Tuesday, November 8, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၃)

ကိုလိုနီခေတ်ကြီး အားကောင်းစဉ် တောက်လျှောက်မှုန်ဆန်ခဲ့ဒါက ထန်ပြင်းရိုင်းစိုင်းနေလေသလား ဒါပေမယ့်ဒီလူငယ်ပဲ "လွပ်လပ်ရေး" သူတွေ့ခွင့်ကြုံရလဲ အိပ်မက်၊ အိပ်မက်၊ အိပ်မက်၊ အိပ်မက် ကြေကွဲ ဖုံးဝှက် နှစ်သိမ့်ရဲတယ် လွတ်လပ်ရေး ရွှေသားမီးလျှံ သူ့အတွက် မဟုတ်တဲ့ဒီ အလင်းတန်း ဆီး တန်းတန်းစွဲပြီး ကြယ်တံခွန်နောက်က အမြီးတန်းလို ဘ၀ကိုချိတ်တွယ်သွားခဲ့ ဒီအတွက်ဖြင့်၊ အသင့်ပဲ တစ်ဘ၀ လုံးလုံး အပြီးပုံးပေးရဲ့လိုသလို သုံးပေတော့ နေ့ရယ် ညရယ်မရှိ၊ အချိန်မရွေး ထမင်းမေ့ ဟင်းမေ့ အအိပ်မေ့ စက္ကန့်တိုင်း အရေးကြီးပြီး တိုတောင်းတဲ့ ဒီဘ၀ကို ကြိုသိခဲ့လေရော့ သလား Left, Right နှစ်ဖက်လုံးကို ဖြည့်ထားသွားခဲ့တယ် အသင့်ထာဝရ လုပ်ရမယ့် အလုပ်တွေ ကိုသူဘယ်တော့မှ အကြွေး မထားခဲ့ပေ။

ဟိုင်လီသင်္ဘောကြီးနှင့် ထွက်ခွာလာမည့်နှစ်မှာပဲ မြန်မာ့နိုင်ငံရေးအင်အား ပေါင်းစုအသီးသီးပေါင်း စည်းပြီး သမိုင်းဝင် "ဗမာ့ထွက်ရပ်ဂိုဏ်ကြီး" စတင်ထူထောင်တော့ အဖွဲ့အစည်း မူဝါဒ လမ်းစဉ် တစ်ခုကို ရေးဆွဲခဲ့ ကြရသည်။ သခင်တင်မောင် (ကျုံမငေး)က အဲဒီတုန်းက သူ့ကိုယ်တွေ့ကို မှတ်တမ်းတင်ထားခဲ့သည်။

"တစ်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အာဏာပိုင် အမူဆောင် အစည်းအဝေးကို တက်ရောက်ရန် ကျောင်းသားမဂ္ဂမှ သခင်ဗဟိန်း၊ တို့ဗမာအစည်းအရုံးမှ သခင်အောင်ဆန်း သခင်လှဖေ (ဗိုလ်လက်ျာ) နှင့် ကျွန်တော်တို့ ဒေါက်တာဘမော်အိမ်သို့ သွားကြပါသည်။ အစည်းအဝေးတွင် ဗမာ့ထွက်ရပ်ဂိုဏ်း ၀ါဒစည်းမျဉ်း နှင့် လုပ်ငန်းစဉ်များ၊ ရေးဆွဲရန် အဖွဲ့ငယ်တစ်ခု ဖွဲ့ရာတွင် ဒေါက်တာဘမော်က ချယ်ယာမင်၊ သခင်အောင်ဆန်း က အတွင်းရေးမှုးအဖြစ် အရွေးခံရပါသည်။

အမှုဆောင်များက ၎င်းအဖွဲ့၏ စည်းမျဉ်း၊ ၀ါဒနှင့် လုပ်ငန်းစဉ်အကြမ်းမှုကို မည်သည့်နေ့တွင် တင်ပြနိုင် မည်နည်းဟု မေးရာ ဒေါက်တာဘမော်က တနင်္ဂနွေ ၂ပတ်အတွင်း တင်ပြမည်ဟု ဖြေသည်ကို သခင်အောင်ဆန်း က ဒီလောက်အလုပ်ကလေးကို ဒီလောက်အချိန်ယူလုပ်နေလျှင် ဗမာ့ လွတ်လပ်ရေးကြီး သာဆိုလျှင် ၁၀နှစ်နှင့် ပြီးနိုင်ပါ့မလားဟု ပြောကာ" "ကဲ၊ ခင်ဗျားတို့ လက်ဖက်ရည် သောက်နေတုန်း ကျုပ်ပြီးအောင်ရေးပြီး ၂နာရီအတွင်တင်ပြမည်"ဟု ပြောကာ အခန်း ထေင့်တစ်ခုသို့ ထ သွားပြီး ရေးလေတော့၏။

အားလုံးသော လူကြီးများမှ အံ့အားသင့်ပြီး ရေးလေတော့၏။ အားလုံးသော လူကြီးများမှ အံ့အားသင့်ပြီး စောင့်နေကြရပါသည်။ ၂နာရီခန့် အကြာတွင် အင်္ဂလိပ်လိုရေးထားသော သူ၏အကြမ်းမူကို တင်ပြ ပါတော့သည်။ စကားလုံးအနည်း ငယ်ကိုပြင်သည်မှတစ်ပါး အားလုံးသောအချက်များကို လက်ခံ လိုက်ကြရပါသည်။ ဤတွင်မှ လူကြီး ပိုင်းနိုင်ငံရေးသမားများသည် သခင်အောင်ဆန်း၏ ထက်မြက်ပုံ၊ အဘက်ဘက် က အရည်အချင်း ပြည့်စုံပုံများကို တီးတိုးချီးမွမ်းကြပါတော့သည်" ဟုတ်သည်။ တကယ်တော့ သူကချစ်လှစွာသော သည်နိုင်ငံအတွက်ဆို အိပ်မက်ထဲတွင်ပင် ယောင်ယမ်းငိုခဲ့ရတာပါ။
ဟိုင်လီသင်္ဘောကြီးသည် ပင်လယ်ဝါပင် မုန်တိုင်းမိလျက်ရှိသည်။ လှိုင်းလုံးကြီးများသည် သင်္ဘော ကြီးကို ဆွဲယူ မြှုပ်ပစ်မတက်။ သင်္ဘောကြီးသည် လူးလှိမ့်ကာ ဦးကြီး ပြန်မော့လာလိုက်။ ရေတွေက ကုန်းပတ် ပေါ် ကနေ ပြေးဆင်းသွားကြပြန်သည်။ အပြီးမသတ်။ နောက်ထပ်လှိုင်းလုံးကြီးများသည် ဒေါသတကြီး ရိုက်ပုတ် ရန် ပြေးလာကြပြန်လေသည်။

မူးမေ့အော့အန်ကြ။ စားပွဲကုလားထိုင် ပစ္စည်းပစ္စယတွေ အလဲလဲအပြိုပြို ဖရိုဖရဲ၊ ပင်လယ်ကြီးရဲ့ ဟူးဟူး ထန်ထန်အော် ညည်းသံ။
သခင်အောင်ဆန်း က အုန်းသီးတွေထားသော အခန်းထဲမှာ အော့အန်သည်။ အုန်းသီးတွေက ဗရမ်းဗကာ ဟိုလိမ့် သည်လိမ့်။
ဟိုင်လီသင်္ဘောကြီး၏ ကမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှ ဥသြသံကြီးက သားပျောက်တဲ့အမေ တစာစာ ဟစ်ကြွေး အော်မြည် သံကြီးလို ဖြစ်နေသည်။ သူ့မီးခိုးများသည်ကား ဖားလျားဆံနွယ်မျှင် များ လေတွင် လွန့်လူး နေဟန် ဆင်လှသည်။

အမေ....ဟုတ်သလား။
တိုင်းပြည်နှင့် လူမျိုးကောင်းစားရေးအတွက် မိခင်၏သံယောဇဉ်ကို ကြိုးစားဖြတ်ခဲ့ရရှာသော သခင်အောင်ဆန်း...သူထွေထွေရာရာ ထုတ်မပြောဘဲ ရင်ထဲမှာသာ သိမ်းဝှက်သွားခဲ့လေသည်။
အဲဒီအကြောင်း ကို အောက်ပါအတိုင်း သခင်လှဖေက ကြေကွဲဖွယ် ရေးသားဖော်ပြခဲ့ဖူးလေသည်။

"သခင်အောင်ဆန်းသည် သခင်ဖြစ်လာပြီးသည့်နောက်ပိုင်းတွင် မိခင်ထံသို့ မပြန်သလောက်ပင် ရှိခဲ့သည်။ တစ်ခါသော် သူ့မိခင်ကြီးသည် သူနှင့်တွေ့ရန် ရန်ကုန်သို့ ဆင်းလာ၏။ ရန်ကုန်တွင် ကြည့်မြင်တိုင် ရှိ ဆွေမျိုများထံ၌ တည်းခိုသည်။ အောင်ဆန်းသည် သူ့မိခင်နှင့်တွေ့ဆုံရန် အသွား တွင် ကျွန်တော့် ကိုလည်း အဖော်ခေါ်သွားလေသည်။ မိခင်ကြီးသည် အလွန်စိတ်ပူပန်စွာနှင့်  သူ့အား ကြင်နာ ယုယစွာ ကြည့်ရန်းမေးခွန်းပေါင်းများစွာကို တတွက်တွက် မေးနေတော့သည်။

သို့သော် အောင်ဆန်းသည် ခေါင်းအောက်ငုံ့ကာ မတုန်မလှုပ်ထိုင်နေပြီး တစ်ခါ တစ်ခါမှ သူ့မိခင် ကြီးအား ခိုးကြောင်ခိုးဝှက် မော်ကြည့်ဖော်ရလေသည်။ သူ၏ အေးတိအေးစက် နိုင်လှသော အမူအရာ ကြောင့် ကျွန်တော်ပင်လျှင် ကြားက စိတ်တိုလာမိသည်။ သူ၏အဖြေများသည် တိုတောင်း၍ အေးစက်စက် နိုင်လှသည်။ ၁၅မိနစ်၊ မိန် ၂၀ခန့်သာ ရှိသေးသည်တွင် ထ၍ ပြန်ရန် သူဟန်ပြင်တော့သည်။ ပြန်ထွက် လာတော့သည်။ မိခင်ကြီးအား နှုတ်ပင်မဆက်ခဲ့ချေ။

သို့သော် သူသည်တစ်လမ်းလုံး စကားမပြောဘဲ ငြိမ်ချက်သားကောင်းလှသည်။ အပြင်တွင် ဖော်မပြဘဲ စိတ် တွင်သာ ကြိတ်၍ ချစ်ခင်နေရသော မိခင်ကြီးအကြေင်းပိုပင် သူစဉ်းစားနေဟန် တူပေသည်။ သူ့မိခင်ကြီး ပြန်သောနေ့တွင်လည်း ကျွန်တော်တို့နှစ်ယောက် ဘူတာရုံသို့ လိုက်ပို့ကြသည်။ ဘူတာရုံ တွင် အောင်ဆန်းသည် ခေါင်းငုံ့ကာ ငြိမ်ချက်သားကောင်းလှသည်။ အပြင်တွင် ဖော်မပြ ဘဲစိတ်တွင်သာ ကြိတ်၍ ချစ်ခင်နေရသော မိခင်ကြီးအကြောင်းကိုပင် သူစဉ်းစားနေဟန် တူပေ သည်။

သူ့မိခင်ကြီး ပြန်သောနေ့တွင်လည်း ကျွန်တော်တို့နှစ်ယောက် ဘူတာရုံသို့ လိုက်ပို့ကြ သည်။ ဘူတာရုံ တွင် အောင်ဆန်းသည် ခေါင်းငုံ့ကာငြိမ်ချက်သားကောင်းနေပြန်သည်။ မီးရထား စထွက်လျှက်ထွက်ခြင်း သူသည် ရုတ်တရက် ထိုင်ချလိုက်ကာ ရထားပြတင်းပေါက်မှ ခေါင်းပြူကာသားအားစိုက်ကြည့်နေရှာသော မိခင်ကြီး ကို ဒူးထောက်၍ ကန်တော့ တော့သည်။ ကျွန်တော်တို့ ဘူတာမှ လမ်းလျှောက်၍ ပြန်လာစဉ် သူက "ကျွန်တော်ဟာ သားအငယ်ဆုံးပဲ။ ဒါပေမဲ့ ကျွန်တော် ဟာတော်တော်လေးပဲ ခပ်ခွာခွာနေခဲ့မိတယ်။ စာလည်း အလွန်ရေးခဲတယ်။ ကျွန်တော်နိုင်ငံရေး လုပ်တာကိုတော့ ကျွန်တော့်အမေဟာ အပြစ် မတင်ပါဘူး။ ဒါပေမဲ့ ခုလိုခပ်ခွာခွာနေတာကိုတော့ သူမကြိုက်တာ အမှန်ပါပဲ။ ကျွန်တော် သနား တယ်ဗျ"ဟု သူ့စိတ်တွင် ခံစားရချက်များကို ဖွင့်ပြော လိုက်တော့သည်။
(သခင်လှဖေ၏ အမှတ်ရ ရေးသားချက်များ)

သခင်အောင်ဆန်း၏ ဖခင်သည်သူ ရေနံချောင်းမြို့ အမျိုးသားကျောင်း ၈တန်းတွင် ပညာသင်ကြား နေစဉ် ကတည်းက ဆုံးခဲ့ပြီးဖြစ်သည်။ ထိုအချိန်မှစ၍ သူ့တွင် ခင်တွယ်စရာ၊ အားထားစရာ၊ ညှာတာ စရာ ဆို၍ မိခင်ကြီး တစ်ဦးသာ ကျန်ရှိပေတော့သည်။
ယခုကား အမေနှင့် အဝေးကြီးဝေးခဲ့လေပြီ။ တမာပင်ရိပ်ကလေးတွေ၊ မန်ကျည်းရိပ်ကလေးတွေ နှင့်လည်း ဝေးခဲ့ပြီ။ ကံ့ကော်ပင်၊ အင်းလျား၊ ပဲခူးဆောင်၊ တကယ်တော့ အမေလိုပင် သူ့အနွံအတာ ကိုခံယူခဲ့သော၊ သူ၏ ရာဇ၀င်မြောက် ဒုတိယမိခင်သဖွယ် သူ့ကို လှပဆင်းသစ်စေခဲ့သော ချစ်သော ယူနီဗာစီတီ ပရ၀ုဏ် နှင့် လည်း ဝေးခဲ့ရပေပြီ။
မုန်တိုင်း ကို လွန်ခဲ့ပြီးနောက် ဟိုင်လီသင်္ဘောကြီးသည် အရှေ့သို့ ဆက်လက်ခုတ်မောင်းခဲ့ လေသည်။

ပင်လယ်ကြီးသည် ဟို့စောစောက သူမဟုတ်ခဲ့သလို ယခုတော့ငြိမ်သက်ပြန့်ပြူးနေပြန်ပါပကော။
သခင်လှမြိုင် (နောင်အခါ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် ဖြစ်လာမည့်သူ)သည် ခါတိုင်းလိုပင် သူ့အတွေး နှင့် သူရှိနေသော သခင်အောင်ဆန်းအပါးတွင် ထိုင်ရင်းတစ်စုံတစ်ခုမေး မြန်းလိုက်လေ သည်။
"အစ်ကိုကြီး ကျွန်တော်တို့ ဘယ်ကိုသွားလိုက် ဘယ်ရောက်ကြမှာလဲ"
သခင်အောင်ဆန်းက "အသာနေစမ်းပါဗျာ၊ မမေးစမ်းပါနဲ့ဦး" သူတို့ အမွိုင်မြို့သို့ရောက်သည်မှာ ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၂၄ရက်နေ့ဖြစ်သည်။
သူတို့နှစ်ယောက်သည် အိတ်ကိုယ်စီဆွဲပြီး ဆိပ်ကမ်းသို့ ဆင်းသက်ခဲ့ကြပြီးနောက် ကမ်းပေါ်ဝယ် မည်ကဲ့ သို့သော ကံကြမ္မာမျိုးတိုးကြရမည် မသိကြရသေးသော်လည်း သူတို့ လျှို့ဝှက်စီးနင်း လာခဲ့ ကြရသည့် ဟိုင်လီသင်္ဘောကြီးဆီကိုတော့ တစ်ချက်မျှ ပြန်လည်ကြည့်မိလိုက်ကြရပါသေး သည်။

ဟိုင်လီသည် အဝေးမှ အတောင်ညောင်းအောင် ပျံခဲ့ရသည့် ကြိုးကြာငှက်ကြီးတစ်ကောင်းကဲ့သို့ အမွိုင်မြို့ ဆိပ်ကမ်း တွင် အမောဖြေလျက်ရှိလေသည်။

နောက်ဆက်တွဲစာမျက်နှာ

ဤနေရာ၌ အလျဉ်းသင့်၍ အခြားသော အကြောင်းအချက်တစ်ခုအဖြစ် ဖော်ပြလိုသည်မှာ ဟိုင်လီ သည် ၂၀ရာစု၏ အလယ်ပိုင်းနှစ်ကာလများက မြန်မာ့သမိုင်း၏ ကံကြမ္မာများထဲတွင် ဇာတ်ဆောင် တစ်ဦးသဖွယ် ပါဝင်ခဲ့သော သင်္ဘောကြီးဖြစ်ပါသည်။ သူက Image ဆန်ပါသည်။ ရဲဘော်သုံးကျိပ် စစ်ပညာသင်ယူရန် B I A (Burma Independence Army) ဖွဲ့စည်း ထူးထောင်မိသည် အထိအသုတ်လိုက်ခွဲ၍ ထွက်ခွာကြရာ၌ ဤဟိုင်လီသင်္ဘောကြီးနှင့်အတူ ရှန်တန်မရှုး၊ ကိုင်ရှိုမာရူး၊ ကိုဆိုင်းမာရူး၊ ကိုရီရိုမာရူးဆိုသော အခြားသင်္ဘော ၄ စင်း ပါဝင်ခဲ့ပါသေးသည်။ သို့သော် ဟိုင်လီ ကသာထူးခြားစွာ ပိုမိုကျော်ကြားသည်။ သူ့ကိုသမိုင်းက ပိုပြီးသိပါသည်။ နိုင်ငံက ပိုပြီးသိပါသည်။ ပြည်သူ့တို့ကပိုပြီးမှတ်မိခဲ့ကြပါသည်။ ဟိုင်လီသည် ရာဇ၀င်၏မြူတစ်ပွင့်ဖြစ်ပါသည်။ ပြီးတော့ ဒါကဖြင့် အနုပညာမှော်ဝင်နေသော နှစ်များဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး မှော်ုရုံကြောမှာ လွင့်မျော သွားသော သမိုင်းနှင့်အနုပညာ၏ ပုံရိပ်သွင်တစ်ခုကဲ့သို့သော ဟိုင်လီက သူ့ကိုမှတ်မိစေအောင် သမိုင်းထဲမှာ ရှာဖွေတွေ့ရှိသွားတဲ့ အနုပညာရသကို သူ့ကိုယ်ပေါ် မမေ့မလျော့ရစ်ပတ်လွှမ်းခြုံ သွားလေသလားဟု ကျွန်တော် တွေးတော မိခဲ့ပါသေးသည်။

စာညွှန်း

သခင်နု - ငါးနှစ်ရာသီ ဗမာပြည်
ဒဂုန်တာရာ - ရုပ်ပုံလွှာ
ဒဂုန်တာရာ - ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ
ဗိုလ်မှူးဘသောင်း - ဗမာ့တော်လှန်ရေးသမိုင်း
တက္ကသိုလ်စိတ်တင် - ရဲဘော်သုံးကျိပ်မော်ကွန်း
မြဟန် - ဗိုလ်ချုပ်အောင်ဆန်းစာပေလက်ရာ
သုတေသီမြင့်ထွန်း- အမွိုင်သို့လျှို့ဝှက်ခရီး
.
ဆက်ရန်
.

No comments: