Thursday, January 12, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၉)

(၄၉)

လေယာဉ်မောင်း သားရေခေါင်းဆောင်းကို ဆောင်းပြီး ရေဒီယိုတယ်လီဖုန်းနှင့် ဆက်သွယ်ထားသော နားကြပ်ခွက် ကို ရှာဆာနားတွင် တပ်ထားသော်လည်း လေယာဉ်စက်ရွိုက်စ်မာလင်း၏ အသံက ရှာဆာ နားထဲသို့ အပြည့်ဝင်လာသည်။
ဟော်ကာဟာရီကိန်း တိုက်လေယာဉ်မောင်းခန်းအဖုံးကို ရှာဆာက နောက်လှန်ပြီး ဖွင့်ထားသည်။ ထို့ကြောင့် မိုးပြာရောင် အာဖရိက ကောင်းကင်ကြီးကို တပြင်တကျယ်ကြီး လှမ်းမြင်နေရသည်။ သူတို့တိုက်လေယာဉ်သုံးစင်းသည် မြှားဦးသဏ္ဍာန်ပုံဖြင့် နေရာယူကာ မောင်းနှင်လာ ကြသည်။

ရှာဆာက ရှေ့ဆုံးက ဦးဆောင်မောင်းနှင်လာသည်။ ရှာဆာက ရာထူးတက်မြန်သည်။ လေယာဉ် အုပ်စုတပ် မှူးဖြစ်နေသည်။ ထိုရာထူးအထိ ရောက်အောင် ၁၈ လသာကြာခဲ့သည်။
ယနေ့အဖို့ တိမ်ကင်းစင်သည့် အပြာရောင် ကောင်းကင်အောက်တွင် နေရောင်က တောက်ပ ကြည်လင် နေသည်။ ဘေးပတ်လည်ကို ဆုံးစမထင် လှမ်းမြင်နေရသည်။ သူတို့ အောက်ဘက်နှင့် ရှေ့ဘက်တွင် အဘစ် ဆီးနီးယန်းကုန်းမြင့်တောင်တန်းကို လှမ်းမြင်နေရသည်။ တောင်တန်းများကြားတွင် နက်ရှိုင်းသော လျှို့မြောင်း ချိုင့်ဝှမ်း များ၊ သဲကန္တရနှင့် ကျောက်တောင်များကို တွေ့ရသည်။
သူတို့ တိုက်လေယာဉ် သုံးစင်းက အပေါ်သို့ ထောင်တက်လိုက်သည်။ ယာဂါအောင်ကွင်းမှ တက်လာသည် မှာ မကြာလှသေးပေ။ ရှာဆာက သူ့အုပ်စုလေယာဉ်နှစ်စင်းကို မြောက်ဘက်သို့ ဦးတည်ခေါ်လာသည်။ ရှာ ဆာ သည် ကောင်းကင်တပြင်လုံးကို မျက်ခြည်မပြတ် ကြည့်နေရာ ထိုအဝေးတွင် အမည်းစက်ကလေး များကို လှမ်းမြင်ရသည်။

ရှာဆာက သူ့ပါးစပ်ရှေ့ရှိ မိုက်ကရိုဖုံးခွက်သို့ စကားပြောလိုက်သည်။
" ပိုပီယီဖလိုက် ... ခေါင်းထောင်ပြောနေတယ်၊ ရှေ့ဘက်ကို ကြည့် ... အမြင့် ၁၁ နာရီ၊ အပေါင်း ၁၁၊ အဲဒီ နေရာများ တွေ့လား၊ ကာပရီကွန်လေယာဉ်တွေနဲ့တူတယ်၊ အဲဒီကို အမြန်ဆုံးမောင်း "
" ကျွန်တော် တွေ့ပြီ၊ အဲဒီကို မောင်းမယ် "
ဒေးဗစ်အီဘရာဟင် က ချက်ချင်း ပြန်ဖြေသည်။ ရှာဆာနှင့် ဒေးဗစ်တို့သည် လေ့ကျင့်ရေးစခန်း၌ အတူ လေ့ ကျင့်ခဲ့ချိန်မှစပြီး ယခုအထိ တစ်တွဲတည်းကျနေခြင်းမှာ ထူးခြားသော ကုသိုလ်ကံ တစ်ရပ်ပင်ဖြစ်သည်။ ယခု အခါ သူတို့သည် ပီယာအာ၏ တောင်အာဖရိကတပ်ရင်း၌ တာဝန် ကျကာ အီတလီတပ်များအား အဒစ္စ အဘာဘာမြိုကအထိ တောင်ကြောများ တစ်လျှောက် မောင်းနှင် တိုက်ထုတ်သော တိုက်ပွဲ ၌ အတူတကွ ပါဝင်နေကြသည်။

ရှာဆာက ဒေးဗစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒေးဗစ်သည် သူ့လေယာဉ်ကို ရှာဆာ့လေယာဉ် ညာတောင်ပံနားမှကပ်ပြီး ပျံသန်းလိုက်လာသည်။ ဒေးဗစ်ကလည်း သူ့လေယာဉ်မောင်းခန်းအဖုံးကို ဖွင့်ထား သည်။ တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့်ပြီး ပြုံးပြလိုက်ကြသည်။ သူတို့ လေယာဉ်နှစ်စင်း ကို အတတ် နိုင်ဆုံး နီးအောင် ကပ်လိုက်ပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ကာ ရှေ့သို့ လှမ်းကြည့် လိုက်သည်။

အဝေးမှ အစက်အပြောက်များသည် စက်သုံးလုံးတပ် ကာပရိုနီ ဗုံးကြဲလေယာဉ်များဖြစ်ကြောင်း တဖြည်းဖြည်း ထင်ရှားစွာ မြင်လာရသည်။ ရှာဆာက ရေတွက်ကြည့်လိုက်ရာ လေးစင်းတန်းသုံးတန်း၊ ၁၂ စင်း ဖြစ်ကြောင်း တွေ့ရသည်။ ရှေ့ဆုံးမှ ဗုံးကြဲလေယာဉ်များက ဗုံးများ ဖြုတ်ချလိုက်သည်ကို ရှာဆာ တွေ့ လိုက်ရသည်။
ရှာဆာ တို့ လေယာဉ်သုံးစင်းက ထိုလေယာဉ်များဆီသို့ အားကုန်သွန်ပြီး မောင်းနေသည်။ နေဘက်သို့ ဦးတည် မောင်းနေရာ အောက်ဘက်မှ အီတလီ လေယာဉ်ပစ်အမြောက်သမားများက သူတို့ကို မတွေ့နိုင် ပါချေ။ဗုံးများ ကျသွားသော တောင်ကြားလမ်းဆုံမှ ဖုန်လုံးများ တထောင်းထောင်းတက်လာသည်ကို ရှာဆာ တွေ့ရသည်။ ဗုံးများသည် အောက်ဘက်တောင်ကြားလမ်း၌ ပုရွက်ဆိတ်များ သဖွယ်သွားနေသော မိမိတို့ ယာဉ်တန်းများ ဆီသို့ ကျသွားခြင်းဖြစ်သည်။ ရှာဆာတို့ လေယာဉ်များက အပေါ်အမြင့်ကြီးမှနေ၍ ဗုံးကြဲ လေယာဉ်များဆီသို့ ထိုးစိုက်ဆင်းလာစဉ်မှာပင် ဗုံးကြဲလေယာဉ် ဒုတိယတစ်တန်းက နောက်ထပ် ဗုံးများ ထပ်မံ ကြဲချလိုက်သည်။

ရှာဆာသည် ဗုံးကြဲလေယာဉ် တတိယတန်းမှ ဦးဆောင်လေယာဉ်ကို ပစ်မှတ်အဖြစ်ရွေးလိုက်သည်။ ကိုက် ၆၀၀ ခန့်အကွာရောက်သောအခါ မပစ်သေးဘဲနေလိုက်သည်။ လေယာဉ်ကိုယ်ထည်ပေါ်မှ အီတလီနိုင်ငံ  အမှတ်တံဆိပ်ကို တွေ့ရသည်။ ကိုက် ၅၀၀၊ ကိုက် ၄၀၀၊ ကိုက် ၃၀၀၊ ကိုက် ၂၀၀ ခန့်ရောက်သည်အထိ မပစ်သေးဘဲ အကွက်ကောင်းကို စောင့်နေသည်။
နောက်ဆုံးတွင် ကာပရိုနိ ဒုတိယလေယာဉ်မှ သေနတ်သမားက ရှာဆာအား တွေ့သွားပြီး ဦးဆောင် လေယာဉ် အား သတိပေးပစ်ချက်ကို ပစ်ခတ်လိုက်သည်။
ရှာဆာ နှင့် ဦးဆောင် ဗုံးကြဲလေယာဉ်တို့ ကိုက် ၁၀၀ သာဝေးတော့သည်။ ထိုလေယာဉ်သည် နောက်မှ လေယာဉ် က သတိပေးလိုက်မှုကြောင့် လေယာဉ်မှူးနှစ်ဦးနှင့် သေနတ်သမားတို့က လှည့်ကြည့်လိုက်ရာ ရှာဆာအား မြင်သွားသည်။ သေနတ်သမားက သူ့သေနတ် ကို ရှာဆာဘက်သို့ ကြိုးစားပြီး ပြောင်းလှည့် သည်။ သူ့မျက်နှာ ၌ ကြောက်ရွံ့ထိတ်လန့်နေသည့်အသွင်ကို ရှာဆာ လှမ်းမြင်ရသည်။

ကိုက် ၈၀ ခန့်အကွာအရောက်တွင်မှ ရှာဆာက စိတ်ကြိုက်ပစ်ခတ်လိုက်သည်။ ဘရောင်နင် သေနတ်ရှစ် လက် မှ ကျည်ဆန်များက စုပြုံထွက်သွားသည်။ ထိုကျည်ဆန်များသည် ကာပရိုနီလေယာဉ်ထဲသို့ တန်းတန်း မတ်မတ် ပြေးဝင်သွားကြသည်။ ကာပရိုနီလေယာဉ်မှ သေနတ်သမားသည် ရှာဆာ လေယာဉ် အား တစ်ချက် ကလေးမှ ပစ်ခွင့်မရလိုက်တော့။
ရှာဆာ့ လက်ချက်ဖြင့် ထိုလေယာဉ်သည် မြေပြင်သို့ ထိမှန်ပျက်ကျသွားသည်။ ရှာဆာသည် နောက်တစ်သုတ် ဗုံးကြဲလေယာဉ် တန်းထိသို့ အာရုံစိုက်လိုက်သည်။ အနီးကပ်ပစ်ခတ်တိုက်ခိုက်ပြီး အပေါ် သို့ ဦးအောင် ထောင်တက်လိုက်သည်။ ရန်သူဗုံးကြဲလေယာဉ်အုပ်စု ဖရိုဖရဲနှင့် အကွဲကွဲအပြားပြား ဖြစ်သွား ကြသည်။

အပြာရောင် ကောင်းကင်ပြင်ကျယ်ကြီးထဲ၌ ရှာဆာ့လေယာဉ် တစ်စီးသာ ကျန်တော့သည်။ သူ့ တစ်ကိုယ်လုံးလည်း ချွေးများ ရွဲနစ်နေသည်။ ဓာတ်ဆီအခြေအနေပြဒိုင်ကွက်ကို လှမ်းကြည့်လိုက်သည်။ အားကုန် မောင်းပြီး အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရခြင်းကြောင့် ဆီတိုင်ကီအပြည့်မှ တစ်ဝက်ကုန်သွားပြီဖြစ် သည်။
" ပိုပီယာဖလိုက် ... ခေါင်းဆောင်ပြောနေတယ်၊ အားလုံးပြန်လာစုစည်းကြ "
ရှာဆာကမိုက်ကရိုဖုန်းမှ ပြောလိုက်ရာ တစ်ဘက်မှ ချက်ချင်းတုံ့ပြန်လာသည်။
" ခေါင်းဆောင် .... နံပါတ် (၃) သတင်းပို့ပါတယ်၊ ကျွန်တော့် လေယာဉ်မှာ ဆီလေးပုံတစ်ပုံ ပဲရှိတော့တယ် "
အမှတ် (၃) လေယာဉ်၏ လေယာဉ်မှူး " လာရောက်စ်"က သတင်းပို့သည်။

" ကောင်းပြီနံပါတ် (၃)၊ စခန်းကို တစ်စင်းတည်း ပြန်ပေးတော့ "
ရှာဆာ က သူ့ကိုအမိန့်ပေးလိုက်ပြီး ကျန်လေယာဉ်တစ်စင်းကို ထပ်မံဆက်သွယ်လိုက်ပြန်သည်။
" ပိုပီယာ (၂)၊ ခေါင်းဆောင်ပြောနေတယ်၊ ကြားလား  "
ရှာဆာ သည် သူ့ပတ်ဝန်းကျင် ကောင်းကင်ပြင်သို့ လှည့်ပတ်ရှာသည်။ ဒေးဗစ်လေယာဉ်ကို လိုက် ကြည့်သည်။ ပထမဆုံးအကြိမ် စိုးရိမ်စိတ်ဝင်လာသည်။
" ပိုပီယာ(၂)၊ ပိုပီယာ(၂)... ကြားလား၊ အကြောင်းပြန်  "
ရှာဆာက အထပ်ထပ်ခေါ်သည်။ အောက်ဘက် မြေပြင်တောင်စောင်းသို့ ပျက်ကျသွားပြီး လေယာဉ်မှ မီးခိုးများ တွေ့လေမလားဟု စိုးရိမ်မိသည်။ နားကြပ်ထဲမှ ဒေးဗစ် အသံရုတ်တရက် ပေါ်လာသောအခါ ရင်ထဲ ၌ ထိတ်ခနဲ ခုန်သွားသည်။

" ခေါင်းဆောင်၊ နံပါတ်(၂) ပြောနေတယ်၊ ကျွန်တော့် လေယာဉ်ထိခိုက်ပျက်စီးနေတယ်  "
" ဒေးဗစ် ... မင်းဘယ်ရောက်နေသလဲ  "
" ကီရီနီ လမ်းဆုံဖြတ်လမ်းရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့်မှာ ရောက်နေတယ်၊ အမြင့်ပေ ၈၀၀ မှာ  "
ရှာဆာ က အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ အရှေ့တောင်ဘက်တွင် ဒေးဗစ်လေယာဉ်ကို ပျပျလေး မြင်ရသည်။ ငှက်မွေးကလေးနှင့် အလားသဏ္ဍာန်တူနေသည်။
" ဒေးဗစ် ... မင်းအနားတစ်ဝိုက်မှာ ငါမီးခိုးမြင်ရတယ်၊ မင်း ရန်သူသေနတ်မှန်ထားသလား  "
" ဟုတ်တယ်၊ အင်ဂျင် ကို မှန်သွားတယ်  "
" ငါလာပြီ ဒေးဗစ်၊ ထိန်းထား  "
ရှာဆာ က သူ့လေယာဉ်ကို ဒေးဗစ်လေယာဉ်ဆီသို့ ဦးတည်လိုက်ပြီး အားကုန်မောင်းနှင်လိုက်သည်။ ဒေးဗစ် လေယာဉ်သည် သူ့လေယာဉ်အောက်ဘက်၌ရှိနေရာ ရှာဆာက အောက်ဘက်သို့ ထိုးဆင်း လိုက်သည်။

" ဒေးဗစ် ... မင်းလေယာဉ် ပျက်စီးတာ တော်တော်များသလား  "
" ကြက်ကောင်လုံးကြော်လို့ဖြစ်နေပြီ  "
ဒေးဗစ်က ပြန်ဖြေရှာသည်။ ရှာဆာသည် သူ့ရှေ့၌ မီးစွဲနေသော ဒေးဗစ်လေယာဉ်ကို တွေ့ရသည်။
လေယာဉ်မီးစွဲနေလျက်နှင့် အောက်ဘက်သို့ ဦးစိုက်ပြီး ကျနေရာ မီးတောက်က လေယာဉ်မောင်းခန်းသို့ မရောက် သဖြင့်သာ ဒေးဗစ်ခန္ဓာကိုယ်သို့ မီးမစွဲသေးခြင်းဖြစ်သည်။ မီးငြိမ်းသွားချိန်၌ လေယာဉ်ကို ပြန်မတ် ရန် ဒေးဗစ်ကြိုးစားရပေမည်။
ရှာဆာ က ဒေးဗစ်လေယာဉ်အပေါ်ဘက် ကိုက် ၂၀၀မှ လိုက်သွားသည်။ ဒေးဗစ်လေယာဉ်အင်ဂျင်နှင့် တောင်ပံ တို့တွင် သေနတ်ဒဏ်ရာများကို တွေ့ရသည်။ ရန်သူ အီတလီလေယာဉ်မှ သေနတ်သမားက ပစ်ကွင်းကောင်း ရသွားပေသည်။

ဒေးဗစ်သည် သူ့လေယာဉ်၏ လေယာဉ်မောင်းခန်း အဖုံးကို ဖွင့်ရန် ကြိုးစားနေသည်။ အကယ်၍ ဖွင့်မရပါ က ဒေးဗစ်အဖို့ မီးလောင်တိုက် အသွင်းခံရသလို ဖြစ်သွားနိုင်သည်။ တစ်ခဏချင်းပင် အဖုံးပွင့်သွားပြီး ဒေးဗစ် က ရှာဆာအား လှမ်းကြည့်လိုက်သည်။ ထို့နောက် လေယာဉ်မောင်း ခေါင်းဆောင်းကို ချွတ်ကာ ဒေးဗစ် သည် မီးလောင်နေသော လေယာဉ်ပေါ်မှနေ၍ အောက်ဘက်သို့ လေထီးဖြင့်ခုန်ဆင်းသွားသည်။
ခြေကားရား လက်ကားရားနှင့် ကျသွားပြီးနောက် မကြာခင်မှာပင် လေထီးပွင့်သွားရာ ပုံမှန်ဖြစ်သွားသည်။ ဒေးဗစ်သည် လေထီးတွဲလောင်း ကျကာ အောက်ဘက် မြေပြင်အထိ ကိုက် ၅၀၀၀ ခန့်ဆင်းရပေမည်။ လေက သူ့အား တောင်ဘက်သို့ တရွေ့ရွေ့ တိုက်ခတ်ခေါ်ဆောင်သွားသည်။

ရှာဆာသည် မြေပြင်သို့ လေထီးဖြင့် တရွေ့ရွေ့ သက်ဆင်းနေသော ဒေးဗစ်ကို ကိုက် ၂၀၀ ကျော် ၃၀၀ အကွာမှ နေ၍ ၀ိုင်းပတ်ပျံဝဲပြီး မြေပြင်ပေါ် မည်သည့်နေရာလောက်သို့ သွားကျမည်ကို ခန့်မှန်း ကြည့်သည်။ တစ်ဖန် သူ့လေယာဉ်၏ ဓာတ်ဆီဒိုင်ခွက်ကို စိုးရိမ်တကြီးကြည့်လိုက်ရာ လက်တံ ကလေးက အနီရောင်လိုင်းအပေါ်နားသို့ ကပ်နေချေပြီဖြစ်သည်။ မီးလောင်ပျက်ကျသွားသော ဒေးဗစ်၏ လေယာဉ်အောက်ဘက် မြေညီပေါ်သို့ ကျရောက်ပေါက်ကွဲသွားသည်။
ရှာဆာ သည် အောက်ဘက်မြေပြင်ကို အကဲခတ်လိုက်ပြန်သည်။ လျှိုမြှောင်ခင်တန်းများကို တွေ့ရသည်။ ခင်တန်းများ ကြားတွင် ကျောက်တောင် ကျောက်ဆောင်များရှိသည်။ နောက်ဆုံး ကုန်းတန်း၏ဘေးဘက် တွင်မူ ပျော့ပျောင်းပြန့်ပြူးသော ချိုင့်ဝှမ်းလွင်ပြင်ကို မြင်ရသည်။ လွင်ပြင်ဘက် ဆင်ခြေလျှောတွင် စိုက်ပျိုး ထွန်ယက်မြေကိုတွေ့ရသည်။

ရှာဆာက မျက်စိကိုစင်းပြီး ကြည့်လိုက်သည်။ လူနေသည့် သက်ငယ်တဲများကို ချိုင့်ဝှမ်းလွင်ပြင်ဘက် အဆုံးတွင် တွေ့ရသည်။ ထိုအခါရှာဆာစိုးရိမ်သွားသည်။ ယင်းနေရာမှာ လူရိုင်းတို့နေသော နေရာဖြစ်သည်။ ယခင်က ထိုနေ့တွင် လေယာဉ်ပျက်ပြီး လေထီးနှင့် ဆင်းသက်ခဲ့သော လေယာဉ်မှူး နှစ် ယောက် လူရိုင်း တို့၏ ရက်ရက်စက်စက် သတ်ဖြတ်မှု ခံခဲ့ရပုံကို ရှာဆာသိထားသည်။
ထို့ကြောင့် ရှာဆာ သည် ချိုင့်ဝှမ်းလွင်ပြင်ဘက်သို့ လေယာဉ်ကို တစ်ပတ်ပတ်ကာ အောက်ဘက်ပေ ၅၀ ခန့် အထိ နိမ့်ဆင်းပြီး ကြည့်ရှုသည်။ ထွန်ယက်ထားသော မြေများတွင် စိုက်ပျိုးထားသော စားသုံးသီးနှံပင် များကို တွေ့ရသည်။ ထိုစိုက်ကွင်းထိပ်ဘက်တွင် လူပုံသဏ္ဍာန်များကို မြင်ရသည်။ လူတစ်စုသည် ရွာထဲမှ ထွက် လာပြီး ချိုင့်ဝှမ်းဆင်ခြေလျှောအတိုင်း ပြေးဆင်းနေသည်။ ရှည်လျားညစ်ပတ်သော ၀တ်ရုံရှည်ကြီး များ ၀ယ်ထားသူ လူ ၂၀ ကျော်ခန့်ရှိမည်ဟု မှန်းရသည်။ သူတို့အားလုံးလက်နက်များကိုင်ထားသည်။ တစ်ချို့ က ခေတ်မီ ကာဘိုင်များဖြစ်သည်။ စက်မြေပြင်မှ လုယက်ရရှိထားခြင်းဖြစ်နိုင်သည်။ အများစုက ပြောင်းဝ မှ ယမ်းထိုးရသော တစ်လုံးထိုးသေနတ်များကိုင်ထားသည်။

သူတို့ အပေါ်သို့ ရှာဆာက လေယာဉ်ဖြင့် ခပ်နိမ့်နိမ့်ပျံသန်းသွားသောအခါ အောက်ဘက်မှလူနှစ်ယောက် သုံးယောက်ရိုင်ဖယ်ကို ပခုံးတွင် ထောက်ပြီး ရှာဆာ့လေယာဉ်အား လှမ်းချိန်သည်။ ယမ်းမှုန့်မှထွက်သော မိးခိုးအမည်းများကို သေနတ်ပြောင်းဝများတွင် တွေ့လိုက်ရသော်လည်း မိမိလေယာဉ်သို့လာရောက် ထိမှန် ခြင်းမရှိပေ။
ထိုသူများသည် ရိုင်ဖယ် သေနတ်များကို ဝှေ့ယမ်းကာ ဒေးဗစ်လေထီးဖြင့် ကျဆင်းလာမည့်နေရာဆီသို့ မှန်းပီး ပြေးနေကြသည်။ ရှာဆာက သူ့လေယာဉ်ကို အောက်သို့ နိမ့်ဆင်းလိုက်သည်။ ကိုက် ၅၀၀ ခန့်အမြင့် တွင် ထိုလူအုပ်နှင့် တပြေးညီ ပြန်မောင်းလိုက်ပြီး ဘရောင်းနင်းသေနတ်ရှစ်လက်ဖြင့် သူတို့ဆီသို့ လှမ်းပစ် လိုက်သည်။ သူတို့ပတ်ဝန်းကျင်၌ ကျည်ဆန်များကျသွားပြီး ဖုန်တထောင်းထောင်း ထလာသည်။ အောက်ဘက်မှ သုံးလေးယောက်က စက်သေနတ်ဖြင့် ပြန်ပစ်သည်။

ရှာဆာက သူ့လေယာဉ်ကို သေနတ်ကျည်လွတ်အောင် အပေါ်သို့ပျံတက်လိုက်သည်။ ထို့နောက် တစ်ပတ်ပြန် ကွေ့လာသောအခါ အောက်ဘက်မှလူများ ပြန်လည် စုစည်းပြီး ဒေးဗစ်လေထီးဖြင့် ကျရောက် မည့်နေရာသို့ ပြေးနေကြပြန်သည်။ ဒေးဗစ်သည် မြေပြင်သို့ရောက်ရန် ပေ ၁၀၀၀ ခန့်ပင် လိုတော့သည်။ ဒေးဗစ်သည် တောင်စောင်းခင်တန်းပေါ်တွင် ကျရောက်မည်မှာ ထင်ရှားနေသည်။
ရှာဆာက ဒုတိယအကြိမ် တိုက်ခိုက်ရန် ပြန်လည်နိမ့်ဆင်းလာသည်။ ရှာဆာ မပစ်ခတ်သေးခင်မှာပင် အောက်ဘက်မှလူများက ကျောက်တုံးများနောက်သို့ လူဖြန့်ပုန်းကွယ်လိုက်ကြသည်။ ရှာဆာ သူတို့ခေါင်း ပေါ်မှ ဖြတ်သန်းပျံကာ ပစ်ခတ်သွားချိန်တွင် အောက်ဘက်မျလည်း ပြန်လည်ပစ်ခတ်သည်။ ရှာဆာ့ စက်သေနတ် ပစ်ခတ်မှုကြောင့် ကျောက်တောင်များ ထိမှန်ကာ အပိုင်းအစများ လွင့်စင်ကုန်ပြီး ဖုန်လည်း တထောင်းထောင်း ထလာသည်။ သို့သော် လူအနည်းငယ်ကိုသာ ထိမှန်သည်။

ရှာဆာ အပေါ်သို့ ပျံတက်လိုက်ပြီး ဒေးဗစ်ကို လှမ်းကြည့်လိုက်သည်။ ဒေးဗစ်သည် ခင်တန်းပေါ်မှ နည်းနည်းလေး ကပ်လွတ်သွားပြီး ဆင်ခြေလျှောပေါ်တွင် ကျသွားသည်။ ကျချက်က ပြင်းထန်လှသည်။ လေထီး က သူ့နောက်၌ ဗလုံးဗထွေးဖြစ်နေသည်။ နောက်ဆုံး ဒေးဗစ်သည် ကုန်းထလိုက်ပြီး လေထီးကို ကိုယ်မှ ဖြုတ်ခွာပစ်လိုက်သည်။ ခါးမှ သေနတ်အိတ်အပေါ်ဖုံးကို ဖွင့်လိုက်ပြီး ပစ္စတိုကို ဆွဲထုတ် လိုက်သည်။ မျက်စိပေါ်လက်အုပ်ပြီး မိမိအပေါ်မှ ပျံဝဲနေသော ရှာဆာလေယာဉ်ကို လှမ်းကြည့်သည်။
ရှာဆာက အောက်ဘက်သို့ လေယာဉ်ကို ဒေးဗစ်နှင့် အနီးဆုံး နိမ့်ဆင်းလိုက်ပြီး ဒေးဗစ်အား အောက်ဘက် ဆင်ခြေလျှောကုန်းစောင်းဆီသို့ အရေးတကြီး လက်ညိုးထိုးပြလိုက်သည်။ ဒေးဗစ်က ရှာဆာကို မော့ကြည့် နေသည်။ သူ့အမူအရာက ရှာဆာပြသည့်အဓိပ္ပာယ်ကို နားလည်သည့်သဘော မရှိပေ။ သဲကန္တာရတောင် စောင်း၌ ရပ်နေသောဒေးဗစ်မှာ အပေါ်ကကြည့်သောအခါ သေးသေး ငယ်ငယ်လေး ဖြစ်နေသည်။ ဒေးဗစ်က ရှာဆာကို လက်ပြနှုတ်ဆက်လိုက်ပြီး လူရိုင်းများ တက်လာမည့်ဘက်သို့ မျက်နှာမူလိုက်သည်။

ရှာဆာသည် သူ့လေယာဉ်ကို တက်လာသော လူရိုင်းအုပ်စုဘက်သို့ မောင်းလိုက်ပြီး လေယာဉ်မှ သေနတ်ဖြင့် ထပ်မံပစ်ခတ်လိုက်သည်။ လူရိုင်းများ လူစုကွဲပြီး ကျောက်တုံးများ နောက်သို့ ၀င်ရောက် ပုန်းကွယ်ကြပြန်သည်။ လူရိုင်းအုပ်စုနှင့် ဒေးဗစ်မှာ မိုင်တစ်ဝက်ခန့် ကွာဝေးသေးသည်။ ရှာဆာ ပစ်ခတ် မှုကြောင့် လူရိုင်း များကို အတန်ကြာ ဟန့်တားအချိန်ဆွဲထားလိုက်နိုင်သည်။
ရှာဆာ က လေယာဉ်ကို အမြန်ဆုံးပြန်လှည့်လာသည်။ လေယာဉ်တောင်ပံက သစ်ပင်ထိပ်ဖျား သစ်ရွက် များ နှင့်ပင် ထိသွားသည်။ ရှာဆာက လေယာဉ်ဘီးကို ချလိုက်သည်။ ဒေးဗစ်ခေါင်းပေါ်သို့ ပြန်ရောက် ချိန်တွင် လူရိုင်းများ လာနေသော ဘက်သို့ ပြန်ပြီး လက်ပြအချက်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင် ဒေးဗစ် သဘောပေါက်နားလည်သွားကြောင်း တွေ့ရသည်။ ဒေးဗစ်က အောက်ဘက်သို့ဆင်းပြေးသည်။

ရှာဆာသည် တောင်စောင်းအဆုံးအောက်ခြေရှိ ထွန်ယက်ထားသော မြေပေါ်တွင် လေယာဉ် ဆင်းသက်ရန် ပြင်လိုက်သည်။ ဒေးဗစ်က ထိုနေရာသို့ ပြေးလာနေရာ ခရီးတစ်ဝက်ခန့် ရောက်နေသည်။ လူရိုင်းများက လည်း ဒေးဗစ်နှင့် ရင်ဆိုင်တွေ့ရန် ဦးတည်ပြေးနေသည်။
ရှာဆာ အဖို့ လေယာဉ်ကို မြေပြင်၌ ဆင်းသက်နိုင်ရန်သာလိုတော့သည်။ ကျွမ်းကျင်မှုနှင့် အစွမ်းအစကို အသုံးချ ရပေတော့မည်။ ရှာဆာသည် လေယာဉ်ကို ထွန်ယက်ထားသော မြေပေါ်သို့ အညင်သာဆုံးဆင်း လိုက်သည်။ မြေပြင်နှင့် နှစ်ပေခန့်အကွာတွင် လေယာဉ်က ထယ်ထိုးထားသော မြေပေါ် ဆောင့်ကျ သွားပြီး ပြန်မြောက်တက်သွားသည်။ သုံးလေးကြိမ်မျှ မြေပေါ်တွင် ခုန်ဆောင့်သွားပြီးမှ ဆင်းသက်၍ ရသွား သည်။

ရှာဆာ့လေယာဉ် မြေပြင်၌ ဆင်းသက်၍ ရချိန်တွင် ---လည်း တောင်စောင်းအောက်ခြေသို့ ရောက်လု နီးပြီဖြစ်သည်။ လူရိုင်းအုပ်စုထဲက အပြေးသန်သူလေးယောက်က ရှေ့မှ ထွက်လာသည်။ သူတို့ သည် ဒေးဗစ်လေယာဉ်ဆီသို့ --ဖြတ်ပြီး ဖမ်းဆီးနိုင်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ --- များက ဆက်မပြေးဘဲ ရပ်ပြီး အဝေးမှပင် သေနတ်ဖြင့်လှမ်းပစ်သည်။ ကျည်ဆန်အချို့က ဒေးဗစ်ဘေးမှ ဖြတ်ပြေး သွားသည်။

ရှာဆာသည် သူ့လေယာဉ်ကို ပြေးလာနေသော လူရိုင်းလေးဦးဘက်သို့ လှည့်လိုက်သည်။ လေယာဉ်အမြီး ကိုမတင်လိုက်သောအခါ လေယာဉ်ဦးပိုင်းမှ စက်သေနတ်သည် ထိုလူရိုင်းလေးဦးနှင့် တစ်တန်းတည်းဖြစ် သွားသည်။ ရှာဆာက ခလုတ်နှိပ်ပြီး ပစ်ခတ်လိုက်ရာ ကျည်ဆန်များက ပြေးထွက်သွားသည်။ လူရိုင်း သုံးဦး ထိမှန်လဲကျသွားသည်။ ကျန်တစ်ဦးက မြေပေါ်တွင် အလျားမှောက်ပြီး ၀ပ်လိုက်သည်။ ရှာဆာက လေယာဉ်အမြီး ကို အောက်ပြန်ချလိုက်ပြီး စက်သေနတ်ကို အပစ်ရပ်လိုက်သည်။

ဒေးဗစ် သည် လေယာဉ်သို့ရောက်ရန် ကိုယ်တစ်ရာနှစ်ရာခန့်သာ လိုတော့သည်။ ခြေတံရှည်ကြီးများဖြင့် အားကုန် ပြေးလာနေသည်။ ရှာဆာက လေယာဉ်ကို အောက်ဘက် ဆင်ခြေလျှောဆီသို့ ဦးလှည့် လိုက်သည်။ လေယာဉ်ပြန်အတက်တွင် အရှိန်ပိုကောင်းပြီး လွယ်ကူစေရန်ဖြစ်သည်။
ရှာဆာ က လေယာဉ်မောင်းခန်းမှ ခေါင်းပြူထွက်လိုက်ပြီး အော်ပြောလိုက်သည်။

" မြန်မြန်ပြေး ဒေးဗစ် ... ခုတစ်ကြိမ်လဲ မင်းရွှေတံဆိပ်ရမယ် "
-- လေယာဉ်ဦးပိုင်း သို့ တစ်စုံတစ်ခု လာမှန်သည်။ ရှာဆာဘက်လှည့်ာကည့်လိုက်ရာ လူရိုင်းများ ထွန်ယက် မြေအစပ် သို့ --- လာပြီး လေယာဉ်ဆီသို့ ပြေးလာနေသည်ကို တွေ့ရသည်။ --- က မုဆိုးဒူးထောက်ထိုင်ချ လိုက်ပြီး လှမ်းပစ်သည်။ --- ဆန်က သူ့ခေါင်းပေါ်မှ ဖြတ်သန်းသွားရာ ရှာဆာက ခေါင်းကို ငုံ့ပြီး ၀ပ်လိုက် သည်။
" လာ မြန်မြန်လာ ... ဒေးဗစ်  "
ဒေးဗစ်၏ ကျူနစ်အင်္ကျီတွင် ချွေးများစို့နေပြီး မျက်နျာတွင်လည်း ချွေးများစီးကျနေသည်။ ကျည်ဆန်တစ် တောင့် က လေယာဉ်တောင်ပံတွင်လာထိပြီး မြုပ်ဝင်သွားသည်။
ဒေးဗစ် လေယာဉ်ဆီသို့ ရောက်လာပြီး တောင်ပံပေါ်သို့ ခုန်တက်လိုက်သည်။ သူ့ကိုယ်အလေးချိန်ကြောင့် လေယာဉ် အိကျသွားသည်။

" လာ ... အထဲဝင်လာ၊ ငါ့ပေါင်ပေါ်တက်ထိုင်  "
ရှာဆာက အော်ပြောသည်။ ဒေးဗစ်က တောင်ပံပေါ်မှ တစ်ဆင့် လေယာဉ်မောင်းခန်းထဲသို့ ၀င်လာပြီး ရှာဆာ့ ပေါင်ပေါ် တွင်ပင် ထိုင်လိုက်ရသည်။
" ငါ ရှေ့ကို မမြင်ရတော့ဘူး၊ မင်းပဲ လေယာဉ်ကို ကိုင်ပြီး မောင်းတော့၊ ငါအောက်ဘက်က ခြေထောက်နဲ့ နင်းစရာ ရှိတာတွေ နင်းပေးမယ်  " ရှာဆာက အော်ပြောလိုက်သည်။
ဒေးဗစ် က စတင်မောင်းနှင်သည်။ လေယာဉ်စက်သံမြန်လာပြီး ရှေ့သို့ စတင်ဘီးလိမ့်သွားသည်။ ရိုးရွိုက် အင်ဂျင်စက် သည် အင်အားဖြည့်လည်ပတ်သွားသည်။ လေယာဉ်သည် ထယ်ထိုးထားသော မြေပေါ်တွင် ခုန်ဆွ ခုန်ဆွဖြင့် ပြေးထွက်သွားသည်။

ဒေးဗစ် က သူ့ပေါင်ပေါ်တွင် ထိုင်နေရာရှာဆာသည် လေယာဉ်ရှေ့မှမြင်ကွင်းကို လုံးဝမမြင်ရပေ။ ရှာဆာ က ခေါင်းကို တဘက်လှည့်လိုက်ပြီး လေယာဉ်ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။ လေယာဉ်က အရှိန်ဖြင့် ပြေးနေရာ အောက်ဘက်မြေပြင်ကို ခပ်ဝါးဝါးသာမြင်ရသည်။ ကျန်နေသော လူရိုင်းများက သူတို့ လေယာဉ် ကို သေနတ်ဖြင့် ၀ိုင်းပစ်နေသည်။ သို့သော် သူတို့နှင့် လေယာဉ်က ဝေးသထက် ဝေးသွားသည်။
လေယာဉ် သည် မြေပြင်၌ တစ်ချက်ဆောင့်လိုက်ပြီး အပေါ်သို့ ပျံတက်ကာ လေထဲရောက်သွားသည်။

" တို့အောင်မြင်ပြီ  "
ရှာဆာက ပြောလိုက်သည်။ သူ့စကားဆုံးချိန်တွင်ပင် သူ့မျက်နှာသို့ တစ်စုံတစ်ရာလာထိမှန်သည်ကို ခံစား လိုက် ရသည်။ ကျည်ဆန်သည် ရှာဆာခေါင်းဘေးရှိ သတ္တုပြားကို ထိမှန်ပြီးနောက် ရှာဆာမျက်နှာဘေးသို့ လာထိခြင်း ဖြစ်သည်။ ကျည်ဆန်က အရှိန်အတော်ပင် သေသွားပြီဖြစ်ရာ ရှာဆာ့ဦးနှောက်အထိ ရောက်ရှိ မသွားပေ။
ရှာဆာက သတိမေ့မသွား။ ဘယ်မျက်လုံးထောင့်စွန်းတွင် တူကြီးနှင့် တအားနှက်ခံလိုက်ရသလို ဖြစ်သွား သည်။ သွေး များက ပါးပြင်ပေါ်သို့ စီးကျလာသည်။
" ဒေးဗစ် ... ငါထိသွားပြီ ... မမြင်ရတော့ဘူး "
" ဒေးဗစ်က နောက်သို့လှည့်ကြည့်လိုက်သည်။ ကျည်ဆန်ထိသွားသော ရှာဆာ မျက်နှာကို မြင်လိုက်ရ သော အခါ လန့်ပြီး အော်လိုက်သည်။ သွေးများစီးကျပြီး အသားနှင့်အရေခွံကဟုတ်ပြတ်ထွက်နေသည်။

" ငါမမြင်ရတော့ဘူး၊ ဘုရားရေ ... ဘာမှ မမြင်ရတော့ဘူး ဒေးဗစ် "
ဒေးဗစ်က သူ့လည်ပင်းမှ ပိုးသားလည်စည်းစကတ်ဖြုတ်ပြီး ရှာဆာလက်သို့ ထည့်လိုက်သည်။
" သွေးတိပ်အောင် ကြိုးစားလုပ်လိုက် "
ဒေးဗစ် က လေယာဉ်စက်သံကို လွှမ်းသွားအောင် အော်ပြေးလိုက်သည်။ ရှာဆာက အ၀တ်စကို လုံးကိုင်ပြီး ဒဏ်ရာကို ဖိနှိပ်ထားလိုက်သည်။ ဒေးဗစ်က လေယာဉ်ကို စခန်းပြန်ရောက်အား သွန်မောင်း တော့သည်။

၁၅ မိနစ်ခန့်ကြာသောအခါ သူတို့၏ ရီဂါအေလင် စခန်းလေယာဉ်ပြေးလမ်းဆီသို့ ရောက်လာသည်။ လေယာဉ်ကို ပြေးလမ်းပေါ်သို့ ဆင်းသက်လိုက်ပြီး အသင့်စောင့်နေသော လူနာတင်ယာဉ်ဆီသို့ မောင်းသွား သည်။ ဒေးဗစ်သည် လေယာဉ်ထဲ၌ ရှိစဉ်ကပင် စခန်းသို့ အကြောင်းကြားကာ လူနာတင် ယာဉ် အသင့်စောင့်ခိုင်းထားခြင်းဖြစ်သည်။
ရှာဆာကို လေယာဉ်မောင်းခန်းထဲမှ ပွေ့ချပြီး လူနာတင်ယာဉ်ပေါ်တင်ကာ စစ်မြေဖြစ် ဆေးရုံ လုပ်ထားသော ရွက်ထည်ထဲသို့ ခေါ်သွားသည်။ လေတပ်ဆရာဝန်များက ချက်ချင်းမေ့ဆေးပေးကာ ခွဲစိတ် ကုသည်။

ရှာဆာမေ့ဆေးပြယ်၍ သတိရလာသောအခါ သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။ သူ့လက် ကို မြှောက်ပြီး မျက်နှာကိုစမ်းလိုက်သည်။ တစ်မျက်နှာလုံး ပတ်တိးများဖြင့် ဖုံးလွှမ်းနေသည်။
" ဒေးဗစ် ... "
ရှာဆာက အော်ခေါ်လိုက်သည်။ သို့ရာတွင် မေ့ဆေးအရှိန်ကြောင့် အသံက မပီမသ ၀ိုးတ၀ါးသာထွက်လာ သည်။
" ရှာဆာ ... ငါ အနားမှာရှိတယ် "
ဒေးဗစ် အသံ ကို အနီးကပ်ကြားရသဖြင့် လက်ဖြင့် လှမ်းစမ်းလိုက်ရာ ဒေးဗစ်ကို ကိုင်တွယ်မိသွားသည်။

" ဒေးဗစ် ... ဒေးဗစ် "
" နေကောင်းသွားမှာပါ ရှာဆာ မကြာခင် အားလုံးကောင်းသွားမှာပါ "
ဒေးဗစ်လက်ကို ဆုပ်ကိုင်လိုက်ပြီး ရှာဆာကပြောလိုက်သည်။
" ဘာမှမမြင်ရဘူး၊ ငါတော့ကန်းပြီ "
" ပတ်တီးတွေစည်းထားလို့ပါ၊ ပတ်တိးဖြေလိုက်ရင် မြင်ရမှာပါ ရှာဆာ "
" မင်း ငါ့ ကို လိမ်နေတာ မဟုတ်ပါဘူးနော် ဒေးဗစ်၊ ငါ တကယ်မကန်းဘူး ဟုတ်လား "
" မင်း မျက်စိမကန်းပါဘူးကွာ "
ဒေးဗစ် က ခပ်တိုးတိုးလေးပြောလိုက်သည်။ ရှာဆာ ပြန်လည် အိပ်ပျော်သွားပြန်သည်။

ဒေးဗစ်သည် ရှာဆာ့ခုတင်ဘေး၌ တစ်ညလု့းထိုင်စောင့်သည်။ ရာသီသတုက ပူပြင်းလွန်းသည်။ ရှာဆာ့ လည်ပင်း နှင့် ရင်ဘတ် မှ ချွေးများကို ဒေးဗစ်က သုတ်ပေးသည်။
" မေမေလား ... ဒီရောက်နေလား မေမေ "
ရှာဆာက ယောင်ယမ်းညည်းတွားသောအခါ ဒေးဗစ်က သူ့လက်ကို ဆုပ်ကိုင်ထားသည်။
ညဥ့်နက်ချိန်တွင် ဆရာဝန် ရောက်လာပြီး ဒေးဗစ်အား သွားရောက်အနားယူအိပ်စက်ရန် ပြောသည်။ ဒေးဗစ်က ငြင်းဆန်ပြီး ရှာဆာအနားတွင်ပင် နေသည်။
" သူနိုးလာရင် ကျွန်တော် အနားမှရှိမှဖြစ်မယ်၊ သူ့ကျေးဇူးတွေ ကျွန်တော့်မှာ အများကြီးရှိတယ်၊ အနည်းဆုံး ဒီလောက်တော့ လုပ်ပေးရမှာပေါ့" ဒေးဗစ်က ပြောလိုက်သည်။
အရုဏ်တက်ချိန် တွင် အပြင်မှ ခွေးအအူသံ ကြားရသည်။ မိုးလင်းလာသည်နှင့် ရှာဆာ နိုးလာသည်။ နိုးနိုးချင်း ဒေးဗစ်ကိုပင် ခေါ်သည်။

" ဒေးဗစ် "
" ငါ အနားမှာရှိတယ် ရှာဆာ "
" မင်းက ကောင်းသွားမှာပါ ဆိုပေမယ့် ဒဏ်ရာက သိပ်နာတယ်ကွာ "
" မကြာခင် သက်သာသွားမှာပါ "
" ငါတို့နှစ်ယောက် လေယာဉ်အတူတူမောင်းနိုင်ဦးမှာလားဒေးဗစ် "
ရှာဆာက ဒေးဗစ်အဖြေကို စောင့်နေသည်။ ဒေးဗစ်ထံမှ အဖြေမရသောအခါ ရှာဆာ့အသံက ပြောင်းသွား သည်။
" ငါမျက်စိ မကန်းဘူးဆို ... ဟုတ်လား၊ ငါလေယာဉ်ပြန်မောင်းနိုင်ဦးမလား "
" မင်းမျက်စိမကန်းပါဘူး၊ ဒါပေမယ့် လေယာဉ်တော့ ပြန်မောင်းနိုင်တော့မှာမဟုတ်ဘူး၊ မင်း အိမ်ပြန်ရလိမ့် မယ် ရှာဆာ "
ဒေးဗစ် က ကြင်နာယုယစွာ ပြောလိုက်သည်။

" ပြောစမ်းပါကွာ၊ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ သန်းခေါင်ထက် ညဥ့်မနက်ပါဘူး "
" အေးကွာ၊ ဒါဖြင့်လဲ ငါပြောပါ့မယ်၊ ကျည်ဆန်က မင်းဘယ်ဘက်မျက်စိကို ထိသွားတယ်၊ ဒါကြောင့် ဆရာဝန် တွေက ဘယ်မျက်လုံးကို ထုတ်ပစ်လိုက်ရတယ် "
ရှာဆာ က သူ့လက်ကို မြှောက်လိုက်ပြီး ဘယ်မျက်လုံးကို စမ်းကြည့်လိုက်သည်။
" မင်းညာ မျက်လုံးကတော့ အကောင်းပကတိရှိနေပါတယ်ကွာ၊ ဒါပေမယ့် မင်း ဟာရီကိန်းတိုက်လေယာဉ် ကိုတော့ မောင်းနိုင်တော့မှာမဟုတ်ဘူး၊ ငါ စိတ်မကောင်းပါဘူးရှာဆာ "
" အေးလေ ... ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွာ "
ထိုနေ့ညနေပိုင်းတွင် ဒေးဗစ် ရှာဆာဆီသို့ တစ်ခေါက်လာပြန်သည်။

" တပ်မှူး က မင်းကို ပြန်ပို့ပေးဖို့ စီစဉ်နေတယ်၊ တကယ်တော့ ငါ့အသက်ကို မင်းကယ်ခဲ့တာပါ ရှာဆာ "
" ဒါတွေ ပြောမနေပါနဲ့ ဒေးဗစ်၊ မင်းဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ "
" မင်းကို သူတို့ နက်ဖြန်မနက်ကျရင် ဒါကိုတာ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ပြန်ပို့ပေးလိမ့်မယ်၊ ခရစ္စမတ်မှာ မင်းကိပ်တောင်းမြို့ ပြန်ရောက်နေပြီပေါ့ကွာ၊ ငါ့ဇနီး မယ်တီဒါနဲ့ ကလေးကို သတိရကြောင်း ပြောလိုက်ပါ၊ မင်း ကံကောင်းတယ်ကွာ "
" မင်းပြန်လာရင် ငါ ပါတီပွဲကြီးကြီး ပေးပြီး ကြိုဆိုပါမယ်ဒေးဗစ် "
" မင်း ဘာလိုသေးသလဲ၊ ငါဘာလုပ်ပေးရဦးမလဲ ရှာဆာ "
" ငါ့ အတွက် ၀ီစကီ တစ်ပုလင်းသာ ပို့လိုက်ပါဒေးဗစ် "

ဆက်ရန်
.

No comments: