ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၇)
ပိတောက်တွေ ရွှေရည်လူးတော့မည်။ အတာကူးသည့် နှစ်ဦးသင်္ကြန်ခါလည်း ရောက်တော့မည်။
ရေသဘင်ပွဲတော်လည်း နွှဲပျော်ကြတော့မည်။ ငွေဖလားနှင့်လည်း ရေကစားကြပေမည်။
အဲ နောက်ပြီး ဤဆောင်းပါးထွက်သည့် အခါသမယ၀ယ် စာပေလုပ်သားအပေါင်းတို့ မျှော်လင့် အားထား နေ ကြသည့် စာပေလုပ်သားညီလာခံကြီး ကျင်းပနေသည့်အချိန်နှင့် ကြုံကြိုက် တိုက်ဆိုင် နေပြန် သောကြောင့် ကျွန်တော်တို့ အထူးဝမ်းသာကြည်နူးခြင်းဖြစ်ရပါသည်။ ကောင်းခြင်းခုသည်ချိန်ခါ မင်္ဂလာ နှင့် ပြည့်စုံသော ရက်မြတ်ပေကိုး၊ ကျင်းပဆဲဖြစ်သည့် စာပေညီလာခံကြီးတွင် ပါဝင်ဆွေးနွေးကြသည့် ကိုယ်စားလှယ် တော်ကြီးများအား ဤသို့လျှင် ထိုက်တန်စွာ ကာယ၊ ၀စီ၊ မနောချီလျက် အလီလီ ဂါဝရ ပြုပြီးသည့်နောက်တွင် ကျွန်တော် ဆောင်းပါးကို ဆက်ရေးပါရစေခင်ဗျား။
" ခင်ဗျား ဝေ့လည်လည်လုပ်နေတာ နှစ်ခိရှာ နှစ်ခါရှိသွားပြီ" သောင်းပြောင်းထွေလာပရိသတ်တစ်ဦးက သို့ကလို ရန်စကားစပါတယ်။
" ခင်ဗျား … ကျွန်တော် မလုပ်ပါလားဗျာ၊ ကျွန်တော့် စာမူခနဲ့ ထိုက်တန်စွာ စာအုပ်ဝယ်ဖတ်သော စာဖတ် ပရိသတ်များ ရဲ့ ပေးဆောင်ခ ငွေကြေးပမာဏနဲ့ ထိုက်တန်စွာ ဖတ်ပျော် နာပျော်တဲ့ ဆောင်းပါးလေး များတော့ လစဉ်ရေးသားလျက်ပါ " ကျွန်တော်က ဖြေရှင်းချက်ပေးသည့်တိုင် သူ မကျေနပ်သေး။
" ဘာရမလဲ မောင်သော်ကရာ၊ ခင်ဗျား အညာမြေရွှေဘိုတစ်ခေါက် သွားတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး တိုရေ ရှားရေ နဲ့ နှစ်လတိတိဆက်အုပ်သွားတာ မကျေနပ်ဘူးဗျာ၊ ဘာလဲ ခင်ဗျားနဲ့ ခင်ဗျားသမီး တင်ကြီးတာ ကိုပဲ ရေးကြီးခွင်ကျယ်လုပ်လို့ "
" ဟာ … ဒါဘယ့်နဲ့ အရေးမကြီးမလဲဗျာ ကြီးမှကြီးပေါ့၊ ဘတ်စ်ကားစီးဖူးတဲ့လူမှန်သမျှ သိပါတယ်။ အဲ … ပြောရ ပြန်ဦးတော့မယ်။ ဘတ်စ်ကားပေါ်မှာ တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ယနေ့ ရန်ကုန် မြို့လယ် ခေါင်က ရုပ်ရှင်ရုံများမှာ လက်မှတ်ပေါက်က၀င်ပြီး ၀ယ်ဖူးပါသလား။ တစ်ခါတစ်ရံ လက်မှတ် ပေါက် တန်းစီ ၀င်ကြည့်စမ်းပါဗျာ၊ ကျုပ်တို့တော့ ကဏန်းကောင်လို ဘေးတိုက်သွားပြီး ဗိုက်ရော ဖင်ပါ ရှပ်ထား ရတယ်။ ဗိုက်ပူရင် တင်ကောက်ရင် ဘယ်လိုမှ ၀င်မရဘူး။ အဲဒါ ဘယ်သို့သော ကိုယ်လုံး ကိုယ်ဖန် ကို စံထားသလဲ တော့မသိဘူး၊ အဲ … လူဟန်ထွားထွား နိုင်ငံခြားသားတွေ ရုပ်ရှင် လက်မှတ် ၀ယ်ချင်ရင်တော့ ဒုက္ခပဲဗျို့ "
" အဲ … ဟုတ်သားဗျ၊ ကျုပ်လည်း ဟိုတစ်လောက ရန်ကုန်ရောက်တုန်း ရုပ်ရှင် ကြည့်မယ်လို့ဟာ၊ လက်မှတ် ပေါက်မှာ တစ်လစ်ကြီးဖြစ်ကျန်နေရစ်ခဲ့တယ်။ အစကတည်းက အကြာကြီးတန်းစီနေမိတာ အပေါက်ဝ ရောက်ခါမှ တန်းစီရာက ဖြုတ်လာခဲ့ရတယ် "
ယခုမှ သဘောတူဝန်ခံသူ ကျွန်တော့် စာဖတ်ပရိသတ်မှာ အခြားသူမဟုတ်ပါ။ မန္တလေးမှ ဦးလေးလှဖြစ်ပါ သည်။ ဦးလေးလှ ဆိုသူမှာ လူထုဦးလှ။ အထက်မြန်မာနိုင်ငံတွင် လူသိမများလျသော၊ သိပ်၍ မကျော်ကြား မထင်ရှားလှသော၊ ကလောင်လက်သစ် စာရေးဆရာ ပေါက်စကလေးတစ်ယောက် ဖြစ် ပါသည်။ "သမ္မတ" ရုံတွင် ရုပ်ရှင်ကြည့် မသွားရပါ။ ကျွန်တော်တို့ ရန်ကုန်သားများကမှ ဖြစ်သလို မှောင်ခို လက်မှတ် နှင့် ရုံဝင်နိုင် ခဲ့ပါသည်။
ထိုစဉ် ပြနေသည့်ကားမှာ Dirty Bastards ဖြစ်ပါသည်။ ရုပ်ရှင် လက်မှတ်ရုံပေါက်ဝမှ သံပိုက်တန်းများကို လိုအပ် သလို အကျယ်ချဲ့သင့်သည်ဟု ယူဆပါသည်။
စာရှုသူမိတ်ဆွေ ခင်ဗျား၊ကျွန်တော် ဆောင်းပါးရေးရန် တာစူကတည်းက ယခုထိ ဝေ့လည်လည်ဖြစ်နေ သေးခြင်းကို မိတ်ဆွေလည်း ရိပ်စားမိပြီထင်ပါသည်။ အမှန်မှာ ဘာရေးမည်ကိုပင် မသိတော့ခြင်းကြောင့် ယခင်အပတ်က ဆောင်းပါးအဆက်အနေနှင့် တင်ကျယ်သည့် ကိစ္စကိုပင် ထပ်မံ တင်ပြနေရခြင်းဖြစ်ပါ သည်။ တကယ်ပါ … မလွယ်ပါ။ နွေပေါက်ပြီမို့ မီးသတိပြုရန်၊ ယင်နားစာများ မစားရန်၊ အမှည့်လွန် သစ်သီး များမစားရန်၊ မီးစိမ်းပြမှ လမ်းဖြတ်ကူးရန်၊ ချွေတာငွေစုရန်၊ ဤမျှ ကောင်းသော အကြောင်းအရာ များကို ဆောင်းပါးရေးရန်မှာလည်း ကျွန်တော့်ထက် လက်ဦးသွားသူများ ရှိနေခြင်းကြောင့် ထပ်မံ ရေးသား ရန် မဖြစ် နိုင်တော့ပါ။
လတော့မည့် တီဗီ
ကျွန်တော့် နေအိမ်ပေါက်ဝမှ အရှေ့မြောက်အရပ်သို့ လှမ်းမျှော်ကြည့်သော် (၀၃၅. သို့မဟုတ် N-35ºE) သံလိုက် အိမ်မြောင် အညွှန်းရပ် ဆီ၌ နေ့အခါတွင် မမြင်ရသော်လည်း ညဥ့်အခါများတွင် သစ်ပင်အုပ်များ အထက် ဆီ၌ မီးနီနီတစ်လုံးကို ထူးဆန်းစွာ တွေ့မြင်ရသည်။
" ဟ … ဒီမီးနီ ဘယ်ဆီကလဲဟ၊ အရင်က မတွေ့ပါကလား "
ကျွန်တော်က အလန့်တကြား မေးမိသည်။
" တော်ကလည်း ဘာ ခုမှ အရူးထနေရတာလဲ၊ အဲဒါ အသံလွှင့်ရုံက အသစ်ဆောက်နေတဲ့ ရုပ်မြင်သံကြား ကောင်းကင်တိုင် က မီးနီ … ခုမှ မြင်သလား၊ ကျုပ်တို့ တီဗီကြည့်ရတော့မယ်တော့ " ဇနီးဖြစ်သူက မစားရ သေး မီ ကပင် ၀ခမန်းပြောသည်။
" အေး … ဟုတ်တယ်။ ၁၉၈၀ ခုနှစ်မှာ တို့တတွေဟာ ခေတ်မီနိုင်ငံ တစ်ရပ်ဖြစ်တော့မှာ သေချာတယ်။ ငါတော့ ရုပ်မြင် သံကြားစက်ကို ဧည့်ခန်းမှာတစ်လုံး၊ အိပ်ခန်းမှာတစ်လုံး၊ ထမင်းစားခန်းမှာတစ်လုံး၊ ရေချိုး ခန်း မှာ တစ်လုံး၊ အိမ်သာထဲမှာ တစ်လုံး တပ်မယ်။ အဲ အိပ်ရာထဲများ ပက်လက်လှန်ရင်း ကြည့်လို့ ရအောင် မျက်နှာကျက်မှာလည်း တစ်လုံးတပ်မယ် "
စုစုပေါင်း အိမ်တစ်လုံးတွင် တစ်ခန်းတည်းသာရှိသော ကျွန်တော်က စိတ်ကူးယဉ်စွာ ပြောလိုက်သည်။ အနောက် နိုင်ငံမှ လူနေမှုများ တစ်ခါတစ်ရံ ဘယာကြော်ဝယ်သောအခါ ထုတ်ပေးလိုက်သည့် စက္ကူများ၌ တွေ့ရ ဖူး သည်မှာ လက်ဝှေ့ကျော် မိုဟာမက်အလီအိမ်တွင် တယ်လီဖုန်း ၂၁ လုံး၊ ရုပ်မြင်သံကြားစက် ၁၄ လုံး တပ်ထားသည်ဟု သိရ၍ အခမဲ့ စိတ်ကူးယဉ်ကြည့်မိခြင်းဖြစ်ပါသည်။ မူလကတည်းကပင် ကျွန်တော် သည် လစဉ် ၂ကျပ် အခွန်ဆောင် ၍ တစ်သိန်းဖိုး စိတ်ကူးယဉ်လေ့ရှိပါသည်။
" ခင်ဗျား ကလည်း စိတ်ကူးယဉ်လှချည်လား၊ ရုပ်မြင်သံကြားပဲ လာပါစေဦး၊ လာရင်လည်း ကျုပ်တို့တတွေ တော့ သူများ အိမ်သွားပြီး ကပ်ရပ်ကြည့်မှ ကြည့်ရမှာပါ "
အနီးတွင် လက်ဖက်ရည်ထိုင် သောက်နေသည့် တွေးခေါ်မြော်မြင်မှုကောင်းသူ ပုဂ္ဂိုလ်တစ်ဦးက ယင်းသို့ ပြော ကာ မှ ကျွန်တော့်စိတ်ကူးအိပ်မက်ပျက်သွားရသည်။
" ဟလိုလေး … ကိုရင့်နှယ် ဘာမဟုတ် ပူရန်ကော "
ယခုတစ်ဖန် ဘေးမှဝင်ပြောသူမှာ ရန်ကုန်ရောက် လှတောသားဖြစ်ဟန်တူပါ၏။ လှတောသားလေသံ မပျောက် သေးပါ။
" ဘယ့်နဲ့ မပူရမလဲဗျာ … ၊ ကျုပ်တို့လည်း မသေမီတော့ တီဗီကြည့်ချင်သပေါ့ "
သူလည်း ခေသူ မဟုတ်ပါတကား၊ ကဲ … လှတောသား ဘာပြော ဦးမည်နည်း။ ကျွန်တော် နားစွင့် နေမိပါ သည်။
"အလိုလေး၊ အဲသဟာကြောင့် ကိုယ်ရင့်ပြောမှုတ်လား။ မပူတန်ရာ မပူပါနဲ့လို့၊ ရုပ်မြင်သံကြားစက်ကလွဲလို့ စိန်ဂျွန်းဈေး မှာ ရနိုင်သားပဲ "
ကျွန်တော် တို့သည် စိန်ဂျွန်ဈေး၊ လေဟာပြင်ဈေးများတွင်းသို့ နှံ့နှံ့ စပ်စပ်ရောက်ခဲ့လျှင် သူပြောသည်မှာ အလွန် ယုတ္တိ ရှိပါသည်။ ခေတ်ဟောင်းက ရိးကုမ္ပဏီ၊ တီဂျူးမား၊ စိန်ဘရားသား ဆိုင်းဘုတ်များမရှိတော့ သော်လည်း ယင်းကုန်တိုက်ကြီးများ၏ ကုန်စည်ပမာဏထက် မသေးသော အထည်အလိပ်ကုန်စည်များ သည် ခေတ် နှင့် လျော်ညီစွာ တင်ပလ္လင်ခွေထိုင်ဆိုင်ခန်းများပေါ်ဝယ်ရှိ၏။ လမ်းဘေးတေမှာ ဖျာတစ်ချပ် ပေါ် ပုံရောင်း၍ အထင်မသေးသင့်ပါ။ အဲရိုးရှပ် ဗင်သော်ဆင်စသည့် ထိပ်သီးနာမည်ကြီးတိုက်ကြီးများမှ တံဆိပ် အမှတ်အသား တို့ က အထက်တန်းစားဖြစ်ကြောင်း ပြလျက်ရှိသည်။
လျှပ်စစ်ဓာတ်အား
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်တွင် ကျွန်တော် တောမှီအောင်းရာ၊ နားအေးပါးအေး စာရေး ရန် နေရာ ခြံလေးဂေဟာလေးတစ်ခုရှိပါသည်။
ယင်းခြံဂေဟာ ၌ လျှပ်စစ်မီးသွယ်တန်းထားရှိ၏။ ရေစုပ်စက် မော်တာရှိ၏။ လျှပ်စစ်မီးပူရှိ၏။ ရေခဲသေတ္တာ အစုတ် အသေးလေး တစ်လုံး ရှိ၏။ ယင်းသို့ရှိရာ၌ လျှပ်စစ်အားမဖြည့်ခြင်းကြောင့် အ၀တ် မီးပူမတိုက်နိုင်၊ ရေစုပ်စက် မတင်နိုင်၊ ရေခဲသေတ္တာကပိတ်၊ ညတွင် မီးချောင်းများ မှိတ်သွား၏။ မီးတာသေတ္တာပေါ်တွင် ဖယောင်းတိုင် ထွန်း၍ ညစာစားရသည်။
" လိုအပ်ချက်သည် တီထွင်ခြင်း၏ မိခင်ဖြစ်သည်" ဟူသော သိုးဆောင်းလူမျိုးတို့၏ စကားပုံတစ်ရပ်ကို အများ နားလည်အောင် အင်္ဂလိပ်လိုပြန် မပြောတတ်သည့်အတွက် နုတ်ဘွတ်ခ် ခေါ် မှတ်စုစာအုပ်ထဲ ကူး ထား သလိုပင် ရေးထည့်ပေးလိုက်ပါသည်။ အင်းစိန်ကလူများ တီထွင်ကြံဆတတ်ပါသည်။ ပြဿနာမှာ လျှပ် စစ်ဓာတ်အား က ညကျမပြည့်။ လိုအပ်ချက်မျာ ညဥ့်အခါတွင် မီးချောင်းလင်းရန်။ တီထွင်ချက်မှာ နှစ်ပေမီး ချောင်းတွင် လေးပေမီးချောင်း " ချုတ်" ကို တပ်ဆင်လေ၊ ဖျောက်ခနဲ ခလုတ်နှိပ်လိုက်လျှင် ၀င်းခနဲ မီးလင်း လာလိမ့်မည်။ သို့သော် မီးချောင်းကတော့ ကြာကြာမခံပါ။ မြန်မြန်ကျွမ်းသည်။
ဤပြဿနာမျိုးတွေကို ကျွန်တော် တို့ လည်း စာရေးတင်ပြရသည်မျာ များလှပြီ တော်ပါပြီ။ အဲ လျှပ်စစ် မီတာ ဘီလ်စာရင်း ကတော့ လာပါသည်။ ကျွန်တော့် မီတာဘူးမှ တစ်စုံတစ်ဦးက ဖြတ်ကူး ခိုးယူ ထား ခြင်းကြောင့် တိုင်ကြားသည်ကိုပင်ကြည့်ပါ။
သောင်းပြောင်းထွေလာရယ်စရာ၊ ဧပြီ၊ ၁၉၈၀
.
No comments:
Post a Comment