင်းဆောင်နှစ်ယောက်သည် တောင်ထိပ် နား သို့ ရောက်လုနီးပင် ဖြစ်နေသည်။
ရှာဆာသည် မညီညာသော ကျောက်တုံးများပေါ်မှ ခုန်ပေါက်ပြီး တအားပြေးတက်လိုက်သွားသည်။ ရင်ထဲမှ မောဟိုက်ခြင်း၊ ခြေထောက်မှ တောင့်ပြီးနာလာခြင်းတို့ကို အလေးမထားနိုင်ဘဲ ဇောဖြင့်သာ တအား ဆက်လက်ပြေးတက်သည်။
တာရာ နောက်ဘက် ၁၀ ပေကွာလောက်သို့ သူရောက်သောအခါ ဆာရာက သူ့ကို လှည့်ကြည့်သည်။

" ရှာဆာ … ရှင် ဘာလုပ်နေတာလဲ "
တာရာက အံ့အားသင့်သွားပြီး ၀မ်းပန်းတသာ လှမ်းပြောလိုက်သည်။
" ငါ ရပ်လို့မဖြစ်သေးဘူး "
ရှာဆာက တာရာဘေးမှ ဖြတ်ပြေးတက်သွားရင်း ပြောသွားသည်။ ဆက်လက်၍ တာရာရှေ့မှစင်တိန်နှင့် အန်တို ဘေးမျလည်း ဖြတ်၍ပြေးတက်သွားသည်။
" ဘာဖြစ်တာလဲ ရှာဆာ "
စင်တိန်ကလည်း တအံ့တသြမေးလိုက်သည်။
" နောက်မှပြောမယ် "
ထိုမျှသာ ရှာဆာ ပြောနိုင်ခဲ့သည်။

ခေါင်းဆောင် နှစ်ဦး တောင်ထိပ်နားသို့ ရောက်လုနေပြီ။ ရှာဆာ ရပ်လိုက်ပြီး လှမ်းအော်လိုက်သည်။ သို့သော် မောနေ၍ အသံက သိပ်မထွက်ပေ။ သူလှမ်းကြည့်နေစဉ်မှာပင် စမတ်နှင့် ဆာဂါရီတို့သည် တောင်စွယ် တစ်ခုနောက်သို့ ၀င်ရောက်ပျောက်ကွယ် သွားသည်။ ဘလိန်းက သူတို့နောက်ဘက်ခြေလှမ်း ၂၀ ခန့်အကွာမှ လိုက်သွားသည်။
ထိုစဉ် သေနတ်သံကို ရှာဆာကြားလိုက်ရသည်။ အသံမှာ အဝေးကလာသဖြင့် ခပ်သဲ့သဲ့သာ ကြားရသည်။ သို့သော် ရှာဆာ နားထဲ၌မူ မော်ဇာသေနတ်သံမှန်း သိလိုက်သည်။
ရှာဆာ ကိုယ်ထဲသို့ အားအင်များ မည်သို့မည်ပုံ ရောက်လာသည်မသိ၊ ကျောက်တုံးများပေါ်မှ ခုန်ပျံကျော်လွှားကာ တအား တက်ပြေးတော့သည်။ စောစောက ပစ်လိုက်သည့် တစ်ချက်တည်းသော သေနတ်သံသည် တောင်နံရံများမှပဲ့တင်ထပ်ပြီး ဟိန်းနေသည်။ တစ်စုံတစ်ယောက်၏ အော်လိုက်သံလိုလို လည်း ရှာဆာကြားလိုက်ရသည်။


မင်းဖရက်ဒီလာရေးသည် ကျောက်တုံးနှစ်တုံးကြားရှိ သူပုန်းအောင်းနေသော နေရာ၌ တစ်ညလုံး အိပ်စောင့် နေသည်။ မနက်မိုးလင်းသည်နှင့် သူ အိပ်ရာမှထပြီး ကိုယ်လက် လှုပ်ရှားကာ အကြောအခြင်လျှော့သည်။ အပေါ်ဝတ် ကုတ်အင်္ကျီအရှည်ကြီးကို ဖောက်ထွင်းကာ အရိုးထဲအထိ စိမ့်ဝင် လာသော အအေးဒဏ်ကို လည်း ကိုယ်လက်လှုပ်ရှားခြင်းဖြင့် တွန်းလှန်ပစ်လိုက်သည်။ ကျောက်တုံး တစ်ဘက် ဘေးသို့သွားပြီး အပေါ့ သွားကာဝိတ်လျှော့လိုက်သည်။
ထို့နောက် မင်းဖရက်သည် အပေါ်ဝတ်ကုတ်အင်္ကျီကြီးနှင့် ဆွယ်တာကို ချွတ်လိုက်သည်။ ထိုနှစ်ထည် စလုံးကို မိမိအား ခြေရာမခံနိုင်စေရန်အတွက် အဟောင်းဆိုင်မျ ၀ယ်လာခဲ့ခြင်းဖြစ်သည်။ ထိုအင်္ကျီ နှစ်ထည် ကို လုံးပတ်လုပ်လိုက်ပြီး ကျောက်တုံးတစ်တုံးအောက်သို့ ထိုးထည့်ထားလိုက်သည်။

ထို့နောက် ခင်းထားသောနေရာတွင် ပြန်ပြီးထိုင်ကာ ပုန်းနေလိုက်သည်။ မိမိပစ်ခတ်မည့် ကျည်သွားလမ်း ကြောင်းကို လှမ်းကြည့်လိုက်သည်။ ရှေ့ဘက်တွင် မြက်လေးများကာဆီးနေ၍ နုတ်ပယ်ရှင်းလင်းပစ်လိုက် သည်။ အောက်ဘက်မှ တက်လာသည့် လမ်းကြောင်းထိပ်ဝသို့ သေနတ်ဖြင့် ချိန်လိုက်သည်။ ပစ်ကွင်း ကျည်သွားလမ်း တစ်လျှောက်မှာ ရှင်းလင်းပြတ်သားနေသည်။ ကျည်တစ်တောင့်ထိုးလိုက်ပြီး မောင်းထိန်း ခလုတ်ကို ပိတ်ကာ သူ့ရှေ့တွင် အသင့်ချထားလိုက်သည်။

မလှုပ်မရှားဘဲ ငြိမ်ပြီးစောင့်နေသည်။ မျက်လုံးအ၀ါကိုသာ ကစားပြီး သစ်ပင်ပေါ်မှနေ၍ မလှုပ်မရှားဘဲ သား ကောင်ချောင်းနေသော ကျားသစ်၏ စိတ်ရှည်ခြင်းမျိုးဖြင့် စောင့်စားနေသည်။ ပစ်မျတ်က အလှမ်းဝေး သဖြင့် ခြေသံ သို့မဟုတ် စကားသံတို့ကို ကြားမည်မဟုတ်ဘဲ၊ ရုတ်တရက် ပေါ်လာမည့် ပစ်မှတ် ဖြစ်သည်။ ထို့ကြောင့် မျက်ခြည်မပြတ် ကြည့်နေရသည်။
တောင်အတက် လမ်းထိပ်တွင် လူ့ပုံသဏ္ဍာန် တစ်ခုရုတ်တရက် ပေါ်လာလာသည်။ နောက်ခံ ကောင်းကင် ပြာပြာ ရှေ့တွင် လူတစ်ယောက်၏ အကြမ်းဖျင်းပုံရိပ်ဖြစ်သည်။ မင်းဖရက် အဆင်သင့်ဖြစ်နေပြီ။ ရိုင်ဖယ်ကို ဇတ်ခနဲ ကောက်ယူကာ ပခုံးတွင် ထောက်ပြီး ချိန်လိုက်သည်။

ပြောင်းအပေါ်ဘက်ရှိ အဝေးကြည့်မှန် ပြောင်း ကိုမျက်စိအပ်ကာ ပစ်မှတ်ကို လှမ်းကြည့်ပြီး ချိန်လိုက်သည်။
မှန်ပြောင်းထဲ၌ လူတစ်ယောက်၏ ပုံသဏ္ဍာန်အနီးကပ်ပေါ်လွင်လာသည်။ အဘိုးကြီးတစ်ယောက်၊ ပခုံးက သေးသေးကျဉ်းကျဉ်း၊ ရှပ်အင်္ကျီအဖြူကို ၀တ်ထားသည်။ နှစ်ကာလကြာမြင့်ပြီဖြစ်၍ အရောင်ဝါနေသော ပနားမားဦးထုပ်ကို ဆောင်းထားသည်။ အဖြူရောင်မုတ်ဆိတ်မွေးများက နံနက်ခင်းနေရောင်၌ ငွေရောင် တောက် နေသည်။

မင်းဖရက်က ရင်အုံပေါ် နှလုံးသားနေရာသို့ ချိန်လိုက်ပြီး စိတ်ရောလက်ပါ တည်တည်ငြိမ်ငြိမ်ထားကာ သေနတ်မောင်း ကို ဆွဲညှစ်လိုက်သည်။ သေနတ်သံကို ကြားလိုက်ရသည့် တစ်ချိန်တည်းမှာပင် သေနတ်ဒင် က သူ့ပုခုံးကို လာဆောင့်သည်။ ပစ်မှတ်ကို ကျည်ဆန်သွားမှန်သည်ကိုလည်း သူမြင်လိုက်ရ သည်။ ကျည်ဆန်ဝင်သွားပြီး သွေးထွက်လာသည်ကိုပါ မြင်ရကာ အဘိုးကြီး မြက်တောထဲလဲကျသွားသည် အထိ မြင်လိုက်ရသည်။

မင်းဖရက် စတင်ပြေးတော့သည်။ မောရစ်ကားဆီသို့ အမြန်ဆုံးနှင့် အလုံခြုံဆုံး ပြန်ရောက်မည့်ပြေးလမ်း သို့မဟုတ် လွတ်လမ်းကို ကြိုတင်စီစဉ်ထားပြီးဖြစ်၍ ထိုလမ်းအတိုင်း ပြေးတော့သည်။
သူ့နောက်မှ တစ်စုံတစ်ယောက် အော်လိုက်သံကို ကြားရသည်။ သို့သော် တစ်ချက်ကလေးမှ လှည့်မကြည့် တော့ဘဲ ခြေကုန်သုတ်တော့သည်။ တောင်စောင်းပေါ်သို့ ရှာဆာ အားကုန်ပြေးတက်လာသည်။ လမ်းဘေး မြက်တောထဲ၌ လဲကျနေသော ခန္ဓာကိုယ်တစ်ခုဘေး၌ လူနှစ်ယောက်က ဒူးထောက်ပြီး ကြည့်နေသည်။ ရှာဆာကို မော့ကြည့်လိုက်သော သူတို့နှစ်ယောက်စလုံး၏ မျက်နှာများက အံ့သြထိတ်လန့်နေသည်။

ရှာဆာက မှောက်လျက်လဲနေသော ခန္ဓာကိုယ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျောဘက်မှ ပွင့် ထွက်သွားသော ဒဏ်ရာကို မြင်လိုက်ရရုံဖြင့် ကျည်ဆန်ပြင်းအားနှင့် အခြေအနေကို သိသွားသည်။ မျှော် လင့်ချက် လုံးဝမရှိတော့၊ ပွဲချင်းပြီး သေနေပေပြီ။
ရှာဆာ တစ်ကိုယ်လုံး တောင့်ခနဲဖြစ်သည်။ လွမ်းစရာရှိတာကို နောက်မှ လွမ်းတော့မည်။ အချိန်ထား၍ ရသေးသည်။ လူသတ်သမားကို ချက်ချင်းလိုက်ပြီး လက်တုံ့ပြန်ဖို့က အချိန်ဆွဲ၍ မရနိုင်။
" ပစ်တဲ့လူကို မြင်လိုက်သလား " ရှာဆာက ဘလိန်းကို မေးသည်။
" မြင်လိုက်တယ်၊ ဖျတ်ခနဲမြင်လိုက်တယ်၊ သူ ဟိုနောက်ဘက်ကနေ ကွေ့ပတ်ပြီး ပြေးသွားတယ်၊ ၀တ်စုံအပြာရောင်နဲ့ ဘလိန်းက ဒူးထောက်ထိုင်နေရာမှ ထရပ်လိုက်ပြီး ပြောသည်။
ဤ တောင်ကုန်းပတ်ပတ်လည် နေရာတစ်ဝိုက်ကို ရှာဆာ ကောင်းကောင်းသိသည်။ ဤနေရာများတွင် သူငယ်ငယ်ကတည်းက ခြေရာချင်းထပ်သွားလာခဲ့သည်။ လူသတ်သမားသည် မိမိထက် နှစ်မိနစ်စော၍ ပြေးလေပြီ။

" သူ ပြေးတဲ့လမ်းကို ကျွန်တော်သိတယ်၊ ဖြတ်လမ်းကနေ ပိတ်ပြီးလိုက်မယ် " ရှာဆာက ပြောလိုက်သည်။
" သတိထားနော် ရှာဆာ၊ သူ့လက်ထဲမှာ ရိုင်ဖယ်ကိုင်ထားတာ ငါမြင်လိုက်တယ် "
လူသတ်သမားပြေးသောနေရာသည် တောင်ပေါ်သို့ တော်ကားဖြင့်တက်လာ၍ရသော တစ်ခုတည်းသော လမ်းဖြစ်သည်။ ထိုဘက်သို့ ပြေးခြင်းဖြင့် သူ့တွင် ထွက်ပြေးရန် မော်တော်ကား ပါလာလိမ့်မည်ဟု ရှာဆာ ပြေးလိုက်နေရင်းက တွေးလိုက်မိသည်။ ရှာဆာသည် တောင်ခါးပန်းလမ်းကလေးမှ ပတ်ပြီး ပြေးလိုက်နေ သည်။
လမ်းမမှားအောင် သတိထားရသည်။ နှစ်နေရာတွင် သစ်ကိုင်းများ လမ်း၌ပိတ်ဆို့နေ၍ အတင်းတွန်းဖယ်ပြီး သွားရသည်။ အမြင့်နေရာမှ အောက်သို့ခုန်ဆင်းလိုက်ရာ လေးဘက်ထောက် ကျသွားသည်။ သို့သော် ချက်ချင်းကုန်းထပြီး ဆက်ပြေးလိုက်သည်။

တောလမ်းထဲမှ လမ်းမပေါ်သို့ ရှာဆာ ပြေးထွက်လိုက်ချိန်တွင် တစ်ဘက်မှ ပြေးလာသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ၀င်တိုက်မိသည်။ ထိုသူက အပြာရောင်ဝတ်စုံ ၀တ်ထားသည်။ နှစ်ယောက်သား လုံးထွေး ဖက်ပြီး လဲကျသွားကာ ဆင်ခြေလျှောလမ်းအတိုင်း လိမ့်ဆင်းသွားကြသည်။ ရန်သူ့လက်ထဲမှ ရိုင်ဖယ် လည်း လွင့်ထွက်သွားသည်။ ထိုသူ့ကို ဆုပ်ကိုင်ထားသော ရှာဆာ့လက်များက ထိုသူ၏ ကြွက်သားများ တောင့်တင်း မာကျောလှကြောင်း သိလိုက်ရသည်။

နှစ်ယောက်သား ဖက်သတ်နေရာမှ ထိုသူက အပေါ်ရောက်သွားပြီး ရှာဆာက အောက်တွင် ပက်လက်လှန် ကျသွားသည်။ သူတို့မျက်နှာနှစ်ခုမှာ လက်မအနည်းငယ်လောက်သာ ကွာဝေးတော့သည်အထိ နီးကပ်နေ သည်။ ထိုသူ၏ မျက်နှာ၌ ထူထည်းမှောင်ပြီး ကောက်ကွေးနေသော မုတ်ဆိတ်မွေးများရှိ နှာခေါင်းက ကျိုးနေပြီ မျက်ခုံးက မည်းနက်ထူထည်းနေသည်။ သူ့မျက်လုံးအစုံက ကြောက်စရာ ကောင်းလှ သည်။ ထိုအ၀ါရောင်မျက်လုံးများကို ရှာဆာ ရင်းနှီးသိကျွမ်းနေသလို ရှိသည်။

မိမိအား အပေါ်မှ ချုပ်ကိုင်ထားသော ထိုသူ၏ လက်တစ်ဖက်ကို ရှာဆာက လိမ်ချိုးလိုက်ပြီး သူ့ကိုယ်ပေါ်မှ တွန်းဖယ် လိုက်သည်။ သူ့ကိုယ်ကြီး မိမိအပေါ်မှဘေးသို့ ရွေ့သွားသည်နှင့် တစ်ပြိုင်နက် သူ့ခါးမှ ဘာရက်တာပစ္စတိုကို ဆွဲထုတ်လိုက်သည်။ သို့သော် ကျည်ဆန်က ပြောင်းထဲသို့ မရောက်သေး၍ ပစ်မရသေး။ ထို့ကြောင့် သေနတ်ပြောင်းဖြင့် ထိုသူ့ခေါင်းကို လှမ်းရိုက်လိုက်သည်။ ခေါင်းခံ၊ွကို ခွပ်ခနဲ ထိသံ ကြားလိုက်ရသည်။
ထိုသူက ရှာဆာအား ချုပ်ကိုင်ထားသောလက်များ ပျော့သွားပြီး နောက်သို့ လန်ကျသွားသည်။ ရှာဆာက လည်းတွန်းပစ်လိုက်ပြီး ကုန်းထကာ ဒူးထောက်ထိုင်လိုက်သည်။ တစ်ဆက်တည်းပင် ဆုံလည်ထဲမှ ကျည်ဆန်ကို သေနတ်ကြေပာင်းထဲသို့ ပို့လိုက်သည်။ သေနတ်ပြောင်းကို မတင်ပြီး ချိန်လိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံးထွေးနေစဉ်က တောင်စောင်းသို့ မည်မျှ နီးနီးရောက်သွားသည်ကို သူသတိ မထားလိုက်မိချေ။ ယခု သူဒူးထောက်နေသော နေရာမှာ တောင်စောင်းအစွန်ဆုံးနေရာတွင် ဖြစ်သည်။

လူသတ်သမား၏ မျက်နှာကို သူက သေနတ်ဖြင့် လှမ်းချိန်လိုက်ချိန်တွင် ထိုသူက သူ့ရင်ဘတ်ကို ခြေထောက် နှစ်ချောင်းဖြင့် စုံကန်ထည့်လိုက်သည်။
ရှာဆာ နောက်သို့ လန်ကျသွားသည်။ ပစ္စတိုမှ ကျည်ဆန်ထွက်သွားသည်။ သို့သော် အပေါ်ထောင်ပြီး လေထဲသို့ လွင့်ထွက်သွားခြင်းသာဖြစ်သည်။ ရှာဆာ့ ခန္ဓာကိုယ်မှာ တောင်စောင်းမှ အောက်သို့ လျှော့ကျ သွားသည်။ အောက်ဘက်ချိုင့်ဝှမ်းမှာ ပေ ၁၀၀ ခန့်နက်သည်။ သို့သော် ဆယ်ပေခန့်လျှောအကျတွင် ကျောက်တောင်နံရံ၌ပေါက်နေသော ထင်းရှူးပင်ပေါက်ကလေးကို ရှာဆာ ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သည်။ သူ ကံကောင်းသွားသည်။ ထိုသစ်ပင်လေးကို ဆွဲမိလိုက်ခြင်းဖြင့် အောက်သို့ကျမသွားတော့ဘဲ ခြေတွဲလဲ ဖြင့် တွဲလောင်းခိုချိတ်မိနေသည်။

ရှာဆာ အပေါ်သို့ မော့ကြည့်လိုက်သည်။ လူသတ်သမား၏ ဦးခေါင်းက ကျောက်ဆောင်စွန်းပေါ်မှ ပြူထွက် ပြီး ပေါ်လာသည်။ အ၀ါရောင်မျက်လုံးက မီးဝင်းဝင်းတောက်မတတ် သူ့ကိုစိုက်ကြည့်ပြီး ပြန် ကွယ်ပျောက် သွားသည်။ ကျောက်တုံးများပေါ်မှ လျှောက်သွားနေသော ထိုသူ့ခြေသံကို ကြားရပြီး ရိုင်ဖယ်ထဲ ၌ ကျည်ဆန် ထည့်ကာ မောင်းလိုက်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။
" သူ ငါ့ကို အပြတ်ရှင်းတော့မှာပဲ "
ရှာဆာ တွေးမိလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ညာလက်ထဲ၌လည်း ဘာရက်တာပစ္စတို ရှိနေသေး သည်ကို သတိရလိုက်သည်။ ထို့ကြောင့် ထင်းရှူးပင်ပေါက်ကို ဘယ်ဘက်တံတောင်ဆစ်ကွေးဖြင့် မြဲမြဲချိတ် ထားလိုက်ပြီး ပစ္စတိုကိုအပေါ်ထောင်ကာ ကျောက်တောင်နံရံအစပ် တည့်တည့်သို့ ချိန်ထားလိုက်သည်။

လူသတ်သမား၏ ဦးခေါင်းက ကျောက်တောင်စွန်းမှ ပေါ်လာပြီး ရိုင်ဖယ်ကို အောက်ဘက်သို့ ထိုးစိုက် နေစဉ် မှာပင် ရှာဆာက ပစ္စတိုဖြင့် လက်ဦးအောင် ပစ်ထည့်လိုက်သည်။ ပစ္စတိုကျည်ဆန် သေးသေးလေးက အသားထဲသို့ ဖောက်ဝင်သွားသည့်အသံကို ရှာဆာကြားလိုက်ရသည်။ လူသတ်သမား ထံမှ အားခနဲ အော်သံကြားလိုက်ရပြီး သူ့ခေါင်းလည်း တောင်စောင်းရှိ ရှာဆာ့မြင်ကွင်းမှ ပျောက် သွားသည်။
တစ်ခဏအကြာတွင် ခပ်လှမ်းလှမ်းမှ လူတစ်ယောက် အော်သံကို ရှာဆာကြားရသည်။ ထိုအသံမှာ ဘလိန်း အသံဖြစ်ကြောင်း ရှာဆာမှတ်မိသည်။
ထို့နောက် လူသတ်သမား၏ တောင်ဆင်းလမ်းတစ်လျှောက် ပြေးသွားသောခြေသံကို ကြားလိုက်ရပြီး တဖြည်းဖြည်း ပျောက်သွားတော့သည်။ ထို့နောက် မိနစ်ပိုင်းအတွင်းမျာပင် ဘလိန်းမျက်နှာက တောင်စောင်း အပေါ်ဘက်မှ ပေါ်လာသည်။

" မြဲမြဲကိုင်ထား … ရှာဆာ " သူ့အသံက တုန်ရင်နေသည်။
ထို့နောက် ဘလိန်းသည် သူ့ခါးမှခါးပတ်ကို ချွတ်လိုက်သည်။ ခါးပတ်ကို တစ်ဘက်ထိပ်၌ ကွင်းလုပ်လိုက် သည်။ ထို့နောက် သူက ကျောက်ဆောင်ပေါ်၌ ၀မ်းလျားမှောက် ခါးပတ်ကွင်းကို အောက်သို့ချပေးသည်။ ရှာဆာက ထိုကွင်းလဲ လက်ချိတ်လိုက်သည်။ ဘလိန်းက အပေါ်မှ တအားလွဲ၊ ရှာဆာက အောက်မှ ကျောက်နံရံ ကို တွန်းကန်တက်ဖြင့် မနည်းကြိုးစားမှ အပေါ်ရောက်သွားသည်။ နှစ်ယောက်စလုံး ခြေကုန် လက်ပန်း ကျသွားသည်။
လမ်းအတိုင်း သူတို့နှစ်ယောက် ပြေးဆင်းလိုက်ကြသည်။ ခြေလှမ်း ၂၀ ခန့်အရောက်တွင် လမ်းပေါ် ကျောက်တုံးတစ်တုံးပေါ်၌ သွေးစက်ကိုမြင်ရ၍ ဘလိန်းက မေးလိုက်သည်။
" ဟိုမှာ သွေးစက်တွေပါလား … သူဒဏ်ရာရသွားတယ်ထင်တယ် "
" ဟုတ်တယ်၊ ကျွန်တော် ဘာရက်တာပစ္စတိုလေးနဲ့ ပစ်ထည့်လိုက်တယ် "
သူတို့ဆက်၍ ပြေးဆင်းလိုက်ကြရာ မကြာမီမှာပင် မော်တော်ကားစက်သံ ကြားလိုက်ရသည်။

" သူ့မှာ ကားပါလာတာကိုးကွ "
ဘလိန်းက ပြောလိုက်သည်။ သူတို့လိုက်၍ မမီနိုင်တော့မှန်းလည်း သိလိုက်သည်။ ထို့ကြောင့် သစ်တော ဌာနရုံးသို့ သွားကြသည်။ ရှာဆာက ထိုဌာနမှနေ၍ စီအိုင်ဒီရုံးချုပ်သို့ တယ်လီဖုန်းဆက်ပြီး ရဲမှူးနေးလ် အား လသတ်သမား၏ ပုံပန်းသဏ္ဍာန်ကို ပြောပြလိုက်သည်။
" ခင်ဗျား မြန်မြန်လှုပ်ရှားဖို့လိုမယ်၊ လူသတ်သမားဟာ ကားလမ်းကို ကြိုတင်စီစဉ်အကွက်ချထားပုံရတယ် " ရှာဆာ က ပြောလိုက်သည်။
ထို့နောက် ဘလိန်းနှင့်ရှာဆာတို့ သေနတ်ပစ် လုပ်ကြံခံရသောနေရာသို့ ပြန်သွားကြသည်။ အမျိုးသမီးများ လည်း ထိုနေရာသို့ ရောက်နေပြီ။ စင်တိန်နှင့်အန်က တစ်ယောက်နှင့် တစ်ယောက်ဖက်ပြီး ငိုနေကြသည်။ လုပ်ကြံခံ ရ၍ သေနတ်မှန်သေဆုံးသွားသူ၏ အလောင်းပေါ်တွင် စောင်တစ်ထည် လွှမ်းခြုံထားသည်။

ရှာဆာသည် အလောင်းဘေး၌ ဒူးထောက်ထိုင်ချလိုက်သည်။ စောင်အစတစ်ဘက်ကို မပြီး အလောင်း၏ မျက်နှာကို ကြည့်လိုက်သည်။ သေဆုံးနေပြီဖြစ်သော ဆာဂါရီ၏ မျက်နှာကို တွေ့ရသည်။ ရှာဆာက သူ့ အဖေကြီးနဖူးကို ဖွဖွလေးနမ်းလိုက်သည်။ အသားကအေးစက်နေသည်။
ရှာဆာက မတ်တတ်ထလိုက်သောအခါ ဖီးမာရှယ်စမတ်က ရှာဆာပခုံးကို လက်တင်ဖက်ဖြင့် ကိုင်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်သည်။
" ငါ စိတ်မကောင်းပါဘူး လူကလေးရယ်၊ တကယ်တော့ မင်းအဖေကြီးကို ထိသွားတဲ့ကျည်ဆန်ဟာ ငါ့ကို ရည်မှန်းပြီး ပစ်ထည့်ကျည်ဆန်ပါကွာ "

ဆက်ရန်
.

No comments: