Saturday, January 7, 2012

အောင်ထိပ် ၏ မစ္စတာမရမ်းသီး နှင့် လူကြီးလူကောင်း ဆေးကျောင်းသားများ

မစ္စတာမရမ်းသီး နှင့် လူကြီးလူကောင်း ဆေးကျောင်းသားများ
အောင်ထိပ်

ကျွန်တော် တို့ နှစ်ယောက် မစ္စတာမန်းနီး (ခေါ်) မစ္စတာမရမ်းသီး ၏ ဆယ်ပေအမြင့် အုတ်တံတိုင်း ခတ်ထားသော ခြံကျယ်ဝင်းကျယ်ကြီးထဲသို့ ခြေချမိလိုက်ကတည်းကပင်း နေရာမှား ရောက်လာတဲ့ မျောက်နှစ်ကောင် လို ဟိုကြည့်ဒီကြည့်နှင့် အထူးအဆန်းတွေချည့်သာ စတွေ့ လိုက်ရတော့သည်။ ခြံကျယ်ဝင်းကျယ်ကြီး ဟုဆိုလိုက်ခြင်းမှာ မန္တလေး နန်းရှေ့လိုနေရာမျိုးမှာ ပေ ၂၀၀ ပတ်လည်လောက် ရှိသော ခြံကြီးမို့လို့ ဖြစ်သည်။ ခြံကြီး၏ ခေါင်းရင်းဘက်တွင်မူ အစိမ်းးနုရောင် ဂိုဒေါင်တစ်လုံးတို့ ရှိနေကြသည်။ ခြေရင်းဘက်ပိုင်းမှာ ပေ ၈၀-၁၂၀ ပေလောက်ရှိသည့် သုံးထပ်တိုက်စိမ်းစိမ်း မှည့်မှည့် ဟီးဟီးကြီး ရှိသည်။

ခြံအတွင်းသို့ ကျွန်တော်တို့ရောက်သည်နှင့် ထောင်ထောက်မောင်းမောင်း၊ တောင့်တောင့် ဖြောင့်ဖြောင့် ကုလားလူမျိုး လုံခြုံရေးဝန်ထမ်း လူငယ်နှစ်ယောက်က ရင်ကွဲဘာဂျာတံခါးကြီး ကိုတွန်းပြီး ပိတ်လိုက်ရာ ကျွန်တော် တို့ နှစ်ယောက်မှာ နိုင်ငံခြားတိုင်းပြည်တစ်ပြည်၏ မြို့စွန်က ခြံကြီးတစ်ခြံထဲ ရောက်သွားသလို ကျီးကန်း တောင်းမှောက် ဖြစ်သွားရပြန်သည်။
ကျွန်တော်တို့ နှစ်ယောက် ပစ္စတာမရမ်းသီး စံမြန်းရာ သုံးထပ်သို့ ခြေဆွဲကြိုးမှာ ရွှေခေါင်း လောင်းလေး တွေ တပ်ပြီးဝတ်ထားသည့် ကုလားမလေး နှစ်ယောက် ဦးဆောင်ခေါ်ငင်လာ သည့်အတိုင်း တက်လာ ကြပြန်တော့လည်း တောမှောက်ရွာသားတွေလို ဖြစ်သွားရပြန်ပါ သည်။

အဘယ်ကြောင့် ကျွန်တော် ဒီလိုတွေချည့် ပြောမိနေရပါသနည်း ...ဆိုသော် ဒုတိယတိုက်အထပ်ကို ဖြတ်လာစဉ် တွေ့လိုက်ရသည့် မြင်ကွင်းဆန်း အံ့အားသင့်စရာတွေ ကြောင့်ဖြစ်၏။ မြင်းကွင်းက ဧရာမဘဏ်ကြီး တစ်ခုထဲ ရောက်နေသည်နှင့် တူ၏။ ဆေးလိပ် ဖင်စီခံလုံး ရုံတစ်ခုထဲ ရောက်နေရသည် နှင့်လည်း တူ၏။ ငွေရေတွက်စက် အလုံးနှစ်ဆယ်၊ အစိတ်လောက်ဖြင့် တစ်ထောင်တန်ကို တစ်သိန်းအုပ်၊ ငါးထောင်တန် ကို ငါးသိန်းထုပ် ပက်ကင်ထုပ် တွေကို စည်းနှောင်နေသော မစ္စတာမန်းနီ၏ ၀န်ထမ်းကောင်မလေး တွေကို တွေ့လိုက်ရလို့ ဒီသို့ပြောခြင်းဖြစ်သည်။ ဒီအပြင် အဲဒီပိုက်ဆံစည်း ထုပ်တွေကို မြွေရေခွံအိတ်ထဲ ထည့်နေသော ကောင်လေးတွေကလည်း သုံးလေးယောက်။

ထို့်ကြောင့် မစ္စတာမန်းနီး(ခေါ်) ဟိုတုန်းက မိမိတို့ ဆေးကျောင်းဆောင်မှာ ဒိုဘီလုပ်စားသည့် ကိုမရမ်းသီး သည် ယခုအခါ စွန့်ပစ်ခံထားရသော မြင်းအိုကြီးတစ်ကောင် လို ဘ၀မျိုးလုံးလုံး မဟုတ်ကြောင်း ကျွန်တော် ကောက်ချက်ချလိုက်ပေပြီ။

တကယ်တော့ ကျွန်တော်တို့ဆိုသည်ကလည်း သခြားလူတွေ မဟုတ်ပါ။ ကျွန်တော့ဆရာနှင့် ကျွန်တော်။ ကျွန်တော့်ဆရာ က ဓာတ်မှန်ပါရဂူ၊ ပါမောက္ခဆရာဝန်ကြီးဖြစ်ပြီး မိမိက သူ့လက်အောက်က လက်ထောက် ဆရာဝန်ဖြစ်သည်။ ထို ကျွန်တော့်ဆရာကြီးသည် မိမိနှင့် အတန်းတူ သူငယ်ချင်းပင် ဖြစ်၏။ အဆောင် တစ်ဆောင်တည်းမှာ ၇-နှစ်၊ ၈-နှစ်အတူနေလာကြတဲ့ ငယ်ပေါင်းတွေလည်း ဖြစ်ပါ၏။ သို့ရာတွင် မိမိက ဘွဲ့လွန်ဒီပလိုမာတွေ၊ မာစတာ ဒီဂရီတွေ၊ အဆင့်မြင့်တော်ဝင်ပညာဘွဲ့တွေ ဆက်မတက် နိုင်၍ လက်ထောက်ဖြစ်နေရခြင်းသာ ဖြစ်သည်။ ပြီးတော့ လက်ထောက်ဆရာဝန်ဟူသော ရဥာထူးဖြင့် တာဝန် ထမ်းဆောင်လိုက်၍ ပြင်ပလော ကမှာ ဆရာဝန်ဖြစ်သော်လည်း ယခုမူ လက်ထောက်ဖြစ် သွားရခြင်းလည်း ဖြစ်ပါသည်။ သို့သော် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုရိုးအတိုင်း မိမိ သူငယ်ချင်းကြီး ၏  လက်ထောက်ဖြစ်နေခြင်းဖြစ်သည်။

သို့သော်လည်း မိမိတို့နှစ်ယောက်အနက် မစ္စတာမန်းနီးက ကျွန်တော့်ကို မမှတ်မိပေ။ ဒါသည် ပင် ရှေ့တည့်တည့် က ပစ္စုပန်မှာ ကံကောင်းခြင်းဟု ဆိုရမည်လား မပြောတတ်ပါချေ။  စီးပွား ပျောက်တိမ်၍ ဂုဏ်မထွန်း လျှင် လူစွမ်းညံ့ရာ ရောက်သည်လို့ပဲဆိုဆို၊ ကြံပါသော်လည်း ကြမ္မာ နည်း၍ စီးပွားယိုယွင်း လျှင် တစ်ဖန် လူတွေက မေ့လျော့တတ်ခြင်း ရှိချေသည်ဟုပဲ ပြောပြော ဒါသည်ပင် ကောင်းနေသည်ဟု မိမိ စိတ်ထဲ ကြိတ်ခဲအေးဆေးနေမိပါသည်။ ဒါကြောင့်လည်း ကျွန်တော်သည် ဆရာကြီးတို့ အ၀တ်ဟောင်း တွေကို လျှော်ဖို့အဆောင်မှာ လာသိမ်းနေတဲ့ ကာလတုန်းက ဆရာကြီးတို့လို ဆေးကျောင်းသားတွေကို အားကျပြီး ကျွန်တော်ဆရာဝန် သိပ်ဖြစ်ချင်တာ။ အခုတော့ မဖြစ်ခဲ့တာပဲကောင်းပါတယ်လေ။

မိမိဆရာကြီးကား ဘယ်လိုနေသည်မသိ။ မိမိကတော့ နွားသိုးတစ်ကောင်က ရင်ဝတည့်တည့် ပစ်ဆောင့် လိုက်ရသည်နှယ် အင်းထိုးသွားသည်။ တစ်ချိန်တည်းမှာပဲ မရမ်းသီးသည်ဂေါက်ပြိုင် ပွဲတစ်ခုတွင် တစ်ချက်တည်း ကျင်းဝင်ပြီး ဆုဖလားကြီး ပိုက်မိသွားသူလို လောကကိုသိမ်း ပိုက်ရရှိနေသူလို ကျွန်တော်သတ်မှတ်မိသည်။ မိမိစိတ်ထဲမှာလည်း စိတ်ကူးတွေတွန့်ခေါက် သလို ခံစားရသည်။ ဒီလိုဆိုရင် ကိုမန်းနီး (ခ) ကိုမရမ်းသီးသည် မျက်နှာစူအောက်ပုပ်သိုးနေတဲ့ ဘယ်ပုဂ္ဂိုလ်မျိုးကိုမဆို မင်းမှီ စိုးကပ်ပြုလုပ်ရာ မှာ အဲဒီလိုပြုလုပ်ပြီး စီးပွားရေးကို ကွန်ပစ်ဖမ်း ရာမှာ ဘယ်လောက်တောင် လက်ဖြောင့် နေပြီနည်း။ ဒါမှမဟုတ် လိုချင်သလိုသုံးလို့မရတဲ့ လူတွေကိုလည်း စကားပြောပြီး လက်တစ်ဖျစ် အတွင်းမှာ သုံးပြီးသား တစ်သျူးစက္ကူတစ်စလို ဖြစ်သွားအောင် ဘယ်လိုတောင်အစွမ်းထက်နေပြီလဲ။

ဒီလိုဖြစ်လာဖို့အတွက်လည်း ကိုမရမ်းသီးဆီမှာ အကြောင်းခံတွေကလည်း များများမြောင် မြောင် ရှိနေခဲ့တာ အမှန်ဖြစ်သည်။ မိမိတို့ကြားမိသော သတင်းအရ နှစ်ပေါင်းသုံးဆယ် မပြည့်မီကာလအတွင်း မန္တလေးစီးပွားရေး ကို သူသိမ်းပိုက်ပုံကလည်း အလွန်ပင်မြန်ဆန် သေသပ် ကျွမ်းကျင်လှချေသည်။ နှစ်သုံးဆယ် ကာလသည် မိမိတို့အတွက် နှစ်သုံးဆယ်မက ဖြစ်သော်လည်း သူ့အတွက်တော့ သုံးရက်တည်း နှယ်ပင်ဖြစ်သည်။ နှစ်သုံးဆယ်ကာကကို သုံးရက်အဖြစ် သုံးပိုင်းပိုင်းရင် ပထမရက်တွင် ကိုမရမ်းသီးသည် ရပ်ကွက်ထဲ၊ ၀င်းထဲက ခြံကွက်အသေးစားလေးကို ၀ယ်စုဆောင်းသည်။ သိမ်းထားသည် ဒုတိယရက်ကားတက်ဈေး ၊ခေါင်းဈေးဖြင့် ခြံအရောင်းအ၀ယ်လုပ်ငန်းတွေကို စိုးမိုးမိသည်။ ခြံအရောင်းအ၀ယ်လုပ်ငန်း တွေကိုလည်း သိမ်းပိုက်အုပ်စိုးမိသည်။ တတိယရက်မှာတော့ သူသည်သြဇာ အသိုင်းအ၀ိုင်း တစ်ခုကို အတည်တကျ ထူထောင်ကာ အကုန်သိ၊ အကုန်တတ်၊ အကုန်နပ်သော အဖွဲ့အစည်း အသီးသီးကို ၀ယ်ပြီးသွားပြီ။

အဲဒီလောက်တောင် အကင်းပါးလက်သွက်သော ကိုမရမ်းသီးထံ ကျွန်တော့်အထက်အရာရှိ ကျွန်တော့် ဆရျာနှင့် မိမိတို့ ရောက်နေကြခြင်းဖြစ်၏။ ရောက်နေရသည့်အကြောင်းကလည်း ကိုမရမ်းသီးက မိမိဆရာကြီး ကို တိုင်ပင်စရာရှိလို့ဟု ဆက်သွယ်ဖိတ်ခေါ်လာ၍  ဆရာသမား ကြီး အကြိုက် ချစ်တီးထမင်း ဖြင့် ဂါဝရပြု ဧည့်ခံမည်ဆို၍ ဆရာကြီးကလည်း ရှုပ်ထွေးသော သူတို့လောကထဲက ကောက်ရိုးမျှင် ပါးပါးလေး လို အခွင့်အရေးလေးကို အမိအရ ဖမ်းကာ တစ်နေရာသို့ မပြောင်းရဖို့ ကိုမရမ်းသီး (ခ) မစ္စတာမန်းနီးကို လာရောက် အကူအညီယူ နေရခြင်းလည်းဖြစ်ပါသည်။

ကျွန်တော်သည် အဲကွန်းလေအေးစိမ့်မြနေသော အခန်းထဲတွင် ကုပ်ကုပ်ရို့ရို့ထိုင်ရင်း ယခုအခါ ကျိုးလွယ်ကြေလွယ် အလုပ်သမားပေါင်း မြောက်မြားစွာ၊ မွဲတေခြင်းကြောင့် ကြက်သေသေလျက်ရှိသော လူသားပေါင်း များစွာ၏ ဘ၀ဗိသုကာဖြစ်နေသော မစ္စတာမန်းနီး အကြောင်းကိုသာ ချိန်သားကိုက်စိတ်တစ်ခုဖြင့် စောကြောနေမိဆဲ။ ငြိမ်နေမိဆဲဖြစ်သည်။ ထိုအခါ မင်းဖြစ်မည့်သူ သျှောင်ကလေး နှင့် ဆိုသလိုပဲ သူ့ရုပ်ဆင်းသွင်ပြင်ကတောင် ကြိုတင်အထာ ပေးနေခဲ့သယောင် ရှိခဲ့တာ ကိုလည်း ကျွန်တော်အမှတ်ရလာပါသည်။ ယခုတော့ သူသည် ဆာလောင်နေသူမိသားစုများ၏။ ၀မ်းမီးတောက် များကို ငြှိမ်းသတ်ပေး နိုင်သော မီးသတ်ကားကြီးတစ်စီးလား။ ညံ့သည့်၊နုံသည့်၊ အသည့်၊ ဖျင်းသည့် နေရာတွင် အတော်ပါရမီထူးသော လူသားတွေဆီက အစွန်းထွက်တန်ဖိုးကို တန်ခိုးရှင် တစ်ပါး က လက်တော် ခြောက်ဖက်နှင့် စွန့်ကြဲခြင်း ခံနေရသလိုလည်း စီးပွားဖြစ်လှ၏။

ထို့ကြောင့် ထိုလက်ခြောက်ဖက် သခင်မကပဲ ဒဏ်ပြန်ခတ်လေသည်လားမသိ။ ကိုမရမ်းသီး၏ ရုပ်က ဥပဓိရုပ် အလွန်ညံ့လေသည်ဖြစ်ရာ ရုပ်ရည်ရူပကာမှာ ဆိုးရွားလှစွာ၏။ သူသည် လူမျိုး တစ်ရာ့တစ်ပါး တွင် ခြောက်ဆယ်ကုလားထဲက တစ်မျိုးဖြစ်၏။ 
သူ့ပုံပန်းရူပါ ကို ရေးပြရသော် ထက်အောက် ရှည်မျောသော မျက်နှာမှာ ကန့်လန့်ကျယ်သော နှုတ်ခမ်း ထူထူ နှင့် ကန့်လန့်ဖြတ်ပါးစပ်၊ ထူထဲမည်းနက်သော မျက်ခုံး၊ ပြူးကျယ်သော်လည်း မျက်လွှာ ချထားလေ့ ရှိသော မျက်လုံး၊ ဟိုတုန်းကတည်းကပင် တွန့်လိမ်အဖြူဖောက်နေသော ဆံပင်နှင့် စုတ်ချွန်းရှည်မျော သော နှာတံတို့ ရှိ၏။ ပိန်လှီးပါးလျားသည့် ခန္ဓာရှိ၍ ဒူးဆန်ရှည် ရှည်မို့ အရပ်က မြင့်သွယ် ကာ ပိန်ပါးပေသည်။

ကိုမရမ်းသီးသည် ညနေမိုးချုပ်ရင် ကျွန်တော်တို့အဆောင်မှာ လျှော်စရာ အ၀တ်တွေ လာယူ သည်။ လျှော်ပြီး မီးပူတိုက်ပြီးသား အ၀တ်တွေကို ပြန်ပို့သည်။ သူ အဆောင်သို့ လာရာမှာ သူ့နောက်က တကောက်ကောက် ပါလာသည်က သူ့သားနှစ်ယောက်ပင်။ သူ့သားတွေက ၁၃-၁၄ နှစ်အရွယ်တွေ။ ကလေး နှစ်ယောက်က စက်ဘီးတစ်စီးစီနှင့် ကိုမရမ်းသီးက စက်ဘီး တစ်စီးနှင့်။ ကလေးတွေရဲ့ စက်ဘီး နောက်မှာသူတို့ တစ်နိုင်အ၀တ်ထုပ်တွေနှင့်။ ကိုမရမ်းသီး ကတော့ လူတစ်ရပ်စာလောက် အ၀တ်ထုပ် အကြီးကြီးပေါ့။ အရင်နေ့က ဆေးကျောင်းသား တွေ အပ်လိုက်သည့် လျှော်ဖွပ်ပြီးသား၊ မီးပူတိုက်ပြီးသား အ၀တ်ထုပ်ကြီး ပင် ဖြစ်သည်။

သူတို့သားအဖတစ်တွေ အဆောင်ဆင်ဝင်အောက်ရောက်သည် နှင့် အ၀တ်ထုပ်တွေကို နဂိုရှိပြီုးသား စားပွဲကြီး တစ်လုံးပေါ်မှာ တင်လိုက်ကြသည်။ ထိုအချိန်က ကိုမရမ်းသီးသည် ဆေးကျောင်းသား ကြီးငယ် တွေကို သူတို့အ၀တ်တွေ လျှော်ဖွပ်ချင်အောင်၊ ဒိုဘီပေးချင်အောင် ပိုပိုသာသာ ခယစွာ ဆက်ဆံသည်။ သူ့ထက် ကြီးသည် ငယ်သည်မရွေး 'အစ်ကို၊ အစ်ကို'နှင့် အလွန်ချိုသာသည်။ တကယ်တော့ မိမိတို့ အရွယ် တန်းကျောင်းသားတွေထက် သူက ဆယ်နှစ်လောက် ကြီးသည်။

အ၀တ်ထုပ်ကြီးတွေကို စားပွဲပေါ်မှာ ဖြည်ပြီးသည်နှင့် ကိုမရမ်းသီးသည် သားတစ်ယောက်ကို အ၀တ်ထုပ် စောင့်ခိုင်းထားသည်။ ပြီးတော့ ကျန်တဲ့သားတစ်ယောက်ကို ခေါ်ကာ အဆောင် အခန်းလှည့်သည်။ ကျွန်တော် တို့် ဆေးကျောင်း အဓိက အမျိုးသားဆောင်က နှစ်ထပ် အဆောင်။ အပေါ်မှာ ၄၄ ခန်း၊ အောက်ထပ် ၄၄ ခန်း။ တစ်ခန်းနှစ်ယောက်နေရလို့ ကျောင်းသား ၁၇၆ ယောက် ရှိသည်။ တခြား သစ်သားဆောင်၊ အမျိုးသားဆောင်လည်း ရှိသေး လို့ ကိုမရမ်းသီး ဖောက်သည်တွေက လူသုံးရာ ကျော်ရှိသည်။

သူသည် ဒိုဘီကျ အ၀တ်အစား တွေကို လူမမှားရအောင် တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပေးသည်။ အ၀တ်ဟောင်း တွေကို အမှားအယွင်း ကင်းအောင် မှတ်ပြီးလက်ခံသည်။ သူသားလေးက ဆင်ဝင်အောက် သို့ ပြေးပို့သည်။ စွပ်ကျယ်တစ်မတ်၊ ရှပ်နှင့်ပုဆိုး ပြားလေးဆယ်။ တိုက်ပုံ၊ ဂျာကင်သုံးမတ်။ ခြင်ထောင်၊ စောင် ငါးမတ် စသည်ဖြင့်။ ယခုအခါတွင် ကိုမရမ်းသီး အဘိဓာန်ကို မိမိပြန်လှန် ကြည့်တော့မှ ထိုအချိန်က သူ့ဝင်ငွေ သည် ဆရာဝန်လစာ ၄၅၀-၂၅-၇၀၀ နှုန်းခေတ်မှာ တစ်ထောက်ကောင်းကောင်းကျော်တာ တွက် မိသည်။ ဒီလိုနှင့် တစ်နာရီ၊ နှစ်နာရီလောက် အတွင်းမှာ ကိုမရမ်းသီးလည်း သူ့ကိစ္စတွေ အားလုံးပြီးသွားပြီ။ သူတို့သားအဖအားလုံး အဆောင်ဆင်ဝင်အောက်ကနေ လူတစ်ရပ်စာလောက် ဧရာမ အ၀တ်ထုပ်ကြီး တွေ တင်ပြီး စက်ဘီးနင်းထွင်သွားကြပြီ။

ဘယ်အရာမဆို အတွေ့အကြုံကျယ်လာရင် မြင်ကွင်းကျယ်လာသည်သာ ရှိသည်။ မြင်ကွင်း က ကျယ်လာရင် အလုပ်က ပင်လယ်ကြီး ဖြစ်လာလိမ့်မည်။ ပင်လယ်ထက် ပိုကျယ်ဝန်းလာရင် တော့ ထပ်မံကာ အာကာသတစ်ခွင် တစ်ပြင် ပြန်ဖြစ်လာသည်သို့ နှယ်ပင်၊ ကိုမန်းနီး (သို့) ကျွန်တော့်လို လူကြီးလူကောင်း ဆေးကျောင်းသားတွေအခေါ် ကိုမရမ်းသီးသည် စုဆောင်း ရမိသော ငွေစကြေးစ ကလေး တွေနှင့် ဆေးကျောင်းဆောင် ၀န်းကျင်က ခြံကွက်ကလေးတွေ ၀ယ်စုထားတာ ကျွန်တော် မှတ်မိသည်။ အဆောင်လခ ၁၂၀ကျပ် သွင်းထားရင် ဆေးကျောင်း သားတစ်ယောက်ကို လူကြီးလူကောင်း လို ကျွေးမွေးသော ခေတ်တွင် အိမ်နှင့်ခြံတစ်တွဲသည် အကောင်းအဆိုးအလိုက် ငွေလေး ငါးခြောက်သောင်း သာ တန်ပါသည်။

''ကျွန်တော် က ကလေးများတယ်ဆရာကြီးရဲ့။ ကျွန်တော် ပင်မင်းလုပ်စားချိန်တုန်းက ယောက္ခမဘက်က အမျိုး တွေကို နာမည်ခံခိုင်းပြီး ခြံကွက်တွေဝယ်စုထားခဲ့တာ။ ကျွန်တော် စီးပွားတက်တာ အဲဒီက စတာပဲ''
၁၉၉၀ ခုနှစ် ကိုမရမ်းသီး ကျွန်တော့်ကို မှတ်မိနေသေးချိန်က ပြောပြခဲ့သော စကားတွေ ဖြစ်သည်။ အမှန်မှာ သူသည် သူ၏ဖောက်သည် လူကြီးလူကောင်း ဆေးကျောင်းသား ဆရာဝန်လောင်းကို တရို့ရို့ ခေါင်းငုံ့ခစားရင်း လုပ်သင့်တာတွေ တည်ဆောက်ခဲ့ခြင်းဖြစ်သလို မျက်နှာစူအောင့် ပုပ်သိုးနေတက်သော ကုလားထိုင်များကိုလည်း ကျေနပ်အောင် ပေးဆပ် ပေါင်းသင်ပေလိမ့်မည်။ ကုလားထိုင်တို့၏ ပေါ့လျှပ်လျှပ် အရာမရောက် အလေဏတော ပြက်လုံးများကိုလည်း အလိုက်သင့် ၀င်ရောက် ရယ်ရွှန်းပေး ပေလိမ့်မည်။ သူဒီလောက်အလုံး အထည်ထွားကျိုင်းလာခြင်းသည် ကုလားထိုင်တွေ အများကြီး ၀ယ်ထားလို့သာ ဖြစ်ကြောင်း ကျွန်တော် တွတ်မိသည်။ အခုဆိုရင် သူသည် ပထမတန်းစား နိုင်ငံသား အဆင့် တောင် ဖြစ်နေလောက်ပါပြီ။

ကိုမရမ်းသီးသားလေးတွေက အားကိုးရသည်။ ဘ၀အသိရှိသည် ဆိုရမည်။ သူ့သားအကြီး ကောင်လေးက လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှာ နေ့ခင်းဘက် အလုပ်ဝင်လုပ်သည်။ ပလာယာ တစ်လက်ဖြင့် လျှပ်စစ်မီးကြိုး အဟောင်းတွေထဲက ကြေးနန်းမျှင်တွေကို ဆွဲထုတ်နေတဲ့ ကောင်လေး။ အလတ် တစ်ကောင် က ရေပိုက်ဆိုင်မှာ နေ့ခင်းဘက် အလုပ်လုပ်သည်။ ပလတ် စတစ်ပိုက်၊ သံပိုက်လုံးတွေ အရောင်းဆိုင်မှာ တောက်တိုမယ်ရ အလုပ်သမား။ ဘာပဲပြောပြော အမှိုက်ကောက်စားမည်ဆိုရင်တောင် စားကျက် သိမှ ဖြစ်တဲ့ လူ့လောကမှာ ကိုမရမ်းသီးက ဆေးကျောင်းဆောင် ဒိုဘီဈေးကွက်ကို အခိုင်အမာ စိုးမိုးထားနိုင်သလို သူ့သားလေးတွေ ကလည်း စီးပွားစားကျက်အခြေခံသင်ရိုးတွေ ကျေလေသည်။ ထို့ကြောင့် ကိုမရမ်းသီး၏ ရုပ်ကြွပန်းချီကားတွေသည် ပျားပန်းခပ်လောက်အောင် တောက်လောင် လှပနေရသည်လား၊ ကျွန်တော် လက်လှမ်းမမီ။

အဲဒီလို သားသမီးတွေအတွက် အကွက်စချပြီး မြေကွက်တွေချည်ဝယ်စုထားသော ကိုမရမ်း သီးသည် ယခုအခါ ကိုယ်ပိုင်ခြံမြေနှင့် တိုက်တာအဆောက်အအုံပေါင်း သုံးရာလောက်ပိုင်နေ ပြီ။ အရာ အားလုံး သည် ကိုမရမ်းသီးခေါ် မစ္စတာ မန်းနီးအတွက် အမှန်မထင်၊ မထင်မှတ်မှု ကနေ ကြွယ်ဝ လာဖို့ ဖန်ဆင်းချက်တွေချည် ဖြစ်နေတော့သည်။ ဒီအပြင် မိမိတို့ကို ဘ၀တစ်ခု ဘယ်လို တည်ဆောက်ရတယ်၊ စီးပွားရှာတယ်ဆိုတာ ဘယ်လိုဟာမျိုးဆိုတာ သင်ကြားပေးဖို့ လူ့ဘ၀အဖြစ်ကို ရလာသူ တစ်ယောက်ဖြစ်မှန်း မသိလည်း ဖြစ်နေပြန်တော့သည်။

ဒီအရာတွေအားလုံးကို ကျွန်တော့်ဆရာကြီးနှင့် မိမိတို့တတွေ ဆေးကျောင်းစတက်ချိန်မှ စကာ နယ်တကာ အနှံ့မှာ လူ့အသက်ကယ်ပွဲကြီး ၀ှဲချီးလှည်လည် ထမ်းဆောင်နေချိန်မှာ ကိုမရမ်းသီး ကြီးသောအဟုန်ဖြင့် တည်ဆောက် လိုက်ခြင်း ဖြစ်ပါသည်။ သူသည် တောက်ပ လာသော သိမှုတွေဖြင့် ရွှေရောင် ခေတ်ကြီး တစ်ခုလို လှလှပပ ဖြတ်သန်းနိုင်ခဲ့ကြောင်း ကျွန်တော့်ဆရာပါမေက္ခကြီးကို ပြန်ပြောပြနေပါသည်။ မိမိတို့ နယ်မှာ တာဝန်တွေနှင့် စေးကပ် နေခဲ့၍ မသိလိုက်သော ကာလကြီးတစ်ခုပေတကား။

''အဲဒီအချိန်တုန်းကဆို တရုန်းရုန်း၊ တအုန်းအုန်းနဲ့ စီးပွားရေးသမားတွေအတွက် မယုံနိုင်စရာ ဗရမ်းပတာ ပွပေါက် တိုးတဲ့ ခေတ်ကြီးပဲဗျ။ ဆရာတို့က အလုပ်ထဲမှာဆိုတော့ မသိလိုက်ဘူး ထင်တယ်။ လူတချို့ဆိုရင် နာရီပိုင်း အတွင်း သူဌေးကြီးတွေ ဖြစ်ကုန်ကြတယ်။ တချို့ကလည်း ညတွင်းချင်း သူဌေးတွေ ဖြစ်ကုန် ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတို့ ကျောင်းသားဘ၀ အဆောင်မှာ ရှိနေတုန်းက ငါးသောင်း ခြောက်သောင်း တန်ခြံတွေဟာ အဲဒီတုန်းက လေးငါးရာ ဖြစ်ကုန်တယ်။ အခုဆိုရင်တော့ သိန်း လေး ငါးထောင် ပေါ့။ ဒါကြောင့် လူတွေဟာ မကြားဝံ့မနာ သာ ငွေကြေးပမာဏတွေ ပိုင်ဆိုင်ကုန်ကြတယ်။

 စဉ်းစားဗျာ၊ အဲဒီအချိန်က ဗင်လိုမှန်လုံကား တစ်စီးကိုမှ ဈေးက ဆယ်သိန်းအောက်ဆိုတော့''
ဧရာမ စီးပွားရေးလှိုင်းကြီး ငြိမ်သွားသောအခါ ကိုမန်းနီးသည် ခြံတွေ၊ အိမ်တွေ ရောင်းလိုက် ၀ယ်လိုက်နှင့် ခြံကုန်ုသည်လုပ်သည်။ အရွယ်ရောက်လာသော သူ့သားသမီးတွေက အရာရှိ အရာခံမဖြစ်ပေမယ့် သူကြွယ်လောင်းတွေ ဖြစ်ကုန်သည်။ ၀ိုင်ယာကြိုးဆိုင်က သူ့သားက ကိုယ်ပိုင်ဆိုင်က သားကလည်း ကိုယ်ပိုင်ဆိုင်နှင့် စက်ရုံတွေနှင့်။ မြို့သစ်စက်မှုဇုန်ဘက်မှာ ဂိုဒေါင်တွေစက်ရုံတွေနှင့်. ယခုအခါ အိမ်နီးချင်း နိုင်ငံတွေမှာ မြှုပ်နှံမှုတွေ၊ တိုက်ရိုက်အဆက် အသွယ်တွေနှင့်။

ထိုအခိုက်တွင်ပင် ကိုမန်းနီး၏ သားအကြီးကောင် ကျွန်တော်တို့ စကားပြောနေသော အခန်းထဲသို့ ၀င်လာရာ ကိုမန်းနီး က မိတ်ဆက်ပေးသည်။ သို့သော် ဒီကောင်တွေဘယ်မှာ မှတ်မိတော့ပါမည်နည်း။
''ဂိုဒေါင်မရမ်းရောင် ထဲက အိတ်ဘ၀ကို ကားပေါ်တင်သွား၊ တစ်အိတ်ကို သိန်းငါးထောင်ဆို တော့ တွတ်စမ်း''
ကိုမန်းနီး၏သားက ဂဏန်းပေါင်းစက်နှင့် တွက်ပြီး ကျွန်တော်တို့ နားလည်သော ဘာသာ စကား တစ်မျိုး ဖြင့် ဖုန်းဆက်လိုက်သည်။ မရမ်းရောင်ဂိုဒေါင်တံခါးကြီး ပွင့်သွားပြီး အအေးခန်း ကားလို ကားတစီး ဂိုဒေါင်ထဲ ဘက်ဆုပ်ကာ ၀င်သွားသည်။ ကိုမန်းနီး၏သား အခန်းထဲက ပြန်ထွက်သွားသည်။

''ငွေတွေကို ဘဏ်မှာမထားဘူးလား ကိုမရမ်းသီး''
''ထားပါတယ်။ သွင်းလိုက်ထုတ်လိုက်ဆိုတော့ ပိုက်ဆံရေရတာ အလုပ်ရှုပ်လို့ လွယ်အောင် ဂိုဒေါင်ထဲ ထည့် ထားတာပါ။ မတ်တတ် လည်ပတ်လောက်ပါပဲ''
ကိုမန်းနီးက ကျွန်တော့်ဆရာကြီးကို ယခုမှပင် စကားပြောနိုင်လာတော့သည်။ ပြီးတော့ ဆရာကြီးတို့ ကြွပါဟု ဖိတ်မန္တကပြုလာသည်။ သူကပင် ဦးဆောင်ပြီး အခန်းတစ်ခန်းထဲသို့ ဦးဆောင်ခေါ်လာရာ စားပွဲရှည် တစ်လုံး ပေါ်တွင် ချစ်တီးထမင်း၊ ချစ်တီးပဲဟင်း၊ ချစ်တီးဟင်း လျာတွေကို စတီးပန်းကန်တွေနှင့် ကျကျ နန ပြင်ပေးထား၍ မိမိမှာ အံ့သြသွားရပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိသူငယ်ချင်း ပါမောက္ခကြီး သည် ချစ်တီးထမင်းဟင်းကို အလွန်ကြိုက်သည် မဟုတ်လား။ ဒီအကြိုက်ကိုမှ ကိုမန်းနီးက ပြင် ပေးထား၍ အံ့သြမိခြင်း ဖြစ်ပါသည်။

''ဆရာကြီး ကိစ္စကိုလည်း စိတ်ချပါ။ ကျွန်တော် လှမ်းပြောပေးပါမယ်။ ရပြီလို့သာ စိတ်ထဲ ထားလိုက်ပါ''
မိမိဆရာကြီး ကိစ္စကို မစ္စတာမရမ်းသီးက တိတိကျကျ ကတိပေးသည်။

''အခု ဆရာကြီးကို ကျွန်တော်ဖိတ်ကြားရခြင်းအကြောင်း က နှလုံးအစားထိုး ကုရင်၊ ကျောက်ကပ်၊ အသည်း၊ အဆုတ် ကလီစာ တွေ လဲရင် ဘယ်လောက်နှုန်း တွေ ရှိသလဲဆိုတာ သိချင်လို့ပါ''
မိမိဆရာကြီှး နှင့် မိမိ တို့ ချစ်တီးထမင်းကို မြိန်ရေရှက်ရေ စားနေကြ၏။ ကျွန်တော်သည် ကိုမန်းနီး အပေါ် တစ်လုတ် စားဖူး သူ့ကျေးဇူး ဆိုသည့်အတိုင်း ...
''သတင်းစာမှာ ပါတယ်ဗျ မစ္စတာမန်းနီ။ အင်တာနက်မှာလည်း ရှာရင်ရမှာပါလေ။ တရုန်ပြည် မှာ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အူသိမ်၊ ဆီးအိမ်၊ ကိုယ်အင်္ဂါခြောက်ခုကို အစား ထိုးတာ ၁၅ နာရီပဲ ခွဲစိတ်ချိန် ကြာသတဲ့။ ဘယ်လောက် ဘယ်၍ ကုန်တယ်ရယ်တော့ မပြော တတ်ဘူး'' အသိပေးလိုက် မိသည်။

နှလုံးတစ်ခုတည်း ဖြုတ်လဲမယ် ဆိုရင် ဒေါ်လာ ၂သန်းခွဲလောက်ကုန်နိုင်သည်လို့ ကျွန်တော့် ဆရာ ပါမောက္ခကြီး က ရှင်းပြသည်။ ဆိုတော့ ကျပ်သိန်း နှစ်သောင်းပေါ့။
''ကျွန်တော် အလုံး ၁၀၀ လောက်မကဘူး လဲနိုင်ပါတယ်၊ ကျွန်တော့်နှလုံးကို လဲပစ်ချင်လို့ ဆရာတို့ကို ဖိတ်ပြီး မေးတာပါ။ စီးပွားရေးကလည်း အခုကာလမှာ ငင်တိုင်းရေပါတဲ့ ရေပုံးလို ဖြစ်နေလေတော့ ကျွန်တော် အသက်နှစ်ပေါင်း ၂၀၀ ကျော်လောက်အထိ နေချင်သေးတယ်ဗျ။ အဲဒီအချိန် နောက်နှစ် ၂၀၀ လောက် ကျရင်လည်း အနိစ္စ ကို ငွေနဲ့ ပိုက်ဆံ နဲ့ တားလို့ ရလောက် ပြီထင်တယ်''
မိမိဆရာ ပါမောက္ခကြီးက နောက်၁၀နှစ်လောက်ကြာရင် ၂၀၂၀ ခုနှစ် လောက်ကျရင် ခန္ဓာကိုယ် အစိတ်အပိုင်း ၇၀ ရာခိုင်နှုန်းလောက်ကို ပိုက်ဆံတတ်နိုင်ရင် အစားထိုး ကုသနိုင် မည်။ ငွေသာ အဓိက ကျပါသည်လို့ ရှင်းပြတော့ မစ္စတာမန်းနီး (ခ) မစ္စတာမရမ်းသီး အားတက် နေသည်။ သူ့သားစဉ် မြေးဆက် ကိုလည်း လိုအပ်တာ ၀ယ်လဲပေးမည်လို့ ပြောသည်။

မိမိဆရာ ပါမောက္ခ ကြီးရော မိမိပအါ မစ္စတာ မန်းနီး၏ ချစ်တီးပီတိ ထမင်း ကို အ၀အနင့်လွေး လို့ ပြီး သွားပါပြီ။ ချစ်တီးပဲဟင်း ကလည်း အလွန် ဆိမ့်လျက် ကောင်းလှပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဆရာ ဆရာဝန်ကြီး တို့ အဖြစ်က ပီတိ တွေကို စားနေရသလိုရှိ၏။ တစ်သက်လုံး လည်း ပီတိတွေနှင့်သာ နင့် ကားကာ အသက် ၅၀ တော်တော် ကျော်လာခဲ့တာ မဟုတ်လား။ မုဒိတာပွားဝမ်းသာ စရာပင်။ သို့သော် ဒါပေမဲ့ သို့ရာတွင်မူ ကျွန်တော်သည် လည်းကောင်း၊ မိမိ ဆရာ ပါမောက္ခ ဆရာသခင် ကျေးဇူးရှင်ကြီး သည် ကောင်း ပီတိထမင်းဟင်းကို စားရ၍ အရင်က လိုပဲ ပဲဝမ်းတွေ သွားချေဦးတော့မည်။ ဟုတ်၏။ ပီတိ ကို စား ပဲချေး ပါ၏။

(ကန်တော့- ကန်တော့)

စာရေးသူ - အောင်ထိပ်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇန်နဝါရီလ ၂ဝ၁၁
.

5 comments:

ဘိုဖြူ said...

မရန်းသီးကျွေးတဲ့ ချစ်တီးထမင်ဟင်းဆိုတော့မှ ရန်ကုန်မှာစားခဲ့ဖူးတဲ့ဌက်ပျောဖက်နဲ့ချစ်တီးထမင်းကိုတောင်သတိရနေမိတယ်အမရွှေစင်ရေ

Angelhlaing(May everybody be happy and healthy! said...

ဘဝကို ရုန်းကန်လှုပ်ရှားပုံလေး တင်ပြထားတာ အားကျအတုယူ ဖွယ်ရာပါပဲ မမရေ... ဒီလိုစားကောင်းလေးတွေဖတ်ခွင့်ရလို့ ကျေးဇူးပါမမ။

မောင်မောင် said...

မရွှေစင်
အဲဒီမရမ်းသီး လို ပဲ ချမ်းသာချင်တာနော်........
ဘာတဲ့ မန္တလေးက သထိန်း လာပြီ ဆိုတာ...
စာဖတ်ယင်း နဲ့  ရယ်သွားပါ၏။
ကျေးဇူးများစွာတင်ပါ၏။

ဟန်ကြည် said...

ကောင်းလိုက်တဲ့ ၀ထ္ထုတိုလေး...ကိုယ့်ဘ၀ကို ပြန်မြင်ရသလိုပဲ...ဟုတ်ပ မရွှေစင်ရေ...ဆရာဝန်အစစ်တွေ လူကယ်ပွဲကြီးတွေ လုပ်ရင်းနဲ့ ထမင်းရှာစားနေချိန်မှာ မစ္စတာမန်းနီးတို့က သောက်သောက်လဲ ချမ်းသာနေကြသကိုး...တော်သေးတာပေါ့ မစ္စတာမန်းနီးက အထူးကုဆေးခန်းမဖွင့်လို့ ... ဖွင့်များဖွင့်ရင် လက်ထောက်ဆရာဝန်တစ်ယောက် တစ်လကို လစာ ခြောက်သောင်းလောက်နဲ့ ခေါင်းပုံဖြတ်ခံရဦးမှာ မြင်ယောင်နေသေးတယ်...

မြစ်ကျိုးအင်း said...

ပြောချင်တာများလွန်းလို့ ကွန်မန့်ရေးဖို့တောင် မလွယ်တဲ့ ဝတ္ထုတိုပဲ။
အောက်ကျို့ပါ... အခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။

ဒီဝတ္ထုတိုလေး သိပ်သဘောကျတယ်။
ကျေးဇူးပါအစ်မရွှေစင်