Thursday, November 17, 2011

ဆောင်းဝင်းလတ် ၏ နိုင်ကွက်

နိုင်ကွက်
ဆောင်းဝင်းလတ်

အသက်အရွယ် အရ ဒေါ်မြခင် ငယ်စဉ်ကလို ဥဒဟို ရွာရိုးကိုးပေါက် လျှောက်မသွားချင်တော့ပေ။ အိမ် မှာသာ မြေးတွေ၊ သားသမီးတွေ၊ သမက်တွေ ချွေးမတွေကြားမှာ အေးအေးလူလူ နေချင်ပါဘိတော့ သည်။ ခင်ပွန်းသည်နှင့်လည်း ထမင်းလက်ဆုံလေးများ အတူစားချင်မိသပေါ့။ သို့ပါသော်လည်း အသက် ခု နစ်ဆယ် တည်း ဟူသော သည်ခန္ဓာဝန်ကြီးကို သယ်ပိုးကာ သင်္ဘောတစ်တန် သမ္ဗာန်ကူးတို့ဖြင့် တစ်လကို နှစ်ခေါက် လောက်တော့ မောင်ဖြစ်သူ ကိုဖိုးသိန်းတို့ မိသားစုရှိရာ ပဂစ်မျိုးချောင်းရိုးရွာသို့ ရောက်လာရမြဲ ပင်။

" အိမ်မှာခင်းဖို့ သင်ဖျူးဖြာ အပိုလေးများရှိရင် သုံးလေးချပ်လောက် ယူသွားချင်တယ် "
" ဟို ကောင်မလေး လှပိုက ကောက်စိုက်ရင်း လေတအားတိုက်ရင် ချမ်းလို့တဲ့ မိုးကာအင်္ကျီ အပိုလေးတစ် ထည် လောက် ရှိရင် ပေးလိုက်ပါဦး … နင်တို့မှာ ဓာတ်ဘူးအပိုတစ်လုံးလည်း ရှိတယ်မဟုတ်လား၊ လှပို က ရေနွေးကြမ်း ပူပူကလည်း သောက်သလား မမေးနဲ့၊ တစ်လတစ်လ လက်ဖက်ခြောက် နှစ်ထုပ် လောက် ကတော့ အသာလေးပဲ "
" သြော … အိမ်က တိုင်ကပ်နာရီကြီး ပျက်နေတာ ကြာပြီ … "

စသဖြင့် သူရောက်လာတိုင်း မျက်စိကလည်း မြင်လည်း မြင်တတ်ပါပေ့။ ရှာရှာဖွေဖွေ တွေ့လည်း တွေ့ တတ်ပါပေ့။ ထောင့်စေ့အောင်လည်း ရအောင် ယူတတ်ပါပေ့။ ဂျပန်ခေတ်လို ခေတ်ပျက်ခေတ်ဆိုး စစ်မိုး စစ်ရိပ် စစ်ငွေ့တွေ တဝေေ၀ ကြားမှာ စီးပွားပျက်ပြီးရင်း ပျက်နေသော ဒေါ်မြခင်တို့ မိသားစု တစ်မြုံ တစ်မကြီး အား သနားချစ်ခင်စိတ်ဖြင့် ယောင်းမဖြစ်သူ မိဖြူ သာမက တူမလေး မြင့်မြင့်တို့ကပါ တစ်ခေါက် လာ တစ်ခါပေး ဆိုသလို အပိုအလျှံပစ္စည်းပစ္စယ တိုလီမုစ္စများ ခြင်းတောင်းကြီးအပြည့် ထည့်ပေး လိုက် စမြဲပင်။

ဒေါ်မြခင် က နေ့ချင်းပြန်လာလေ့ရှိပြီး ညနေစာ ထမင်းစားသောက်၊ လမ်းစရိတ်ပါယူလျက် ညနေစောင်း ထွက်သည့် " ဟင်္သောယာဉ်" မော်တော်ဖြင့် သူတို့ မိသားစုနေထိုင်ရာ ကမ်းငယ်ကျေးရွာသို့ ပြန်မြဲ ဖြစ်သည်။ တကယ်တော့ သူတစ်ခေါက်လာပြီဆိုတိုင်း လမ်းစရိတ်ထက်မက ထိုက်ထိုက်တန်တန် ပိုပို လျှံလျှံ လောက်လောက်ငငလေး ပေးလိုက်ကြစမြဲပင်။ မည်သည့်အခါမဆို အလာမှာ လက်ကြီးဗလာ၊ အပြန်မှာ တစ်နင့်တစ်ပိုး သယ်သွားမှလည်း ဒေါ်မြခင်တို့မိသားစု တစ်မြုံတစ်မကြီးက အဆင်ပြေ ကြ မှာကိုး။ သူတို့ တစ်မိသားစုလုံး ဗရုတ်သုက္ခတွေဖြစ်နေကြတာ ကြာပြီ။ အင်္ဂလိပ် ခေတ်တုန်းက လုပ်ငန်း ကိုင်ငန်း လေးတွေ မဆိုးလှ။ စစ်ကြီးအပြီး ဂျပန်အ၀င်မှ စကာ ချွတ်ခြုံကျလာလိုက်တာ ဘာလေးပဲ ကောက် လုပ်လုပ် ရုပ်လုံးမပေါ်၊ ဟိုဟာရှုံးသည်ဟာရှုံးနှင့် ကြွေးတွေ ကလည်းပတ်လည်ဝိုင်းလို့၊ မိသားစု စားအိုး ကလည်း အတော်ကြီးပါသည်။

မောင်ဖြစ်သူ ကိုဖိုးသိန်း တို့မှာက မိသားစုလေးယောက်တည်းရယ်၊ စုစုဆောင်းဆောင်း ချောင်ချောင် လည်လည်လေး လည်း ရှိသလို ဟိုတစ်လောဆီက ကိုဖိုးသိန်း၏ မိန်းမ မိဖြူဘက်က မိဘအမွေအနှစ်၊ လယ်၊ ဥယျာဉ် နှင့် အတွင်းပစ္စည်းလေးတချို့၊ မိဖြူတို့ မောင်နှမတစ်တွေ ခွဲဝေနိုင်ခဲ့ရာ နည်းတာများတာ အပ ထား … ဟေ့ ဒါ ငါတိုပမိဘများ ဆုံးပါးသွားလို့ ခွဲလို့ ဝေလို့ ရတဲ့အမွေဆိုပြီး တစ်သီးတစ်သန့် သတ်သတ် မှတ်မှတ်ကလေးပတ်ဝန်းကျင်ကို အသံပေးနိုင်ခဲ့ပြီဖြစ်၏။ ယခုတစ်ခေါက် ဒေါ်မြခင် ရောက် လာတော့ ကိုဖိုးသိန်းက မောင်နှမနှစ်နှစ်ယောက် အေးအေးဆေးဆေး စကားပြောချင်စိတ် ဖြစ်မိသဖြင့် " မမမြ အချိန် ရတယ်မဟုတ်လား … ထမင်း စားသောက်ပြီးရင် တိုင်ပင်ချင်တာလေးရှိလို့ " ဟု အကြောင်းအရာ တစ်ခု ကို လမ်းကြောင်းစလိုက်မိသည်။

" အချိန်ရပါတယ်၊ ညနေ နောက်ဆုံးခေါက် မော်တော်နဲ့မှ ငါပြန်မှာပါ "ဟု ဒေါ်မြခင်က ဒေါ်ဖော့လေး ပုသိမ် ကွမ်းသီးဖက် ဆေးလိပ်ကို မီးညှိဖွာရင်းက အိမ်ရှေ့ ပုဏ္ဏားကွယ်ကို ကျောမှီထိုင်ရင်း လှမ်း ပြော သည်။
" အသက်ကြီးပြီနော် မော်နေပြီ မဟုတ်လား … တစ်မြုံတစ်မကြီးအတွက် ခုလို အိမ်က ထွက်ထွက်ပြီး ကြက် ယက် သလို ယက်ရှာနေရတာ ကြာရင် ဒီထက်ပိုအမောဖောက်ဖို့ပဲ ရှိတော့တယ်နော "
ကိုဖိုးသိန်း က ကွမ်းတစ်ယာ ယာရင်းက စကားစလိုက်သည်။
" ဒါတော့ ဒါပေါ့ … ဒါပေမဲ့ တစ်နိုင်တစ်မလေးတော့ သွားနေရသေးတာပဲ "
ဒေါ်မြခင် ၀န်ခံပါသည်။

" ဟိုကောင် နိုင်ထွန်းနဲ့ မမမြ နည်းနည်းပါးပါး စကားကောက်ကြည့်ပါလား … ဒီလို မမမြရဲ့ … ကျွန်တော် တို့ မှာ ကျွန်တော့် မိန်းမ မိဖြူတို့လိုပဲ အဖေရော အမေရော မရှိကြတော့ဘူးလေ … မကြာသေးခင်က မိဖြူ တို့ မောင်နှမတွေဘက်က လုပ်တာကိုင်တာ ပြတ်တယ် … သူကတော့ နည်းတယ် … ကိုယ်ကတော့ များ လိုက်တာရယ်လို့တော့ မဟုတ်ဘူး … သူတို့ မောင်နှမတွေချင်း ညှိပြီး ခြံလေး၊ ယာလေး တွေ ရောင်းသင့်တာ ရောင်းလိုက်တာ ဝေပုံကျ ခွဲဝေယူလို့ ရကြတာ မမမြလည်း အသိပဲ … မမမြတို့ ကျွန်တော် တို့မှာလည်း ဒီပုံဒီ နည်း လမ်းကြောင်းကြီးက ရှိနေတာပဲ … ကျွန်တော်တို့ အထဲမှာ မမမြက အစ်မ အကြီးဆုံး ဆိုတော့ ခုလို မောင်နှမတွေ သက်ရှိထင်ရှားရှိနေတုန်းမှာ ခွဲသင့်တာ ခွဲဝေသူလိုက်ကြရင် မကောင်း ပေဘူးလား …

မမမြ လည်း ကိုယ်မသေခင် လှူချင်တာလေးလည်း လှူလို့ရသွားမယ် … အသက်ရှူပေါက်လေးလည်း ချောင် သွားမယ် … မမမြ စဉ်းစားကြည့်လေ အခုလို တစ်လကို နှစ်ခေါက်လောက် ကျွန်တော်တို့ဆီကို မမမြ လာပြီး ဟိုဟာလေးယူသွား ဒီဟာလေးယူသွား ဆိုတာမျိုးက ဘာမှ အထုပ်အထည် ရယ်လို့ ရှိတာ မဟုတ် ဘူး … ရရစားစားနဲ့ အူစိုကြမှာလည်း မဟုတ်ဘူး … သတ်သတ်မှတ်မှတ် အထုပ်အထည်လေး ပိုက်မိ စေချင် လို့ ကျွန်တော် ဒီစကားကိုခုမှ ဖွင့်ပြောကြည့်တာပါ … " ကိုဖိုးသိန်း စကားကြောင့် ဒေါ်မြခင် တွေဝေ သွားသည်။

" နင် ပြောတာ လမ်းကျပါတယ် … ဟုတ်တော့ လည်းဟုတ်ပါတယ်… နင်တို့ ငါတို့က အိမ်ထောင်ခွဲတွေဆို တဲ့ အတိုင်း ကိုယ့်ရွာမှာကိုယ် ကိုယ့်အိမ်ကိုယ့်ရာနဲ့ခွဲပြီး ကိုယ့်လုပ်ကွက်နဲ့ ကိုယ် ရှာဖွေ စားသောက် ခဲ့ကြတာ ကြာပြီပဲ … ဒီအကောင် နိုင်ထွန်းတစ်ယောက်သာ အမွေဆိုင်ခြံမှာ ဒီနေ့အထိ … သူ့သားစဉ် မြေးဆက် ဖက်တွယ်ပြီး ကုပ်ကပ်နေလာခဲ့တာ ကြာပြီပဲ။ ကျန်တဲ့အစ်ကိုတွေ အစ်မတွေလို ကိုယ့် အိမ်ထောင် နဲ့ ကိုယ် မြစ်ကူးချောင်းဖျား တစ်ခြံတစ်မြေ နေတယ်လို့မှ မရှိခဲ့တဲ့ကောင် "
ဒေါ်မြခင် ကိုယ်တိုင်လည်း နိုင်ထွန်းတို့ မိသားစုကိစ္စ စိတ်ပါလက်ပါ ပြောရှာသည်။

" ကျွန်တော် ပြောတာက … ဒါက … တကယ့် အရင်းအချာတွေပဲ … ကဲဗျာ … သူ ဒီနေရာက မခွာနိုင်ဘူး … မခွာချင်ဘူး ဆိုရင်လည်း ဒီဟာတွေ သူယူမြဲယူထားလိုက်လေ ဒါပေမဲ့ … သူသက်ရှိထင်ရှား ရှိ နေတုန်းမှာ … ခုဆိုရင် သူ့မှာချွေးမတွေတောင် ရှိလာပြီ၊ မြေးတွေတောင်ရနေပြီ … မိသားစု တိုင်ပင် လိုက် ပေါ့ဗျာ … ကဲ … ငါ့အစ်မများ … အစ်ကိုများနဲ့ ငါ … မိဘလက်ငုတ်ကိစ္စ ခွဲကြဝေကြဖို့ ကိစ္စရှိလာပြီး … ဘယ်လို လုပ်ချင်ကြ သတုန်းဆိုတာ သူတိုင်ပင်ရမယ် "

" အေးပေါ့ …. သူတို့ တိုင်ပင်သင့်တာပေါ့ … ဒီလိုမှ မဟုတ်ဘဲ အဲ့ဒီမှာ နေသားကျနေပြီး … ဒီခြံဝိုင်းကြီး ထဲက ဘယ်မှ ဖယ်ပေးဖို့ ပြောင်းဖို့ရွှေ့ဖို့ အာသီသမရှိကြဘူးဆိုရင်လည်း တစ်နည်းစဉ်းစား ကြပေါ့ … မဟုတ် ဘူးလား … သူတို့က ငါ့ထက်စာရင် ဘာပဲပြောပြော …အဆင်ပြေနေကြသေးတာ ငါသိ ပါတယ် … ငါပြော ချင်တာက … ဒီဟာကို ရောင်းပြီး မခွဲမဝေချင်ဘူးဆိုရင် ကျန်တဲ့ မောင်နှမတွေကို ထိုက်သင့် သလောက် ကာလပေါက်ဈေးနဲ့တွက်ပြီး သူအမ်းလိုက်ပေါ့ မဟ်ုတ်ဘူးလား "

ဒါလည်းဖြစ်တာပဲ မမမြရဲ့ … အဲဒါပါပဲ ကျွန်တော် တိုင်ပင်ချင်တယ်ဆိုတာ … မမမြ၊ နိုင်ထွန်းကို စကား တောက် ကြည့်လေ သူဘာပြောမလဲဆိုတာ သိရတာပေါ့။ မမမြတို့ မိသားစု အလုံးအခဲနဲ့ အဆင်ပြေ နိုင်မယ့် လမ်းကြောင်းကတော့ လောလောဆယ် ဒီဟာပဲရှိတယ် … "
" အေးလေ တစ်ရက်တော့ သူတို့ဆီသွားပြီး နိုင်ထွန်းကို ငါပြောကြည့်လိုက်ပါ့မယ် "

ဒေါ်မြခင် ဆုံးဖြတ်လိုက်ဟန် တူသည်။ ကိုဖိုးသိန်း ဘက်ကလည်း သူ့အစ်မကြီး မိသားစုကို ကူညီနိုင်တာ ထက် ပိုပြီး ကူညီချင်သော်လည်း ၀န်နှင့်အားနှင့် ချိန်ဆနေရရာမှ၊ ခုလို စိတ်ကူးရ၍ အမွေကိစ္စလေး လမ်းဖွင့် ပေးလိုက်မိခြင်းသာ။ နိုင်ထွန်းကား သူ့ညီဖြစ်၏။ သို့သော် သိပ်ပြီး လုံးလုံး ထွေးထွေး ကူးလူး ဆက်နွယ်ခြင်း မရှိခဲ့။ စကားပြော ရိုင်းလွန်းလို့ဖြစ်၏။ သည်ကောင်တွေ တစ်မိသားစုလုံးက ထစ်ခနဲ ရှိ တုတ်ဆွဲ။ ဓားဆွဲ သမားတွေ။

သို့သော်လည်း ကိုဖိုးသိန်းတို့ မိသားစုနှင့် ကင်းလားဆိုတော့ မကင်း။ တစ်ကွေ့ တစ်ခါ ရောက်လာပြီ ဆိုလျှင်လည်း အစ်မကြီး ဒေါ်မြခင်ကဲ့သို့ပင် … နိုင်ထွန်းတို့ မိသားစုကလည်း ကိုဖိုးသိန်းတို့ထံမှ ဆွဲမိဆွဲရာ တစ်နိုင် တစ်မ တော့ သယ်ချသွားကြညမဲပင်။ ကိုဖိုးသိန်း မိန်းမ မိဖြူလို စကား နည်းနည်း အေးအေး နေတတ်သူ တောင်မှ တစ်ခါတလေ တစ်ခွန်းတစ်ပါဒလောက်တော့ ဝေဖန်သံလေး ထွက် လာပါသေး၏။ ဒါတောင် မှ ရယ်ရယ်ပြုံးပြုံး ပြောတာပါ။

" ရှင့် အစ်မတွေ ညီတွေများ … တစ်ခါမှ ကျွန်မတို့အတွက် ယူလာသယ်လာတယ်ဆိုတာ မရှိဘူး … သူတို့ လိုချင်တာ ကိုတော့ လက်တွေကသွက်သလားမမေးနဲ့" တဲ့။
ပြောမယ့် သာပြောတာ။ မိဖြူက ငြူစူခြင်း ကင်းပါသည်။ အနေအေး အပြောအေးဟု ဆိုနိုင်ပါသည်။ လိုချင် မျက်စိနှင့် ပတ်သက်သည့်အပိုင်းမှာတော့ မိဖြူပြောလည်း ပြောစရာမို့ ကိုဖိုးသိန်း အသာလေး ငြိမ် နေရ၏။ ကိုယ့်ဘက်ကဟာတွေ လွန်နေတာကိုး။

ဝါဆိုလဆုတ် ၁၄ ရက်။ သောကြာနေ့။ မနက်ဆယ်နာရီသာသာလောက် ရွာဦးနတ်စင်ငူတံတားမှာ မော် တော် ဆိုက်သံ ကြားရပြီး မကြာမီ ဒေါ်မြခင် ရောက်လာပြန်သည်။ ကိုဖိုးသိန်းကလည်း လယ်ထဲမှ ခဏ ပြန် လာချိန်ပါ။
" ငါ ကောင်းကောင်းနေမကောင်းဘူး "
ခရီး ရောက်မဆိုက် ဒေါ်မြခင်ကပြောတော့ မိဖြူတို့ သားအမိက စိုးရိမ်မကင်းဖြစ်နေကြသည်။

" အတော်ပဲ … ကြက်သားကိုင်ထားတာ … အဖြူထည်လေး နည်းနည်းလုံးလိုက်ပြီး မမမြအတွက် ဆန်ပြုတ် လေးပြုတ်လိုက်မယ် "
မိဖြူ က ပြောပြီး မီးဖိုခန်းထဲ ၀င်သွား၏ အမောပြေ ရေနွေးကြမ်းပူပူလေး သူထိုင်သောက်နေသေးသည်။
" နင် နဲ့ ငါ ဟိုတစ်လောက တိုင်ပင်တဲ့ကိစ္စ၊ နိုင်ထွန်းတို့ဆီ သွားညပီး ငါစကားတောက်ကြည့်တယ် "
" အဆင်ပြေတယ် မဟုတ်လား "

" အောင်မယ်လေး ငါ့တောင် ထ မသတ်တာ ကံကောင်း၊ အကုန်လုံး ပွက်လောထရိုက်ပြီး … ပြောလိုက် ဆိုလိုက် တာ ရစရာကို မရှိဘူး "
" ဒီကောင်တွေ တော်တော်ခတ်တာပဲ … ဒီကိစ္စမောင်နှမတစ်တွေ အေးအေးဆေးဆေး ပြောရဆိုရမယ့် ကိစ္စ ပါဗျာ "
" နင်တို့နဲ့မှ စိတ်သဘောချင်း မတူတာဟဲ့ "
ဒေါ်မြခင် စကားကြောင့် မိဖြူရော သမီးငယ်မြင့်မြင့်တို့ပါ အနားမှာ လာထိုင်ကာ မျက်လုံး အ၀ိုင်းသားဖြင့် နား စွင့်နေကြသည်။
" သူတို့က ဘယ်လို ဆန္ဒရှိကြသတဲ့လဲဗျာ "

" ဒီမှာ နေသားကျပြီးသားတဲ့၊ ဘယ်မှာသွားနေကြရမှာတုန်းတဲ့ … နေစရာလည်း မရှိဘူး … ဖယ်ပေး စရာ လည်း မလိုဘူးတဲ့ နင်တို့ သတိထားနော် … နင်တို့ကို တော်တော်ပြောလိုက် ဆိုလိုက်တယ် … ဒီစကား ကတော့ အတော်ဆိုးတယ် "
" မမမြက အစ်မကြီး အနေနဲ့ သူ့ကိုပြောတာ မဟုတ်ဘူးလား … ကျွန်တော် ကနဦးကတည်းက မမမြကို ပြော လိုက်တယ်လေ … အစ်မအကြီး တစ်ယောက်အနေနဲ့ နိုင်ထွန်းနဲ့ စကားတောက်ကြည့်ပါလို့ ပြော လိုက် သားပဲ။ မမမြလည်း အတော်ခတ်တယ် ကျွန်တော့်ကို ခေါင်းတည်လိုက်တယ်ထင်တယ် … ဟုတ်လား "

ငြိမ်နေ၏။ ဒေါ်မြခင် ငြိမ်နေ၏။ အမွေကိစ္စ သူက အမုန်းမခံခဲ့။ ကိုဖိုးသိန်းက ပြောခိုင်းသလိုမျိုး နိုင်ထွန်းကို သူ သွားပြောခဲ့ရိုး အမှန်ပင် မောင်နှမအရင်းချင်းမှာ ခုလို ဟိုလှည့်ပတ်ပြော သည်လှည့်ပတ်ပြော၊ စကားရောင်း စကားဝယ် ကိစ္စက အတော်ခတ်၏။ ခုမှတော့ စကားတွေက ပြန်ပြင်၍မရတော့ပြီ။ သူသိချင် တာက နိုင်ထွန်းတို့ မိသားစု ဘာတွေ ပွက်လောရိုက်လိုက်ကြလဲဆိုတာပင်။ ထို့ကြောင့် သူ့အစ်မကြီးအား မေးမြန်း ကြည့်တော့ …

" ခြံနဲ့ဥယျာဉ် ကို ရောင်းလည်းမရောင်းနိုင်ဘူး၊ ငါတို့ကို ပြန်အမ်းပေးစရာလည်း သူတို့မှာ တစ်ပြားမှ အပိုအလျှံ မရှိဘူးတဲ့။ နောက်တစ်ခါ နင့်တို့က အဲဒီ့ စကားမျိုး၊ စလာရင် … နင်တို့ မိသားစုသုံးယောက်ကို ဂျပန် ကင်ပေတိုင်တွေလက်ထဲ သူတို့ကိုယ်တိုင် သတင်းပေးပြီး တိုက်လိုက်တော့မယ်လို့ ပြောလိုက်တယ် ဟေ့ … သတိသာ ထားနေကြပေတော့ …. "
ဟု ခြိမ်းခြောက် အကြပ်ကိုင်စကားကြားလိုက်ရ၏။

" အဲဒါ … ငါလာပြောရဦးမယ်၊ ဟုတ်တယ်ဗျ ကျေးဇူးဆိုတာ ရှိမှ ကျေးစွတ်လို့ကောင်းတာကိုး၊ ကျွန်တော် အစ်ကို တစ်ယောက် အနေနဲ့ သူတို့ကို တတ်နိုင်သမျှ သာရေး၊ နာရေး အကူအညီပေးခဲ့တဲ့ ကျေးဇူးတွေကို သူတို့က ကျေးစွတ်ကြတော့မှာကိုး … မမမြမယူရင်လည်း ရတယ်လေ … မမမြတောင်မှ ဒီအမွေကိစ္စ ရပ်တန်း က ရပ်လိုက်တော့မယ်ဆိုရင် ကျွန်တော်လည်း အနေသာကြီးပါ … ရပါတယ် … "
ကိုဖိုးသိန်း ရင်ထဲတော်တော့်ကို " အင် " သွားပေပြီ။
ငွေများ အတော်ကြောက်စရာကောင်းလှပါကလား။ သူ့မိန်းမ မိဖြူ၏ မျက်နှာကို သူမကြည့်ရဲ လောက် အောင် ရှက်လည်း ရှက်သွားမိသည်။ ဟင်း … ရှင်တို့အမျိုးတွေ တယ်တော်ကြပါလား … ဟု ဖွင့်သာ မပြောတာ။ မိဖြူစိတ်ထဲမှာတော့ အတော်လေး စိတ်ချဉ်ပေါက်ကာ သာရေး နာရေးမှအစ လမ်းစ ဖြတ်ချင်စိတ် ပေါ်နေပြီထင်၏။ လမ်းစဖြတ်လည်း ဖြတ်သင့်နေပေပြီ။ ကိုယ့်ကို သေတွင်းထဲပို့မယ့် ကိစ္စကြီး ပေကိုး။

" ကဲ … မမမြလည်း ကျန်းမာရေး ဂရုစိုက်ဦး … အခုလို ဥဒဟို ကျွန်တော့်ဆီသာ လာ မနေပါနဲ့တော့ … သီတင်းဝါလ ကျွတ် တဲ့ အခါ၊ အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ လာကန်တော့ပါ့မယ် "
ဟုလည်း သူ့အစ်မကြီးကို သူပြောလိုက်မိသည်။ သူ့အစ်မကြီးကိုလည်း သူတော်တော်စိတ်ကုန်ခန်းသွား လေပြီ။ စကားတွေက မရှုပ်သင့်ဘဲ ရှုပ်ကုန်တာကိုး။

ဂျပန်တွေမြန်မာပြည်မှ ပြန်လည်ဆုတ်ခွာကာ အင်္ဂလိပ်တပ်တွေ ပြန်ဝင်လာကြချိန်။ ဘတစ်ပြန် ကျားတစ် ပြန် ပါတကား။ အရှုံးသမားတွေ ဆုတ်ခွာသွားတော့ အနိုင်သမားတွေက ခြေကုပ်ပြန်ယူလာကြပြန်ချေပြီ။ မည်သို့ပင်ဖြစ်စေ … ကိုဖိုးသိန်းတို့ကတော့ လယ်ထဲချောင်းထဲမှာသာ သေစာရှင်စာလေး ရသလောက် ရှာ ဖွေကုန်းရုန်းနေရဆဲ။ စားရတာလည်း မလွတ်လပ်။ သွားရတာလည်း မလွတ်လပ်၊ နေရထိုင်ရတာလည်း ကျဉ်းထဲ ကျပ်ထဲ။ သည်ကြားထဲမှာ မယားနှင့် သမီးကို မခွဲခွာရသော်ငြား ရင်နှစ်သည်းခြာ သားကြီး နှင့်တော့ ခွဲခွာနေရဆဲ။ ဂျပန်တော်လှန်ရေး ကာလကြီးထဲ သေသလား၊ ရှင်သလားလည်း မသိရ။

သားကြီးက မြေ အောက်ဖက်ဆစ်တော်လှန်ရေးရဲဘော်လေး … ။ စစ်ဘေးစစ်ဒဏ်တွေ ကြားထဲက ရုန်းထခါစ ကိုဖိုးသိန်းတို့ ပဂစ်မျိုးချောင်းရိုးရွာ အ၀င်တံတားမှာ မော်တော်၊ လှေ၊ သမ္ဗာန်တွေ ဆိုက် လာတိုင်း မျက်လုံးအ၀ိုင်းသားနှင့် လှမ်းလှမ်းကြည့်နေရတာ ကာလကြာခဲ့ပြီ။ ဘယ်နေ့၊ ဘယ်ခါ၊ ဘယ်ညာ မှာများ ငါတို့သားကြီး ပြနပ်လာမလဲလို့ပေါ့။
ကိုဖိုးသိန်း ၏ ညီအငယ်ဆုံး နိုင်ထွန်းတို့ မိသားစုကတော့ ဂျပန်ခေတ်တုန်းက မိဘအမွေ ပိုက်ဆံလေးတွေ ခွဲဝေ ပေးချင် တဲ့ စိတ်နဲ့ ကိုဖိုးသိန်းတို့ကို ဂျပန်ကင်ပေတိုင် စစ်ပုလိပ်တွေ လက်ထဲဝကွက်လို့ အပ်ဦး မလို့တဲ့၊ ဘာတဲ့၊ သူတို့သွားတိုင်မယ့် နိုင်ကွက်ကို နင်းတဲ့စကားက …

" မြေအောက်တော်လှန်ရေးသမားနဲ့ ဆက်သွယ်တဲ့ မိသားစု "တဲ့။ တော်ပါသေးရဲ့ အဲဒီတုန်းက အမွေကိစ္စ တစ်ခန်း ရပ်ခဲ့ကြပေလို့။ သြော် … ငွေ … ငွေ … ။ သြော် … အမွေ … အမွေ … ။ ရှိပါစေတော့။ ကြောက်စရာ ကောင်းလိုက်တဲ့ ငွေ … ။ ထိုက်မှ ရတတ်ကြတယ်ဆိုတဲ့အမွေ။ စေတနာတွေ အကျိုးပေး ကြဦး မှာပါ။ သံဝေဂရစရာကြီး။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ရသင့်ရထိုက်တာ မရသွားရှာဘဲ ဆင်းဆင်း ရဲရဲ တိမ်းပါး သွားခဲ့ရရှာတဲ့ အစ်မကြီး ဒေါ်မြခင် ကိုတော့ ကိုဖိုးသိန်း လွမ်းနေဆဲပါ။ အစ်မကြီး ဆုံးတာ မှတ်မှတ် ရရ ၁၃၀၈ ခု တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့ ။
=======
စာရေးသူ - ဆောင်းဝင်းလတ်
ကလျှာမဂ္ဂဇင်း နိုဝင်ဘာ လ ၂ဝ၁၁ ခုနှစ်

.

No comments: