Sunday, January 1, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၈)

(၃၈)

စတယ်လင်ဘို့ရှ် တောင်တန်းများပေါ်တွင် လက ထိန်ထိန်သာနေသည်။ တောင်ကြားလျှိုမြောင်းများ အတွင်း သို့ ပင် သစ်ပင်များ၊ သစ်ရွက်များ ကြားမှနေ၍ လရောင်က ဖြာကျနေသည်။
တောင်ကြား လျှိုမြောင်ချိုင့်ဝှမ်းတစ်ခုသည် သူတို့အတွက် အထူးလျှို့ဝှက်နေရာ ဖြစ်သည်။ မည်သူမှ ဂရု မထားနိုင် မမြင်နိုင်သော နေရာ ဖြစ်ပြီး သူတို့ရည်မှန်းချက်အတွက် အဘက်ဘက်မှ အဆင်ပြေသော နေရာ ဖြစ်သည်။ ထိုနေရာတွင် သူတို့တပ်သားများ တန်းစီရပ်နေကြသည်။ တပ်သား တိုင်းက မီးတုတ်ကို ကိုင်ပြီး မြှောက်ထားရာ ကြေးခါးပတ်များ၊ ဘာကယ်ကွင်းများက မီးရောင်၌ တလက်လက် တောက် နေသည်။

လက်ရွေးစဉ် တပ်သာ ၃၀၀ခန့်ကိုသာ ခေါ်ယူထားခြင်း ဖြစ်သည်။ ဂုဏ်ယူတက်ကြွသော သူတို့မျက်နှာ ပြင်များ၌ အထင်းသား ပေါ်လွင်နေသည်။ သစ်တောထဲမှ တန်းစီ ထွက်လာသော လူသစ်များကို သူတို့ က တည်ငြိမ်စွာ ကြည့်နေကြသည်။ လူသစ်များအား ဗိုလ်ချုပ်ကြီးက ဆီးကြိုကာ လက်ဆွဲနှုတ်ဆက် သည်။
လူသစ်များ ထဲမှ မင်းဖရက်ဒီလာရေးက ဦးစွာ ခေါင်းဆောင်များ ရှေ့သို့ ရောက်လာပြီး သတိ အနေ အထားဖြင့် ရပ်လိုက်သည်။ ရှပ်အင်္ကျီအနက်၊ မြင်းစီးဘောင်ဘီရှည်နှင့် မြင်းစီးဖိနပ်ရှည်တို့ကို ၀တ်ဆင် ထားသည်။ ဤသည်မှာ သူတို့၏ လျှို့ဝှက်သူရဲကောင်းများ ၀တ်စုံပင် ဖြစ်သည်။

တပ်မှူးက ရှေ့သို့ ထွက်လာပြီး မင်းဖရက်နှင့် မျက်နှာချင်းဆိုင် တစ်လှမ်းခန့် အကွာတွင် ရပ်လိုက် သည်။ ထောင်ထောင်မောင်းမောင်း တောင့်တောင့်တင်းတင်းနှင့် ဥပဓိရုပ်ကောင်းသူတစ်ဦး ဖြစ်သည်။ ထိုသူအား မင်းဖရက် ချက်ချင်း မှတ်မိသွားသည်။ သတင်းစာများမှာ နိုင်ငံရေး စာမျက်နှာများတွင် မကြာခဏ တွေ့မြင်နေရသော မျက်နှာပင် ဖြစ်သည်။ ထိုသူသည် အစိုးရပိုင်းမှ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပြီး သြဇာ တိက္ကမရှိသူ တစ်ဦးလည်း ဖြစ်သည်။

"မင်းဖရက်ဒီလာရေး ... သွေးသစ္စာတိုင်ရန် အသင့်ရှိပြီလား"
တပ်မှူးက အသံသြဇာ ပြည့်ဝစွာ မေးလိုက်သည်။
"အသင့်ပါပဲ"
မင်းဖရက် က ပီသ ပြတ်သားစွာ ပြန်ပြောလိုက်ပြီး ခါးပတ်တွင် ချိတ်ထားသော ငွေဓားမြှောင်ကို ဆွဲထုတ် လိုက်သည်။

မင်းဖရက်နောက်မှ တန်းစီရပ်နေသော လူဟောင်း တပ်သားများထဲ၌ စတင်ဒါ ရှိနေသည်။ ယူနီဖောင်း အပြည့်အစုံ ၀တ်ထားပြီး ညာဘယ်လက်မောင်းတွင် ဟစ်တလာ ကြက်ခြေ တံဆိပ် တပ်ထားသည်။ စတင်ဒါက ရှေ့သို့ လှမ်းထွက်လိုက်ပြီး ခါး၌ ချိတ်ထားသော သေနတ်အိတ်ထဲမှ ပစ္စတိုကို ဆွဲထုတ် လိုက်သည်။ ပစ္စတိုကို မောင်းတင်လိုက်ပြီး ပြောင်းဝကို မင်းဖရက် ရင်ဘတ်၌ ထောက်လိုက်သည်။ နှလုံးသားကို ချိန်ရွယ်လိုက်သည်။

မင်းဖရက် တစ်ချက်လေးမှ တွန့်မသွား။ စတင်ဒါသည် မင်းဖရက်အား တာဝန်ခံထားရသူ ဖြစ်သည်။ အကယ်၍ မင်းဖရက်က သစ္စာဖောက်လာလျှင် စတင်ဒါကိုယ်တိုင် သုတ်သင်ရှင်းလင်းပါမည်ဟူသော အထိမ်းအမှတ်ဖြင့် ဤသို့ နှလုံးသားအား ချိန်ရွယ်ပြလိုက်ခြင်း ဖြစ်သည်။
တပ်မှူး က မင်းဖရက်အား သစ္စာဆိုရမည့် စာသားများရေးထားသော စာရွက်တစ်ရွက်ကို လှမ်းပေး လိုက်သည်။ မင်းဖရက်သည် လက်နှစ်ဖက်ဖြင့် စာရွက်ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် ဓားမြှောင်ကို ကိုင်ကာ ဓားသွားကို သူ့နှလုံးသားနေရာတွင် ထောက်ထားလိုက်သည်။ ရည်မှန်းချက်အတွက် အသက် ပေးလှူရန် အသင့်ရှိကြောင်း သက်သေထူပြလိုက်ခြင်း ဖြစ်သည်။
မင်းဖရက်က စာရွက်ကို ဖတ်ပြီး သစ္စာဆိုသည်။

"ဘုရားသခင်၏ ရှေ့မှောက်၊ ရဲဘော်ရဲဘက်များ၏ မျက်စိအောက်တွင် ကျွန်ုပ် သစ္စာဆိုပါသည်။ အော်စီဝါဘရင်းဝက် သဘောတရားအပေါ် သစ္စာစောင့်သိပါမည်။ အကြီးအကဲများ၏ အမိန့်ကို နာခံပါ မည်ဟု သစ္စာဆိုပါသည်။ နှုတ်လုံပါမည်၊ လျှို့ဝှက်ပါမည်ဟုလည်း ကတိပြုပါသည်။ အကယ်၍ ကျွန်တော် သည် တစ်စုံတစ်ရာ သစ္စာဖောက်မိပါက ကျွန်ုပ်အား အုတ်ဂူထဲရောက်သည်အထိ လိုက်လံ လက်စားချေ ပါ။ ကျွန်တော်၏ သစ္စာပြုချက်ကို ရဲဘော်ရဲဘက်များ ကြားသိပါစေ။

ကျွန်တော် ရှေ့တိုးချီတက်လျှင် နောက်ကလိုက်လာပါ။
ကျွန်တော် နောက်ပြန်ဆုတ်လျှင် ပစ်သတ်ပါ။
ကျွန်တော်သေလျှင်လည်း လက်စားလိုက်ချေပါ။
"ထို့ကြောင့် ဘုရားသခင်က ကျွန်တော့်ကို စောင့်မတော်မူပါ"

မင်းဖရက်သည် ဓားမြှောင်ဓားသွားဖြင့် လက်ကောက်ဝတ်ကို အနည်းငယ်ဖြတ်လိုက်သည်။ သွေးရဲရဲ များက စီးထွက်လာသည်။ သစ္စာတိုင်စာရွက်ပေါ်သို့ သွေးစက်များဖြင့် ပက်ဖျန်းလိုက်သည်။
တပ်မှူးက ရှေ့တစ်လှမ်းတိုးပြီး မင်းဖရက်အား ပွေ့ဖက်လိုက်သည်။ နောက်မှ တပ်သားများက အောင်မြင် တက်ကြွသော အသံဖြင့် တခဲနက် အော်လိုက်ကြသည်မှာ ဘ၀ဂ်သို့လျှံတက်သွားတော့ သည်။
စတင်ဒါ က ပစ္စတိုတိုအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ့မျက်လုံးအိမ်တွင် ၀မ်းသာလွန်း၍ မျက်ရည် ပင် ဝေ့နေသည်။
မင်းဖရက်ကို လှမ်းကိုင်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"ငါတို့အခု တကယ့်ညီအစ်ကိုအစစ် ဖြစ်သွားကြပြီကွ"

နိုဝင်ဘာလလယ်တွင် မင်းဖရက်သည် ပထမနှစ် အတန်းတင် စာမေးပွဲကြီး ဖြေရသည်။ ကျောင်းသား ၁၅၃ဦး ရှိသော ပထမနှစ် ဥပဒေ၀ိဇ္ဇာတန်း၌ မင်းဖရက်က တတိယဖြင့် အောင်မြင်သည်။
စာမေးပွဲ အောင်စာရင်းများ ထွက်ပြီး သုံးရက်အကြာတွင် စတယ်လင်ဘို့ရှ် တက္ကသိုလ် လက်ဝှေ့အဖွဲ့ သည် နည်းပြဆရာ သရွန့်ဘိုင်အာမင် ဦးဆောင်ကာ တောင်အာဖရိက နိုင်ငံ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲသို့ ၀င်ရန် ထွက်ခွာသွားသည်။ ယခုနှစ်တွင် ပြိုင်ပွဲကို ဂျိုဟန်နက်စဘတ်မြို့ရှိ ၀စ်ဝါတာ ဆင်း တက္ကသိုလ်၌ ကျင်းပမည် ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ လက်ဝှေ့သမားများ လာရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မင်းဖရက်တို့၏ စတယ်လင်ဘို့ရှ် တက္ကသိုလ် အသင်းသည် မီးရထားဖြင့် သွားရောက်ရာ မိသားစုများ နှင့် ကျောင်းသား ကျောင်းသူများ ဘူတာသို့ လိုက်ပို့ နှုတ်ဆက်ကြသည်။ ဦးလေးသရွန့်က လိုက်ပို့ သော မိသားစုဝင် အမျိုးသမီးများကို တစ်ဦးချင်း နှုတ်ဆက်အနမ်းများဖြင့် နှုတ်ဆက်သည်။ ဇနီးသည် ထရူဒီ၊ ပြီးတော့ သမီးနှစ်ယောက်၊ နောက်ဆုံး ဆာရာတို့အား အစဉ်လိုက် နှုတ်ဆက်သည်။
မင်းဖရက် ဆာရာရှေ့ရောက်သောအခါ ဆာရာစိတ်မထိန်းနိုင်တော့ဘဲ သူမ မျက်လုံးအစုံမှ မျက်ရည် များ ကျလာ သည်။ မင်းဖရက်လည်ပင်းကိုလည်း သူမလက်နှစ်ဘက်ဖြင့် သိုင်းဖက်လိုက်ပြီး တအား ဖျစ်ညှစ် လိုက်သည်။

"ဟေး ... ကောင်မလေး၊ မငိုနဲ့လေ ရှက်စကြီး"
မင်းဖရက်က အသာအယာ ပြန်ဖက်ကာ ဆာရာ့ နားရွက် နားကပ်ပြီး ပြောလိုက်သည်။
"အို မာနီ ... ရှင်က အဝေးကြီးသွားမှာ၊ ဒီလောက် အဝေးကြီး တစ်ခါမှ မခွဲဖူးပါဘူး" ဆာရာက သူ့လည်ပင်းတွင် မျက်နှာအပ်ကာ ပြောလိုက်သည်။
"ကဲကွယ် တိတ်ပါတော့ ... ဟိုမှာ လူတွေ ကြည့်နေကြပြီ၊ ကဲ ငါ့ကို နှုတ်ဆက်အနမ်းလေး နမ်းလိုက်၊ အပြန် ကျယင် လက်ဆောင်ကောင်းလေး ၀ယ်ခဲ့မယ်"
"ဟင့်အင်း ... ကျွန်မ လက်ဆောင် မလိုချင်ပါဘူး၊ ရှင့်ကိုပဲ လိုချင်တာ"

ပြောပြောဆိုဆိုနှင့် ဆာရာက မျက်နှာလေးကို မော့လိုက်ပြီး သူမ နှုတ်ခမ်းအစုံကို မင်းဖရက် နှုတ်ခမ်း ပေါ်သို့ ဖိတင်ကပ်ပစ်လိုက်သည်။ နွေးထွေးပြီး အိစက်နူးညံ့သော သူမ နှုတ်ခမ်းနှစ်မြွှာသည် မင်းဖရက် အဖို့ ပန်းသီးမှည့်မှည်၏ အရသာနှင့် တူလှသည်။
သူတို့နှစ်ယောက်၏ အပွေ့အဖက် အထိအတွေ့မှာ စက္ကန့်ပိုင်းမျှသာ ကြာသည်။ သို့သော် မင်းဖရက် ရင်ထဲနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ တစ်ခါဖူးမှ မခံစားရဖူးသော ရင်ဖိုမှု၊ လှိုက်မောမှုရသဝေဒနာများ စုပြုံခံစားလိုက်ရသည်။
ရထား တော်တော် ဝေးသွားပြီး လမ်းကွေ့တစ်ခုတွင် ကွေ့သွားသည်အထိ ဆာရာ လှမ်းကြည့်နေဆဲ ရှိသည်ကို မင်းဖရက် မြင်လိုက်ရသည်။

တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့ပွဲကြီး ဆယ်ရက်ကြာ ကျင်းပသည်။ အတန်းတိုင်းတွင် လူရွေးပွဲ ငါးပွဲစီ ပါဝင်သည်။
မင်းဖရက်သည် သူထိုးရမည့် အတန်းတွင် ဦးစားပေးအဆင့် (၂)ဆင့် ရသည်။ ထို့ကြောင့် နောက်ဆုံး ပွဲတွင် လက်ရှိချန်ပီယံနှင့် တွေ့ကာ ဗိုလ်လုရမည့်အနေအထားပင် ဖြစ်သည်။ ထိုအတန်းမှ လက်ရှိ ချန်ပီယံမှာ စစ်ဝါတာဆင်း တက္ကသိုလ်မှ ဘွဲ့ရစပြီး အင်ဂျင်နီယာ ကျောင်းသား ဖြစ်သည်။ သူ၏ လက်ဝှေ့သက်တမ်းတစ်လျှောက်၌ တစ်ပွဲမှ မရှုံးဖူးသေးသူ ဖြစ်သည်။ အိုလံပစ်ပွဲအတွက် သေချာ ပေါက် အရွေးခံရမည်ဟုလည်း သူ့ကိုယ်သူ ယုံကြည်ထားသည်။ အိုလံပစ်ပွဲ ပြီးလျှင် ကြေးစား လက်ဝှေ့သမားဘ၀ ကူးပြောင်းမည်ဟုလည်း ကြေညာထားသည်။

သူနှင့် မင်းဖရက်တို့ ဗိုလ်လုပွဲ၌ တွေ့ဆုံမည့်အလားအလာကို သတင်းစာများက ရှေ့ပြေးသုံးသပ် ရေးသားကြသည်။
မင်းဖရက်သည် ပထမနှစ်ပွဲတွင် လွယ်လွယ်နှင့် နိုင်လိုက်သည်။ နှစ်ပွဲစလုံးတွင်ပင် ဒုတိယအချီ၌ အလဲ ထိုး နိုင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် မင်းဖရက်အဖို့ ပွဲနားသောအားရက် ဖြစ်သည်။ ထို့ကြောင့် သူတို့တည်းခိုသော တက္ကသိုလ် အဆောင်မှ အခြားသူများ မနိုးခင် စောစောထပြီး မနက်စောစော ရထားဖြင့်ပင် ဂျိုဟန် နက်စဘတ် ဘူတာမှနေ၍ ပရီတိုးရီးယားမြို့၊ ဗဟိုအကျဉ်းထောင်သို့ သွားသည်။ မိုးလင်းစာကို ဘူတာ တွင် ဖြစ်သလို ကတိုက်ကရိုက် ခပ်သုတ်သုတ် စားသွားသည်။
ရထားက ကျယ်ပြန့်သော မြက်ခင်းလွင်ပ်ြငများကို ဖြတ်သန်းခုတ်မောင်းသွားရာ နာရီဝက်ခန့်စီး ရသည်။ ပရီတိုးရီးယား ဘူတာမှနေ၍ အကျဉ်းထောင်သို့ မင်းဖရက် လမ်းလျှောက်သွားသည်။ ထောင် အဆောက်အအုံကြီးမှာ "အုတ်တံတိုင်းလေးဘက် ကာထားပြီး အကြည့်ရဆိုးလှသည်။ လောက ထဲတွင် အကျဉ်းတန်မြင်ကွင်းတစ်ရပ် ဖြစ်သည်။ ထောင်ဒဏ်တစ်သက်သမားများ၊ ဤထောင်၌ ထား သည်။ ကြိုးပေး စီရင်မှုများကိုလည်း ဤထောင်၌ပင် ပြုလုပ်သည်။

မင်းဖရက်သည် ဧည့်သည်ဝင်ပေါက်မှ ၀င်သွားသည်။ စုံစမ်းရေး စားပွဲ၌ ထိုင်နေသော မျက်နှာရှူ တည်တည် နှင့် ထောင်ဝါဒါအား မေးမြန်းစုံစမ်းပြီး ထောင်ဝင်စာတွေ့ခွင့်ပုံစံ၌ မင်းဖရက်က ရေးသွင်း လိုက်သည်။
အကျဉ်းသားနှင့် တော်စပ်ပုံဆိုသည့်နေရာတွင် ရေးသွင်းရန် လက်တွန့်သွားပြီးမှ "သား" ဟူ၍ပင် ခပ်ပြတ်ပြတ် ရေးထည့်လိုက်သည်။ ပုံစံဖြည့်ပြီးသွားသောအခါ ၀ါဒါအား ပုံစံစာရွက် ပြန်ပေးလိုက် သည်။ ၀ါဒါက ပုံစံကို ဖတ်ကြည့်ပြီး မင်းဖရက်အား မော့ကြည့်ကာ အကဲခတ်လိုက်သည်။
"ဒီအကျဉ်းသားဆီကို အလျင်က ဧည့်သည် လုံးဝမလာဖူးပါဘူး"
ဝါဒါက မင်းဖရက်ကို ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော့်မှာ တခြားကိစ္စတွေ များနေလို့ အလျင်က မလာဖြစ်တာပါ"
"အဲဒီလိုပဲ ပြောကြတာပါပဲ၊ ဒါနဲ့ မင်းက လက်ဝှေ့သမား မဟုတ်လား"
"ဟုတ်ပါတယ်"

မင်းဖရက်က ပါးစပ်မှ ဖြေရင်း ခေါင်းပါညိတ်ပြလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏ လျှိုဝှက် အဖွဲ့ သင်္ကေတ ကို မသိမသာ အချက်ပြလိုက်သည်။ ၀ါဒါ့မျက်လုံးအစုံတွင် အံ့အားသင့်သည့်အရောင် ဖျပ်ခနဲ တောက်လာပြီး ပုံစံကို ပြန်ငုံ့ကြည့်လိုက်သည်။
"ကောင်းပြီလေ ထိုင်ဦး၊ မင်းတွေ့မယ်လူ အသင့်ဖြစ်ယင် ငါခေါ်လိုက်မယ်"
ဝါဒါက ပြောရင်းနှင့်ပင် သူတို့လျှို့ဝှက်အဖွဲ့ "အော်စီဝါဘရင်းဝက်" ၏ လျှို့ဝှက်သင်္ကေတကို မသိမသာ ပြန်ပြီး အချက်ပြလိုက်သည်။
"စနေနေ့ကျယင် မင်းနဲ့တွေ့ရမယ့် အကောင်ကို အသေထိုးလိုက်စမ်းကွာ" ၀ါဒါက ထိုင်ရာမှ ထရင်း ခပ်တိုးတိုး ပြောကာ တစ်ဘက်သို့ လှည့်ထွက်သွားသည်။
မင်းဖရက် သည် ပထမတွင် အံ့အားသင့်သွားသည်။ နောက်မှ မိမိပါဝင်လိုက်သော လျှို့ဝှက်အဖွဲ့၏ ခြေတံလက်တံ ရှည်မှု၊ ညီအစ်ကိုတော်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေမှုတို့အတွက် အားတက်လာသည်။
ထို့နောက် ဆယ်မိနစ်ကြာသောအခါ ၀ါဒါ ပြန်ရောက်လာပြီး၊ မင်းဖရက်အား အခန်းတစ်ခန်းဆီသို့ ခေါ်သွားသည်။

အခန်းနံရံများကို အစိမ်းရောင်သုတ်ထားသည်။ အပေါ်အမြင့်ဘက်၌သာ ပြတင်းပေါက် အသေရှိပြီး သံတိုင်ကြီး များ ကာထားသည်။ အခန်းထဲ၌ ရိုးရိုးစားပွဲတစ်လုံးနှင့် ကုလားထိုင်သုံးလုံးသာ ရှိသည်။ ကုလားထိုင် တစ်လုံးတွင် အဘိုးကြီးတစ်ယောက် ထိုင်နေသည်။ မင်းဖရက်အဖို့ ထိုအဘိုးကြီး မှာ လူစိမ်း ဖြစ်နေ၍ သူ့ကိုကျော်ပြီး လှမ်းကြည့်လိုက်သည်။ မိမိဖခင်ကို အခန်းထဲ၌ ရှာကြည့်လိုက် သည် မတွေ့။

လူစိမ်းအဘိုးကြီးက ထိုင်ရာမှ ဖြည်းဖြည်းချင်း မတ်တတ်ထလိုက်သည်။ အဘိုးကြီးမှာ အသက်က လည်းကြီး၊ အလုပ်ကြမ်းလည်း လုပ်နေရသဖြင့် ခါးကုန်းနေသည်။ အရေးပြားများ တွန့်ခေါက်ပြီး နေလောင်ဒဏ် များ စွဲနေသည်။ ဆံပင်က ပါးပြီး ၀ါဂွမ်းလိုဖြူဆွတ်နေသည်။ အရိုးပေါ်အရေတင် ကိုယ်ပေါ် တွင် ထောင်အင်္ကျီပွပွကြီကို ၀တ်ထားသည်။ မျက်လုံးအစုံက အရောင်မတောက်တော့ဘဲ မွဲခြောက် နေကာ မျက်ရည်ဝေ့၀ိုင်းနေသည်။

"ဖေဖေလား ..."
အဘိုးကြီး၏ လက်တစ်ဖက်ပြတ်နေသည်ကို မြင်လိုက်ရသဖြင့် မင်းဖရက်က မယုံမရဲဖြင့် မေးလိုက် သည်။ အဘိုးကြီး လည်း မထိန်းနိုင်တော့ဘဲ အသံမထွက်အောင် ကျိတ်ငိုတော့သည်။ ပခုံးနှစ်ဘက်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
"ဖေဖေ ... သူတို့ ဖေဖေ့ကို ဘာတွေ လုပ်ခဲ့ကြသလဲဟင်"
မင်းဖရက် အသံတွင် ဒေါသံ ပါနေသည်။ မင်းဖရက်သည် ဖခင်ကို ပြေးဖက်လိုက်သည်။ ဖခင်မျက်နှာ ပေါ်မှ မျက်ရည် ကို မမြင်အောင် သူ့ကိုယ်နှင့် ကွယ်ထားလိုက်သည်။ သူ့ဖခင်၏ အားနည်းချက်ကို သူ တစ်ပါး မမြင်စေလိုတော့ပါချေ။

"ဖေဖေ ... ဖေဖေ"
ထူးထည်သော အင်္ကျီအောက်မှ ဖခင်၏ သေးသွယ်သော ပခုံးကို တယုတယ ပုတ်ရင်း အထပ်ထပ် ခေါ်လိုက်သည်။ ထို့နောက် ထောင်ဝါဒါဘက်သို့ လှည့်ကာ မေတ္တာရပ်ခံသည့် အသွင်ဖြင့် ကြည့်လိုက် သည်။
"မင်းတို့ နှစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူး၊ ဒါက စည်းကမ်းပဲလ
မင်းဖရက်၏ မေတ္တာရပ်ခံချက်ကို ၀ါဒါက သဘောပေါက် နားလည်သွားသဖြင့် ခေါင်းယမ်းပြပြီး ဖြေ လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်ဗျာ"
မင်းဖရက်က လေသံပျော့လေးဖြင့် တောင်းပန်လိုက် ပြန်သည်။
"ဒါဖြင့် မင်းသူ့ကို လွတ်မြောက် ထွက်ပြေးလို့ရအောင် မကူညီပါဘူးလို့ ငါတို့ ညီအစ်ကိုတော်ချင်း ကတိ ပေးမလား"
"ကျွန်တော် ကတိပေးပါတယ်။ ညီအစ်ကိုတော်ချင်း ကတိပေးပါတယ်" မင်းဖရက်က ဖြေလိုက်သည်။

"ဒါဖြင့် ဆယ်မိနစ် အချိန်ပေးမယ်၊ ဒီထက်တော့ ပိုလို့မရတော့ဘူးနော်" ၀ါဒါက ပြောပြောဆိုဆိုနှင့် အခန်းထဲမှ ထွက်သွားသည်။ အခန်းအ၀င်အ၀ တံခါးကို အပြင်မှ ပိတ်သွားသည်။
လိုသာဒီလာရေးက ပါးပေါ်မှ မျက်ရည်စီးကြောင်းကို လက်ဖမိုးဖြင့် သုတ်ပစ်လိုက်သည်။ အားယူပြုံးပြီး ပြောလိုက်ရာ အသံက တုန်ခါနေသည်။
"ငါ့ကို ကြည့်လိုက်စမ်း ... တအီအီ တအာအာ ငိုတတ်တဲ့ အဘွားကြီးတစ်ယောက်လို ကြည့်လိုက်စမ်း၊ မင်းကို ငါ တွေ့လိုက်ရတော့ အံ့အားသင့်သွားလို့ပါကွာ၊ ငါ အခု ကောင်းသွားပါပြီ၊ မင်းမျက်နှာကို ငါ ကြည့်စမ်းပါရစေကွာ"

"ဖေဖေ ..." မင်းဖရက်က တုန်လှုပ်နေသော အဘိုးကြီးအား ဖေးကူပြီး ကုလားထိုင်၌ ပြန်ထိုင်ပေးလိုက် သည်။ သူက အဘိုးကြီးဘေး၌ ဒူးထောင်ထိုင်ချလိုက်ပြီး ဖခင်ကို မော်ကြည့်လိုက်သည်။
လိုသာ က မင်းဖရက် မျက်နှာကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်း ဘယ်လိုလူမျိုး ဖြစ်လာပြီလဲ ... သန်မာထွားကျိုင်းပြီး အခွင့်အရေးတွေ ပြည့်လျှမ်းနေတဲ့ လူမျိုး ဖြစ်လာပြီပဲ၊ ငါ မင်း အရွယ်အတိုင်းပဲပေါ့ကွာ"
လိုသာ၏ လက်ချောင်းလေးများက မင်းဖရက်၏ မျက်နှာပြင်ကို ထိတွေ့ပွတ်သပ်လိုက်သည်။ သူ့ လက်ချောင်း များက အေးစက်ပြီး ငါးမန်းတော်လို ကြမ်းတမ်းနေသည့် အထိအတွေ့ကို မင်းဖရက် ခံစားလိုက်သည်။

"မင်းအကြောင်းတွေ ငါ သတင်းစာထဲမှာ ဖတ်ပြီးပြီသား၊ ငါတို့ သတင်းစာဖတ်ခွင့်ရတယ်၊ မင်းအကြောင်း ပါတဲ့ သတင်းတွေအားလုံးကို ငါ ဖြတ်ယူထားပြီး အိပ်ရာအောက်မှာ သိမ်းထားတယ်။ ငါ ဂုဏ် ယူတယ်သား၊ သိပ် ဂုဏ်ယူတယ်။ ဒီမှာရှိတဲ့ လူတွေအားလုံး သူလျှို့ဒလန်တွေပါမကျန် မင်းအတွက် ဂုဏ်ယူ ကြတယ်"
"ဖေဖေ ... သူတို့ ဖေဖေ့ကို ဘယ်လို ပြုမူကြသလဲ" မင်းဖရက်က စကားဖြတ်မေးလိုက်သည်။

"မဆိုးပါဘူးကွာ ကောင်းပါတယ်၊ အချိန်တွေလဲ အတော်ကို ကြာခဲ့ပြီနော်။ တစ်ခါတစ်လေ ငါ သဲကန္တာရ ကြီး အကြောင်း ဟိုအဝေးက မိုးကုပ်စက်ဝိုင်းကြီးအကြောငုး ပြန်တွေးမိတယ်။ ကောင်းကင် ပြာပြာကြီး ရယ်။ ဟိုအဝေးက မီးခိုးတလူလူ နေတာရယ် တို့ကို ပြန်ပြီး မြင်ယောင်လာမိတယ်။ ပြီးတော့ မင်းအကြောင်းလဲ ငါတွေးမိတယ်။ နေ့တိုင်းပါပဲကွာ၊ ကျွန်တော့်သားကို စောင့်မကြည့်ရှုတော်မူပါ ဘုရားသခင်လို့ ငါနေ့တိုင်း ဆုတောင်းမိပါတယ်ကွာ"

"ဖေဖေ ... ကျွန်တော်လဲ ဖေဖေအကြောင်း နေ့တိုင်းမွေးမိပါတယ်။ ဖေဖေ့ဆီ ကျွန်တော် စာရေးမလို့ပါ ပဲ။ ဦးလေးသရွန့် ကို ကျွန်တော်တိုင်ပင်ကြည့်တော့ မရေးတာက ကောင်းမယ်လို့ သူက ပြောလို့ပါ"
မင်းဖရက်သည် ဒူးထောက်ထိုင်နေရာမှ ထလိုက်သည်။ ကုလားထိုင်တစ်လုံးကို သူ့အဖေနားဆွဲယူပြီး ၀င်ထိုင်ကာ ပြောလိုက်သည်။ လိုသာက သူ့သား၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ပြန်ပြောသည်။
"ဟုတ်တယ် မာနီ၊ သူပြောတာ မှန်တယ်။ သရွန့်တိုင်အာမင်ဟာ ပညာရှိတစ်ယောက်ပဲ၊ မင်း အခု အရပ်လဲ ရှည်လာတယ်၊ ဆံပင်တွေကလဲ ရွှေရောင်ဝင်းဝင်း တောက်နေပြီ။ ငါ မင်းအရွယ်က အတိုင်းပဲ မင်းအတွက် အားလုံးအဆင်ပြေမယ်ဆိုတာ ငါ သိပါတယ်။ ဒါနဲ့ ... မင်းဘ၀မှာ ဘာလုပ်မယ်လို့ ရည်ရွယ် ထားသလဲ၊ ဘာလုပ်ဖို့ ဆုံးဖြတ်ထားသလဲ၊ ငါ့ကို မြန်မြန်ပြောစမ်း၊ အချိန်သိပ်မရဘူးသား"
"စတယ်လင်ဘို့ရှ် တက္ကသိုလ်မှာ ကျွန်တော် ဥပဒေပညာ သင်နေတယ်။ ပထမနှစ်မှာ ကျွန်တော် အတန်း ထဲမှာ တတိယရပြီး အောင်တယ်"

"သိပ်ကောင်းတယ် သား၊ ပြီးတော့ကော"
"ဘာလုပ်ရမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး ဖေဖေ၊ ဒါပေမယ့် တိုင်းပြည်အတွက် တိုက်ပွဲ ၀င်ရ လိမ့်မယ်လို့တော့ ထင်တယ်။ ကျွန်တော်တို့လို လူတွေအတွက် တရားမျှတမှု ရရှိအောင် တိုက်ပွဲဝင်ဖို့ ကျွန်တော့်မှာ တာဝန် ရှိလာပြီ ဖေဖေ"
"မင်းပြောတာ နိုင်ငံရေးလား၊ နိုင်ငံရေး ခရီးလမ်းဟာ ခက်ခဲတယ် ကြမ်းတမ်းတယ်ကွ၊ အကွေ့ အကောက် အလှည့်အပြောင်းတွေ များတယ်ကွ။ ငါကတော့ ဖြောင့်တန်းတဲ့လမ်းပဲ ပိုကြိုက်တယ်၊ မြင်းတစ်ကောင် ရိုင်ဖယ်တစ်လက် နဲ့ သွားရတဲ့လမ်းပဲ ပိုကြိုက်တယ်။ အင်းလေ ငါလျှောက်တဲ့လမ်းဟာ ဘယ်ရောက် သွားတယ်ဆိုတာ အခုတော့ မင်းလဲ အမြင်ပဲ" လိုသာက စိတ်နာနာနှင့် သရော်ပြုံးပြုံးကာ ပြောလိုက် သည်။

"ကျွန်တော်လဲ ဘ၀တိုက်ပွဲဝင်မှာပါပဲ ဖေဖေ၊ အချိန်တန်လာယင် ကျွန်တော် ရွေးထားတဲ့ ကဏ္ဍက နေပြီး ၀င်တိုက်မှာပါ"
"ဒီမှာငါ့သား၊ သမိုင်းကြောင်းကြီးဟာ ငါတို့တွေအပေါ်မှာ သိပ်ရက်စက်တာပဲကွာ၊ ငါတို့ဟာ အမြဲတမ်း နင်းပြား ဘ၀နဲ့ပဲ နေသွားရတော့မှာလားလို့ တစ်ခါတစ်လေတော့ အတွေးဝင်လာမိတယ်"
"မဟုတ်ဘူး ဖေဖေ၊ ဖေဖေ့ အယူအဆ မှားနေတယ်။ ကျွန်တော်တို့အတွက် ခေတ်ကာလ ရောက်တော့ မှာပါ။ အခုတောင် ရောင်နီလာနေပါပြီ။ ကျွန်တော်တို့ နင်းပြား ဘ၀မှာ နောက်သိပ်ကြာကြာကြီး မနေရ တော့ပါဘး"

မင်းဖရက်သည် သူပါဝင်ထားသော လျှို့ဝှက်အဖွဲ့အစည်း အကြောင်းကို ဖခင်အား ပြောတော့မလို လုပ်ပြီးမှ သွေးသစ္စာတိုင်ထားသည်ကို သတိရပြီး ငြိမ်နေလိုက်သည်။
"မာနီ"
လိုသာဒီလာရေးက မင်းဖရက် အနားသို့ ကပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက် ပြီး မင်းဖရက် လက်မောင်းကို ဆုပ်ကိုင်ကာ ဆက်ပြောသည်။
"စိန်တွေ ... မင်းဆီမှာ စိန်တွေရှိတုန်းပဲလား"
သူက မေးလိုက်ပြီး မင်းဖရက်မျက်နှာကို ကြည့်လိုက်သည်။ မင်းဖရက်မျက်နှာ အမူအရာတွင် သူအဖြေ ရှာ တွေ့သွားသည်။

"စိန်တွေဘာဖြစ်သွားလဲ၊ ဒါ မင်းအတွက် ငါ့ရဲ့အမွေပဲ၊ ငါ ပေးနိုင်သမျှ အဲဒါ အကုန်ပဲ၊ အခု စိန်တွေ ဘယ်မှာလဲ"
"ဦးလေး သရွန့်က အဲဒီ စိန်တွေကို ပြီးခဲ့တဲ့ လေးငါးနှစ်ကပဲ တွေ့သွားတယ်။ သူက ဒါတွေဟာ မကောင်းမှု ပစ္စည်းတွေ၊ အကုသိုလ်ပစ္စည်းတွေလို့ ပြောတယ်။ သူက ကျွန်တော့်ကို ဖျက်ဆီးပစ်ခိုင်း တယ်"
"ဖျက်ဆီးခိုင်းတယ် ... ဟုတ်လား"
လိုသာက အံ့အားတသင့် မေးလိုက်သည်။
"ဟုတ်တယ်၊ သံပေတုံးပေါ်တင်ပြီး သံတူနဲ့ ထုခွဲဖျက်ဆီးပစ်လိုက်တာ မှုန့်မှုန့်ညက်ညက် ကြေသွားတာ ပဲ"
လိုသာ ဒေါသ ဖြစ်ပြီး ထိုင်ရာမှ ၀ုန်းခနဲ ထလိုက်သည်။ အခန်းထဲ၌ ရှူးရှူးရှားရှားဖြင့် လျှောက်လိုက် သည်။

"သရွန့်ဘိုင်အာမင် ... မင်း ငါ့အနားမှာသာရှိယင် မင်းလဲ င့ါလက်ချက်နဲ့ မှုန့်မှုန့်ညက်ညက်ကြေသွား မယ် သိလား၊ မင်းဟာ အလကားလူကြောင်၊ လူပျော့၊ လူညံ့ ..."
လိုသာသည် စကားကို ရပ်လိုက်ပြီး မင်းဖရက်ဆီ ပြန်လျှောက်လာသည်။
"ဒီမှာ မာနီ၊ နောက်ထပ်စိန်တွေ ရှိသေးတယ်ဆိုတာ မင်းသိတယ် မဟုတ်လား၊ သဲကန္တာရထဲက တောင်ထိပ် ပေါ်မှာ ငါဝှက်ထားခဲ့တာ မင်း မှတ်မိတယ် မဟုတ်လား။ အဲဒါတွေ ငါမင်းအတွက် ထားခဲ့တာ၊ မင်း အဲဒီကို ပြန်သွားရမယ်"

မင်းဖရက်က ခေါင်းကို တစ်ဘက်သို့ လှည့်လိုက်သည်။ ထိုအဖြစ်အပျက်သည် သူ့အဖို့ ရင်နာဖွယ်ပင် ဖြစ်သည်။ အကုသိုလ် ၀င်စေခဲ့သော ထိုစိန်များကို သူစိတ်မ၀င်စားတော့ပေ။
"အဲဒီကို ပြန်သွားဖို့က ကျွန်တော် လမ်းမမှတ်မိတော့ဘူး ဖေဖေ၊ အဲဒီလမ်းကို ပြန်ရှာလို့ ရမှာ မဟုတ်တော့ဘူး"
"ဟင်းဒရစ် ... ဆ၀ပ်ဟင်းဒရစ် ... သူသိတယ်၊ သူ မင်းကို လမ်းပြပြီး လိုက်ပို့နိုင်တယ်"
ဟင်းဒရစ် ဆိုသော နာမည်ကို မင်းဖရက် မေ့သလောက်ပင် ရှိနေပြီ။ အတိတ်ကို ပြန်စဉ်းစားလိုက်မှ ဖြည်းဖြည်းချင်း သတိရပြီး ဟင်းဒရစ်ပုံရိပ် ပေါ်လာသည်။

"ဟင်းဒရစ်လား ... မှတ်မိပြီ၊ ဒါပေမယ့် သူက ကျွန်တော့်ကို ထားပြီး ထွက်သွားတာ၊ ဘယ်သွားမှန်းလဲ မသိဘူး၊ သဲကန္တာရထဲ ဆက်ပြန်သွားတာပဲ၊ သူ့လဲ လိုက်ရှာလို့ရမှာ မဟုတ်တော့ဘူး"
"မဟုတ်ဘူး မာနီ၊ မဟုတ်ဘူး၊ ဟင်းဒရစ် ဒီမှာ ရှိတယ်။ စ်ဝါတာစထရင်း အနီးအနားက တစ်နေရာရာ မှာ ရှိတယ်။ အခု သူ လူကြီး ဖြစ်နေတယ်၊ သူတို့လူမျိုးစုထဲမှာ အကြီးအကဲ ဖြစ်တယ်"
"ဖေဖေ ဘယ်လိုလုပ်သိသလဲ"

"ဒီလိုပဲပေါ့ကွာ၊ ဒီမှာ ငါတို့အားလုံး ကြားရတယ်။ သူတို့ အပြင်လောကကနေ ဒီကို ၀င်လာကြတယ်၊ သတင်းတွေ အကြောင်းကြားချက်တွေ ယူလာကြတယ်။ တို့အားလုံးကို ကြားရ သိရတယ်။ ဟင်းဒရစ်က ငါ့ကို မမေ့ဘူး။ ငါတို့နှစ်ယောက်က ရဲဘော်ရဲဘက်စစ်စစ်တွေ၊ မိုင်တစ်သောင်းလောက် မြင်းကိုယ်စီနဲ့ အတူတူ သွားခဲ့တယ်။ တိုက်ပွဲတစ်ရာလောက် အတူတူ လက်တွဲ တိုက်ခိုက်ခဲ့တယ်။ သူက ငါ့ဆီကို သတင်းပို့တယ်။ ဒီထောင်နံရံတွေထဲက ငါလွတ်မြောက် ထွက်သွားနိုင်ယင် သူနဲ့ တွေ့ဖို့ နေရာ စီစဉ်ပေး မယ်တဲ့"
လိုသာ ရှေ့သို့ ပိုကိုင်းလိုက်ပြီး မင်းဖရက်ခေါင်းကို ကိုင်ကာ နားရွက်နားသို့ ပါးစပ်ကပ်ပြီး ဆက်ပြော သည်။

"မင်း ဟင်းဒရစ်ကို သွားရှာရမယ်၊ အိုကာဗန်ဘိုဖြစ်ဘေးက ကျောက်တောင်ဆီကို မင်းကို ခေါ်သွား လိမ့်မယ်။ ငါ မင်းတို့နဲ့ မြင်းစီးပြီး လိုက်ချင်လိုက်တာကွာ"
ထိုအချိန် တွင် အခန်းအပြင်ဘက်မှ တံခါးကို သော့ဖွင့်သံကလစ်ခနဲ ကြားလိုက်ရသည်။ လိုသာက မင်းဖရက် လက်ကို ကိုင်လှုပ်ပြီး ကမန်းကတန်း ပြောလိုက်သည်။
"မင်း သွားပါ့မယ်လို့ ငါ့ကို ကတိပေးစမ်း မာနီ"
"ဖေဖေ ... အဲဒါတွေဟာ မကောင်းဆိုးပါး ပစ္စည်းတွေပါ"

"ငါ့ကို ကတိပေးစမ်းပါ သားရယ်၊ ကတိပေးစမ်းပါ၊ ဒါတွေကို မင်း ရစေချင်လို့ ငါ့ဘ၀ကို ထောင်ထဲမှာ အဆုံးခံခဲ့တာပေါ့၊ မင်း အဲဒီစိန်တွေဆီ ပြန်သွားမယ်လို့ င့ါကို ကတိပေးစမ်းပါ"
"ကျွန်တော် ကတိပေးပါပြီ ဖေဖေ"
ထောင်ဝါဒါ အခန်းထဲ ပြန်ဝင်လာသဖြင့် မင်းဖရက်က လေသံလေးနှင့်ပင် ပြောလိုက်သည်။
"အချိန် စေ့သွားပြီ"
ထောင်ဝါဒါ က ပြောလာသည်။

"ကျွန်တော် ဖေဖေ့ကို နက်ဖြန်ခါ လာတွေ့နိုင်ဦးမလား"
"မရဘူး၊ တစ်လကိုတစ်ခါပဲ တွေ့ခွင့် ရှိတယ်"
"ကျွန်တော် စာရေးပါမယ် ဖေဖေ၊ တစ်ပတ်တစ်ခါ စာမှန်မှန်ရေးပါတော့မယ်"
မင်းဖရက်က လိုသာဘက်လှည့်ပြီး၊ နှစ်သိမ့်အားပေးလိုက်သည်။
"အေးလေ ... မင်း အားတဲ့ အားတဲ့အခါမှ ရေးပါကွာ"

ဆက်ရန်
.

No comments: