(၂၆)
"နက်ဖြန်မနက် နေထွက်ချိန် အထိ ငါဒီနေရာကနေ စောင့်နေမယ်၊ အဲဒီအချိန်အထိ မင်းပြန်မလာယင် မင်း အတွက် လုံခြုံ စိတ်ချရပြီလို့ ငါမှတ်ယူလိုက်မယ်"
ဆ၀ပ်ဟင်းဒရစ် က လူဖြူကောင်လေးအား ပြောလိုက်သည်။
"ခင်ဗျား ကို ကျွန်တော် နောက်ထပ် တွေ့ရဦးမှာလား ဟင်းဒရစ်"
မင်းဖရက် က လိုလိုလားလား မေးလိုက်သည်။ ဟင်းဒရစ်အဖို့ ကတိပေးရန် တုံ့ဆိုင်းနေသည်။
"အခုအချိန်ကစပြီး ငါတို့ ခြေလှမ်းတွေဟာ တစ်ယောက်တစ်လမ်းဆီ လမ်းခွဲလှမ်းကြရလိမ့်မယ်လို့ ငါ ထင်တယ်၊ ဒါပေမယ့် ငါမင်းကိုတော့ မကြာခဏ သတိရနေမှာပါ၊ တစ်နေ့တစ်ချိန်မှာ ငါတို့နှစ်ယောက် တခြားစီ ခွဲပြီး လျှောက်မယ့်လမ်းဟာ တစ်နေရာရာမှာ ပြန်မဆုံဘူးလို့ ဘယ်သူပြောနိုင် မှာလဲ"
ဟင်းဒရစ် သည် မင်းဖရက်၏ ပခုံးကို ကိုင်လိုက်ပြီး ညှစ်လိုက်သည်။ သူ့ပခုံးမှ ကြွက်သားများ တင်းမာ နေသည် ကို သတိပြုမိသည်။ လူကြီးတစ်ယောက်အဖြစ် လူလားမြောက် သန်မာနေပုံကို သတိပြုမိ သည်။
"ကောင်းသော သွားခြင်းဖြင့် သွားပါလေ၊ မင်းအဖေလိုပဲ ထက်မြင်သူတစ်ယောက် ဖြစ်ပါစေ"
သူက မင်းဖရက် ကို မသိမသာ တွန်းလိုက်သည်။ လူဖြူကောင်ကလေးက မသွားသေးဘဲ ခပ်တိုးတိုး ပြန် ပြောသည်။
"ဟင်းဒရစ် ကျွန်တော် ခင်ဗျားကို ပြောချင်တာတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ စကား လုံး ရှာမရဘူး ဖြစ်နေတယ်"
"သွားသာသွားပါကွာ၊ တို့နှစ်ယောက်စလုံး နားလည်ပါတယ်၊ ထုတ်ပြောနေစရာ မလိုပါဘး၊ သွားပေ တော့ မင်းဖရက်"
မင်းဖရက်သည် သူ၏အထုပ်နှင့် စောင်အလိပ်ကို ကောက်ယူပြီး ဖုန်ထူသော လမ်းဆီသို့ လျှောက်သွား သည်။ သူလျှောက်သွားသော လမ်းမှာ ရွာသို့ ဦးတည်နေသည်။ ရွာထဲမှ ဘုရားရှိခိုးကျောင်း အချွန်ကြီး ကို လှမ်း မြင်ရသည်။ မိမိ ဘ၀သစ်အတွက် အမှတ်လက္ခဏာတစ်ခုဟု သဘောပေါက်မိသည်။
လမ်းအကွေ့ရောက်သောအခါ သူနောက်ပြန် လှည့်ကြည့်လိုက်သည်။ ဆ၀ပ်ဟင်းဒရစ်၏ အရိပ် အယောင် မမြင်ရ။ ရှေ့ဘက်သို့ ပြန်လှည့်ပြီး ဘုရားရှိခိုးကျောင်းဆီသို့ ဦးတည် လျှောက်သွားသည်။
မင်းဖရက် သည် လမ်းမကြီးပေါ်မှနေ၍ ဘုရားရှိခိုးကျောင်းဝင်းထဲသို့ ချိုးဝင်လိုက်သည်။ ဘုရားရှိခိုး ကျောင်းဘေး မှ ပတ်ပြီး ဆက်သွားရာ တဲလေးတစ်လုံးကို တွေ့ရ၍ အနီးသို့ သွားပြီး အထဲသို့ ချောင်းကြည့် လိုက်သည်။ အထဲတွင် မှောင်နေသည်။ သို့သော် မျက်စိကျင့်သာရသောအခါ အတွင်းကို လှမ်း မြင်ရသည်။ ထိုအခန်းမှာ လက်သမား ပစ္စည်းကိရိယာများထားသော အခန်း ဖြစ်သည်။ ထိုအခန်း အလယ်ကောင် မှာ မြေမာပေါ်တွင် ဘုန်းတော်ကြီး သရွန့်ဘိုင်အာမင်က ဒူးထောက်ပြီး ဘုရားရှိခိုး ဆုတောင်း နေသည်။
သူသည် ရှပ်အင်္ကျီအဖြူ လည်စည်းအဖြူ ကုတ်အင်္ကျီနှင့် ဘောင်းဘီအမည်း ၀တ်စုံ တို့ကို ၀တ်ထား သည်။ သူသည် တတွတ်တွတ် ရေရွတ်ဆုတောင်းနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး မျက်လုံးဖွင့်လိုက် သည်။ ထို့နောက် မင်းဖရက်ကို သူ လှည့်ကြည့်လိုက်သည်။
မင်းဖရက် သည် အရောင်အဆင်းပြယ်၍ ပုံပျက်ပန်းပျက် ဖြစ်နေသော ဦးထုပ်ကို ခေါင်းပေါ်မှ ဖျတ်ခနဲ ဆွဲယူပြီး လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရင်ဘတ်ရှေ့တွင် ကပ်ထားလိုက်သည်။
"ကျွန်တော် ပြန်ရောက်လာပါပြီ ဆရာကြီး၊ မင်းပြန်လာရလိမ့်မယ်လို့ ဆရာကြီး ပြောခဲ့တဲ့အတိုင်း ပြန်ရောက် လာတာပဲ"
"ဘုန်းတော်ကြီးသရွန့် က သူ့ကို စိုက်ကြည့်နေသည်။ ပခုံးကျယ်ကျယ် အရပ်မြင့်မြင့်နှင့် ကြံ့ခိုင်သန်မာ သော ကောင်လေးတစ်ယောက် ကို သူမြင်ရသည်။ ခေါင်းပေါ်မှ ရွှေဝါရောင် လှိုင်းတွန့်ဆံပင်များတွင် ဖုန်များ ပေကျံနေသည်။ မျက်ခုံးက မီးသွေးလို မည်းနက်နေသည်။ မျက်လုံးက အရောင်တောက်နေ သည်။ ဘုန်းတော်ကြီးက သူ့ကို မှတ်မိသွားသည်။
"အထဲကို ၀င်ခဲ့"
မင်းဖရက် သည် သူ့အထုပ်အပိုးများကို အောက်ချပြီး ဘုန်းတော်ကြီးဆီသို့ ရိုကျိုးစွာ သွားသည်။ ဘုန်းတော်ကြီး က သူ့ပခုံးနှစ်ဖက်မှ ကိုင်ပြီး ဒူးထောက်ထိုင်ခိုင်းလိုက်သည်။
"ဒူးထောက်ထိုင် ကလေး၊ ဒူးထောက်ထိုင်၊ ဘုရားသခင်ရဲ့ ကျေးဇူးကို သတိရအောက်မေ့ ဆုတောင်း ကွာ"
မင်းဖရက်က မျက်လုံးအစုံကို ပိတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့ ယှက်ထားလိုက်သည်။ ဘုန်းတော်ကြီး တတွတ်တွတ် ရေရွတ် ဆုတောင်းနေရာ မင်းဖရက်က အာရုံပြုနေသည်။ ဘုန်းတော်ကြီး ဆုတောင်း ပြီးသွားသောအခါ မင်းဖရက်က "အာမင်" ဟု ရေရွတ်လိုက်သည်။
ထို့နောက် ဘုန်းတော်ကြီးသည် မင်းဖရက်ကို ခေါ်ပြီး တဲထဲမှ ထွက်ကာ သူ့အိမ်မီးဖိုခန်းထဲသို့ သွားသည်။
"အမျိုးသမီး၊ မင်းဘယ်ရောက်နေလဲ မိန်းမရေ"
ဘုန်းတော်ကြီးက အော်ခေါ်လိုက်ရာ သူ့ဇနီး ထရူဒီဘိုင်အာမင်သည် မီးဖိုခန်းဝသို့ ရောက်လာသည်။ စုတ်ပြတ် ပေရေနေသော အ၀တ်အစားနှင့် ကောင်ကလေးကို တွေ့သောအခါ ခြေလှမ်းရပ်သွားပြီး စိုက်ကြည့် နေသည်။
"အံမယ်လေးတော် ... ကျွန်မ မီးဖိုခန်းကို လှပနေအောင် သန့်ရှင်းထားတာ၊ အခင်းတွေကို ဖယောင်းနဲ့ တိုက် ထားတာမှ မကြာသေးဘူး" အမျိုးသမီးက စိတ်ပျက်သံနှင့် ညည်းတွားလိုက်သည်။
"ဘုရားသခင် က ဒီကောင်လေးကို တို့ဆီ လွှတ်လိုက်တယ်" သူ့ကို ငါတို့ အိမ်ထဲခေါ်သွားရမယ်၊ ငါတို့ ထမင်းစားပွဲ မှာပဲ သူစားလိမ့်မယ်၊ သူဟာ ငါတို့မိသားစုဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်" ဘုန်းတော်ကြီး က ပြောလိုက်သည်။
"ဒါပေမယ့် သူက ကပ္ပလီတစ်ယောက်လို ညစ်ပတ်ပြီး ပေရေနေတာ"
ဇနီးသည် က ပြန်ပြောသည်။
"ဒါဖြင့်လဲ ရေမိုးချိုးပြီး သန့်ရှင်းပေးလိုက်ပေါ့ကွာ"
ထိုအချိန်တွင် ကောင်မလေးတစ်ယောက်သည် ထရူဒီ၏ နောက်မှ ယို့ယို့ကလေး ပေါ်လာသည်။ သူမသည် မင်းဖရက် ကို မြင်လိုက်သောအခါ ကြောက်ရွံ့နေသော သမင်ငယ်လေးသဖွယ် ဖြစ်သွား သည်။ မင်းဖရက် သည် ဆာရာအား မမှတ်မိသလို ဖြစ်နေသည်။ ဆာရာသည် ယခင်ကလို အရိုးပေါ် အရေတင် ပိန်ကပ်ကပ် လေး မဟုတ်တော့ဘဲ အသားအရေများ ပြည့်ဖြိုးစိုပြည်နေသည်။ ဟိုစဉ်က ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ ပါးနှစ်ဖက် သည် ယခုတော့ ပန်းနုရောင်ပန်းသီးလေးနှင့် တူနေသည်။ မျက်လုံးအစုံက အရည်လဲ့ တောက်ပ နေသည်။ လှိုင်းထနေသော ဆံပင်ကို သေသေသပ်သပ် ဖြီးထား ရာ အရောင်လက်နေသည်။ ဆာရာ သည် ခြေကျင်းဝတ်အတိ ရှည်လျားသော ပုံခပ်ရိုးရိုးစကတ်ကြီးကို ၀တ်ထားသည်။
ဆာရာသည် ၀မ်းသာအားရ အော်လိုက်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ မင်းဖရက်ဆီသို့ ပြေးသည်။ သို့ရာတွင် ထရူဘီက နောက်မှ လှမ်းဆွဲလိုက်ပြီး ဆူလိုက်သည်။
"နင် တော်တော် အပျင်းထူမိုက်မဲ့တဲ့ ကောင်မလေး၊ ဂဏန်းသင်္ချာတွေ ပြီးအောင် လုပ်ဖို့ထားခဲ့တာ မလုပ် ဘူးလား၊ ခုချက်ချင်းပြန် သွားလုပ်"
အဒေါ် ထရူဘီ က ဆာရာအား အခန်းထဲမှ ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်သည်။ ထို့နောက် မင်းဖရက် က လှည့်ကာ လက်ပိုက်ပြီး ခပ်တည်တည်ပင် ပြောလိုက်သည်။
"မင်းကြည့်ရတာ ရွံ့ဖို့တောင် ကောင်းတယ်၊ မင်းဆံပင်ကလဲ ရှည်လိုက်တာ မိန်းကလေး ကျနေတာပဲ၊ မင်း အ၀တ်အစား တွေကလဲ ညစ်ပတ်ပေရေလို့၊ ဒီအိပ်မှာနေတဲ့ ငါတို့က ခရစ်ယာန်မိသားစုတွေကွ၊ မင်းအဖေ လို ဘုရားမရှိ တရားမရှိတဲ့ လူတွေ မဟုတ်ဘူး၊ မင်း နားလည်ရဲ့လား"
"ကျွန်တော် ဆာလှပြီ အဒေါ်ထရူဘီ"
"သူများတွေ စားတဲ့အချိန် မှ မင်းစားရမှာပေါ့၊ ကဲ အဖေကြီး ... ဒီကောင်လေးကို ရေချိုးဖို့ ရေနွေးတယ် တာ သင်ပေးလိုက်စမ်းပါ"
မင်းဖရက် အား အဒေါ်ထရူဘီကိုယ်တိုင် ကြီးကြပ်ပြီး ကြေးချွတ်ကာ ရေချိုးပေးသည်။ ပြီးတော့ သူ့ဆံပင် ရှည်ကြီးကို နားရွက်နောက်နားမှနေ၍ ဖြတ်လိုက်သည်။ ထို့နောက် ထမင်းစားကြသည်။ အဒေါ်က မင်းဖရက် အား အစာကို တ၀ကြီး ကျွေးသည်။ ထမင်းစားပွဲဝိုင်းတွင် မိသားစုဝင် မဟုတ် သော လူစိမ်း နှစ်ယောက်ဖြစ်သည့် မင်းဖရက်နှင့် ဆာရာ တို့က အနိမ့်ဆုံး ကုလားထိုင်များ ထိုင်ရသည်။ သူ့ဦးလေးနှင့် အဒေါ် ၏ သမီးများက သူတို့ထက်မြင့်သော ကုလားထိုင်တွင် ထိုင်ကြသည်။
အိမ်ထဲတွင် မင်းဖရက်အတွက် အိပ်စရာနေရာ မရှိတော့ပေ။ ထို့ကြောင့် သူအား ခြံထောင့်ရှိ လက်သမား ပစ္စည်း ကိရိယာထားသော ရုံထဲမှ ထောင့်တစ်ထောင့်တွင် နေရာချထားပေးသည်။ စက္ကူ သေတ္တာ တစ်လုံးကို မင်းဖရက်၏ ပစ္စည်းအနည်းငယ် ထည့်ရန် ပေးလိုက်သည်။ သံခုတင်တစ်တုံးနှင့် မွေ့ရာ မာမာ တစ်ခု တဲထောင့်တွင် ရှိသည်။ အိပ်သောနေရာကို ကာသော အရောင်အဆင်းပျက်နေ သည့် အ၀တ် ကန့်လန့်ကာ တစ်ခု တန်းတွင် ချိတ်ဆွဲထားသည်။
"ဖယောင်းတိုင်ကို အလဟသဖြုန်းမပစ်နဲ့၊ တစ်လကို ဖယောင်းတိုင်တစ်တိုင်ပဲ မင်းရမယ်၊ တို့က ဒီမှာ ခြိုးခြံချွေတာ သုံးစွဲနေကြရတာ၊ မင်းအဖေ လို အသုံးအဖြုန်းကြီး၊ ဟိတ်ကြီး ဟန်ကြီးနဲ့ နေလို့ မရဘူး။ ပထမဆုံး အကြိမ် ကိုယ်ပိုင်အိပ်ရာနှင့်အခန်းနှင့် နေရဖူးခြင်း ဖြစ်သည်။
သူ့ပါးပေါ်သို့ သာသာကလေးလာ ထိလိုက်သည်ကို ခံစား သိရှိလိုက်သဖြင့် အိပ်နေရာမှ လန့်နိုးသွားပြီး အော်လိုက်သည်။ အမှောင်ထုထဲမှ အရိပ်သဏ္ဍာန်ပေါ်လာသဖြင့် သူကြောက်သွားသည်။ ဒဏ်ရာရပြီး ရောင်ကိုင်းနေသော သူ့အဖေ၏ လက်ကို အိပ်မက်ထဲ၌ ပြန်မြင်နေရသည်။ ထိုလက်က သူ့ကို လာစမ်းနေသည်။ ထို့ကြောင့် မင်းဖရက် စောင်အောက်မှနေ၍ အတင်းရုန်းကန်လိုက်သည်။
"မာနီ ... မာနီ ... ကျွန်မပါ"
ကြောက်လန့်တကြား အော်လိုက်မိသော သူ့အသံကဲ့သို့ပင် ဆာရာ့အသံကလည်း တုန်နေသည်။ ပြတင်းပေါက် မှ ၀င်လာသော လရောင်တွင် ဆာရာ့ပုံရိပ်ကို ရေးရေးမြင်ရသည်။ အဖြူရောင် ည၀တ် အင်္ကျီစ ပါးပါး ကို ၀တ်ထားသည်။ ပခုံးအထိ ကျနေသော ဆံပင်များက ငွေရောင်တိမ်လိပ်တို့နှင့် တူလှသည်။
"ဒီမှာ မင်းဘာလာလုပ်နေတာလဲ၊ မင်းဒီကို မလာရဘူး၊ မင်းပြန် မင်းဒီကိုလာတာ သူတို့သိသွားယင် သူတို့ ..."
ယခုလည်း ဆရာ့အသံက ငိုသံပါနေသည်။ မင်းဖရက် စိတ်မကောင်း ဖြစ်သွားသည်။ ဆာရာ့လက်ကို လှမ်း ဆွဲပြီး ခုတင်ပေါ် ထိုင်ခိုင်းလိုက်သည်။
"အခု ငါဒီမှာ ရောက်လာပြီပဲ၊ မင်းကို ငါစောင့်ရှောက်မှာပေါ့ ဆာရာ၊ သူတို့မင်းကို မပြောင်မနောက်စေ ရပါဘူး" မင်းဖရက်က လေသံလေးဖြင့် ချော့မော့လိုက်သည်။
ဆာရာ က မင်းဖရက်လည်ပင်းကို သူမ ခေါင်းနှင့်မှီပြီး တိုးတိုးလေး ရှိုက်သည်။
"ငိုတာ ငါမကြိုက်ဘူး ဆာရာ၊ နောက်မငိုနဲ့တော့၊ မင်းကလေး မဟုတ်တော့ဘူး၊ သတ္တိရှိမှပေါ့" မငိုမိ အောင် ခပ်ပြတ်ပြတ် ပြောသည်။
"၀မ်းသာ လို့ ငိုမိတာပါ မာနီရယ်"
"မငိုနဲ့တော့ကွာ၊ ၀မ်းသာယင်လဲ မငိုနဲ့၊ နားလည်လား"
ဆာရာက ခေါင်းညိတ်လိုက်ပြီး မငိုမိအောင် ကြိုးစားရတော့သည်။
ဆာရာက တောင်းပန်လိုက်သည်။ မင်းဖရက်က မတားဆီးနိုင်ခင်မှာပင် ဆာရာက စောင်ကိုမပြီး သူ့ဘေး၌ တိုးဝင်လှဲလိုက်သည်။
ဆာရာ က သူ့ကို ဖက်လိုက်သည်။ သူမ ည၀တ်အင်္ကျီက ပါးလွှာသည်။ သူမကိုယ်က အေးစက်ပြီး တုန် နေသည်။ မင်းဖရက်အဖို့ နှင့်မလွှတ်ရက်အောင် ဖြစ်သွားသည်။
"ငါးမိနစ်လောက်နေပြီးယင် မင်းသွားတော့နော်" မင်းဖရက်က တိုးတိုးလေး ပြောလိုက်သည်။
တစ်ခဏချင်းပင် သူမ၏ကိုယ်ခန္ဓာလေးထဲသို့ အပူငွေ့ ပြန့်ဝင်လာသည်။ သူ့မျက်နှာနှင့် လာထိနေ သော သူမ ဆံပင်လေး များက ပျော့ပျော့ပျောင်းပျောင်း ရှိလှသည်။ အနံ့ကလေးက သင့်ပျံ့နေသည်။ သူ့မျက်နှာ နှင့် လာထိနေသော သူမဆံပင်လေးများက ပျော့ပျော့ပျောင်းပျောင်း ရှိလှသည်။ အနံ့ ကလေးက သင်းပျံ့နေသည်။ မင်းဖရက်သည် ဖခင်တစ်ယောက်က သမီးငယ်အား ယုယသလို သူမ ဆံပင်လေးများကို ပွတ်သပ်ပေးသေည်။
"ကျွန်မတို့ ဘုရားရှိခိုး ဆုတောင်းကြတဲ့အတွက် ဘုရားသခင်က စောင်မတာလို့ ရှင်မထင်ဘူးလား၊ ကျွန်မ ဘုရား နာနာ ရှိခိုးလို့ ရှင်အခုလို ပြန်ရောက်လာတာပဲ၊ ဒါပေမယ့် အချိန်အကြာကြီးနဲ့ အများကြီး ကြာ ခဲ့တယ်"
ငါးမိနစ် ခန့် အကြာတွင် ဆာရာသည် အိပ်ရာပေါ်မှ ဆင်းပြီး အိမ်ကြီးဆီသို့ ပြန်သွားသည်။ မွေ့ရာပေါ် တွင် သူမ၏ ကိုယ်ငွေ့နွေးနွေးလေးကို သူမကိုယ်စား ချန်ထားရစ်ခဲ့သည်။ မင်းဖရက်နှလုံးသားထဲ၌မူ ပို၍ နွေး နေသလို ခံစားမိသည်။
ဦးရီးတော် ဘုန်းတော်ကြီး သရွန့်ဘိုငအာမင်က မင်းဖရက်အား အော်ဟစ်ပြီး အိပ်ရာမှ လာနှိုးလာသော အခါ အရုဏ်ဦး အလင်းရောင်နီပင် မပျို့သေးပေ။
"ဆယ်စက္ကန့် အချိန်ပေးမယ်၊ အိပ်ရာကထတော့၊ ပြီးတော့ ရေအေးအေးတစ်ပုံးယူခဲ့"
ခိုက်ခိုက်တုန်ပြီး ကြက်သီးမွေးညင်းထနေသော မင်းဖရက်အား ဦးလေးသရွန့်က မြင်းဇောင်းဘေးရှိ မြင်းစာခွက်သို့ ခေါ်သွားသည်။
"မင်းရဲ့ အပျင်းထူအိပ်ချင်နေတဲ့ စိတ်တွေကို အကောင်းဆုံး လျှော်ဖွပ်ဖို့ကတော့ ရေအေးအေးတစ်ပုံပဲ ဂျွန်၊ မနက်စာ မစားခင် မြင်းဇောင်းထဲက အညစ်အကြေးတွေ ရှင်းပစ်ပြီး မြင်းကလေး အမွေးတွေကို ဘီးနဲ့ဖြီးပစ်နော် ... ကြားတယ် မဟုတ်လား"
ဟင်းဒရစ် အဖို့ တစ်နေ့တာသည် အလုပ်လုပ်ခြင်းနှင့် ဘုရားရှိခိုးခြင်းတို့ဖြင့်သာ ကုန်ဆုံးရသည်။ ကျောင်းစာ များကို အချိန်ကြာမြင့်စွာ သင်ရသလို တို့ထက်ပိုပြီး အချိန်ကြာမြင့်စွာ ဘုရားရှိခိုးရသည်။
တစ်ပတ်ခန့်ကြာသွားသောအခါ မင်းဖရက်အဖို့ နေသားကျသွားသည်။ သူ့အဖို့ အလုပ်လုပ်ရသည်မှာ မထောင်းတာ သော်လည်း စာသင်ရသည်မှာ ခက်သည်။ ငြီးငွေ့စရာကောင်းလှသည်။ သူ၏ ၀မ်းကွဲ ညီမလေး နှစ်ယောက်သည် စာတွင် သူ့ထက် တော်သည်။ ထိုကောင်မလေးနှစ်ယောက်သည် ဆာရာ့ အပေါ် အမျိုးမျိုး အနိုင်ကျင့်ကျပုံ၊ ချောက်ချကြပုံများကို မင်းဖရက် တွေ့မြင်သိရှိလာသည်။ တစ်နေ့ တွင် ကောင်မ ကလေး နှစ်ယောက်အား ဦးလေးနှင့်အဒေးတို့ ကွယ်ရာ၌ မင်းဖရက်က ဟောက်ပစ်လိုက် ရာ သူ တို့သည် ဆာရာကို ချောက်မချရဲတော့ပေ။ မင်းဖရက်၏ အကာအကွယ်ပေးမှုကြောင့် ဆာရာ အနှိပ်စက် မခံ ရတော့ပေ။
ပထမရက်သတ္တပတ်ကနု တနင်္ဂနွေနေ့တွင် မွန်းလွဲပိုင်း၌ မင်းဖရက် သူ့အိပ်ရာပေါ်၌ ဂျာမန်သဒ္ဒါ စာအုပ်ကို ဖတ်နေစဉ် သူ့ညီမ၀မ်းကွဲတစ်ယောက်တဲဝမှ ပေါ်လာပြီး လှမ်းပြောသည်။
"အစ်ကိုရေ ... ဖေဖေက ခေါ်နေတယ်၊ သူ့စာကြည့်ခန်းထဲ လာခဲ့ပါတဲ့"
မင်းဖရက်သည် ခေါင်းကို သပ်သပ်ယပ်ယပ် ဖြီးပြီး ချက်ချင်း သွားသည်။ သူသ်ည ထိုစာကြည့်ခန်းထဲ သို့ တစ်ခေါက် မှ မရောက်ဖူးပေ။ စာကြည့်ခန်းထဲသို့ တစ်ယောက်တည်း ခေါ်ခြင်းမှာ ဆူစရာရှိ၍ အပြစ် ပေးစရာ ရှိ၍ သူနားလည်သည်။ ဆာရာ ညတိုင်းသူ့ဆီလာသည်ကို ဦးလေး သိသွားပြီး ဆူတော့မည်ဟု တွေး မိသည်။ အခန်းတံခါးကို ခေါက်လိုက်ရာ အထဲမှ ၀င်ခဲ့ဟု အမိန့်ပေးလိုက်သဖြင့် အခန်းတံခါးကို အသာ တွန်းပြီး အထဲသို့ ဖြည်းဖြည်းလေး တစ်လှမ်းချင်း ၀င်လိုက်သည်။
ဦးလေးသရွန့်သည် သစ်သားစားပွဲကြီးနောက်တွင် ရပ်နေသည်။
"တံခါးပြန်ပိတ်ပြီး ဒီမှာ လာထိုင်ကွာ"
သူ့ဦးလေးက သူ့နေရာတွင် ထိုင်လိုက်သည်။ မင်းဖရက်က တံခါးပိတ်ခဲ့ပြီး စားပွဲရှေ့မှ ကုလားထိုင်တွင် ၀င် ထိုင်သည်။
"ဂျွန်အဒေါ်က ငါ့ကို ပြောတယ်၊ မင်းစာမှာ စိတ်မ၀င်စားဘူးဆို"
မင်းဖရက် သည် ဆာရာအကြောင်း မဟုတ်ဘဲ၊ သူ့ပညာရေးအကြောင်း ပြောတာ့မည်ကို သိလိုက်သဖြင့် စိတ်သက်သာ ရာ ရသွားသည်။ ဦးလေးက ဆက်ပြောသည်။
"တို့တွေဟာ သူတစ်ပါးရဲ့ နင်းပြားတွေကွ၊ မေနာဝါဒနဲ့ ဖိနှိပ် ချုပ်ချယ်မှုကို ခံစားနေရတဲ့ ဓားစားခံတွေ"
မင်းဖရက် သည် လော့ဒ်မေနာအကြောင်းကို သူ့ဖခင် ပြောပြ၍ ကြားဖူးထားသည်။ ထို ပုဂ္ဂိုလ်သည် အင်္ဂလိပ် လူမျိုး အုပ်ချုပ်ရေးမှူး ဖြစ်ပြီး အာဖရိကဖွား မျက်နှာဖြူများကို ဖိနှိပ်ချုပ်ချယ်သူ နှိမ်သူ ဖြစ် သည်။
"တို့ရန်သူတွေ အပေါ် တို့ကျော်လွှား အောင်မြင်နိုင်မယ် နည်းတစ်နည်းပဲ ရှိတယ်ဂျွန်၊ သူတို့ထက် ပိုပြီး တို့က ဥာဏပိုင်းရော၊ ကာယပိုင်းပါ ပိုပြီ ထက်မြက် ရမယ်၊ ကြံ့ခိုင်ရမယ် ပြီးတော့ သူတို့ထက်ပိုပြီး ရက်စက် ရမယ်"
ဦးလေး ဖြစ်သူက အခန်းမျက်နှာကြက်ကို မော့ကြည့်ပြီး တစ်စုံတစ်ရာကို တွေ့လိုက်သည်။ ထိုအခါ မင်းဖရက် အဖို့ စာကြည့်ခန်းပတ်ဝန်းကျင်ကို ကြည့်ရှုအကဲခတ်ခွင့် ရသွားသည်။ အခန်းနံရံသုံးဘက် တွင် စာအုပ်စင် များ၊ စာအုပ်များဖြင့် ပြည့်နှက်နေသည်။ စာအုပ်များမှာ သမိုင်း၊ ဒဿနိက၊ ဂျာမန်၊ အင်္ဂလိပ် ဂန္ဓ၀င် လက်ရွေးစင် စာအုပ်များ ဖြစ်သည်။
သူ့ဦးလေး ၏ ကျောဘက်နံရံတွင်မူ ဓာတ်ပုံများ တင်ထားသော စင်ကို တွေ့ရသည်။ ထိုဓာတ်ပုံများ အနက် မှန်ဘောင်သွင်းထားသော အကြီးဆုံး ဓာတ်ပုံတစ်ပုံကို စင်အလယ်မှ အားကစားဘောင်းဘီတို နှင့် အင်္ကျီချွတ် ထားသော လူငယ်တစ်ဦးပုံ ဖြစ်သည်။ ဓာတ်ပုံထဲမှ လူငယ့်ခါးတွင် ထွင်းထု ပုံဖော်ထား သော ငွေခါးပတ်ခေါင်း နှင့် ခါးပတ်ကြီးကို ပတ်ထားသည်။
ထိုပုံကို အသေအချာကြည့်လိုက်ရာ သူ့ဦးလေးသရွန့်ဘိုင်အာမင် အသက်၂၅နှစ်လောက်ကပုံ ဖြစ်နေ သည်။ ကြွက်သားများက အထင်းသားပေါ်နေပြီး လက်သီးနှစ်လုံးဖြင့် လက်ဝှေ့ရေးပြနေပုံ ဖြစ်သည်။ သူ့ စားပွဲပေါ်တွင် ဆုတံဆိပ်များ၊ ဆုဖလားများ တင်ထားသည်။
"ဦးလေး က လက်ဝှေ့သမားလား"
မင်းဖရက်က မေးလိုက်သည်။ သူ့အသံတွင် အံ့သြသံ၊ အထင်ကြီးသံ၊ ချီကျူးသံတို့ ပါနေသည်။
"သာမန် လက်ဝှေ့သမားတစ်ယောက် မဟုတ်ဘူးကွ၊ ချန်ပီယံတစ်ယောက်၊ တောင်အာဖရိက ပြည်ထောင်စု ရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံကွ"
"အဲဒီဆုဖလားတွေနဲ့ ခါးပတ်က ဦးလေးအနိုင်ရခဲ့တာလား"
"ဟုတ်တယ်ကွ၊ အလျင်က ငါလက်ဝှေ့ ထိုးစားခဲ့တာ တစ်ပွဲကို ဆယ်ပေါင်ရတယ်၊ မိုက်ဝီလျံဆိုယင် ခြောက်ချီ နဲ့ ငါအလဲထိုးခဲ့တာ၊ ဟောဒီလို ... ဟောဒီလိုပေါ့ကွ"
သရွန့်က ဘယ်ညာလက်သီးနှစ်လုံးကို လေထဲတွင် လက်ဝှေ့ရေး ထိုးပြရင်း ပြောသည်။
"ဘယ် ... ညာ ... ဘယ်တွဲလက်သီးတွေပေါ့၊ ဂျက်လာလာကိုလဲ ငါနိုင်တာပဲ၊ ၁၉၁၆ခုမှာ ဂျက်လာတာ ကို နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပေါ့၊ လာလာလဲကျသွားတော့ ပရိသတ်က ငါ့ကို အော်ဟစ် ချီးကျူးတဲ့ အသံတွေ အခု ထက်ထိ ကြားယောင်နေသေးတယ်"
သရွန့်က စကားစရပ်လိုက်သည်။ လက်နှစ်ဖက်ကို ပေါင်ပေါ် ပြန်တင်ပြီး မျက်နှာက ပြန်တည်သွား သည်။
"မင်းအဒေါ်ထရူဒီနဲ့ ဘုရားသခင်က ငါ့ကို ဘ၀မှာ ပိုပြီး အရေးကြီးတဲ့ တာဝန်ထမ်းဖို့အတွက် ကြိုးဝိုင်း ထဲက ဆွဲထုတ်ခဲ့တာပဲ၊ ဒါပေမယ့် လက်ဝှေ့သမားတစ်ယောက် ဖြစ်ခဲ့ရတာဟာ ငါ့ဘ၀မှာ အရေးအကြီး ဆုံး အစိတ်အပိုင်းပဲကွ"
"ကျွန်တော်လဲ အဲဒီလို ဖြစ်ချင်တယ် ဦးလေး"
"မင်းက လက်ဝှေ့သင်ချင်လို့လား၊ မင်းအဒေါ်က သဘောတူမှာ မဟုတ်ဘူး၊ သူက လက်ဝှေ့ထိုးတာ လူမိုက် အလုပ် လူရမ်းကားအလုပ်လို့ သဘောထားတာ၊ ဒီတော့ စာကို ကြိုးစားသင်ပြီး ဒီထက် မြင့်မား တဲ့ ကိစ္စ ကို စဉ်းစားပါကွာ"
သရွန့်ဘိုင်အာမင်က မင်းဖရက်ကို ဖျောင်းဖျလိုက်ပြီး ဆက်ပြောသည်။
"ကဲ ငါစောစောက ပြောတာ ပြန်ဆက်ရဦးမယ်၊ အခုလောလောဆယ်မှာတော့ မင်းနာမည်က ဒီလာရေး ကို ဖြုတ်ထားယင် ကောင်းမယ်လို့ မင်းအဒေါ်နဲ့ ငါသဘောတူထားတယ်၊ ဒီတော့ မင်းအဖေရဲ့ အမှုကိစ္စ လူတွေမေ့သလောက် ရှိတဲ့ အချိန်အထိ မင်းနာမည်ကို မင်းဖရက်ဒီလာရေးကနေ မင်းဖရက်ဘိုင် အာမင် လို့ ပြောင်းထားလိုက်၊ ဒီလာရေး နာမည်က သတင်းစာတွေမှာ သိပ်ပါနေတယ်၊ ရှေ့လထဲမှာ မင်းအဖေ အမှု ၀င်းဟုပ်မြို့မှာ စ စစ်လိမ့်မယ်၊ မင်းနဲ့တို့မိသားစုအတွက် အရှက်ရစရာ၊ မျက်နှာမပြနိုင် စရာ ဖြစ်လာနိုင် လို့ နာမည် ပြောင်းခိုင်းထားတာ"
"ကျွန်တော့် အဖေအမှု ဟုတ်လား ... အဖေက သေပြီပဲ"
မင်းဖရက် က နားမလည်နိုင်သော အသွင်ဖြင့် ဦးလေးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"သေတယ် လို့ မင်းက ထင်နေတာပါ"
သရွန့်က ထိုင်ရာမှထပြီး မင်းဖရက်ပခုံးကို လာဖက်သည်။
"ငါ့ကို ခွင့်လွှတ်ပါဂျွန်၊ မင်းအဖေ မသေဘူးဆိုတာကို မပြောခဲ့တဲ့အတွက် ခွင့်လွှတ်ပါကွာ၊ မင်းအဖေ မသေဘူး၊ သူ့ကို ရဲတွေက မိသွားတယ်၊ ရှေ့လ ၁၂ရက်နေ့ကျယင် ၀င်းဟုပ်မြို့က တရားရုံးချုပ်မှာ မင်းအဖေ အမှု ရင်ဆိုင်ရမယ်၊ ကြိုးစင် မတက်ရအောင် လုံးပမ်းရလိမ့်မယ်၊ ဒီတော့ ဘာဖြစ်လို့ မင်းနာမည် ကို တို့က ပြောင်းစေချင်တယ်ဆိုတာ မင်း နားလည်ရောပေါ့"
ဆက်ရန်
.
1 comment:
ဒီဟာ အစအဆုံး ဖတ်ချင်တယ်..
မြန်မြန် ပြီးအောင် တင် အစ်မရေ.. နော်..
Post a Comment