Saturday, January 7, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၄)

(၄၄)

ပြေးခုန်ပစ် ဗိုလ်လုပွဲများ ပထမနေ့ စတင် ယှဉ်ပြိုင်သည်။ ရှာဆာသည် တာရာနှင့်မယ်တီဒါတို့အတွက် လက်မှတ် နှစ်စောင် ကြိုးစားရယူပြီး ပြေးခုန်ပစ်ပွဲသို့ ခေါ်သွားသည်။ သို့ရာတွင် နေရာမှာ မြောက်ဘက်တန်း အပေါ်ဘက်ဖြစ်နေ၍ ပြေးလမ်းနှင့် အတော်ဝေးနေသည်။ မယ်တီဒါက ရှာဆာ၏ မှန်ပြောင်း ကို ငှားပြီး မှန် ပြောင်းနှင့် လှမ်းကြည့်နေသည်။ သူမသည် ဒေးဗစ်အေဘရာဟင် အတွက် အလွန်ပင် စိတ်စောနေသည်။

" သူ့ပွဲမရောက်သေးဘူးလေ၊ မီတာ ၁၀၀ ပွဲကို အလျင်ပြေးမှာ " ရှာဆာက မယ်တီဒါအား ပြောပြလိုက် သည်။
မီတာ ၂၀၀ ဗိုလ်လုပွဲတွင် ဒေးဗစ်အေဘရာဟင်သည် ဒုတိယရပြီး ဗိုလ်လုပွဲတက်လာခဲ့သည်။ ထိုပွဲတွင် ပထမ ရသူမှာ အအေရိကန် ပြေးခုန်ပစ်သမား ဂျက်စီအိုဝင်ဖြစ်သည်။
ရှာဆာ့ဘေးမှ တာရာကလည်း တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်နေသည်။
" ဒါ စော်ကားတာပဲ "
တာရာက မကျေမချမ်း ပြောလိုက်ရာ ရှာဆာက သူမဘက်လှည့်ကြည့်ပြီး မေးလိုက်သည်။

" ဘာလဲ ... ဘာဖြစ်လို့လဲ "
" သူတို့ပြောနေတဲ့ စကားတွေရှင်မကြားဘူးလား "
" မကြားဘူး၊ ဒေးဗစ်ထွက်လာတော့မှာမို့ အာရုံစိုက်နေလို့ "
" ဒါဖြင့် ဟိုမှာ သူတို့ပြောနေတာ နားထောင် "
သူတို့အနားရှိ လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည်။ ကျင်းပပြီးစီးသွားသော မီတာ ၁၀၀ ပြေးပွဲကို ရည်ညွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။
" နောက်ထပ် အမေရိကန် နီးဂရိုး တစ်ယောက် နိုင်ပြန်ပြီ၊ အမေရိကန်တွေဟာ သူတို့အသင်း အရောင် အင်္ကျီ တွေကို လူမည်းတိရစ္ဆာန်တွေကို ၀တ်ခွင့်ပေးတာ မရှက်ဘူးလားမသိဘူး "
တာရာ သည် ထိုစကားသည် မည်သူပြောလိုက်သည်ကို သိရန် အနီးအနားရှိ လူများအား လိုက်ကြည့် သည်။ မည်သူမည်ဝါမှန်း ကွဲကွဲပြားပြား မသိရသဖြင့် ရှာဆာဘက်လှည့်ပြီး ပြောလိုက်သည်။

" ဂျာမန်တွေဟာ သူတို့က အမျိုးနိမ့်တယ်လို့ ယူဆထားတဲ့ လူမျိုးတွေ၊ ဂျူးတွေ ဆုတံဆိပ်မရအောင် ကြိုးစား ခြိမ်းခြောက်နေကြတာပဲ၊ သူတို့ဟာ တကယ် စက်ဆုပ်ရွံ့ရှာဖို့ကောင်းတယ် "
" အို ... စိတ်အေးအေးထားစမ်းပါ တာရာ "
"ဘာလို့ ထားရမှာလဲ၊ သူတို့ပြောတာ ရှင် ဂရုမထားဘူးလား၊ ရှင့်သူငယ်ချင်း ဒေးဗစ် က ဂျူးလေ "
" ဂရုထားပါတယ်၊ ဒါပေမယ့် မင်းပါးစပ် ပိတ်ထားစမ်းပါ၊ သူများ လူအုပ်ထဲမှာ၊ ဘယ်ကောင်းမလဲ "
ထိုအချိန်တွင် မယ်လီဒါက အားရပါးရ အော်လိုက်သည်။
" ဟော ... ဟိုမှာ ... ဟိုမှာ ... ဒေးဗစ် ထွက်လာပြီ "
ရှာဆာ လည်း မတ်တတ်ရပ် ကြည့်လိုက်ပြီး ပြောလိုက်သည်။

" ဟုတ်တယ်၊ ဟိုမှာ ဒေးဗစ်ကို တွေ့ပြီ၊ ဒေးဗစ်ရေ တအားကုန်သွန်ပြေးလိုက်စမ်းကွာ "
ရှာဆာက တအားကုန် အော်လိုက်သည်။
မီတာ ၂၀၀ နောက်ဆုံးဗိုလ်လုပွဲ နွှဲမည့် အပြေးသမားများသည် ကွင်းတောင်ဘက်ထိပ်စွန်းရှိ တာစထွက်မည့် နေရာတွင် ခုန်လိုက် ပေါက်လိုက် ကိုယ်လက် လှုပ်ရှားလိုက်ဖြင့် သွေးပူလေ့ကျင့်ခန်း စလုပ်နေသည်။ မကြာမီမှာပင် တာစထွက်ရန် နေရာယူအသင့်ပြင်လိုက်သည်။ တကွင်းလုံး ငြိမ်သွားပြီး၊ သူတို့ဆီသို့ အာရုံရောက်နေကြသည်။
သေနတ်သံ ဒိုင်းခနဲမြည်သွားသည်။ အပြေးသမားများသည် လေးညှို့မှထွက်သွားသောမြှားတံများပမာ လေ၏လျင်မြန်ခြင်း အဟုန်ဖြင့်၊ သူ့ထက်ငါ တအားကုန်ပြေးကြသည်။ ပြေးနေသော လူအုပ်ထဲမှ၊ အသား မည်း တစ်ယောက်က၊ ရှေ့သို့ တိုးထွက်လာရာ ပရိသတ်က တစ်ခဲနက် အော်ဟစ်အားပေးကြသည်။

" ဂျက်စီအိုဝင် ... ဂျက်စီအိုဝင် .... ဂျက်စီအိုဝင် "
ထိုပွဲတွင် အမေရိကန် နာမည်ကြီး အပြေးသမား ဂျက်စီအိုဝင်က ပထမ ကာတာဘရောင်းက ဒုတိယ၊ ဒေးဗစ်အေဘရာဟင်က တတိယရသွားသည်။
" ဒေးဗစ် ကြေးတံဆိပ်ရတယ်ဟေ့ "
မယ်တီဒါ က တအား ပျော်နေသည်။ ၀မ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာသည်။
ထိုနေ့ညနေတွင် သူတို့လေးယောက်သည် ဘရစ္စတိုဟိုတယ်ရှိ စင်တိန်၏ အခန်းကျယ်ကြီး၌ အောင်ပွဲသဘင် ကျင်းပကြသည်။ ဘလိန်းက ချီးကျူးမိန့်ခွန်းအနည်းငယ် ပြောကြားပြီးနောက် သူတို့ ရှန်ပိန် ခွက်ကိုယ်စီဖြင့် ဂုဏ်ပြုဆုတောင်းကာ သောက်ကြသည်။ ထိုအခမ်းအနားအတွက် စင်တိန်က ချီးမြှင့် ထား သော ၁၉၂၉ ခု၊ အိုလင်ဂါရှန်ပိန်ကို ရှာဆာသည် ဒေးဗစ်အောင်ပွဲအတွက်ဟုဆိုကာ တစ်ခွက်လုံး အကုန် သောက်လိုက်သည်။

ထို့နောက် သူတို့လေးယောက် ဟိုတယ်မှထွက်လာကြသည်။ ကာဖာစတင်ဒန် လေးထောင့်ရှိ ကူဒမ်ကဖေးတွင် ရှာဆာသည် နောက်ထပ် စကက်အရက်တစ်ခွက် အပြည့်သောက်သည်။ ထို့နောက် လေးယောက်သား လက်ချင်းချိတ်ပြီး ဘာလင်မြို့၏ နာမည်ကြီးပျော်စရာလမ်းကြီးအတိုင်း လျှောက် သွားကြ သည်။
နောက်ထပ် ကဖေးဆိုင် တစ်ဆိုင်သို့ ၀င်ကြပြန်သည်။ ယခုတစ်ကြိမ်တွင် ရှာဆာက ရှနက်အရက်ကိုမှာ လိုက် သည်။
" ဖြည်းဖြည်းလုပ်ကွာ ... မင်း မူးနေလိမ့်မယ် "
ဒေးဗစ်က နှစ်ကိုယ်ကြားပြောပြီး သတိပေးလိုက်သည်။ ရှာဆာသည် ယခင်က ၀ိုင် သို့မဟုတ် ဘီယာကို တစ်ခွက်ထက်ပိုမသောက်မှန်း ဒေးဗစ်အသိဆုံးပင်ဖြစ်သည်။

" ဒေးဗီ ... သူငယ်ချင်း ... ငါ့အခင်ဆုံး မိတ်ကောင်းကြီးတစ်ယောက် အိုလံပစ်ဆုတံဆိပ် ရတယ်ဆိုတာ နေ့တိုင်း ရတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး၊ တစ်သက်မှ တစ်ခါလောက် ဖြစ်တတ်တာမျိုးပေါ့ကွာ၊ ဒါကြောင့် ငါ ပျော်လွန်း လို့ သောက်တာပါကွာ "
" ဒါပေမယ့် မင်းကိုတော့ ငါထမ်းမပြန်နိုင်ဘူးနော် ရှာဆာ " ဒေးဗစ်က သတိပေးလိုက်သည်။
ကူဒန်လမ်း အတိုင်း သူတို့ ဆက်လျှောက်ကြသည်။ ရှာဆာက ဟာသများပြောသွားရာ အမျိုးသမီးနှစ်ယောက်က တခစ်ခစ် ရယ်သွားကြသည်။ သူတို့သည် နာမည်ကြီး ခရန်ဇလာဆိုင်ထဲသို့ ရှာဆာ က ဦးဆောင်ကာ ၀င်သါားကြပြန်သည်။
" ရှန်ပိန် ထပ်မသောက်နဲ့တော့နော် ရှာဆာ " ဒေးဗစ်က သတိပေးလိုက်ပြန်သည်။

" ငါ တစ်သက်လုံး ဘီယာမသောက်သင့်ဘူးလို့ကော မင်းအကြံဥာဏ်မပေးတော့ဘူးလား သူငယ်ချင်းရာ"
ရှာဆာက စားပွဲထိုးအမျိုးသမီးကို လက်ဖျစ်တီးခေါ်လိုက်ပြီး ၀ိုင်လေးခွက်မှာလိုက်သည်။ သူတို့လေးဦးသား ရယ်လိုက်မောလိုက်နှင့် စကားကောင်းနေကြရာ ဆိုင်ထဲမှ အခြားလူများ ရုတ်တရက်ငြိမ်ပြီး အပြောအဆို အရယ်အမော တန့်သွားသဘည်ကို သူတို့ သတိမထားမိလိုက်ပါချေ။
" အလို ဘုရားရေ ... မြင်းတပ်သားတွေလာနေပြီ " တာရာက ပြောလိုက်သည်။
အညိုရောင် စစ်ဝတ်စုံဝတ်ဂျာမန်အက်စ်အက်စ်တပ်သားများ ဆိုင်ခန်းထဲသို့ ၀င်လာကြသည်။ သူတို့လက်ထဲမှ တံခွန်အလံလိပ်ကလေးများ ပါလာရာ သူတို့တပ်ရင်း၌ အခမ်းအနားတစ်ခု ကျင်းပလာပုံရ သည်။ အရက်မူးလာကြသည်မှာလည်း သိသာထင်ရှားသည်။ ထို့ကြောင့် တချို့သောက်သုံးသူများက ဦးထုပ် ကောက်ဆောင်း၊ ကုတ်အင်္ကျီကောက်ဝတ်ကာ ကျသင့်ငွေများကို ပေးချေပြီး ဆိုင်ထဲမှ ခပ်ရို့ရို့ ထွက် သွားကြသည်။

ရှာဆာတို့ဘေးမှ စားပွဲလွတ်တွင် ထိုစစ်သားခြောက်ယောက်က ၀င်ထိုင်သည်။ ဘီယာ အမြောက်အမြား မှာ လိုက်သည်။ ဆိုင်ရှင်သည် ဒုက္ခမရောက်လိုသဖြင့် သူတို့စားပွဲသို့ သွားကာ ပျူပျူငှာငှာ နှုတ်ဆက်သည်။ သူတို့ တစ်ခဏမျှ စကားပြောကြသည်။ ထို့နောက် ဆိုင်ရှင်က သူတို့အား သတိဆွဲပြီး နာဇီနည်းဖြင့် အလေး ပြုကာ ခွင့်တောင်းပြီး သူတို့အပါးမခွာသွားကြသည်။ စစ်သားခြောက်ယောက် ကလည်း ချက်ချင်းခုန်ထပြီး နာဇီနည်းဖြင့် အလေးပြန်ပြုကြသည်။ ဖိနပ်ခွာချင်း " ဖြောင်း "ခနဲရိုက်သံနှင့် "ဟိုင်းဟစ်တလာ" ဟုအော် လိုက်သံက ဆိုင်ထဲ၌ လွှမ်းသွားသည်။
အရက်မူးစပြုနေသော မယ်တီဒါက ရယ်လိုက်ရာ စစ်သားများက သူမဘက်သို့ အာရုံစိုက်ကြည့် လာကြသည်။

" ပါးစပ်ပိတ်ထားမယ်တီ "
ဒေးဗစ်က သတိပေးလိုက်သည်။ ထိုသို့ သတိပေးလိုက်မှ ပိုဆိုးသွားသည်။ တခစ်ခစ်ကျိတ်ရယ်နေတာကို ပါးစပ် ပိတ်ပြီး ထိန်းချုပ်လိုက်သော်လည်း နောက်ဆုံးထိန်းမရဘဲ ရယ်သံက ကျယ်လောင်စွာ ထွက်လာသည်။ စစ်သားခြောက်ယောက် သူတို့ဆီ ရောက်လာပြီး သူတို့ဝိုင်းကို ၀ိုင်းပတ်ရပ် လိုက်သည်။
အသက်အရွယ် အလယ်အလတ်ခန့်ရှိ ခေါင်းဆောင်က တစ်စုံတစ်ရာ ပြောလိုက်သည်။ တာရာက ကျောင်း သူပြော ဂျာမန်စကားဖြင့် ပြန်ဖြေသည်။
" အား ... ခင်ဗျားတို့က အင်္ဂလိပ်တွေပဲ "
ခေါင်းဆောင် တပ်ကြပ်ကြီးက အင်္ဂလိပ်စကား လေသံခပ်လေးလေးဖြင့် ပြန်ပြောသည်။

" ကျွန်မ ညီမကလေးက ငယ်လဲငယ်ပါသေးတယ်၊ မလိမ်မိုး မလိမ်မာကလေးပါရှင် "
တာရာ တောင်းပန်လိုက်သည်။ ပါးစပ်ကို လက်ကိုင်ပ၀ါပိတ်ပြီး ခစ်ခနဲ တစ်ချက် ထပ်ရယ်လိုက်သော မယ်တီဒါ ကိုလည်း မျက်စောင်းလှမ်းထိုးလိုက်သည်။
" သူတို့က အင်္ဂလိပ်တွေပဲ "
တပ်ကြပ်ကြီးက သူ့လူများကို ပြောပြလိုက်ပြီး တစ်ဘက်သို့ လှမ်းထွက်သွားသည်။ သို့ရာတွင် ခပ်ငယ်ငယ် စစ်သားတစ်ယောက်က လှည့်ထွက်မသွားသေးဘဲ ဒေးဗစ်ကို စိုက်ကြည့်နေသည်။ ထို့နောက် သူက အင်္ဂလိပ် လို မေးလာသည်။
" ခင်ဗျား အပြေးသမားမဟုတ်လား၊ ကြေးတံဆိပ်ရတဲ့ ဒေးဗစ်အေဘရာဟင် မဟုတ်လား "
ဒေးဗစ်က ရှက်စနိုးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" ခင်ဗျားက ဒေးဗစ်အေဘရာဟင် ဂျူးအပြေးသမားပဲ "
ထိုစစ်သား က ပုံကြီးချဲ့လိုက်ရာ ဒေးဗစ်မျက်နှာ၌ သွေးဆုတ်သွားသလို ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ အင်္ဂလိပ် စကားပြောတတ်သော စစ်သားနှစ်ယောက်က ကျန်စစ်သားများအား ဂျာမန်လို ရှင်းပြကြသည်။ "ဂျူး" ဟူသော စကားလုံးက အထပ်ထပ်ပါနေသည်။
ထို့နောက် သူတို့အားလုံးက ဒေးဗစ်ကို ရန်လိုသောအကြည့်ဖြင့် ကြည့်လသည်။ တပ်ကြပ်ကြီးက သူတို့ကို အင်္ဂလိပ် လို မေးနေချိန်တွင် ကျန်လူများက လက်သီးဆုပ်ပြီး အံကြိတ်နေကြသည်။
" နီဂရိုး နဲ့ ဂျူးတွေကို မင်းတို့အတွက် ဆုတံဆိပ်တွေ ယူခိုင်းနေတာ မင်းတို့အင်္ဂလိပ်နဲ့ အမေရိကန်တွေ မရှက် ကြဘူးလား "
အခြားလူများက မဖြေနိုင်ခင်မှာပင် ရှာဆာက ထိုင်ရာမှ ထလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြလိုက်သည်။

" မိတ်ဆွေ တို့ ... ခင်ဗျားတို့ သစ်ပင်မှာ ဟောင်နေကြပြီဗျ၊ သူက ဂျူးလုံးဝမဟုတ်ဘူး၊ဇူးလူးလူမျိုးဗျ"
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွ၊ ဇူးလူး တွေက အသားမည်းတွေပဲ " တပ်ကြပ်ကြီးက ဇဝေဇ၀ါဖြစ်သွားပြီး ပြောလိုက်သည်။
" ခင်ဗျားမှားပြန်ပြီကိုယ့်လူ၊ ဇူးလူးတွေဟာ မွေးတုန်းက ဖြူတယ်၊ နောက်မှ နေပူထဲမှာ နေလို့မည်းသွား တာ၊ ကျွန်တော့်သူငယ်ချင်း ဒီကောင်ကိုတော့ အမြဲတမ်းနေရိပ်မှာထားလို့ဖြူနေတာ "
" မင်း ရယ်စရာ ဟာသလုပ်နေတာလား "
တပ်ကြပ်ကြီးက မေးလိုက်သည်။
" ဟုတ်တယ်၊ ကျွန်တော် ဟာသလုပ်နေတာဖြစ်ချင်ဖြစ်လိမ့်မယ်၊ ကဲ ကျွန်တော်ကရော၊ ဘာနဲ့ တူသလဲကြည့်စမ်းပါဦး "
" ရှာဆာ မင်းထိုင်စမ်းသူငယ်ချင်း၊ ဒုက္ခတွေ ဖြစ်ကုန်လိမ့်မယ် "
ဒေးဗစ်ကပြောလိုက်သည်။ ရှာဆာသည် အရက်ကလေးတွေနေမူက သူ၏ နောက်တတ် ပြောင်တတ် ဟာသ လုပ်တတ်မှုကို တွန်းအားပေးနေသဖြင့် စိတ်ကြွနေသည်။

" ဒီမှာ မိတ်ဆွေ ... ခင်ဗျား ဂျူးလူမျိုးကို လိုက်ရှာနေတယ်ဆိုရင် ဒီပိုင်းမှာ ဂျူးဆိုလို့ ကျွန်တော်တစ် ယောက်ပဲ ပါတယ် "
"မင်းတို့နှစ်ယောက်စလုံး ဂျူးတွေချည်းပဲမဟုတ်လား" တပ်ကြပ်ကြီးက မျက်စိကိုမှေးစင်းပြီး အန္တရာယ်ပြု သောအသွင်ဖြင့် ကြည့်ပြီး မေးလိုက်သည်။
" ကြောင်မနေစမ်းပါနဲ့ဗျာ၊ ခင်ဗျားကို ကျွန်တော် ရှင်းပြပြီးပဲ၊ သူကဇူးလူး၊ ကျွန်တော်က ဂျူး "
" ဒါလိမ်တာ " တပ်ကြပ်ကြီးက ဟိန်းလိုက်သည်။

ထိုအချိန်တွင် ဆိုင်ထဲ၌ ကျန်နေသေးသော လူပရိသတ်က သူတို့အချီအချပြောနေကြသည်ကို ၀ိုင်းပြီး အာရုံ စိုက်နားထောင်နေကြသည်။ အင်္ဂလိပ်စကားမတတ်၍ ဘာပြောနေမှန်း မသိသူများအား တတ်သူ များက ရှင်းပြနေသည်။ ထိုသို့ဝိုင်းကြည့်နေသည့်အတွက် ရှာဆာ အားတက်လာသည်။ ရှန်ပိန်ကလည်း တွန်းအား ပေးနေသည်။
" ရှာဆာက ဂျူးတို့က နာဇီအက်စ်အက်စ် တပ်သားများကို နှိမ်သော ထိုးဇာတ် ဟာသဇာတ်လိုက် တစ်ပုဒ်ကို ပြောလိုက်သည်။ နာဇီစစ်သားများ အလွန်အမင်းဒေါပွသွားသည်။
တပ်ကြပ်ကြီး က ညာလက်ကိုလွှဲပြီး ရှာဆာကို ကြုံးထိုးလိုက်သည်။ ရှာဆာက ငုံ့ရှောင်ပေးလိုက်သည်။ သို့ ရာတွင် အရက်မူးနေသဖြင့် ရှာဆာမှာ မိမိကိုယ်မိမိမဟန်နိုင်ဘဲ စားပွဲပေါ်သို့ မှောက်လျက်သား ငိုက်ကျသွားသည်။ ဖန်ခွက်များ ကွဲသွားသည်။ ရှန်ပိန်ပုလင်းက ကြမ်းပြင်ပေါ်တွင် လဲကျလိမ့်ထွက်သွားပြီး ရှန်ပိန်များစီးထွက်ကုန်သည်။ နောက်ထပ် စစ်သားနှစ်ယောက်က ရှာဆာအပေါ်သို့ ခုန်အုပ်လိုက်ပြီး ခေါင်း နှင့် ခန္ဓာကိုယ် အထက်ပိုင်းကို လက်သီးမိုးရွာချလိုက်သည်။

ဒေးဗစ်က ရှာဆာကို ကူညီရန် ခုန်ဝင်လိုက်သည်။ သို့သော် နာဇီစစ်သားတစ်ယောက်က သူ့လက်ကို နောက်မှဆွဲထားလိုက်သည်။ ဒေးဗစ်ကအဆွဲခံလိုက်ရသော ညာလက်ကို လိမ်ပြီး ရုန်းလိုက်ကာ ထိုစစ်သား ၏ နှာခေါင်းဆီသို့ ညာလက်သီးတစ်လုံးကို လှလှပပပစ်သွင်းလိုက်သည်။ အထိုးခံရသော စစ်သား က ဒေးဗစ်လက်ကို လွှတ်လိုက်ပြီး အားခနဲအော်ကာ သူ့နှာခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် နောက်ထပ် နာဇီစစ်သားနှစ်ယောက်က ဒေးဗစ်ကို နောက်မှ ဖမ်းချုပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ကျောဘက်တွင် လိမ်ဆွဲပြီး ချုပ်ထားလိုက်သည်။
" သူ့ကိုလွတ်လိုက် "
မယ်တီဒါက ကျုံးအော်လိုက်သည်။ ဒေးဗစ်အား ဖမ်းချုပ်ထားသော စစ်သားတစ်ယောက်ပုခုံးပေါ်သို့ ခုန်အုပ် လိုက်သည်။ စစ်သားဦးထုပ်ကို ခေါင်းပေါ်မှ ပုတ်ချလိုက်ပြီး ဆံပင်များကို သူမလက်နှစ်ဖက်ဖြင့် တအားကုန် ဆောင့်ဆွဲလိုက်သည်။

" ဒေးဗစ် ကို လွှတ်လိုက် ... ခွေးတိရစ္ဆာန် "
ဆံပင်ဆွဲခံလိုက်ရသော စစ်သားက မယ်တီဒါလက်မှ လွတ်အောင်ရုန်းရန် နောက်သို့ချာခနဲလှည့်လိုက် သည်။
အခန်းထဲရှိ မိန်းမများက ကြောက်အားလန့်အားနှင့်ငယ်သံပါအောင် အော်ဟစ်ကြသည်။ စားပွဲကုလားထိုင် များလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားကြသည်။ ဆိုင်ရှင်က မီးဖိုခန်းတံခါးဝမှ ကြည့်နေသည်။ သူ့မျက်နှာက ကြောက်ရွံ့သည့်အသွင်၊ သနားသည့်အသွင် ပေါ်နေသည်။
" ရှာဆာကုတ်နေ၊ လူရမ်းကားတစ်ယောက်လို လျှောက်လုပ်နေတာပဲ၊ ရှင့် အပြုအမူတွေ ချက်ချင်း ရပ်လိုက် စမ်း" တာရာက ဒေါသတကြီးအော်ပြောလိုက်သည်။

ရှာဆာ ၏ ခန္ဓာကိုယ်မှာ စစ်သားများ ဖိထားသဖြင့် တစ်ဝက်ခန့် မြှုပ်နေသည်။ လက်သီးလုံးများက အဆက် မပြတ်ကျနေရာ မည်သို့မျှမတုံ့ပြန်နိုင်ဘဲ ဖြစ်နေသည်။
မယ်တီဒါ ၏ ဆံပင် အဆွဲခံ ထားရသော စစ်သားက သူ့လက်နှစ်ဖက်ဖြင့် သူမကိုယ်ကိုကိုင်ပြီး တွန်းပစ်လိုက် ရာ အခန်းထောင့်တစ်ထောင့်သို့ လွင့်ထွက်သွားသည်။
စစ်သားသုံးယောက် က ရှာဆာဆွဲထူလိုက်ပြီး သူ့လက်နှစ်ဖက်ကို နောက်ကျောဘက်မှနေပြီး လိမ်ဆွဲချုပ် ကိုင်လိုက်သည်။ ထို့နောက် ရှာဆာအား မီးဖိုခန်းတံခါးပေါက်ဆီသို့ တွန်းပြီးခေါ်သွားသည်။ အခြားစစ်သား နှစ်ယောက်ကလည်း ဒေးဗစ်ကို အလားတူပင် လက်ပြန်ချုပ်ပြီး မီးဖိုခန်းဆီသို့ ခေါ်သွားသည်။ နှာ်ခေါင်းကို အထိုးခံလိုက်ရသဖြင့် သွေးများယိုဆင်းနေသော စစ်သားက နောက်မှလိုက်သွားသည်။

မီးဖိုခန်းဝ၌ရပ်နေသော ဆိုင်ရှင်က ကမန်းကတန်း လမ်းဖယ်ပေးလိုက်သည်။ စစ်သားများက ရှာဆာနှင့် ဒေးဗစ် အား မီးဖိုခန်းထဲသို့ တွန်းသွင်းသွားသည်။ မီးဖိုထဲရှိ ထမင်းချက်များနှင့် စားပွဲထိုးများက ဘေးကပ်ပြီး ရှောင်ရှားကြသည်။ ဆိုင်နောက်ဘေးလမ်းကြားထဲသို့ ရှာဆာနှင့် ဒေးဗစ်အား တွန်းပို့ ခေါ်ဆောင်သွားသည်။
စစ်သားတစ်ယောက်မှ စကားမပြောကြ။ သူတို့အား တစ်စုံတစ်ယောက်က အမိန့်ပေးစရာလည်း မလိုတော့ ပေ။ ဤအလုပ်မျိုးကို သူတို့ကျွမ်းကျင်ပြီးဖြစ်သည်။ ရှာဆာနှင့် ဒေးဗစ်ကို စစ်သားနှစ်ယောက် က ဘယ်ညာချုပ်ကိုင်ပြီး လမ်းကြားအုတ်နံရံတွင် ကျောကပ်ကာကိုင်ထားလိုက်သည်။ ကျန်စစ်သားတစ် ယောက်စီက လက်သီးဖြင့် မျက်နှာမှနေ၍ ၀မ်းဗိုက်အထိ တစ်ဖန် ၀မ်းဗိုက်မှနေ၍ မျက်နှာအထိ အပြန်အလှန် လက်သီးစွမ်းပြလိုက်သည်။ သူတို့၏ လက်သီးချက်များနှင့်အတူ ခံရသူများ၏ ၀က်အော် သလို အော်သံများက စည်းချက်ဝါးချက်ညီညီ ထွက်ပေါ်နေသည်။

မယ်တီဒါက ထိုနောက်ဘေးလမ်းကြားထဲသို့ ပြေးလိုက်လာသည်။ ဒေးဗစ်အား ကာကွယ်ပေးရန် ပြေးသွား သည်။ စစ်သားတစ်ယောက် က သူမကို လှမ်းပြီးတွန်းပစ်လိုက်ရာ သံဘူးအခွံများအပုံပေါ်သို့ လွဲကျသွား သည်။ ထိုစစ်သားက သူ၏ လက်သီးစွမ်းပြလုပ်ငန်းကို ပြန်ပြီးဆက်လုပ်သည်။
တာရာက မီးဖိုခန်းထဲတွင် ဆိုင်ရှင်ကို ဒေါသတကြီး အော်ပြောနေသည်။
" ရဲကို ချက်ချင်းခေါ်ပါ၊ ပြောနေတာ ရှင်မကြားဘူးလား၊ ရဲကိုခေါ်လေ၊ အပြစ်မရှိတဲ့ လူနှစ်ယောက်ကို သူတို့ နောက်ဘေးလမ်းကြားထဲမှာ သတ်နေကြတယ် "
" ရဲကလဲ လာမှာမဟုတ်ပါဘူး၊ ဖရော်လိန်း အကြောင်းမထူးပါဘူး " ဆိုင်ရှင်က ဘာမှမတတ်နိုင်သည့် အသွင် ဖြင့် ပြန်ပြောလိုက်သည်။
ရှာဆာမှာ မတတ်နိုင်တော့ဘဲ ခါးကိုင်းကျသွားသည်။ ချုပ်ကိုင်ထားသူနှစ်ယောက်က လွှတ်ပေးလိုက်ရာ မှောက်လျက် လဲကျသွားတော့သည်။ ထိုအခါ သုံးယောက်စလုံးက ဖိနပ်နှင့် ၀ိုင်းကန်တော့သည်။ ရှာဆာ၏ ၀မ်းဗိုက်၊ နံဘေးနှစ်ဖက်၊ ခါးနှင့် ကျောတို့ပေါ်သို့ ဖိနပ်ဦးများက မိတ်ဆက်လိုက်ကြသည်။

ဒေးဗစ် ကို လက်သီးစွမ်းပြနေသော စစ်သားမှာ ချွေးများပင်ထွက်လာသည်။ ဒေးဗစ်က ရှာဆာထက် ပိုပြီး ခံနိုင်ရည် ရှိနေသည်။ လက်သီးသမားက အထိုးရပ်လိုက်ပြီး နောက်တစ်လှမ်းဆုတ်လိုက်သည်။ အသေ အချာ တွက်ဆချိန်ရွယ်ပြီးနောက် ညာပင့်လက်သီးတစ်လုံးကို ဒေးဗစ်၏ ငိုက်ကျနေသော မျက်နှာသို့ အပြီးသတ် တအားကုန် ကြုံးထိုးထည့်လိုက်သည်။ လက်သီးချက်က ထိမိလှသည်။ ငိုက်ကျနေသော ဒေးဗစ် ခေါင်းမှာနောက်လန်သွားပြီး အုတ်တံတိုင်းနှင့်နောက်စေ့ သွားဆောင့်တော့သည်။ လက်နှစ်ဖက်ကိုင် ထားသူ နှစ်ယောက်က လွှတ်ပေးလိုက်ရာ ဒေးဗစ် ရှေ့သို့ဟပ်ထိုး လဲကျသွားတော့သည်။

ဒေးဗစ်ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့။ စစ်ဖိနပ်များနှင့် ၀ိုင်းကန်နေကြသည်ကိုလည်း မရှောင်ရှား နိုင်တော့ ဘဲ၊ သစ်တုံးကြီးလို လှိမ့်ခံနေရသည်။ နောက်ဆုံး စစ်သားများ အားရမှ  ဦးထုပ်များ ကောက်ဆောင်းပြီး တံခွန်အလံများ ကောက်ယူကာ နေရာမှထွက်သွားကြတော့သည်။ နောက်ဖေး လမ်းဘေးထွက်သော မီးဖို တံခါးဝ၌ ရဲနှစ်ယောက်ကိုတွေ့ရာ သူတို့နှစ်ယောက်ရှေ့မှ ခပ်တည်တည်ဖြင့် သွားတော့သည်။ ရဲများက လည်းဘာမှ မထူးခြားသလို ဆက်ပြီးရပ်ကြည့်နေကြသည်။
မယ်တီဒါက ဒေးဗစ်ဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး အကန်ခံတာ ရသောဒေးဗစ်ဦးခေါင်းကို သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။

" ဒေးဗစ် ... ဒေးဗီ ... စကားပြောပါဦး "
တာရာသည် မီးဖိုထဲမှ ပန်းကန်သုတ်သော အ၀တ်စကို ရေဆွတ်ယူထားပြီး ရှာဆာနှင့် ဒေးဗစ်မျက်နှာ များကို ရေပတ်တိုက်လိုက်သည်။
တစ်အောင့်ကြာသောအခါ ရှာဆာနှင့် ဒေးဗစ်တို့ သတိရလာသည်။ ရှာဆာက ကုန်းထလိုက်ပြီး ဒူးထောက် ထိုင်ကာ ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။ ဒေးဗစ်လည်း တံတောင်ဆစ်တစ်ဖက်နှင့် ထောက်ပြီး အားယူလိုက်သည်။ ထွီခနဲတံတွေး ထွေးလိုက်ရာ သွေးများနှင့်အတူ သွားတစ်ချောင်း ကျွတ်ပြီး ပါသွားသည်။
" ကောင်းသွားပြီလား၊ သူငယ်ချင်း ဒေးဗစ် " ရှာဆာက လှမ်းမေးလိုက်သည်။

" ရှာဆာ ... နောက်တစ်ခါကျရင် မင်းငါ့ကို ၀င်ကယ်တာမျိုး မလုပ်နဲ့၊ မင်းနောက်တစ်ခါ ကယ်ရင်တော့ ငါသေလိမ့်မယ် "
ထိုကိစ္စနှင့်ပတ်သက်၍ တာရာက ရှာဆာအား မကျေမချမ်းဖြစ်နေသည်။ ရှာဆာ ရန်စနောက်ပြောင်၍ ဖြစ်ရ သည်ဟု ဆိုသည်။ မယ်တီဒါက ဒဏ်ရာရသူနှစ်ယောက်ကို တွဲပြီး ထူခေါ်လာသည်။ တံခါးဝတွင် တွေ့သော ရဲတစ်ယောက်က ဂျာမန်စကားဖြင့် လှမ်းပြောလိုက်သည်။
" သူဘာပြောတာလဲ "
ရှာဆာက တာရာအားမေးလိုက်သည်။
" သူပြောတာမှန်တယ်၊ နောက်တစ်ခါ ရှင်ဒါမျိုးလုပ်ရင် အများပြည်သူအထိတ်တလန့်ဖြစ်အောင်လုပ်မှုနဲ့ ရှင့်ကို ဖမ်းမယ်တဲ့ "
သူတို့လေးဦး ဟိုတယ်သို့ ပြန်လာကြသည်။

ထိုဖြစ်ရပ်ရလဒ်မှာ ရှာဆာနံရိုးလေးချောင်းနှင့် ညှပ်ရိုးတစ်ချောင်းကျိုးသွားသည်။ ထိုနေ့ နောက်နှစ်ရက် တွင် တောင်အာဖရိကနှင့် အာဂျင်တီးနားတို့၏ ပိုလိုအကြို ဗိုလ်လုပွဲ၌ ရှာဆာ ပါဝင်မကစားနိုင်တော့ပေ။ တောင် အာဖရိကလည်း ထိုပွဲတွင် ရှုံးသွားရသည်။ ဒေးဗစ်မှာမူ သွားနှစ်ချောင်းကျိုးသွားရုံမျအပ အခြား ဒဏ်ရာကြီး ကြီးကျယ်ကျယ် မရရှိပေ။
" အင်း၊ သိပ်ပြီး မထိခိုက်မနစ်နာလှပါဘူး၊ လူသိရှင်ကြားမဖြစ်တာဘဲ ကျေးဇူးတင်ရဦးမယ် "
စင်တိန် က ပြောလိုက်သည်။ သို့သော် သူ့ကောက်ချက်မှားသွားသည်။ ရှာဆာတို့ ရန်ပွဲဖြစ်ခဲ့ကြသော ဆိုင်ထဲ၌ ထိုချိန်က တောင်အာဖရိကမှ ရိုက်တာသတင်းထောက် တစ်ယောက်ရှိနေသည်။ သူ၏ ဆောင်းပါး ကို တောင်အာဖရိကမှ "ဂျူးဝစ်ရှ်တိုင်း" သတင်းစာက ဖော်ပြလိုက်ရာ၊ ထိုကိစ္စကို တောင်အာဖရိက တစ်နိုင်ငံလုံး သိရှိသွားတော့သည်။

သို့ရာတွင် ထိုဆောင်းပါးထဲ၌ ရှာဆာက သူ့မိတ်ဆွေ အိုလံပစ် အပြေးကြေးတံဆိပ်ရှင် ဂျူးတစ်ယောက် ဘက်မှ ခုခံကာကွယ်ခဲ့ပုံကို အသားပေးရေးထားသည်၊ သူတို့ ကိပ်တောင်းသို့ ပြန်ရောက်သောအခါ ရှာဆာ့ နာမည်ကောင်းသတင်းမွှေးနေသည်။ ဇီလွန်ဝါဒီ၏မိတ်ဆွေများ အသင်းက သူတို့အား နေ့လယ်စာ စားပွဲ ဖြင့်တည်ခင်းပြီး မိန့်ခွန်းများ ပြောကြားစေသည်။
တစ်ခါတစ်ရံ တွင် မမျှော်လင့်ဘဲ အဆိုးမှ အကောင်းဖြစ်သွားတတ်သည်။

ဆက်ရန်
.

No comments: