Monday, October 24, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၈)

တကယ်ပဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်

လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်တွင်မှ လူ့အဖြစ်ကိုရောက်ရှိခဲ့သော ကျွန်တော်သည် ကိုလိုနီခေတ် သူ့ကျွန်ဘ၀ အတွေ့အကြုံများကို ရင်ဆိုင်ကြုံတွေ့ခွင့်မရရှိခဲ့ပါ။ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း တွင် တပ်ဦးမှပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များ၏ အကြောင်းကို စာတွေ့ ဖြင့်သာ သိရှိမှတ်သား ခဲ့ရပါသည်။ ကျွန်တော့်ကို ပြည်တွင်းစစ်မီးများ ဟုန်းဟုန်းတောက်ချိန်မှာ ပြေးရင်းလွှားရင်း တောင်ခြေ တောတန်းလေးတစ်ခုမှာ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖခင်တို့ ပြော ပြ၍ သိရှိရပါသည်။ ကျွန်တော် လူမှန်းသိစအရွယ်တွင် ဖဆပလ၊ ပမညတ၊ သန့်ရှင်းတည်မြဲစေ သော နိုင်ငံရေး ဆိုင်ရာ ဝေါဟာရ များကို စတင်ကြားဖူးခဲ့သည်။

ကျွန်တော် အလယ်တန်းကျောင်းသားဘ၀တွင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည် နေ့၊ အမျိုးသား အောင်ပွဲနေ့ စသော ကျောင်းပိတ်ရက်များကို နေ့ထူးနေ့မြတ်များဟု စတင်သိရှိရပါ သည်။ အမျိုးသား အောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့နှင့် အာဇာနည်နေ့များတွင် အာဇာနည်ခေါင်း ဆောင်ကြီးများ အကြောင်း ကို ပြောဆိုဖို့ အတန်းလိုက်လူရွေးချယ်ရာတွင် ခေါင်းဆောင်ကြီးတစ်ဦး ဦးအကျောင်းကို ပြောဆို ဖို့ နှစ်စဉ်လိုလို ကျွန်တော်အရွေးချယ်ခံရပါသည်။ ဆရာပေးသည့် ထိုခေါင်းဆောင်ကြီး များအကြောင်းပါရှိသော စာအုပ်များကိုဖတ်ပြီး ကိုယ်ကျရာ ခေါင်းစဉ်အ ကြောင်းကို ကိုယ့်ဘာသာ ရေးသား ကျက်မှတ်ပြောဆိုရပါသည်။

ထိုအချိန်မှ စတင်ကာ မြန်မာအင်္ဂလိပ်စစ်ပွဲများ၊ မန္တလေးနန်းတွင်းအရေးတော်ပုံ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော မျိုးချစ်ခေါင်းဆောင်များ အကြောင်းကို တစ်စတစ်စ လေ့လာ သိရှိခွင့် ရရှိခဲ့ပါသည်။ ထိုသို့သော လွတ်လပ်ရေး ကြိုးပမ်းမှုခရီးရှည်ကြီး တစ်လျှောက်မှာ ကျွန်တော် အထူးစိတ်ဝင်စားသည်က သခင်လူငယ်ခေါင်းဆောင်များ၏ ရဲဘော် သုံးကျိပ်ဘ၀စွန့်လွှတ် စွန့်စား သူများ ဖြစ်ပါသည်။ ရဲဘော်သုံးကျိပ်ဝင်များကို ဖတ်ရသည့်အခါ သခင်အောင်ဆန်းကိုယ်တိုင် ရေးသား ထားသော ကိုယ်တွေ့မှတ်တမ်းစာအုပ်များကို ဖတ်ရသည့် အခါ သခင်အောင်ဆန်းအမှူးပြုသည့် မျိုးချစ်သခင် လူငယ်များကို ကျွန်တော် အလွန်လေးစားမိပါ သည်။

ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မော်ကွန်း တင် ကမ္ဗည်းထိုး ခံရသူများဖြစ်ပါသည်။ မြန်မာ့တပ်မတော်ကို ပုံဖော်သွန်းလောင်းခဲ့သူများ ဖြစ်သည်။ နယ်ချဲ့တော်လှန်ရေး တိုက်ပွဲများတွင် ဦးထမ်းပဲ့ထမ်း ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် လည်း သမိုးပြောင်ခဲသော ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များ၏ အခန်းကဏ္ဍကို ပြည်သူလူထု က တိုင်းပြည် လွတ်လပ်ရေးနှင့်အတူ မြတ်နိုးလေးစား တန်ဖိုးထားခဲ့ကြခြင်း ဖြစ်ပါသည်။
(၂)

၅၊ ၁၂၊ ၀၆ နေ့က မြန်မာစာရေးဆရာတစ်ဦးနှင့် ပြည်ပမှ အင်တာဗျူးဆရာတို့ အမေးအဖြေ ပြုလုပ် မှု တစ်ခု ကို ကျွန်တော်ကြားလိုက်ရပါသည်။ ထိုအင်တာဗျူးမှ စာရေးဆရာ၏ အဖြေစကားကို ကျွန်တော် ဘ၀င်မကျနိုင်သဖြင့် ယနေ့တိုင် မှတ်မှတ်ရရရှိနေခဲ့ပါသည်။ မေးသူက ကိုလိုနီခေတ်က လူငယ်တွေနှင့် ယနေ့ခေတ်လူငယ်များ ဗဟုသုတ၊ အသိပညာ ဘယ်လိုကွားခြားပါသလဲ ဟု မေး ပါသည်။ ၎င်းအမေးကို စာရေးဆရာ က ''ယနေ့ခေတ်လူငယ်တွေမှာ ဗဟုသုတရှာမှီးစရာ၊ အတတ် ပညာဆည်းပူးစရာ ပို များကြောင်း ကိုလိုနီခေတ်ကလူငယ်တွေမှာ အသိအမြင် အတွေးအခေါ် အားနည်းလှကြောင်း၊ ယနေ့ခေတ် လူငယ်များကို ဘင်လာဒင်နှင့် ပေါင်းမလား၊ ဘယ်လ်ကေဒါနှင့် ပေါင်းမလားဟု မေးလျှင် မည်သူကမျှ ပေါင်းမည်ဟု ပြောမှာမဟုတ်ကြောင်း'' ဖြေကြားလိုက်ပါ သည်။

ဖြေဆိုသူ စာရေးဆရာအနေနှင့် သာမန်အရေးကိစ္စတစ်ခုလို သဘောထားပြီး သူ့ထင်မြင်ယူဆချက် ကို ခပ်လွယ်လွယ် ပြောချလိုက်ပုံရပါသည်။ ယခု သူပြောလိုက်သည့် ကိစ္စက သာမန်ကိစ္စမဟုတ်၊ မြန်မာပြည်သူ တွေ သွေးနှင့်ရေးခဲ့ရသည့်  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါလှသော ရဲဘော်သုံးကျိပ် ၏ အခန်းကဏ္ဍဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းတိုက်ပွဲ ၀င်ခဲ့ကြ သည့် သခင်လူငယ်များ၏ သမိုင်းဝင်လုပ်ရပ်တစ်ခုကို ဝေဖန်ခြင်းဖြစ်သည်။ သူ့အမြင်သ ဘောထား၏  အနှစ်ချုပ်ကို ကြည့်လျှင် သခင်လူငယ်များသည် ''အသိဥာဏ်ပညာ အားနည်း၍သာ ဂျပန်နှင့် သွားပေါင်း မိသောအမှားကို ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်'' ဟူ၍ဖြစ်သည်။

သမိုင်းဝင်ကိစ္စတစ်ရပ်ကို ချဉ်းကပ်သုံးသပ်မည်ဆိုလျှင် မိမိတည်ရှိရာနေရာ ကွက်ကွက်လေးမှနေ ပြီး အသိတိမ်တိမ်ဖြင့် သုံးသပ်၍ မဖြစ်နိုင်ပါ။ မျက်စိတစ်ဆုံး၊ မြင်ကွင်းတစ်ပြန့်ဖြန့်ကြက်ကြည့်မြင် တတ်ဖို့ လိုပါလိမ့်မည်။ မိမိအမြင် သဘောထားကိုလည်း လူအများ၏ အမြင်သဘောထားနှင့် ချိန် ထိုးညှိ နှိုင်းကြည့်ရပါဦးမည်။ ဂျပန်နိုင်ငံမှ လက်နက်အကူအညီရရေးနှင့် စစ်ပညာသင်ကြားရေးအ တွက် သခင် လူငယ်များ သွားရောက်ခဲ့ခြင်းသည် တစ်ဦးကောင်းးတစ်ယောက်ကောင်း ငါတကော ကော၍ စီစဉ်ခဲ့ခြင်း ဖြစ်ပါ သလား၊ တိုင်ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေက ထိုလမ်းကြောင်း ပေါ်သို့ တွန်းပို့ခဲ့ခြင်းလာ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ပြီး ထိုအစီအစဉ် ကို အကောင် အထည် ဖော်ခဲကြခြင်း လား၊ စသည့် မေးခွန်းများအတွက် ရင်းမြစ်အကြောင်း တရားများကို ရှာဖွေကြည့်ဖို့ လိုအပ် လာပါသည်။

အနှစ် ၇၀ ခန့်သော ကြာညောင်းမှုသည် သမိုင်းခြေရာပျေက်သွား ရလောက်အောင် ကွာလှမ်း သော အချိန်ကာလ မဟုတ်ပါ။
(၃)

ယခု ကျွန်တော်ဆက်လက်ရေးသားရာတွင် အကိုးအားပြုမှုများကို ကျွန်တော့်အာဘော်ဖြင့် အကျဉ်း ရုံး ပြောင်းလဲရေးသားခြင်းမပြုဘဲ မူရင်းရေးသားသူ၏ စာအတိုင်းကူယူ ဖော်ပြပါမည်။ ပိုပြီးလေး နက် ခိုင်မာ စေလို၍ ဖြစ်ပါသည်။ သတ်ပုံကိုလည်း မူရင်းအတိုင်းဖော်ပြရေးသားခြင်း ဖြစ်သဖြင့် တစ် ဦးနှင့် တစ်ဦး ကွဲလွဲမှုတချို့ ရှိပါမည်။

''၁၃၀၀ပြည့်နှစ် အရေးတော်ပုံကြီး၏ နောက်ပိုင်းတွင် ကျောင်းသားများနှင့် ပြည်သူတို့၏ နိုင်ငံရေး နိုးကြားမှုအထွဋ်ထိပ်သို့ ရောက်ခဲ့ကြသည်။ တိုင်းပြည်၏ လွတ်လပ်ရေးကို အနုနည်းနှင့် တောင်းဆို ရန် လွယ်ကူမည်မဟုတ်၊ လက်နက်ကို တော်လှန်ရေးသာလျှင် တစ်ခုတည်းသော ထွက်ရပ်လမ်း ဖြစ်သည်ဟု ဒို့ဗမာ အစည်းအရုံးသို့ ရောက်နေသော သခင်အောင်ဆန်း၊ သခင်မြ အစရှိသော မျိုးချစ် ခေါင်းဆောင်တို့သည် ယုံကြည်လာကြသည်။ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ကြသည်။ ဒို့ဗမာ အစည်းအရုံးဝင် သခင်ခေါင်းဆောင်များသည် နိုင်ငံခြားတိုင်းပြည်တစ်ခုခု ၏ အကူအညီကိုယူရန် ဆုံးဖြတ် ကြသည်။ နယ်ချဲ့ ဆန့်ကျင်ရေးလုပ်ငန်းကို နိုင်ငံအနှံ့လုပ်ကြရင်း တိုင်းပြည်တစ်ပြည်မှ စစ်ရေး စစ်ရာ အကူအညီရှာဖွေရန် ပိုင်းဖြတ်ခဲ့ကြလေသည်။

''ဒီဒုတ်ဦးဘချို၏ အကူအညီဖြင့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တရုတ်ပြည်သွား ဟိုင်လီ သဘောင်္ တွင် တရုတ်ဝတ်စုံများ ၀တ်ဆင်ကာ မျှော်လင့်ချက် ယုံကြည်ချက် အပြည့်ဖြင့် ၁၉၄၀ ခု၊ သြဂုတ် ၈ ရက် နေ့တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာခဲ့ကြသည်။''
[ဗိုလ်မင်းခေါင် (ရွှေတူ)၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် စာ ၆-၇]

''သခင်ကိုယ်တော်မှိုင်း၊ သခင်မြဦးဆောင်သော တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များသည် ဥပဒေ ဘောင် အတွင်းမှ ဗြိတိသျှအစိုးရအား အရေးဆိုရန် ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့စည်း ခဲ့သကဲ့သို့ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးကို အနုနည်းဖြင့်မရပါက လက်နက်ကိုင်တော်လှန်ရန် အတွက် ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြေအောက်လျှို့ဝှက်အဖွဲ့ (Under Ground Unit) ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ အကူအညီရနိုင်ရန် ပြည်တွင်းတွင် ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခုသို့ သွားရောက်ဆောင်ရွက်ရန် သဘောတူကြသည်။ ဆွေးနွေးကြရာ၌ တရုတ်၊ ယိုးဒယားနှင့် ဂျပန် တစ်နိုင်နိုင်ငံသို့ သွားရောက်ရန် ဆွေးနွေးခဲ့ကြသည်။

''ဗမာ့ ထွက်ရပ်ဂိုဏ်းခေါင်းဆောင် ဒေါက်တာဘမော်နှင့် ဒေါက်တာသိန်းမောင်တို့က သခင်အောင် ဆန်းအား ဂျပန်၏ အကူအညီကို အလိုရှိကရနိုင်ကြောင်း ပြောကြားထားသဖြင့် ဂျပန်၏ အကူအညီ ယူသင့် မယူသင့် ပြဿနာကို သခင်ကိုယ်တော်မှိုင်း၊ သခင်မြ တို့ဗမာစည်းအရုံးဝင် သခင်ခေါင်း ဆောင်တို့ ဆွေးနွေးကြသည်။ ထိုပြဿနာကို ဆွေးနွေးကြရာ အစည်းအရုံးအတွင်းရှိ လက်ဝဲ၀ါဒီ အချို့က ဖက်ဆစ်ဝါဒ ၏ သဘောသရုပ်ကို သိရှိထားကြပြီး လက်တွေ့တွင်လည်း ဖက်ဆစ်ဂျပန် သည် တရုတ်နိုင်ငံကို ကျူးကျော် တိုက်ခိုက်နေသောကြောင့် ဂျပန်၏အကူအညီကို မယူလိုကြပေ။

ထို့ကြောင့် တရုတ်နှင့် ယိုးဒယား တစ်နိုင်နိုင်ငံသို့ သွားရောက်ရန် စဉ်းစားဆုံးဖြတ်ကြရာ တရုတ်နိုင် ငံနှင့် မူလက အဆက်ရှိထားသောကြောင့် တရုတ်နိုင်ငံသို့သွားရန် ရွေးချယ်ခဲ့ကြသည်။''
''တရုတ်နိုင်ငံသို့ စွန့်လွှတ်စွန့်စားသွားရောက်မည့်သူ ရွေးချယ်ရာ၌လည်း ဗြိတိသျှအစိုးရက ဖမ်းဝ ရမ်းထုတ်ထားသဖြင့် မြေအောက်လျှိုးနေသော သခင်အောင်ဆန်းကို ရွေးချယ်ခဲ့သည်။ သခင် အောင်ဆန်း ကိုယ်တိုင်ကလည်း အမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် မိမိအသက်ကိုစွန့်လှူပြီး ဗမာရော်ဂျာကေးမင်း အဖြစ် ခံယူရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ထိုသို့ရွေးချယ်ခြင်းကို လက်ခံခဲ့သည်။
(ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ -စာ- ၂-၃)

အထက်၌ ဖော်ပြခဲ့သည်မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တရုတ်ပြည်သို့ ထွက်ခွာသွားသည် အထိ လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။ ထိုရေးသားချက်တွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန်အတွက် နိုင်ငံခြား အကူအညီ မယူမဖြစ် ယူရမည့် အခြေအနေကို တွေ့ရှိရပါသည်။ နိုင်ငံ ခြားအကူအညီယူရန် ကိစ္စ ကို တို့ဗမားအစည်အရုံးခေါင်းဆောင်များ၊ သခင်လူငယ်များ ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သွားရောက်မည့်နိုင်ငံကို ရွေးချယ်ရာမျာလည်း အများဆန္ဒ နှင့်အညီ တရုတ်နိုင်ငံကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။

(၄)

သို့နှင့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တရုတ်ပြည်တောင်ဘက် အမွိုင်မြို့သို့ရောက် ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် ရောက်သွားခဲ့ကြသည်။ အမွိုင်မြို့သို့ရောက်ပြီး တရုတ်ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ အမွိုင်မှာ နှစ်လခန့်သောင် တင်နေခဲ့သည်။ ထိုသို့ ရှိနေခဲ့ရာမှာ မူလဦးတည်ချက်လမ်းကြောင်းကို ပြောင်းသွားစေခဲ့သော အခြေအနေအရပ်ရပ်ကို ဆက်လက် လေ့လာကြည့်ရာတွင် ယခုကဲ့သို့ တွေ့ရှိရပါသည်။

''သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ဒို့ဗမာအစည်းအရုံး၊ ဗမာနိုင်ငံလုံး၏ ကျောင်းသားသမဂ္ဂနှင့် ဒေါက်တာဘမော် ဦးစီးသည့် ဆင်းရဲသားအဖွဲ့တို့သည် ပူးပေါင်း၍ ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအနေနှင့် လွတ်လပ်ရေး အတွက် တက်တက်ကြွကြွ လုပ်ဆောင်လှုပ်ရှားနေသကဲ့သို့ သခင်ဗစိန်၊ သခင်ထွန်း အုပ်တို့ ကြီးမှုးသည့် ဒို့ဗမာအစည်းအရုံးဝင် သခင်အဖွဲ့များသည်လည်း နယ်ချဲ့အား ဆန့်ကျင်နိုင် ရန်ကြိုးစား နေချိန် ဖြစ်သည်။

''ကာနယ်ဆုဇူကီးသည် သတင်းထောက်အဖြစ်နှင့် ရန်ကုန်မြေသို့ နင်းမိသောအခါ ရန်ကုန်မြို့တွင် ဂျပန် အစိုးရ၏ အထောက်တော်သူလျှိုဖြစ်သော သွားဘက်ဆိုင်ရာဆရာဝန်ကြီး ''ကိုကိုဘူ''နှင့် ဆက်သွယ်၍ ဗမာပြည်၏ နိုင်ငံရေး အခြေအနေအရပ်ရပ်ကို လေ့လာပြီး သည့် နောက်ပိုင်း၌ ဗမာ့ ထွက်ရပ်ဂိုဏ်းနှင့် သီးခြား နိုင်ငံရေး အဖွဲ့အသီးသီးများသို့ ၀င်ရောက်ကာ တိုင်းပြည်လွတ်လပ်ရေး ကိစ္စများအတွက် ဆွေးနွေးခြင်း များကို ပြုလုပ်သည်။

ထိုဆွေးနွေးပွဲများ၌ သခင်မြအမှူးရှိသည့် ကိုယ်တော်မှိုင်း ဒို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်တချို့သည် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ပြင်ပအကူအညီရယူရန် အမွိုင်မြို့တွင် ကာနယ်ဆူဇူကီး သိရှိ သွားပြီးနောက် ထွက်ရပ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ဒေါက်တာဦးသိန်းမောင် (သံအမတ်ဟောင်း) ထံမှ တဆင့် သွားဘက် ဆိုင်ရာ ဂျပန်ဆရာဝန်ကြီးကိုကိုဘူထံသို့ သခင်အောင်ဆန်းဓါတ်ပုံ ပေးလိုက်သည်။ ကိုကိုဘူသည် ၎င်းထံရရှိသော သခင်အောင်ဆန်း၏ ဓါတ်ပုံကို 'ကာနယ်ဆူဇူကီး'လက်သို့ ပေးအပ် လိုက်သည်။ ထို့နောက် ဂျပန်တာဝန်ရှိသူများ အကူအညီဖြင့် ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာ ၁၂ရက် နေ့တွင် သခင် အောင်ဆန်းနှင့် သခင်လှမြိုင်တို့ ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိသည်။''

[ဗိုလ်မင်းခေါင်(ရွှေတူ) - စာ-၈]

''တရုတ်မြန်မာလမ်းမကြီး ဖြတ်တောက်နိုင်ရေး အတွက် နည်းလမ်းများရှာဖွေရန် မြန်မာနိုင်ငံသို့ ရောက် လာသော ဗိုလ်မှူးကြီး ဆူဇူကီးသည် ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာလွတ်လပ် ရေးလှုပ်ရှားမှုကို ခေါင်းဆောင်နေသော သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ တို့ဗမာအစည်းအရုံးဝင် များနှင့် လျှို့ဝှက် တွေ့ဆုံနိုင်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဆူဇူကီးက မြန်မာ့လွတ်လပ်ရေး အတွက်  ဂျပန်က အကူအညီ ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုသို့ ကတိပေးပြီးနောက် ဗိုလ်မှူးကြီးဆူဇူကီးသည် ဒေါက်တာသိန်းမောင်ထံမှ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ ဓါတ်ပုံများနှင့် လိပ်စာကိုရယူကာ ၎င်းတို့နှစ်ဦးအား ဂျပန်နိုင်ငံသို့ ခေါ်ယူရန်စီစဉ်ဆောင်ရွက်ခဲ့ သည်။ အမွိုင်ရှိ ဂျပန်ကင်ပေတိုင်တပ်မှူး ဗိုလ်မှူးခန်းဒ (Major Kanda)သည် သခင်အောင်ဆန်း တို့အား အမွိုင်မှတိုင်ပေရှိ ဂျပန်စစ်ဌာနချုပ်သို့ ပေးခဲ့သည်။ ထိုမျတစ်ဆင့် ၁၉၄၀ ပြည့်နှစ်၊ နိုဝင် ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။

(ကျော်ငြိမ်း စာ ၄-၅)

ယခုကျွန်တော် ကောက်နုတ်ဖော်ပြခဲ့သည်မှာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြတို့၏ တို့ဗမာအစည်း အရုံးမှ သခင်အောင်ဆန်းအမှူးပြုသည့် သခင်လူငယ်များ ဂျပန်သို့ စစ်ပညာသင် သွားရောက်ရ သည့် အကြောင်း အရင်း သချို့ ဖြစ်ပါသည်။

(၅)

သခင်ကိုယ်တော်မှိုင်း သခင်မြတို့၏ တို့ဗမာအစည်းအရုံးမှ နိုင်ငံခြားအကူအညီယူရေး ကြိုးပမ်း သကဲ့သို့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ တို့ဗမာအစည်းအရုံကလည်း နိုင်ငံခြား (ဂျပန်) အကူ အညီရယူရန် သီးခြားဆောင်ရွက်ခဲ့မှုများ ရှိခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် 'သခင် ဗစိန်၊ သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး၏ နိုင်ငံလုံးဆိုင်ရာ အမှုဆောင် အစည်းအဝေးကို ရန်ကုန်မြို့၊ ချော်တွင်းကုန်းရှိ ဘုန်းတော်ကြီးကျောင်းတွင် သုံးရက်ကျင်းပသည်။

ထိုအစည်းအဝေး တွင် 'ဗမာ့လွတ်လပ်ရေးရရှိရန် အင်္ဂလိပ်ကို လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက် ရမည်'ဟု ဆုံး ဖြတ်ကြပါသည်။ ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် သခင်ဗစိန်၊ သခင် ထွန်းအုပ်၊ သခင်အေး၊ သခင်ချစ်တင်၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်အောင်ဆန်း (ဗိုလ်စကြာ)၊ သခင်ခင်မောင်၊ သခင်ပု၊ သခင်ဦးမြင့်တို့ ၉ ဦးကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ ၎င်းတို့သည် ဂျပန် နိုင်ငံရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်စွာ ဆက်သွယ်ပြီး လက်နက်အကူအညီရရှိရေး ကြိုးပမ်း ဆောင်ရွက် ကြရန်ဖြစ်ပါသည်။ (တို့ဗမာအစည်းအရုံး နှစ်ဂိုဏ်းကွဲသည့်ကိစ္စကို စာရှည်မည်စိုသဖြင့် ဤတွင် မဖော်ပြ တော့ပါ။)

၁၉၄၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် 'သခင်ဗစိန်၊ သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး ပဉ္စမအ ကြိမ်ညီလာခံကို ဖျာပုံမြို့မှာ ကျင်းပသည်။ ထိုညီလာခံသည် ချော်တွင်းကုန်း ဆုံးဖြတ်ချက်ကို မြန်မာ တစ်ပြည်လုံး ကိုယ်စားလှယ်များ အတိုင်းအတာဖြင့် ထပ်မံအတည်ပြုချက်ရယူသည့် ညီလာ ခံဖြစ်ပါသည်။ ထိုအချိန်က ဂျပန်၏ 'အရှေ့အာရှတိုက်သားများ၏ သာတူညီမျှကောင်းစားရေးဝါဒ' ဆိုသော ကြေညာချက် ကို သခင်ဗစိန်တို့ အာရုံညွှတ်လျက် ရှိကြသည်။ ထို့ကြောင့် ဂျပန်မှ အကူအညီရရှိရေးကို ဦးတည်ပြီး စီစဉ်ဆောင်ရွက်ကြသည်။ ထိုစဉ်က ရန်ကုန်မှာ ရောက်ရှိနေသော ဂျပန်အဖွဲ့တစ်ဖွဲ့က သခင်ဗစိန် ကို အကြံပေးသည်မှာ တိတ်တဆိတ် ယိုးဒယားနယ်စပ်ကို ဖြတ်ကူး ပြီး ဘန်ကောက်မှ တစ်ဆင့် ဂျပန်သို့ လေယာဉ်ဖြင့် သွားရန်ဖြစ်သည်။

ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်သို့ ရောက်လာသော ယိုးဒယားမှ မင်းသားကြီး ဒီမာရော့စ် ခေါင်းဆောင် သည့် မိတ်ဆက်အဖွဲ့ကို သခင်ဗစိန် တိတ်တဆိတ်သွားရောက် တွေ့ဆုံပြီး သူ၏ ဂျပန် ခရီးစဉ် ကို ကူညီရန်ဆွေးနွေးသည်။ မင်းသားကြီးကလည်း လက်ခံခဲ့သည်။ ထို့နောက် သခင် ဗစိန်သည် စီစဉ် ထားသည့်အတိုင်း ယိုးဒယားနိုင်ငံသို့ လျှို့ဝှက်ထွက်ခွာခဲ့ရာ နယ်စပ်တစ်နေရာ တွင် အဖမ်းခံ လိုက် ရသဖြင့် မော်လမြိုင် အကျဉ်းထောင်ထဲ ရောက်သွားခဲ့ရပါတော့သည်။ ယခု ကျွန်တော် အကျဉ်းရုံး ရေးသားဖော်ပြခဲ့သည့်မှာ 'သခင်ဗစိန် သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး ၏ ဂျပန်အကူအညီရယူရေး ဆောင်ရွက်ချက် တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ သခင်ဗစိန်၏ ပြည်ပထွက်ရန်ကြိုးပမ်းမှု ပြတ်တောက် သွားသော်လည်း တို့ဗမာအစည်းအရုံး ဂိုဏ်းကွဲနှစ်ခုမှ သခင်လူငယ်များကတော့ ပေါင်းသည်း မိသွားခဲ့ကြပါသည်။

တိုကျိုတွင် သခင်အောင်ဆန်းနှင့် ဗိုလ်မှူးကြီး ဆူဇူကီးတို့သည် မြန်မာ့နယချဲု့ဆန့်ကျင်ရေးနှင့် တော်လှန်ရေး လုပ်ငန်းများတွင် ဂျပန်က ပါဝင်ကူညီနိုင်မည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်းကြသည်။ သခင်အောင်ဆန်း ကိုလည်း ဂျပန်စစ်ဘက်အရာရှိကြီးများနှင့် မကြာခဏ တွေ့ဆုံပေးသည်။ အကျေအလည် ဆွေးနွေးပြီးသောအခါ မျိုးချစ်မြန်မာလူငယ သုံးဆယ်ခန့်အား မည်ကဲ့သို့သော စစ်ပညာ မျိုးလေ့ကျင့်သင်ကြား ပေးသင့်ကြောင်း၊ ထိုမျိုးချစ်လူငယ်သုံးဆယ်ခန့်က ဦးဆောင်ကာ ဗမာ့ တပ်မတော် ကို မည်သည့်အသွင်သဏ္ဍာန်ဖြင့် မည်ကဲ့သို့ တည်ဆောက်သင့်ကြောင်း၊ ဗမာ့ တပ်မတော်သည် မြန်မာနိုင်ငံ အတွင်းသို့ မည်ကဲ့သို့ ၀င်ရောက်တိုက်ခိုက်သင့်ကြောင်း စသည်တို့ နှင့် ပတ်သက်၍ ဂျပန်အရာရှိကြီးများက သခင်အောင်ဆန်းကို 'ဗမာ့လွတ်လပ်ရေးစီမံကိန်း'တစ်ခု ရေးဆွဲခိုင်းခဲ့သည်။ သခင်အောင်ဆန်း ကလည်း အားတက်သရောနှင့် ပြည့်စုံးစွားရေးဆွဲ ပေးလိုက် သည်။

ထိုစီမံကိန်းကို ဂျပန်စစ်ဦးစီးဌာနချုပ်က ပြင်ဆင်ချက် အနည်းအကျဉ်းဖြင့် ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက် နေ့တွင် အတည်ပြုပေးခဲ့သည်။ ၎င်းနောက် 'မီနာနီလိုင်ကန်'ခေါ် တောင်ပိုင်းဒေသဆိုင် ရာ အဖွဲ့တစ်ဖွဲ့ ကိုလည်း ဖွဲ့စည်းပေးလိုက်သည်။ ကာနယ်ဆူဇူကီးနှင့် သခင်အောင်ဆန်းတို့ကို လည်း မြန်မာနိုင်ငံရှေ့ရေးအတွက် သခင်အောင်ဆန်းရေးဆွဲသည့် စိမံကိန်းအတိုင်း သင့်တော် သလို ဆက်လက် ဆောင်ရွက်ကြရန် လွှဲအပ်လိုက်ကြသည်။ ငွေအား၊ လူအား၊ လက်နက်အားဖြင့် အကူအညီ ပေးမည် ဟူ၍ လည်း ကတိပြုလိုက်သည်။
(၆)

သခင်အောင်ဆန်းသည် ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရွှန်းတင့်မာရူးသဘောင်္ဖြင့် ဂျပန်နိုင်ငံ မှ ထွက်ခွာလာရာ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။ ရောက်လျှင် ရောက်ချင်း ပင် ပြည်သူ့အရေးတော်ပုံပါတီဝင်းများနှင့် မြန်မာ့လွတ်လပ်ရေး လုပ်ငန်းစဉ်များ ဂျပန် နိုင်ငံ တွင် စစ်ပညာသင်ကြားရန် မျိုးချစ်လူငယ်များ စေလွှတ်ရေးကိစ္စများကို ဆွေးနွေးကြသည်။ ထို သို့ ဆွေးနွေး ရာတွင် 'သခင်ကိုယ်တော်မှိုင်း၊ သခင်မြ' တို့ဗမာနှစ်ဂိုဏ်လုံးမှ လူငယ်မျးပါဝင်ရေးကို သဘောတူ လက်ခံခဲ့ကြသည်။ ထိုအချိန်တွင် စစ်ကြောင့် အရေးတကြီး ပေါ်ပေါက်လာသော ကာကွယ်ရေး ဥပဒေအရ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုမှာ အပြင်းထန်ဆုံးအခါဖြစ်သည်။

သခင်အောင် ဆန်း လုံးဝပျောက်နေသည့်ကိစ္စကြောင့် ပုလိပ်စုံထောက်များ အထူးအလုပ်ရှုပ်နေကြသည့် အချိန် လည်းဖြစ်သည်။ ထိုအကျပ်အတည်းများကြားမှပင် ရဲဘော်သုံးကျိပ်လောင်းလျာများ စုစည်းမိပြီး ဂျပန်ကုန်တင်သဘောင်္များဖြင့် ဂျပန်နိုင်ငံသို ပ အသုတ်လိုက်ခွဲပြီး လိုက်ပါသွားကြသည်။

သူတို့သည် ဘ၀ချင်မတူသော ကျောင်းသားများ၊ စားရေးစာချီ အလုပ်သမား၊ လယ်သမားများ၊ တို့ဗမာအစည်းအရုံး၏ ကွဲနေသော အဖွဲ့နှစ်ဖွဲ့မှ လူငယ်များ ဖြစ်ကြသည်။ သို့ရာတွင် မည်သို့ပင် ဘ၀မတူ ဂိုဏ်မတူ စေကာမူ မျိုးချစ်စိတ်ဖြင့် စွန့်စားလိုသူများ၊ ကိုယ့်နိုင်ငံ လွတ်မြောက်ရေးအတွက် ရလဒ်ကောင်း များကို ဖော်ဆောင်နိုင်ခဲ့သူများဖြစ်သည်။

ယခုဆိုလျှင် လွတ်လပ်ရေးရရှိခဲ့သည်ပင် အနှစ် ၆၀ ကျော်ခဲ့ပေပြီ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ က သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ သည်ပင် အိုးမင်း မစွမ်းဖြစ်နေသူ အနည်းငယ်မျှသာ ကျန်ရှိပြီး အများစုမှာ ကွယ်လွန်သေဆုံးကုန်ခဲ့ ကြပြီ ဖြစ်ပါသည်။ တကယ်တော့ သူတို့၏ တန်ဖိုးရှိလှသော ပစ္စက္ခဘ၀များ၊ အသက်များကို တိုင်း ပြည်နှင့် လူမျိုး အတွက် ပေးဆပ်ခဲ့ကြ၍သာ ကျွန်တို့သည် အချုပ်အခြာပိုင် မိမိနိုင်ငံ၏ အလံတော် အောက်မှာ လွတ်လပ် သော လူမျိုးများအဖြစ် သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိနေထိုင်နိုင်ကြခြင်း ဖြစ်ပါသည်။

တစ်ချိန်က တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များသည် လွတ်လပ်ရေး ရရှိဖို့ဆိုတာ ဦးတည် ချက် တစ်ခုတည်းကို ကိုင်စွဲပြီး နိုင်ငံရေးနည်း၊ လူထုနည်း၊ စစ်ရေးနည်း။ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ခဲ့ကြသည်။ ထိုကြိုးပမ်းဆောင်ရွက်မှုတိုင်းသည် အကျိုးသင့် အကြောင်းသင့် ရှိပြီး လုပ်သင့် လုပ်ထိုက်ရာ ကို လုပ်ခဲ့ကြခြင်းသာဖြစ်ကြောင်း ရရှိခဲ့သော လွတ်လပ်ရေးနှင့် ပြည်သူလူထုက အသိ အမှတ်ပြု ရေးထိုးထားသော သမိုင်းမော်ကွန်းများက သက်သေခံလျက် ရှိပါသေးသည်။

လေးလွင်လတ် ။
ဝန်ခံချက် ။    ။ ဆောင်းပါး ခေါင်းစဉ် မှာ သဟာယဆရာတင် ရေးသားခဲ့သော 'ဗမာ့လွတ်လပ်ရေး တေးသီချင်း မှ စာသားဖြစ်ပါသည်။

စာကိုး
၁။ ဗိုလ်မင်းခေါင်- ရွှေတူ (ရဲဘော်သုံးကျိပ်ဝင်)၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်'။
၂။ ကျော်ငြိမ်း (သမိုးင်းသုတေသနအရာရှိ)၊ 'ရဲဘော်သုံးဂျိပ်'
၃။ ဗိုလ်မှူးဘသောင်း(မောင်သုတ)၊ 'ဗမာ့တော်လှန်ရေးသမိုင်း'
၎။ တက္ကသိုလ်စိန်တင်၊ 'မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့် သခင်ဗစိန်'

ဆက်ရန်
.

No comments: