ယမကာညနေခင်း(၃)
လွတ်လပ်ရေးနေ့ အကြိုဝိုင်း
အယ်ဒီတာကြီးနှင့် ပင်စင်နာကြီးတို့ ရောက်ရှိလာကြသည်။ သူတို့လက်တွင် ဘာမျှပါမလာခြင်းကြောင့် မောင်သော်က အတန်စိတ်ပျက်သွားသည်။ အင်း ငါဟိုနေ့က ရွှေဘုံသာလမ်း စားဖျော်ကော်ပိုရေးရှင်းမှာ သေချင်စော် နံအောင် အရက်မှောင်ခို တစ်အုပ် ကြီးကြား တိုးဝှေ့ဝယ်ထားရတဲ့ ဂျင်ပုလင်းလေးတော့ ကိစ္စချော တော့မှာပဲဟု စိတ်မသက်သာ စွာနှင့်တွေးမိသည်။
အယ်။ ။ကဲ ရှိတာလေးထုတ်ဗျာ၊ ကျုပ်တို့တော့ အရက်ပျက်ပြီး အရက်ပြတ်နေလို့ခင်ဗျားဆီ လှည့်ခဲ့ တာပဲ၊ ခင်ဗျားမှာ လက်ကျန်လေးဘာလေးတော့ ရှိကောင်းပါရဲ့။
သော်။ ။နည်းနည်းပါးပါးတော့ ရှိပါတယ်ဗျာ။ ဂျင်ကလေးတစ်ပုလင်းတော့ ရှိပါရဲ့။ စားဖျော် ကော်ပိုးရေးရှင်း မှာ မျက်နှာကိုဆီးရွက်လောက်ထားပြီး လျှောက်လွှာတင်ခဲ့ရလို့ ရပါတယ်။ လား...လား ဂျင်တစ်ပုလင်း ရဖို့ ရွှေဘုံသာလမ်းကဆိုင်မှာ မှောင်ခိုတွေ တစ်အုပ် ကြီးကြား ချွေးပြန်အောင် သုံးရက် ဆက် တိုး ခဲ့ရဒါတောင် ဂျင်မရောက်ဘူးဆိုလို့ သုံးရက်ဆက် တိုးခဲ့ရသဗျ။
ပင်။ ။နေပါဦးဗျ၊ ဂျင် က ဒါလောက်ပဲရှားသလား။
သော်။ ။ရှားသလား၊ မရှားသလားတော့မသိဘူး။ ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ တစ်ပုလင်း ခုနှစ်ဆယ့်ငါးကျပ် နဲ့ ဗြောင်ရောင်းဝယ်နေကြတာတော့ တွေ့ရတာပဲ။ မှောင်ခိုထဲမှာ မိန်းမ တွေလည်း ပါသဗျ။ ထောင်ထောင်မောင်းမောင်း ဂိုက်ကောင်းကောင်းနဲ့ အမျိုးသမီးနှစ် ယောက်ကတော့ဖြင့် ငွေစက္ကူ တစ်ထုပ်ကြီး နဲ့ ပါမစ်တွေဝယ်လို့ဝယ်၊ ကောက်လို့ကောက်၊ စီးပွားလမ်းကိုဖြောင့်နေတာပဲ။ ရွှေဘုံသာ လမ်း ကို ရွှေဘုံဆိုင်လမ်းလို့ နာမည်တောင်ပြောင်း ဖို့ကောင်းနေပြီ ထင်တယ်။ မှောင်ခို နဲ့ ကင်းတဲ့ နေရာ ရယ်လို့ မရှိတော့ဘူး။
အယ်။ ။ကဲ...ကဲ ဂျင်ပုလင်းသာ ထုတ်စမ်းပါ။ ခင်ဗျားဒုက္ခကို ကျုပ်တို့ ဝိုင်းကူသောက် ပေးပါ့မယ်။
ဤတွင် ဂျင်ပုလင်းဖွင့်ခြင်း၊ ဘစ်တာနှင့်ရောစပ်ခြင်း၊ ရေခဲအကြေနှင့် မွှေခြင်း၊ ဆိုဒါနှင့်ရောခြင်းစသည့် တံတောင်ဆစ်ကွေး ယဉ်ကျေးမှုနယ်ပယ်၏ ဝေယျာဝစ္စများကို ပြုပြီးသကာလ ဖန်ခွက်ကိုမြှောက်ကာ ချီးယားစ် ဟု ဥဒါန်းကျူးပြီးနောက် မောင်သော်က၏ ဂလက်စ်မော့ ဆွေးနွေးပွဲကို စတင်ကြပါသည်။
ပင်။ ။ဘာလိုလို နဲ့ ခရစ်စမတ်လည်း နီးလာပြန်ပြီနော်။
သော်။ ။ခင်ဗျားကတော့ ဒါပဲ။ ခရစ်စမတ်ကျလည်းသောက်၊ ခရစ်စမတ်ပြီး နယူယီး ယားကျ လည်းသောက်၊ ကရင်နှစ်သစ်ကူးလည်းဝင်ရောသောက်၊ တရုတ်နှစ်သစ်ကူးလည်း ကိုယ်နဲ့ဘာ မဆိုင် ညာမဆိုင် ဝင်ပြီး ဝမ်စွေ့ လုပ်လိုက်နဲ့ သောက်ဖို့ပဲ စိတ်ကူးနေတာပဲ။
အယ်။ ။နောက်ပြီး လွတ်လပ်ရေးနေ့ကျတော့လည်းသောက်။
သော်။ ။အဲ...ခင်ဗျားတို့က သောက်ဖို့ကြီးစိတ်ကူးနေ၊ ကျုပ်က လွတ်လပ်ရေးနေ့ရောက်ရင် မျက်ရည် ကျ ချင်တယ်။
ပင်။ ။ဟာ...ခင်ဗျားဟာကလည်း တစ်တိုင်းပြည်လုံး အင်္ဂလိပ်လက်အောက် ကိုလိုနီကျွန် သပေါက် ဘဝက လွတ်လပ်တဲ့အခါသမယကို ဘာကြောင့်ငိုချင်ရတာလဲ။ မည်သည်ကို အကြောင်းပြု၍ ငိုချင် ရပါ သနည်း ငါ့ရှင်။
အယ်။ ။ဟုတ်တယ်၊ အဲဒါတော့ ရှင်းဖို့လိုလိမ့်မယ်။ ဂျင်ကလည်း မသောက်ရတာ ကြာလို့ထင် ပါ့ ကောင်း လိုက်တာ ဗျာ။ ဂျင်ကတော့ မအင်တာသေချာတယ်။
သော်။ ။ဒီလိုဗျ။ ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့် မရခဲ့ ပေမဲ့ သမိုင်းမှာ ရစ်သီရစ်သီတော့ ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေး အနီးကပ်ပါခွင့်ရခဲ့တယ်။
ပင်။ ။ကိုယ့်လူက ဘယ်လောက်နီးနီးကပ်ကပ် ပါခဲ့လို့လဲ။
သော်။ ။ကိုက်ငါးဆယ်လောက် နီးကပ်တဲ့ နေရာက ပါခဲ့တယ်။
အယ်။ ။ဘယ်လို ကိုက်ငါးဆယ်လောက်နီးတာလဲ ဆိုစမ်းပါဦး။
သော်။ ။ ဒီလိုဗျ။ လွတ်လပ်ရေးမရခင်အချိန်လေးမှာ ကျွန်တော်ကတပ်ထဲရောက်နေပြီ တပ်သားကလေးပေါ့ဗျာ။ မြန်မာပြည်ဘုရင့်ရေတပ်မတော် အရံတပ်ဖွဲ့လို့ခေါ်တဲ့ တပ်မှာပေါ့ (Burma Royal Navy Volunteer Reserve) လို့ခေါ်တယ်။ နံပြားဦးထုပ်ခေါ်တဲ့ ရေတပ်သားဦးထုပ်မှာ (BURMA R.N.V.R) ဆိုတဲ့ ရွှေချည်ထိုးစာလုံး ထိုးထားတယ်။
အယ်။ ။သြော် လက်စသတ်တော့ ခင်ဗျားက အင်္ဂလိပ်မွေးစားသားပေကိုး။ ဒါကြောင့်လည်း ဂျင် ကြိုက်တာ ဖြစ်ပေလိမ့်မယ်။
သော်။ ။အကောင်းပြောနေ။ သောက်မှာဖြင့် အေးအေးဆေးဆေးသောက်စမ်းဗျာ။ အဲဒါ ကျုပ်တို့လည်း တပ်ထဲရောက်ကရော စစ်ရေးပြကွင်းထဲမှာ တစ်နေကုန် စစ်ရေးပြလေ့ကျင့် ရတော့တာပဲဗျို့။ လူကို ချွေးဒီးဒီးကျပြီး ဖတ်ဖတ်မောရော။
ပင်။ ။တပ်သားသစ်ဆိုတော့ ဒီလိုပဲပေါ့ဗျာ၊ စစ်တပ်ဝင်လို့ခြောက်လအတွင်းမှာ တပ်ကထွက်ပြေးရင်ပြေး ခြောက်လ နဲ့ မှ မပြေးရင် ဒီလူဟာ ကုတ်နဲ့ကော်ထုတ်တောင် မထွက်ချင်တော့ဘူးဗျ။ ပဲချိုး ကပ်တယ် ခေါ်တယ်။
သော်။ ။ဒီလောက်တောင်စစ်ရေးပြကွင်းမှာ အမောင်းခံရတဲ့အကြောင်းက ၁၉၄၈ ဇန်နဝါရီလ ၄ ရက် နေ့မှာ လွတ်လပ်ရေးရတော့မယ်၊ အဲဒီလွတ်လပ်ရေးအခမ်းအနားမှာ ကျုပ်တို့က ဂုဏ်ပြုတပ်ဖွဲ့ အနေနဲ့ ပါရမယ်။
အယ်။ ။ဟာ...တယ်ဟုတ်ပါလား၊ ဘယ်မှာတဲ့လဲ။
သော်။ ။ခု ဝန်ကြီးများရုံးလို့ခေါ်တဲ့ အတွင်းဝန်ရုံးအတွင်းမှာပေါ့။ ကျုပ်တို့တပ်ဖြစ်တဲ့ ရတနာပုံ ရေတပ်စခန်း က ယခင် စိန်ပေါလ်ကျောင်းခေါ်တဲ့ ကျောင်းတွင်းမှာ တပ်စွဲထားတုန်း ရှိသေးတယ်။
ပင်။ ။နီးနီးလေးပဲဗျ။
သော်။ ။ဒါ့ထက် နီးတာပေါ့ဗျ။ အဲဒီနေ့နံနက် ၄ နာရီ မိနစ် ၂၀ မှာနှစ်ပေါင်းတစ်ရာကျော် မြန်မာ့ မြေပေါ် မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက်အလံကို ဆွဲချပြီး ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံကို ပထမဆုံး လွှင့်တင်မယ်။ အဲဒီအခမ်းအနားရဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ကျူပ်တို့ပါခဲ့ရတယ်။ အလံကိုင် နဲ့ ကျုပ်တို့ တပ်ဖွဲ့ဟာ ကိုက်ငါးလောက်ပဲ ဝေးပါတယ်။
ပင်။ ။ဟာ...တကယ့်ကို သမိုင်းဝင် အခမ်းအနားပေပဲ။
သော်။ ။ဒါပေါ့ဗျာ၊ ၁၉ နှစ်သား လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ မြန်မာပြည် ရဲ့နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်း ရှိနေတယ်။ ရန်ကုန်ဆိပ်ကမ်း တွင်းမှာ အလံနှင့်တကွ သူပြည်တော် ပြန်ဖို့ ဘာကင်ဟမ် စစ်သဘောင်္ကြီးကလည်း အသင့်စောင့်နေတယ်။
အယ်။ ။ကိုလိုနီစနစ် ရဲ့ နောက်ဆုံးနာရီ ကို အနီးကပ်မြင်တွေ့လိုက်တာပေါ့။
သော်။ ။ကျုပ်က ချာတိတ်ပါ။ ဒါပေမဲ့ သေနတ်မြှောက် အလေးပြုနေတဲ့အခိုက်မှာ ဘင်ခရာအဖွဲ့က ဂေါ့ဆေ့ဗ်သကင်း (God Save the King) သီချင်းတီးမှုတ်ပြီး ဗြိတိသျှအလံကို တစ်ဖြည်းဖြည်း ဆွဲချ နေတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ သက်ဆိုင်သူ ဆာဟူးဘတ်ရန့်စ်ဆို ဘယ်လိုခံစားရမယ် မသိ ဘူး။ ဗြိတိသျှအင်ပါယာ နေဝင်စပြုပြီလို့ပဲ ကျုပ်ခံစားမိတယ်။
ပင်။ ။ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှအင်ပါယာ ပြိုကွဲမှုရဲ့နိဒါန်းပေါ့၊ အင်မတန် သံဝေဂ ရစရာ ကောင်း ပါ တယ်။
သော်။ ။နောက်ပြီး သေနတ်ထမ်း၊ ဟိုတုန်းကတော့ အင်္ဂလိပ်လို (Shoulder arm) လို့ပဲ အမိန့် ပေးတယ်။ ဆာဟူးဘတ်ရန့်စ်လက် ကို ယူနီယံဂျက် အလံ ကို ပေးအပ်လိုက်တယ်။
အယ်။ ။နောက်ပြီး မြန်မာအလံကို လွှင့်တင်ရောလား။
သော်။ ။ဟုတ်တယ်၊ အင်္ဂလိပ်အလံ ကို ဘာကင်ဟမ်စစ်သဘောင်္က ရေတပ်သားတွေ ဆွဲချတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ ကို ဗမာ့ရေတပ်မတော်သားများက လွှင့်ထူတယ်၊ လွှင့်တင်တဲ့ ရေတပ်သား ကတော့ ကျွန်တော်မှတ်သားတာ မလွဲရင် တပ်ကြပ်ကြီး အချက်ပြ စောဂွမ်စိန် ပါ နောင်တော့ ဗိုလ်ကြီးစောဂွမ်စိန် ဖြစ်လာတယ်။
ပင်။ ။ခင်ဗျား အတော်မှတ်မိသားပဲဗျာ။
သော်။ ။ကမ္ဘာမကြေ တီးပြီးမြန်မာ့အလံ ကို ဆွဲတင်တဲ့အခါမှာ ကျွန်တော်တို့က သေနတ် မြှောက် အလေးပြု (Present arm) အနေအထား မှာ နေရတယ်။ ကျွန်တော့်ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ကြည်နူးမှုနဲ့ ရင် တစ်သိမ့်သိမ့် တုန်ပြီး အလေးပြုရင်း မျက်ရည်တွေတွေကျမိ တယ်ဗျာ။
အယ်။ ။ဟုတ်မှာပေါ့ဗျာ၊ နံနက်လေးနာရီ မိနစ်နှစ်ဆယ်မှာ တင်တာနော်။
သော်။ ။ဟုတ်တယ်၊ မြန်မာပြည်ရဲ့ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက်က မိန့်ခွန်းမြွတ်ကြား တယ်၊ ကျွန်တော် တော့ ရင်တစ်သိမ့်သိမ့်ခံစားရလို့ ဘာတွေပြောသွားမှန်းတောင် မသိလိုက်ပါ ဘူး။ အခမ်းအနား ပြီးတာ နဲ့ စစ်ကြောင်းပုံပြု ချီတက်ပြီး တပ်ပြန်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ဗမာ့ရေတပ်မတော်အနေနဲ့ စစ်ချီ လမ်းလျှောက် ရတာ အရသာရှိလိုက်တာဗျာ။
ပင်။ ။ဟုတ်ပါတယ်၊ ဒါနဲ့ ဂျင်ပုလင်းလေးလည်း ဒီဘက်လှည့်လိုက်ပါဦး။
သော်။ ။ရပါတယ်ဗျာ၊ ရော့ တပ်ရောက်တော့ မိုးတောင်ကောင်းကောင်းမလင်းတတ်သေးဘူး။ ဝေလီဝေလင်း မှာ စပယ်ရှယ်ရမ်ရာရှင် ဝေတယ်ဗျာ၊ သောက်ကြတာပေါ့။
အယ်။ ။ခင်ဗျားတို့ နေဗီကသောက်တဲ့ ဂျမကာရမ် ဆိုတာ သိပ်ကောင်းဆိုပဲ ကျုပ်တို့တော့ ကြားဖူး ရုံသာ ရှိပါတယ်။
သော်။ ။ကောင်းတာတော့ မပြောနဲ့၊ နံ့သာပုငှက်ပျောသီးနံ့က သင်းနေသေးတယ်။ သောက်ပြီး ပျော်လွန်း အားကြီးလို့ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ကြတယ်။ ဗလာကျည် မဟုတ်ဘူးဗျ၊ ထိပ်ဖူးနဲ့ ကျည် တွေကို ဖောက်ကြတာ၊ကင်းရုံက ကင်းသမားတွေလည်း ပါတယ်။ ကင်းမှူးကဆို ခြောက်လုံးပြူးကို တဒိုင်းဒိုင်း ဖောက်တော့တာပဲ။
ပင်။ ။ဘာပြုလို့ ဖောက်တာလဲ။
သော်။ ။လွတ်လပ်ရေးရတာ ပျော်လို့ပေါ့ဗျာ၊ဒါမှမဟုတ် လွတ်လပ်ရေးသမိုင်းတစ်လျှောက်မှာ ပါဝင် ခဲ့ကြတဲ့ အသက်ပေးခဲ့ကြတဲ့ အာဇာနည်များကို ဂုဏ်ယူတဲ့အနေနဲ့ဗျာ၊ ဘယ်သူ့အမိန့်မှ မရဘဲ ဖောက်ကြတာ၊ အဲဒါ ဘယ်သူ့ကျည်ဆံက သွားမှန်သလဲတော့မသိဘူးဗျာ၊ ကောင်းကင် ဓာတ်မီးကြိုးထိပြီး ပြတ်ကျ သွားလို့ တပ်ဝန်းလုံး မှောင်အတိ ကျသွားတော့တယ်။
အယ်။ ။ ဟင် ဒုက္ခပဲ၊ အဲဒီတော့ ဘာဖြစ်သလဲ။
သော်။ ။ဘာဖြစ်ရမလဲ။ တာဝန်မှူးထွက်လာပြီးသေနတ်ဖောက်တဲ့ အကောင်တွေအားလုံးကို ကွာတားဂတ် ခေါ် တဲ့ အချုပ်ခန်းထဲသွင်းတော့တာပေါ့။ နံနက်ခြောက်နာရီလောက်မှာ ကွာတား ဂတ်ထဲ လူနှစ်ဆယ် လောက်ပြည့်သွားတာပဲ။
ပင်။ ။ခင်ဗျားကော ပါသလား။
သော်။ ။ဘယ်နေလိမ့်မလဲ ပါတာပေါ့။ ကျုပ်လက်ထဲမှာ ယမ်းငွေ့သလူလူထွက်နေတဲ့ ရိုင်းဖယ် ကြီးနဲ့ လက်ပူး လက်ကြပ်ကို မိတာပါပဲဗျာ။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေးရလျှင်ရချင်း လွတ်လပ်ရေး ရတာ ပျော် လို့ အချုပ်ခံခဲ့ရသူဟာ ကျွန်တော်ပါပဲ။ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ အချုပ်ခန်းထဲ ရောက်ခဲ့ ရပါတယ်။
အယ်။ ။ဟောဗျာ၊ ခင်ဗျားဟာကလည်း ဆန်းလျချည်းလား။ ခင်ဗျားပြောတာနဲ့ အမူးတောင် ပြေချင် သွားပြီ။ ထည့်စမ်းပါဦးတစ်ခွက်။
ပင်။ ။နောက် ဘယ်လို အချုပ်ကလွတ်သလဲ။
သော်။ ။တာဝန်မှူး ကတော့ သူ့တာဝန်သူ ဆောင်ရွက်တာပေါ့ဗျာ။ နောက် ၁၀ နာရီလောက် မှာ ဗိုလ်မှူးသန်းဖေ (ဗိုလ်ချုပ်သန်းဖေ၊ ကွယ်လွန်)ရောက်လာပြီး 'ဟေ့-ဟိုခွေးမသားလေး တွေ လွတ်လပ်ရေး ရတာနဲ့ မင်းတို့က ဘာလို့ သေနတ်ဖောက်ရတာလဲ။ ငါ နရင်းတီးလိုက်ရ သွားချေးယိုးဒယား က သွားရော့မယ်။ အခု အချုပ်ခန်းထဲက ထွက်၊ မက်စ်မှာ ရမ်ဝေနေတယ်၊ သွား သောက်ကြ၊ မူးပြီး သေနတ် လည်း မဖောက်ကြနဲ့ဦးလို့ ပြောပြီး အချုပ်က လွှတ်လိုက် တယ်။ ရုံးတင်ပြီးအရေးလည်း မယူခဲ့ဘူး။ သူ အားရပါးရဆဲ ပြီးရင် ပြီးတာပဲ။ အဲဒီ အဘိုးကြီး ကျေးဇူး ကျွန်တော့်မှာ အများကြီးရှိပါတယ်။ ဒါကြောင့် လွတ်လပ်ရေး နေ့ရောက်ရင် ကျွန်တော် ငိုချင်တယ်လို့ ပြောတာပေါ့။ အဲဒါထက်ထူးခြားတာက နောက်ပိုင်း များမှာ နိုင်ငံခြားတိုင်းပြည် ရောက်နေတဲ့အခိုက် လွတ်လပ်ရေးနေ့နဲ့များ ကြုံကြိုက်ရင် ကိုယ့် တိုင်းပြည် အဲဒီနေ့မှာ စုစုဝေး ဝေး ကျင်းပကြတယ်။
ပင်။ ။ဟုတ်တယ်။ အဝေးရောက် လွတ်လပ်ရေးနေ့ဟာ ကြည်နူးစရာ ကောင်းမှာပဲ။ ကိုယ့် တိုင်းပြည်မှာ ကိုယ် နေတုန်း ဘာမှအရေးမကြီးဘူးလို့်ထင်ရပေမဲ့ နိုင်ငံခြားမှာ စုစည်းကျင်းပရ တာ သိပ်အဓိပ္ပာယ် ရှိပါတယ်။ အဝေးကလွမ်းရတာ ကြည်နူးစွာနဲ့ အရသာရှိတယ်။
အယ်။ ။ဟုတ်တယ်၊ ဟိုတစ်လောက ကျုပ် ရန်ကုန်မှာ အမေရိကန် လွတ်လပ်ရေးနေ့ ဖိတ် ကြားခံရလို့ တက် တော့ အမေရိကန်တွေ သိပ်ပျော် သိပ်ဂုဏ်ယူနေပုံရတယ်။ နှစ်နှစ်ရာမြောက် လွတ်လပ်ရေးဆိုတော့ ဂုဏ်ယူစရာ ပေါ့ဗျာ။
ပင်။ ။ဒါထက် အင်္ဂလိပ်လွတ်လပ်ရေးနေ့တော့ မရှိပါလားဗျ။
သော်။ ။ဟာ-တယ်ခက်တဲ့ ပင်စင်နာပဲ၊ ဘယ်မှာရှိမလဲဗျ။ ဘယ်သူ့ကိုလိုနီမှ မဖြစ်ခဲ့ဖူးရင် လွတ်လပ်ရေး နေ့ဆိုတာ မရှိနိုင်ဘူး။ ပြင်သစ်မှာလည်း လွတ်လပ်ရေးနေ့မရှိဘူး။ ကိုလိုနီမဖြစ်ခဲ့ ဖူးရင် အချုပ်အခြာ အာဏာ ရဲ့ အရသာ ကို မသိနိုင်ဘူးဆိုတာ တွံ-သင် ပင်စင်နာသည်၊ ဂဏှာ ဟိ- မှတ်လေတော့။
ဆက်ရန်
.
3 comments:
ဖတ်ကောင်းတယ်ဗျ.. မြန်မြန်တင်ပေးနော် အမ - စောင့်နေမယ်..
ခင်လျက်
ငယ်လေး
ယမကာညနေခင်းလို့ဆိုပေမယ့်
တကယ်ကိုဗဟုသုတတွေအများကြီးရ
ခဲ့ပါတယ်မြန်မာ့ သမိုင်းကိုကျောင်းတက်
နေချိန်မှာစိတ်မ၀င်စားမိခဲ့လို့လဲနောင်တ
ရနေမိတယ်
မောင်သော်ကရဲ့စာတွေက ဖတ်လို့ကောင်းလိုက်တာ...။
Post a Comment