Monday, January 2, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၉)

အခန်း (၃၉)

ဘလိန်း အိပ်ရာမှမနိုးခင်ပင် စင်တိန်က နိုးနေသည်။ တစ်ထပ်တိုက်ကလေး၏ အပြင်ဘက်တွင် အမှောင်ထု လွှမ်းနေဆဲရှိသည်။ အိမ်ဘေးမှ တောင်မြင့်မြင့်ကြီးက အရုဏ်ဦးရောင်နီကို ပိတ်ဆီး ကာဆို့ ထားသည်။
ဤအိမ်ကလေး ကို စင်တိန် လနှင့်ချီပြီး ရှာခဲ့ရသည်။ စင်တိန်၏ ဒိန်မလာကားကြီးနှင့် ဘလိန်း၏ ဘင်တလေ့ ကားသစ်ကြီးတို့ကို လူမမြင်အောင်ထားစရာ မော်တော်ကားရုံလည်းရှိသည်။ ဤအိမ်ကလေး သည် ပါလီမန် အဆောက်အအုံနှင့် ဘလိန်း၏၀န်ကြီးရုံးတို့မှ လမ်းလျှောက်လာလျှင် ဆယ်မိနစ် မျှသာ ကြာသည်။ တောင် များကို လှမ်းမြင်ရသော မြင်ကွင်းက ကြည်နူးဖွယ်ကောင်းသည်။ ထို့အပြင် စင်တိန် တို့၏ အထက်တန်းသူ့အလွှာလောကသားများနှင့် ဝေးသောနေရာလည်းဖြစ်သည်။

ထိုအိမ်ကိုဝယ်ပြီးနောက် စင်တိန်သည် အဘက်ဘက်မျစိတ်တိုင်းကျ မွမ်းမံပြင်ဆင်သည်။ ထမင်းချက်နှင့် အိမ်ဖော်လေးယောက် အညမတြမ်းထားသည်။
စင်တိန် အိပ်ရာကနိုးလာပြီး အတော်ကြာမှ ဘလိန်းနိုးလာသည်။ နှစ်ဦးသား ရေမိုးချိုး အ၀တ်အစားလဲပြီး အိပ်ရာခန်း ထဲမှ ထွက်လာသည်။ အိမ်ဖော်နှစ်ဦးက ပြုံးရွှင်စွာဆီးကြိုသည်။ အိမ်ရှေ့ဆင်ဝင်အောက် နေနောင်ခြည် နုနု ဖြာကျနေသော နေရာတွင် နံနက်စာစားပွဲပြင်ဆင်ထားသည်။ ထိုစားပွဲတွင် သူတို့ နှစ်ယောက် ၀င်ထိုင်လိုက်သည်။ စားပွဲပေါ်မှ နံနက်စာများကို စင်တိန် မျက်စိတစ်ချက်ဝေ့ကြည့်လိုက် ရာ လိုလေသေး မရှိ ပြည့်စုံနေသည်ကို တွေ့ရသည်။

ထုံးစံအတိုင်း စင်တိန်က သတင်းစာကိုယူလိုက်ပြီး ဘလိန်းအားဖတ်ပြသည်။ ပထမဆုံး သတင်းခေါင်းစဉ် များ၊ ထို့နောက် ပါလီမန်သတင်းကိုဖတ်ပြီး အမြင်ချင်း ဖလှယ်ကြသည်။ ထို့နောက် စီးပွားရေး စာမျက်နှာ နှင့် စတော့ဈေးနှုန်းများ၊ နောက်ဆုံး အားကစားစာမျက်နှာ၊ အထူးသဖြင့် ပိုလိုသတင်းကို ဖတ်ရှုလေ့ ရှိသည်။
ပါလီမန် သတင်းကိုဖတ်ပြပြီးနောက် စင်တိန်က မေးလိုက်သည်။`
" ရှင် မနေ့ကပြောခဲ့တာကို ကျွန်မ ပြန်ပြီး သတိရတယ်၊ ရှင့်ရဲ့ပြန်ကြားချက်ကို ဌာနလက်ကိုင်မရှိ ၀န်ကြီး ရဲ့ အားပါသော ပြန်ကြားချက်လို့ သူတို့ကပြောနေတယ်ဆို "
" အင်း … ဟုတ်တယ်လေ "
" အဲဒါ လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြောတာလား "

" ဟုတ်တယ်၊ ဟစ်တလာနဲ့ သူ့ရဲ့ နိုင်ငံရေး ဂိုဏ်းသားတွေရဲ့ အယူဝါဒကို လိုလားထောက်ခံတဲ့ စစ်သွေး ကြွနေတဲ့ အဖွဲ့အစည်းတွေကိုပြောတာ "
" အဲဒီအကြောင်း ပြောပြစမ်းပါဦးရှင့် "
" ဒီကိစ္စက ငါတို့အတွက် တကယ်စိုးရိမ်ရတဲ့ကိစ္စပဲ၊ ၁၉၁၄ ခုနှစ်မှာ ဒီဝစ်က ကိုင်ဇာကိုတိုက်ဖို့ သူ့ရဲ့ကွန်မန် ဒိုတွေ နဲ့ ကြိုးစားခဲ့ပြီးနောက်ပိုင်းမှာ အခုကိစ္စဟာ စိုးရိမ်စရာ အကောင်းဆုံးပဲလို့ ငါတို့ဆရာကြီး ဗိုလ်ချုပ်ကြီး စမတ် က သဘောထားတယ်၊ ဒါဟာ နိုင်ငံရေး အရှုပ်အထွေးကိစ္စ၊ အန္တရာယ် မိုင်းတွင်းကြီး ဖြစ်လာနိုင်တဲ့ ကိစ္စ"
ဘလိန်း က စကား ကို ခေတ္တရပ်လိုက်သည်။ သူပြောတာထက်ကို အရေးကြီးမှန်း စင်တိန်သိလိုက်သည်။ ဘလိန်း က ဆက်ပြောသည်။

" လျှို့ဝှက်အဖွဲ့အစည်းတွေထဲမှာ အင်အားအကောင်းဆုံးနဲ့ အစွန်းအရောက်ဆုံးဖြစ်တဲ့ အော်စီဝါဘရန်စစ် အဖွဲ့ ကို စုံစမ်းရမယ့် ကော်မရှင်မှာ ငါ့ကို ဦးဆောင်ဖို့ တာဝန်ပေးထားတယ်၊ ၀န်ကြီးအဆင့်နဲ့ လျှို့ဝှက် အဆင့် လုပ်ရမှာ "
" ဘာဖြစ်လို့ ရှင့်ကို တာဝန်ပေးရတာလဲ၊ ဒီအလုပ်က မနှစ်မြို့စရာ အလုပ်ကြီး "
"ဟုတ်တယ် မလုပ်ချင်စရာအလုပ်ကြီးပဲ၊ ဒါပေမယ့် ငါက အာဖရိကဖွား လူဖြူမဟုတ်လို့ ရွေးပြီးတာဝန်ပေး တာ၊ ဘက်မလိုက်တဲ့ တရားသူကြီးမျိုး ဖြစ်အောင်ပေါ့ "
" ဟုတ်တယ်၊ အဲဒီ အိုဘီ ဆိုတဲ့အဖွဲ့ကို ကျွန်မလဲကြားဖူးတယ်၊ အဲဒီအကြောင်း လူတွေပြောနေကြတာ နှစ် အတော်ကြာပြီ၊ ဒါပေမယ့် ဘယ်သူမှ များများစားစား သိပ်မသိကြပါဘူး "
" ဒီအဖွဲ့ က လက်ယာစွန်း တစ်ယူသန် အမျိုးသားရေးအဖွဲ့၊ လူမည်းဆန့်ကျင်ရေးအဖွဲ့၊ ဟစ်တလာအဖွဲ့၊ သွေးသစ္စာ တိုင်ကြတဲ့အဖွဲ့၊ ညဥ့်နက်ပိုင်းမှာ အစည်းအဝေးလုပ်ကြတဲ့အဖွဲ့၊ ဟစ်တလာ ရေးတဲ့ ပန်းကမ့် စာအုပ် အယူဝါဒကို လက်ခံတဲ့အဖွဲ့ပဲစင်တိန် "

" အဲဒီစာအုပ်အကြောင်း လူတိုင်းပြောနေကြပဲ၊ ကျွန်မတော့ မဖတ်ဖူးသေးဘူး၊ အင်္ဂလိပ် ဒါမှမဟုတ် ပြင်သစ်လိုဘာသာပြန်ထားတာများရှိသလား "
" တရားဝင် ပုံနှိပ်ထုတ်ဝေတာတော့ မရှိဘူး၊ နိုင်ငံခြားရေးရုံးက ဘာသာပြန်ထားတဲ့ စာမူတစ်ခုတော့ ငါ့မှာ ရှိတယ်၊ အစွန်းရောက်ဝါဒ၊ တစ်ယူသန်တဇွတ်ထိုးထင်ရာလုပ်ဝါဒ၊ ညစ်ညမ်းမှု၊ ကျူးကျော်မှု၊ နှိပ်စက်ကလူ ပြုမှုတွေ အကြောင်းရေးထားတာ ငါ့မှာရှိတာ မင်းကိုပေးဖတ်ပါမယ်၊ ဒါပေမယ့် စာအရေးအသားကတော့ ညံ့တယ် "
" ဟစ်တလာဟာ စာရေးကောင်းသူဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့်သူဟာ ဘာပဲဖြစ်ဖြစ် ဟစ်တလာဟာ ဂျာမန်ကို ၀ိုင်မာသမ္မတ နိုင်ငံပျက်သုဉ်းပြီးနောက်ပိုင်းမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်တည် နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်၊ ကမ္ဘာပေါ်မှာအလုပ်လက်မဲ့မရှိဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံ ဆိုလို့ ဂျာမန် တစ်နိုင်ငံပဲရှိတယ်၊ ခရပ်နဲ့ဖာဆင်ကုမ္ပဏီက ကျွန်မ၀ယ်ထားတဲ့ အစုရှယ်ယာတွေဟာ လွန်ခဲ့တဲ့ ကိုးလ အတွင်း တန်ဖိုးနှစ်ဆတက်သွားတယ် "

စင်တိန်သည် စကားပြောနေရာမှ ဘလိန်း၏ အမူအရာကို တွေ့သောအခါ စကားကို ခေတ္တရပ်လိုက်ပြီး မေး လိုက်သည်။
" ဘာဖြစ်လို့လဲ ဘလိန်း၊ ဟင် … ဘာမှားသွားလို့လဲ "
ဘလိန်း က နံနက်စာစားနေရာမှ ဓားနှင့်ခတ်ရင်းကို စားပွဲပေါ်ချထားလိုက်ပြီး စင်တိန်အား စိုက်ကြည်ကာ မေးလိုက် သည်။
" ဂျာမန်တွေရဲ့ လက်နက်စက်ရုံတွေမှာ မင်းအစုရှယ်ယာတွက် ၀ယ်ထားသလား "
ဘလိန်းက အေးဆေးစွာမေးလိုက်ရာ၊ စင်တိန်ကခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။
" ရှေ့ကိစ္စနောက်ပိုင်းမှာ ကျွန်မအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပဲ "
စင်တိန် က စကားစဖြတ်လိုက်သည်။ ရွှေကိစ္စကို သူတို့ နှစ်ယောက်စလုံး ဘာမှမပြောဘဲ နေလာခဲ့ ကြသည်။

" ငါ့အတွက် တစ်စုံတစ်ခုလုပ်ပေးဖို့ကို ငါပြောခဲ့ဖူးသလား "
" ဟင့်အင်း … မပြောရဲဖူးပါဘူး "
" ကောင်းပြီ ဒါဖြင့်မင်းကို ငါအခုပြောမယ်၊ ဂျာမန် လက်နက်ကုမ္ပဏီက မင်းရဲ့အစုရှယ်ယာတွေ အားလုံး ကို ရောင်းပစ်လိုက်တော့ "
" ဘာဖြစ်လို့လဲ ဘလိန်း "
စင်တိန် အံ့အားသင့်တွေဝေသွားပြီး မေးလိုက်သည်။
" ကင်ဆာရောဂါမျိုးစေ့ဖြန့်ဖြူးရေး လုပ်ငန်း၊ ဒါမှမဟုတ်၊ ဂျင်ဂျစ်ခန်ရဲ့ ထိုးစစ်လုပ်ငန်းမျိုးမှာ ငွေကြေး ထောက်ပံ့တာ မျိုး ရင်းနှီးမြှုပ်နှံတာမျိုးဖြစ်နေလို့ပေါ့ "
စင်တိန်ဘာမှ ပြန်မပြော၊ သို့သော် စိတ်ထဲ၌ ရှုပ်သွားပြီးအမြင်အာရုံေ၀၀ါးသွားသည်။ တဖြည်းဖြည်းအမြင် ပြန်ကြည်လာပြီး သဘောတူလိုက်သည်။

" မနေ့ကပေါက်ဈေးနဲ့ဆိုရင် ကျွန်မ အမြတ်ပေါင်စတာလင် ၁၂၆၀၀၀ ရမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရောင်းလိုက်ပါ့မယ်လေ၊ စာတိုက်ဖွင့်ဖွင့်ချင်း လန်ဒန်က ကျွန်မ ပွဲစားတွေဆီ သံကြိုးရိုက်ပြီး ရောင်းဖို့ အမိန့် ပေးလိုက်ပါမယ် "
" ကျေးဇူးပါပဲအချစ်ရယ်၊ တခြား လုပ်ငန်းတွေမှာ မင်းအမြတ်ရအောင်လုပ်နိုင်ပါစေလို့ ငါဆုတောင်း ပါတယ် ကွာ"
" အခြေအနေပေါ်မှာ ရှင်ကောက်ချက်ချ မှားကောင်းများနေလိမ့်မယ်ဘလိန်း၊ ဟစ်တလာဟာ ရှင်ထင် သလောက် ဆိုးမယ်မထင်ပါဘူး "
" ဟုတ်ပါတယ် ငါထင်သလောက် သူဆိုးချင်မှဆိုးမှာပါ၊ ဒါပေမယ့် သူ့စာအုပ်ထဲမှာပါတဲ့အတိုင်း ကြောက်စရာ ကောင်းလောက်အောင် ရက်ရက်စက်စက် လုပ်မယ့်လူမျိုးဖြစ်နိုင်တယ် စင်တိန် "
ဘလိန်းက အစားတစ်လုတ်ကို ခက်ရင်းနှင့် ထိုးကော်ပြီးပါးစပ်ထဲထည့်လိုက်သည်။ မျက်စိမှိတ်ပါးစပ်ကို ပိတ်ပြီး အရသာခံဝါးစားနေသည်။ စင်တိန်က လှမ်းကြည့်ကာ ပီတိဖြာနေသည်။ အစာကို မျိုချလိုက်ပြီး နောက် ဘလိန်းက မျက်လုံးပြန်ဖွင့်ကာပြောလိုက်သည်။

" ခုလို သာယာတဲ့နံနက်ခင်းမှာ ထိတ်လန့်စရာ စကားတွေ ပြောရတာ တော်လောက်ပါပြီ၊ ကဲ … သတင်း စာက အားကစား စာမျက်နှာကို ဖတ်ပြစမ်းပါဦး မိန်းမရယ် "
စင်တိန်သည် သတင်းစာ စာမျက်နှာများကို လှန်လိုက်သည်။ အားကစား စာမျက်နှာ ရောက်သွားသော အခါ အသံထွက်ဖတ်ရန် ဟန်ပြင်ပြီး ထိုစာမျက်နှာကို ကြည့်လိုက်သည်။ စာမျက်နှာကို ကြည့်လိုက်သော စင်တိန် ၏ မျက်နှာသည် ရုတ်တရက် သွေုးတ်သွားသလို ဖြစ်သွားပြီး ကုလားထိုင်ပေါ်၌ ထိုင်နေသော သူမ ကိုယ်ခန္ဓာ မှာလည်း မူးဝေ ယိမ်းထိုးသွားသည်။
ဘလိန်း သည် လက်ထဲမှ ခက်ရင်းနှင့်ဓားကို စားပွဲပေါ်သို့ ဇတ်ခနဲပစ်ချလိုက်သည်။ ထိုင်နေရာမှ ရုတ်ခြည်း ထလိုက်ပြီး စင်တိန်အား လဲကျမသွားအောင် ထိန်းကိုင်ဖေးမလိုက်သည်။

" ဘာဖြစ်တာလဲ ဒါလင် ဘာဖြစ်လို့လဲဟင် "
ဘလိန်း လည်း အံ့အားသင့်သွားပြီး စင်တိန်လိုပင် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ စင်တိန်က ဘလိန်း လာကိုင်သော လက်နှင့်လက်ကိုခါပြီး ဖယ်လိုက်ကာ သူမလက်ထဲ၌ တဆတ်ဆတ်လှုပ်သော သတင်းစာ စာမျက်နှာပေါ်သို့သာ စိုက်ကြည့်နေသည်။
ဘလိန်းက စင်တိန်နောက်ကျောဘက်သို့ နေရာရွေ့ယူလိုက်ပြီး သူမပခုံးပေါ်မှကျော်ကာ သတင်းစာ စာမျက်နှာ တစ်ရွက်လုံးအား သိမ်းကြုံးကြည့်လိုက်သည်။ ပြီးခဲ့သော တနင်္ဂနွေနေ့က မြင်းပွဲအကြောင်း ဆောင်းပါးတစ်ပုဒ် တွေ့ရသည်။ စင်တိန်၏ မြင်းကြီးဘွန်ဟာသည် နှာတစ်ဖြားကပ်ရှုံးခဲ့သည်။ သို့သော် ဤ ကိစ္စ သည် စင်တိန်အဖို့ ဤမျှတုန်လှုပ်ချောက်ချားစရာမဟုတ်ပါချေ။

စာမျက်နှာအောက်ပိုင်းသို့ စင်တိန်စိုက်ကြည့်နေမှန်း တွေ့ရ၍ ဘလိန်းလည်း သူမ ကြည့်သည့်နေရာသို့ လိုက်ကြည့် သည်။ ကင်မရာဘက်သို့ မျက်နှာမူထားသော လက်ဝှေ့သမားတစ်ဦး၏ ဓာတ်ပုံကို တွေ့ရသည်။ ဘောင်းဘီကို၊ စွပ်ကျယ်လက်ပြတ်ကို ၀တ်ထားပြီး လက်သီးကို ဆုပ်ကာ မြှောက်ထောင် ပြ ထားသည်။ ချောမောခန့်ညားသော သူ့မျက်နှာကပြုံးရောင်သန်းနေသည်။ စင်တိန် ဘယ်တုန်းကမှ လက်ဝှေ့ ကို စိတ်မ၀င်စားခဲ့ဖူးသဖြင့် ဘလိန်းအံ့အားသင့်သွားသည်။ ထိုဓာတ်ပုံနှင့် သတင်းပါသော ဆောင်းပါး ၏ ခေါင်းစဉ်ကို ဘလိန်းဖတ်လိုက်သည်။

ပွဲကြီးပွဲကောင်း လက်ဝှေ့ပွဲကြီး
တက္ကသိုလ် ပေါင်းစုံဗိုလ်လုပွဲကြီးအပြိုင်နွှဲမည်
ထိုသတင်းခေါင်းစဉ်ကလည်း ဘလိန်း၏ အံ့အားသင့်တွေဝေမှုကို အဖြေထုတ်မပေးနိုင်ဘဲဖြစ်နေသည်။ လက်ဝှေ့သမား ဓာတ်ပုံအောက်မှ စာသားများကို ဘလိန်းလှမ်းဖတ်လိုက်သည်။
" ကာလာဟာရီတောနက်ကြီးမှ ခြင်္သေ့လေးမင်းဖရက်ဒီလာရေး၊ တက္ကသိုလ်ပေါင်းစုံ လိုက်ဟဲဗီးဝိတ် သရဖူလုပွဲ တွင် စိန်ခေါ်သူ "
" မင်းဖရက်ဒီလာရေး "
ဘလိန်းက ထိုနာမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ၄င်းနာမည်ကို ဘယ်တုန်းကကြားဖူးပါလိမ့်ဟု ပြန်စဉ်းစား လိုက်သည်။ သူသတိရသွားပြီး စင်တိန်ပခုံးကို ဆုပ်ကိုင်ညှစ်လိုက်သည်။
" မင်းဖရက်ဒီလာရေး၊ ၀င်းဟုပ်မြို့မှာတုန်းက မင်းလိုက်ရှာခိုင်းတဲ့ ကောင်ကလေးပဲ၊ သူဟုတ်တယ် မဟုတ် လား "
ဘလိန်းအမေးကို စင်တိန် က ခေါင်းညိတ်ပြပြီး ဖြေလိုက်သည်။ နောက်သို့မူလှည့်မကြည့်။

" မင်းနဲ့ ဘယ်လိုပတ်သက်လို့လဲ စင်တိန် "
ရင်ထဲက ခံစားချက်များ ဘောင်ဘင်ခတ်သွား၍ စင်တိန်တုန်လှုပ်သါားသည်။ ရင်ထဲ၌ မခံစားလိုက်ရလျှင်မူ စင်တိန် တစ်မျိုး ဖြေမည်ဖြစ်သည်။ ယခုတော့ ခံစားချက်က စကားလုံးများကို ဘရိတ်မအုပ်နိုင်တော့ပဲ အမှန် အတိုင်း ထွက်သွားသည်။
" သူက ကျွန်မသား … တိတ်တိတ် ပုန်းရတဲ့သား "
စင်တိန်ပခုံးနှစ်ဘက်ကို ကိုင်ထားသော ဘလိန်း၏ လက်များပြုတ်ကျသွားသည်။ ဘလိန်း၏ သက်ပြင်းမော ချလိုက်သံကို စင်တိန်ကြားလိုက်ရသည်။
စင်တိန် စိတ်ထဲမှ မိမိကိုယ်မိမိ ပြန်ပြောလိုက်မိသည်။

" ငါတော့ ရူးတော့မယ်၊ ငါ ဒီကိစ္စကို ဘလိန်းကို မပြောသင့်ဘူး၊ သူဘယ်လိုမှသဘောပေါက်နားလည်မှာ မဟုတ်ဘူး၊ ငါ့ကိုလဲ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး "
စင်တိန်သည် နောက်သို့လှည့်မကြည့်ရဲပေ။ အံ့သြမှုနှင့်စွပ်စွဲလိုမှု အရိပ်အယောင်များ ဘလိန်းမျက်နှာ၌ ထင်ဟပ်နေမည်ကို မြင်ယောင်နေမိသည်။ ခေါင်းကိုငုံ့လိုက်ပြီး မျက်နှာကို လက်ဝါးနှစ်ဘက်ဖြင့်အုပ်လိုက် သည်။ စိတ်ထဲမှလည်း ပြောလိုက်သည်။
" ငါတော့ သူ့ကို လက်လွတ်ဆုံးရုံးရတော့မယ်၊ ဘလိန်းက သိပ်ဖြောင့်မတ်တဲ့လူ၊ အကျင့်သိက္ခာ သိပ်ရှိတဲ့လူ၊ ငါ့နောက်ကြောင်း ကို သူလက်ခံနိုင်မှာမဟုတ်ဘူး "
ထိုအချိန် တွင်ပင် ဘလိန်းလက်နှစ်ဖက်က စင်တိန်ပခုံးကို ပြန်လာကိုင်သည်။ စင်တိန်ကို မထူလိုက်ပြီး သူ နှင့် မျက်နှာချင်းဆိုင် ဘက်သို့ အသာလေး လှည့်ယူလိုက်သည်။

" ငါ မင်းကိုချစ်တယ်"
ဘလိန်းက ရိုးရိုးလေးပင် ပြောလိုက်သည်။ စင်တိန် ၀မ်းသာလွန်း၍ ဆိုနင့်သွားသည်။ ဘလိန်းကို တအား ကုန်လှမ်းဖက်လိုက်သည်။
" အို ဘလိန်းရယ်၊ ရှင်ဟာ ကမန်မအပေါ်မှာ သိပ်ကောင်းတာပဲရှင် "
" မင်းငါ့ကို အဲဒီအကြောင်း ပြောပြမယ်ဆိုရင် ငါကူညီဖို့ အသင့်ပါပဲ၊ မင်း မပြောချင်ဘူးဆိုရင်လဲ ရပါတယ်၊ ငါသဘောပေါက်နားလည်ပါတယ်၊ တစ်ခုပဲရှိတယ်၊ မင်းအတိတ်မျာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာတွေပဲလုပ်ခဲ့ လုပ်ခဲ့ ငါ့အဖို့တော့ မထူးပါဘူး၊ မင်းအပေါ်မှာရှိနေတဲ့ ငါရဲ့ခံစားချက်က မပြောင်းလဲသွားပါဘူး "
" ကျွန်မ ရှင့်ကို ပြောပြချင်ပါတယ်၊ ကျွန်မနဲ့ ပတ်သက်လို့ ရှင့်အပေါ်မှာ ဘာမှလျှို့ဝှက်မထားခဲ့ချင်ပါဘူး မောင်ရယ်၊ ရှင့်ကို ပြောပြချင်တာ နှစ်ပဋိစ္ဆေဒကြာခဲ့ပါပြီ၊ ဒါပေမယ့် ကျွန်မ သူရဲဘောကြောင်ခဲ့တယ်၊ သတ္တိ နည်းခဲ့တယ် " စင်တိန်က မျက်ရည်ကို သုတ်ပြီး ဘလိန်းအား မော့ကြည့်ကာ ပြောလိုက်သည်။

" ဘာမှ မကြောက်ပါနဲ့ အချစ်ရယ် ပြောသာပြောပါ "
ဘလိန်းက စင်တိန်အား ကုလားထိုင်ပေါ်တွင် ထိုင်ပေးလိုက်ပြီး သူကလည်း စင်တိန့်အနားသို့ ကုလား ထိုင် တစ်လုံး ဆွဲယူကာ ထိုင်လိုက်သည်။ စင်တိန်စကားပြောနေချိန်တွင် သူမလက်ကလေးကို ကိုင်ထား ရန် ဖြစ်သည်။
" ကဲ ပြောပေတော့ "
" အကြောင်းကတော့ အရှည်ကြီးပဲဘလိန်း၊ ရှင်က ၆ နာရီထိုးမှာ ၀န်ကြီးအဖွဲ့အစည်းအဝေးတက်ရဦးမယ် မဟုတ်လား "
" တိုင်းရေးပြည်ရေးက စောင့်နေလို့ရပါသေးတယ်၊ မင်းရဲ့ စိတ်ချမ်းသာမှုကိုသာ ကမ္ဘာပေါ်မှာ ငါ့အဖို့ အရေး ကြီးဆုံးပါကွာ "
ထို့ကြောင့် စင်တိန်က သူမ၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြလိုက်သည်။ လိုသာဒီလာရေးက မိမိအား ခြင်္သေ့ လက်မှကယ်တင်လိုက်ချိန်မှစ၍၊ ဟာနီသတ္ထုတွင်းတွေ့ရှိတူးဖော်ခဲ့ပုံ၊ သဲကန္တာရထဲ၌ မင် ဖရက်အား မွေးဖွားခဲ့ပုံအထိ ဖြစ်သည်။

စင်တိန်သည် ဘာကိုမှမထိန်ချန်ဘဲ အမှန်အတိုင်း ပြောပြသည်။ လိုသာကို သူမချစ်ခဲ့မိပုံ၊ တစ်ဦးတည်း အထီးကျန် အမျိုးသမီးတစ်ဦးက ကယ်တင်ရှင်အား ချစ်ခဲ့ပုံကို ပြောပြသည်။ အလားတူပင် မုန်းလာခဲ့ မိပုံကို လည်း ပြောပြလိုက်သည်။ မိမိ၏ မွေးစားမိခင်ဖြစ်သော ပစ်ဂမီလူပုမကြီး ဟာနီအား လိုသာ သတ်လိုက် ကြောင်းသိရသောအခါ သူ့အပေါ် တူးတူးခါးခါး မုန်းလိုက်ပုံကို ပြောပြသည်။ လိုသာ့အပေါ်မှ အမုန်းတရား သည် မိမိဝမ်း၌ လွယ်ထားရသော သူ့ကလေးအပေါ်အထိ ရောက်ရှိသါားပုံ၊ ကလေးအား မွေးပြီးပြီးချင်း သူ့ အဖေလက်ထဲပေးလိုက်ကာ ကြည့်ပင်မကြည့်ခဲ့ပုံတို့ကို ဇာတ်ကြောင်း ပြန်ပြလိုက်သည်။

" ကျွန်မ မိုက်ခဲ့မှားခဲ့မိတာပါပဲ၊ အဲဒီတုန်းက ကျွန်မစိတ်တွေ ရှုပ်ထွေးပြီး ကြောက်ခဲ့မိတယ်၊ ကြောက်တာ က တိတ်တိတ်ပုန်း ရတဲ့ကလေးကို ကုတ်မိသားစုထဲခေါ်သွားရင် သူတို့က လက်မခံဘဲ ကျွန်မကို ၀ိုင်းပယ် ကန်ထုတ် လိုက်မှာကို ကြောက်ခဲ့မိလို့ပါ၊ အိုဘလိန်းရယ်၊ အဲဒီကိစ္စကိုကျွန်မ် အခါတစ်သောင်းမက ၀မ်းနည်း နေမိပါတယ်၊ လိုသာဒီလာရေးကို ကျွန်မ ရွံ့မုန်းသလောက် ကျွန်မကိုယ် ကျွန်မလဲ ရွံ့မုန်းခဲ့ မိပါတယ် "
" သူ့ကို မြင်ရအောင် မင်း၈ျိုဟန်နက်မြို့ကိုသွားချင်သလား။ လက်ဝှေ့ဗိုလ်လုပွဲကြည့်ဖို့ ငါတို့လေယာဉ်နဲ့ သွားရင်ရတယ် "
ဘလိန်းက မေးလိုက်သည်။
" ငါတို့ … ဟုတ်လား၊ ရှင် ငါတို့လို ပြောလိုက်တယ်နော် "
" ဟုတ်တယ်လေ၊ မင်းတစ်ယောက်တည်း ငါမလွှတ်နိုင်ပါဘူး မင်းအတွက်အနှောက်အယှ်က်ဖြစ်မှာ အန္တရာယ် ဖြစ်မှာ စိုးတယ် "

" ဒါဖြင့် ရှင်လိုက်နိုင်မယ်လား … အစ္စဘယ်လာကရော "
" မင်းရဲ့လိုအပ်ချက်က ခုချိန်မှာ အရေးကြီးဆုံးဖြစ်နေတယ်လေ၊ မင်းသွားချင်သလား "
" အို … သွားချင်တယ်ဘလိန်းရယ် … သိပ်သွားချင်တာပဲ "
စင်တိန်က မျက်ရည်စကို လက်ကိုင်ပ၀ါဖြင့် သုတ်ပစ်လိုက်သည်။ သူ့စိတ်စားချက်တို့ ချက်ချင်းပြောင်းသွား သည်။ ထိုသို့ စိတ်ပြောင်းစိတ်လဲမြန်မှုကို ဘလိန်း သဘောကျသည်။ ယခုအခါ စင်တိန်သည် သာမန် အလုပ် ကိစ္စပြောသလို ပြန်ပြောလာနိုင်ချေပြီ။

" ဒီညနေပိုင်းမှာ ရှာဆာ အနောက်တောင် အာဖရိကဘက်မှ နြပ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်၊ ၀င်းဟုပ် မြို့က အေဘရာဟင်ဆီ တယ်လီဖုန်းဆက်ပြီး ရှာဆာတို့လေယာဉ် ဘယ်အချိန် ထွက်လာမယ် ဆိုတာ လှမ်းမေးလိုက်မယ်လေ၊ အားလုံးအဆင်ပြေရင် ကျွန်မတို့ မနက်ဖြန်မှာ ဂျိုဟန်နက်စံဘတ်မြို့ကို သွားနိုင် မယ်"
" မင်းစိတ်ကြိုက် နက်ဖြန်တော့ စောချင်သလောက် စောစောသွားပေတော့၊ ငါ့အလုပ်တွေ ဒီညနေ အပြီး လုပ်ထားပြီး ဆရာကြီးဆီမှာ ခွင့်တောင်းထားမယ် "
စင်တိန် က ဘလိန်း လက်ကောက်ဝတ်မှ ရိုးလက်စ်နာရီကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

" ရှင် မြန်မြန်လုပ်ရင် ကက်ဘိနက်အစည်းအဝေး မီနိုင်သေးတယ် "
စင်တိန်က ဘလိန်းအားမော်တော်ကား ဂိုဒေါင်ထဲအထိ လိုက်ပို့ပေးသည်။ တာဝန်ကျေသော ဇနီးတစ် ယောက် အသွင် ပြုမူပြသနေဆဲရှိသည်။ မော်တော်ကား ပြတင်းပေါက်မှနေ၍ ဘလိန်းအား နှုတ်ဆက် အနမ်း လေးပေးလိုက်သည်။
" ရှာဆာရောက်လာလာချင်း ကျွန်မရှင့်ဆီ တယ်လီဖုန်းဆက်လိုက်မယ်၊ တကယ်လို့ ရှင်အစည်းအဝေး ထိုင်နေရင် လဲ ရှင့်အတွင်းရေးမှူး ဒေါရစ်ကို အကြောင်းကြားထားလိုက်မယ် "
ဘလိန်း မော်တော်ကား ထွက်သွားလျှင်သွားချင်း စင်တိန် အိပ်ခန်းထဲပြန်ဝင်ပြီး တယ်လီဖုန်းကောက်ကိုင် ကာ ၀င်းဟုပ်မြို့ရှိ သူမရှေ့နေအေဘရာဟင်ထံ လှမ်းဆက်သည်။ ရှာဆာဝင်းဟုပ်မှ ထွက်လာပြီလား ဟုမေး သည်။

" မနက် အလင်းရောင် ထွက်လာတည်းက ဒီက ထွက်သွားတာပဲ၊ ထွက်သွားတာ ငါးနာရီလောက်တောင်ရှိ ပြီ၊ ကျွန်တော့်သား ဒေးဗစ် လဲ လိုက်သွားတယ်" အေဘရာဟင်က ပြောသည်။
" လေတိုက်တဲ့အခြေအနေကရော အေဘီ "
" လေ က သူတို့နောက်က တိုက်နေတာ၊ လေစုန်ခရီးပေါ့၊ တစ်နာရီမိုင် ၂၀ နဲ့ ၃၀နှုန်းကြားလောက်ရှိမယ် "
" ကျေးဇူးပဲ အေဘီ၊ ကျွန်မ လေယာဉ်ကွင်းကသွားစောင့်နေမယ် "
" ခင်ဗျား လေယာဉ်ကွင်းက သွားစောင့်ရင် ခွကျနေုလိမ့်မယ်ထင်တယ်၊ မနေ့ညက သူတို့သတ္ထုတွင်းက ပြန်လာတော့ သတို့မှာ လျှို့ဝှက်စရာ တမင်ဖုံးကွယ်ထားစရာ ပါလာပုံရတယ်၊ ဒီနေ့မနက် ကျွန်တော် လေယာဉ်ပျံကွင်း လိုက်ပို့မယ်ဆိုတာတောင် အပို့မခံဘူး၊ သူတို့မှာ မိန်းကလေးအဖော် ပါလာတယ် ထင်တယ်"

အေဘီ စကားကြောင့် စင်တိန် မျက်မှောင်ကြုတ်သွားသည်။ ထို့ကြောင့် ထိုစကားကိုဖြတ်ပြီး အလုပ်ကိစ္စ များကိုသာ ဆက်ပြောတော့သည်၊ တသ်လီဖုန်း ပြောပြီးသွားသောအခါ အိမ်ဖော်နှစ်ယောက်ခေါ်ပြီး မိမိမရှိ ခိုက် အိမ်ကိုထိန်းသိမ်းထားရမည့်ကိစ္စများကို မှာကြားသည်။
ထို့နောက် စင်တိန်သည် စိတ်ထဲမှ ခပ်မြန်မြန် တွက်ချက်လိုက်သည်။ ရှာဆာ အား သူမ၀ယ်ပေးထားသော စက်နှစ်လုံးတပ် မိုးပြာရောင်နှင့် ငွေရောင် 'ရာဂွန်ပိုက်} လေယာဉ်သည် တစ်နာရီ မိုင် ၁၅၀ နှုန်းပျံသန်းနိုင် သည်။ လောက တစ်နာရီ မိုင် ၂၀ နှုန်း ပံ့ပိုးနေရာ ရမ်ဖီးလေဆိပ်သို့ မွန်းမတည့်မီရောက်လာနိုင်သည်။

" အင်း … ရှာဆာ … မိန်းမအဖော်ပါမပါဆိုတာ ကြည့်ရသေးတာပေါ့" စင်တိန်က တစ်ယောက်တည်းပြော လိုက်သည်။
စင်တိန်သည် ဒိန်မလာကားကြီးကို ဖြေးဖြေးလေးမောင်းကာ လေယာဉ်ကွင်းဆီသို့ ထွက်လာခဲ့သည်။ တောင် စောင်းအတိုင်းပတ်ပြီး မောင်းလာရာ အောက်ဘက်တွင် ရပ်ကွက်(၆)ဟု ခေါ်သော မလေး ရပ်ကွက် ကိုတွေ့ရသည်။ ထိုမှလွန်သော် တက္ကသိုလ် အဆောက်အအုံများကို တွေ့သောအခါ ရှာဆာဆီ သို့ စိတ်ပြန် ရောက်သွားပြန်သည်။
ရှာဆာသည် ယခုပထမနှစ်စာမေးပွဲကို ဒုတိယအဆင့်မှ အောင်ခဲ့သည်။ ရှာဆာ၏ ပိုလိုကစားမှု ကိစ္စ နှင့် ပတ် သက်၍ တစ်ကြိမ်က ဘလိန်းနှင့် ဆွေးနွေးခဲ့မိသည်ကို ပြန်သတိရလာသည်။
" ဒီမှာ ဘလိန်း၊ အိုလံပစ်ပွဲဝင်မယ့်ပိုလိုအသင်းမှာ ရှာဆာပါနိုင်မလား" စင်တိန် ထိုစဉ်ကမေးခဲ့သည်။

" ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မပါနိုင်ဘူး "
" ဒါနဲ့ သူကစားတာကောင်းတယ်ဆို၊ ရှင်ပဲပြောတာပဲ "
" ဟုတ်ပါတယ်၊ သူကစားတာ ကောင်းသင့်သလောက် ကောင်းပါတယ်၊ ရိုက်ချက်ကောင်းတယ်၊ လိုက်နိုင် တယ်၊ အားရှိတယ်၊ ဒါပေမယ့် အတွေ့အကြုံနည်းနေသေးတယ်၊ တကယ်လို့ သူလက်ရွေးစဉ် အရွေး ခံရလျှင် ကမ္ဘာပေါ်မှာ အငယ်ဆုံးနိုင်ငံလက်ရွေးစဉ်ပိုလိုသမား ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် သူအရွေးခံ ရလိမ့်မယ်လို့ ငါတော့မထင်ဘူး၊ ကလီရမ်ဆေးအရွေးခံရနိုင်တယ် "
စင်တိန်က ဘလိန်းကို စိုက်ကြည့်နေသည်။ ဘလိန်းကလည်း စင်တိန်ကို ပြန်စိုက်ကြည့်သည်။ စင်တိန် ဘာတွေးနေမည်ကို ဘလိန်းသိနေသည်။ ဘလိန်းသည် အမျိုးသားပိုလို လက်ရွေးစဉ် အသင်းကပ္ပတိန် ဖြစ်ရာလက်ရွေးစဉ် ပိုလိုသမားများရွေးချယ်ရာတွင် ပါဝင်ရသူဖြစ်သည်။

" အေဘရာဟင်သား ဒေးဗစ်ကတော့ ဘာလင် အိုလံပစ်သွားရမြယ်မဟုတ်လား "
" ဒေးဗစ်အေဘရာဟင်က မီတာ ၂၀၀ အပြေးမှာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အကောင်းဆုံး စံချိန်ရထားတာ၊ မီတာ ၄၀၀ မှာကျတော့ တတိယမြောက် အကောင်းဆုံးစံချိန် ရထားပြန်ရော၊ ရှာဆာက နံပါတ် ၁၀ လောက် ပိုလိုသမားနေရာအတွက် အကြိတ်အနယ်နွှဲရမှာ၊ အဲဒါကွာ ခြားချက်ပဲ "
"ရှာဆာ ဘာလင်အိုလံပစ်ဝင်ခွင့်ရဖို့အတွက် ဒီကမ္ဘာပေါ်မှာ ကျွန်မ ဘာပဲကုန်ရကုန်ရ အကုန်ခံဖို့ အသင့် ပါပဲ"
" အင်း လေ … မင်းအကုန်ခံမယ်ဆိုတာ ငါသိပါတယ် "

တကယ်တော့လည်း စင်တိန်သည် ထိုသို့ မျှော်မှန်းပြီး အကုန်ခံခဲ့ပြီး ဖြစ်သည်။ ကိပ်တောင်းတက္ကသိုလ် အင်ဂျင်နီယာ မဟာဌာန၌ စင်တိန်က အဆောက်အအုံသစ်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကုတ်နေ အဆောက်အအုံဟု အမည်ပေးခဲ့သည်။ ရှာဆာအား အောက်စဖို့တက္ကသိုလ်သို့ မပို့တော့ဘဲ ကိပ်တောင်း တက္ကသိုလ်သို့ ပို့တော့မည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် ထိုသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
စင်တိန် မော်တော်ကားသည် လေယာဉ်ကွင်းသို့ ရောက်လာသည် လေယာဉ်ကွင်း၌ ခြောက်ကပ်နေသည်။

စင်တိန်သည် သူမ၏ ဒိန်မလာကားကြီးကို ရှာဆာကောင်းကင်ထက် လေယာဉ်ပေါ်မှ လှမ်းမမြင်စေရန် အတွက် လေယာဉ်ထားသော ဂိုဒေါင်ကြီး အေးအရိပ်ထဲ၌ ရပ်လိုက်သည်။ ထို့နောက် ခရီးဆောင် ကောဇော ကို ကားနောက်ဘက်မှ ထုတ်ယူပြီး မြက်ခင်းပြင်အစွန်း တစ်နေရာရှိ သစ်ပင်အောက်တွင် ဖြန့်ခင်းလိုက် သည်။ စင်တိန်သည် ကော်ဇောပေါ်တွင် ထိုင်လိုက်ပြီး ယူလာသောစာအုပ်ကို ဖွင့် ဖတ်လိုက်သည်။
*******************
ဆက်ရန်
.

No comments: