(၂၄)
အိုကာဗန်ဂိုမြစ်သည် အာဖရိကရှိ မြစ်များထဲတွင် အလှပဆုံး မြစ်တစ်စင်း ဖြစ်သည်။ ပေ ၄၀၀၀ အထက် ရှိသော အင်ဂိုလာကုန်းမြင့်တောင်တန်းတွင် မြစ်ဖျားခံပြီး ပင်လယ်ပြင်အထိ စီးဆင်း သွာသည်။ မြစ်ရေ သည် အေးမြကြည်လင်သော စိမ်းရောင်စိုနေသည်။
စင်တိန်နှင့် ဘလိန်းစုန်ဆင်းလာသော အပိုင်းသည် ရွှံ့ညွန်ဗွက်အိုင်များ ထူထပ်သော အပိုင်း၏ အထက်ပိုင်း ဖြစ်သည်။ မြစ်တစ်လျှောက် အသာယာအလှပဆုံးသော အပိုင်းလည်း ဖြစ်သည်။ သူတို့ စီး လာသော လှေကို ဒေသအခေါ် မူကိုရို ဟုခေါ်သည်။ ပေ ၂၀ကျော်ရှည်သော သစ်လုံးတစ်လုံးကို ထွင်းထု ထားသော လှေ ဖြစ်သည်။
လှေလှော်သားနှစ်ယောက်မှာ အသားမည်း လူထွားများ ဖြစ်သည်။ မြစ်ဝှမ်းဒေသလှေသမားအဖြစ် ငယ်စဉ် ကပင် ကျင်လည်လာကြသူများ ဖြစ်သည်။ လှေဦးတွင် တစ်ယောက် လှေပဲ့တွင် တစ်ယောက် လှော်ခတ် လာကြသည်။ လှေတော်သံ သီချင်းကိုဆိုကာ စီးချက်ညီညီလှေလှော်လာကြသည်။
လှေ၏ အလယ်ပိုင်းတွင် ဘလိန်းနှင့် စင်တိန်တို့သည် ကောက်ရိုးများ ခင်းပြီး အမှီပါသော ထိုင်ခုံတွင် ထိုင် လာကြသည်။ ဘလိန်းသည် သူ့ပေါင်နှစ်ဖက်ပေါ်တွင် ရိုင်ဖယ်ကို အသင့်တင်လာသည် ရေမြင်း များက လှေ ကို ချဉ်းကပ်အနှောင့်အယှက် ပေးလာလျှင် ပစ်ခတ်ရန် အသင့်ပြင်ထားသည်။
"အာဖရိကမှာတော့ အန္တရာယ် အများဆုံး တိရစ္ဆာန်တွေပေါ့"
ဘလိန်း က စင်တိန်အား ပြောလိုက်သည်။
"ခြင်္သေ့တွေ၊ ဆင်တွေနဲ့ အဆိပ်ပြင်းတဲ့ မြွေတွေကရော" စင်တိန်က မေးလိုက်သည်။
"သူတို့လဲ ကြောက်စရာ ကောင်းတာပဲ၊ ဒါပေမယ့် ရေမြင်းက ပိုဆိုးတယ်"
စင်တိန်သည် အာဖရိကတိုက်၏ ဤဘက်ပိုင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူမသည် သဲကန္တာရ ထဲ၌သာ ကျင်လည်ခဲ့သူဖြစ်ပြီး မြစ်ချောင်းအင်းအိုင်များ၊ ရွှံ့ညွန်များနှင့် အကျွမ်းမ၀င်ခဲ့ပေ။ ဘလိန်း ကမူ ဤအပိုင်းကို ယခင်တည်းကပင် ရောက်ရှိ အကျွမ်းဝင်ခဲ့ပြီး ဖြစ်သည်။
မြစ်ထဲမှ ရေသတ္တ၀ါများ၊ မြစ်ကမ်းစပ်တောထဲမှ ကျေးငှက်သာရကာများသည် စင်တိန်အဖို့ အထူး အဆန်း ချည်း ဖြစ်နေသည်။ ဖြူဖွေးသော သောင်ပြင်ပေါ်တွင် မီးကျောင်းများ လှမ်းမြင်ရသည်။
မွန်းလွဲပိုင်း ပင် ကျော်လာသည်။ ဘလိန်းက လှေဦးမှ လှော်နေသော လှေသားအား လှမ်းပြီး စကား ပြော လိုက်သည်။
"ဘာပြောတာလဲဘလိန်း" စင်တိန်က မေးလိုက်သည်။
"ညအိပ်စခန်းချဖို့နေရာကောင်းကောင်း ရှာလို့ ပြောနေတာ"
"မစောလွန်းသေးဘူးလား"
စင်တိန် က နေကို မော့ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ စောသေးတယ်၊ ဒါပေမယ့် ကျွန်တော်က ကူအန်ဂါကနေ ရန်ဒူကြားခရီးမှာ စံချိန်ထူမလို့" ဘလိန်း က ပြုံးစိစိဖြင့် ပြောလိုက်သည်။
"စံချိန် ... ဟုတ်လား၊ ဘာစံချိန်လဲ"
"အနှေးဆုံး စံချိန်လေ"
ဘလိန်း က ညအိပ်စခန်းချ ရပ်နားရန် ကြီးမားသော ကျွန်းကြီးတစ်ကျွန်းကို ရွေးလိုက်သည်။ ထိုကျွမ်း ကမ်းစပ် တွင် ကမူတန်းကလေးများ၌ နဂါးပွက်အိုင်များ ရှိနေသည်။ နဂါးပွက်အိုင်များထဲမှ ရေမှာ စိမ်းပြီး ကြည်လင် အေးမြနေသည်။ အိုင်ကမ်းစပ်တစ်လျှောက်တွင် မိုက်ပရင်စ်ကျူပင်များ စီတန်းပေါက်နေ သည်။
လှေထိုးသားနှစ်ယောက် က ရေထဲတွင် မျောလာသော သစ်တုံးများကို မီးဖိုရန် လိုက်ကောက်သည်။ ထို့နောက် ပိုက်ပရပ်စ်ကျူရွက်များကို ခုတ်ကာ ဘလိန်းနှင့် စင်တိန် ညအိပ်ရန် သက်ငယ်တဲထိုးနေ သည်။
ဘလိန်း က ရိုင်ဖယ်ကို ကောက်ယူလိုက်သည်။
"ရှင် ဘယ်သွားမလို့လဲ" စင်တိန်က မေးလိုက်သည်။
"ညစာအတွက် ဟင်းစားရအောင် သမင်လေး၊ ယုန်လေးများ ရမလားလို့ သွားလိုက်မလို့"
"အို ဘလိန်း ... ဒီနေ့တော့ ဘာကောင်မှ မသတ်ပါနဲ့ ဘလိန်းရယ်၊ ဒီနေ့ဟာ အထူးစပါယ်ရှယ်နေမို့ပါ"
"အမဲသားဘူးချည်းပဲ စားနေရတာ မငြီးငွေ့သေးဘူးလား"
"မလုပ်ပါနဲ့ကွယ် ... ကျွန်မ တောင်းပန်ပါတယ်"
စင်တိန့် အလိုကျ လိုက်လျောကာ ဘလိန်းသေနတ်ကို ပြန်ချထားလိုက်သည်။ ဘလိန်းသည် သူတို့ အတွက် ထိုးထားသော တဲကလေးကို သွားကြည့်သည်။ တဲမှာ အသင့်ထိုးထားပြီး တဲထဲရှိ အိပ်ရာနှစ်ခု တွင် ခြင်ထောင်တစ်လုံး စီ ထောင်ထားသည်။ အားလုံးကို ကျေနပ်သွားသောအခါ ဘလန်းက လှေသမား နှစ်ယောက် ကို သွားခွင့်ပြုလိုက်သည်။ လှေသမားနှစ်ယောက်က လှေပေါ်တက်သွားသည်။
"သူတို့ ဘယ်သွားကြတာလဲ"
လှေသမားနှစ်ယောက်က လှေကို လှော်ပြီး ထွက်သွားရာ စင်တိန်က ဘလိန်းအား မေးလိုက်သည်။
"ဟိုဘက်မြစ်ကမ်း ပေါ်မှာ သွားပြီး စခန်းချဖို့ သူတို့ကို ပြောလိုက်တယ်" ဘလိန်းက ပြန်ဖြေသည်။
တရွေ့ရွေ့ ထွက်သွားသော လှေကို ဘလိန်းနှင့် စင်တိန်တို့ လှမ်းကြည့်နေသည်။ ကျွန်းကလေး ပေါ်တွင် နှစ်ယောက် တည်း ကျန်ခဲ့သည့်အဖြစ်ကို နှစ်ဦးစလုံး သိနေကြသည်။ စင်တိန် ရှက်သလိုလို ရင်ဖိုသလိုလို ဖြစ် လာသည်။
စင်တိန်သည် သူတို့တဲကလေးဆီသို့ ပြန်လျှောက်လာသည်။ သူမ၏ တစ်ခုတည်းသော် အ၀တ်အစား အိတ် ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူမအနားတွင် ရပ်နေသော ဘလိန်းအား မော့မကြည့် ဘဲ ပြော လိုက်သည်။
"မနေ့ညကတည်းက ကျွန်မ ရေမချိုးရသေးဘူး၊ နဂါးပွက်အိုင်ထဲမှာ ရေသွားကူးလိုက်ဦးမယ်"
သူမ လက်ထဲတွင် အ၀ါရောင်ဆပ်ပြာတစ်တောင့် ကိုင်ထားသည်။
"အိမ် က လူတွေအတွက် မှာစရာရှိတာ မှာပြီးပလား"
"ရှင် ဘာဆိုလိုတာလဲ"
"ဒါ ... အိုကာဗန်ကိုမြစ် စင်တိန်၊ ဒီက မိကျောင်းတွေက မိန်းကလေးလောက်ဆိုယင် သွားကြာတောင် ညှပ်မှာ မဟုတ်ဘူး"
"ရှင်က ရိုင်ဖယ်ကိုင်ပြီး စောင့်ပေးနေပေါ့"
"ဟုတ်ကဲ့ ... အဲဒီတာဝန်ကို လိုလိုလားလား ထမ်းပါမယ်ဗျာ"
ဘလိန်းသည် နဂါးပွက်အိုင်ထိပ်ပတ်လည်ကို စောင့်ကြည့်နေသည်။ နဂါးပွက်အိုင်ထဲသို့ မြစ်ထဲမှ ရေ၀င်လမ်း ကျောက်ဆောင်ကြားမှရေမှာ ကြည်ပြီး အောက်အထိ မြင်နေရသည်။ ထို့ကြောင့် ဘလိန်း သည် နဂါးပွက်အိုင်ဘေး ရှိ အမြင့်ဆုံးကျောက်ဆောင်တန်းပေါ်တွင် ထိုင်ကာ ရိုင်ဖယ်ကို ကျည်အသင့် ထိုးပြီး စောင့်ကြည့်နေသည်။
စင်တိန် သည် ဘလိန်းအောက်မှ နဂါးပွက်အိုင်စပ် ကမ်းခြေတွင် ရပ်ရင်း အပေါ်သို့ လှမ်းသတိပေးလိုက် သည်။
"ရှင် ချောင်းမကြည့်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်နော်"
ဘလိန်းသည် အဝေးမှ ပျံသန်းလာသော ငှက်အုပ်တစ်အုပ်ကို မော့ကြည့်လိုက်သည်။ သို့သော် သူ့ အောက်၌ စင်တိန် အ၀တ်အားများ ချွတ်ချနေသော အသံကို နားထဲက ကြားရသည်။
ထို့နောက် စင်တိန်ရေထဲသို့ ဆင်းသွားသည့်ရေသံ ကြားလိုက်ရပြီး စင်တိန် အသံပေါ်လာသည်။
"ဘလိန်း ... မိကျောင်းကို စောင့်ကြည့်လို့ရပြီ"
ဘလိန်းက နဂါးပွက်အိုင်ဆီသို့ ပြန်ငုံ့ကြည့်လိုက်သည်။ အိုင်အောက်ခြေမှ သဲပြင်ပေါ်တွင် စင်တိန်က ထိုင်နေရာ၊ ရေက သူမလည်ပင်းနားအထိ မြုပ်နေပြီး ဆံပင်ကို ခေါင်းပေါ်၌ စုပြီး ထုံးထားသည်။ စင်တိန် သည် ဘလိန်းဘက်သို့ ကျောပေးထိုင်နေသော်လည်း ကြည်လင်သော ရေပြင်ကို ဖောက်ထွင်း ၍ သူမ၏ နောက်ကျောပိုင်းကို ဘလိန်း မြင်နေရသည်။
"ရေကအေးနေတော့ လူကို လန်းသွားတာပဲ"
စင်တိန် က ဘလိန်းအား နောက်ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။ စင်တိန်သည် သူ့အားသက်သက် မဲ့ နောက်ပြန် ကြည့်သည်ဟု သူထင်သည်။ သူမြင်နေရသော မြင်ကွင်းက ဘလိန်းရင်ထဲ၌ ဗလောင် ဆူ လာစေသည်။
ဘလိန်းက သူ့ဘ၀အကြောင်းကို ပြန်တွေးလိုက်သည်။ ဇနီးအစ္စဘယ်လာ မြင်းပေါ်မှ ကျပြီး ခြေထောက် နှစ်ဖက် စလုံး မစွမ်မသန်ဖြစ်ခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း သူတို့ နှစ်ယောက် သည် လင်မယားလို မနေခဲ့ကြပေ။ နေ၍လည်း မရခဲ့တော့ပေ။ ဘလိန်းသည် သူ့ဘ၀ကို အလုပ်ထဲ၌သာ မြုပ်ထားခဲ့ရာ အိမ်ထောင်ရေးသုခ ကို မေ့သလောက်ပင် ဖြစ်နေသည်။
"မျက်စိခဏ ပိတ်လိုက်ပါဦး ဘလိန်း၊ ကျွန်မ မတ်တတ်ထပြီး ဆပ်ပြာတိုက်ချင်လို့ပါ"
ဘလိန်း ဘာမှ ပြန်မဖြေနိုင်။ စကားလုံးက လည်ချောင်းထဲမှာ နင်နေသည်။ ဘလိန်း မျက်စိမမှိတ်။ သို့သော် သူ့ပေါင်ပေါ်တွင် တင်ထားသော ရိုင်ဖယ် ကိုသာ ငုံ့ကြည့်နေသည်။
တစ်ခဏကြာတွင် စင်တိန်၏ ငယ်သံပါအောင် အော်လိုက်သောအသံ ပေါ်လာသည်။
"အံမယ်လေး ... လုပ်ပါဦး ... ဘလိန်း"
ဘလိန်း ဇတ်ခနဲ ထလိုက်ပြီး ရေအိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ စင်တိန်က ပေါင်လယ်ခန့်နက် သော ရေထဲ၌ ရပ်နေသည်။ သူမ၏ အချိုးကျပြေပြစ်သော ကိုယ်ခန္ဓာအထက်ပိုင်းကို နောက်ကျော ဘက်မှနေ၍ ဘလိန်း လှမ်းမြင်ရသည်။ မိကျောင်းတစ်ကောင်သည် ရေနက်ပိုင်းမှနေ၍ အိုင်ဘက်သို့ ရေကူး လာနေသည်ကို ဘလိန်း မြင်လိုက်ရသည်။ မိချောင်းမှာ ပေ ၂၀ခန့် ရှည်သည်။
"ပြေး ... စင်တိန် ... ပြေး"
သူ့အသံ ကြားသွားသဖြင့် စင်တိန်သည် ဘလိန်းအား ကျောခိုင်းထားရာမှ ဘလိန်းဘက်သို့ ချာခနဲ လှည့်ပြီး ပြေးလာသည်။ သို့သော် မိကျောင်းကြီးကလည်း မြင်းကဆုန်စိုင်းပြေးသလောက် အမြန်နှုန်း ဖြင့် နောက်မှ တရှိန်ထိုး လိုက်လာသည်။ ဘလိန်းက မိကျောင်းကို သေနတ်ဖြင့် လှမ်းချိန်လိုက်သည်။ ရှေ့မှ ပြေးနေသော စင်တိန်က ဘလိန်း၏မြင်ကွင်းနှင် ပစ်ကွင်း တားဆီးပိတ်ဆို့နေသည်။
ဘလိန်း ကျောက်ဆောင်ပေါ်မှ ခုန်ချပြီး ရေထဲ ပြေးဆင်းသွားရာ ဒူးအနက်လောက်အထိ ရောက်သွား သည်။ သေနတ်ကို ရင်ဘတ်နှင့် ထောက်ပြီး ချိန်လိုက်သည်။
"၀ပ်လိုက် ... မှောက်ပြီး ... ၀ပ်လိုက်"
စင်တိန်က ရှေ့သို့ ချက်ချင်း ၀မ်းလျားထိုးမှောက်ပြီး ၀ပ်လိုက်သည်။ ဘလိန်းက စင်တိန့်အား မိလုမိခင် ဖြစ် နေသော မိကျောင်းဦးခေါင်းကို လှမ်းပစ်လိုက်သည်။ ကျည်ဆန်က ခေါင်းကို ထိပြီး မိကျောင်းကြီး လည်း ထွက်သွားသည်။ မိကျောင်းအမြီးဖြင့် ရိုက်မိသဖြင့် စင်တိန်ရော ဘလိန်းပါ လဲကျ သွားသည်။
ဘလိန်း ချက်ချင်း ကုန်းထပြီး စင်တိန်ကို ဆွဲထူလိုက်သည်။ ဘယ်လက်ဖြင့် စင်တိန့် ခါးကို ဖက်ပြီး ညာလက်ဖြင့် သေနတ်ကို ကိုင်၍ ချိန်ကာ ကမ်းပေါ်သို့ နောက်ပြန် ပြေးတက်သည်။ မိကျောင်းမှာ သေနတ် ဒဏ်ရာကြောင့် လူးလှိမ့်နေသည်။ ဦးခေါင်းပွင့်သွားသည်။ ပါးစပ်ကြီးကို ဟဖြဲဖွင့်လိုက်သော အခါ ကြောက်စရာ သွားဖွေးဖွေးကြီးများ ပေါ်လာသည်။
ကမ်းစပ်ပေါ် ရောက်သွားသော ဘလိန်းက စင်တိန့်ကို သူ့နောက်ကျောဘက်သို့ ပို့လိုက်သည်။ ရိုင်ဖယ် ကို လက်နှစ်ဘက်ဖြင့် မိမိရရချိန်ပြီး မိကျောင်းကြီးခေါင်းဆီသို့ ထပ်မံ ပစ်ခတ်သည်။ မိကျောင်းခေါင်းမှ အသားများ အရိုးများ ဖွာခနဲ လွင့်စဉ် ထွက်သွားသည်။ မိကျောင်းကြီး လည်ဆင်းသွားပြီး ရေနက်ထဲ သို့ ပြန်လှည့်သွားတော့သည်။
စင်တိန် သည် ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သွားများ တဇပ်ဇပ် ရိုက် နေသဖြင့် စကားပင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်။
"အံမယ်လေး ကြောက်စရာ ကောင်းလိုက်တာ၊ တကယ့်ကို ကြောက်စရာ သတ္တ၀ါကြီးပဲ"
စင်တိန် သည် ဘလိန်းအား လှမ်းဖက်လိုက်သည်။
"အို ... ဘလိန်းရယ် ... ကျွန်မ သိပ်ကြောက်တယ်"
စင်တိန့်မျက်နှာက ဘလိန်း၏ ရင်ခွင်ကျယ်ကြီးကို အပ်ပြီး ပြောလိုက်ရာ အသံက ဗလုံးဗထွေး ဖြစ်နေ သည်။
"မိကျောင်းကြီး မရှိတော့ပါဘူး၊ မကြောက်ပါနဲ့တော့"
ဘလိန်းက ရိုင်ဖယ်ကို ကျောက်ဆောင်တွင် ထောင်ထားလိုက်ပြီး စင်တိန့် ပခုံးနှစ်ဖက်ကို အသာဖက်ကာ အားပေး နှစ်သိမ့်ချော့မော့လိုက်သည်။
စင်တိန့်အား ပွေ့ဖက်ကာ ပခုံးလေးနှစ်ဖက်ကို အသာပုတ်ပြီး ပွတ်သပ်ချော့မော့နေသော ဘလိန်းသည် ပထမ တွင် အိပ်ရာမှ အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာသော သမီးငယ်အား ဖခင်က နှစ်သိမ့်နေသကဲ့သို့ ပင် ဖြစ်သည်။ သို့သော် တစ်ခဏကြာသောအခါ သူ့လက်များ အောက်မှ ရေစိုပြီး ပျော့ပျောင်း နူးညံ့ သော စင်တိန် ၏ အသားဆိုင်အထိအတွေ့ အငွေ့အသက်များက သူ့လက်ဖ၀ါးနှစ်ဖက်မှတစ်ဆင့် စိမ့်ဝင် လာသည်။
ဘလိန်း၏ လက်နှစ်ဖက်သည် အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့ရှားသွားပြီး စင်တိန်၏ ကျောပြင်မှ တစ်ဆင့် သိပ်ကျဉ်းသေးငယ်သော ခါးပိုင်းအထိ ရောက်သွားသည်။ ဘလိန်း ထိုအတွေ့အထိ၌ ယစ်မူး သာယာနေချိန်တွင် စင်တိန်ကလည်း လိုလိုလားလား လိုက်လိုက်လျောလျော တုံ့ပြန်လာသည်။
"ဘလိန်း ..."
စင်တိန်က ဘလိန်းနာမည် ခေါ်လိုက်ပြီး ဦးခေါင်းလေး မော့လိုက်သည်။ ဘလိန်းက သူမ နှုတ်ခမ်းအစုံ ကို တအား ငုံ့နမ်းလိုက်သည်။ စင်တိန့်က သူမလက်တစ်ဖက်ဖြင့် ဘလိန်းလည်ပင်း တအားပြန်ဖက်ပြီ အနမ်း ရေယာဉ်ကျောတွင် လိုက်ပါမျှောချသွားသည်။
ဘလိန်းသည် ကလေးငယ်အား ပွေ့ချီသကဲ့သို့ စင်တိန့်ကိုယ်လုံလေးကို လက်နှစ်ဖြင့် စွေ့ခနဲ ပွေ့ယူ လိုက် သည်။ ထို့နောက် သူတို့၏သက်ငယ်တဲလေးထဲသို့ တစ်လှမ်းချင်းလှမ်းသွားသည်။ တဲထဲ ရောက်သောအခါ ကျူပင်များဖြင့် မွေ့ရာသဖွယ် ပြုလုပ်ထားသော အိပ်ရာဘေး၌ ဒူးထောက်ထိုင်ချ လိုက်သည်။ စောင် ခင်းထားသော ကျူရိုးမွေ့ရာပေါ်သို့ စင်တိန့်ခန္ဓာကိုယ်လေိးကု အသာလေးချလိုက် သည်။ စင်တိန်က ဘလိန်းလည်ပင်းကို တအားလှမ်းဖက်ပြီး သူမနှင့်အတူ အိပ်ရာထဲ လဲကျသွား အောင် ဆွဲယူလိုက်သည်။
နှစ်ယောက်သား တခစ်ခစ် ရယ်လိုက်ကြသည်။ ထို့နောက် လောကကြီးတစ်ခုလုံးကို သူတို့ မေ့သွား ကြသည်။ တစ်လောကလုံး သူတို့နှစ်ယောက်တည်းဟု ထင်ကြသည်။ တင်ထားရသော စိတ်များ၊ ထိန်းထား ရသော သိက္ခာများကို အတွေ့နှင့်အချစ်က အနိုင်ယူသွားသည်။
ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုးလို ဖြစ်နေရသော သူတို့နှစ်ယောက် ဘ၀တစ်ခု တည်ဆောက် ဖြစ် သွားသည်။
တစ်ရေးတမော အိပ်ပျော်သွားရာမှ စင်တိန်၏ ရှိုက်သံကြောင့် ဘလိန်း နိုးလာသည်။ စင်တိန်သည် ဘလိန်း ရင်ခွင်၌ မျက်နှာအပ်၍ တသိမ့်သိမ့် ရှိုက်နေသည်။
"စင်တိန် ... ဘာလို့ ငိုနေတာလဲဟင်"
"မကြာခင်ပဲ ကျွန်မတို့ ခွဲရတော့မှာ မဟုတ်လား၊ ကျွန်မတော့ ရှင့်ကို ချစ်နေမိပြီ"
"ကိုလဲ မင်းကို ချစ်နေတာပါကွာ"
"ရှင် မရှိဘဲ ကျွန်မတစ်ယောက်တည်း ဘယ်လိုလုပ်နေရတော့မှာလဲ၊ အလျင်က ကျွန်မဘ၀ဟာ ငရဲကျ နေ သလိုပဲ၊ ကျွန်မ ငြီးငွေ့စရာ တစ်ကိုယ်ရေဘ၀မှာ မနေနိုင်တော့ပါဘူး ရှင်ရယ်"
"ငါလဲ မင်းကို ပစ်ထားနိုင်တဲ့ အင်အား မရှိပါဘူး၊ ငါ့ဘ၀ထဲက မင်းကို ဖယ်ထုတ်ပစ်မလို့ရမှာ မဟုတ်ပါ ဘူး"
"ကျွန်မတို့ နှစ်ယောက်တည်း ဘယ်လောက်ကြာကြာ နေရဦးမလဲ"
"နောက်တစ်ရက်နေပြီးယင် ရန်ဒူကို ရောက်တော့မယ်"
"ဟင်း ... အချိန်တွေကလဲ သိပ်ကုန်လွယ်တာပဲနော်၊ အချိန်ကုန်ခါနီးကျမှပဲ စိတ်ထဲက ဖုံးဖိထားရတဲ့ အချစ်တွေက ပွင့်ထွက်လာတော့တယ်၊ မိကျောင်းကြီးကိုတောင် ကျေးဇူးတင်ရဦးမလိုပဲ ... ခစ်ခစ်"
စင်တိန် က ဘလိန်းအား တအား ဖက်လိုက်သည။ ဘလိန်းကလည်း ပြန်ဖက်လိုက်သည်။
"ကဲပါ စင်တိန်ရယ် ... နှစ်ယောက်တည်းနေရတဲ့ အချိန်လေးက ပျော်ပျော်ကြီးနေရအောင်နော်"
ရန်ဒူရှိနယ်စပ်စခန်းသို့ မနက်ပိုင်းတွင် စင်တိန်နှင့် ဘလိန်းတို့ ရောက်သွားသည်။ ထိုစခန်းရှိ ရဲထရပ် ကားဖြင့် ၀င်းဟုပ်မြို့သို့ ခရီးဆက်ကြသည်။
သူတို့အဖို့ အိပ်မက်မှ နိုးထလာသူများလို့ ဖြစ်နေသည်။
ဘလိန်းအား ဇနီးအစ္စဘယ်လာနှင့် သမီးနှစ်ယောက် အလုပ်များနှင့် အရာရှိငယ်များက စောင့်ကြိုနေ သည်။ စင်တိန်အားလည်း တွမ်းတီးမင်းဂျုန်း၊ အေဘရာဟင်၊ ဆာဂါရီနှင့် လေဒီကုတ်နေတို့အပြင် အပေါင်း အသင်း များ၊ မိတ်ဆွေများက ပေးပို့ထားသော ကြေးနန်းစာ တစ်ထပ်ကြီးက စောင့်နေသည်။
စင်တိန်၏ စိတ်ထဲ၌မူ လွန်ခဲ့သော နှစ်ရက် ချစ်ရည်လူး ပျော်မြူးခဲ့ပုံများကိုသာ ပြန်လည်တသ မြင်ယောင် နေမိသည်။
စင်တိန်သည် သူမ၏ သီးသန့်ရထားတွဲကြီးမှနေ၍ ရှာဆာဆီသို့ တယ်လီဖုန်း လှမ်းဆက်သည်။ ရှာဆာက မိမိ ကျောင်းလက်ရွေးစဉ်ခရစ်ကတ်အသင်း၌ ကပ္ပတိန်ဖြစ်သွားသည့် အကြောင်းဂဏန်း သင်္ချာ၌ အမှတ်များ ပြန့်တက်လာပုံတို့ကို အားရပါးရ ပြောပြသည်။
"မေမေ ဘယ်တော့ ကိပ်တောင်းမြို့က ၀ယ်ဘာဒင်း အိမ်ကြီးကို ပြန်ရောက်မယ်ဆိုတာ မပြောနိုင် သေးဘူး၊ ဒီမှာ လုပ်စရာတွေ ရှိသေးတယ်၊ စိန်တွေကတော့ ပြန်ရဖို့လမ်း လုံးလုံး မရှိတော့ဘူး၊ ဘဏ်နဲ့ လဲ စကား ပြောဖို့ ရှိသေးတယ်၊ အစီအစဉ်တွေလဲ လုပ်ရဦးမယ်။
"မဖြစ်နိုင်ပါဘူး သားရယ်၊ မေမေတို့ ဘယ်တော့မှ မဆင်းရဲနိုင်ပါဘူး၊ ပေါင်တစ်သန်းဖိုး ဆုံးရှုံးရတာ ကတော့ အထိတော့ နာတယ်ပေါ့၊ ဒါပေမယ့် ဆင်းရဲ မသွားပါဘူး၊ စိတ်မပူပါနဲ့ စာသာ ကြိုးစားပါ၊ ကိစ္စ တွေပြီးယင် ရုံးမှာလဲ စိန်ကိစ္စ အမှုရင်ဆိုင်ဦးမှာ၊ တရားရုံးက သူ့ကို ကြိုးပေးမလား မပေးဘူးလား ဆိုတာ တော့ မေမေလေဲ အတတ်မပြောနိုင်ဘူး၊ စောင့်ကြည့်ရဦးမှာပေါ့"
စင်တိန်သည် ဘလိန်းနှင့် ပထမဆုံးခွဲရသော ထိုနေ့တွင် ဘလိန်းအိမ်သို့ တယ်လီဖုန်း နှစ်ခါဆက် သည်။ ဘလိန်း တယ်လီဖုန်းကိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နှစ်ခါစလုံး အမျိုးသမီးထူးသံ ချည်း ကြား ရသဖြင့် စကားမပြောတော့ဘဲ ဖုန်းချပစ်ခဲ့သည်။
နောက်တစ်နေ့တွင် စင်တိန်နှင့် ဘလိန်းတို့ ဘလိန်း၏နယ်မြေ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ကြသည်။ ဘလိန်း က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားရာ ဧည့်ခန်းထဲတွင် သတင်းထောက်နှင့် ဓာတ်ပုံဆရာ များ ပြည့်ကျပ်နေသည်။ ဘလိန်း၏ ဇနီးအစ္စဘယ်လာကပါ လက်တွန်းကုလားထိုင်ဖြင့် ရောက် နေသည်။
ဘလိန်းက အစ္စဘယ်လာနောက်တွင် ခန့်ခန့်ထည်ထည် ရပ်နေသည်။ စင်တိန်သည် ဘလိန်းနှင့် ဟန်မပျက် လက်ဆွဲနှုတ်ဆက်ပြီး သတင်းထောကများနှင့် ရယ်မောစရာများ ပြောလိုက်သည်။ ဘလိန်း နှင့် ပင် ခပ်တည်တည် ယှဉ်တွဲပြီး ဓာတ်ပုံအရိုက်ခံလိုက်သေးသည်။
သတင်းစာရှင်းပွဲ ပြီးသောအခါ စင်တိန်သည် ကိုယ်တိုင် ကားမောင်းပြီး ကုတ်နေသတ္တုတွင်းနှင့် ဘဏ္ဍာရေး ကုမ္ပဏီရုံးသို့ ပြန်လာသည်။ ထိုနေ့ကလည်း စင်တိန်သည် ဘလိန်းနှင့် နှစ်ယောက်တည်း စကား ပြောခွင့်ပင် မရခဲ့ပေ။
စင်တိန် သူမရုံးထဲသို့ ၀င်လာရာ ရှေ့နေ အေဘရာဟင်က အ၀င်တံခါးမကြီးမှ ဆီးကြိုနေသည်။ စင်တိန် နှင့် အေဘရာဟင် တို့သည် အပေါ်ထပ် စင်တိန်ရုံးခန်းဆီသို့ လှေကားထစ်မှ တစ်ဆင့် အတူ တက် လာကြသည်။
"စင်တိန် ... ခင်ဗျား ရောက်လာတာ နောက်ကျတယ်၊ အစည်းအဝေးခန်းမထဲမှာ သူတို့စောင့်နေတာ တစ်လလောက် ရှိပြီ"
"စောင့်နေပါစေလေ၊ သူတို့အတွက် အလေ့အကျင့် ပိုရတာပေါ့"
ထိုဘဏ်သည် စင်တိန်အား ငွေအများဆုံး ထုတ်ချေးထားသော ဘဏ် ဖြစ်သည်။
"ခင်ဗျား စိန်တွေ ဆုံးရှုံးသွားရတဲ့အတွက် သူတို့ သိပ်ပြီး စိုးရိမ်နေတယ် စင်တိန်"
စင်တိန် ၀င်းဟုပ်မြို့သို့ ပြန်ရောက်ကြောင်း ကြားကြားချင်း ဘဏ်ဒါရိုက်တာများက စင်တိန်နှင့် တွေ့ဆုံ ညှိနှိုင်းရန် တောင်းဆိုခဲ့သည်။
"ဒေါက်တာ တွမ်တီးမင်းဂျုန်း ဘယ်မှာလဲ"
"သူ စည်းဝေးခန်းထဲမှာ ဘဏ်က လူတွေကို ဧည့်ခံနေတယ်"
အေဘရာဟင်သည် စင်တိန်ရှေ့ စားပွဲပေါ်သို့ ဖိုင်အထူကြီးတစ်ခုကို ချပေးလိုက်ပြီး ဆက်ပြောလိုက် သည်။
"ဘဏ်ကို အတိုးတွေ ပြန်ဆပ်ရမယ့် အစီအစဉ်တွေလေ"
စင်တိန်က တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖိုင်ထဲမှ အစီအစဉ်အားလုံးကို သူ အလွတ်နီးပါး ရနေ သည်။ အတိုးပြန်ဆပ်ရမည့် နှုန်းထားများ၊ ပြန်ဆပ်ရမည့်နေ့များ၊ အတိုးငွေ ပမာဏများကို အလွတ်ပင် ရွတ်၍ ရ နေသည်။ စင်တိန်သည် သူမဘက်မှ မဟာဗျူဟာကို အသေးစိတ် ချထားသည်။ သို့သော် ကလေးကစား သလို အိပ်မက်ဆန်ဆန် ဖြစ်နေသည်။
"ဟိုခြင်္သေ့တွေ ရှိတဲ့ သားရဲတွင်းထဲ မ၀င်ခင် ကျွန်မ နောက်ဆုံးသိသင့်တဲ့အချက်များ ရှိသေးသလား"
"လန်ဒန်လွိုက်ဘဏ်က ကြေးနန်းအရှည်ကြီး တစ်စောင်လာတယ်၊ လက်နက်ကိုင် အစောင့်အရှောက် မပါတဲ့ အတွက် စိန်တွေအတွက် လျော်ကြေးမပေးနိုင်ဘူးတဲ့"
"ကျွန်မတို့လဲ ဒါကို မျှော်လင့်ပြီးသားပါ၊ သူတို့ကို တရားစွဲမလား၊ ရှင်ဘယ်လို အကြွေးပေးချင်သလဲ"
"ဒီဘီရား စိန်ကုမ္ပဏီသူဌေးကြီး ဆာအားနက်စ်အိုပင်တီးမားဆီက အကြောင်းကြားစာ ရောက်နေ တယ်"
"အင်း ... သူကလဲ အနံ့ရနေပြီ ထင်တယ်"
စင်တိန် သက်ပြင်းချလိုက်သည်။ အစ္စဘယ်လာအား ကုလားထိုင်ပေါ်သို့ ငုံ့ကြည့်နေသော ဘလိန်းအား မြင်ယောင်လာသဖြင့် စိတ်ထဲမှ ဖျောက်ဖျက်ကာ အေဘရာဟင် ပြောနေသော စကားကို အာရုံစိုက် လိုက်သည်။
"ဆာအားနက်စ် ဟာက်ဘာလေက ဒီကို လာနေပြီ၊ ကြာသပတေးနေ့ဆိုယင် ၀င်းဟုပ်ကို ရောက်လာ လိမ့်မယ်"
"စီစဉ်ထားတဲ့ တိုက်ဆိုင်မှု ထင်ပါရဲ့"
"ခင်ဗျားဘက်က ဖြေနိုင်သမျှ အစောဆုံး တွေ့ချင်ပါတယ်တဲ့"
"သူ့မှာ ခွေးနှာခေါင်းနဲ့ လင်းတမျက်စိ ရှိတယ်င်ပါရဲ့"
"သူက ဟာနီသတ္တုတွင်းကို လိုချင်နေတာ၊ သူကြိုးစားနေတာ ၁၃နှစ်ရှိပြီ စင်တိန်"
"သူတို့အားလုံး ဟာနီသတ္တုတွင်းကို လိုချင်နေကြတာ ကျွန်မ သိတယ် အေဘီ၊ ဘဏ်ကရော ဆာအားနက်စ်ကရော အားလုံးက လိုချင်နေတာ၊ ဒါပေမယ့် သူတို့ ကျွန်မကို အနိုင်တိုက်နိုင်မှ ရမယ်"
"ဒါဖြင့် ခင်ဗျားဘက်က အဆင်သင့်ရဲ့လား"
"အသင့်ပဲ"
သူတို့နှစ်ယောက်စလုံး မတ်တတ်ရပ်လိုက်ကြသည်။
စင်တိန်သည် သူမ ရှေ့ဘက်ရှိ မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။ ဆံပင်ကို လက်ဖြင့် သပ်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် ပွတ်ကာ စွတ်စိုအောင် လုပ်လိုက်သည်။ သူမ တိုက်ပွဲ ၀င်ရတော့မည်။ တောက်ပ သော ယုံကြည်ျက် အပြည့်ရှိသော အပြုံးဖြင့် ပြုံးလိုက်သည်။ သူမအဖိုပ အရာရာကို ရင်ဆိုင်ရန် အသင့် ပြန်ဖြစ်လာသည်။
အခန်းကျယ်ကြီးထဲသို့ ခေါင်းကလေးအသာမော့ပြီး ၀င်သွားသည်။
"ကျွန်မ နောက်ကျတဲ့အတွက် ခွင့်လွှတ်ကြပါ လူကြီးမင်းများရှင့်"
စင်တိန်သည် စားပွဲထိပ်မှ ကုလားထိုင်အရှည်ကြီး၌ ၀င်ထိုင်လိုက်သည်။
"ဟာနီမိုင်းဟာ ကျွန်မ ပိုင်တာ၊ ကျွန်မ လက်ထဲက ဘယ်သူမှ လုယူလို့ မရဘူး မှတ်ထား"
စင်တိန်က စိတ်ထဲက ပြောလိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment